ရွေးချယ်ရာလမ်း (၇)
အပိုင်း (၁) – https://myanmargazette.net/204769
အပိုင်း (၂) – https://myanmargazette.net/204809
အပိုင်း (၃) – https://myanmargazette.net/204904
အပိုင်း (၄) – https://myanmargazette.net/204994
အပိုင်း (၅) – https://myanmargazette.net/205096
အပိုင်း (၆) – https://myanmargazette.net/205228
(၁၉)
အရာရာသည် ကျွန်မ၏အတွေးထဲတွင် ဝေဝါးနေသည်။ ဆင်ခြင်နိုင်စွမ်းရှိသော ဦးနှောက်က မယုံနှင့်ဟု တားဆီးနေသော်လည်း ကာယကံရှင်မိန်းကလေး၏ ကိုယ်တိုင်ဖွင့်ဟချက်ဟူသော အသိက ယုံလိုက်ပါဟု တိုက်တွန်းနေပြန်သည်။ ဘီယာသောက်ကြရင်း တည်းခိုခန်းသို့ရောက်သွားကြသည်ဟူသော အဖြစ်သည် ကျွန်မအတွက်တော့ ယုံကြည်ရန်ခက်ခဲလွန်းလှသည်။ သို့သော် ကာယံကံရှင်ကိုယ်တိုင်က ဟုတ်ပါသည်ဆိုလာမှဖြင့် ကျွန်မ ကြိတ်မှိတ်ယုံရရုံသာ ရှိတော့သည်။
ကျွန်မတို့နှစ်ယောက်လုံး ရင်နာမိသည်။ စိတ်ဆိုးမိသည်။ ဒေါသထွက်မိသည်။ လက်ခုပ်ဟူသည် နှစ်ဖက်တီးမှ မြည်ရိုးထုံးစံရှိသော်လည်း ကျွန်မတို့က ကလေးဟုသတ်မှတ်ထားသော ငယ့်ကို အပြစ်မမြင်ရက်ခဲ့ပါ။ မိန်းမကျမ်းကို ကောင်းကောင်းကျေထားသော ကိုခန့်၏မာယာအောက်တွင် ငယ်တစ်ယောက်မရုန်းထွက်နိုင်ခဲ့ခြင်းဟုသာ မှတ်ယူထားသည်။ “တစ်ကြိမ်တစ်ခါနှင့် ကိုယ်ဝန်ရနိုင်သလား” ဟူသော မေးခွန်းကို အိမ်တွင် သတိလက်လွတ်မေးမိကြသောကြောင့် ထိတ်လန့်တကြားအကြည့်ခံကြရသည့်အကြောင်းကို ပြန်ပြောပြရင်း ရယ်မိကြသေးသည်။ အဆောင်ကိုပြန်ရောက်လျှင် ငယ်နှင့် မည်သို့မျက်နှာချင်းဆိုင်ရမည်နည်း။ ကိုခန့်နှင့်မိတ်ဆက်မေးခဲ့မိသော ကိုယ့်ကိုကိုယ် အပြစ်မကင်းသကဲ့သို့ ခံစားရ၏။ တစ်ခုခုများ ဖြစ်လာခဲ့လျှင်ဟူသော အတွေးက ကျွန်မကို ခြောက်ခြားနေစေခဲ့သည်။
ငယ်သည် ကျွန်မထင်ထားသည်ထက် ပိုမိုတည်ငြိမ်နေသည်။ “နံရံတိုင်းတွင် နားတွေရှိသည်” ဟူသော စကားကြောင့် အဆောင်တွင် ထိုအကြောင်းနှင့်ပတ်သက်၍ စကားမဟမိအောင် ကြိုးစားခဲ့သည်။ အခန်းချင်းမတူသော ငယ်နှင့်ကျွန်မအတွက် ခြံဝန်းထဲတွင် တီးတိုးပြောရန်ပင် ကျွန်မကြောက်နေခဲ့သည်။ တစ်ယောက်ယောက်များ ကြားသွားလျှင် ငယ်တစ်ယောက် အပြောခံရတော့မည်။ ငယ်က စကားစလာတိုင်းလည်း ကျွန်မ တားမြစ်ခဲ့၏။
“မကြီးတို့ အဲဒီအကြောင်းကို အပြင်မှာပြောကြမယ်နော်… အဆောင်မှာ ဘာမှမပြောပါနဲ့ငယ်ရယ်.. သူများတွေသိရင် ငယ်ဒုက္ခရောက်လိမ့်မယ်..”
ကိုခန့်နှင့် တွေ့ရမည်။ ကျွန်မမြိုသိပ်ထားရသော ဒေါသတို့ကို ပေါက်ကွဲရမည်။ ရင်နှင့်အပြည့်ဖြစ်နေသော စကားလုံးတု့ိကို ဖွင့်ထုတ်ရမည်။ ကျွန်မတို့အားလုံးဆုံဖို့ ချိန်းခဲ့ကြပါသည်။
(၂၀)
ထိုနေ့က လူအတော်စုံပါသည်။ ငယ်တော့ မပါခဲ့ပေ။ သူငယ်ချင်းတွေဆုံကြသည်ကိုပင် ကျွန်မမပျော်နိုင်ခဲ့ပါ။ တတွတ်တွတ်သတိပေးနေသော ယု၏ စကားသံများကြားတွင် ကျွန်မ၏စိတ်တို့ကို ထိန်းချုပ်ရင်း ကိုခန့်ကို ခေါ်ထုတ်ခဲ့သည်။
အင်းယားကန်၏ လှေကားထစ်များတွင် လူရှင်းနေခြင်းက ကျွန်မတို့အတွက် အဆင်ပြေသွားစေခဲ့၏။
“ငါက မိန်းကလေးတစ်ယောက်ကို တာဝန်မယူနိုင်ဘဲ ကျူးလွန်မယ့်သူ မဟုတ်ဘူး…”
“ဒါပေမယ့် ကာယကံရှင်မိန်းကလေးကိုယ်တိုင်က ပြောနေတာလေ… မိန်းကလေးတစ်ယောက်က ဒီလိုကိစ္စမျိုးကို မဟုတ်ဘဲနဲ့ ပြောတယ်ပေါ့.. ဟုတ်လား.. “
“ငါ ဘာမှမဖြေရှင်းချင်ဘူး.. ဒါပေမယ့် ငါထပ်ပြောမယ်.. ငါက မိန်းကလေးတစ်ယောက်ကို တာဝန်မယူနိုင်ဘဲ ကျူးလွန်မယ့်သူ မဟုတ်ဘူး..အဲဒါ ငါ့ရဲ့အဖြေပဲ… “
ကျွန်မ၏ ဒေါသတို့ကို ဆက်ထိန်းချုပ်နိုင်စွမ်းမရှိတော့ပါ။ ကျွန်မဘာတွေပြောမိသည်ကို ကျွန်မကိုယ်တိုင်လည်း သေချာမမှတ်မိတော့ချေ။ ကျွန်မ၏ နှုတ်ဖျားက စကားလုံးတို့ တရစပ်ထွက်လာခဲ့သည်။
“နင်ကလေ လက်ညှိုးထိုးပြီးတော့ကို ပြောတာသိလား..မွန်.. နင်လိုကောင်မျိုးဆိုတာတွေလည်း ပါတယ်… သေချာတာကတော့ နင် တော်တော်လေးကို ပြောပစ်လိုက်တာ.. ငါ အံ့ဩတာက ကိုခန့်က နင့်ကို ဘာမှပြန်မပြောဘူးသိလား.. ခေါင်းငုံပြီးတော့ကို ငြိမ်နေတာ… ငါကတော့လေ နင့်ကို တစ်ခုခုလုပ်လိုက်မှာ စိုးရိမ်နေတာ… သူက အရမ်းစိတ်ကြီးတာကိုး.. “
ယုက ပြန်ပြောပြတော့ ကျွန်မမှာ အံ့ဩရသေးသည်။ မည်သို့ပင်ဖြစ်စေ ကျွန်မချစ်ရသော ငယ့်အတွက် ကျွန်မ၏ လုပ်ရပ်တို့ မှန်ကန်သည်ဟု ယူဆခဲ့ပါသည်။
(၂၁)
အဆောင်တွင် ငယ်နှင့်အတူတူနေခဲ့ရသော ရက်များသည် ကျွန်မအတွက် စိုးရိမ်နေခဲ့ရသော အချိန်များပင်ဖြစ်သည်။
“ကိုယ်ဝန်ရလာရင် ကိုကြီးက ယူရမယ်လို့ပြောတယ်… ဖျက်မချရဘူးတဲ့… သမီးက ကိုကြီးနဲ့ လိုက်သွားမှာ…”
မိုက်ရူးရဲဆန်ဆန်ပြောလာသော စကားများကို နားထောင်ရင်း ငယ့်အတွက် ကျွန်မ စိတ်ပူနေမိသည်။ အဖေမရှိတော့သော ငယ်သည် မိသားစုတွင် အကြီးဆုံးဖြစ်သည်။ မုဆိုးမအမေနှင့် ငယ့်မောင်လေးတွေအကြောင်းကို တွေးမိတိုင်း သည်အဖြစ်ကြီး တကယ်မဟုတ်ပါစေနှင့်ဟု ဆုတောင်းမိသည်။ ကျွန်မနှင့် ယုတို့အတွက် အခြေအနေကို စောင့်ကြည့်နေရုံမှတစ်ပါး အခြားမရှိတော့ချေ။
မကြာခင်အချိန်တွင် ငယ့်အမေရောက်လာသည်။ အစက ငယ့်ကိုလာတွေ့ရုံသက်သက်ပင် ဖြစ်သော်လည်း ဆင်ထားသော လက်စွပ်၊ ဆွဲကြိုးတို့ကို ပေါင်သုံးထားသော၊ အသုံးအစွဲမဆင်ခြင်သော အကြောင်းများကို သိရှိသွားပြီး ငယ့်ကို ပြန်ခေါ်သွားခဲ့သည်။
“ငယ့်အမေကလေ ငိုလိုက်တာ ပြောမနေနဲ့… အစ်မမှာ ကြည့်ပြီး သနားလိုက်တာ… ငယ့်ကို ရိုက်လည်း ရိုက်တယ်.. အဆောင်မှာမထားတော့ဘူးဆိုပြီး ပြန်ခေါ်သွားတာ..”
ငယ်၏အခန်းဖော်အစ်မထံမှ ပြန်ကြားရတော့ ကျွန်မလည်း စိတ်မကောင်းဖြစ်ရသည်။ ရုံးသွားနေရသော ကျွန်မသည် ငယ့်ကို နှုတ်ဆက်ခွင့်မရလိုက်ချေ။ ငယ်တစ်ယောက် ဆက်သွယ်လာမည့်အချိန်ကိုသာ ကျွန်မ မျှော်နေမိသည်။
(၂၂)
ငယ်ပြန်သွားသောကြောင့် လွတ်နေသော ငယ့်နေရာကို ကျွန်မ ပြောင်းနေဖြစ်သည်။ ခင်မင်ရင်းစွဲရှိနေသော အခန်းဖော်နှင့်လည်း အဆင်ပြေပါသည်။ ပစ္စည်းတွေပြောင်းရွှေ့အပြီး စကားပြောကြရင်း ကြားလိုက်ရသော စကားတစ်ခွန်းက ကျွန်မကို အံ့အားသင့်သွားစေခဲ့သည်။
“ငယ် မွန့်ကို ဟိုအကြောင်းတွေ ပြောတယ်မို့လား…”
ကျွန်မ၏ ဦးနှောက်က လျင်မြန်စွာအလုပ်လုပ်သွားသည်။ ခပ်တည်တည်ပင် ကျွန်မ ပြန်ပြောနိုင်ခဲ့၏။
“ပြောတယ်လေ.. မဟုတ်ဘူးမို့လား.. အစကတည်းက သိတယ် အစ်မရဲ့…”
“အေး.. သူက မွန်မသိဘူး ထင်နေတာလား မသိဘူး.. အစ်မကို လာပြောတယ်.. မွန်တို့ကို အဲဒီလို ပြောထားတယ်တဲ့…”
“သိပါတယ် အစ်မရယ်.. သူလာပြောကတည်းက မဖြစ်နိုင်ဘူးဆိုတာ သိသားပဲ… ဘာလို့ အဲဒီလိုပြောတာလဲ မသိဘူးနော်..”
“မွန်တို့သူငယ်ချင်းတွေ မခေါ်ကြလို့.. မျက်နှာချင်းဆိုင်ဖြစ်အောင် ပြောလိုက်တာလို့ ပြောတာပဲ… အနည်းဆုံးတော့ သူ့ကြောင့် စကားပြောဖြစ်ကြမယ်တဲ့…”
လှည့်စားခံရလေခြင်း၊ စေတနာကို စော်ကားခံရလေခြင်း၊ ငါ တုံးအလွန်းလေခြင်း ဟူသော အသိပေါင်းစုံတို့၏ ဖိစီးမှုသည် အလွန်ပင် ခံရခက်လှသည်။ “မျက်နှာချင်းဆိုင်ဖြစ်အောင်” ဟူသော အကြောင်းပြချက်သည် ယုတ္တိမတန်မှန်းသိနေသော်လည်း အမှန်တရားကိုတော့ ကျွန်မရှာဖွေနိုင်စွမ်း မရှိခဲ့ပါ။ ကျွန်မ မသိသော ထိုအရာကို ယုတစ်ယောက်က သိနိုင်ကောင်းပါရဲ့။
(၂၃)
အံဩဝမ်းသာသွားသော ယု၏ မျက်နှာတွင် ခံပြင်းခြင်းဟူသော အရိပ်တို့ ပြောင်းလဲရောက်ရှိလာသည်။
“သူဘာလို့ အဲဒီလိုလုပ်တာလဲဟင်.. ငါတို့ ဘယ်လောက်တောင် စိတ်ပူခဲ့ရလဲ… ဒါတွေကို သိနေလျက်နဲ့ သူဆက်လိမ်နေနိုင်တယ်နော်.. နင်သာ မသိခဲ့ရင် သူ ဘယ်အချိန်အထိ လိမ်နေမှာလဲ မသိဘူး…”
ကျွန်မတွင်လည်း အဖြေမရှိခဲ့ပါ။ ကျွန်မတို့မရှာဖွေနိုင်သော အမှန်တရားကို ကာယကံရှင် ငယ်တစ်ယောက်သာ ဖြေပေးနိုင်ပါလိမ့်မည်။
သို့သော် ငယ်နှင့်တွေ့ခွင့်ရဖို့အရေးသည် ထင်သလောက် မလွယ်ကူခဲ့ပါ။ ကျွန်မတို့၏ဒေါသကို သိနေသော ငယ်သည် ကျွန်မတို့နှင့် မျက်နှာချင်းဆိုင်ရန်အရေးကို ရှောင်လွှဲနေခဲ့သည်။ ကျွန်မတို့နှစ်ယောက်နှင့် ထိပ်တိုက်တွေ့ဆုံလာသူကား ကိုခန့်ပင်။ ကျွန်မတို့ ပင်ပန်းလွန်းလှပြီ။ ထို့ကြောင့် တစ်ခွန်းတည်းသော စကားနှင့်အတူ ထိုဇာတ်လမ်းကြီးထဲမှ ကျွန်မတို့နှစ်ယောက် နှုတ်ထွက်ခဲ့ကြပါသည်။
“ငါတို့ ဘာမှ မသိချင်တော့ဘူး.. ကိုခန့်.. နင်တု့ိနဲ့လည်း ထပ်မပတ်သက်ချင်တော့ဘူး… ဒီနေ့ကစပြီး နင်တို့နှစ်ယောက်က ငါတို့နဲ့ မသိတဲ့သူတွေ ဖြစ်သွားပြီ… ကိုယ့်လမ်းကိုယ် ဆက်လျှောက်ကြတာပေါ့…”
ထိုစကားကို ယုက ပြောခဲ့ခြင်းဖြစ်သည်။ တိတ်ဆိတ်ခြင်းသည် ဝန်ခံခြင်းဆိုလျှင် ထိုနေ့က ကျွန်မတို့အားလုံး တိတ်ဆိတ်စွာ လမ်းခွဲခဲ့ကြပါသည်။
15 comments
Mr. MarGa
October 10, 2014 at 4:04 pm
အင်းးး
အင်းးး
အင်းးး
တကယ်တော့
ဆင်ခြင်တုံ တရားကို
ခင်မင်ရင်းစွဲ စိတ်က ဖုံးအုပ်သွားပြီး
ဖြစ်နိုင်ချေတွေကပါ တွန်းပို့လိုက်တာ ဆိုတော့
အမြင်တွေ လွဲသွားတာ
ဆန်းတယ်လို့ မထင်မိပါဘု………..
ကေဇီ
October 10, 2014 at 4:10 pm
This shall too pass, huh??
Why so serious, huh???
Take it easy, huh??
:kwi:
Mr. MarGa
October 10, 2014 at 4:14 pm
Keep calm huh??
:a:
တောင်ပေါ်သား
October 10, 2014 at 4:04 pm
အင်းးးးး အပိုင်း ၃ဝ လောက်အထိ သွားမယ်ထင် 🙂
ကေဇီ
October 10, 2014 at 4:06 pm
မိန်းမ ဟူသည် ဆောင်းလေပမာညီတို့ ဘာတို့
မာယာ ဆိုတာ မွေးရာပါ တွဲလာပြီးသားးး
ဟိ။
:kwi:
ဘယ် အသက်အရွယ်ရောက်ရောက် စိတ်မချရ၊
သုံးသင့်တဲ့ နေရာ ဟုတ်သလား မဟုတ်သလား သိတဲ့ နေရာမှာ မိန်းမ အမျိုးအစားကွာပါတယ်။
ဟိ။ :mrgreenn:
အရင် တပတ်က ယောက်ကျားတွေ မကောင်းကြောင်း ပြောပြီး
ဒီ တပတ်တော့ မိန်းမ မကောင်းကြောင်း ပြောပြီးးး
နောက်တပတ် ဘာပြောရမဲ စဉ်းစားလိုက်ဦးမယ်။
:k:
လုံမလေးမွန်မွန်
October 10, 2014 at 4:28 pm
အခြောက် 🙂
pooch
October 10, 2014 at 4:56 pm
တကယ်ကလေ မိန်းကလေး သူငယ်ချင်းတွေကြား ယောက်ျားလေး ကိစ္စဝင်လာရင် အရမ်း ရှင်းရခက်တယ်
စိတ်ရှုပ်တယ် အာရုံနောက်တယ် 🙁
ဒီကြားထဲ အဲ့လို စိတ်ပုံမှန်မရှိတဲ့သူပါလာရင် တောပြောတောင်ပြော ပုံပြော ယုံထင်ကြောင်ထင်
weiwei
October 10, 2014 at 7:42 pm
အခုအပိုင်းထိ လိုက်ဖတ်ခဲ့ပေမယ့် အခုထိ ရေရေရာရာ နားမလည်နိုင်သေးဘူး .. ကိုယ့်ဟာကိုယ်ပဲ အသက်တော်တော်ကြီးသွားပြီး ခေတ်ကြီးနဲ့ အဆက်ပြတ်သွားပြီလားလို့တောင် ထင်မိတယ် ..
manawphyulay
October 11, 2014 at 9:22 am
တစ်ခါတလေ မစဉ်းစားမဆင်ခြင် လုပ်လိုက်တဲ့ အပြုအမူတွေက အတော်ဆိုးဝါးတယ်နော်။
မြစပဲရိုး
October 11, 2014 at 1:37 pm
ဩ ဂလို ဖစ် သွားတယ်လား။
ဆက်ရေးပါလေ။
မျှော်နေပါတယ်။ :))
ဇီဇီလေး ရဲ့ မာယာများတာ မိန်းမ တင်မဟုတ်၊ ကျား တွေ ရောပါတော်။
သူက ပိုတယ် ငါက ပို တယ်တော့ မငြင်းလိုပါဘူး။
အမှန် က ကျား၊ မ ထက် လူ တွေ ရဲ့ စိတ်ဓာတ် ခံယူချက်မှာ “မာယာ” တို့ “လှည့်ဖျား” တာတို့ ဖြစ်တာနေမှာပါ။
lol:-)))
ကေဇီ
October 11, 2014 at 3:36 pm
ကျားးး တို့ ရဲ့ မာယာ ကို စာဖွဲ့ အူးးမှပါ
သံခမောက်လေးး ဆောင်းးပြီးးးးးး
:k:
မ " တတ် ပါ့ "
October 13, 2014 at 4:16 pm
ဇာတ်လမ်းမှာ မင်းသားတွေပျောက်သွားဘီ။
မင်းသမီးနှစ်ယောက် မွန် နဲ့ ယု တို့ ဘယ်သူ့ကို ဘယ်လို ဆက်လက်ရွေးချယ်မလဲ
မင်းသားအသစ်တွေကော ထပ်ပေါ်လာဦးမှာလား
ဒီလမ်းဘယ်မှာ အဆုံးသတ်မလဲ
စာဖတ်သူအတွက် ဘယ်လိုသင်ခန်းစာတွေ အတွေးအမြင်တွေ ထပ်ပေးဦးမလဲလို့
စောင့်နေမယ်ကွယ်
Shwe Ei
October 16, 2014 at 3:33 pm
အပိုင်း၈ကနေစပီး အပိုင်း၁ထိ ပြောင်းပြန် ပြန်ဖတ်လိုက်တာ နဲနဲတော့ မူးသွားတယ်။
ဒါမဲ့ ကို့အတွေ့အကြုံအရ ပြန်စင်းစားလိုက်တော့ ဘာတွေဖစ်နေလဲဆိုတာ ကောင်းကောင်းကြီး သဘောပေါက်သွားပါတယ်…ခိခိ
ဆယ်ကျော်သက်အရွယ်ကစလိုက်တဲ့ မျက်နှာများ ဇာတ်လမ်းတွေကို ၂ဆယ်ကျော် ၃ဆယ်ကျော်တဲ့ အထိမရပ်ချင်သူကြီးတွေလဲရှိပါရဲ့
ဘယ်လောက်ပဲ အရှိန်ကောင်းကောင်းနဲ့ လည်နေတဲ့ဘီးဖစ်ပါစေ..ရပ်သွားတဲ့တချိန်တော့ ရှိရမှာဘဲလေ
ကေဇီ
October 16, 2014 at 3:36 pm
၄ ဆယ် ကျော်
၅ ဆယ် ကျော်
၆ ဆယ် ကျော် တွေရော မြင်ဖူးဘူးရားးး
:k:
Shwe Ei
October 17, 2014 at 11:41 am
သများနှာစီးနေတယ် မွမွဆွိ 😛