ခေါင်းစဉ်မပါတဲ့ ကဗျာလေး
ခေါင်းစဉ် မပါ ပါဘူး ဖတ်ကြည်လို့ အရသာမပျက်နိုင်တဲ့ ကဗျာလေးပါပဲ
ရေးသားသူ မသိပါဘူး
ခရဒစ်ပေးစရာဆိုရင်တော့
mrsorcerer:7704
ကိုခရဒစ်ပေးပါတယ်
—–၀——-၀——–၀——-၀——-၀——-၀——၀
ဘယ်နယ်ကလဲတဲ့ …..
အလယ်ကလူ စကားမဝဲပါ
ငါဟာ …..
ခြေတပေါင်ကျိုးကနေတဲ့ ရွှေမင်းသမီး
ဘီးလူးစီးခံထားတဲ့ တိုင်ပြည်လေးကပါ။
ဘေးနားက အနိုင်ကျင့်ချင်တဲ့
ဆွေမျိုးရင်းချာ အကိုကြီးတွေရဲ့
မျက်နှာရိပ် မျက်နှာကဲကြည့်ပြီးနေရတဲ့
မျက်နှာငယ် ရွှေမင်းသမီးလေးပါ။
တိုင်းပြည်ကမငယ်ပေမယ့်
မျက်နှာငယ်ရတဲ့ တိုင်းငယ်ပြည်ငယ်လေးကပါ။
ငါတို့က ဒီလိုမြေ၊ဒီလိုပြည်က လာတာပါ။
ကတ္တရာ လမ်းဆိုရင် ကိုယ်ထူကိုယ်ထ၊
အခွင့်အလမ်းဆိုလည်း ကိုယ်ယူကိုယ်ရနဲ့
ကိုသူရ တွေပေါတဲ့တိုင်းပြည်ပေါ့။
ရေမလာ၊ မီးမလာလည်း
ဘာဂရုစိုက်ရမလဲ
ငွေသာရှိလို့ကတော့
အဝီစိထိ လှိုဏ်ခေါင်းတူးပြီး
အဲကွန်းဖွင့်နေလို့ရတယ်။
ဆေးလိပ်အရက် လူကိုဖျက်ဖျက်
ဝင်ငွေမပျက်
စီးပွါးတက်ဖို့ဆိုတဲ့
အတွေးအခေါ်တွေနဲ့
ဘယ်သူသေသေ
ငတေ မာဖို့သာ အဓိကပါ။
နိုင်ငံရေး၊ပညာရေး
လူမှုရေး
ဘာရေးမှ မရေးကြနဲ့
ဒို့မှာ ဒီ့ထက်အရေးကြီးတဲ့
ရေးသုံးရေးရှိတယ်
ခုထိတော့ ခပ်ရေးရေးပဲ။
သားသမီး မကောင်းတော့
မိဘခေါင်းတဲ့
အမိ၊အဖက မကောင်းတော့
သားသမီး ခမျာ
ဟိုပြောင်းဒီပြောင်းနဲ့
လူလောင်းလှည့် နေကြရပေါ့။
မင်းလိပ်ပြာလုံဖို့ မလိုဘူး
မင်းနေတဲ့ အိမ်ခေါင်မိုးလုံဖို့အရေးကြီးတယ်။
မင်းစိတ်ထားဖြူဖို့ မလိုဘူး
မင်းဝတ်ထားတဲ့ အင်္ကျီဖြူရင် လူရာဝင်ပြီ။
မင်းကိုယ်ချင်းစာဖို့ မလိုဘူး
ကိုယ်ပဲ သာဖို့လိုတာပါ။
အများအကျိုးဆောင်စရာ မလိုဘူး
အကျိုးဆောင်တွေ ပေါလွန်းလို့
သူတောင်းစားတောင် ပွဲစားနဲ့တောင်းသတဲ့။
ပညာတတ်မှ ထမင်းစားရမှာ မဟုတ်ဘူး
ထမင်းဝမှ ပညာသင်လို့ရမှာ
အဖေရယ်……”သားတို့ပညာတတ်ကြီးဖြစ်အောင်
များများ စားပေးပါဦးတဲ့”
နိုင်ငံခြားက သားနဲ့သမီးက မှာတယ်။
ငါတို့မှာ ….
မြစ်ချောင်းအင်းအိုင်တွေပေါတယ်
ရေတော့ရှားတယ်။
တစ်နှစ်သုံး အလုံးတွေတော့ ပေါတယ်
အဝိုင်းတွေတော့ရှားတယ်။
ဆန်ရေစပါး ပေါများတယ်
ထမင်းတော့ နပ်မမှန်ကြဘူး။
သစ်တောတွေတော့ ပေါတယ်
ဒါပေမဲ့ တောသစ်တောင် ဝယ်ရခက်တယ်။
တချို့နေရာတွေမှာ လူချမ်းသာတွေပေါတယ်
စိတ်ချမ်းသာတွေတော့ နည်းတယ်။
ပုတ်သင်ညိုတွေ ပေါတယ်
ဒေါင်းတွေက မျိုးတုန်းနေပြီ။
စွမ်းအားရှင်တွေတော့ပေါတယ်
စွမ်းအင်ကိုတော့ ချွေတာရတယ်။
စစ်သားတွေတော့ ပေါတယ်
အမိမြေအတွက် သားအစစ်တွေတော့ရှားတယ်။
လူကြီးသားသမီးတွေတော့ပေါတယ်
လူကြီးလူကောင်းတွေတော့နည်းတယ်။
လုပ်စရာတွေ တော့ပေါတယ်
အလုပ်တွေတော့ ရှားနေတုန်းပဲ။
နီယွန်မီးတွေနဲ့ မြို့တွေကို အလှချယ်စရာမလိုဘူး
ငါတို့ဟာ ကွမ်းတံတွေးနဲ့ မြို့ကိုအလှရေးတတ်တယ်။
လောင်စာဆီနဲ့ လျှပ်စစ်မီးမလိုဘူး
ငါတို့မှာ ဖယောင်းတိုင်နဲ့ကြက်ဆူပင်ရှိတယ်။
ပညာတတ်တွေ မလိုဘူး
ငါတို့မှာ အခါတော်ပေးနဲ့ အကြားအမြင်ဆရာတွေရှိတယ်။
အနောက်တိုင်း အတွေးအခေါ်တွေမလိုဘူး
ငါတို့ဟာ အရာရာ သူများနောက်မှာပဲရှိတယ်။
ဆေးရုံ၊ဆေးခန်းတွေ များများမလိုဘူး
ငါတို့မှာ အချိန်မရွေးဝယ်လို့ရတဲ့ ကွမ်းယာဆိုင် ဆေးပေးခန်းတွေရှိတယ်။
အနုပညာသမား စစ်စစ်တွေမလိုဘူး
ငါတို့မှာ ကော်ပီသီချင်းနဲ့ ခိုးကူးခွေတွေရှိတယ်။
ဘောင်းဘီတွေ ခေတ်မစားတော့လည်း ကိစ္စမရှိဘူး
ငါတို့မှာ ပုဆိုးနဲ့ တိုက်ပုံရှိတယ်။
ဒါပေမဲ့ ငါတို့ဟာ ….
ဗင်းနစ်မြို့နဲ့ အင်းလေးကို မလဲနိုင်သလို
နှစ်ထပ်ဘတ်(စ)ကားနီနီကြီးနဲ့ ဗိုက်ပူချက်ပလက်ကြီးကို မလဲနိုင်ခဲ့ဘူး။
စပါဂတ်တီနဲ့ မုန့်ဟင်းခါးကို မလဲနိုင်သလို
ကာနေဗယ်နဲ့ သင်္ကြန်ကိုမလဲနိုင်ခဲ့ဘူး။
ဟာဝိုင်ယီနဲ့ ငပလီကိုမလဲနိုင်သလို
ဝင်ဘလေကွင်းနဲ့ ငါတို့ကတ္တရာလမ်း ဘောလုံးကွင်းလေးကို မလဲနိုင်ခဲ့ဘူး။
ဥရောပရဲ့ ဖြူဖွေးဖွေး နှင်းဖုံးလမ်းတွေနဲ့ အညာရဲ့ ဖုန်ထူထူ အလှကို မလဲနိုင်သလို
နိုင်းမြစ်ကြီးရဲ့သမိုင်းနဲ့ မြစ်ဧရာဝတီပေါ်က ဘဝတွေကိုမလဲရက်ခဲ့ဘူး။
ကုန်ကုန်ပြောရရင် ……
ငါတို့မြေ၊ငါတို့ပြည်ရဲ့ အရိပ်အငွေ့လေးကိုတောင် ဘာတွေနဲ့မှ မလဲနိုင်ခဲ့ဘူး။
ငါတို့တွေဟာ ဘယ်ကိုပဲရောက်ရောက်
အချိန်တန်အိမ်ပြန်ကြတဲ့ ဆော်လမွန်ငါးတွေလို
မရောက်ရောက်အောင် ပြန်လာကြမှာပါ …..။
အနည်းဆုံးတော့ …..
ဒီမြေမှာ သေဖို့ သက်သက်မွေးဖွားခဲ့သူလို
ပြန်လာကြမှာပါ။
10 comments
kyeemite
December 8, 2014 at 2:19 pm
.ဖွဲ့နွဲ့ထားလိုက်တာ အမှန်ချည်းပဲ :i:
“ဘီလူးကြီး”ogre
December 8, 2014 at 2:34 pm
တဂျီး ;(
ကိုယ့်ပို့စ် ကွကိုမညင်ရဝူး ;( ;0
“ဘီလူးကြီး”ogre
December 8, 2014 at 2:28 pm
တဂျီး ;(
ကိုယ့် ပို့စ် ကွကို မညင်ရဘူး ;( :0
“ဘီလူးကြီး”ogre
December 8, 2014 at 2:33 pm
တဂျီး ;(
ကိုယ့်ပို့စ် ကွကိုမညင်ရဝူး ;( ;0
aye.kk
December 8, 2014 at 2:55 pm
အတ္တဆိုတာကိုက
ကြောက်စရာပါပဲ။
အတ္တတိုင်းပြည်မှာ
အတ္တလူသားတွေအုပ်ချုပ်တဲ့အခါ
အလှတရားတွေကိုဖျက်ပြစ်
မေတ္တာတရားတွေကိုပျက်စီးစေလို ့
အားလုံးကိုစိတ်ချောက်ခြားပြီးနေစေရတယ်လေ။
ခင်ဇော်
December 8, 2014 at 3:22 pm
အဲဒီလိုနဲ့
ဘယ်သူသေသေ ကိုယ် မုန့်ဟင်းငါး စားရဖို့ အရေးကြီးတယ် ဆိုတဲ့ လူတွေ များများလာတော့တာပါပဲကွီ။
:a:
“ဘီလူးကြီး”ogre
December 8, 2014 at 3:49 pm
တဂျီးးးးးးးးး ;(
ကိုယ့် post ကွကိုယ် မညင်ရဝူး ;(
အလင်းဆက်@မောင်သူရ
December 8, 2014 at 5:17 pm
ကောင်းတယ်
လုံမလေးမွန်မွန်
December 14, 2014 at 3:09 pm
မှန်လွန်းလို့ ဘာပြောရမှန်းတောင် မသိဘူး..
သည်းခံ..သည်းခံ.. ဒီနေရာမှာ လူဖြစ်လာတော့ ကိုယ့်ရဲ့ကံ… သည်းခံ… 🙁
ခင် ခ
December 15, 2014 at 4:08 pm
တယ်ကောင်းတဲ့ကဗျာ ထိချက်ကတော့ အောချလောက်ပါပေ့။