ပိတ်ထားတဲ့ တံခါး
ပိတ်ထားတဲ့တံခါး
**************
မိုးလေကင်းလွတ်သော အခါသမဖြစ်သည်နှင့်အညီ သီတင်းကျွတ်လေပြီဟု လူတို့ပြောနေသံကို ကြားနေရ၏။ ဆောင်းအငွေ့အသက်ဖြင့် လွှမ်းခြုံစပြုလာပြီ ဖြစ်သောကြောင့် ပတ်ဝန်းကျင်ခြုံနွယ်များထက်တွင် နှင်းစက်ပါးပါးတို့ စွတ်စိုစပြုနေသည်။ ခုမှလောကသဘာဝသည် လန်းဆန်းခြင်း အတိနှင့်ပြည့်နေသည်ဟု ထင်လာရသည်။ လွန်ခဲ့သော လများအတွင်း မိုးရေစွတ်စွတ်စို နေခဲ့သဖြင့် မြေအောင်းနေရသောသူ့ ဘဝသည် မွမ်းကျပ်လွန်းလှသည်။ ယခုမူ ဆောင်းနှင်းငွေ့ငွေ့ကြား တရွေ့ရွေ့သွားနေရခြင်းအရသာကို သူမက်မောခုံမင်စွာဖြင့် တစိမ့်စိမ့်ခံစားကြည်နူးနေမိ၏။ သူ့လိုပင်တချို့သော အမျိုးတူ သူငယ်ချင်းများကလည်း မြေပြင်တွင်တွားသွား ဝပ်ဆင်းရင်း တစ်ကောင်နှင့်တစ်ကောင် ကျော်ကျ တက်ကျနှင့် ပျော်ရွှင်နေကြသည်။ တချို့က နံရံများထက် တွယ်ကပ်ရင်း သူ့ကိုအော်ပြီး နုတ်ဆက်ကြသည်။ တချို့က အေးမြသော နံရံများ၏ ထောင့်တစ်နေရာတွင် ဝပ်ဆင်းရင်း နုတ်ဆက်ကြသည်။ သူကတော့ တစ်နေရာနှင့်တစ်ရောကို ကူးလူးသွားလာနေရသည်ကို နှစ်ခြိုက်နေမိသဖြင့် နေကုန်နေခမ်း တွားသွားနေမိသည်။ သို့သော် သူရောက်နိုင်သည် ခရီးအကွာအဝေးသည် သိပ်ပြီး ထိရောက်မှုမရှိလှ။ နဂိုကမှ နှေးကွေးသော သူတို့၏ လမ်းလျှောက်နိုင်နှုန်းသည် ပုံမှန်ထက် မည်သို့သောအခါမှ မြန်ဆန်လာခြင်းမရှိ။ ခပ်မြန်မြန်လည်းသွား၍မရသလို လိုရာခရီးကိုလည်း ဘယ်အချိန်ရောက်မည်လဲဟု ခန့်မှန်းမရ။ တွေ့သည့်နေရာတွင် ခိုနားရင်းသွားလိုသည့်နေရာကို တစ်ရက်ပြီးတစ်ရက် တစ်ရွေ့ရွေ့တွားသွားရသည်။ ထို့ကြောင့် မိုးအကုန် ဆောင်းအကူးကာလရာသီသည် သူတို့အကြိုက် ခရီးသွားရာသီဖြစ်နေခဲ့ရခြင်းဖြစ်နေသည်။ နေမင်း၏ အားပြင်းသော အလင်းတန်းများကို ဆောင်းနှင်းမြူက သူတို့အတွက် ကာကွယ်ပေးထားသည်ဟု အဆိုရှိကြသည်။ ထို့ကြောင့် ဆောင်းကိုချစ်သည်။ သူတို့တစ်မျိုးလုံး တစ်ဆွေလုံး ဆောင်းကို အားကိုးတွယ်တာကြသည်။ ယခုလို မနက်စောစောအချိန်သည် သာ၍ပင် သူတို့အတွက် သွားလာ၍ကောင်းသော အချိန်ဖြစ်သဖြင့် သူတို့လိုရာခရီးကို စထွက်ကြရသည်။ ဆောင်းသည် အေးလိုက်ပါဘိခြင်း၊ သို့သော်လည်း ကြိုက်လိုက်ပါဘိခြင်းဟု သူ တွေးတော့ ကျေနပ်နေမိခဲ့ပါ၏။
(၁)
ရှေ့တူရှုတွင်သူ့ အဖော်တစ်ယောက်က သူ့အား လှည့်ကာ သူငယ်ချင်း ဘယ်လဲ ၊ ဆိုသောစကားကို ပြုံးရှင်စွာ ပြောလာသည်။ သူကလည်း သည်ကနေ့ နေ့သာချိန်မရောက်ခင် အချိန်အတွင်း သွားရမည့် ခရီးတစ်နေရာရှိကြောင်း ဝမ်းသာအယ်လဲပြောပြဖြစ်နေ၏။ တစ်နေ့က သူကြားသည်။ ယခုသူတို့ရှိနေသော ခြံကြီး၏ အနောက်ဘက်ထောင့် တစ်နေရာတွင် အမြဲတမ်းစွတ်စိုထိုင်းမှိုင်းနေတတ်သော အုတ်ကန်အဟောင်းတစ်နေရာ ရှိသည်ဟုသော သတင်းဖြစ်၏။ ထိုနေရာကို သူသွားချင်လွန်းလှသည်။ ပြီးသော ထိုနေရာတွင်ပင် သူ၏ ဘဝကို အဆုံးသတ်ချင်နေသည်။ ထို့ကြောင့် သည်ကနေ့ မနက်စောစော အချိန်တွင် သူတစ်ကိုယ်တည်း စတင်ခရီးနှင်သည်တွင် သူ့အဖော်နှင့်တွေ့ခြင်းဖြစ်သည်။ သူ့ကြည့်လိုက်တော့ လမ်းသည် ရှည်လျားလွန်းလှသည်။ ကွန်ကရစ်လမ်းဖြစ်နေသဖြင့် သူ့ခြေဖျားတွေ အေးစက်စွာ သွားလာနေနိုင်သော်လည်း ဤလမ်းမျိုးသည် အန္တရယ်များလှသည်။ သူတွေးနေမိစဉ်မှာပင် သူ့အဖော်၏ အသံနက်ကို ကြားလိုက်ရသဖြင့် ကြောင်အမိသွားသည်တွင် မျက်လုံးကိုစုံမှိတ်ထားလိုက်မိ၏။ သူ့အနားကဖြတ်သန်းသွားသော လေတိုးသံသည် ကျယ်လောင် မြည်ဟီးလွန်းလှသည်ကိုသာ သတိထားမိလိုက်၏။ မျက်လုံးများကိုပြန်အဖွင့် သူ့အဖော်၏ အသက်မဲ့နေသော ခန္ဒာသည် ကွန်ကရစ်လမ်းထက်တွင် ကြေမွနေခဲ့သည်။ သူ့ရင်တွေ တဒိန်းဒိန်းခုန်လျှက် အနီးအနားရှိ ကွန်ကရစ်လမ်းဘေးသို့ ခပ်မြန်မြန်တွားသွားမိရသည်။ နားထဲတွင် လူတို့၏ အသံကို ပိုမိုဆူညံစွာကြားလာနေရသည်။
“မေမေရေ ခရုတွေ အများကြီးပဲ”
“ဟုတ်ပါရဲ့အေ ရွံစရာကြီး သား ခရုတွေကို ဒုတ်နဲ့ကော်ထုတ်စမ်း၊ လက်နဲ့မထိမိစေနဲ့နော်၊ အရိအချွဲတွေနဲ့။ “
“စောစောကတောင် သား ခရုတစ်ကောင်ကို တက်နင်းခဲ့သေးတယ်မေမေရဲ့။ ဒီအချိန်ဆို ခရုတွေ ဘာလို့ တော်တော်များများ ထွက်လာတာလဲ မေမေ”
“ဒီရာသီက ခရုတွေထွက်တဲ့ရာသီလေ၊ မေမေတို့ခြံမှာ ခရုတွေက တော်တော်ပေါတယ်။ ကြည့်ပါလား။ ရေချိုးခန်းထဲလည်း ခရုတွေချည်းပဲ၊ နံရံထက်တွေမှာလည်း သူတို့တွေချည်းပဲ၊ သားဖေဖေတောင် တစ်ရက်က ခရုတွေ မျက်နာကျပ်တက် ကပ်နေလို့တဲ့ ဒုတ်တွေနဲ့ထိုးချနေရတာ”
လူသံတွေ တဖြည်းဖြည်း သူနဲ့ဝေးသွားတော့မှ သူ သက်ပြင်းရှည်ကို ချမိရသည်။ နေသည် အဖြည်းဖြည်း အရောင်ရင့်လာသလိုရှိကြောင့်ကို သူ့ခန္ဒာပူနွေးလာခြင်းကြောင့်သိသဖြင့် အရိပ်ရသော အေးမြသည့် နေရာတစ်နေရာကို အမြန်ရှာရသည်။ ကံကောင်းထောက်မစွာဖြင့် နေရောင်ကွယ်သော ကျောက်တုံးကြီးတစ်လုံး၏ အောက်ကို သူရောက်ခဲ့သည်။ ထိုနေ့တွင် သူ ခရီးမဆက်ဖြစ်။ သူ့အဖော်၏ ရုပ်အလောင်းအား မျက်စိထဲမြင်ယောင်နေမိရင်း မေမေ့စကားကိုပြန်လည်ကြားယောင်နေမိသည်။
“သား ဘယ်ကိုသွားသွား ကောင်းကင်ကိုလည်း မော့ကြည့်၊ ဘေးဘီကိုလည်း စေ့စေ့ကြည့်ရမယ် သား။ ပြီးတော့ လူတွေ အမြဲသွားလာနေကျလမ်းကို တတ်နိုင်သမျှရှောင်ရမယ်။ တချို့က သားတို့ကိုမြင်ဘူး၊ တချို့က သားတို့ကို မြင်ချင်မြင်မယ်။ မမြင်လို့ လူတွေနင်းရင် သားအသက်သေရမယ်။ မြင်လို့တမင်နင်းရင်လည်း သားအသက်သေရမယ်။ လူတွေက မေမေတို့ကို ရွံရှာကြတယ်။ ဒီတော့ လူတွေမမြင်အောင်နေပါ။ လူတွေ သားကိုမြင်တာနဲ့ သားအသက်ဟာ ဘယ်လိုမှစိတ်ချနို်င်စရာမရှိတော့ဘူးလို့ သားသေချာမှတ်”
(၂)
ပိန်းပိန်းမှောင်နေသော ညချမ်းအချိန် အခါရောက်ပြီမို့ သူူခိုအောင်းနေရာနေရာမှ ထွက်ခွာခဲ့၏။ နာရီ တော်တော်ကြာ တွားသွားခဲ့ရပြီး ခရီးတထောက်နားရန် သူနေရာကြည့်သည့်အခါ မှိန်ပျပျ အလင်းထဲမှ အုတ်တိုက် တစ်လုံးကို တွေ့ရ၏။ ထိုအုတ်တိုက် အနားသို့ ချဉ်းကပ်သည်ကပင် နောက်ထပ်နာရီအတော်ကြာသွားခဲ့ပြန်၏။ သူ လိုရာခရီးသို့ရောက်ချိန်တွင် အင်မတန်မောပန်းနေခဲ့ပြီ။ ထို့ကြောင့် သူ့အတွက်အဆင်ပြေသည့် နေရာတစ်ခုကိုက ရွေးချယ်လိုက်ပြီး နားနေစဉ်တွင် လူတို့၏ အသံကိုသူကြားရပြန်သည်။ ဆတ်ခနဲ ခန္ဒာကိုယ်ကိုချုံ့လျှက် သူ့အခွံအောက်ထဲ ခေါင်းကို သွင်းလိုက်မိသည်။ သည်တွင်
“မေမေ ဒီမှာ ခရုတစ်ကောင်”
“ဟုတ်လား သား မထိနဲ့ မထိနဲ့ ရွံစရာကြီး သမီးရဲ့”
“သမီးမထိရသေးပါဘူး။ မေမေ ကြည့်ပါဦး သူအေးလို့လားမသိဘူး ကွေးနေတယ်နော်”
“ဟုတ်မှာပေါ့ သမီးရဲ့”
“မေမေ”
“ဘာလဲ သမီး “
“စောစောက သမီးကျက်နေတဲ့ မပုကြွယ်နဲ့ ခရုငယ်ဆိုတဲ့ ပုံပြင်ထဲက ခရုက ဒီလိုခရုတွေလားဟင်”
“ဟုတ်တာပေါ့ ဒီလိုခရုတွေကိုပြောတာလေ သမီး၊ မပုကြွယ်က ခရုငယ်လေးရဲ့ဇွဲနဲ့လုံ့လကိုကြည့်ပြီး စာကြိုးစားခဲ့တာလေ၊ “
“ဒါဆို ဒီခရုလေးက ရွံစရာမှမဟုတ်တာ ချစ်စရာလေးဟာ သမီးထိကြည့်မယ်နော်”
“ဟဲ့ သမီး မထိရဘူး၊ ရောဂါရမယ်၊ လာလာ ကိုရေ ဒီမှာ ခရုတစ်ကောင် ကော်ထုတ်လိုက်ပါဦး၊ “
ထိုစကားအဆုံး သူ့ကိုယ်လေး လေဟာနယ်ထဲ အေးမြသွားသလို ခံစားလိုက်ရ၏။ မိနစ်တော်တော်ကြာသည် အထိ သူ မျက်လုံးဖွင့်မကြည့်မိ။ ပတ်ဝန်းကျင်ရှိ အသံများတိတ်ဆိတ်လွန်းသွားမှ သူ့မျက်လုံးများ ဖွင့်လိုက်မိသည်။ ညကောင်းကင်တွင် ကြယ်များလက်လက်ထ နေသည်သာတွေ့ရပြီး ပကတိလောကသည် မှောင်မည်းသွားပြန်သည်။ သူထိုနေရာမှ တစ်စက်ကလေးမှ မရွေ့တော့ဘဲ စောစောက လူတွေပြောဆိုခဲ့သော စကားကို ပြန်ကြား ယောင်မိနေသည်။ မေမေလည်း ထိုလူတွေပြောသွားသော ပုံပမာကို သူ့အား ပြောပြသွားခဲ့သေးသည်။ သည်တုန်းက သူက သူတို့အမျိုးတွေကိုုယ်စား ရင်ကော့ပြီး ဂုဏ်ပင်ယူခဲ့သေးသည်။
သူတို့ကို လူတွေကတောင် ပုံပြင်ထဲ၊ ကျောင်းသင်ရိုးညွှန်းတမ်းထဲတွင် တခုတ်တရ ထည့်သွင်းပြီး ဇွဲလုံ့လ၏ မဆုတ်မနစ်ကြိုးစားအားထုတ်ရမှုသဘောတွေကို ကျောင်းစာအနေနှင့် သင်ကြားပေးခဲ့ရသည်။ သူကို့လည်း မေမေက မပုကြွယ်လို့ မပျင်းဖို့ နမူနာစကားတွေနဲ့ဆိုကြားခဲ့ဖူးသည်။ သို့သော် လူတွေ သူတို့ကို နမူနာယူသည်ဆိုရာတွင် ဇွဲလုံ့လ၏ အကျိုးကျေးဇူးတစ်ခုကိုသာကြည့်သလော။ ခရုငယ်တစ်ကောင်၏ ဘဝဖြစ်တည်မှုနှင့်သဘောသဘာဝတွေကို စေ့စေ့ငှငှမသင်ခဲ့သလော။ သတ္တဝါတွေအပေါ် မည်သို့မည်ပုံ ပြုမှုဆက်ဆံရမည်ကို မသင်ကြားပေးခဲ့သလော။ မေးခွန်းတွေ စီရရီထွက်လာခဲ့သည်။ သူ့ မေမေ မသေခင်တုန်းက သူက မေမေ့ကိုမေးခဲ့ဖူးသည်။
“မေမေ သားတို့ ဘာလို့ လူမဖြစ်တာလဲဟင်”
မေမေက ရယ်၏။
“လူဖြစ်ခွင့်က လောကမှ တော်တော်တော့မလွယ်ဘူး သား၊ အေး လူဖြစ်ခွင့်ရပြီဆိုရင်လည်း ဒါ အင်မတန်ကို ကုသိုလ်ထူးလို့ဖြစ်ရတာပဲ။ လူဖြစ်မှ ဒါနကိုလည်း ပြုနိုင်မယ်၊ သီလကိုစောင့်တည်နိုင်မယ်။ နိဗာန်ရောက်ကြောင်း တရားကိုလည်း နားကြားခွင့်ရမယ်သားရဲ့။ “
“သား လူဖြစ်ချင်လိုက်တာ မေမေ”
“လူမဖြစ်ချင်ပါနဲ့ကွယ်၊ လူဖြစ်ရင် အစိုးမရတာကိုလည်း ကြောက်ရတယ်၊ အစိုးရတာကိုလည်းကြောက်ရတယ် သား။ ပြီးတော့ လူတွေက ဓမ္မနဲ့ အဓမ္မတရားမှာ မကောင်းမှုကိုသာ ပိုမွှေ့လျော်လာနေတော့ တစ်နေ့တစ်ခြား မေတ္တာတရားတွေရှားရှားလာပြီး သတ္တဝါဟူသမျှကိုလည်း လူချွတ်မှကျွတ်တမ်းဝင်သလို လူလူချင်းလည်း မတရားသဖြင့် သတ်ဖြတ်လာနေကြတယ်သား”
“မေမေပြောတော့ နိဗာန်ရောက်ကြောင်းတရားတွေနာကြားပြီး ဒါနကုသိုလ်ပြုနိုင်တယ်ဆို”
မေမေက ထက်ပြုံးပြန်သည်။
“ဟုတ်တယ်သား၊ ဒါပေမဲ့ လူတွေ တစ်နေ့တစ်ခြား မေ့လျော့လာတဲ့အထဲမှာ အဲဒီအချက်တွေက ထိပ်ဆုံးကသားရဲ့။
သတ္တဝါချင်း ကြီးနိုင်ငယ်ညဉ်းပြုကြတာလဲ လူ၊ စည်းစိမ်ဥစ္စာ၊ ရှိမြဲအာဏာတွေရူးတာလဲ လူ၊ သူ့ပစ္စည်း ကိုယ့်ပစ္စည်း ပြစ်မှား စော်ကားနေကြတာလဲ လူ၊ တဏှာကို ကျွန်ခံနေရတာလဲ လူ၊ အဓမ္မတရားတွေ ကြီးထွားနေတာလဲ လူပါ သားရယ် ။ ဒီမယ်သား ခရုငယ်ဖြစ်ခွင့်ရတာကို ဂုဏ်ယူစမ်းပါ၊ အမေတို့တွေမှ ဘာမှမရှိတော့ တစ်ကောင်နဲ့ တစ်ကောင်တောင် ရန်မဖြစ်အားပဲ အေးမြတဲ့ အုတ်နံရံတွေမှာ ဝပ်ဆင်းအိပ်ခွင့်ရနေခဲ့တယ် မဟုတ်လား”
ထိုစဉ်ကတည်းက သူဖြစ်ချင်ခဲ့သော ဆန္ဒတွေ မရှိတော့။
(၃)
သည်ကနေ့နံနက်စောစော သူ ခရီးနှင်သည်တွင် မိုးအရိပ်တို့ဆင်နေခဲ့သည်။ မမေ့မလျော့သောဇွဲဖြင့် ခရီးတွင်အောင် တွားသွားရင်း ကောင်းကင်ကိုလည်း မော့ကြည့်ရ၏။ ဘေးဘီကိုလည်း ရှေးရှုရ၏။ သူလိုချင်သည်က အေးမြသော ဆာယာ နန်းတော်နှင့်တူသော နေရာတစ်နေရာ၊ စွတ်စိုပြီး အေးချမ်းနေသော နေရာတစ်နေရာ၊ လူသူကင်းမယ့်သော နေရာတစ်နေရာဖြစ်သည်။ သူ့နည်းတူ သူ့အမျိုးအဆွေတွေလည်း ထိုနည်းလည်းကောင်း တွေးတောကာ တရွေ့ရွေ့ ခရီးနှင်ကြသည်။ သူ တွားသွားလာရာလမ်းတလျှောက်အတွင်း မနေ့က သူ့အဖော်တစ်ကောင် လူနင်း၍ သေရသည်ကိုကြည့်ပြီး တချိုကသော သူ့အမျိုးအဆွေတွေ ဆုတောင်းသံ တတွတ်တွတ်ဖြင့် ခရီးနှင်နေကြသည် ကိုလည်း တွေ့ရသည်။ သူကြားသည်ကား
“ဘုရားတပည့်တော်တို့သည် ဤမြေဤကမာ္ဘတွင် ဝဋ်ကြွေးကြောင့်ဖြစ်ရသည့် ဘုံဘဝမှာ ခရုငယ်အဖြစ် ရှင်သန်နေခဲ့ရပါသည်ဘုရား၊ ဝဋ်ကြွေးမကုန်၍ အသစ်တစ်ဖန်ပြန်ကြုံရဦးမည်ဆိုလျှင် မြေပြင်အထက်တွင် ဝပ်ဆင်းကာ တွားသွားနေရသမျှကာလပတ်လုံး နင်းခြေမယ့် လူ့ခြေထောက်အမျိုးမျိုးအောက်ကို ကျရောက်ခြင်းမှ ကင်းလွတ်ရပါလို၏ အရှင်ဘုရား၊ သက်တမ်းစေ့၍ ဘဝကုန်ပါရစေ အရှင်ဘုရား၊ မေတ္တာတရားရှေ့ထားသူနှင့်သာ သံသရာတစ်ကွေ့ ဆုံရပါစေအရှင်ဘုရား၊ ဓမ္မတရားလက်ကိုင်ထားသူနှင့်သာ ဆုံရပါလို၏ဘုရား၊ အေးချမ်းတည်ငြိမ်သော ဘဝကိုသာ ပေးသနားတော်မူပါ ဘုရား ၊ အကန့်အသတ်စည်းဘောင်အတွင်းမှာ အသက်ရှင်သန်ရသော သူ မဖြစ်ရပါရစေနဲ့ဘုရား၊ အဓမ္မတံခါးတွေပိတ်ပြီး၊ ဓမ္မတံခါးတွေသာ အမြဲပွင့်နေပါစေ ဘုရား။”
ဟူသတည်း။
သော်ဇင်
11;14am
7th-Oct-2014
။။။။။။။။။။။ထင်မြင်ေဝဖန်ခြင်းကို ကမ်းလင့်ကြိုဆိုနေပါ၏။။။။။။။။။။။။
11 comments
ကေဇီ
October 7, 2014 at 6:50 pm
မပူနဲ့
ဟို လူကြီးး လာဝေဖန်လိမ့် မယ်
:k:
ကြွေလွင့် ပန်း
October 8, 2014 at 3:58 am
ကိုသော်ဇင်ရေ…
ဖတ်မိပြန်ပြီဗျာ.. ဒီရွာမှာစတွေ့တုန်းက ကိုသော်ဇင်ရေးတာကိုဖတ်ကြည့်တော့ Professional တန်းဝင်တစ်ယောက်လို့ သတိထားမိလို့ မေးကြည့်ပါတယ်.. ခုနောက်များမှာမှ သိလိုက်ရတော့ တစ်ကယ့် တန်းဝင်စာရေးဆရာတစ်ယောက်ဖြစ်နေတာသိတယ်ပေါ့။
ဒီစာရဲ့အဆုံးမှာ ဝေဖန်ခြင်းကိုကြိုဆိုနေတယ်ဆိုတော့ တစ်ခုတော့ ပြောချင်တယ်ဗျာ
အဟိတ်တိရစ္ဆာန်တစ်ကောင်ကို ကိုယ်စားပြုရေးထားတယ်ပေါ့။ ဖတ်ရင်းနဲ့ မျောပါသွားတယ်… တစ်နည်းဆိုရရင် ကိုယ်သတိမပြုမိတဲ့ လောကကြီးထဲက သက်ရှိမျိုးစိတ်တစ်ခုရဲ့ ခံစားချက်ဆိုတာများကို ခံစားမိသွားတယ်ပေါ့..
နောက်ဆုံးမှာ ဆုတောင်းပုံက သူတို့မှာ ဘာသာတရားတစ်ခုခုကို ယုံကြည်သက်ဝင်ခြင်းရှိနေသလိုဖြစ်နေတော့ ကိုသော်ဇင်အနေနဲ့များ စာဖတ်ပရိသတ်အားလုံးကို ပေးချင်တာလေးရှိတယ်ဆိုရင် အဲ့လိုနွယ်တာတွေနဲ့ မပြောပဲ ဒီထက် ပိုပြီး အားလုံးနဲ့ သက်ဆိုင်တဲ့၊ ပြေပြစ်မယ်ထင်တဲ့ စကားလုံးတွေတစ်ချို့နဲ့ ပြောင်းကြည့်လိုက်ပါလားလို့။
ရင်ဘတ်နဲ့ ခံစားဖတ်လာပြီးနောက်ဆုံးမှ သဘောမကျတာလေးတွေ့လို့ ဝင်လျှာရှည်တာပါ။
(နီကြစေသတည်း)
kai
October 8, 2014 at 1:22 pm
တင်စားတယ်ဆိုပေမယ့်… အဲဒီလို တိရိစ္ဆာန်တွေကို.. လူဦးနှောက်ကြီးတွေထည့်ပြီး.. တွေးခေါ်ပြတာမျိုးက… ခေတ်မမှီတော့ဘူးလို့.. ယူဆမိပါတယ်..။
အထူးသဖြင့် ဘာသာရေးနွယ်ပြောတာမျိုးမှာဆို.. တခြားလူမျိုးခြားတွေ..ဘာသာခြားတွေအတွက်.. အထင်အမြင်သေးစရာဖြစ်မှာပါ…
စာရေးကောင်းသူတွေဟာ.. ရှေးစွန်းစွဲတွေရေးခဲ့.. ရိုက်သွင်းခဲ့တာတွေကို.. ဖြေလျှော့ပေးကြရင်း.. ဖြစ်နိုင်တဲ့.. လောကသစ်နဲ့.. ဘာသာသန့်ဆို့ဆီညွှန်ပြလမ်းညွှန်သူများဖြစ်ရင်.. ကောင်းမယ်လို့.. ဆောင်းဦးအိပ်မက်…မက်မိ..။ :k:
ကေဇီ
October 8, 2014 at 1:51 pm
ပြောသားပဲ။
ပြောသားပဲ။
လာပြောတော့မှာပါဆို!!!
:k:
kai
October 8, 2014 at 2:05 pm
တွေးကြည့်လေ…။
ဆန်စေ့ရဲ့.. ၁ဝပုံတပုံလောက်ဦးနှောက်လေးထဲ.. ၁နဲ့၁ပေါင်း ၂မပြောနဲ့.. လောကရှိတဲ့အရောင်တွေတောင်.. အဖြူအမဲ၂ရောင်ကို.. ၁စက္ကန့်မှတ်နိုင်တဲ့.. မီမိုရီအတွက်.. နေရာကိုမရှိတာကိုနော..။
ကွန်ပြူတာပေါ်ကာစ.. ၃၈၆ စီပီယူကို.. ဒုံကျည်တည်ဆောက်ဖို့.. ပါမြူတေးရှင်း ကွန်ဘိုင်နေးရှင်သချင်္ာ ၅စက္ကန့်နဲ့အပြီး တွက်ခိုင်းနေတာထက်.. အဆ ၁ထောင်ဆိုးသေး..။
အနိစ္စ…။ :i:
ကေဇီ
October 8, 2014 at 2:13 pm
ပြောလို့မရတဲ့ ကိစ္စတွေ ဗျ။
ငယ်တုန်းကများ နွားနေရာ ခွေးနေရာကနေ ရေးတဲ့ ဝတ္ထုတွေများ ဆို ဖတ်ပြီး ငိုခဲ့ရတာ။
ကြီးမှသာ သတ္တဝါတွေ လူတွေလို မတွေးတတ်မခံစားတတ်လောက်ဘူးလို့ စဉ်းစားမိတာ။
:mrgreenn:
kai
October 8, 2014 at 2:24 pm
တလွဲဘာသာရေးမှိုင်းပေါ့..
ဂေါတမဗုဒ္ဓတောင်.. အဲဒီပုဂ္ဂိုလ်တွေလက်ချက်နဲ့.. နွားဖြစ်လိုက်..။ ငှက်ဖြစ်လိုက်..။ ယုန်ဖြစ်လိုက်..။ ဝက်တောင်ဖြစ်ဖူး..ဆိုပဲ..။
မနေ့တနေ့ကတင်… ဦးနှောက်ထဲက.. GPS ကို သိပ္ပံနဲ့ပြနိုင်သွားတဲ့သူတွေ.. နိုဗယ်ပေးလိုက်ပြီ..။
မြန်မာပြည်ခမြာ.. နဂါးကကို.. မတက်နိုင်သေး..။
BBC News – Nobel Prize for the brain’s GPS discovery
http://www.bbc.com/news/health-29504761
British Broadcasting Corporation
2 days ago – The Nobel Prize for physiology or medicine has been awarded to three scientists who discovered the brain’s “GPS system”. UK-based …
=
အခုတင်.. ဖေ့စ်ဘုတ်မှာ.. ဆံတော်ဆိုပြီး.. တီသံကောင်တွေလိမ်တွန့်နေတာပြလိုပြ..။
စွယ်တော်ဆိုပြီး.. ဘယ်အကောင်အရိုးမှန်းသွားမှန်းမသိတာကို.. ရွှေတိဂုံပေါ်တင် ကိုးကွယ်လိုကိုးကွယ်နဲ့..။
ဒုက္ခ.. အမြောက် ၁သိန်း.. :i:
https://www.youtube.com/watch?v=qNP1pmEKUlw
=
ခင် ခ
October 8, 2014 at 5:23 pm
ဒုက္ခ x တစ်သိန်းတောင်လားဗျ
ဒါဆို ဒုက္ခ ပင်လယ်တင်မက သမုဒ္ဒရာဝေတယ်လို့ ပြောရမလို
မြစပဲရိုး
October 8, 2014 at 7:13 pm
သူကြီးမင်း ရဲ့
ကိုယ်လဲ မဟုတ်ဘူးလို့ သက်သေပြနိုင်တာ မဟုတ်ဘဲ ပြိုင်ငြင်း တယ်လား?????
သူများ ကို မထိခိုက်သ၍ သူတို့ ဟာသူတို့ ယုံချင်တာယုံ။
ဒီအချက်မှာ ပြသနာမရှိစေရ။
:))
ဝင့်ပြုံးမြင့်
October 9, 2014 at 7:44 am
အနုပညာမှာ လိုင်းပြောင်းရင် သိပ်မကောင်းတတ်ဘူး။ ဘဝသရုပ်ဖော် အရေးကောင်းတဲ့လူက တခြား သဏ္ဍာန်ပြောင်းလိုက်ရင် တစ်မျိုးတော့ဖြစ်သွားတာပေါ့။ ဒါပေမယ့်လည်း သိပ်မကောင်းဘူးဆိုတာ သူ့ဟာသူ သိပါတယ်။ သိလို့ စိတ်ပြေလက်ပျောက် ဒီထဲ လာရေးတာပေါ့။ ကောင်းရင် မဂ္ဂဇင်းထဲ ပို့မှာပေါ့။
သော်ဇင် (လွိုင်ကော်)
October 9, 2014 at 8:41 am
ဟုတ်ကဲ့ ခုလို ဝေဖန်ထင်မြင်ချက်တွေရေးသွားကြတဲ့ ရွာသူရွာသားတွေကို ကျေးဇူးအရမ်းတင်ပါတယ်။ ကျွန်တော်က ဒီအက်ဆေးကိုရေးတဲ့အခါမှာ တိရိစာ္ဆန်တစ်ကောင်နေရာကနေ တွေးတောရေးကြည့်မယ့်လို့ စဉ်းစားဖြစ်ခဲ့ပြီး ကျွန်တော် ရေးပြီးသွားတဲ့အခါမှာ အစ်မ ဝင်းပြုံးမြင့်ပြောသလိုမျိုး ရွာထဲမှာ အရင်ဦးဆုံး ဝေဖန်ထင်မြင်ချက်လေးတွေမြင်တွေ့ချင်တာ ကြောင့်တင်ဖြစ်ခဲ့ပါတယ်။ တစ်ခုတော့ရှိတာပေါ့။ ဒီအက်ဆေးမှာ ခရုငယ်လေးတွေတွေးတဲ့အတွေးကို ကျွန်တော်က ယုတ္တိနဲ့ကင်းဝေးအောင်ရေးဖြစ်ခဲ့တယ်။ ဒါကလည်း ကျွန်တော့်အနေနဲ့ ဒီအက်ဆေးလေးကိုဖတ်ချင်စဖွယ်ဖြစ်လာအောင် ဖန်တီးအားထုတ်မှုသာဖြစ်ပါတယ်။
ဒါမှလည်း အဆုံးထိဖတ်သွားခဲ့ပြီး စာဖတ်သူတွေကိုအသိတစ်ခုရပါစေတော့ဆိုတဲ့ရည်ရွယ်ချက်လေး အောင်မြင်မယ်လို့ထင်ထားခဲ့ပါတယ်။ အဓိကပြောချင်တာက ဒီလိုအတွေးမျိုးကို လူတွေမှမဟုတ်ဘူး တိရိစာ္ဆန်တွေတောင် တွေးချင်တွေးနေနိုင်တယ်လို့ ပြောချင်တာပါ။ တိရိစာ္ဆန်ဖြစ်လို့ ဘာအသိဉာဏ်မှမရှိလို့ မတွေးမိနိုင်ဘူးလို့ပြောလို့မရပါဘူး။ အချို့သော တိရိစာ္ဆန်များဟာ စိတ်တစ်ခုကြောင့်သာ အဲဒီဘုံဘဝကို ခဏသာရသွားရတဲ့အဖြစ်မျိုးတွေရှိနိုင်ပါတယ်။ သူတို့ရဲ့အဖြစ်က တိရိစာ္ဆန်သာဖြစ်နေရပေမယ့် အသိမှာတော့ လူတစ်ယောက်ကဲ့သို့နည်းပါး အတွေးတစ်စကိုလည်းတွေးတောနေမိနိုင်ပါတယ်။ ဥပမာ တိရိစာ္ဆန်တစ်ကောင် တရားနာတာ၊ လူတွေအမျှဝေတာကို နားစိုက်ထောင်ကိုပဲ အရင်တွေးကြည့်ရအောင်ပေါ့။ တိရိစာ္ဆန်ဘဝကနေ တရားသဘောတွေနားလည်သွားခဲ့ပြီး ကျွတ်သွားကြတဲ့ သာဓကတွေလည်း အများကြီးရှိခဲ့ပါတယ်။
ကျွန်တော်ဆိုလိုချင်တာက ဒီအက်ဆေးမှာ တွေးနေတဲ့အတွေးတွေက ခရူငယ်နေရာနေ မြင့်ကောင်းမြင့်နေပါမယ်။ ယုတ္တိနဲ့ကင်းကွာနေနိုင်ပါမယ်။ ကျွန်တော်ရည်ရွယ်ချက်ကတော့ စာဖတ်သူများကို စိတ်ဝင်စားလာအောင်ဆွဲခေါ်လာခဲ့ခြင်းဖြစ်ပြီး ကျွန်တော်ပြောချင်တဲ့အကြောင်းအရာများကို ပြောသွားခဲ့ခြင်းဖြစ်ပါတယ်။
ဒီနေရာမှာ လူတွေရဲ့ အတ္တသဘောတရားများ၊ လူဖြစ်နေရခြင်းရဲ့ ကောင်းကျိုးများ၊ သတိမေ့လျော့မှုများကို တိရိစာ္ဆန်တစ်ကောင်နေရာကနေပြောသွားရင် ကျွန်တော့်အနေနဲ့ လူလူချင်း ဆရာလုပ်သလိုမျိုးလည်း မရောက်ဘူးလို့ ယူဆခဲ့မိတဲ့အတွက်ကြောင့်ပါ။ ရုတ်တရက်ဖတ်ရင် ဒီအက်ဆေးကို ဝတ္ထုလိို့ထင်ကောင်းထင်နိုင်ပေမယ့် ဝတ္ထုနွယ်နေအောင်သာရေးဖြစ်ခဲ့ပါတယ်။ ဒါကြောင့်လည်း ဒီအက်ဆေးကို ကျွန်တော်ကိုယ်တိုင်အားရတယ်လို့မခံစားမိတဲ့အတွက် ရွာထဲက အစ်ကိုအစ်မတွေရဲ့ထင်မြင်ချက်ကလေးများကို ကြားသိရရင်ဖြင့် ကျွန်တော်ပြင်ဆင်ဖြည့်စွက်နိုင်မယ်လို့ ယုံကြည်တာကြောင့် တင်ပေးဖြစ်ခဲ့ပါတယ်။
ခုလိုမျိုး တစ်ဦးတစ်ယောက်ချင်းဆီရဲ့မတူညီတဲ့အမြင်လေးတွေတွေ့ရတဲ့အတွက်လည်း ဝမ်းသာမိပါတယ်။ ဒီအက်ဆေးလေးကို အကောင်းဆုံးပြင်ဆင်ခွင့်ရအောင် ထင်မြင်ချက်တွေရေးသွားပေးတဲ့အတွက် ကျေးဇူးလည်းတင်မိပါတယ်။
တစ်ဦးချင်းဆီကို Reply မလုပ်တော့ဘဲ တစ်ပေါင်းတည်းပြန်ပြီး ရေးဖြစ်ခဲ့တဲ့အတွက် ကျွန်တော့်ကိုခွင့်လွတ်ပေးပါနော်။