Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

Art, Craft နှင့်ရောက်တတ်ရာရာ

ဆုျမတ္မိုးOctober 29, 20141min90827

ခုတလော art တို့ craft တို့ကိုအရမ်းစိတ်ဝင်စားနေတော့ အချိန်ရှိတိုင်း craft blog တွေဖတ်ဖြစ်ပါတယ် ။ မီးခြစ်ဆံဗူးသာသာအခန်းလေးကို စိတ်တိုင်းကျပြင်ချင်ပေမယ့် အချိန်မရတော့ ရတဲ့အချိန်လေးမှာ craft ဆိုင်လေးတွေကိုငေးဖြစ်ပါတယ်။ craft ပစ္စည်းတွေက ဈေးအရမ်းကြီးတော့ ငွေပိုအကုန်မခံချင်တာနဲ့မဝယ်ဖြစ်ပါဘူး ။ ဒီရက်ပိုင်းမှာ ကျမအတောင့်တဆုံးအရာက ဖယောင်းတိုင် ။ ရောင်စုံ ဖယောင်းတိုင်တွေဝယ်ပြီးထွန်းချင်တာပါ ။ ဧည့်ခန်းထဲမှာ ထိုင်နေတုန်း ဖယောင်းတိုင်လေးထွန်းပြီးနေချင်တယ် ။ အိပ်ခန်းထဲမှာလည်း အဲကွန်းမဖွင့်ခင် ဖယောင်းတိုင်လေးထွန်းပြီး အလှအပကိုခံစားချင်တာပါ ။ ခက်တာပါ ကျမနေတဲ့အိမ်နားက ဈေးမှာ ရောင်စုံဖယောင်းတိုင်တွေကမရှိ ။ သာမန်ဖယောင်းတိုင်ရယ် တရုတ်ဘုရားမှာထွန်းတဲ့ အနီရောင်ဖယောင်းတိုင်ရယ်ပဲရှိတာပါ ။ ကျမလိုချင်တာက scented candle လို့ခေါ်တဲ့ အမွှေးနံ့ပါတဲ့ဖယောင်းတိုင် ။ ဒီတော့ လိုချင်တာ တစ်ပတ် ၊ နှစ်ပတ်ကျော်သွားတဲ့ ကျမလိုတဲ့ ဖယောင်းတိုင်က ရှာမရပါဘူး ။ တစ်နေ့က ၂ ကျပ်တန် daiso ဆိုင်ကိုရောက်တော့ ကျမလိုချင်တဲ့ ဖယောင်းတိုင်တွေထားတဲ့ အတန်းကိုရောက်ရော ထခုန်မတတ်ကိုဝမ်းသာမိတာပါ ။ ကျမလိုချင်တာတွေအများကြီး ။ ဖယောင်းတိုင် ၊ ပန်းခြောက် ၊ အမွှေးအိတ် စတဲ့ ပစ္စည်းတွေဝယ်လာပါတယ်။ ဒိုင်ဆိုက quality လည်းမဆိုး ၊ ဈေးလည်းသက်သာတော့ ဝယ်ပျော်ပါတယ် ။ ပေါချောင်ကောင်းလေးတွေနဲ့ ကျမရဲ့ မီးခြစ်ဆံဗူး ကမာ္ဘလေးကို ပြင်လိုက်တာ စိတ်တော်တော်ကျေနပ်သွားပါတယ်။ ထူးထူးဆန်းဆန်းပြင်ထားတာမဟုတ်ပေမယ့် ဝယ်လာတဲ့ပစ္စည်းလေးကိုနေသားကျအောင်ချလိုက်တာနဲ့တင် စိတ်က တော်တော်ကိုကျေနပ်သွားတာပါ ။   ညနေခင်းတစ်ညနေလုံးကို ဖယောင်းတိုင်လေးထွန်းပြီး ကော်ဖီတစ်ခွက်နဲ့စာအုပ်ဖတ်ပါတယ် ။ ဘယ်လောက်သာယာလိုက်လဲနော် ။

ဧည့်ခန်းက စားပွဲခုံလေးမှာတင်ပြီး အလှဆင်ထားတာပါ ။

10422500_10203028680375085_8962099647017476764_n

အိပ်ခန်းက ကျမရဲ့ခုံလေးပေါ်မှာတင်ထားတာ

8939_10203028681175105_2131756160657198265_n

1477762_10203028680975100_1072363434404667591_n

1457599_10203028680575090_1585907322862235368_n

 

 

အခုတလော အရောက်ကျဲတဲ့ စာဖတ်ခုံ (ဒီရက်ပိုင်းစာမကျက်ဖြစ်ဘူး)

10734122_10203028681535114_5772668668040113744_n

 

လိုချင်တဲ့ဖယောင်းတိုင်တွေရလာတော့ နောက်ရောဂါတစ်ခုက ထပ်တိုးလာပါတယ် ။ အဲဒီရောဂါက အကျီချုပ်ချင်တဲ့ရောဂါ ။

ကျမရဲ့ ဦးလေးနဲ့အဒေါ်က နယ်မှာအပ်ချုပ်ဆိုင်ဖွင့်ကြပါတယ် ။ ကျမတို့ငယ်ငယ်က အဝတ်စနဲ့လုပ်တဲ့ ယမင်းရုပ်လေးတွေခေတ်စားတော့ အရုပ်ချစ်တဲ့ကလေးတွေဟာ အပ်ချုပ်ဆိုင်တွေမှာ အဝတ်စတွေသွားကောက်ကြပါတယ် ။ ကိုယ်နဲ့မသိတဲ့ဆိုင်တွေကဆိုရင် မကောင်းတဲ့အဝတ်စတွေပဲ ကလေးတွေကိုပေးပေမယ့် ကျမတို့မှာကျတော့ ဦးလေးနဲ့အဒေါ်ဆိုင် ဆိုတော့ သွားကောက်စရာမလိုပါဘူး ။ အကျီချုပ်လို့ထွက်လာတဲ့အစမှန်သမျှကို ခြင်းတစ်လုံးထဲစုထည့်ထားပြီး ကျမတို့သွားရင် လိုချင်တဲ့အရောင်တွေသွားနှိုက်ရုံပါ ။ တခြားဆိုင်တွေကမပေးရတဲ့အကြောင်းရင်းကလဲ နယ်ဘက်ဆိုတော့ အစစအရာရာချွေတာကြပါတယ် ။ပိုတဲ့ခပ်ကြီးကြီးအစလေးတွေကို စပ်ပြီး ခြေသုတ်ဝတ် ၊ လှိုက်ကာ ၊ စပ်အကျီ ၊ စပ်ထမီတွေလုပ်ပြီး ရောင်းလို့ရတာမို့ပါ ။

တီတီဆွိရဲ့ စပ်ထမီ –  photo credit to ttsweet

စပ်ထမီဆိုတာက ပိုတဲ့အစလေးတွေ (ပါတိတ် ၊ ဘီဘဲလ်) ကို စုပြီး နောက်ထပ်ထမီတစ်ထည်အဖြစ်အသွင်ပြောင်းခြင်းပါ ။ စပ်အကျီ စပ်ထမီကိုမရှိရှားပါးတဲ့သူတွေကတော့ အကျီမဝယ်နိုင်လို့ဝတ်ရသလို ၊ ချမ်းသာတဲ့လူတွေကျတော့ စတိုင်ထုတ်ပြီးဝတ်ကြပါတယ် ။ ဘီဘဲလ်ထမီကိုရောင်စုံဝယ်ဝတ်ပြီး ဘီဘဲလ်ထမီက ရှည်တော့ အောက်ပိုင်းကိုဖြတ်ပြီး စပ်ထမီချုပ်ဝတ်ကြတဲ့ခေတ်တစ်ခုရှိခဲ့ဖူးပါတယ် ။ ကျမတို့လို ၈ဝ နဲ့ ၉ဝ ကြားမှ မွေးတဲ့သူတွေက မဝတ်ဖူးကြပေမယ့် လူကြီးမိဘတွေဝတ်ကြတာကို မှီလိုက်ကြပါတယ် ။ ဒါကြောင့် ကျမတို့အရွယ်တွေတော်တော်များများစပ်ထမီအကြောင်းကိုသိကြပါတယ် ။ ပြန်ဆက်ရရင် စပ်ထမီ ၊ စပ်အကျီ  ဆိုတာ အထည်အပ်တဲ့သူတွေအတွက်ရော  ချုပ်တဲ့သူတွေအတွက်ပါ အဆင်ပြေတဲ့ win win အခြေအနေတစ်ခုပေါ့ ၊ အပ်တဲ့သူဖက်ကလည်း အကျီကပိုလို့ကျန်တဲ့အစမို့ သူ့အတွက်အပန်းမကြီး..လုပ်ချင်တာလုပ်ပေါ့..။ အပ်ချုပ်ဆရာဖက်ကလည်း အဲလိုအစပိုလေးတွေကို အကျီလေးတွေစပ်ပြီးချုပ်ပေးရတာလက်ဝင်ပေမယ့် အိမ်က မိသားစုအတွက် ထမင်းတစ်နပ်စာရတာမို့ အစပိုဟူသမျှ စပ်ပြီးအကျီချုပ်ဖို့သိမ်းထားတတ်ကြပါတယ်။

ကျမတို့အတွက်ကျတော့ အဒေါ်တို့ဦးလေးတို့တွေ ကိုယ့်တူမမို့ သူတို့ စပ်ထမီလုပ်ဖို့စုထားတဲ့အစတွေကိုထုတ်ပေးပါတယ်။ ယမင်းရုပ်ခေါင်းအတွက် အနက်ရောင်အစလိုရင်လည်း ထမီ အထက်ဆင်ကနေ ဖြတ်ပေးတတ်ပါတယ် ။  အဲဒါကိုသိနေတဲ့ အမေက အဝတ်စသွားသွားတောင်းတတ်တဲ့ ကျမတိုခဏခဏဆူပါတယ် ။  ဒါပေမယ့် အမေဘယ်လောက်တားတား အားနာရကောင်းမှန်းမသိတဲ့အရွယ်မို့ အရုပ်လိုချင်တာနဲ့ ဦးလေးဆိုင်မှာ အစသွားယူ၊ ဆိုင်မှာပဲ အရုပ်လုပ် ၊ ထမီအထက်ဆင်စကိုဖြတ်ပြီး ဆံပင်အမဲလုပ် ၊ အစခပ်ကြီးကြီးတွေကို အကျီနဲ့ ထမီချုပ် ၊ ချည်လုံးထဲကချည်တွေယူပြီးကြိုးတွေကျစ်ကာ အရုပ်လုပ်ပြီး စိတ်တိုင်းကျဆော့ခဲ့ဖူးပါတယ် ။ အသက်နည်းနည်းလေးကြီးလာတဲ့အချိန်မှာတော့ အားနာ သိတတ်စိတ်လေးရှိလာပြီမို့ အရင်တုန်းကလို စိတ်ကူးပေါက်တိုင်းယူယူမဆော့ဘဲ ဦးလေးဆိုင်မှာကူတတ်လာပါတယ် ။ ကျမဦးလေးက ကျမတို့ဇာတိမြို့လေးမှာ လက်ရာအကောင်းဆုံး အပ်ချုပ်ဆရာ ၊ ယောက်ျားဝတ်အကျီကိုသူ့လောက် ဘယ်သူမှပုံကျအောက်မချုပ်တတ်ပါဘူး ။ မိုးမျာတဲ့ဒေသမို့ မိုးကိုအန်တုဖို့  မိုးကာ ဖျင် တာလပတ်စတွေကိုချုပ်တဲ့နေရာမှာလည်းသူက နာမည်ကြီး ။  မိုးကာအကျီတွေကိုလည်းချုပ်တာမို့ မိုးရာသီနီးရင် သူတို့အလုပ်ရှုပ်ကြပါတယ် ။ နွေရာသီအားရင် သူတို့ဆိုင်ကိုသွားသွားလည်တတ်တာမို့ မြင်နေရင်းကနေ နည်းနည်းပါးချုပ်တတ်သွားပါတယ်။ ပထမဆုံး စက်နင်းတတ်အောင်သင်ပေးပါတယ် ။ နောက်ပြီး ကော်လံကော်ကပ်နည်း ၊ ဇစ်တပ်နည်း ၊ သားရေကြိုးတပ်နည်း ၊ ခေါင်းအုံးစွပ်ကြိုးလုပ်နည်း ၊ လက်ချုပ် ချုပ်နည်း ၊ ထမီချုပ်နည်း ၊ ပုဆိုးချုပ်နည်း ၊ ဓားစက်လိုက်နည်းစတာတွေကို မြင်ရင်းကနေ လုပ်တတ်သွားပါတယ် ။ တခါတလေ ဘယ်သူမှမရှိတဲ့အချိန်ကျရင် ဆိုင်စောင့်ရင်း  ခုနစ်တန်း ရှစ်တန်းကျောင်းသူကျမ ဝင်ဝင်ကျဲတတ်တာမို့ ချုပ်တတ်သွားတာပါ ။

နောက်ပိုင်းမှာ ရယ်ဒီမိတ်တွေခေတ်စားလာတော့ ဦးလေးတို့မိသားစုတွေလည်းတော်တော်စီးပွားရေးကျပ်တည်းလာပါတယ်။ လူတွေက ရယ်ဒီမိတ်ကိုမှလှတယ်ထင်လာကြတော့ အပ်ချုပ်ဆိုင်တွေစီးပွားရေးကျကုန်တာပါ ။ ဒါပေမယ့်လည်း မိုးရာသီနီးရင်ထုံးစံအတိုင်း တာလပတ်တွေ ၊ ကျောင်းစိမ်းအကျီတွေ ချုပ်ကြတာမို့ သူတို့အပ်ချုပ်ဆိုင်လေးက သက်ဆိုးရှည်ပြီး သားသမီးနှစ်ယောက်ကိုစာတတ်ပေတတ်ဖြစ်အောင်သင်ပေးနိုင်ခဲ့ပါတယ် ။ ဒီဘက်ခေတ်မှာသာ hand made ဆိုပြီးခေတ်စားလာလာကာ ဈေးခေါင်ခိုက်အောင်ကြီးပေမယ့် လွန်ခဲ့သောဆယ်စုနှစ်တစ်ခုစာလောက်က နယ်မြို့က အပ်ချုပ်ဆိုင်လေးတွေ ရယ်ဒီမိတ်ဒဏ်ကိုတော်တေ်ာလေးခံခဲ့ရတာပါ ။ ဆက်ပြောရရင် အဲဒီထဲက ပါလာတဲ့ အကျီချုပ်တဲ့ဝါသနာလေးဟာ ဒီနှစ်ပိုင်းထဲရင့်ရင့်သန်သန်ကိုဖြစ်လာတာမို့ အပ်ချုပ်စက်လေးတစ်လုံးဝယ်ရင်ကောင်းမလားဆိုပြီး web page တကာကိုလှန်ပြီးအပ်ချုပ်စက်တွေလိုက်ရှာဖြစ်ပါတယ် ။ ဈေးအနေနဲ့ကြည့်ရရင် တော်တော်လေးကိုပေါတာမို့ အဲဒီခေတ်အခြေအနေနဲ့နှိုင်းယှဉ်ကြည့်မိပါတယ် ။ ကျမတို့ဦးလေးတို့မိသားစုမှာ အပ်ချုပ်စက် တစ်လုံးကနေ နောက်တစ်လုံးဝယ်ဖို့ကို နှစ်ရှည်လများပိုက်ဆံစုရပါတယ် ။ ဓားစက်လေးတစ်လုံးဝယ်ဖို့အရေးကို အသုံးစရိတ်ထဲက ပိုက်ဆံလေးတွေ ဖဲ့ပြီးတော့ နှစ်ပေါက်နေအောင်စုပြီးမှ မြို့ကိုတက်ပြီးသွားဝယ်ရပါတယ် ။ Singer တံဆိပ် ဓါးစက်တစ်လုံးရှိလာတော့လည်း  ကိုယ်လည်းသုံးရတဲ့အပြင် အနီးအနားကဆိုင်တွေကပါ လာပြီးအပ်ကြတော့ အပိုဝင်ငွေလေးပါရတာမို့ ဓားစက်ကလေးကို ယုယုယယနဲ့ အမြတ်တနိုးဖြစ်ရတဲ့ဦးလေးလင်မယားမျက်နှာကိုအခုထက်ထိမြင်ယောင်မိပါသေးတယ် ။ ကျမတို့ ဒီဘက်ခေတ်မှာ အပျော်တမ်းအတွက် mini sewing machine ဝယ်မလား ၊ ပရို ဝယ်မလား ကြိုက်တာကိုဝယ် အလုံးမထည်မပျက် ၊ ငွေကိုဖဲ့စုစရာမလိုဘဲဝယ်နိုင်ပါတယ် ။ handmade တွေဆိုရင်လည်း ဈေးအရမ်းကြီးတာမို့ သုံးတဲ့သူတွေလည်းအမြတ်တနိုးသုံးကြသလို ၊  handmade ဈေးကွက်တွေလည်းအရမ်းတွင်ကျယ်လာပါတယ်။ handmade ဆိုတာ luxury product ဆိုတဲ့အနေအထားကို တခြားနိုင်ငံတွေမှာရောက်နေပေမယ့် ကျမတို့နိုင်ငံမှာရော ကျမတို့ဦးလေးမိသားစုလို ဆင်းဆင်းရဲရဲ အပ်ချုပ်ဆရာတွေရှိနေဦးမှာလား ၊ ပါချီပါချက်ဆိုင်ကလေးမှာ မိုးဦးကျမှ အူစိုရမယ့်မိသားစုတွေ ဘယ်လောက်ရှိနေဦးမှာလဲ ။ နယ်ပယ်တိုင်းမှာကျွမ်းကျင်ကြတဲ့ ပညာသည် ၊ ပညာသင်အသီးသီးအတွက် လူတန်းစေ့ဆိုတဲ့အခွင့်အရေးတစ်ခု ၊ ဝင်ငွေနဲ့ထွက်ငွေမျှတမယ့် အနေအထားတစ်ခုကို အမြန်ဆုံးရောက်လာပါစေလို့သာ ။ ။

 

27 comments

  • မမချွိ

    October 29, 2014 at 3:54 pm

    အဟိ။
    လှတာ။
    သူများ လုပ်ထားတဲ့ အလှအပလေးတွေတော့ ခံစားချင်သားပဲ။
    ကိုယ်တိုင် က စိတ်ပါတုန်း ဝယ်ပြီး လုပ်ပေမဲ့ မျောက်စိတ်မို့ စိတ်မဝင်စားတော့ရင် အမှိုက်ဖြစ်သွားလို့ မလုပ်တော့ဘူးးး
    မိန်းမ ပီသပါတဲ့ …
    အချက်အပြုတ်
    အချုပ်အလုပ်
    ဇာထိုးပန်းထိုး
    ပန်း အလှဆင်
    လက်မှု ဘာမှ မတတ်ဘူးရယ်။
    ငတ်ရင်တောင် ဘာလုပ်စားရမှန်းမသိဘူးးး :mrgreenn:

    အိမ် ဒက်ကိုရေးရှင်းနဲ့ အိမ်ရှင်းတာတော့ စပယ်ရှယ်ဝါသနာပါတယ်။
    ဘယ်လောက်ရှင်းတုန်းဆို မျက်စိနောက်ရင် ဝဲ တာ။
    ငိငိ။ :mrgreenn:

    ဆု ရေးတိုင်း ဘာလေးဖြစ်ဖြစ် ဖတ်လို့ကောင်းတယ်။
    သများက စာလည်း မရေးတတ်ဘူးရယ်။
    :a:

    • ဆုမြတ်မိုး

      October 30, 2014 at 6:41 am

      ကျေးဇူးပါ မမချိ…ရဲ့
      မမချိတို့ကိုက စောင့်ကိုဖတ်ရတာပါ…ဒါတောင်စာမရေးတတ်ဘူးတဲ့လေ…။ း) ဆုမြတ်တော့လက်မှုအကုန်ဝါသနာပါတယ် ဒါပေမယ့်ဇွဲမရှိဘူး ကောက်ရိုးမီးလိုခဏပဲ 😛

  • Yae Myae Tha Ninn

    October 29, 2014 at 4:02 pm

    ခုတော့ တခေတ်ဆန်းလာပါပြီ… Hand Made… Tailor Made တွေ… 🙂

  • weiwei

    October 29, 2014 at 4:10 pm

    ဝါသနာပါတဲ့အလုပ်ထဲမှာ အချုပ်အလုပ်လဲပါတယ် .. ငယ်ငယ်တုန်းကဆို မနားမနေ ချုပ်တာ … အရုပ်အကျီတွေမှ အစုံပဲ .. ဒီဇိုင်းမျိုးစုံ … ကိုယ်ဝတ်ချင်တာတွေကို အရုပ်အတွက်ချုပ်ပေးခဲ့တာ …
    အဲဒီဝါသနာ အလိုလိုပျောက်သွားတယ် …
    အခုတော့ ခိုင်ဇာပြောသလိုပဲ … ဘာဝါသနာပါမှန်းလဲမသိတော့ဘူး .. ဘာမှလဲ ဟုတ်တိပတ်တိ မလုပ်တတ်တော့လို့ .. ဒီနေ့တောင်ပြောမိနေတယ် .. အလုပ်ပြုတ်ရင် ဘာလုပ်စားကြမလဲလို့ …

    • ဆုမြတ်မိုး

      October 30, 2014 at 6:45 am

      အချုပ်အလုပ်တွေအကုန်ဝါသနာပါပါတယ် ဒါပေမယ့် မျက်စိအားမစိုက်နိုင်တာရယ်..စိတ်ပါမှလုပ်တတ်တဲ့အကျင့်ရှိတာမို့ ဘာမှမတွင်ကျယ်ဘူးရယ်..။ ခုတလောရုံးအလုပ်တွေကိုငြီးငွေ့နေလို့ အိမ်ကပဲထိုင်ပြီးပိုက်ဆံရှာမယ်ဆိုတဲ့အတွေးချည်းပဲရောက်နေတာပါ တကယ်တော့ဘာမှ မယ်မယ်ရရလုပ်ဖြစ်တာမဟုတ်ဘူး 😛

  • အလင်းဆက်

    October 30, 2014 at 7:59 am

    ဝင်ငွေနဲ့ထွက်ငွေ မျှဖို့

    အခြေခံလူတန်းစားတွေအတွက်
    အဲ့ဒါတော်တော်အရေးကြီးတယ်
    အခု ဆန်တစ်ပြည် နှစ်ထောင်နား တော်တော်ကပ်နေပြီ။
    တစ်လ လစာ တစ်သိန်းမရတာတွေ ရိုက်သတ်လို့မကုန်ဘူး

    • ဆုမြတ်မိုး

      October 30, 2014 at 1:41 pm

      ဟုတ်တယ်ကိုအလင်းဆက်ရယ် ဝင်ငွေနဲ့ထွက်ငွေမမျှတဲ့ ပြသနာကတော်တော်ကိုကြီးပါတယ်နော် ။

  • Ma Ei

    October 30, 2014 at 11:33 am

    ဆုမြတ် ဖယောင်းတိုင်လေးထွန်းပြီး အလှဆင်ထားတဲ့ ဧည့်ခန်းလေးမှာ
    ကော်ဖီတစ်ခွက် နဲ့ မိုးသံလေးတွေ နဲ့ စာတစ်အုပ် ဖတ်လိုက်ရရင်ဖြင့်
    အတွေးနဲ့တင် အတော်ပီတိဖြစ်နေမိပီ…

    • ဆုမြတ်မိုး

      October 30, 2014 at 1:44 pm

      ဟုတ်ပါတယ်မအိရယ်..အဲနေ့က တစ်ညနေလုံး ကိုယ့်ဟာကိုယ်သေသေချာချာပြင်ပြီး ကော်ဖီခွက်လေးနဲ့စာအုပ်ထိုင်ဖတ် ၊ အဆာပြေစားတာက ဟင်းထုတ် ၊ ညစာက ကြက်ခွေးတောက် ရှယ်ချက်ထားတာ၊ အလုပ်ကလည်းခွင့်ယူတဲ့နေ့ဆိုတော့ တော်တော်ကို စိတ်ချမ်းသာသွားတာပါ 🙂

  • kai

    October 30, 2014 at 2:08 pm

    မြန်မာတွေမယ်.. အလုပ်ကို ဖြစ်ကတတ်ဆန်းလုပ်တဲ့အကျင့်ရှိတာသတိထားမိတယ်..။
    Handmade တွေကို လက်မှုအနုပညာ.. အနေနဲ့သတ်မှတ်ပြီး….အနုစိတ်.. သေသေချာချာ(သေသေချာချာ) လုပ်သင့်တယ်လို့.. ထင်..။

    ဆိုလိုတာက.. ပေါပေါပဲပဲ.. ပစ္စည်းတွေကိုလုပ်.. ဈေးသက်သက်သာသာနဲ့ရောင်းမယ့်အစား.. လုပ်မယ့်အစား.. သေသေချာချာလုပ်. ဈေးကောင်းတင်ရောင်းတာမျိုးပေါ့…။

    အစိုးရကနေ.. ပညာပေးသင်တန်း.. ပညာယူသင်တန်း.. မွန်းမံသင်တန်း… စက်ပစ္စည်းအသုံးပြုတာတွေကအစ.. လုပ်ပေးသင့်တယ်..။

    အဲဒါဆို.. အိုးပုတ်.. ဂျိုးရုပ်.. ဇီးကွက်ရုပ်ကနေ.. ယွန်း.. တာပက်စရီ.. လက်ယက်လွယ်အိပ်..ပုဝါတွေအထိ..
    မြန်မာ့လက်ထွက်ဆိုတာနဲ့.. ဈေးကောင်းရမယ်လို့..။

    • မမချွိ

      October 30, 2014 at 2:19 pm

      ဟုတ်တယ်။
      နောက်တစ်ခု အားမလို အားမရ ဖစ်တာရှိသေးးး
      ဒီမှာ လီနင် ခေါ် ချည်ကြမ်းသားတွေ အင်မတိ အင်မတန် ဈေးကြီးတယ်ရယ်။
      သိပ်ကြိုက်တော့ ရှားရှားပါးပါး ဈေးချတဲ့ အချိန်လေးကို တစ်နှစ်မှာ လီနင် အတွက် ဘယ်လောက် ဖြုန်းမယ် ဆိုတာ တွေးပြီး ဝယ်ရတယ်။
      ဈေးကြီးမှာပေါ့ အဖြူတွေ ကြိုက်တာကိုးးး

      ဒါပေမဲ့ ကျနော် တို့ အညာမှာရော
      ယော၊ဆော ဘက်မှာရော၊
      ရှမ်းပြည်ဘက်မှာရော အဲလို ချည်ကြမ်းသားမျိုး သိပ်ပေါတယ်။

      မကောင်းတာက …
      လက်ရာရယ်
      ကွာလတီ ရယ်
      ဒီဇိုင်းရယ်။

      ဒီဇိုင်းက ရိုးရိုးကြီးတွေ၊ သက်တောင့်သက်သာဖြစ်စေတဲ့ ဒီဇိုင်း မဟုတ်ဘူးးး
      နိုင်ငံတကာ အဝတ်အထည် ဆိုဒ်တွေနဲ့ ချုပ်နိုင်ရင် ကောင်းမယ်။
      .

      ကွာလတီ ကတော့ ၂ ခါ လျှော်ပြီး ကြယ်သီးတွေ ပြုတ်၊
      ကြယ်သီးပေါက် နဲ့ ကျယ်သီး မတော်၊ အဲဒါမျိုးတွေ…
      .

      လက်ရာမှာလည်း လူတိုင်း ဝတ်လို့ ရတဲ့ ဆိုဒ် မရှိဘူးး၊ ကိုယ်ထည်တော်ရင် ပုခုံးကျဉ်း၊
      ပခုံးတော်ရင် လက်တို စသည်ဖြင့်ပေါ့။
      .

      အဲဒီ လုပ်ငန်းတော့ စိတ်ဝင်စားတယ်။
      သေချာကို လုပ်ချင်တာ။
      ကျနော် ပြန်တိုင်း ဝယ်ဖြစ်တယ်။
      ဝယ်တိုင်း စိတ်တိုင်းမကျရလို့ လုံချည်တွေပဲ ဝယ်တာများတော့တယ်။

      :a:

      • ဆုမြတ်မိုး

        October 31, 2014 at 7:00 am

        လီနင်ဈေးကွက်ကလည်း မမချွိပြောသလို ဈေးတွေပေါပါရဲ့ တကယ့်နှစ်ရေလျှော်ပဲ..။ ဒါကြောင့်နာမည်မကြီးတာ။ စလုံးမှာ ချည်သားသီးသန့်ရောင်းတဲ့ဆိုင်တွေရှိတယ် သိပ်ဈေးကြီးတာပဲနော်..။ အဲဒီဆိုင်တွေကိုရောက်တိုင်း ငါတို့ဆီမှာ ဈေးဒီလောက်ချိုတာကြီးကို ဒီမှာဈေးကြီးလွန်းတယ်လို့တွေးမိတယ် ဒါပေမယ့် ကွာလတီကတော့ အပျံစားတွေ….။

    • မမချွိ

      October 30, 2014 at 2:25 pm

      နောက်ပြီး
      ဒီတစ်ခေါက်ဝယ်လာတာ အိမ်မှာ မြန်မာ လက်မှု ပြထားချင်လို့။
      ဗုံ ရယ် အိုးစည်ရယ် အသေးလေးတွေ – အရင်ကလို တီးရင် အသံမထွက်တော့ဘူးး
      ပစ်တိုင်းထောင် – ပစ်လို့ မထောင်တော့ဘူးး ဘုရားစူး
      ဇီးကွက် ၂ ကောင် – ဘုရားကနေ အိမ်အရောက် လမ်းမှာ ပိန့်လာတယ်။
      ပုသိမ်ထီး – ဖွင့်လို့ပဲ ရတယ်။ ပိတ်မရတော့ဘူးး
      ပတ္တလားး – ဘယ်ဟာလေး တီးတီး တစ်သံတည်း

      ဆိုတော့ မခက်ဘူးလားးး၊ ဘယ်မှ ကွန်ပလိန်းလို့ မရဘူးး
      ဝယ်မိတဲ့ ကွကိုယ်ပဲ အပြစ်တင်တော့တယ်။
      :p:

      ဒီဟာမြင်ရင် ကိုယ့်နိုင်ငံ ကို အထင်သေးသလေး ဘာလေး ပြောကြဦးမယ်။
      :chee:

      ခုထိ နိုင်ငံခြားကို လက်ဆောင်ပေးချင်စိတ်ရှိတဲ့ မြန်မာ့ လက်ဆောင် ဆိုလို့ ကျောက်မျက်ပန်းချီရယ်၊ စောမိုလက်ဖက်ရယ် ပဲ ရှိတယ်။

      • kai

        October 30, 2014 at 2:32 pm

        အင်း…
        ကျုပ်တော့.. ဒင်းတို့မလုပ်တတ်.. ငါလုပ်မကွဆိုပြီး.. ၃ဖက်ထွင်းပရင့်တာဝယ်ဖို့ကြည့်ကြည့်နေတာ.. ဈေးနဲ့လန်လန်နေသမို့ရယ်.. အချိန်မရှိသေးတာရယ်ကြောင့်ပေါ့…။

        အနည်းဆုံး.. ကွာလတီကောင်း.. အသုံးပြုထားတဲ့.. ပစ္စည်းတွေသန့်ကောင်းတဲ့.. စောင်းကောက်နဲ့.. ဇီးကွက်ရုပ်..ဖိုးဝရုပ်..ပစ်တိုင်းထောင်လောက်တော့.. မြန်မာ့အိမ်တွေမှာရှိစေချင်ပြီး.. လူမျိုးခြားတွေကို.. အမှတ်တရပေးချင်တာကြောင့်ပါ…။

        • မမချွိ

          October 30, 2014 at 2:39 pm

          အဲ။
          ဟုတ်တယ်။
          စောင်းကောက် က အောက်က ထောက်က မညီ။
          :a:

          ဒီမှာ ဆို နယ်မြေအလိုက် PM တွေ အိမ်တွေ လာလာလည်တဲ့ အစီအစဉ်တွေ ရှိတယ်။
          မြန်မာ အိမ်လို့ ဆိုလိုက်တာနဲ့ မြန်မာ မှု တစ်ခုခု ဘာရှိလဲ တန်းမေးတာ။

          ကျနော်ကိုယ်တိုင်လည်း…
          ကျောက်မျက်ပန်းချီတွေ ရွှေချည်ထိုး၊ ငွေချည်ထိုး ကားတွေ အရမ်းကြိုက်တာ။
          အိမ် ခန့်လို့။
          ယွန်း အသုံးအဆောင်တွေကလည်း အလှပဲ ထားလို့ ရတယ်။
          တကယ် သုံးမရဘူးး
          အက်ပြီး ကွဲလိုက်လာလို့။
          :a:

          ဒိုင်ဆို (Daiso) မှာ ဂျပန်က လုပ်တဲ့ ယွန်းထည်၊ ကြိမ်ထည်ကျ ၂ ဒေါ်လာထဲပေးရတယ်။
          ခိုင်တယ်။
          ကျနော် ဘုရားကြီးက ရုံး အတွက် ဝယ်သွားပေးတဲ့ ကြိမ်ထည်တွေက ရွဲ့သွားလို့။
          :a:

          ဆိုတော့ …..
          ယှဉ်ကြည့်မိရင် အင်မတန်သိသာတယ်။

          ဒါမဲ့ ရခိုင်ဘက်က ခရုနဲ့ လုပ်တဲ့ ပစ္စည်းတွေကတော့ ခိုင်ပါ့ဗျားးး
          အဲဒါတော့ ချီးကျူးပါ့။

          🙂

        • pooch

          October 30, 2014 at 3:37 pm

          ဆွိ ပုဂံမှာ ယွန်းကို ကွာလတီကောင်း ဈေးကောင်းရောင်းတဲ့ လက်မှုကို ကိုယ်တိုင်လုပ်ပြီး ပြတဲ့ ရောင်းတဲ့ အိမ်ရှိတယ် နာမည်မေ့နေလို့
          ကွာလတီက တကယ်ကောင်းတာ ဈေးကလည်း ခေါင်နေတာပဲ ဒေါ်လာနဲ့ ဗျင်းတာ

          ခွဲပြီး ပြထားတယ် အပေါစားဆိုလည်း ရှိတယ် အကောင်းဆိုလည်း ပုံစံတူကိုယှဉ်ပြ ယှဉ်ရောင်းတာ ပုဆီမှာ ပုဂံပုံတွေ ပြန်ရှာရင်တွေ့မလားပဲ ရိုက်လာတယ် အသိမ်းလွန်နေလို့ ဖိုင်က

          ကြိမ်လက်ရာလည်း မဆိုးတော့ဘူး ဂျပန်တို့ ယိုးဒယားတို့ ဘက်က သယ်လာတဲ့ လက်ရာလို့ ပြောတယ် လူခေါ်လုပ်တာလို့လည်း ပြောတယ် ဈေးတွေလည်း ကြီးတယ်

        • ဆုမြတ်မိုး

          October 31, 2014 at 7:08 am

          ရခို်င်ဖက်က ပစ္စည်းတွေလက်ရာကောင်းပါသေးတယ် ၊ အဓိက မခိုတာ း) ခရုပတီးတွေ ၊ ခရုဦးထုပ်တွေ ၊ ခရုနဲ့လုပ်တဲ့ပစ္စည်းတွေနှစ်ပေါက်အောင်သုံးတောင် မပျက်ဘူးရယ်..။

        • ကေဇီ

          October 31, 2014 at 8:25 am

          ဟုတ်တယ်။
          အဲလာ ပြောထားတယ်။
          အမ ကို ငပလီကနေဝယ်လာတဲ့ လက်ကောက်ကြိုးလေး ၃ နှစ်လောက် ရှိပြီ။
          ဘာမှကို မဖြစ်သေးဘူးး

          😆

    • ဆုမြတ်မိုး

      October 31, 2014 at 6:57 am

      ဟုတ်တယ်နော် မြန်မာဖြစ်ပစ္စည်းတွေလုံးဝမခံဘူး export quality မဟုတ်လို့လားတော့မသိဘူး ။ သေသေချာချာလေးလုပ်ပြီး ဈေးကွက်တစ်ခုဖန်တီးနိုင်ရင် မြန်မာပစ္စည်းတွေဈေးကောင်းရလာမှာပါ ။

  • pooch

    October 30, 2014 at 3:26 pm

    ့ဟန်းမိတ်လေးတွေ သဘောကျတာပဲ ရှိတာ ကိုယ်တိုင်က အဖြစ်မရှိဘူး
    စိတ်ရှည်ပြီး စေ့စပ်တဲ့သူတွေပဲ လုပ်နို်င်တာ
    နောက်ပြီး ဒီမှာ ပုဂံ စစ်ကိုင်း မင်းကွန်းဘက်တွေမှာတော့ ကြိမ်တို့ ကြာတို့ နဲ့ လုပ်တဲ့ ဟန်းမိတ်တွေတော့ ပုံစံအမျိုးမျိုးရှိတယ် အိတ်တွေဆိုလည်း တော်တော်လှတယ်
    ဒါပေမဲ့ ကုန်ကြမ်းအတွက်တော့ စဉ်းစားရမယ်
    နိုင်ငံတကာ တန်းဝင်တဲ့ ဈေးကွက်လောက်တော့မကျယ်ပြန့်သေးဘူးပေါ့

    • ဆုမြတ်မိုး

      October 31, 2014 at 7:09 am

      ဆုမြတ်လည်းကောက်ရိုးမီးလို တစ်ချက်လေးပဲ…။ လုပ်မယ်လုပ်မယ်လို့တော့အားတင်းပြီး Handmade လေးတွေလုပ်နေတယ်..။ဘယ်တော့ ပိုးသေမလဲမသိဘူး 😛 အခုတော့ so falling in love 😛

  • Mr. MarGa

    October 30, 2014 at 5:45 pm

    handmade လား
    ကိုယ်တိုင်လုပ်ဘူး သူများလုပ်ပေးရင် ယူတယ်
    (ပြီးရင် ပျက်ရော :mrgreenn: )
    အပေါ်မှာ သဂျီးနဲ့ ဂျီးဒေါ် ပြောသလို
    စီးပွားရေး တစ်ခုအနေနဲ့ ကွာလတီ ကောင်းကောင်း စနစ်ကျကျ လုပ်နိုင်လာမယ့် တစ်နေ့ကို မျှော်ရင်းးး
    အင်းးး
    အင်းးး

  • လုံမလေးမွန်မွန်

    October 31, 2014 at 12:15 am

    ပထမဆုံးက​တော့ ဖ​ယောင်​းတိုင်​မီးကို လုံးဝမကြိုက်​ဘူးရယ်​… မီးပျက်​လို့ စိတ်​ညစ်​ရတဲ့ခံစားချက်​ကို ခံစားရလို့.. 🙂

    Handmade ​တွေ အရမ်​းကြိုက်​တာ.. လုပ်​ဖို့လည်​း ဝါသနာပါတယ်​.. အိုင်​ဒီယာမရှိတာက ခက်​တာ.. ကြယ်​သီး​တွေ.. ဆီးကွင်​့​တွေ.. origami စာရွက်​​တွေ… ပိတ်​စ​တွေ ခဏခဏဝယ်​တယ်​.. ဘာမှဖြစ်​​မြောက်​​အောင်​ မလုပ်​ဖူးဘူး

    စက်​ချုပ်​တတ်​တာ​ကောင်​းတယ်​.. အမွန်​လည်​း ​နောက်​နှစ်​ စက်​ချုပ်​သင်​မလို့..

    • ဆုမြတ်မိုး

      October 31, 2014 at 7:12 am

      ဒီဇိုင်နာတွေဘာတွေထလုပ်ပစ်ချင်တာ မမွန်ရဲ့ ဒါပေမယ့် ပါရမီမရင့်သန်တော့ ဒီဇိုင်းမပြောနဲ့ ကာတွန်းတောင်ဖြစ်အောင်မဆွဲတတ်ဘူး 😛 နည်းနည်းပါးပါးပဲချုပ်တတ်တာ ခုတောင်မေ့လုနီးပါပြီ ။ ကိုယ့်အကြောင်းကိုယ်သိလို့ အတိုအစသိပ်မဝယ်ဘူး နောက်မှ အိမ်မှာသောင်တင်နေတဲ့ ကီးဘုတ် တစ်လုံး ၊ ခါးလှည့်ကွင်းတစ်ကွင်း ၊ ကြိုးခုန်တဲ့ ကြိုးတစ်ပင် အကြောင်းကိုရေးဦးမယ် 😛

  • ဦးကြောင်ကြီး

    November 1, 2014 at 12:10 pm

    မိုးနဲ့ကြောင် စပ်လိုက်ယဉ် ဘာဖြစ်မဲ….

  • မြစပဲရိုး

    November 1, 2014 at 3:45 pm

    တီတီဆွိရဲ့ စပ်ထမီ ဆိုတာလေးကြည့်ပြီး ငယ်ငယ် က အဒေါ်တွေ ချုပ်ပေးခဲ့ တဲ့ စပ် ထမီ လေး တွေ ကို လွမ်းသွားမိတယ်။
    ကလေး ဆိုက် ဆိုတော့ ဒီ အတိုင်းချုပ်ပေးလဲ အစပုတ် တော့ သူတို့ ထမီချုပ် ရင် ပိုတာ တွေ စု လိုက် တော့ လှလဲ လှ၊ ဆန်းလဲ ဆန်း ဟန်ကျရော။
    Post လေး အတွက် ကျေးဇူးပါ ဆု ရေ။ :))

Leave a Reply