နှစ်သစ်ကူးပြီ…………….မောင်
‘ချက်…..ချက်…….ချက်…ချက်…….ချက်…..ချက်’
နံရံမှာကပ်ထားတဲ့ နာရီသံက ကျွန်မကိုကျီစယ်နေသလိုလို။ ဒီနေ့က ဒီဇင်ဘာ(၃၁)ရက် တိတိကျကျပြောရမယ်ဆိုရင် ၂၀၁၄ခုနှစ် ၊ ဒီဇင်ဘာ(၃၁)ရက် ၊ ည (၁၀)နာရီတိတိကို ထိုးပြီမောင်။ အခန်းဝက ကန့်လန့်ကာက တစ်ချက်လှုပ်ခါသွားတာ ကြည့်ပြီး မောင်များလားလို့ မသိစိတ်က ကျွန်မထင်မိလိုက်သေးတယ်။ ပြီးမှ ကိုယ့်စိတ်ကိုယ်ပြန်ထိန်း တစ်ချက်ပြုံးပြီး မဖြစ်နိုင်ပါဘူးလေဆိုပြီး ဖြေသိမ့်လိုက်ရတယ်။ ဆောင်းရာသီရဲ့ မြောက်ပြန်လေက တစ်ချက်တစ်ချက် တိုက်ခတ်လာတယ်။ တိုက်ခတ်လာတဲ့လေနဲ့အတူ ခြံရှေ့က သစ်ခွပင်တွေဆီက သစ်ခွနံ့ခပ်သင်းသင်းက ကျွန်မဆီကိုတိုးဝင်လာတယ်။ ဪ ဟုတ်ပါရဲ့။ သစ်ခွတွေတောင် ပွင့်နေရောပေါ့။ သစ်ခွပင်တွေကြားထဲမှာ ကျွန်မလမ်းလျှောက်နေလိုက်တယ်။ တစ်ဖက်က ကျွန်မသိပ်နှစ်သက်တဲ့ ဒန်ဒရိုဗီယမ်သစ်ခွ နဲ့ မိုကာရာသစ်ခွတွေ ၊ တစ်ဖက်က မောင်သိပ်ကြိုက်တဲ့ ဗန်ဒါ နဲ့ ကတ်တလီယာသစ်ခွတွေ။ ဆောင်းညရဲ့စိုစွတ်စွတ်မြူတွေကြား ပွင့်နေကြလိုက်တာ။ ကျွန်မလက်ကနာရီကိုကြည့်လိုက်မိတော့ (၁၀)နာရီခွဲ။ အိမ်ရှေ့လမ်းမမှာ အဖွဲ့လိုက် အဖွဲ့လိုက် ပန်းခြံသွားသူသွားနေကြပြီ။ သည်လိုနေ့မျိုးမှာ တစ်ယောက်တည်း အိမ်မှာရှိမနေသင့်ဘူးဆိုတာ ကျွန်မသိလိုက်တယ်။ သစ်ခွပင်တွေဆီက ဒန်ဒရိုဗီယမ်းသုံးခိုင် ၊ မိုကာရာ သုံးခိုင် ၊ ဗန်ဒါသုံးခိုင်နဲ့ ကတ်တလီယာ နှစ်ခိုင်ကို ကျွန်မအသေအချာဖြတ်ကာစည်းပြီးထွက်လာခဲ့လိုက်တယ်။
အမှတ်တမဲ့ကောင်းကင်ကိုမော့ကြည့်မိမှ ကျွန်မသတိထားမိတယ်။ ဒီနေ့ ကြယ်တွေစုံတယ်မောင်။ ကျွန်မမော့ကြည့်မိတဲ့ ကောင်းကင်ပေါ်က ကြယ်တစ်ပွင့်တစ်လေမှ ကြွေသွားမှာ ကျွန်မမလိုလားဘူးမောင်။ မောင့်အကြောင်းတွေးရင်း ကျွန်မလက်ထဲက သစ်ခွပန်းစည်းကို ကြည့်မိတယ်။ သည်ရက်ပိုင်းမှ မောင်သိပ်ကြိုက်တဲ့ ကတ်တလီယာတွေ တော်တော်ပွင့်တယ်။ သူတို့ မောင့်ကို ကျွန်မလိုသတိရလို့များလား။
‘မောင်က အပင်တွေကို သိပ်ချစ်တတ်တယ်နော်’
သစ်ခွပင်တွေကို ဆေးဖျန်းနေရင်း မောင်က ကျွန်မကိုတစ်ချက်လှည့်ကြည့်တယ်။
‘အပင်တွေစိုက်ရတာ သိပ်စိတ်ချမ်းသာတယ် ဖြူ ရဲ့။ ကိုယ်ဂရုစိုက်သလောက် သူတို့ကိုယ်ကို စိတ်ချမ်းသာမှုတွေပြန်ပေးတယ်။ အဲသည်ထဲမှာ တုံ့ပြန်မှုအားအကောင်းဆုံးက သစ်ခွပဲ ဖြူ။ သူတို့ကို ဂရုစိုက်သလောက် သူတို့ဟာ အပွင့်အခက်ဝေဝေဆာဆာနဲ့ စိတ်ချမ်းသာမှုကိုပြန်ပေးကြတယ်။’
လက်ထဲကသစ်ခွပန်းစည်းကို ဆုပ်ကိုင်ရင်း လွန်ခဲ့တဲ့ (၆)နှစ်တာကာလကို ကျွန်မစဉ်းစားမိတယ်မောင်။ အခုလိုပဲ ဒီဇင်ဘာ(၃၁)မှာပေါ့မောင်။ မောင်ကျွန်မကို ကတိတစ်ခုပေးခဲ့ဖူးတယ်။ အဲသည်စကားကို ကျွန်မအခုထိ ကြားယောင်နေဆဲပဲ။ မောင်ကိုယ်ဆောက်ပေးတဲ့ နေကာတဲ့စင်အောင်မှာ မောင်သိပ်ချစ်တဲ့ ဗန်ဒါ နဲ့ ကတ်တလီယာတွေ ပွင့်နေပြီမောင်။ ကျွန်မသိပ်ချစ်တဲ့ မိုကာရာ နဲ့ ဒန်ဒရိုဗီယမ်တွေလည်း ပါတာပေါ့မောင်ရယ်။ မှတ်မှတ်ရရပဲ ဒီဇင်ဘာ(၃၁) ၂၀၀၈ခုနှစ် သစ်ခွခြံလေးဆီ မောင်ရောက်လာခဲ့တယ်။ အဲသည်တုန်းက ကျွန်မသတိထားမိတာ မောင့်နှုတ်ခမ်းတွေ
ဖြူလျော်နေတာ။ အဲသည်ညက ည(၁၀)နာရီတိတိမှာ သစ်ခွဲခြံလေးဘေးမှာ မောင်နဲ့ကျွန်မ ကြယ်တွေကိုကြည့်ခဲ့ကြသေးတယ်။
‘ခုနေကြယ်လေးတွေကြွေသွားတာကို ကြည့်ချင်တယ်မောင်ရယ်’
‘ဖြူက ဘာလို့ကြယ်ကြွေတာကို ကြည့်ချင်ရတာလဲ’
‘ကြယ်ကြွေတာကိုမြင်ရင် ဆုတောင်းပြည့်တယ်တဲ့ မောင်ရဲ့’
ကျွန်မပြောလိုက်တဲ့စကားကြောင့် မောင်ကျွန်မကိုသေချာစိုက်ကြည့်နေတယ်။
‘မြောက်ဥရောပက လူမျိုးတွေမှာ ယုံကြည်မှုတစ်ခုရှိတယ် ဖြူရဲ့။ ကမ္ဘာမြေပေါ်က လူတစ်ယောက်အတွက် ကောင်းကင်ပေါ်မှာ ကြယ်တစ်ပွင့်ရှိတယ်တဲ့။ ကောင်းကင်ပေါ်က ကြယ်တစ်ပွင့်ကြွေရင် ကမ္ဘာမြေပေါ်က လူတစ်ဦး သေဆုံးတယ်လို့ ယုံကြည်ကြတယ်။ ကိုယ်ဆုတောင်းပြည့်ဖို့အတွက် မောင်တော့ ကြယ်လေးတွေကို မကြွေခိုင်းချင်ဘူး။’
လွမ်းဆွတ်သလို ကြေကွဲသလို မောင်ပြောလိုက်တဲ့စကားက ကျွန်မရင်ထဲဆို့နင့်နင့်ဖြစ်သွားစေတယ်။ အဲသည်နေ့က မောင့်လက်မောင်းလေးပေါ်မှာ ကျွန်မမှီရင်း ကြယ်တွေကိုကြည့်ခဲ့တဲ့နေ့ပေါ့။ ဒီဇင်ဘာ (၃၁) ၂၀၀၈ခုနှစ် ည(၁၁)နာရီမှာ မောင်ကျွန်မကို နှုတ်ဆက်သွားတယ်။
‘သစ်ခွခြံလေးကို ဂရုစိုက်ပါ ဖြူ။ မောင်ဖြူ့ဆီပြန်လာခဲ့ပါမယ်’
မောင်ပြန်လာမယ်ဆိုတဲ့ စကားတစ်ခွန်း အသက်ရှင် နေတယ်ဆိုရင် မောင်ယုံမလား။ အဲသည်နေ့က မောင်ထွက်သွားပြီး ကျွန်မကောင်းကင်ကို ဆက်ကြည့်မိသေးတယ်မောင်။ ဒီဇင်ဘာ(၃၁)ရက် ၂၀၀၈ခုနှစ် ည(၁၁)နာရီ (၅၉)မိနစ်မှာပေါ့ တိုက်တိုက်ဆိုင်ဆိုင်ပါပဲ။ ကြယ်လေးတစ်လုံး ကြွေကျသွားတာ ကျွန်မတွေ့လိုက်ရတယ်။ ခွင့်လွတ်ပါမောင် ကျွန်မဆုတစ်ဆု
တောင်းမိလိုက်တယ် မောင်ကျွန်မဆီပြန်လာနိုင်ပါစေလို့။ Happy New Year ဆိုတဲ့ ပတ်ဝန်းကျင်က အသံတွေက လွင့်ပျံလို့ပေါ့။
**************************************
ကျွန်မနှစ်သက်တဲ့ မိုကာရာသစ်ခွ နဲ့ မောင်သိပ်ကြိုက်တဲ့ ဗန်ဒါသစ်ခွလို ကျွန်မဟာသချာတဲ့လေထဲက အရာတစ်ခုကို
စောင့်မျှော်နေမိတယ်မောင်။ မိုကာရာသစ်ခွ နဲ့ ဗန်ဒါသစ်ခွတွေ ဘာအုန်းခွံမှ မလိုဘဲ အမြစ်တွေကလေထဲမှာရှိနေတာလေမောင်။
မောင်သိမှာပါ။ လေထဲမှာဝဲနေတဲ့ သူတို့အမြစ်တွေက စီးဆင်းတဲ့လေရှိမှသာ လန်းဆန်းနိုင်တာလေ။ ကျွန်မလည်း သူတို့လိုပဲ မသေချာတဲ့လေထဲက မျှော်လင့်ချက်များရှိသေးလားမောင်။ ကျွန်မလက်ထဲက သစ်ခွန်ပန်းစည်းကိုကြည့်ရင်း အချို့လူတွေက ပြောသွားတယ်။ ‘သိပ်လှတာပဲ’တဲ့။ ဒါမောင်ပေးခဲ့တဲ့ ဂရုစိုက်မှုတွေကြောင့် ကျွန်မပြန်လည်စောင့်ရှောက်နိုင်တဲ့
သစ်ခွပန်းလေးတွေပဲလေ။ ကျွန်မအတွက် မောင့်ကိုယ်စားထားများသွားတာလားလို့ ကျွန်မထင်မိသေးတယ်။
ကျွန်မအိမ်ရှေ့က သစ်ခွခြံလေးကတော့ မောင်တစ်ဦးတည်းလက်ရာလို့ ဆိုရမယ်။ ကျွန်မအတွက် အိမ်ရှေ့မှာ သစ်ခွခြံလေး တည်ပေးမယ်ဆိုတုန်းက ကျွန်မဖြင့်အံ့ဩခဲ့ရသေးတယ်။
‘သစ်ခွပင်တွေကို အချို့လူတွေက ကပ်ပါးပင်ဆိုပြီး မနှစ်သက်ကြဘူး ဖြူရဲ့။ တကယ်ဆို လူတွေမှာလည်း အမှီသဟဲဆိုတာရှိမှန်း မေ့နေကြလို့ပါ။ ‘
ကျွန်မက အကြမ်းခံပြီး အပွင့်မြန်မြန်ပွင့်တဲ့ ဒန်ဒရိုဗီယမ်သစ်ခွကို ကြိုက်တယ်။ မောင်က လေရှူမြစ်တွေနဲ့ အုန်းခွံတွေထည့် မစိုက်ရဘဲ အပွင့်လှတဲ့ ဗန်ဒါကိုကြိုက်တယ်။ ကျွန်မက ဗန်ဒါနဲ့ဒန်ဒရိုဗီယမ် စပ်ထားတဲ့ မိုကာရာဆိုတဲ့သစ်ခွကို ပိုနှစ်သက်သလို (အပွင့်ပွင့်တာမြန်လို့)။ မောင်က တစ်ခိုင်မှာ (၄-၅-၆)လက်မလောက် အပွင့်ကြီးပြီး သုံးလေးပွင့်သာပွင့်တဲ့ တန်ဖိုးကြီးတဲ့ ကက်တလီယာသစ်ခွကိုကြိုက်တယ်။
‘ဖြူရေ…. မောင်ကတော့ ဗန်ဒါ နဲ့ ကတ်တလီယာပဲ စိုက်ချင်တယ်ကွာ’
‘ဟိုဘက်က သစ်ခွလေးတွေလည်း လှပါတယ်မောင်ရဲ့။ ဂရုစိုက်ရင် အပွင့်ပွင့်တာမြန်တယ်လို့လဲ ပြောတယ်။’
ကျွန်မလက်ညိုးထိုးလိုက်တဲ့နေရာကို မောင်ကြည့်ပြီး မျက်မှောင်နည်းနည်းကျုံ့သွားတယ်။
‘ဪ ဖြူပြော ဒန်ဒရိုဗီယမ် နဲ့ မိုကာရာကိုပြောတာလား။ ဖြူလိုချင်တယ်ဆိုယူလေ မောင်ကတော့ ဗန်ဒါ နဲ့ ကတ်တလီယာပဲ စိုက်ချင်တယ်။ သစ်ခွထဲမှာဆို ဗန်ဒါ နဲ့ ကက်တလီယာက အပွင့်ပိုလှတယ် ဖြူရဲ့။ ဗန်ဒါက မိုကာရာနဲ့ဆင်တူတဲ့ ဖြူရဲ့ သေချာခွဲမှသာ ကွဲတာလေ။ မိုကာရာက စပ်မျိုးလို့ခေါ်ရမှာပဲ သူ့ကို ဗန်ဒါ နဲ့ ဒန်ဒရိုဗီယမ်စပ်ထားတာလေ။ အဲ့ဒါကြောင့် ဗန်ဒါအရွက်သူက နည်းနည်းပိုရှည်ပြီး အပွင့်က ဒန်ဒရိုဗီယမ်နဲ့ဗန်ဒါ ပေါင်းထားသလိုဖြစ်နေတာ။’
မောင်ပြောမှပဲ ကျွန်မကြည့်မိသည်။ ဗန်ဒါ နှင့် ဒန်ဒရိုဗီယမ်ပေါင်းထားသလို အရွက်မှာ ဗန်ဒါထက် အနည်းငယ်ရှည်ပြီး အပွင့်မှာ ဗန်ဒါနှင့်ဒန်ဒရိုဗီယမ် စပ်ထားသလို ထူးခြားနေတယ်။ ကတ်တလီယာကတော့ လုံးဝကွဲပြားနေတာ။ အရွက်ကော အပွင့်ကော သူ့အပွင့်က အကြီးကြီး။ ဘွဲ့ယူမယ် အမျိုးသမီးတွေဆို ကတ်တလီယာ နှစ်ပွင့်လောက် ခေါင်းမှာပန်လိုက်ရင်ဖြင့် ပြီးပြည့်စုံသလို ဖြစ်သွားတာ။ အခြားသစ်ခွတွေကို အပွင့်တွေအများကြီးပန်စရာမလိုတာ။ သည်လိုနဲ့ မောင်နဲ့ကျွန်မ သဘောတူညီမှုယူပြီး နှစ်ယောက်သားကြိုက်တဲ့ သစ်ခွပင်တွေကို တစ်ဖက်စိစိုက်ဖို့ သဘောတူခဲ့ကြတယ်။
ဒီဇင်ဘာ(၃၁)ရက် ၊ ည(၁၁)နာရီ ၊ ၂၀၁၃ခုနှစ်
အင်းလျားကန်ဘောင်ကို သတိရသေးလားမောင်။ မောင်ထွက်မသွားခင် ခြောက်လအလိုလောက်တုန်းက ကျွန်မနဲ့မောင် ရောက်ဖြစ်ခဲ့သေးတယ်လေ။ ခုံတွေမှာမထိုင်ဘဲ စိုစွတ်စွတ်မြက်ခင်းပေါ်မျာ လှဲပြီးကြယ်တွေကို ကြည့်ခဲ့သေးတယ်။ အခု အဲသည်ရှေ့က ကားလမ်းမ ပလက်ဖောင်းပေါ် ကျွန်မရောက်နေခဲ့ပြီမောင်။ ဟာနေတာတစ်ခုက မောင်ပါမလာခဲ့တာပဲ။ ဒီဇင်ဘာ(၃၁)ရက်နေ့တိုင်း ကျွန်မဒီနေရာကို ရောက်နေခဲ့တာ အခုနဲ့ဆို (၅)နှစ်ရှိပြီမောင်။ မောင်ကို မျှော်ရင်းပေါ့။ သစ်ခွပန်းစည်းကို ကိုင်ရင်း မြက်ခင်းပေါ်မှာ ကျွန်မလှဲနေလိုက်တယ်။ ဒီညလည်း ကြယ်တွေစုံနေတယ်မောင်။ မောင်ပြောဖူးကတည်းက ကျွန်မကြယ်တွေကြွေဖို့ ဆုမတောင်းတော့ဘူး။
*******************************************
ခိုဖြူခိုပြာများ အုပ်ဖွဲ့ပျံသန်းကာxxxxxအိမ်ခေါင ်ထိပ်ဖျားမှာ နားကြပြီxxxxxxx မောင်ပြန်လာမယ့် ပြောတဲ့နေလွန်ခဲ့တာxxxxxx မိုးတွ င်းလေးတစ်ခု ပြက္ခဒိန်ပေါ် ဖြတ်သွားxxxxနှုတ်ခမ်းဖျားနဲ့မလွ မ်းပါရှင်xxxxနှလုံးသားနဲ့လွမ်း နေမယ်…မောင်ပြန်လာမလား ခိုလေးအတိုင်းညည်းလို့နေxxxxxxx x
ဒီသီချင်းပဲ နားထောင်မိနေတဲ့ ကျွန်မကိုကျွန်မ အံ့ဩတယ် မောင်။ အခုထက်ထိ ပြန်လာမလားဆိုတဲ့အသိက ကျွန်မကိုနှိပ်စက်နေတုန်း။ မောင်ဘယ်ရောက်နေပြီလဲ ခုနှစ်တစ်ခုကကုန်ဆုံးတော့မယ် မောင်ရယ်။ ကျွန်မက ကြယ်တွေကြွေတာကိုလည်း မကြည့်ချင်တော့ဘူးမောင်။ အခြားသူတွေ နှစ်ကူးပျော်ရွှင်နေတာကို ငေးရမလား ဝေခွဲမရသေးဘူး
မောင်။ သေချာတာက ကျွန်မဆီမောင်ပြန်လာမယ်ဆိုတာ ကျွန်မကြိုသိနေသလိုလို။
‘ဖြူ….. တစ်ပတ်တစ်ခါ ပိုးသတ်ဆေးဖျန်းပေးနော်။ အမြစ်သန်ဆေးကို သုံးရက်တစ်ခါလောင်း။ အရွက်သစ်တွေ ထွက်လာပြီဆိုမှ အပွင့်ဆေးကိုဖျန်းနော်။’
အို………မောင်လား။ ခုထက်ထိ မောင့်အသံတွေ ကျွန်မကြားယောင်နေတုန်း။ အဲသည်နေ့က မောင်ထွက်သွားပြီးတဲ့
နောက် ကြယ်လေးတစ်လုံးကြွေသွားတယ်မောင်။ အဲသည်ကြယ်လေးဟာ မောင်မှန်းကျွန်မသိခဲ့ရင်။ ကျွန်မသိခဲ့ရင်။ မောင်ရယ်…………..။
ဒီဇင်ဘာ(၃၁)ရက် ၊ ည(၁၁)နာရီ (၅၀)မိနစ်။
နှစ်ကူးတော့မယ်မောင်။ နောက်တစ်နှစ်ကိုကူးတော့မယ် မောင်။ ကျွန်မကောင်းကင်ကို မော့ကြည့်ဆဲပဲ။ ကြယ်တစ်ပွင့်ကြွေသွားတာ ကျွန်မမြင်လိုက်တယ်မောင်။ ကျွန်မဆုမတောင်းတော့ဘူး။ ကျွန်မမြက်ခင်းပေါ် လှနေဆဲပဲ။
“ဒီဇင်ဘာည အဖြူရောင်မြူနှင်းကြားမှာ xxxxxxx အတူဆုံနေကြ ဒီလိုအချိန်လေးရောက်လာ xxxxxxxx”
အို……..။ ဒါ မောင်ဆိုနေကြ သီချင်းလေးပဲ။ ရုတ်တရက် ကျွန်မထထိုင်ကာ သီချင်းလာရာကို ကြည့်မိလိုက်တယ်။ လူငယ်အဖွဲ့ တစ်စု ဂီတာတီးပြီး သီချင်းဆိုနေကြတာပါ။ ထူးခြားတဲ့ လှိုင်းခတ်မှုတစ်ခု ကျွန်မရင်ထဲတိုးဝင်လာတယ်။ နွေးထွေးတဲ့ခံစားမှု။ တစ်ဆစ်ဆစ်နဲ့ ကျွန်မကျောပြင်တစ်ခုလုံးနွေးထွေးသွားတယ်။ မောင်………..။ ကျွန်မနှုတ်က စကားတစ်ခွန်းပဲ ထွက်ကျလာတယ်။ ကျွန်မနောက်ကျောမှာ ဘယ်သူလဲ။ တစ်ယောက်ယောက်တော့ရှိနေမယ်။ ကျွန်မကိုယ်ကို တစ်ချက်စောင့်ကြည့်လိုက်တယ်။ သစ်ခွပန်းစည်းကိုင်ထားတဲ့ ကျွန်မလက်တွေ အနည်းငယ်တုန်ခါလို့။ အို……။ ကျွန်မရှေ့မှာ ရောက်နေတဲ့သူက (၄-၅)နှစ်အရွယ် ကလေးလေးတစ်ယောက်။ ကျွန်မကို ကြည်လင်တဲ့မျက်လုံးလေးတွေနဲ့ ကြည့်နေတယ်။ သည်လိုအကြည့်မျိုး ကျွန်မဘယ်နေရာမှာခံစားဖူးပါလိမ့်။ ကျွန်မနှုတ်ခမ်းတွေ တစ်ဆတ်ဆတ်နဲ့ ဆွံအနေတယ်။ ကျွန်မမျက်လုံးတွေထဲ အရည်ကြည်အချို့ ပါးပြင်ပေါ်စီးဆင်းလာတယ်။
“HAPPY NEW YEAR!!!!!!!!!!!!!!!!!!”
အသံတွေ အော်သံတွေ ကျွန်မ မကြားတစ်ချက် ကြားတစ်ချက်ပါပဲ။ ကျွန်မရှေ့မှာရောက်နေတဲ့ (၄-၅)နှစ်ရွက် ကောင်လေး။ မဟုတ်ဘူး ကလေးလေးက ကျွန်မဖက်ကို လက်နှစ်ဖက်ကမ်းပေးတယ်။ သူ့မျက်လုံးတွေက သစ်ခွပန်းစည်းတွေဆီမှာ။ ကျွန်မလည်း အလိုက်သင့်သူ့လက်ထဲထည့်ပေးလိုက်မိတယ်။ သူ့မျက်လုံးလေးတွေက တောက်ပလို့။ ပြီးတော့ စကားတစ်ခွန်းပြောတယ်။
‘ပန်းတွေ မေမေ့ဆီသွားပေးလိုက်ဦးမယ်။ ပြန်လာခဲ့မယ်နော်’ တဲ့။
ကျွန်မနှုတ်ဖျားက တိုးတိုးလေးညည်းနေမိတယ်။
‘နှစ်သစ်ကူးပြီ……..မောင်’
*****************************************
ရင်နှင့်ရင်း၍
အောင်မိုးသူ
24 comments
အလင်းဆက်@မောင်သူရ
December 20, 2014 at 7:31 am
ပြန်လာမယ်လို့ပြောပြီးးးး
ဘယ်တော့မှန်းမသိတဲ့ ဝေဝါးမှုနဲ့ ချန်ခဲ့လို့
ကျန်ခဲ့ရတာထက်စာရင်. . .
ပြန်မလာတော့ဘူးလို့ အပြတ်ပြောသွားမှာကိုသာ လိုချင်မိတော့တာပဲ။
မျှော်ရတဲ့ မောပန်းမှုက မခံစားနိုင်သူအတွက်တော့ ပြင်းထန်စွာ နာကျင်စေတယ်။ မွန်းကျပ်စေတယ်။
~~~~~
ပြတ်သွားတဲ့ လက်တစ်ဖက်က
မပြတ်ဘဲ ပုပ်ရိ လှိုက်စားနေစေတဲ့ လက်တစ်ဖက်ထက်တော့
ပိုကောင်းပါတယ်
CharTooLan
December 20, 2014 at 8:42 am
စာရေးသူက သစ်ခွပန်းအကြောင်းအကြောင်းတွေအဲ့လောက်နားလည်တာလား
အကိုးအကားများရှိ ပါသလား ခည
အောင် မိုးသူ
December 20, 2014 at 9:06 am
ကျတော် ဒန်ဒရိုဗီယမ်ရယ် ဗန်ဒါရယ် မိုကာရာရယ် အပင် ၇ဝလောက ်တစ်ယောက်တည်း စိုက်ဖူးပါတယ်။
မြစပဲရိုး
December 20, 2014 at 8:23 pm
သေချာရဲ့လား။
အမေ ရဲ့ အကူ ပါသေးတယ် မဟုတ်လား မာမီ ရဲ့ ဘွိုင်း လေးရဲ့။
ဇာတ်လမ်း ထဲ က သီချင်း က ရှေးတုန်း က “Lခွန်းရီ” သီချင်း။
အခု ဘယ်သူပြန်ဆိုထားလို့ သိနေတာလဲ ကွဲ့။
ဇာတ်သိမ်းမှာ လေးနှစ်၊ငါးနှစ် ကလေး က ညကြီး မင်းကြီး ဘယ်နှဲ့ကြောင့် အပြင်ရောက်နေလဲ။
တစ်ခြား အဓိပ္ပါယ် သက်ရောက်ထားလေသလား။
ဖတ်လို့ ကောင်းပါတယ် မောင်အောင်။ :))
ဟိုး တုန်း မြန်မာပြည်မှာ နှစ်ကူး တဲ့ ညတိုင်း အင်မတန် သောင်းကျန်းခဲ့တာပေါ့။
လွမ်းရမလား စဉ်းစားလိုက်ဦးမယ်။ lol:-)))
အောင် မိုးသူ
December 22, 2014 at 9:39 am
သစ်ခွပင်တွေစိုက်တဲ့အချိန်မှာတော့ မေမေမပါတော့ပါဘူး။ မေမေက အခုကျန်းမာရေးမကောင်းဘူး။ ငါးနှစ်အရွယ်ကလေးက ကန်ဘောင်ရောက်နေတယ်ဆိုတာ သူ့မိသားစုနဲ့ပါ။ ဖတ်ရှုတဲ့အတွက် ကျေးဇူးပါဗျာ။ အယ်ခွန်းရီသီချင်းကို ထွန်းအိန္ဒြာဗိုလ်က ပြန်ဆိုထားပါတယ်။ နှစ်ယောက်စလုံးဆိုတာနားထောင်ဖူးပါတယ် ဗျ။
Kaung Kin Pyar
December 20, 2014 at 9:48 am
မစ္စစ်စနိုးလို နာတာရှည်ဖြစ်တာထက်စာရင်….
မစ္စတာဂျွန်ပယ်ဒင်တန်လို ခြေထောက်ကျိုးသွားတာက ပိုဝမ်းသာစရာကောင်းတယ်…
CharTooLan
December 20, 2014 at 10:14 am
အတော်ပါပဲ သိချင်တာလေး မေးကျိပရဇီ 🙂
ကျနော်ချင်းပြည်နယ်ဘက်က ဗန်ဒါချောကလက်ရောင် ဝယ်လာဒယ်
ဝယ်ဂဒဲကပါလာတဲ့ အပွင့်ကတော့ ကုန်တော့မှာ
သူက ဘယ်အချိန်နဲ့ တစ်နှစ်မှာ ဘယ်နှစ်ခါလောက်ပွင့်တတ်လဲ မသိ
ပီးတော့ ဘာတွေအားဖြည့်ပေးသင့်ပါလဲ အာ့လေးတစ်ချက်လောက်သိလို့ရမလားခည
ကျေးကျေးပါ
မြစပဲရိုး
December 20, 2014 at 8:40 pm
ချာတူးရေ
အိမ်က မျိုးမတူတဲ့ သစ်ခွ နှစ်ပင် ကတော့ အေးတဲ့အချိန်မှာ နှစ်ခါလောက်ပွင့် တယ်။
အိမ်ထဲ မှာ ပန်းအိုးထဲ စိုက်ထားတာ။
ဖေဖဝါရီလ နဲ့ နိုဝင်ဘာ မှာ။
နှစ်ပင် လုံး တစ်ချိန်ထဲ အတူတူ ထပွင့်တာ။
ဒီအတိုင်း ဘဲ တစ်ပါတ်တစ်ခါ ရေလေးနဲနဲ ချင်း လောင်းပေးတာ။
သစ်ခွ ဆရာ ကတော့ ပိုသိမပေါ့။ 😉 :))
အောင် မိုးသူ
December 22, 2014 at 9:42 am
ဗန်ဒါတွေဟာ စပ်မျိုးဆိုရင်တော့ ဂရုစိုက်နိုင်ရင် အပင်သန်မယ်ဆို ရာသီမရွေးပွင့်ပါတယ်။ စပ်မျိုးမဟုတ်ဘဲ မျိုးစိတ်အစစ်ဆိုရင်တော့ တစ်နှစ်တစ်ခါလောက်သာပွင့်ပါတယ်။
အောင် မိုးသူ
December 22, 2014 at 9:41 am
ဗန်ဒါတွေဟာ စပ်မျိုးဆိုရင်တော့ ဂရုစိုက်နိုင်ရင် အပင်သန်မယ်ဆို ရာသီမရွေးပွင့်ပါတယ်။ စပ်မျိုးမဟုတ်ဘဲ မျိုးစိတ်အစစ်ဆိုရင်တော့ တစ်နှစ်တစ်ခါလောက်သာပွင့်ပါတယ်။
padonmar
December 21, 2014 at 1:21 am
ဖတ်လို့ကောင်းလိုက်တာ။
ဒါထက် မောင်က ဘယ်ရောက်သွားတာလဲ၊
ဖြူဖျော့တဲ့ နှုတ်ခမ်းနဲ့ ကြယ်ကြွေတာလည်းပါတော့ သေသွားတာလား။
ကလေးလေးအကြည့်ကို ခံစားဖူးတယ်ဆိုတော့ မောင်ရဲ့ကလေးလို့ ဆိုချင်တာလား။
လား….လား..လား..တွေအများကြီး။
မိုကာရာ ဆိုတာ ခုမှ ကြားဖူးတယ်။ဘယ်လိုလေးပါလိမ့်။
အောင် မိုးသူ
December 22, 2014 at 9:52 am
မိုကာရာသစ်ခွဟာ စပ်မျိုး တီဒုံ။ ပြီးတော့ အကြမ်းခံတယ် လေရှူအမြစ်နဲ့ပါပဲ သားနောက်တစ်ခေါက် ပုံနဲ့တင်ပေးပါ့မယ်။
မြစပဲရိုး
December 21, 2014 at 8:58 pm
{
ခိုဖြူခိုပြာများ အုပ်ဖွဲ့ပျံသန်းကာxxxxxအိမ်ခေါင ်ထိပ်ဖျားမှာ နားကြပြီxxxxxxx မောင်ပြန်လာမယ့် ပြောတဲ့နေလွန်ခဲ့တာxxxxxx မိုးတွင်းလေးတစ်ခု ပြက္ခဒိန်ပေါ် ဖြတ်သွားxxxxနှုတ်ခမ်းဖျားနဲ့မလွမ်းပါရှင်xxxxနှလုံးသားနဲ့လွမ်း နေမယ်
…မောင်ပြန်လာမလား ခိုလေးအတိုင်းညည်းလို့နေxxxxxxx x
}
ဟင်းချက်ကောင်းတဲ့ အမေချစ် စာရေးဆရာလေး မောင်အောင် ရဲ့ စာထဲ ပါတဲ့ သီချင်းစာသား က နားထဲ က နေ မထွက်ဘူး။
အဲဒါကို ဆို ရင်း သီချင်းနာမယ် စဉ်းစားတော့ “ဓာတ်ပြားဟောင်းတစ်ချပ်” တဲ့။
ဇာတ်လမ်း ဆက်ရရင် …
အဲဒီသီချင်းက ခင်သီတာထွန်း ရဲ့ တစ်ခါက နာမည်ကြီး ကလီရိုပါထရာ MTV ထဲ ပါတယ်။
အဲဒီ ကလီရိုပါထရာ MTV ဆိုတာ ဟော့ လွန်းလို့ ဆိုပြီး အပိတ်ခံ ရပါ့။
နားထောင်ချင်ရင်
“ဓာတ်ပြားဟောင်းတစ်ချပ်”
https://www.youtube.com/watch?v=hkS05PjPsOY
ဘယ်လို ဟော့ လဲ ကြည့်ချင်ရင်
“ကလီရိုပါထရာ”
https://www.youtube.com/watch?v=cXMXhkWxyTA
နောက်တစ်ပုဒ် က ဘောင်းဘီတို နဲ့ အင်းယားကန်ဘောင်ပေါ်မှာ ပြေးလို့ တဲ့။
“ပင်စင်ယူပါဦး”
https://www.youtube.com/watch?v=3-4QokyGrHA
အဲဒီ တုန်းက မြန်မာ့ယဉ်ကျေးမှု နဲ့ မကိုက်လို့ အပိတ်ခံ ရတဲ့ ပုံ တွေဆိုတာကို အခုချိန် မှာ ကြည့်ရင် ဟားတိုက် ရီကြမလားဘဲ။
ပြောချင်တာက ဒီလိုပါ။
ဘာမှမဟုတ်တဲ့ အကြောင်း လေး တွေ ကို ဇာချဲ့ ပြီး
တကဲ့ အရေးကြီး ဆင်ခြင် ပြင်ဆင် သင့်တာတွေ ကို သတိမကပ် နိုင် ဖြစ် တတ်ကြတော့ တိုင်းပြည်ကြီး ပျက်စီးရတာမို့ …
ကြုံ တုန်း မဆီမဆိုင် “စုန်းမ စာ” ချ သွားပါတယ်။
လူ့ဘဝ တိုတို လေးပါ။
စိတ်ညစ်စရာ အမုန်းတရား အာဃာတ တွေ နဲ့ အသက်မရှု ချင်ကြပါနဲ့။
နှစ်သစ်မှာ အားလုံး အသိတရားမပြတ်ဘဲ မိမိအကျိုး ရော အများအကျိုး ကိုပါ သယ်ပိုးနိုင်ကြပါစေ။
ပုံ
ရွာ့စုန်းမ
ကိုယ် မလုပ်ဘဲ သူများ ကို စာချသည်။ lol:-))))))))))))))))))))))
+++++++++++++++++++++++++++++++
သူတစ်ပါး အပြစ်ဖို့ပြီး
သူတစ်ပါး မကောင်းကြောင်း စဉ်းစားနေတာ ..
ငြိမ်းနေတဲ့မီး ပြန်တောက်အောင် လုပ်နေတာပဲ။
ကိုယ့်ကိုကိုယ် အပြစ်ဖို့ပြီး
သူတစ်ပါးကောင်းကြောင်း စဉ်းစားသူသာ ..
တောက်နေတဲ့မီး ငြိမ်းစေသူလို့ ဆိုရတယ်။
( မဟာဗောဓိမြိုင် ဆရာတော်ဘုရားကြီး )
++++++++++++++++++++++++++++++
“သတိထားပါ”လို့ ပြောတဲ့စကားဟာ
စိတ်ကို ကျ,မကွဲအောင် သတိနဲ့ကိုင်ထားပါ – လို့ ပြောတဲ့စကားပါ။
သတိဟာ သာသနာက နံပါတ်တစ်တောင်းတဲ့ အရေးကြီးဆုံးတရား ဖြစ်တယ်။
သတိဆိုတာ လိုတယ်လို့သာ ရှိတယ်၊ ပိုတယ်လို့ ဘယ်တော့မှ မရှိဘူး။
ဘယ်လောက်ပဲ ပညာတတ်နေပေမယ့် “ပညာရှိ၊ သတိဖြစ်ခဲ” ဆိုတဲ့အတိုင်း သတိလွတ်နေတဲ့အခါ စိတ်စွမ်းရည်ဟာ တိုးတက်မလာပါဘူး။
သတိရှိနေမှသာ ဘဝခရီးကို ဖြောင့်အောင် သွားတတ်မယ်၊
ငြိမ်းချမ်းအောင်လဲ နေတတ်မယ်၊
စိတ်အပူ အခိုးအငွေ့ ကိလေသာနှင့် သံသရာခလုတ်ကိုလဲ ရှောင်တိမ်းတတ်မယ်။
( တိပိဋကဓရ ယောဆရာတော်ဘုရားကြီး )
++++++++++++++++++++++++++++++++++++++++
Yae Myae Tha Ninn
December 22, 2014 at 2:10 pm
ဟိုးတလောက စိုးပိုင် အမှတ်တရပွဲမှာ ပြောသွားသလိုပေါ့… ဂျင်းဘောင်းဘီဝတ်လို့ တည အချုပ်ထဲ နေရတဲ့ ခေတ်…. အဲဒါကို ပြောတာမလား.. အရီး… 🙂
Lay Pai
December 21, 2014 at 10:51 pm
မြန်မာနှစ်ကူးတော့ မဖြစ်နိုင်။ ၄ လလောက် လိုသေးတယ်။
အင်္ဂလိပ် နှစ် ကူး ကို ပြေတာ ဆိုရင်တော့ မသိချင်ယောင် ဆောင်နေ လိုက်မယ်။
ဒီနေ့ က ရင် နှစ်ကူးးနေ့ မို့ ဒီပို့ မှာ ဒီ ကွန်းမန့် ကို ရေး လိုက် တယ်။
တိုင်ရင်းသားအားလုံး ငြိမ်းချမ်းစွာ တန်းတူ အခွင့်အရေး ရပါစေ။
မှတ်ချက်။ ။သတိထားမိတာ တာ ၄-၅ နှစ်ခန့် ရှိပါပြီ။ မြန်မာပြည် တွင် သီတင်းကျွတ် တန်ဆောင်တိုင် ထက် ခရစ္စမတ်ကို ပို ၍ အလှဆင်နေကြ သည် ကို ကရင် ဗုဒ္ဓ တစ်ဦး အနေဖြင့် ရိုးသားစွာ ဝမ်းနည်းနေရ ပါကြောင်း။
အောင် မိုးသူ
December 22, 2014 at 9:54 am
ခရစ္စမတ်တို့ဘာတို့တော့ အလေးမထားပါဘူး။ နှစ်ကူးဆိုတာကလည်း မြန်မာ့နှစ်သစ်ကူးမဟုတ်ပေမယ့် ဒီ ပြက္ခဒိန်နဲ့သာ အလုပ်လုပ်နေတဲ့အတွက် နှစ်ကူးဆိုတာကို သတ်မှတ်တာပါ။ အဓိက ကို့ယဉ်ကျေးမှုကိုတော့ ဘယ်တော့မှ မမေ့ပါဘူး။ ကျတော်က ကိုယ်တိုင်ယုံကြည်သက်ဝင်တဲ့ ဗုဒ္ဓဘာသာ တစ်ယောက်ပါ။
Kaung Kin Pyar
December 22, 2014 at 9:41 am
ကရင်ဗုဒ္ဓ တဲ့….။
အမျိုး တစ်ယောက် ရဘီ….
CharTooLan
December 22, 2014 at 10:40 am
http://www.fngla.org/TPIE/2014/images/showcase/Vanda.jpg
ဒဂယ်ဒေါ့ ဒလိုမျိုးစိုက်ထားချင်တာရယ်
အပင်သေသွားမှာစိုးလို့ သေချာနားမလည်တာလဲပါလို့ မလုပ်ရဲသေးဘူး
ရှင်းပြပေးကြတာကျေးကျေးပါ ခည 😀
အောင် မိုးသူ
December 22, 2014 at 11:43 am
အဲ့ဒါအလှထည့်ထားတာနေမှာ အဲ့လိုစိုက်ရင်ဖြစ်မှာမဟုတ်ဘူးဗျ။ လေရှူမြစ်နဲ့သစ်ခွပင်ဟာ အဲသည်အမြစ်တွေကို ဖြတ်သန်းစီးဆင်းတဲ့ လေရမှသာ အပင်က ကောင်းကောင်းဖြစ်တာပါ။
kyeemite
December 22, 2014 at 11:45 am
.ဖတ်လို့ကောင်းတယ်ဗျာ…သစ်ခွအကြောင်းတော့သိပ်မသိဘူး…
Mr. MarGa
December 22, 2014 at 5:15 pm
နှစ်သစ်ကူးပြီ အောင်…
ယောင်တောင်ပေါင်တောင် မလုပ်နဲ့တော့ :loll:
အောင် မိုးသူ
December 23, 2014 at 10:39 am
ယောင်တောင်ပေါင်တောင် မာဃပဲလုပ်မယ်။
ခင်ဇော်
December 23, 2014 at 8:00 am
ငိုသွားတယ်လို့။
ငိုချင်လို့။
😥
အောင် မိုးသူ
December 23, 2014 at 10:43 am
တကယ်ငိုသွားတာလား မမ…