အတိတ်ကို တွေးမိသမျှ
အခုတလော ကလေးတွေကို စာသင်ရင်း၊ ကလေးတွေကြားမှာနေရင်း၊ ကလေးတွေအကြောင်းတွေ သိလာတယ်။ ဆယ်ကျော်သက်တွေများ အတော်လေးသတိထားပြီး ထိန်းရတာပဲ။ ခေါင်းကြောကလည်းမာ၊ မထုံတတ်တေးလည်းလုပ်၊ ဒီလိုအချိန်မှာ မိဘတွေက လေသံပျော့လေးနဲ့ ထိန်းပေးမှ။ တင်းတင်းကျပ်ကျပ်သွားလုပ်လို့ကတော့ သူတို့က ကိုယ့်ထက်ပိုပြီး သောင်းကျန်းပြလိမ့်မယ်။
သူတို့ကို မြင်နေမိတော့ ကိုယ်တိုင်လည်း ဆယ်ကျော်သက်တုန်းက ဘယ်လိုမျိုးပါလိမ့်ကို ပြန်စဉ်းစားကြည့်မယ်။ အောင်မယ်လေး..အတော်ခေါင်းကြောမာခဲ့တာပဲ။ ဒါတောင် ကိုယ့်ဆို ပတ်ဝန်းကျင်က စာအရမ်းဖတ်ပြီး ရင့်ကျက်တယ်လို့ ထင်ကြတာ။ အိမ်မှာ အမေကို အရွဲ့တိုက်ပြီး သောင်းကျန်းတာ ဘယ်သူကမှ မသိဘူး။
တနင်္ဂနွေသမီး၊ ကန်ရာသီဖွား၊ ခေါင်းကြောသိပ်မာတယ်။ လက်မဆိုလည်း လုံးဝမကော့ဘူး။ ခြေမကျပြန်တော့ အပေါ်ကို ကော့တက်နေတယ်။ ကိုယ့်ယူဆချက်ကို တော်ရုံလူ လာပြင်ပေးလို့ မရဘူး။ လုပ်ချင်တာကို ဖြစ်အောင်လုပ်တယ်။ လုပ်ချင်တာ မလုပ်ရရင် အရွဲ့တိုက်တယ်။ (ငယ်ငယ်တုန်းကနော်.. အခုတော့ စိတ်တွေလျှော့ထားပါတယ် :D)
ကိုယ့်အသိနဲ့ကိုယ်လုပ်တယ်။ သူများပြောလို့ လုပ်ရတယ်ဆိုတာ အဖြစ်မခံဘူး။ ငယ်ငယ်ကဆို အဆင့်တွေဘာတွေဝင်တော့ လူတွေက စာသိပ်ကြိုးစားတယ်လို့ ထင်ကြတယ်။ တကယ်တော့ ကိုယ်အပျင်းကြီးတာ အိမ်ကလူတွေ အသိဆုံးပဲ။ နေ့ရွှေ့ညရွှေ့လည်း သိပ်လုပ်တတ်တယ်။ အတိတ်ကံလေးကကောင်းတော့ စာကျက်ရင် ခဏလေးနဲ့ရတယ်။ အဲဒါကို အခွင့်ကောင်းယူပြီး စာကျက်ဖို့အရေးဆို အိမ်ရှေ့ထွက်လိုက်၊ နောက်ဖေးဝင်လိုက်နဲ့ ပြင်ဆင်လို့ကို မပြီးတော့ဘူး။ တီဗီကြည့်ဖို့ဆိုကျ အချိန်သိပ်တိကျတယ်။ စာနဲ့ တီဗီဆို တီဗီက ပထမဦးစားပေး။ ဒါပေမယ့် စိတ်ထဲမှာကတော့ ဒီဇာတ်လမ်းပြီးရင် ငါစာကျက်မယ်ပေါ့။ အဲဒီအချိန်မှာ အမေက “ဟဲ့..နင် တစ်ချိန်လုံး တီဗီပဲကြည့်နေတာ.. ဒါပြီးရင် ပိတ်ပြီး စာကျက်တော့” လို့များ လာပြောကြည့်။ လုံးဝမကျက်တော့ဘူး။ အမေပြောလို့ စာကျက်တယ် ဖြစ်မှာစိုးလို့လေ။ အဲဒီခဏမှာတော့ အိပ်ချင်အိပ်၊ ကာတွန်းတွေ ဝတ္ထုတွေ ဖတ်ချင်ဖတ်။ ဆူချင်လည်း ဆူပေ့စေ။ နောက် အမေ မေ့လောက်တဲ့အချိန်မှ စာကျက်တာ။ အဲဒီလိုမျိုး။
ရှစ်တန်းလောက်ကပေါ့။ အဲဒီအချိန်တုန်းက မြို့နဲ့ လေးမိုင်လောက်ဝေးတဲ့နေရာမှာ မြောင်းတူးရင်း ဘုရားတွေပေါ်လာရော။ ပေါ်တော်မူဘုရားဆိုပြီး အရမ်းနာမည်ကြီးတာ။ ဘုရားဖူးတွေလည်း အများကြီးပဲ။ ကားနဲ့သွားတဲ့သူကသွား၊ စက်ဘီးတွေ ဆိုင်ကယ်တွေနဲ့ သွားတဲ့သူတွေကလည်း သွားပေါ့။ မြို့မှာလည်း ဘုရားကိုသွားမယ့် ဘီအမ်တွေ ညနေတိုင်း ထွက်တယ်။ အသွားအပြန်မှ ဘုရားဖူးအပြီး (၂) နာရီလောက်ပဲ ကြာတာလေ။ ကိုယ်တွေ သူငယ်ချင်းတွေကလည်း ကျူရှင်စောတဲ့အချိန်တွေ၊ ဆရာ မလာတဲ့အချိန်တွေဆိုရင် စက်ဘီးတွေနဲ့ သွားကြတာပေါ့။ တစ်ရက်သားကျ သူငယ်ချင်းတွေနဲ့ ပေါ်တော်မူကိုသွားဖို့ အမေ့ကိုပြောတာ အမေက မသွားရဘူးတဲ့။ အတော်လေး စိတ်တိုသွားတယ်။ အမေကလည်း ကိုယ့်ထက်စိတ်ကြီးတဲ့သူဆိုတော့ ဘယ်လိုမှ ပြောမရဘူး။ မကျေမနပ်နဲ့ဘဲ နေခဲ့ရတာပေါ့။ သိပ်မကြာဘူး။ လမ်းထဲကအိမ်တစ်အိမ်က နှစ်လုံးထီပေါက်လို့ဆိုပြီး တစ်လမ်းလုံးစာ ဘုရားသွားဖို့ စပွန်ဆာပေးတယ်။ ဟိုရက်က သူငယ်ချင်းတွေနဲ့ မသွားရတော့ အမေက ကိုယ့်ကို ခေါ်တာပေါ့။ ဘယ်ရမလဲ။ မလိုက်ဘူး။ နေပစ်ခဲ့တာ။ အဲဒီအချိန်တုန်းက မြို့နယ်ကျပန်းစကားပြောပြိုင်ပွဲမှာ ဒုတိယရလို့ ခရိုင်ကိုသွားပြိုင်ဖို့ လေ့ကျင့်နေတဲ့အချိန်။ ပထမ နဲ့ တတိယက ကိုယ့်ထက် တစ်နှစ်ကြီးတဲ့ အစ်ကိုကြီးတွေ။ အမေတို့သွားပြီးလို့ နှစ်ရက်လောက်လည်းကြာရော အဲဒီအစ်ကို (၂) ယောက်က ပေါ်တော်မူသွားမယ်တဲ့။ လိုက်တာပေါ့။ သူများနဲ့သွားရရင် ပြီးရော။ မကျေနပ်တာက အရှိန်မပြေသေးဘူးလေ။ ဖြစ်ချင်တော့ ကိုယ်တွေသွားတဲ့ကားပေါ်မှာ အိမ်ရှေ့အိမ်က ဆရာမတစ်ယောက်ပါတယ်။ သူကလည်း ကိုယ့်ကို ကွက်ကြည့်ကွက်ကြည့်နဲ့။ ယောက်ျားလေးနှစ်ယောက်နဲ့ အတူတူလာတာကိုး။ ပြီးတော့လည်း အဲဒီအစ်ကိုနှစ်ယောက်က မြို့ပေါ်က မဟုတ်ဘူး။ ရွာက လာပြိုင်တဲ့သူဆိုတော့ သူစိမ်းတွေ။ ကိုယ်တောင် အိမ်ပြန်မရောက်သေးဘူး။ သတင်းက ရောက်နေပြီ။ “နင့်သမီးကို ကောင်လေး နှစ်ယောက်နဲ့ တွေ့တယ်” ဆိုပြီး အမေ့ကို သွားပြောတာ။ အမေက ရိုက်လည်းရိုက်၊ ဆူလည်းဆူ။ ကိုယ်ကတော့ ခပ်တည်တည်ပဲ။ လုပ်ချင်တာ လုပ်ရရင် ပြီးရောလေ။
ခုနစ်တန်းတုန်းကကျတော့ တစ်မျိုး။ အဲဒီတုန်းက ပူတူတူးလေး စာအုပ်ကို သိပ်ဖတ်တာ။ စာအုပ်ထဲက ဉာဏ်စမ်းတွေ၊ ပုံတူဆွဲတာတွေကို ဝင်ပြိုင်တယ်။ စာတိုက်ကနေ စာတွေသွားပို့တယ်။ နွေရာသီကျောင်းပိတ်ရက်မှာ ရွာက အစ်မတွေက ရောက်နေတယ်။ အိမ်နားက အစ်မတွေလည်း လာကြတာပေါ့။ အဲဒီတော့ စာတိုက်ကို သွားမယ့်ကိစ္စမှာ သူတို့ကိုပါ အဖော်ခေါ်ရော။ သူတို့က လိုက်ခဲ့မယ်တဲ့။ ပြီးရင်တော့ ဗေဒင်သွားမေးမလို့တဲ့။ စိတ်ဝင်စားစရာပဲ။ “သမီးလည်း လိုက်ခဲ့မယ်” ပေါ့။ အမေ့ကိုလည်းပြောရော အမေက မလိုက်ရဘူးတဲ့။ စာတိုက်သွားပြီးတာနဲ့ တန်းပြန်လာခဲ့တော့တဲ့။ ဒါမျိုးလာလုပ်လို့ ဘယ်ရမလဲ။ အမေ့ကို ဟုတ်ကဲ့လို့ ပြောပြီး သူတို့နဲ့ ဆက်လိုက်သွားတာ။ နေ့လည် (၁၂) နာရီလောက်က သွားတာ ညနေ (၄) နာရီလောက်မှ အိမ်ကိုပြန်ရောက်တယ်။ အိမ်ရောက်တော့ အမေက ဒေါသူပုန်ထနေပြီ။ “ငါက မလုပ်ပါနဲ့ ဆိုတာကို နင်က သေသေချာချာလုပ်ခဲ့တယ်ပေါ့” ဆိုပြီး ပြောလည်းပြော၊ ရိုက်လည်းရိုက်။ ရိုက်တာမှ တံမြက်စည်းရိုးနဲ့ ရိုက်တာနော်။ လုုပ်ချင်တာကို ဖြစ်အောင်လုပ်ထားတဲ့သူဆိုတော့ တစ်စက်မှ မအော်ဘူး။ အသားနာလို့ မျက်ရည်တော့ ကျတယ်။ ဒါပေမယ့် မျက်နှာထားက တင်းနေတာ။ အံတောင် ကြိတ်ထားသေးတယ်။ အဲဒါကို မြင်လေ အမေက ပိုရိုက်လေ။ “နင့်မျက်နှာက ဘာအချိုးချိုးတာလဲ” ဆိုပြီးတော့ကို စိတ်ရှိလက်ရှိလုပ်တာ။ နောက်ဆုံး တံမြက်စည်းရိုးက ကျိုးသွားတော့ ဆံပင်ကနေကိုင်ပြီး ခုံနဲ့ဆောင့်တာ။ အဲဒါလည်း ခပ်တည်တည်ပဲ။ နောက်ဆုံး အမေက မောလည်းမော၊ စိတ်မကောင်းလည်း ဖြစ်တယ် ထင်ပါတယ်။ ရိုက်တာကို ရပ်ပြီး ငိုပါလေရော။ “ရိုက်လို့ဝရင် သွားတော့မယ်” ဆိုတဲ့ ဒီဇိုင်းနဲ့ အပေါ်ထပ်ကို တက်သွားတာ။ အစ်မတွေက သနားလို့ဆိုပြီး ချော့မလို့ လိုက်လာကြတယ်။ အပေါ်မှာ ဘာလုပ်နေတယ် ထင်လဲ။ သီချင်းဆိုပြီး တံမြက်စည်းလှဲနေတာ။ မျက်ရည်ကတော့ ကျနေတယ်။ ဒါပေမယ့် မထီမဲ့မြင်ပုံစံနဲ့ သီချင်းဆိုနေတာ။ အစ်မတွေမှာ သနားစိတ်တွေ ပျောက်သွားတဲ့အပြင် အမြင်တွေပါကတ်ရော။ တော်တော်လေး အကြောမာတယ်တဲ့။ (ခု အဲဒီလို မဟုတ်တော့ဘူးနော်. ဒါက အတိတ်တွေ )
မှန်တယ်ထင်ရင် ဆရာတွေကို ပြန်ပြောဖို့လည်း ဝန်မလေးဘူး။ ပြန်ပြောတယ်ဆိုတာ ပြန်ခံပြောတာ မဟုတ်ဘူးနော်။ ကိုယ့်အယူအဆကို မရရအောင် သွားငြင်းတာ။ သေချာမရှင်းပြလို့ကတော့ မပြီးဘူးသာမှတ်။ ဆရာတွေကဆို အမေးအမြန်းထူလွန်းလို့တဲ့။ ထူမှာပေါ့။ ကိုယ်က တည့်တည့်မှ မတွေးတာ။ လှည့်တွေးချင်သလိုတွေးပြီး ကိုယ်ထင်တဲ့အတိုင်းမဟုတ်ရင် ရစ်လို့ မဆုံးတော့ဘူး။ (၅) တန်းတုန်းက ခေါက်ချိုးညီတွေသင်ရော။ ဓမ္မဓိဌာန်တစ်ခုထဲမှာ ပဉ္စဂံကို ခေါက်ချိုးညီမျဉ်းဘယ်နှစ်ကြောင်းဆွဲလို့ရလဲတဲ့။ ဂိုက်ဆရာမက တစ်ကြောင်းပဲ ဆွဲလို့ရတယ်တဲ့။ ကိုယ့်မျက်လုံးထဲမြင်တာက ငါးကြောင်းဆွဲလို့ရတယ်။ ငါးနားစလုံးညီရင် ငါးကြောင်းဆွဲလို့ရတယ်ဆိုတဲ့သဘောကို မသိသေးပေမယ့် ကိုယ့်ဘာသာကို အကြမ်းထဲမှာ ဆွဲထားတဲ့ပုံက ငါးနားညီသလိုဖြစ်နေတော့ ငါးကြောင်းဆွဲလို့ရနေတယ်။ ကိုယ်က ငါးကြောင်းမဟုတ်ဘူးလားဆိုတော့ ဆရာမက ပုံဆွဲပြပြီး တစ်ကြောင်းတဲ့။ သူ့ပုံက ငါးနားညီနေတာ မဟုတ်တော့ ဆရာမဆွဲပြတာလည်း မှန်နေရော။ ဒါပေမယ့် ကိုယ့်ပုံနဲ့ကိုယ်ကလည်း မှန်နေတယ်။ အဲဒီညက ပြန်သာလာရတယ်။ စိတ်ထဲမတင်မကျနဲ့။ အိမ်ပြန်ရောက်တော့ပဲ (၉) နာရီခွဲလောက်ရှိပြီ။ ငါးတန်းကျောင်းသူဆိုတော့ (၉) နာရီခွဲဆို အိပ်သင့်နေပြီလေ။ မအိပ်ဘူး။ မှန်အိမ်ကိုရှေ့ချပြီး ပုံဆွဲ၊ ကတ်ကြေးနဲ့ညှပ်၊ မရရအောင် ခေါက်ကြည့်နဲ့ အလုပ်ရှုပ်နေတာ။ နောက်ဆုံး လိုချင်တာ ရသွားတော့မှ ကျေနပ်ပြီး အိပ်တာ။ နောက်နေ့လည်းကျရော အဲဒါကို ကိုင်ပြီး ဆရာမကို သွားပြောတာ။ ဒီမှာကြည့်၊ ငါးကြောင်းရတယ် ဆိုပြီး ခေါက်ပြလိုက်သေးတယ်။ ဆရာမဆို အံ့ကိုဩရော။ (ငယ်ငယ်ကနော်… အခုကတော့ သက်သာသလိုနေတယ်… )
အဲဒီ (၇) တန်းလောက်ကနေ (၁၀) တန်းလောက်အထိက အတော်လေးဆိုးခဲ့တာ။ ပြိုင်ဘက်နဲ့ကလည်း တစ်ချိန်လုံးရန်ဖြစ်နေတာ။ ကိုယ့်ကို တစ်ချက်ရိုက်ရင် သူ့ကို နှစ်ချက်ပြန်ရိုက်ရမှ ကျေနပ်တဲ့လူစားကိုး။ သူကလည်း အမြဲတမ်းပထမရတယ်ဆိုပြီး မာန်တက်တယ်။ ကိုယ်ကလည်း သူ ဆရာမတွေကို လာဘ်ထိုးထားတာကို အစအဆုံးသိနေတော့ လုံးဝသည်းမခံနိုင်ဘူး။ အစပိုင်းဆို စကားနိုင်လုပြီး ရန်ဖြစ်၊ နောက်ပိုင်းဆို လက်ပါ ပါလာ။ အဲဒီလိုမျိုးတွေ။ သူက ပိုက်ဆံရှိတော့ သူ့ဘက်က ပါတဲ့သူများတယ်။ အများနဲ့တစ်ယောက်ဖြစ်နေပေ့စေ။ လုံးဝမကြောက်ဘူး။ မနိုင်နိုင်အောင်ကို ပြန်ပြောတာ။ နားရယ်၊ ဦးနှောက်ရယ်၊ ပါးစပ်ရယ်က တစ်ပြိုင်နက်အလုပ်လုပ်တာ။ (တစ်ခါတစ်ခါ အခုထိ အကျင့်ပါလာသေးတယ်.. တစ်ခါတစ်လေနော်.. အမြဲတမ်းမဟုတ်ပါဘူး။) အဲဒီတော့ ကိုယ်ပဲ စွာတယ်လို့ နာမည်ထွက်တယ်။ ဘာလို့စွာတာလဲ မသိကြဘူးရယ်။
တက္ကသိုလ်တွေ တက်ကြတော့ သူငယ်ချင်းတွေ ကွဲကုန်တာပေါ့။ ကျောင်းပိတ်ရက် နယ်ပြန်ရောက်ပြီဆိုရင် နေ့တိုင်းတွေ့ကြတာ။ ညနေဘက်ဆို အိမ်မှာ လူစုကြတယ်။ ပြီးရင် ဆိုင်ကယ်လိုက်စီးကြ၊ မုန့်စားကြနဲ့ ည (၈) နာရီလောက်မှ ပြန်လိုက်ပို့ပေးကြတာ။ လူက သိပ်မများပါဘူး။ ယောက်ျားလေး (၁၀) ယောက်လောက်နဲ့ မိန်းကလေးက ကိုယ်အပါအဝင်မှ (၃) ယောက်လောက် ရှိတာ။ ငယ်ငယ်ကတည်းက သူငယ်ချင်းတွေဆိုတော့ အမေက စိတ်ချတယ်။ မိသားစုတွေလို ဖြစ်နေတာကိုး။ ဒါပေမယ့် တစ်ခုတော့ ပြောတယ်။ အမေကတော့ နားလည်ပေမယ့် ပတ်ဝန်းကျင်က ရှိတယ်တဲ့။ ပြန်ပြောလိုက်ပါတယ်။ ပတ်ဝန်းကျင်ကို ဂရုစိုက်ရအောင် ထမင်းငတ်ရင် ပတ်ဝန်းကျင်က လာကျွေးမှာလားလို့။ အခု သမီးတု့ိသွားကြတယ်ဆိုတာ ဆိတ်ကွယ်ရာနေရာ တစ်ခုမှမဟုတ်ဘူးလို့။ နှာခေါင်းပေါက်လောက်ရှိတဲ့ မြို့ကျဉ်းကျဉ်းလေးထဲမှာ သမီးတို့တစ်ဖွဲ့လုံး ဘယ်နေရာမှာရှိလဲဆိုတာ အကုန်မြင်နေရတာပဲလို့။ သမီးတို့ရဲ့ ပျော်ရွှင်မှုကို ပတ်ဝန်းကျင်နဲ့ မလဲနိုင်ဘူးလို့။ အချိန်တန်ရင် ဘယ်သူဘာဆိုတာ သိလာလိမ့်မယ်လို့။ အဲဒီလိုပြောပြီး နေမြဲအတိုင်းဆက်နေကြတာ။ ဟော..အခုထက်ထိ ကိုယ်တွေသူငယ်ချင်းတွေ ဒီအတိုင်းပဲ။ ဘယ်သူနဲ့ဘယ်သူမှလည်း ကြိုက်မသွားကြဘူး။ အိမ်ထောင်ကျသွားတဲ့သူတွေတောင် အပြင်က သူတွေနဲ့ ရတာ။ ကိုယ်တွေကတော့ ဆုံလိုက်ကြပြီဆိုရင် တဝါးဝါး တဟားဟားနဲ့ ပျော်နေရတာပဲ။ အဲဒီတုန်းက ထုံးကို နှလုံးမူပြီး ကိုယ့်နှလုံးသားရေးရာကိစ္စလည်း အဲဒီအတိုင်း ကြေညာထားတယ်။ ကိုယ့်ဘဝကို ကိုယ်ပဲရွေးချယ်မယ်လို့။ သူများတွေ ဘာထင်ထင် ဂရုမစိုက်ဘူးလို့။
ကဲ.. ကိုယ့်အကြောင်းကို ပြန်စဉ်းစားတာ အတော်များသွားပြီ။ ကောင်းကွက်လည်း သိပ်မရှိလှပါဘူး။ အဲဒါကြောင့် အခုခေတ်ကလေးတွေ မာကျောကျော ကျွတ်ဆတ်ဆတ်ဆို အသည်းယားလှပေမယ့် ကိုယ့်တုန်းကလည်း ဒီလိုပဲဆိုတာ ပြန်တွေးမိပြီး အမေ့ကို စိတ်မကောင်းဘူး။ အဲဒါကြောင့် ကလေးတွေကို တတ်နိုင်သလောက် ချော့ပြောတယ်။ မဆူဘူး။ (မဆူလို့လား မသိဘူး.. သိပ်လည်း မကြောက်ကြဘူး။) သူငယ်ချင်းကို မိသားစုထက် ပိုခင်တွယ်ကြတဲ့အချိန်ဆိုတော့ ဘေးကနေ အသာကြည့်ပြီး ထိန်းပေးရမှာ။ အမေကိုယ်တိုင်ကလည်း အဲဒီလို ထိန်းပေးခဲ့လို့ အမေ့ကို ကျေးဇူးတင်မိတယ်။
စာဖတ်ပြီး မလန့်ကြနဲ့ဦးနော်။ အခုတော့ အတော်လေး လိမ္မာနေပါပြီလို့။
27 comments
ခင်ဇော်
December 8, 2014 at 3:38 pm
ဟိ၊.
ဟင်းနော်။ :mrgreenn:
ဒါတွေက အတိတ်တွေ အရင်တွေပါ ပြောပြောပြီး ဘယ်လောက် ဆိုးကြောင်း ပြောပြောသွားတာ။
ခုလည်း အဲလောက် မဆိုးရင်သာနေမယ်။
စိတ်တော့ မလျှော့သေးဝူးမလားးး
:mrgreenn:
ဟိဟိ။
ကိုယ်တိုင် အဲလို သားသမီးရမှ သိမယ်။
:chit:
လုံမလေးမွန်မွန်
December 8, 2014 at 5:53 pm
လိမ်မာသွားပါဘီဆို.. လိမ်လိမ်ပြီးတော့ မာတာရယ်
Kaung Kin Pyar
December 8, 2014 at 3:43 pm
နှာခေါင်းပေါက်လောက်ရှိတဲ မြို့ကျဥ်းထဲ ဆိုင်ကယ်စီးဖူးပါရဲ့….။ ပျော်ချက်…။ လေသန့်တယ်လေ..။ ဒီမှာစီးရသလို ပါးမယားဘူး…။
ငယ်ငယ်က ဆိုးတယ်….။ ပတ်ဝန်းကျင်အမြင်တော့ ကောင်းကင်ပြာက စကားနည်းသလို အေးသလိုပဲ…။ အမေကတော့ ပြောရှာတယ်…။ နားထူပါးထူနဲ့တဲ့…။ တကယ်လဲ ကောင်းကင်ပြာ နားထူတယ်..။ နားထူအောင် ကိုယ်ရွေးခဲ့တာမှ မဟုတ်တာ…။ သွသူ ဖြစ်နေတာပဲ…။
အရွဲ့ကလဲ တိုက်ချင်တာ…
စိတ်လဲ ကြီးခဲ့တယ်…
ဒေါသထွက်လာရင် အဲ့ဒီလူနာအောင်လုပ်ရင်လုပ်ရ..။ မလုပ်ရရင် ကွကိုယ်လုပ်တယ်…။
လက်ချောင်းထိပ်တွေဆို မွစာကြဲ…။ ဘယ်ဘက်လက်မောင်းအတွင်းဘက်မှာ ဓားနဲ့ ကိုယ့်ဖာသာလှီးခဲ့တဲ့ အမာရွတ်က ခုထိ သေရာပါ….။
ခုတော့ အစိတ်လျှော့နေတယ်….။
ခင်ဇော်
December 8, 2014 at 3:47 pm
ဟင့်အင်းးးး
တညား က ကွကိုယ် ထိခိုက်အောင် လုပ်ရလောက် အောင် စိတ်မကြီးဝူးးး
ဟိ။
နီးတဲ့သူ သေပေတော့ပဲ။
အဲလူ နဲ့ ကိုယ့်ပြသနာ ဆိုင်ဆိုင် မဆိုင်ဆိုင်။
အဟိ။
:k:
လုံမလေးမွန်မွန်
December 8, 2014 at 5:57 pm
အနော်လည်း ဘယ်တော့မှ ကိုယ့်အသားနာမယ့်ကိစ္စ. ကိုယ့်ပစ္စည်းပျက်စီးမယ့်ကိစ္စ ဘယ်တော့မှ မလုပ်ဘူးရယ်.. နီးရာပဲ ပတ်ရမ်းတတ်တာ.. အရင်ကတော့ အိမ်ကလူတွေပေါ့.. ခုကတော့ ချစ်ဆုံးကိုကိုပေါ့.. ဟိဟိ..
Kaung Kin Pyar
December 8, 2014 at 3:51 pm
ရုံးနဲ့အိမ်မို့ အများဆုံးနေရတဲ့ ရုံးမှာ နီးနေတာတော့ စတင်းဂျီး Owner Representative ကြီးပဲ…။ သူ့တော့ ခဏခဏ ခေါင်းခေါက်ချင်စိတ် ပေါက်ပေမယ့် ခုထိ လုပ်ရဲသေးဘူး…။ မြှောက်အပေးနဲ့ ဂျီးဒေါ်…။ ကိုယ့်အိမ်အပိုင်လေးတောင် မရှိလို့ မိဘလုပ်စာ ထိုင်စားနေရတဲ့ ဘွပါ…။
😥
ခင်ဇော်
December 8, 2014 at 3:55 pm
အို။
သညားလည်း အဲလောက်တော့ သတ္တိရှိဝူးးး
နိုင်လို့ရတဲ့သူမှ ဇွတ်နိုင်တာ။
ဟိ။
:k:
pooch
December 8, 2014 at 4:55 pm
လုံမလေးက ခုတော့ လိမ္မာနေပြီပေါ့
ကိုယ်တွေကတော့ ခုချိန်ထိ နည်းမျိုးစုံ ပုံစံမျိုးစုံနဲ့ အကြောမာတုန်းပဲ နည်းနည်းမှ မလျော့ဘူး မားသားကလည်း ကြာလေချဉ်လေ ပဲတီကို အချဉ်သိပ်တဲ့သမီးကို လက်ရော ခြေရောမြှောက်ထားလေရဲ့ :mrgreenn:
လုံမလေးမွန်မွန်
December 8, 2014 at 8:46 pm
ခုတော့ လိမ္မာချင်ယောင်ဆောင်နေရတာပေါ့… လောကကြီးက သင်ပေးထားတယ်
Mr. MarGa
December 8, 2014 at 4:55 pm
မလန့်ပါဘူးး
အခုထိ ကိုယ်လုပ်ချင်ရာ လုပ်နေတာမို့
အိမ်ကို ဘယ်တော့မှ အကြံမတောင်းဘူး အသိပဲပေးတယ်။
သူများတွေက လိမ္မာတယ်ပြောပေမယ့် ကိုယ်ဆိုးတာ ကိုယ်ပဲသိတယ် :mrgreenn:
လုံမလေးမွန်မွန်
December 8, 2014 at 8:49 pm
ဟိ.. virgo အချင်းချင်းပဲ.. အကျင့်တွေက သိပ်မကွာဘူး
Ma Ma
December 8, 2014 at 8:09 pm
ဟယ်…. ကြည့်စမ်း၊ ကိုယ့်ဂုဏ်ကိုယ်ဖော်နေကြတယ်။
အဲဒါလူငယ်တွေမို့ ဆိုးကြတာ။
လူကြီးတွေဆို ……………
ကိုယ်ဆိုးတာ ကိုယ်တိုင်တောင် မသိအောင် မသိခြင်ထောင် ထောင်နေရတယ်။
လုံမလေးမွန်မွန်
December 9, 2014 at 9:51 am
😀 😀
uncle gyi
December 8, 2014 at 10:28 pm
အတိတ်ကိုတွေးမိသမျှ
လွန်တာရှိဝန်တာမ်ိပါ
အမေ
ခုများတော့လေ
ကံတပတ်လည်လို့
ကိုယ့်အလှည့်ရောက်လာ
အမေ့စေတနာ
သိပါပြီ
ကျေးဇူးပါမေမေ
လုံမလေးမွန်မွန်
December 14, 2014 at 10:35 am
ဟုတ်တယ်.. အမေဆို အတော်လေး သည်းခံခဲ့ရမှာ… သားသမီးနဲ့မိဘ ဆိုတော့လေ..
အောင် မိုးသူ
December 9, 2014 at 9:23 am
လိမ်မာတော့သမီး အသက်တွေလည်းကြီးနေပြီ။
လုံမလေးမွန်မွန်
December 14, 2014 at 10:39 am
အခုမှ အသက်ကြီးမယ်ကြံခါ ရှိသေးပါတယ်အေ..
ဝင့်ပြုံးမြင့်
December 10, 2014 at 7:56 am
.အူးလေး အံစာတော့ သနားပါတယ်။ 🙂
လုံမလေးမွန်မွန်
December 14, 2014 at 10:40 am
သနားပါပုစ်.. သူပဲ ချစ်တယ်ပြောပြီးတော့စ်… 🙂
အလင်းဆက်@မောင်သူရ
December 10, 2014 at 8:06 am
ကျနော်ကတော့… ချော့ပြောတာထက်…
ခပ်တည်တည်လေးနဲ့ အကျိုးသင့်အကြောင်းသင့် ပြောပြတဲ့နည်းကို
အခု ပိုလုပ်ဖြစ်နေတယ်… ။
ကလေးတွေက… ကျနော့်ကိုတော့…ကြောက်သလိုလို ချစ်သလိုလိုနဲ့…
😆
လုံမလေးမွန်မွန်
December 14, 2014 at 10:41 am
နာဟဲ့. တနင်္ဂနွေသမီး.. အချော့ကြိုက်မှကြိုက်.. ချော့သာပြောလို့ကတော့ အကုန်နားထောင်တယ်.. နာ့ကို လာမကြမ်းနဲ့.. ငွင်းငွင်း.. ဂွမ်းသွားမယ်..
aye.kk
December 10, 2014 at 4:27 pm
အတိတ်ဆိုတာ..
ဖြတ်သန်းခဲ့တဲ့ပေတရာပေါ်မှာ လည်နေတဲ့ကားဘီးတွေလိုပါပဲ။
ထင်မကျန်ရစ်နေတော့ပါဘူး။
အမြဲမရှိနေမှန်းသိနေရင်…
သိတဲ့အချိန်ကသာ ကိုယ့်အတွက်တန်ဘိုးအရှိဆုံးပါပဲ ။
လုံမလေးမွန်မွန်
December 14, 2014 at 10:50 am
ဟုတ်ကဲ့ အန်တီအေး.. တကယ်တော့ ပြန်တွေးကြည့်ရင် အိပ်မက်တွေလိုပါပဲ..
chate chate
December 10, 2014 at 7:10 pm
ငယ်တုန်းမှာ ဆိုးသင့်သလောက်တော့ ဆိုးသင့်ပါတယ်။ အရမ်းလိမ်မာနေရင် ပျင်းစရာကြီး ၊ ကြီးလာလို့ အတိတ်ကို ပြန်ပြောရင် ဆိုးခဲ့သူတွေအတွက်က ပြန်ပြောစရာ တပုံတပင်ကြီး 😀
လုံမလေးမွန်မွန်
December 14, 2014 at 10:50 am
ဟုတ်ပါ့.. ဟုတ်ပါ့…ခုဆို စာတစ်ပုဒ်တောင် ထွက်လာတယ်ရယ်.. နော့
မွသဲ ( 17082011 )
December 11, 2014 at 6:01 pm
ပလုတု ဖျားရေ ကိုယ်ဆိုးလှပြီမှတ်တာ ကိုယ့်ထက်ပိုသာသူနဲ့တွေ့နေတာကိုး ဒါဆို နာတော်တော်လိမ်မာဒယ် အမွန့်ထက်စာရင်ဟီဟိ အောင်မယ်လေး အံစရာ ဂယ်တူလိမ်မာဘီလားငင်
လုံမလေးမွန်မွန်
December 14, 2014 at 10:59 am
သိပ်တော့ မဆိုးပါဘူးလို့ ပြောတာပဲ တီသဲရယ်… အရမ်းတော့ မဆိုးနဲ့ပေါ့တဲ့.. ဟိဟိ