လယ်တောက အပြန်…ခံစားချက်
======================================
” လယ်တောက အပြန်…ခံစားချက်…. ”
##########################
လယ်တောက အပြန် ၊
ပန်ချင်တယ် ခရေဖူးဆိုလို့…
မောင် ခူးကာပေး ။
မနက်တုန်းဆီက
ကျော့ဆုံးကို မောင်မြင်တော့…
သူ့ဆံပင်နှင်းဆီပွင့်တွေနဲ့…
ဂုဏ်တင့်တယ်လေး။
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
အားလုံး ……
ဖတ်ဖူး / ခံစားဖူးတဲ့ ဆရာဝဏ် ( ဆရာ-မင်းသုဝဏ် ) ရေးခဲ့တဲ့ ကဗျာလေးပါ ။
ဒွေးချိုးလို့ သတ်မှတ်တဲ့ ကဗျာ အမျိုးအစားလေး ဆိုပါတော့… ။
လယ်တောက အပြန်….
ကျွန်တော် လယ်တောက ပြန်ဖူးပါတယ်။
လွန်ခဲ့သော ငါးနှစ်ခြောက်နှစ်လောက်က… ကျွန်တော်ဟာ..
မြန်မာနိုင်ငံရဲ့ မထင်မရှား ကျွန်းကလေးတစ်ကျွန်းပေါ်မှာ…
လယ်အလုပ်… တံငါအလုပ်..စသည်ဖြင့်… ကြုံရာကို လုပ်ခဲ့ဖူးပါတယ်။
အဲဒီမှာနေစဉ်က… လယ်အလုပ်ကို ကျွန်တော် မနှစ်သက်ပါဘူး ။
မနှစ်သက်ပေမယ့်… လုပ်ရမယ့် အကြောင်း ပါလာတော့လည်း…
ရံဖန်ရံခါ…ဝင်လုပ်ရတာပါပဲ… ။
ကျွန်တော်…လယ်ထဲ ဆင်းပြီး..ပျိုးနှုတ်ဖူးပါတယ်။
တစ်ထွာသာသာလောက် ပျိုးပင်လေးတွေကို လက်တစ်ဆုပ်စာ စုပြီး ဗြုတ်ခနဲ ဆွဲနှုတ်…
ခြေဖနောင့်လေးနဲ့ ဖြောင်းခနဲ…ရိုက်ပြီး ပျိုးပင် အမြစ်မှာ ကပ်ပါလာတဲ့ ရွှံမြေကို ခါချလို့ပေါ့… ။
လယ်ကွက်ထဲ..ရေစပ်စပ်နဲ့… ရွှံ့တွေ ဗွက်တွေထဲမှာ…
သီချင်းလေး တကြော်ကြော်အော်ညည်းရင်းပေါ့…
ကျွန်တော်နဲ့ ကျွန်တော့် တောရွာက သူငယ်ချင်းတွေဟာ….
မောတယ် မထင်ရလောက်အောင်…လယ်တောမှာ ပျော်ဖူးပါတယ်။
လယ်တောက..အပြန်မှာတော့….
ကျွန်တော်ဟာ… လန်းဆန်းတက်ကြွမနေခဲ့ဖူးပါဘူး ။
တကိုယ်လုံး ကိုက်ခဲနာကျင်လို့…
အိမ် ပြန်ရောက်ရင်ဖြင့်…
ရေမိုးချိုးပြီး..နားပစ်လိုက်မယ်ကွ…ဆိုတဲ့ အတွေးနဲ့သာ..
ကျွန်တော်…. လယ်တောက ပြန်ဖူးတယ်။
ရင်ခုန် မြူးတူးစွာနဲ့..မျှော်လင့်ချက်တွေကို ကြည်ကြည်နူးနူး ထမ်းပိုးလို့… တခါမှ မပြန်ခဲ့ဖူးပါဘူး ။
ဒါပေမယ့်ပေါ့ဗျာ….
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
ကဗျာထဲက… ချာတိတ်ကလေးရဲ့…လယ်တောက အပြန် ခံစားချက်ကို ….
ကျွန်တော် နားလည်မိတယ်။
အဲဒီ ကဗျာထဲကကောင်လေးရဲ့ ခံစားချက်ဟာ….
ကူးစက်ရောဂါတစ်ခုလိုပဲ… ကျွန်တော့်ဆီ ကူးစက်လာပြီး ထပ်တူထပ်မျှ ခံစားစေခဲ့တယ်။
(အဲဓီလို ခံစားနိုင်အောင် ရေးတတ်လိုက်တာ…ဆရာ ဝဏ်ရယ်.. ။
အဲဒီလို အနုပညာနဲ့.. ကျွန်တော့် နှလုံးသားကို ဖမ်းစားတတ်လိုက်တာ ဆရာရယ်.. )
ကဗျာထဲက…ချာတိတ်ကလေး….
သူဟာ… ခပ်ရိုးရိုးကလေးပါပဲ… ။
တောင်ယာ လယ်လုပ်တဲ့ နွမ်းနွမ်းပါးပါး ဆင်းရဲသားလေးပဲ ဖြစ်မှာပါ ။
( မြန်မာနိုင်ငံက လယ်သမားထဲ ကျိကျိတက် ချမ်းသာတယ်ဆိုတာ အရှားသားပဲ…ဆိုတော့ )
အဲဒီ လယ်သမားလေး…
သူဆင်းရဲလေး…
လယ်တောကို ထွက်အလာမှာ…
တရွာထဲနေ…
သူ… ကြိတ် ချစ်ရသူ…မိန်းကလေးက…
ခရေဖူးလေး ပန်ချင်တယ်..လို့… ပြောလိုက်တဲ့ စကား… သူကြားလိုက်တယ်… ။
လယ်တောကို ….
ဝမ်းရေးအတွက် မသွားမဖြစ်လို့ သွားရတဲ့ကြားက…
ချစ်ရသူကလေး ပန်ဆင်နိုင်ဖို့…
လယ်တောနဲ့ မနီးမဝေးမှာ ရှိတဲ့ ခရေပင်ကြီးပေါ် ….ကုပ်ဖဲ့ တက်လို့…
ခရေ…
အကြွေပန်းဆိုတာ….လက်တွေ့မှာ … ရွှေနန်းတော့မထိုက်မှန်း …
ဘဝသမားပီပီ သိနေတာကြောင့်…
အပင်အောက်မှာ ကြွေနေတဲ့ ပန်းခရေကို လှမ်းလို့တောင် မကြည့်လိုက်ပါဘူး ။
အပင်ပေါ်မှာ..ဖူးတစ်ခက် ငုံတစ်ခက်နဲ့…
ရက်ရက်စက်စက် လှနေတော့မယ့် ခရေဖူး….
သူ…အရူးအမူး ချစ်ရသူလေးအတွက်… အပင်ပေါ်က အဖူးခရေကိုမှ …
အထူးတဝေဝေ…ပန်စေရမကွဲ့…….
ခရေပင်ကြီးရဲ့ အကိုင်းအခက်တွေကြားမှာ…ပုန်းလျှိုးကွယ်ဝှက်စွာ ပွင့်ဝေနေတဲ့ ခရေဖူးတွေကို….
တစ်ပွင့်ချင်း….
တစ်ခက်ချင်း….
ခူးယူရတာ… …..
ခက်ခဲကြမ်းတမ်းစွာ ရှင်သန်လှုပ်ရှားနေရတဲ့ ဘဝသမားလေးမို့…
ထွေထွေထူးထူး…ပင်ပန်းလှပါတယ်ရယ်လို့… တွေးမနေအား…
လယ်တောက အပြန်မှာ…
ချစ်တဲ့ မိန်းကလေး ပန်ချင်နေတဲ့ ခရေဖူးတွေ… ပေးလိုက်ရင်ဖြင့်….
တအား လှနေတော့မယ့် ချစ်ရသူ…
ချစ်ရသူရဲ့ … အလိုပြည့်သွားတဲ့ မျက်နှာလေး …
ငေးကာ ကြည့်လိုက်ရရုံလောက်နဲ့တောင်…. တဘဝလုံးစာ အမောတွေဟာ…
ပြေပျောက်သွားလိမ့်မယ်…ထင်ရတဲ့…. မျှော်လင့်ချက်ကို … စာသားထဲမှာ တွေ့နေရတယ်…
ကြည့်လေ…. ဒီ အဖြစ်အပျက်ကလေးကို ဖော်ပြလိုက်တဲ့ စာသားက….
လယ်တောက အပြန်… ပန်ချင်တယ် ခရေဖူးဆိုလို့…မောင် ခူးကာပေး တဲ့ ။
စာသားမှာ အပိုအလို မရှိ ။
တိတိရိရိနဲ့ သွက်လက်နေတဲ့ အရေးအသားလေး..
လူငယ်တစ်ယောက်ရဲ့ နက်ရှိုင်းတဲ့ မျှော်လင့်ချက်ကို တွေ့လိုက်ရတယ်။
အဲဒီ စာသားအရ…ဒီလူငယ်လေးဟာ…
လယ်တောကနေ ဘဝအမောတွေနဲ့ ပြန်လာရတယ်ဆိုပေမယ့်…
မောပန်းနွမ်းလျနေတဲ့ ပုံရိပ်ကို စိုးစိမျှ မတွေ့ရဘူး ။
ချစ်သူအတွက် ….
ခရေဖူးတွေ … ခူးပေးလာရတယ်ဆိုတဲ့ လုပ်ရပ်ကလေးကြောင့် လန်းဆန်းတက်ကြွနေတဲ့ လူငယ်လေးပဲလို့သာ… မြင်ရစေတယ်။
တကယ်ချစ်တဲ့သူဆိုတာ…
ချစ်သူလှစေဖို့ ဆင်ယင်ခြယ်သပေးနိုင်စွမ်းတယ်…ဆိုတာလေးနဲ့တောင်….
အရာရာကို မေ့ဖျောက်ပစ်လိုက်နိုင်တဲ့အထိ…
အားအင်သတ္တိတွေ ရှိပါတယ်… ။
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
ချစ်ရသူကလေးက …ပန်ချင်တယ်..ခရေဖူးဆိုလို့…
မောင် ခူးကာပေးဖို့… လယ်တောက ပြန်ခဲ့ပြီ….
ဒါပေမယ့်.. …
အလာကောင်းပေမယ့် အခါနှောင်းတယ်လို့ပဲ..ဆိုရလေမလား…
အလာမကောင်းလို့ပဲ အခါနှောင်းပြီလေလား..
ကွဲကွဲပြားပြားဖြစ်အောင် တွေးဆ မမှန်းနို်င်သေးပါဘူး ။
ဘာလို့လဲ ဆိုတော့…
ဒီကောင်လေး… အရမ်း အံ့ဩသွားရပြီလေ… ။
မနက်တုန်းဆီက…ကျော့ဆုံးကို မောင်မြင်တော့…
သူ့ဆံပင် နှင်းဆီပွင့်တွေနဲ့…. တဲ့… ။
မနက်က…
ဒီကောင်လေးကို ခရေဖူးပန်ချင်လှပါရဲ့လို့ ပြောလိုက်တဲ့ ကောင်မလေးဟာ…
အခု…
ခရေဖူးတွေ လာပေးတဲ့ ဟောဒီကောင်လေးအတွက်…
ရင်မောစရာ အနေအထားနဲ့ ရှိနေခဲ့ပြီ… ။
ကြည့်….. ကြည့်စမ်းပါဦးကွယ်…..
ကောင်မလေးရဲ့…ခေါင်းထက်မှာ… နှင်းဆီပွင့်တွေ ပန်လျက်သား…နဲ့ …
ကွယ် ဖြစ်မှ ဖြစ်ရလေ….
ကောင်လေး ချစ်ရတဲ့ ကောင်မလေးဟာ…
ခရေဖူးထက် …. နှင်းဆီပွင့်တွေကို ပိုမြတ်နိုးသွားလေပြီပေါ့… ။
ချစ်ရတဲ့ ကောင်မလေးကို…ဒီကောင်လေးထက် ဦးအောင်….
ပန်ဆင်ပေးသွားတဲ့ နှင်းဆီပွင့်ပိုင်ရှင် တစ်ယောက်…
ကြားက ဝင်နှောက်ပြီပေါ့…
သူ့ဆံပင်..နှင်းဆီပွင့်တွေ…နဲ့….
သူ့ဆံပင် နှင်းဆီပွင့်တွေ…နဲ့…..
! ! ! ! !
ကောင်လေးဟာ…
ခက်ခက်ခဲခဲ တက်ခူးလာရတဲ့…ပင်ယံထက်က ခရေဖူးလေးတွေကို…
ရူးရူးမူးမူး ကြည့်ပြီး..
တွေဝေငေးမော….
သူ့ဘဝဟာ မောသည်ထက် မောလာတယ်… ။
အညတရလူသားတစ်ယောက်လက်ထဲက…ခရေဖူးလေးတွေဟာ….
ချစ်ရသူလေးရဲ့ ဆံနွယ်ထက်မှာ… နှင်းဆီတွေလောက် မထည်ဝါ…
မေတောက်ပနိုင်ရှာပေဘူး ။
ချစ်ရသူလေးအတွက်တော့…
ဟောဒီ …ခရေဖူးလေးတွေထက်…
(ဟို အချစ်အနုကြမ်း ဝင်စီးသူ …ပေးတဲ့… ) နှင်းဆီပွင့်တွေကသာ…
မက်မောစရာဖြစ်သွားလေပြီပေါ့… ။
ဒါပေမယ့်…
မနက်ဆီက လယ်တောထဲ အသွားမှာ… ခရေဖူးကိုမှ ပန်ချင်လှပါရဲ့ဆို….
အဲဒီအတွေးဟာ… ကောင်လေးရဲ့ နာကျည်းစိတ်ကို မီးလိုလောင်မြိုက်စေနိုင်တယ်… ။
ဒါပေမယ့်ပေါ့…. …
အံ့ဩလောက်ပါတယ်… ချီးကျူးလောက်ပါတယ်..
ကောင်လေးဟာ… ချစ်ရသူလေးကို ခရေဖူးတွေနဲ့ သာမန်လှမှာထက်…
နှင်းဆီပွင့်တွေနဲ့သာ … ဂုဏ်ရှိန်တောက်ပစွာ … ပိုမိုလှပစေချင်သတဲ့လေ….
” သူ့ဆံပင်..နှင်းဆီပွင့်တွေနဲ့….
ဂုဏ်တင့်တယ်လေးးးးး ” တဲ့ ………
ကြည့်စမ်းပါဦးကွယ်….
ချစ်ရသူဟာ…ကိုယ်ခူးလာတဲ့ ခရေဖူးကို ငြင်းပယ်လို့…
တပါးသူတစ်ယောက် အပေးဦးတဲ့ နှင်းဆီပန်းတွေနဲ့…
လှနေလိုက်တာ….
ဂုဏ်တင့် ထည်ဝါနေလိုက်တာ….
ငါ ခူးလာတဲ့ပန်းခရေကို ငြင်းလေသလားရယ်လို့… ဒေါသမထွက်ရက်နိုင်ဘူး…
မနာကျည်းရက်နိုင်ဘူး….
ဘယ် နာကျည်းနိုင်မလဲကွယ်…
တကယ်ချစ်ရသူဆိုတာက….
ခပ်ညံ့ညံ့ပန်းတွေလောက်နဲ့… ” အနွမ်းလှလေး ” .. .လှဖို့ထက်…
”အလန်းလှလေး”သာ လှစေချင်တယ်…
ကိုယ်ပေးတာကို ယူကို ယူရမယ်ဆိုတဲ့… အတ္တနဲ့သာဆိုရင်..
ချစ်ရတဲ့ ကောင်မလေးဟာ..ခရေဖူးလောက်နဲ့… အလှလည်း မထူးနိုင်ရှာတော့ဘူးပေါ့….
ခရေဖူးထက် သာတဲ့ အလှတရားတွေနဲ့….
လန်းလန်းစွင့်စွင့်…လှရက်နိုင်ပေ့ချစ်သူရယ်…ဆိုပြီး….
မုဒိတာအတွေးနဲ့….
ကိုယ့်အကျိုးကို စွှန့်လိုက်တယ်….
သိပ်အံ့ဩရပါတယ်… ။
သူ့ဆံပင် နှင်းဆီပွင့်တွေနဲ့… ဂုဏ်တင့်တင်တယ်လေး...တဲ့…
ဂုဏ်တင့်တယ်လေးးးဆိုတဲ့ စကားလုံးလေးဟာ…ရွဲ့ပြောတာလည်းမဟုတ်…
နာကျည်းစွာ ပြောတဲ့ ဒေါသစကားလည်းမဟုတ်…
တကယ် ဂုဏ်တင့်သွားတာကို မုဒိတာလေးပွါးလိုက်နိုင်တဲ့ ရင်ထဲက စကားလေး….
သူ့မျှော်လင့်ချက်ကလေး ပြိုပျက်သွားရပေမယ့်…
ချစ်ရသူဟာ…
သူမျှော်လင့်ထားတာထက် ပိုလှသွားတဲ့ အဖြစ်ကို…. ကောင်လေးဟာ… လက်ခံလိုက်တယ်…
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
ကျွန်တော် စဉ်းစားတယ်…
ကျွန်တော်သာဆိုရင်ပေါ့ဗျာ….
ပန်ချင်တယ်..ခရေဖူးဆိုလို့…
မောင် ခက်ခက်ခဲခဲ ခူးကာပေးတဲ့ ပန်းကို ငြင်းလိုက်ပြီး…
တပါးသူပေးတဲ့ နှင်းဆီတွေကို ပန်ပြလိုက်တဲ့ …
ချစ်ရသူကိုတွေ့လိုက်ရတဲ့အခါ…
ဂုဏ်တင့်လိုက်တာ…ဆိုပြီး…
ခွင့်လွှတ်အတွေးလေးနဲ့…မုဒိတာတွေ ပေးလိုက်နိုင်ပါ့မလား ~~~
တကယ်ချစ်တယ်ဆိုရင်~~~~
ကိုယ့်လိုအင်ပြည့်ဖို့ထက်~~~~
ချစ်ရသူလေး ပျော်ရွှင်လှပဖို့ကို မြင်ရုံနဲ့ …ကျေနပ်တယ်ဆိုဦးတော့~~~~
ကျွန်တော်ဟာ~~~~
ချစ်သူကို ” ပို လှ မှာ ” ကျေနပ်သူလား~~~~ဒါမှမဟုတ်… ” ကိုယ် ရ မှ ” ကျေနပ်မယ့်သူလား~~~~
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
ဒီကဗျာ အဆုံးမှာ~~~~
ကျွန်တော် ~~~~
ရှက်ပြုံးလေး ဖျတ်ခနဲ ပြုံးမိတယ်~~~~
ဖျတ်ခနဲပါပဲ~~~~
လျှပ်စီး လက်လိုက်သလိုမျိုး~~~~~~
~~~~~~~~
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
မိတ်ဆွေများ လွတ်လပ်ငြိမ်းချမ်းပါစေ….
ချစ်ခင်လေးစားလျက်….
အလင်းဆက် (Gazette)
၂၀၁၄ ခုနှစ် ၊ အောက်တိုဘာလ ၊ ၂၄ ရက် ၊ ညနေ ၅ နာရီ ၁၅ မိနစ် ။
18 comments
ကေဇီ
November 10, 2014 at 12:31 pm
ဟင်းဟင်းဟင်းးး
နာ့ လို အကြမ်းပညာရှင်ကိုတော့ လာမမေးလေနဲ့။
ကိုယ် ရမှ ကျေနပ်တတ်သူပဲ။
ကိုယ်မရတဲ့ဟာများဆို သဲ နဲ့ ပက် မရရင် ရွှံ့လုံး နဲ့ပါ ပေါက်မယ်မှတ်။
ပုံ/ အကြမ်းပညာရှင် ခင်ဇော်
:kwi:
အလင်းဆက်
November 14, 2014 at 11:33 am
အကြမ်းပညာရှင် ကို အလုပ်တစ်ခု အပ်ချင်ပါတယ်။
ရသ နဲ့ အရသာ…ကို ခွဲခြား ရှင်းပြတဲ့ ပိုစ့်လေးတစ်ပုဒ်လောက် တင်ပြပေးပါ ။
:k:
တောင်ပေါ်သား
November 10, 2014 at 12:34 pm
ဖွေးဖွေးက သဇင်ပန်းကြိုက်တာတဲ့ ၊
Yae Myae Tha Ninn
November 10, 2014 at 1:28 pm
နောက်ဆုံးတော့ အဖြေက ဒါပါပဲ… 😛 ဂွစ်ဂွစ်… 🙂
kyeemite
November 10, 2014 at 1:43 pm
.လယ်တောကအပြန်…အို..လယ်တောကအပြန်…
.သူခြေမှာ ကျွတ်တွေအပြည့်ရယ်နဲ့..ဟဲ့ဟဲ့ဟယ်…
.မခွာနိုင် ဘုံဆိုင်အရောက်ပြေးလို့ရယ်…
.အမောပြေဆေး..ဟေးဟေးဟေး….ဂေ့
(အမည်မသိရှေးစာဆိုကြီးမိုက်) :k:
အလင်းဆက်
November 10, 2014 at 9:43 pm
ဖတ်ရှု ဝေဖန်ပေးးကြသူများအားလုံးကို ကျေးဇူးပါ။
ကျနော် ့ ကဗျာခံစားချက်ကလေးက ဆရာဝဏ်ရဲ့ ကဗျာကို
အရောင် ပိုတောက်ပစေမှာတော့ မဟုတ်ပါဘူး။
ဒါမယ့် ဖတ်မိချိန်မှာ ဖြစ်လာတဲ့ ခံစားမှုလေးကို ချရေးပြီး ချပြရုံသာပါပဲ။
ဂဇက်ထဲ ဝင်ရနည်းနည်းခက်နေတာရော
လွယ်ရင်တောင် သိပ်မအားဖြစ်တဲ့ ကိုယ့်အခြေအနေကြောင့်ရော
comment တွေကို တယောက်ချင်းစီ ပြန် မပြောနိုင်သေးတာ
ခွင့်လွှတ်ပါနော။
စာချစ်သူ အားလုံးကို ချစ်ခင်လေးစားလျက်. . .
မြစပဲရိုး
November 10, 2014 at 9:52 pm
ခရေခူး လာ တာ နှင်းဆီ တွေ ဦးသွားတော့
အင်တာလေး ဗျူး ဗျ စေ ဆက်ဆက်။
(၁) အဲဒီ ခရေ တွေ ကို ရည်ရွယ်သူ ကို သွားပေး ဦးမှာလား?
(၂) ဒါမှမဟုတ် တစ်ခြား လိုချင်သူ ကို ပေးလိုက်မှာလား ?
(၃) ဒါမှမဟုတ် အသာလေး သိမ်းထား (သို့) လွှင့်ပစ် မလား?
(၄) ရည်ရွယ်သူ ကို နောက်တစ်ခါကျ အဲဒီ နှင်းဆီ ထက် ပိုလှ တဲ့ နှင်းဆီ (သို့) တစ်ခြား ပိုလှ တဲ့ ပန်း ပေးဖို့ ကြိုးစားချင်လား ?
ဒီလို action တွေ မလုပ်ဘဲ စိတ်ဆိုး ရုံ၊ မုဒိတာပွါးရုံ နဲ့ ဘာမှ ထပ်ဖြစ်လာမှ မဟုတ်ဖူး မဟုတ်လား။
အဟိ။ ဖြေပါ ဆက်ဆက်။
ရွာထဲ ဝင်ရ မလွယ်တာ သိပါ့။
အဖြေ အကြွေး ပေါ့။ :))
အလင်းဆက်
November 11, 2014 at 8:26 am
မေးခွန်းတွေ ကောင်းလိုက်တာ ။
ကျနော်သာဆိုရင်လား…
ခရေတွေ ခူးလာပြီးမှတော့… သူ့ကို သွားပေးကြည့်မယ်။
သူ မလိုချင်ရင်တော့ …လိုချင်သူတယောက်ယောက် တွေ့ရင် ပေးလိုက်မယ်။
(အချစ်သစ်ကို ထပ်ရှာမယ်လို့ မဆိုလို…ခူပြီးသား ပန်းကို ဒီအတိုင်း လွှင့်မပစ်ချင်လို့ )
သိမ်းထားတဲ့အလုပ်ကို စိတ်မပါတော့တာကြာပြီ။ သိမ်းထားတဲ့အမှတ်တရတွေ ပြန်ကြည့်ရတာ…
တခါတလေ..တစစ်စစ် နာလာတတ်လို့။ နာရတာကို မကြိုက်လို့။
ရည်ရွယ်သူကို…နောက်တခါ…အဲ့ဒီနှင်းဆီထက်..လှတဲ့ ပိုဂုဏ်တင့်မယ် အရာ..
ဆောင်ယူပေးဖို့…အစီအစဉ်ရှိတယ်။ ဒါပေမယ့်… အဲဒီအခါမှာလည်း… သူက ကိုယ်ပေးတာကို လိုချင်လား
မလိုချင်ဘူးလားဆိုတာတော့ အကဲခတ်ဦးမယ်။
မလိုချင်သူကို ပေးရတာ… မတန်ဘူးလေ။
:k:
သူလိုချင်ရာကို သူရွေးချယ်တာကို…မုဒိတာ ပွါးနိုင်တာက တပိုင်း….
😆
sorrow
November 11, 2014 at 9:18 am
..တစ်ခါတလေ သိပ်နုမနေနဲ့..သိသလား….ကျုပ်ငယ်ငယ်တုန်းက …လူများ မုန့်စားချင်တာဗျ…
…..ပြေပြေလည်လည်လေးပြောပြီးတော့…..တောင်းစားတယ်ပေါ့ဗျာ..မကျွေးဘူးဗျာ ငတိက …အဲ့တာနဲ့….ဗြက်ဆို …ဆွဲလုပြီး ပါးစပ်ထဲ ပစ်ထည့်ပလိုက်တာ…ပိုင်ရှင် ဘာဆိုဘားမှမတတ်နိုင်..
..အချစ်ရေးမှာလဲအဲ့လိုပဲဟ…တစ်ခါတလေ ခွင့်တောင်းမနေနဲ့…ဗြက်ဆို ဆွဲလုပြီး ပါးစပ်ထဲ …ပစ်ထည့်ပလိုက်….
..ပုံ ..တိုက်ခိုက်ရေးကချင်…. အငိငိ..ကိုယ်ဖြစ်ကိုယ်ခံ
အလင်းဆက်
November 11, 2014 at 9:28 am
အနုပညာ အသေခံဗုံးခွဲတယ်ဆိ်ုတဲ့ ဟိူလူဂျီးနဲ့…ဘာတော်လဲ..ငင်..
အချစ်ရေးကို အသေခံဗုံးခွဲ(အကြမ်းဖက်တဲ့နည်းတွေ) သုံးနေလို့…
ဂွစ်ဂွစ်..
နောက်ထာ..။
:k:
uncle gyi
November 10, 2014 at 11:42 pm
ပန်ချင်တယ်ခရေဖူးဆိုလို့
စာသားအရပေးဆပ်ချင်တဲ့အချစ်သမားဖြစ်မှာပါ
ဒါကြောင့်နှင်းဆီပွင့်မြင်လိုက်တော့ဝမ်းနည်းပေမဲ့ဝမ်သာမှာပါ
သူ့ချစ်သူကောင်းစားမှာမို့လေ
အဲလိုတွေးရင်ဖြစ်မလားအလင်းဆက်ရေ
အလင်းဆက်
November 11, 2014 at 8:29 am
ဖြစ်တယ် ဥိီးလေးကြီး
အရောက်လာ ခံစာေးပးတာ..ဇူးဇူးပါ။
😆
ကန္နားစီး မိဂီ
November 11, 2014 at 10:53 am
ကျုပ်ဆိုရ်ငတော့ အသူရာ ခြစ်ခြင်းနဲ့ စစ်ခင်းပြီးတော့ကို ယူပလိုက်မှာ သွပ်သွပ်
သိဒယ်မလား ဆွဲစိ ပီးတော့မှ ထည့်ပလိုက်မယ်
ရင်ခွင်ထဲကို
အလင်းဆက်
November 11, 2014 at 1:29 pm
တူတူပဲ…
ချစ်အနုကြမ်းစီး..
ချစ်အသေခံဗုံးခွဲ…
:k:
surmi
November 11, 2014 at 11:33 am
လယ်တောက မောင်အပြန်
ခတ်မြန်မြန် ကောက်ခဲ့ပါကွယ့်
ဂဏန်းကောင် ပေါက်စလေးကို
ခမောက်လန်အောင် အိမ်ကိုသယ်လို့
ပင်စိမ်းပင်ငရုပ်သီးစပ်စပ်ရယ်နဲ့
ဆနွင်းဝါဝါ ဆား ခတ်လို့သာပေါ့
ညနေစာ တဝလွေးရရင်ဖြင့်
ရှင်မရေ … ထမင်းသာပိုချက်ပေတော့
မျှော်လေပေါ့ ညနေခင်းးး ။ ။
အလင်းဆက်
November 11, 2014 at 1:17 pm
ဦးဆာ ရေးသွားတဲ့ ကဗျာလေး..
ချစ်စရာကောင်းလို့.. စိမ်းထားလိုက်တယ်နော့..
:k:
အတွေးလေး
November 11, 2014 at 9:45 pm
ကျွန်တော် သာ ဆိုရင်တော့…………………ဟီး ဟီး ပြောပြတတ်တော့ဘူး ဗျာ……..
အလင်းဆက်
November 12, 2014 at 7:43 am
:k:
အတွေးလေးးး
ရွာထဲ ဝင်ရ အဆင်ပြေသွားပြီနော်။
အကြာကြီး ပျောက်ပျောက်သွားဦးမလား
😆