ပြိုကွဲခြင်း
ပြိုကွဲခြင်း
(၁)
“ ဘုရား…..ဘုရား”
တင်းကုပ်ထဲက လှုပ်ရှားသွားသော အရိပ်ကြောင့် တပိုတပါး သွားဖို့ဆင်းလာတဲ့ မြနှင်းတယောက် ထိတ်ခနဲ လန့်သွားကာ ဘုရားတမိသည်။
လကွယ်ည၏ ပိန်းပိန်းမှောင်တဲ့ အမှောင်ကြောင့် လူလော နာနာဘာဝလော။
ဓါတ်မီး မယူခဲ့မိသည်ကို သတိရကာ တိတိတဆိတ် မိမိကိုယ် မိမိ အပြစ်တင်မိသည်။
ပူးချည်ခွာချည် ဖြစ်နေသော အရိပ်သည် တခုလား နှစ်ခုလား သိချင်ဇောဖြင့် ကြောက်စိတ်ကို အသာအယာ အန်တုကာ အညင်သာဆုံး တရွေ့ရွေ့ နီးသထက်နီးအောင် ကပ်လာမိသည်။
တီးတိုးစကားသံကို ကြားလိုက်မိတဲ့အခိုက် မြနှင်း ကိုယ့်နားကိုယ်ပင်မယုံနိုင်။ မြနှင်းကိုယ်ပေါ်သို့ ကောင်းကင်ကြီး ရုတ်တရက် ပြိုဆင်းလာသလို ခံစားလိုက်ရသည်။ ရုတ်တရက် ယိုင်သွားသော ခန္ဓာကိုယ်ကို လဲမကျစေရန် တင်းကုပ်တိုင်ကို အားပြုလိုက်ရလေသည်။
အသိစိတ်နှင့် ခန္ဓာကိုယ် ကပ်မိချိန်မှာတော့ အိမ်ပေါ်သို့ ပြန်ရောက်နေပေပြီ။ အံ့ဩထိတ်လန့်လွန်း၍ ငိုရမည်လော၊ ဒေါသထွက်ကာ ပေါက်ကွဲရမည်လောပင် ဝေခွဲ၍မရပေ။
သေချာသည်က ယုံကြည်ချက်တို့နှင့်အတူ အရာရာ ပြိုကွဲလေပြီ။
“ ဘုရား…ဘုရား ”
ဒုတိယအကြိမ် ဘုရားတမိရင်း အစ်ကို့ကို မြင်ယောင်မိသည်။
“ အစ်ကို သိရင်….အစ်ကိုများသိရင်း……..”
……………………………………………………………………………………………………………………..
(၂)
တညလုံး တလူးလူး တလိမ့်လိမ့်ဖြင့် ဝေခွဲမရသော စိတ်နှင့် မြနှင်းတယောက် ဆောက်တည်ရာမရ။
စိတ်ကြီးသော ဒေါသ အင်မတန်ကြီးလှသော အစ်ကိုများသိလျှင် အတွေးထဲတွင်ပင် မြနှင်း ခေါင်းနပန်းကြီးသွားသည်။
ဖြစ်လာမည့် အကျိုးဆက်ကို ဆက်၍ပင် မတွေးရဲအောင်ပင်။
ရွာဦးကျောင်းမှ အာရုဏ်တက် တုံးခေါက်ပြီး မရှေးမနှောင်း အိမ်ပေါ်သို့ တက်လာသော ခြေသံကို ကြားလိုက်ရသည်။
ခြေသံရှင်က အညင်သာဆုံး ရွှေ့လျှားနေပေမဲ့ ခြောက်ခြားစိတ်ဖြင့် အိပ်မပျော်သော မြနှင်းအတွက်မူ အတော်ပင် ကျယ်လောင်သလို ခံစားနေရပေသည်။
အမှားလုပ်သူမှာ ကိုယ်တိုင် မဟုတ်ပါပဲနှင့် မြနှင်းတယောက် ဘာ့ကြောင့်များ သွေးပျက်နေရပါသနည်း။
…………………………………………………………………………………………………………………………………
(၃)
မနက်ကတည်းက နှမ ဖြစ်သူကို သင်္ကာမကင်း ဖြစ်နေမိသူက ကိုတင်အောင်ပါ။
သည်အသက် သည်အရွယ်ထိ မနက် အိပ်ရာထဖို့ မနှိုးခဲ့ရသော မြနှင်းကို သည်မနက် လယ်ထဲ သွားကာနီး နှိုးယူခဲ့ရသည်။
လယ်ထဲသွားရာ လမ်းတလျှောက် တယောက်တည်း ရေပက်မဝင် အကြောင်းစုံအောင် စကားပြောတတ်သော အင်မတန် စကားများလှသည့် မြနှင်းသည် သည်နေ့ အတော်ပင် တိတ်ဆိတ်လှသည်။
အလုပ်သမားတွေနောက် တကောက်ကောက်လိုက်ကြည့်ရင်း အချိုးမပြေသော အလုပ်မလုပ် ရေသာခိုသူများကို လိုက်ကြည့်ရင်း ဆူပူတတ်သောသူသည် သည်ကနေ့မှ ဇီးပင်အရိပ်တွင်ထိုင်ကာ ငိုင်လှပေသည်။
သက်ပြင်းခပ်လေးလေးတွေလည်း မကြာခဏ ချနေတာကို သတိထားမိ၍ ဘာများဖြစ်နေပါလိမ့်။
အပြစ်ရှိသူလို သည်နေ့တနေ့လုံး ကိုတင်အောင်ကို မျက်လုံးချင်းပင် ဆုံအောင်မကြည့်ပေ။
တခုခု ထူးခြားနေတာတော့သေချာလှ ပေသည်။ သည်ကောင်မလေး ဘာမဟုတ်တာများ လုပ်ထားပါလိမ့်လို့ ဆက်စပ်ကာ တွေးနေမိပေမဲ့ အဖြေက မပေါ်လာပါ။
ကိုတင်အောင်ကို ပို၍ မသင်္ကာဖြစ်စေသည်က ညနေ အလုပ်သိမ်းချိန်မှာပင်။
အလုပ်လောဘကြီးသူမို့ အိမ်ပြန်ဖို့ အကြိမ်ကြိမ် လှုံဆော်ရသော် နှမငယ်သည် သည်ကနေ့ အစောကြီး ကိုယ်တိုင် လှည်းကောက်နေပေပြီ။
တခုခုတော့ ဖြစ်နေပေပြီ။
……………………………………………………………………………………………….
(၄)
“ အမေ…အဘနဲ့ လယ်ထဲ လိုက်မသွားဖူးလား…”
သမီးဖြစ်သူရဲ့ အမေးကို ခေါင်းငြိမ့်ရင်း ဖြေလိုက်မိသည်။
ခုနောက်ပိုင်း ဘယ်မှလည်း မသွားချင်။ သွားတော့လည်း စိတ်က အိမ်ကိုပဲ ပြန်ရောက်နေသည်။
သမီးနှစ်ယောက် အပျိုပေါက် အရွယ်ရောက်မှ အေးချမ်းလှသည်ဟု သူထင်ခဲ့သော သူ့ဘဝ ပြိုပျက်မှာကို မြနှင်း တယောက် တော်တော်ကို ခြောက်ခြားနေမိသည်။
မအိပ်နိုင်၊ မစားနိုင် စိတ်ထောင်းကိုယ်ကျေမို့ လူပင် အတော် ရှုံးရှုံးကျနေပေပြီ။
လယ်အလုပ်ကို လုပ်ကိုင်နိုင်သည့် အရွယ်မှ စ၍ သည်အရွယ်ထိ လုပ်စရာ အလုပ်ရှိလျှင် လယ်ထဲသို့ မဖြစ်မနေ သွားတတ်သူမို့ အခုတလော အစ်ကို့ကို အကြောင်းမျိုးစုံပြ၍ ငြင်းရသည်မှာလည်း ပြစရာ အကြောင်းအရာပင် မကျန်တော့ချေ။ အစ်ကို ရိပ်မိမှာလည်း စိုးရိမ်လှပေသည်။
အိမ်မှာနေတော့ကော သင်္ကာမကင်းသည့် စိတ်ဖြင့် ကျီးကြည့် ကြောင်ကြည့် ကြည့်ရလွန်း၍ အရူးနှင့်ပင် တူနေချေပြီ။
မြနှင်း တယောက်သာ တုန်လှုပ်ခြောက်ခြားကာ မူပျက်နေပေမဲ့ သူတို့ကတော့ အေးဆေးလှသည်။ လူရှေ့ သူရှေ့မှာ သံသယဖြစ်စရာ တကွက်မှပင်မမြင်။
သည်လို ဆိုပြန်တော့ လမိုက်ညက အဖြစ်သည် မြနှင်း တယောက် အိမ်မက်များလား။
တခါ အိမ်မက်သာ ဖြစ်လိုက်ပါတော့ဟု ကျိတ်၍သာ ဆုတောင်းနေမိပြန်ပါသည်။
တနေ့ထက်တနေ့ အိပ်မရ ညတွေ များလာလေ မြနှင်းအတွက် အိမ်မက်မဟုတ်မှန်း ၊ သူ ဆုတောင်းမပြည့်မှန်း သိလာလေပင်။
လမိုက်ညတိုင်း တွေ့နေကျ သော အရိပ်နှစ်ခုအကြောင်း ပိုသိလာကာ ပို၍ပင် စိတ်ဆင်းရဲခဲ့ရသည်။
တအိမ်လုံး အိပ်မောကျချိန်မှာ ထွက်သွားကာ တုံးခေါက်ချိန်မှသာ ပြန်လာတတ်သော ခြေသံကို စောင့်ရင်း မြနှင်းတယောက် မထွေးနိုင်မအန်နိုင်။
အစ်ကို သိမှာ စိုးရိမ်ရလွန်း၍ သွေးပျက်ရသည်မှာ လတွေပင် ချီနေပြီ။
သံမဏ္ဏိနန်းတော်လို့ သူထင်ခဲ့သော ဖန်နန်းတော်ကို ဖျက်သူက ဖျက်နေပေပြီ။ မပြိုကွဲအောင် သူကာကွယ်နိုင်မည်လော။
သေချာတာတခုကတော့ မသေချာပေ။
ယောင်ချာချာအတွေးဖြင့် မိုးလင်းခဲ့ပေါင်း များလေပြီ။
………………………………………………………………………………………………………………………………
(၅)
“ အခုထွက်လာခဲ့စမ်း”
ဘုရားရေ ဘယ်က အသံပါလိမ့်။ ခြေသံကို နားစွင့်ရင်း အိပ်ပျက်ရက်တွေ များလွန်း၍ မေ့ခနဲ အိပ်ပျော်သွားသော မြနှင်း ဒေါသသံဖြင့် ခပ်အုပ်အုပ် အော်သံကြောင့် ရုတ်တရက် လန့်သွားသည်။
မိမိခြောက်ခြားစိတ်ကြောင့် စိတ်ထင်တာများလား။
” ထွက်လာခဲ့လို့ ပြောနေတယ်လေ…….ခွေးဇတ်ခင်းနေတဲ့ဟာတွေ”
အသံက အိမ်အောက်က အစ်ကို တင်အောင်တို့ အိမ်ဘက်က လာတာမို့ အိမ်မက်မဟုတ်တာတော့ သေချာပြီ။
တဆတ်ဆတ်ခုန်နေသော ရင်ကို လက်နဲ့ အသာဖိကာ စိတ်ကို ထိန်းရင်း နားစွင့်လိုက်တော့ အိမ်မက်မက်နေတာမဟုတ်။
ဒါ အစ်ကိုတင်အောင် အသံ။ အစ်ကို့ အသံ သေချာသည်။ အမလေး ကိုယ်ကျိုးတော့ နည်းပါပြီ။
အိပ်ရာထက်က အပြေးအလွှား ထကာ အိမ့်အောက်ကို ပြေးဆင်းခဲ့ရသည်။
မြင်ကွင်းက သိပ်မကောင်းလှ။
တခြံတည်း မြနှင်းအိမ်နှင့် ဓါးလွယ်ခုတ်နေရာတွင်ရှိသော ကိုတင်အောင် တင်းကုပ်ရှေ့တွင် လက်တဖက်က ငှက်ကြီးတောင် ဓါးကိုင်ကာ ကျန်တဖက်က ဓါတ်မီးဖြင့် မားမားကြီး ရပ်ကာ အော်နေသော ကိုတင်အောင်။
ဒေါသဖြင့် တဆတ်ဆတ် တုန်သောသော ခန္ဓာကိုယ်ကြောင့် ငှက်ကြီးတောင်ဓါးသည်လည်း တလှုပ်လှုပ်။
မြနှင်းတယောက် အပြေးအလွှား အစ်ကို့လက်က ဓါးကို လုကာ အဝေးကို လွှတ်ပြစ်ပြီး။ အစ်ကိုခါးကို နောက်ကနေ လွတ်ထွတ်သွားမှာ စိုးကာ အတင်းဖက်ထားရသည်။
“အစ်ကို လက်လွန်မယ်…….အစ်ကို လက်လွန်မယ်။ စိတ်ထိန်းပါ အစ်ကိုရယ် ကလေးတွေရှိသေးတယ် ကလေးတွေ မျက်နှာ ထောက်ဦးမှပေါ့။ ”
သူ့ကို မော့ကြည့်ကာ တတွတ်တွတ်ပြောနေသော နှမ ဖြစ်သူကို ကြည့်ပြီး ကိုတင်အောင်တယောက် အံတင်းတင်း ကျိတ်မိသည်။
နှမနှင့် ကလေးတွေ မျက်နှာကြောင့်သာ မဟုတ်လျှင် သည် လူ့တိရိစာ္ဆန်တွေကို နေရာတွင်ပင် ပိုင်းချပြစ်မိမည် ထင်သည်။
လုပ်ရက်လိုက်လေခြင်း။
“ ပြောစမ်း မြနှင်း…. နင် ဘယ်တုန်းကတည်းက သိနေတာလည်း”
မြနှင်းတယောက် ကိုတင်အောင်ကို မရဲတရဲ ကြည့်ကာဖြေသည်။
“ ပြီးခဲ့တဲ့ ဝါဆို လကွယ်ကတည်းက…..”
“ဝါဆို လကွယ်ဆိုတော့ ……… မြနှင်းရယ် ခြောက်လ လုံးလုံး နင်မို့ နှုတ်ပိတ်နေနိုင်တယ်။”
နှမကို ဂရုဏာဒေါသဖြင့် ကိုတင်အောင် အော်မိသည်။ ခြောက်လလုံးလုံး ဘယ်လောက်တောင် စိတ်ဆင်းရဲလိုက်မလဲ။ ဒါ့ကြောင့် လူလည်း လူရုပ်ပင် မပေါက်လောက်အောင် ပိန်သွားတာဖြစ်မည်။
စိတ်ကိုသာ အလိုလိုက်ရလျှင် သွေးချင်းချင်း နီရော့မည်။ သားသမီးတွေ မျက်နှာမှ မထောက်။ သစ္စာပျက်ရက်လေခြင်း။
“ နင့်ကြည့်ရတာ မဟန်လို့ တခုခုတော့ တခုခုပဲလို့ သိနေတာ။ ဘာမှန်းသာ အတိအကျ မပြောနိုင်လို့ စောင့်နေတာ။ ”
ကိုတင်အောင်ဒေါသကို သိသည်မို့ အမိုက်အမဲ နှစ်ယောက် စကားတခွန်းမဆိုဝံ့၊ တုပ်တုပ်မှ မလှုပ်ဝံ့။ လှုပ်လျှင်လည်း ဇတ်ပြုတ်ချေမည်။
“ နင့် ယောက်ကျားကို နင် ဘယ်လို လုပ်မတုန်း။ အဲ့ဒါတော့ နင့် သဘောပဲ…… ငါတော့ ဒီကောင်မ …ဒီ ခွေးမကို ဆက်မပေါင်းနိုင်ဘူး။ ကိုယ့်အထုတ်ကိုယ်ယူပြီး သွားတော့။ ငါ့ရှေ့ ထပ်ပေါ်မလာစေနဲ့ အသတ်ပဲ ကြားလား”
အစ်ကို ဖြစ်သူကို ကြည့်ရင်း မြနှင်း ဘာပြောရမှန်းမသိ။
အစ်ကို မေးသော မေးခွန်းကို မြနှင်း ကိုယ့်ဘာသာ မေးမိတာ အကြိမ်ကြိမ်။
တခါမှ အဖြေမထွက်ခဲ့ပါ။
သမီး အပျိုနှစ်ယောက်ကို မည်သို့ ပြောပြရမည်နည်း။
မြနှင်း ရင်မဆိုင်ရဲ။ သတ္တိနည်းရန်ကောဟု ဆိုလျှင်လည်း ဝန်ခံရပေမည်။
အစ်ကိုကတော့ သားသုံးယောက် မွေးထားသည်မို့ မထောင်းတာလှဟု ကိုယ့်ဘက်ကို ယက်ကာ တွေးမိတာက အကြိမ်ကြိမ်။
မြနှင်း သည်မေးခွန်းရဲ့ အဖြေကို ရင်မဆိုင်ရဲ၍ သည်နေ့ သည်အဖြစ်မျိုး ကြုံမှာကို ကြို၍ သွေးပျက်နေခဲ့မိသည်။ မထွေးနိုင် မအန်နိုင် အခံခက်လှပေသည်။
မြနှင်း ဘာလုပ်ရမည်နည်း…….။
သေချာသည်က မြနှင်းတို့ ဘဝတွေ ပြိုကွဲချေလေပြီ………………………။
( ၁၅. ၁၀. ၁၄)
58 comments
တောင်ပေါ်သား
October 16, 2014 at 1:36 pm
ဘာမှ မမြင်ရပါလား
? ? ?
အလင်းဆက်
October 16, 2014 at 2:12 pm
ဟုတ်ပါ့
ဘာစာမှ မမြင်ရဘူး အန်တီမှီရေ
ပိုစ့်တင်တာမှာ တစ်ခုခု မှားသလား
ဒါမှမဟုတ်
ပိုစ့်က တစ်စမကျန်အောင် ပြိုကွဲသွားတာလား
:k:
Yae Myae Tha Ninn
October 16, 2014 at 2:36 pm
ဘာစာမှ မပါပဲလဲ… အောင်မြင်တယ် … မမှီရေ… 🙂
kai
October 16, 2014 at 2:53 pm
မှီမမရေ..
ဒရပ်ဖ်ထဲလည်းရှာမတွေ့တာမို့.. ဘက်ကပ်ရှိရင်ပြန်တင်လိုက်ပါနော..။
ကိုယ့်ပို့စ်ကိုယ် Edit လုပ်လို့ရပါတယ်။
ဒါမှမဟုတ်.. မော်မော်တယောက်ယောက်အကူအညီတောင်းပေတော့…
hmee
October 16, 2014 at 2:56 pm
အြမြဲတမ်း ကွန်ပြူတာထဲမှာရိုက်ပြီး ကူးတင်တတ်တယ်။ သည်နေ့ ctrl+ C နှိပ်ပြီး ctrl+v နဲ့ ကူးတာမရဘူး။ ဘာဖြစ်မှန်းလဲ မသိဘူး။ ကွန်များမကောင်းလို့ မထင်တာလားဆိုြပြီးကြည့်လိုက်တာ အသစ် တက်သွားပုံပဲ ။ သဝျီး ဖျက်ပေးပါဦး မနက်မှပဲ ပြန်တင်တော့မယ်။
အလင်းဆက်
October 16, 2014 at 5:34 pm
ဒီပိုစ့်ထဲ စာတွေ ပြန်ထည့်စေချင်ရင်..
Comment ထဲ စာတွေ ထည့်ပေးထားရင်ကော…
ဒါမှမဟုတ်.. alinsett.art@gmail.com ထဲ ပို့ထားပေးရင်ကော….
မွသဲ ( 17082011 )
October 16, 2014 at 3:19 pm
တကယ်ပြိုကွဲသွားတာကိုး 🙂
hmee
October 17, 2014 at 7:56 am
ဆက်ဆက်ရေ မေးလ်နဲ့ပို့လိုက်ပါပြီ။ ကူညီပါဦး။
အလင်းဆက်
October 17, 2014 at 1:15 pm
ပြိုကွဲသွားတဲ့ ပိုစ့်ကို ပြန် စုစည်းပြီး Update လုပ်လိုက်ပါကြောင်း….
မြနှင်းတို့ ဘဝတွေ ပြိုကွဲသွားတာလေးကိုတော့….
ပြန်မစုစည်းနိုင်ပဲ…
ရင်ထဲ တနင့်နင့် ခံစားလိုက်ရပါတယ်…
hmee
October 18, 2014 at 9:19 am
ကျေးဇူး အထူးပါ ဆက်ဆက်ရေ။ နောက်တပုဒ်လည်း ထပ်ပို့ဦးမယ် ကူညီပါဦးနော်။
အလင်းဆက်
October 18, 2014 at 10:18 am
ကူညီပါရစေ…ကူညီပါရစေခင်မျ….
😆
ခင် ခ
October 17, 2014 at 1:58 pm
ကျကွဲသွားတဲ့ ဖန်ခွက်ကလေးရဲ့ အပိုင်းအစလေးတွေကို လက်နဲ့သိမ်းကြုံး အလျင်စလို ပြန်စုလိုက်ရင် အခန့်မသင့်တဲ့အခါ လက်ရှတတ်တယ်တဲ့။ အဲ စိတ်ရှည်လက်ရှည် တစ်စချင်းစီ သေချာပြန်ကောက်ရင်တော့ အနာဖြစ်မှုကင်းနိုင်ပါတယ်ပေါ့ ဒါပေမယ့် အချိန်တော့ ပေးရမယ်လေ။
hmee
October 18, 2014 at 9:22 am
အနာတရမဖြစ်အောင် ပြန်ကောက်လို့ရပေမဲ့ တစစီ ဖြစ်သွားလို့ အရင်လိုမှ ပြန်မဖြစ်နိုင်တော့တာ မဟုတ်ဘူးလား ကိုခင်ခရှင်။ 🙂
Kaung Kin Pyar
October 17, 2014 at 3:05 pm
စိတ်မောစရာပဲ….
ဖောက်ပြန်တဲ့ ကိုယ့်လူချင်းအတူတူ…မြနှင်းက ခြောက်လကျော်ကာလထိ ကျိတ်ခံတယ်…၊ ကိုတင်အောင်ကတော့ သိသိချင်း ဒေါသပွားတယ်..။
မိန်းမနဲ့ ယောကျာင်္းမှာ…ဒါတွေလဲ ကွာဟတယ် ထင်ပါရဲ့…။
မမှီရဲ့ ရေးတဲ့စာတိုင်း..ရေးပုံရေးနည်းရော..၊ စကားလုံးအသုံးအနှုန်းရော..အတုယူစရာချည်းပဲ…
hmee
October 18, 2014 at 9:25 am
သဘာဝကိုက မိန်းမတွေဟာ သည်းခံနိုင်စွမ်း ထိန်းချုပ်နိုင်စွမ်း ပိုတယ်ဆိုပဲ။ ဖောက်ပြန်တာခြင်းအတူတူ မိန်းမတွေက ဘာလို့ ခွင့်လွှတ်ပြီး အရင်လို ဟန်မပျက်နေချင်ရတာလဲ။ ကျွန်မတော့ သိပ်မကြိုက်ဘူး။ 🙂
ကေဇီ
October 17, 2014 at 3:48 pm
ရမက်မီး ဆိုတာ ကြောက်စရာပဲ။
သင့်မသင့် မစဉ်းစားနိုင်တော့ဘူးးး
ဒါတွေကို အချစ်လို့ ခေါင်းစဉ်တတ်လိုက်မိတော့ ပိုဆိုးးး
မမှီ ရေးတာဖတ်ရင် ကိုယ်တိုင်တောင် တစ်စစီ ပြိုကွဲသွားသလိုပဲ။
😥
hmee
October 18, 2014 at 12:29 pm
ဟုတ်တယ် အဲ့ဒါ ရမက်မီးပဲ။ 🙂
kyeemite
October 17, 2014 at 4:00 pm
.အင်း…ကျုပ်ဆိုလည်းသတ်မိမယ်ထင်ရဲ့
.ငယ်ငယ်ရွယ်ရွယ်တွေလည်းမဟုတ်ဗျာ..သားကြီးသမီးကြီးတွေကိုယ်စီနဲ့…တကဲ့ခွေးဇတ်ခင်းတာပဲ
.တကယ့်အဖြစ်အပျက်ကိုမှီးတာလားဟင်.. :p:
hmee
October 18, 2014 at 12:37 pm
ကျွန်မဝှက်ထားတဲ့ တချက်ကို ဦးကြီးမိုက်က ရှာတွေ့တယ်။ 🙂
တကယ့်အဖြစ်ကို ဇတ်လမ်းဆင်ထားတာ။ အပြင်က မြနှင်းအဖြစ်က ပိုအံ့ ဪဖို့ ကောင်းတယ်။ 🙂
သူ့ ယောက်ကျားကို ပြန်ပေါင်းတယ် ဦးကြီးမိုက်ရှင့်။ မိန်းမတွေဟာ အတော် နားလည်ရခက်တယ်နော်။ 🙂
Foreign Resident
October 19, 2014 at 9:13 am
” အပြင်က မြနှင်းအဖြစ်က ပိုအံ့ ဪဖို့ ကောင်းတယ်။
သူ့ ယောက်ကျားကို ပြန်ပေါင်းတယ် ဦးကြီးမိုက်ရှင့်။
မိန်းမတွေဟာ အတော် နားလည်ရခက်တယ်နော် ”
ဟဲ ဟဲ ။ မမှီ တို့များ ဒီလောက်လေးနှင့် အံ့ဩနေသကိုး ။
ကျနော်ကတော့ တစ်အိမ်ထဲမှာ အမေကော သမီးကော ၂ ယောက်စလုံး ကို ၊
တပြိုင်နက် ပေါင်းနေတဲ့သူကြီးကို မြင်ဖူးထားတော့လည်း ၊
ဒီလောက်လေးနှင့် တော့ မ အံ့ဩပါဘူးဗျာ ။
အဲဒီ ယောက်ကျားက ဝင်ငွေကောင်းပြီး ၊ မိန်းမက မှီခို လေ ။
အဲဒီတော့ကာ ၊ နောက်ဆုံးမှာ အမေ ကပြောရှာတဲ့ စကားက ၊
” ငါ့ သမီး နှင့် မရှုပ်ရင်လည်း ၊ ဒင်း အပြင်မှာ သွားရှုပ်မှာဘဲလေ ၊ အခုလိုဆိုတော့ ၊
ဒင်းလဲ အိမ်မြဲ သွားပြီး ၊ ငါတို့လဲ ဖိတ်ခြင်းဖိတ် ကိုယ့်အိတ်ထဲ ဖိတ်တာပေါ့ ” တဲ့ ။
ကျနော့် သဘောထားက မိန်းမ ဆိုတာ ပိုက်ဆံ ရှိရင်ရှိ ၊
ဒါမှမဟုတ်ရင် ၊ ပိုက်ဆံ ရှာနိုင်ရမယ် ။
ယောက်ျား ရှာတဲ့ ပိုက်ဆံကို မှီခိုနေမှတော့ ၊
ယောက်ျား ထားရာနေ စေရာသွား ဖြစ်နေရတာ ၊ မထူးဆန်းဘူး ။
hmee
October 20, 2014 at 9:59 am
လေးဖောရှင့် တအိမ်တည်းနြေပြီးအ မေနဲ့သမီး လင်လုနေတာတောင်တွေ့ဖူးတယ်။ သမီးကို တုြပြီ အမေက ကလေးကလားတွေ ပြင်ဆင်နေတာလည်းတွေ့ဖူးတယ်။ ဝဠ်ကြွေးတွေပဲထင်ပါရဲ့။
Foreign Resident
October 20, 2014 at 11:23 am
hmee says:
” သမီးကို တုပြီး အမေက ကလေးကလားတွေ ပြင်ဆင်နေတာလည်းတွေ့ဖူးတယ်။
ဝဠ်ကြွေးတွေပဲထင်ပါရဲ့။ ”
ဟဲ ဟဲ ၊ မမှီ ရေ ။ အဲဒီကိစ္စက ပြောမကောင်းလို့ ဆက်မပြောခဲ့တာပါ ။
အဲဒီ ဘဲကြီးက ၊ ငယ်ဆဲ လှဆဲ ဖြစ်တဲ့ သမီး နှင့်ဘဲ အတွေ့များလာရင် ၊
အမေ က မီးဖိုချောင်ထဲကနေ အိုးခွက် ပုဂံတွေ ဆောင့်ချ အသံပြု သဗျ ။
အဲဒီမှာ အမေ ကိုလဲ အလှည့်ပေးရသပေါ့ဗျာ ။
နောက်ဆုံးကျတော့ ဒီဘဲလဲ စိတ်ရှုပ်လာတာနှင့် ၊
အမေရော သမီးပါ တကုတင်ထဲ ခေါ်အိပ်လိုက်သတဲ့ ။ အဲဂလို ။ အဲဂလို ။
အင်းးးးး ၊ မမှီ ပြောသလို ဝဋ်ကြွေးတွေ ထင်ပါရဲ့ဗျာ ။
မွသဲ ( 17082011 )
October 17, 2014 at 4:53 pm
အင်းဘယ်လိုေ့ပြာရမယ်တောင်မသိ။ သူစိမ်းတွေနဲ့ဆိုရင်တောင်ဖြေသာအုံးမယ်ထင်တယ်။ ခုဟာကြီးက အတော်လေးအဆင်မပြေတဲ့ဖောက်ပြန်မှု့ပဲ။ မြနှင်းအတော်လေးသီးခံနိုင်တာပဲ။ ဘယ်လိုမှတ်ချက်ပေးရမယ်တောင်မသိ
hmee
October 18, 2014 at 12:38 pm
မသဲရေ တခါတခါ လူ့လောက က အဖြစ်တွေဟာ ဇတ်လမ်းတွေထက်ဆန်းတယ်နော်။ 🙂
Mr. MarGa
October 17, 2014 at 7:07 pm
ဖတ်ပြီး
ရင် မော သည်
ဟုသာ… 🙁
hmee
October 18, 2014 at 12:41 pm
သကြားရော လေးယောက်ကို ဘယ်လိုထိန်းတုံး။ ဦးမာဃ ကိုပြောတာနော်။ 🙂
Mr. MarGa
October 20, 2014 at 7:09 pm
ရှူးး တိုးတိုး အဲဒါ ထိပ်တန်းလျှို့ဝှက် 🙂
မြစပဲရိုး
October 17, 2014 at 7:20 pm
မှီ ရယ်
မထင်လိုက်တာ ဖြစ်သွားတာဘဲ။
ဪ ဆိုပြီး ရင်ထဲ မကောင်းတောင် ဖြစ်သွားတယ်။
ကျွန်မ သာဆိုရင် အဲဒီ ည မှာဘဲ ချက်ချင်း မျက်နှာချင်းဆိုင် ရှင်းလိုက်မယ်။
ကိုယ့် လူကိုဘဲ အိမ်ပေါ်က ဆင်းခိုင်း ပြီး ကွာလိုက်မယ်။
အစ်ကို့ ကိုလဲ ပြောပြီး ကျန်တာ သူ့သဘောပေါ့။
ကလေး တွေ ကိုလဲ ပြောပြမယ်။
ကျန်တဲ့ သူ တွေ ကိုတော့ အဲဒီ သတင်း ဘာမှ မပြောလိုပါဘူး။
သူတို့ အဆင့် မရှိ လုပ်တာ ကို ဝမ်းလည်းမနည်းချင်ပါဘူး။ ဒေါသလဲ မဖြစ်လိုပါဘူး။
ဇာတ်လမ်း ဆက် ရင်လဲ ဆက်ကြပေါ့။
ကိုယ့်ဘက်ကတော့ ဘိုင့်ဘိုင် ဘဲ။
hmee
October 18, 2014 at 12:45 pm
တကယ်ကို မဖြစ်သင့်တာတွေပါ။ စိတ်အလိုမလိုက်သင့်ဘူး။ သင့်မသင့်စဉ်းစားရမှာ။ အခုတော့ စည်းမရှိတာတွေပေါ့။ ကျွန်မသာဆို အရီးနဲ့ စိတ်တူတယ်။ တခါတည်း ပွဲ ပြတ်သွားမှာ ။ မြနှင်းကတော့ ပြန်ပေါင်းတယ် အရီးရေ ။ ငယ်ငယ်တုန်းက ကိုယ်နဲ့ မဆိုင်ပဲ ကြားထဲကနေ အကုသိုလ်တွေ ပွားခဲ့ရတာလေ။ 🙂
flamingo
October 18, 2014 at 7:49 am
တုံးတယ်ဘဲပြောပြော…ဒုံးဝေးတယ်ဘဲပြောပြော….
စာကိုနစ်ခေါက်ဖတ်ပီးဘီ…ခုထိဘယ်သူနဲ့ဘယ်သူဖြစ်တယ်ဆိုတာကိုမသိသေးဘူး..
ကျေးဇူးပြုပီးပြောပြပါဦး…ဒုံးဝေးလွန်းလို့ပါ
မမချွိ
October 18, 2014 at 8:31 am
အဲလောက် ဝေးးးတာတွေ ဟို အပျိုကြီးးး မကြိုက်ဘူးးနော်
သိပ် မဝေးးးနဲ့
:k:
အကို ရဲ့ မိန်းးမ နဲ့ညီမ ရဲ့ ယောင်္ကျားးး
:a:
Foreign Resident
October 19, 2014 at 9:17 am
မမချွိ
အခု အင်္ကျ ီ အနီလေး နှင့် ဆံနွယ်လေးချထားတဲ့
Profile / Avatar လေး လှတယ် ။ မပြောင်းနှင့်တော့ ။
မမချွိ
October 19, 2014 at 10:29 am
ဟယ်။
အဟိ။ ခွိ ခွိ။
ဂယ်ဂျီးလားးး
:mrgreenn:
ဒါမဲ့ ဒါ လွန်ခဲ့တဲ့ ၅ နှစ်လောက်ကပုံ။ မလေးရှားက မိတ်ကပ်သမားနဲ့ ဓာတ်ပုံဆရာ ရိုက်ပေးတာ။
ခုက မက်နှာက အဲ့ ၂ ဆ ။
အားငယ်ထာ။
ခုခိ။
hmee
October 18, 2014 at 12:49 pm
နင့်ယောက်ကျားကို နင်ဘယ်လိုလုပ်မှာတုံး ဒါတော့နင့်သဘောပဲ။ ငါတော့ ဒီကောင်မကို ဆက်မပေါင်းဘူးလို့ ကိုတင်အောင်က မြနှင်းကို ပြောမှတော့ မြနှင်းယောက်ကျားနဲ့ ကိုတင်အောင် မိန်းမပေါ့ ကြိုးကြာနီရေ။ 🙂
မွသဲ ( 17082011 )
October 18, 2014 at 9:06 pm
ကျွန်မတောင် ဘယ်သူနဲ့မှန်း ချက်ချင်း သဘောမပေါက်လို့ နှစ်ခါပြန်ဖတ်လိုက်ရသေး
တညင်သား
October 18, 2014 at 8:42 am
ခုမှပဲအဖော်ရတော့တယ်…. :hee:
မြနှင်းရဲ့ အမျူ ိးသားနဲ့ ကိုတင်အောင် အမျူ ိးသမီး….
flamingo
October 18, 2014 at 9:02 am
ဟိုုအပျိုကြီးဆိုတာ..ဘယ်သူ့ကိုပြောတာလဲ……မသိလို့နော်..
ကျွန်တော်မသိတာတွေသိပ်များနေဘီ…ဆောရီးပါ.
ကေဇီဆိုတဲ့နာမည်ကိုကျွန်တော်ရင်းနီးနေသလိုဘဲ…
ကျွန်တော်ထင်တဲ့တယောက်ဘဲဖြစ်မှာပါ။။
pooch
October 18, 2014 at 11:17 am
တကယ်ကတော့ ပြိုကွဲတယ်ဆိုမှတော့ ဘယ်အရာမှ အကောင်းတိုင်း ပြန်မဖြစ်တော့ဘူး
ဘာမှကို မကောင်းနို်င်တော့ဘူး တစစီပဲ အကျိုးကျိုးအပဲ့ပဲ့
ပြန်ထူနိုင် ပြန်ရပ်နို်င်ဖို့ ကိုယ်ခံအားကောင်းဖို့ လိုတယ် ။ လူလဲကျလို့ ရတယ် စိတ်လဲကျလို့ မရဘူး ။
အော် မမှီရယ် လောကဓံပါတဲ့ ဂြိုလ်မှ မပါတာ ဘယ်သူကကြိုသိမလဲ :((
hmee
October 18, 2014 at 12:50 pm
ဟုတ်ပါတယ် ပုချ်ရေ။
ကြွေလွင့် ပန်း
October 18, 2014 at 11:44 am
မမှီရယ်.. ရေးတတ်ပါပေ့၊ မိန်းကလေးပီပီ မိန်းကလေးတစ်ယောက်အနေကနေ ခံစားရေးသားတယ်ပေါ့.. ဆိုတော့ မိန်းမသားတစ်ယောက်အနေနဲ့ရော၊ အပျိုပေါက်အရွယ်သမီးပျိုလေးတွေရှိတဲ့ မိခင်တစ်ယောက်အနေနဲ့ရောပေါ့.. ခံစားရေးဖွဲ့ထားတယ်ပေါ့..
ဆိုတော့ တစ်ခုပေါ့ဗျာ၊ စာရေးသူပေးချင်တဲ့ Message လေးက လူ့လောက၊ လူ့သဘာဝအရ ဒီလိုတွေဖြစ်တတ်တယ်ပေါ့၊ ဒီလိုတွေဖြစ်ရင် ဘဝတွေပြိုကွဲကြတယ်ပေါ့၊ ဒီဇာတ်လမ်းအရဆို မိသားစု ပြိုကွဲတော့မယ်လို့ ဆိုလိုသင့်တယ်ထင်တယ်။
လောကကြီးမှာဗျာ မမှီက ကျွန်တော့်ထက် အသက်အရွယ်အရရော၊ ဝါအရပါကြီးတဲ့သူပါ။ ပြောချင်တာက ဒီဇာတ်လမ်းကိုဖတ်တော့ ဇာတ်ဆောင်အမျိုးသမီးနေရာမှာ ကိုယ့်ကိုယ်ကို ဝင်ခံစားမိသဗျ၊ ကိုယ်ပိုင်ရင်သွေးလေးတွေမရှိပေမယ့် စိတ်ကူးနဲ့ မနိုင်မနင်းလွယ်မွေးထားရတဲ့ ကလေးလေးတွေတော့ရှိတယ်ပေါ့။ ဇာတ်လမ်းအရလို နောက် (၆)လအကြာမှာ ဇာတ်သိမ်းဖို့ဖြစ်လာတယ်ပေါ့။ ဇာတ်လမ်းအစမှာလို အိမ်ပေါ်ဘယ်လိုရောက်လာလဲ မသိတာတော့ မဟုတ်ပေမယ့် ဆေးရုံပေါ်မှာတော့ တစ်လလောက်ရောက်သွားခဲ့ရဖူးတယ်။
ဇာတ်သိမ်းတော့ မတူဘူးပေါ့ဗျာ၊ နောက်(၆) လအကြာမှာတော့ ဇာတ်သိမ်းတာပဲတူတယ်။
ဒီတော့ မနေ့က တွေ့တယ်ဗျာ၊ ဝင်ဖတ်တယ်၊ ဘာမှမပါဘူး။
ဒီနေ့ဝင်ဖတ်တယ်၊ စာတွေတက်လာတယ်၊ ကိုကောင်းကင်ပြာက မိန်းမတွေဘာလို့ခြောက်လထိ ကြိတ်ခံလဲမေးတယ်။
ဒီနေရာမှာပြောချင်တာတစ်ခုဗျာ.. ယောကျာ်းရယ် မိန်းမရယ်မှမဟုတ်ဘူး၊ လူသားတွေထဲက လူသားတွေတိုင်း ကိုယ်ချစ်မြတ်နိုးပါတယ်ဆိုတဲ့ လူတစ်ယောက်ကို အလွယ်လေးစွန့်ပြစ်ရက်မယ်မထင်ဘူး။ ဒီတော့ တစ်ချို့က ပြန်များလည်လာလေမလား၊ တစ်ချို့က ပြန်များကောင်းလာလေမလား၊ တစ်ချို့က ငါဘာချို့ယွင်းချက်များရှိလေမလဲဆိုပြီး ကိုယ့်ဖာသာ အဖြေပြန်ရှာထုတ်နေကြသူတွေလဲရှိတယ်ပေါ့။
ဒါပေမယ့်အရာရာတိုင်းမှာ သူ့သတ်မှတ်ခံနိုင်ဝန်အားဆိုတာရှိပါတယ်။ ခံနိုင်ဝန်အားကျော်သွားရင်တော့ ဘယ်အရာမဆို ပြိုကွဲပျက်စီးသွားကြမြဲပါပဲ။
ဇာတ်လမ်းထဲက အဓိက ဇာတ်ဆောင်လေးကို စာနာတယ်။ လောကမှာ အဲ့လိုလူတွေနဲ့ ဇာတ်လမ်းထဲက ဇာတ်ဆောင်ရော၊ ကျုပ်ကိုယ်ကျုပ်ရော ပြန်မဆုံချင်တော့ဘူးဗျာ။
မျက်နှာမြင်တာနဲ့ကို ကိုယ့်ကိုယ်ကို သိပ်ရွံလွန်းလို့။
hmee
October 18, 2014 at 1:00 pm
ကြွေလွင့်ပန်းပြောတာ လက်ခံပါတယ်။ လူတွေမှာ ခံနိုင်အားရှိတယ်။ ဒါပေမဲ့ တချို့တွေရဲ့ ခံနိုင်အားက အံ့အားသင့်စရာပဲ။ ကျွန်မအလိုဆိုရင်ပေါ့ ကျွန်မကတော့ ခွင့်မလွှတ်ဘူး။ ကြွေလွင့်ပန်းရေ မမှီ ဖတ်ဖူးတယ် တခါတရံ နာကျင်ခဲ့ရတဲ့ အရာအချို့ဟာ ခံစားနေရချိန်မှာ နာကျင်လွန်းတယ်လို့ ခံစားရခဲ့ပေမဲ့ အချိန်တွေ ကြာလာတာနဲ့ အမျှ တခါတရံ သတိရတဲ့ အခါ ြပြုံးမိရုံထက် မပိုတတ်တော့ဘူးတဲ့။ တချိန်ကြရင် သတိရတဲ့အခါ ကျေကျေနပ်နပ်ကြီး ြပြုံးနို်င်ပါစေ။
မွသဲ ( 17082011 )
October 18, 2014 at 9:08 pm
ကောင်းကင်ပြာက မိန်းကလေးပါ ကြွေလွင့်ပန်းရေ
ဦးကြောင်ကြီး
October 20, 2014 at 3:11 am
အနော်က ကင်းကောင်ပြာဘဲ… ကင်းကောင်ပြာက အနော့်စော်လေ..
manawphyulay
October 18, 2014 at 11:56 am
အဲဒါက မြနှင်း သိထဲက တစ်ခါထဲ မျက်နှာချင်းဆိုင် ရှင်းရမှာလေ… ဇာတ်လမ်းက မရှင်းတော့ ကိုယ်ပဲ အမြဲသောက ဖြစ်ရတာပေါ့နော်။
hmee
October 18, 2014 at 12:32 pm
တခါတလေကြရင် လူတွေဟာ ကိုယ်တွေးထားတာနဲ့ မထင်လောက်အောင် သည်းခံနိုင်ကြတယ်။
nicolus agral
October 18, 2014 at 1:49 pm
တည်မိတဲ့ဘုရား လင်းတပင်နားနားတို့
သားကိုသခင် လင်ကိုဘုရားတို့
အာ့တွေလွှင့်ပစ်လိုက်ရင်ကောင်းမယ်ဗျာ
Yae Myae Tha Ninn
October 18, 2014 at 2:22 pm
ဘာပြောရမှန်းကို မသိဘူးဗျာ… အပြင်မှာလဲ ကြားနေ မြင်နေရတယ်… သံသရာ မကြောက်ကြဘူးဘဲ ဗျာ… 🙁
padonmar
October 19, 2014 at 12:11 am
လောကကြီးကလေ ထင်ထားတာထက် ပိုရှုပ်နေတယ်။
Ma Ma
October 19, 2014 at 1:11 pm
မိခင်တစ်ယောက်အနေနဲ့ ကိုယ်တိုင်စီးပွားရှာနိုင်ပြီး ကိုယ့်ကိုယ်ကို အားကိုးနိုင်ရင်တောင်
သားသမီးတွေ မျက်နှာထောက်ပြီး အိမ်ထောင်ပြိုကွဲမခံနိုင်တဲ့ မိခင်စိတ်လို့လည်း မြင်မိတယ်။
ပြောရမယ်ဆိုရင် အဲလိုမိသားစုမပြိုကွဲအောင် အနစ်နာခံတတ်တဲ့ အိမ်ရှင်ဆိုတာလည်း ခုခေတ်မှာ အတော့်ကို ရှားပါးသွားပြီ။
နောက်တခုက အခုလိုကိစ္စမျိုး နောက်တကြိမ်ဖြစ်လာရင်ကောလို့ စဉ်းစာလိုက်ရင်လည်း လုံးဝသည်းမခံသင့်ဘူး။
နောက်ဆုံးတော့ ဝဋ်ကြွေးလို့ပဲ ပြောရမယ်ထင်တယ်။ :'(
မမချွိ
October 19, 2014 at 1:32 pm
အမှန်က သံသရာ လည်နေတဲ့ ကိစ္စတစ်ခု ရှိတယ်။
ကျနော် နိုင်ငံမှာ ပေါ့နော်။
တစ်ခုလပ်တို့ မုဆိုးမတို့ ကို ဆက်ဆံတာ မှာ လူတွေ (အထူးသဖြင့် ယောင်္ကျားတွေ) က မတူဘူးလေ။
လူ့အသိုင်းအဝိုင်းမှာ လုံခြုံမှုမရှိဘူးးး၊ လုံခြုံမှု မပေးနိုင်တဲ့ အခြေအနေပေါ့။
အဲဒီတော့ အမျိုးသမီးတွေက အိမ်ထောင်ကွဲမှာ ကြောက်တယ်။
ကြောက်တော့ ယောင်္ကျားကို ရှေ့တန်းတင် ဦးစားပေးတယ်။
အဲလို ရှေ့တန်းတင်ဖို့ တန်တဲ့သူရှိတယ်၊ မတန်တဲ့သူမျိုးရှိတယ်။
အဲဒီတော့ ယောင်္ကျားများဟာ အိမ်ထောင်ရေးမှာ လုပ်ချင်လုပ်ခွင့်ရနေတယ်။
နောက်တစ်ခုက အရည်အချင်းနဲ့ ပိုက်ဆံ။
အမျိုးသမီးများဟာ တစ်ယောက်တည်း ရပ်တည်ဖို့ အရည်အချင်းနဲ့ စိတ်ဓာတ်ကြံ့ခိုင်မှု မရှိရင်
ပိုက်ဆံမရှိရင် အဲဒီ ယောင်္ကျား ဘယ်လောက် ဆိုးဆိုး ပေါင်းကြသတ္တံ့။
ပြီးတော့ ရုပ်ရှင်တွေက အစ အဖေမရှိတာ နှိမ်စရာ ဘာညာ ပြထားတာ မျိုးကလည်းရှိ။
လင်မရှိတဲ့ မိန်းမ ဘာဖြစ်ညာဖြစ်တွေကလည်း ပြောထားးးး
ဆိုတော့
ဒီ လို တောက်တုံးမကျတဲ့ လင် ကို ကျ တစ်သက်လုံး ဘုရားတစ်ဆူ ဂူတလုံးလို ကိုးကွယ်ဖို့ ရွေးချယ်ရတဲ့ အကြောင်းရင်းက ဘာလဲ??
ခါတလေများ ကျနော်တို့ ရှက်ရမဲ့ အပိုင်း၊ မရှက်ရမဲ့ အပိုင်းတွေ လွဲနေသလားမသိ။
ဒီ လင် တောက်တုံးမကျလို့ ကွာရတာ ရှက်စရာမကောင်းးဘူးးး
ဒီ တောက်တုံးမကျတဲ့ လင်ကို ပြန်ပေါင်းဖို့ ရွေးချယ်ရတဲ့ ကိုယ့် ပျော့ညံ့မှုကသာ ရှက်စာကောင်းတယ်လို့ ထင်တယ်။
ကျနော် အသက်ကြီးလေ၊ မကောင်းမြင်လေ ဖြစ်နေလားတော့မပြောတတ်။ 🙄
သူများနိုင်ငံမှာ ဘရုတ်ကင်း ဖန်မလီကမို့ မအောင်မြင်ဘူး ဆိုတဲ့ အကြောင်းပြချက်မျိုးမရှိပါဘူးးး။
ကျနော် တို့ ဆီမှာတော့ ဒါတွေကို အရေးတကြီး လုပ်နေဆဲ။
“ငါတို့ အမျိုး လင်ကွာ မယားကွာ မရှိလို့ လင်နဲ့ ကွဲရင် ငါ့တို့ အိမ်မှာ လက်မခံ” ဆိုတဲ့ မိဘတွေကြောင့်ရော
အနှိပ်စက်ခံ၊ သည်းခံပေါင်းနေရတဲ့ မိန်းမဘယ်နှယောက်ရှိပြီလဲ မသိ။
:a:
လူ့ကျင့်ဝတ် အရ လက်မခံနိုင်တဲ့အမှုမျိုး ကျူးလွန်တဲ့ ယောင်္ကျား သော မိန်းမသော ပြန်လက်ခံပဲ ပယ်ထားလိုက်တာကောင်းးးးးးး
hmee
October 20, 2014 at 10:13 am
အမှန်တော့ ဝဠ်ကြွေးလို့ ဆိုရမှာပဲ။ တခုလပ်နဲ့ မုဆိုးမတောင်မတူဘူး တခုလပ်က ပိုဆိုးတယ်။ မုဆိုးမတွေရဲ့ အကြောင်းကို ဒေါ်ခင်နှင်းယုရေးဖူးတယ်။ မြန်မာ့ အသိုင်ရအဝိုင်းမှာ ဖြစ်တည်ရှိနေတာတွေ အကြောင်းစုံ။ ဒါ့ကြောင့် ကိုယ်တိုင် ငွေရှာနိုင်ပေမဲ့ ကွဲဖို့ဆို စဉ်းစားကြတာ။ သူဂျီးတို့နေရာ အရီးတို့ နေရာကလူတွေကတော့ ဘာပဲပြောပြော ကိုယ်တွေထက် စိတ်ဓာတ် မြင့်တာသေချာတယ်။ လူကိုလူလို့ပဲ သဘောထားကျတာမို့ အဲ့နေရာတွေမှာ ဒါတွေဟာ သိပ်အရေးမထားဘူး။ ဒီပို့နဲ့တော့ မဆိုင်ပါဘူး ကျွန်မ သတိထားမိတာတခုပေါ့ အရင်တုန်းက သတိမထားမိပေမဲ့ အခုနောက်ပိုက်း သတိထားမိတာပေါ့။ သူတို့တွေ ကလေးမွေးစားရင် တကယ်ကို ကိုယ့်သားသမီးနဲ့ တန်းတူပဲ။ ကျွန်မကိုယ်တို်င်တောင် အဲ့စိတ်ထားနိုင်မယ်မထင်ဘူး။ သေချာတာကတော့ အရာရာ တိုးတက်မြင့်မားသလို စိတ်တွေလည်းတော်တော် မြင့်တာသေချာတယ်။
weiwei
October 19, 2014 at 6:10 pm
ဒီဇာတ်လမ်းမျိုးက ဝတ္ထုဇာတ်လမ်းမျိုးပဲ ဖြစ်သင့်ပါတယ် ..
တကယ့်အဖြစ်အပျက်ဖြစ်နိုင်တယ်လို့ မယုံကြည်ချင်ဘူး ..
hmee
October 20, 2014 at 10:20 am
မဝေရေ ဒီထက်ဆန်းတာ တခုရှိသေးတယ် ။ ညီအမတွေ အကုန်လုံး သူများယောက်ကျားကိုပဲ ယူထားကြတာလေ။ ဘွဲ့ရ ပညာတတ်တွေဖြစ်တယ် ရုပ်ကလေးတွေကလည်း တကဲ့ကို ဖြူဖြူချောချော လင်ကောင်းကောင်း ရနိုင်မဲ့ ရုပ်ကလေးတွေ ။။ မိဘတွေကလည်း အများလေးစားရသူတွေ ဘာ့ကြောင့် အဲ့လိုဖြစ်ရမှန်းမသိဘူး။ အမေကတော့ပြောတယ် ဘယ်သူကမှတော့ လင်ခိုးမ အခေါ်မခံချင်ဘူး သူတို့ရဲ့ နောက်နောက်က ဝဠ်ကြွေးတွေ ဖြစ်မယ်တဲ့။
padonmar
October 19, 2014 at 7:04 pm
ကျမလူနာထဲမှာလည်း တောက အဖိုးကြီး ၁ယောက် အမေရော သမီးရော ယူထားပြီး ကလေးတွေ အများကြီး တွေ့ဖူးတယ်။
ဒါ့ကြောင့် ဝေဝေရေ၊ အပြင်မှာ ဒီ့ထက်မက တောင် ဖြစ်နိုင်တယ်။
ဦးနုရဲ့ ကာမတဏှာ ထဲမှာ အဲသလို ပွေလိမ်ရှုပ်တာတွေ ဖတ်ဖူးထားတာမို့ ဘာမဆို ဖြစ်နိုင်တယ်ဆိုတာ လက်ခံမိတယ်။
ဦးကြောင်ကြီး
October 20, 2014 at 3:13 am
ကာမတဏှာ
လျှာကဆာ
ပါပအဝှာ
လာပါ့ဗျာ..
kai
October 21, 2014 at 1:44 pm
လိုက်ဖတ်ကြည့်တာလေ..
မှီမမတယောက် ဝဋ်ကြွေးတွေနဲ့ချည်း.. ပေးစားနေတာတွေ့ရသဗျ…
ဟုတ်မှာပါ…
ငရဲခြောက်-ဘုံမြောက်သမားတွေလက်ချက်နဲ့.. ဂေါတမဗုဒ္ဓတောင်.. ဝဋ်ကြွေးတွေပေးဆပ်ရတာ..တပုံတပင်…
အဲ..အဲ.. လေးသချင်္ာကမ္ဘာတသိန်းမှာ.. ၁၂ခုရှိတယ်ဆိုပဲ..။
အနိစ္စ… :i:
=========
uncle gyi
November 8, 2014 at 11:16 pm
မှီကအရေးကောင်းပြီးသား
ဆင်သွားတဲ့ဇာတ်ကလဲတထိုင်ထဲဆက်ဖတ်ချင်စရာ
ဒါပေမဲ့အဲတုန်းကကိုရီးယားဇာတ်လမ်းတွဲတွေမလာသေးလို့ပါ
အခုများအဲဇာတ်ပြန်ဖြစ်ကြည့်ပါလား
အဲလိုဇာတ်လမ်းမမှီရမယ်မထင်
အောင် မိုးသူ
November 13, 2014 at 2:41 pm
ဇာတ်လမ်းအစကတည်းက ထင်နေတော့ထင်နေသား ဒါပေမယ့် ပိုဆွဲလို့ရမယ် ဇာတ်လမ်းပါ အရှိန်က ကောင်းနေတုန်း ချက်ချင်းမြင့်သွားတာ့ တိုသွားသလို။ အစ်မရေ ဘာလဲဆိုတဲ့အရာကို ရေးပြထားတာ ကြိုက်ပါတယ်။