သူမနဲ့အိမ်မက်
အိပ်ရာကနိုးလာပေမယ့် လူက ကြည်ကြည်လင်လင်မရှိပဲ ထိုင်းမှိုင်းနေသည်။
ညက ဧည့်သည်တွေ တော်တော်နဲ့မပြန်ကြ …..
မနက်(၃)နာရီလောက်မှ ပြန်သွားသဖြင့် မနက်ကို နေမြင့်အောင်အိပ်လိုက်သည်။
သူမတို့ကို မုန့်ဖိုးများများ ပေးနေသည့် ဆိုင်ကို လာနေကျ တရုတ်ပေါက်ဖော် သူဋ္ဌေးနှင့်သူ့အပေါင်းအသင်းများဖြစ်သဖြင့်
သူမတို့ လဲ မငြိုငြင်ရဲပေ…အစွမ်းကုန်ပြုစုနိုင်လေ မုန့်ဖိုးများများရလေ….
သူတို့လို ယောကျာ်းမျိုးများများလာလေ ဆိုင်မှသူဋ္ဌေးအပါအဝင် သူမတို့က ကြိုက်လေပင်…
အဓိက ကတော့ဆိုင်ပိုင်ရှင် သူဋ္ဌေးပေါ့…သူမတို့ကတော့ ဧည့်သည်ကသက်သက်ပေးသည့် မုန့်ဖိုးရမှသာ အူစိုနိုင်သည်။
ဆိုင်က ရသည့်လခနှင့် ကော်မရှင်ခ ကတော့ သန်လျှင်မှာ နေသည့် ပန်းနာရောဂါသည်အမေ နှင့် အရွယ်မရောက်သေးတဲ့မောင်လေး အတွက် ရသမျှပို့လိုက်တာ များသည်။
သူမအတွက်က ဧည့်သည်ဆီမှ ရသည့် သီးသန့်ရသည့် ပိုက်ဆံနှင့်သူမအတွက် ရပ်တည်ရသည်။
ရသလားဆိုတော့ တခါတလေလည်း မြိုးမြိုးမြက်မြက် ရတက်သည်။
ရသမျှလည်း ကုန်သည်။ဧည့်သည် သဘောကျအောင် ဝတ်ရစားရသေးတယ်လေ……
ဧည့်သည်က သဘောကျသွားလို့ ကိုယ့်ကို နောက်နေ့ ဒိတ်လျှင် သူမတို့အတွက် အပိုငွေပေါ့…….
ဒါကလည်း ဆိုင်သို့လာသော ဧည့်သည်တိုင်း မဟုတ်သဖြင့် အတိအကျတော့ တွက်လို့မရပါ……..
တချို့ဧည့်သည်များကလည်း ပထမရက်တွေ ဒိတ်လျှင်သာ ပိုက်ဆံပေးတက်ကြပေမဲ့ လေး၊ငါးကြိမ်လောက်ဖြစ်လာလျှင်တော့
အစားအသောက်ကျွေးတာမျိုး၊လက်ဆောင်ပေးတာမျိုးတွေသာ ရှိတော့သည်။
ဘာပဲဖြစ်ဖြစ် သူတို့ပြောတဲ့ အချစ်ဆိုတာကို သူမ နားမလည်ပေမယ့် ဒီလို စားသောက် သွားလာ လည်ပတ်နေရတာကိုတော့
သူမ သဘောကျသည်။အရင်တုန်းက ဒီလို ဝတ်စားနေထိုင်သွားလာဖို့ဆိုတာ သူမတို့အတွက် အိမ်မက်လိုပဲ……
တချို့ဧည့်သည်များမှာ ငယ်ရွယ်သော လူငယ်များဖြစ်သဖြင့် သူမတို့အတွက် လူငယ်သဘာဝ ရင်ခုန်စိတ်လှုပ်ရှားဖွယ်
အတွေ့အကြုံများပေါ့…အသက်ကြီးကြီး ဘဲကြီးများကတော့ ရေလျှံတာ များသဖြင့် သူမတို့က ရဲဘော် (လျှော်ဘဲ ) ဟု ခေါ်လေ့ရှိသည်။
ရေလျှံသော ဘဲကြီးများဖြစ်ဖြစ်၊ကောင်လေးလန်းလန်းများပဲဖြစ်ဖြစ် သူတို့လိုအင်ဆန္ဒတွေဖြည့်ဆည်းပေးနိုင်
ရင်ပေးနိုင်သလို သူမတို့လိုအပ်ချက်ကိုလည်း ပြန်လည်ဖြည့်ဆည်းပေးကြသဖြင့် ဒါဟာ မျှတတဲ့ ကစားပွဲလို့ သူမယုံကြည်ထားတယ်….
အရင် သူမအလုပ်လုပ်ခဲ့တဲ့ အထည်ချုပ်မှာတုန်းက ပင်ပန်းစွာ တနေကုန် အလုပ်လုပ်ပီး စက်ရုံကပေးတဲ့ အခန်းကျဉ်းလေးမှာ ထမင်းဝရုံလောက်
နဲ့ လုပ်ခဲ့ရတာ..ဒီလို စားသောက်ဆိုင်တွေ၊ရှော့ပင်းမောတွေဆိုတာ သူမအတွက်အိမ်မက်လိုပါပဲ…….
စက်ရုံနားက ထမင်းဆိုင်က အဒေါ်ကြီးချိတ်ပေးလို့ ဒီ ကေတီဗွီမှာ သူမ အလုပ်ရခဲ့သည်။
အမေ့ဆေးဖိုးနှင့် မောင်လေး ကျောင်းစရိတ်အတွက် သူမ မျက်စိစုံမှိတ်ပီး အလုပ်လုပ်ခဲ့သည်။
စစလုပ်ချင်းတုန်းကတော့ သူမအတွက် အင်္ကျီလည်ပြတ်များ၊စကတ်တိုများက စိတ်ကသိကအောက်ဖြစ်ရပေမဲ့ အဲလိုဝတ်ရတာ သူမသဘောကျသည်
နောက်ပိုင်း အလုပ်ကသင်သွားတော့လည်း အဆင်ပြေသွားတာပါပဲ… အခုဆို ဒေါက်မြင့်မြင့်ဖိနပ် နှင့် မီနီစကတ် တို ကို စမတ်ကျကျ သူမ ဝတ်တက်နေပီလေ…
အမေနှင့် ကျောင်းတက်နေတဲ့ မောင်လေးအတွက် လည်း လုံလုံလောက်လောက် သူမ ထောက်ပံ့နိုင်သည်။သူမ ၁ဝ တန်း မအောင်မြင်ခဲ့ပေမဲ့ မောင်လေးကတော့ ပညာပါရမီပါသည်။
နှစ်စဉ် ကျောင်းမှာ ဆုတက်ယူနေကျ မောင်လေးအတွက်ဂုဏ်ယူရပေမဲ့ သူမအလုပ်အတွက် သူမမိသားစု ဂုဏ်မယူနိုင်မှာတော့ သေချာသည်။
သူမ အထည်ချုပ်မှာ အလုပ်လုပ်နေတုန်းလို့ သူတို့ ထင်နေကြတာ….
မသန့်ရှင်းတဲ့ ငွေမှန်းသိရင် အမေနဲ့မောင်လေး ဘယ်လိုများ တုန့်ပြန်ကြမလဲ…
သေချာတာကတော့ သူတို့လည်း ငွေလိုကြတာပဲလေ…ငြင်းမှ မငြင်းနိုင်ကြပဲ….
အမေကလည်း ရောဂါသည်၊မောင်လေးကလည်း ကျောင်းသား ငွေရှာနိုင်တာ သူမပဲရှိတာလေ….
အဖေဆုံးသွားကတည်းက အမေနဲ့သူမတို့မောင်နှမ နှစ်ယောက်ရဲ့စားဝတ်နေရေးအတွက် သူမ(၁၀)တန်းကျကတည်းက ကျောင်းဆက်မတက်ဖြစ်တော့ပဲ
အထည်ချုပ်မှာဝင်လုပ်နေတာဖြစ်သည်။
တခါတလေတော့လည်း ငွေစုပီး ကောင်းရောင်းကောင်းဝယ် လုပ်စားမလား စဉ်းစားမိပေမဲ့ ဒီလောကထဲက သူမ မရုန်းထွက်နိုင်ပါ…
ဒီမှာက ပိုက်ဆံကို အလွယ်တကူရှာနိုင်တယ်လေ အပင်ပန်းခံပီးလုပ်နေစရာမှ မလိုတာ….
သူမ အိမ်မက်ထဲမှ ဖြစ်ချင်သော ဆန္ဒများကို ဒီသကောင့်သားတွေကပဲ ဖြည့်ဆည်းပေးနေတာလေ
သူတို့ လိုချင်တာလည်း ပေးရသပေါ့လေ…ဒါကတော့ အပေးရှိမှ အယူရတာကိုး
ဧည့်သည်တွေ သဘောကျအောင် မသဘာဝ အလှအပ များကို အစွမ်းကုန်ပြင်ဆင်ပြီး ချိုအီပြောင်းနွဲ့စွာ ဆက်ဆံရသည်
တချို့ကျတော့လည်း စုံတွဲသီချင်းလေး တူတူ တွဲဆိုပေးရုံ ၊ သူတို့ သောက်မည့် အရက်ခွက်များ ဌဲ့ပေးရုံ နှင့် ပင် ကျေနပ်ကြသည်
တချို့ကျတော့လည်း အဲထက်မက အသားယူပီး ပွေ့ဖက် ဟိုကိုင် ၊ ဒီကိုင် လုပ်ရမှ ကျေနပ်ကြသည်
တချို့ကျတော့လည်း ဒီအဆင့်နဲ့တင် မကျေနပ်ပဲ နောက်နေ့ ဟိုမှာ တွေ့ရအောင် ၊ ဒီမှာ တွေ့ရအောင် စသဖြင့် ချိန်းတက်ကြသည်
အများဖြင့် ပြောရလျှင် ယောကျာ်းတော်တော်များများက ကျားသတ္တဝါတွေဆိုတော့ သက်သက်လွတ်တော့ မစားကြပေ
သူမကတော့ အိမ်ထောင်သည် ယောကျာ်းများဆိုလျှင်တော့ အတက်နိုင်ဆုံးရှောင်သည်
ဧည့်သည်ဘက်က အတင်းတိုးလာလျှင်တော့ မတက်နိုင်ပါ။ဒါ သူမတို့ စီးပွားရေးလေ…
အော်…အိပ်ရာထဲမှာ ဟိုတွေး၊ဒီတွေးနဲ့ အချိန်တောင် တော်တော်လင့်နေပီပဲ
ဗိုက်လည်းဆာလှပီ…ဘယ်နှစ် နာရီတွေထိုးကုန်ပါလိမ့်….
“နိုးနိုး ထတော့လေ ၁နာရီထိုးနေပီ….“
“အေးပါ ထပါပီဟ ဒါနဲ့ နင်ကဘယ်လဲ…လမ်းကြောင်းလား“
“အေးပေါ့ မနေ့က ဧည့်သည် တစ်ယောက် ချိန်းသွားလို့“
“ဟုတ်လား ဘယ်မှာလဲ“
“ ဟဟ ဒါတော့ ဘယ်ပြောမလဲ သွားပီနော်“
“အေးအေး“
အော် ဒါနဲ့ ကျမ နာမည်က မြတ်နိုးပါ…ဒီလောက ကတော့ နိုးနိုး လို့ ခေါ်ကြတယ်
အသက်ကတော့ ဆယ့်ကိုး ပြည့်တာ မကြာသေးဘူးရှင့်
ပီးတော့ ဒီကေတီဗွီ မှာ ကျမ က အချောဆုံးလို့ ပြောကြတာပဲ
အထူးသဖြင့် ကျမရဲ့ နှုတ်ခမ်းဖူးဖူးလေးနဲ့စွဲမက်စရာကောင်းတဲ့ ကို်ယ်ခန္ဓာကောက်ကြောင်းတို့ကြောင့်ပေါ့
သူတို့ကတော့ ချစ်လှပါချည်ရဲ့တဲ့…ဒါကလည်း ကာလအတိုင်းအတာ တစ်ခုပါပဲ…ကြာတော့လည်း ရိုးအီသွားရင် စွန့်ပစ်သွားကြတာပါပဲ
ဒါလည်း ကောင်းပါတယ်။ကျမကိုယ်တိုင်လည်း အချစ်ဆိုတာ မသိချင်ပါဘူး…
“နိုးနိုးရေ ဝမ်းအိုတူး ကို သွားလိုက်ဦး..“
“ဟုတ်“
ဝမ်းအိုတူး အခန်းထဲကို ဝင်လိုက်တော့ ကျမထက်အသက်အနည်းငယ်ပဲ ကြီးပုံရသော လူငယ် လေး၊ငါးယောက်ကို တွေ့ရသည်
“ဒီကိုလာ ညီမလေး“
“ဟေ့ကောင် ငါခေါ်ထားတာလေ“
“မင်း တစ်ယောက် ထပ်ခေါ်လိုက် သားကြီး…ဒီတယောက် ငါ့အတွက်“
“အဲကောင်ကွာ“
“ညီမလေး သီချင်းဆိုရအောင်…“
သူမ သီချင်းဆိုဖို့ သူ့လက်ထဲက မိုက်ကို လှမ်းယူလိုက်သည်။
အို သူ့မျက်လုံးတွေက ရင်ခုန်စရာကောင်းလိုက်တာ…သူမ မခံစားဖူးသော ခံစားချက်တစ်ခုဖြင့် ရင်မှာ နွေးသွားသည်။
သူနှင့်အတူ သီချင်းဆိုရင်း ကြည်နှုးမှုတမျိုးနှင့် ရင်က လှိုက်ခုန်လာသည်။
ဘုရား ရေ …ငါဘာဖြစ်နေတာလဲ…..
သီချင်းတူတူဆိုရင်း သူက သူမပခုံးလေးကိုဖက်လိုက်သောကြောင့် သူမအလိုက်သင့် သူ့ရင်ခွင်ထဲရောက်သွားသည်။
သီချင်းထဲကလို အချစ်ဆိုတာ ဒါပဲလား…သူ့ရင်ခွင်ထဲမှာ နေရင်း သူ့ကိုယ်သင်းနံ့လေးကို ရှုရှိုက်ရင်း ဒီအချိန်ခဏလေး
ပြီးဆုံးသွားမှာ ကြောက်နေမိသည်။ ဘဝတူသူငယ်ချင်းများပြောတဲ့ အချစ်စစ်နဲ့ မချစ်မိစေနဲ့…ငါတို့ဘဝက အချစ်ဆိုတာနဲ့
မတန်ဘူးတဲ့….ဟင့်အင်း သူမ အချစ်ဆိုတာကို ခံစားဖူးချင်ပါသေးရဲ့ …
သူတို့သူငယ်ချင်းတွေ ပြန်ကြတော့ သူက တိုးတိုးလေး ပြောသွားသည်
“နောက် တွေ့လို့ ရဦးမလား“
“ဟုတ်“
“အိုကေ ကိုယ် ဖုန်းဆက်လိုက်မယ်…ဖုန်းရှိလား“
“ဆိုင်ဖုန်းပဲ ဆက်လိုက်လေ အကို“
“ကေ“
နောက်တနေ့လုံး သူမ ဖုန်းသံကြားတိုင်း သူ့ဆီကလား ဆိုတဲ့ မျှော်လင့်ချက်ဖြင့်ရင်ခုန်သွားရပေါင်းလည်း မနည်းတော့…
ထိုနေ့တနေ့လုံး သူမစောင့်စားနေခဲ့သော ဖုန်းကမလာခဲ့ပါ…
အင်းပေါ့လေ သူမတို့လို မိန်းကလေးတွေကို ဘယ်ယောကျာ်းက တန်ဖိုးထားပီး ကတိတည်နေမှာလဲနော်
သူမ လောဘကြီးမိတာနေမှာပါလေ….အသဲကွဲတယ်ဆိုတဲ့ ခံစားချက်က ဒီလိုကြီးပဲလား…အချစ်ဆိုတာ အလွမ်းရဲ့မိတ်ဆွေတဲ့
လွမ်းလိုက်တာ သူရယ်….မျှော်လင့်ချက်လေးတော့ ထားခွင့်ရှိတယ်မဟုတ်လား ချစ်သူ…..ဒါလေးတော့ ခွင့်ပြုပါနော်
ဒီလိုနဲ့ သူမအတွက် သမာရိုးကျနေ့ရက်များကို ကျော်လွန်ဖြတ်သန်းခဲ့ပေမယ့် သူများ လာမလားဆိုတဲ့ မျှော်လင့်ချက်ကတော့
ရှင်သန်နေဆဲပါ….
“နိုးနိုးရေ…ဧည့်သည်တွေ လာတယ်…နင့်ကို ခေါ်ခိုင်းလိုက်တယ်“
“ ဟုတ် ဘယ်အခန်းလဲ“
“ဝမ်းအိုတူး“
“အင်း သွားလိုက်မယ် အခု“
“အို…သူပါလား“အံ့ဩစိတ်နဲ့အတူ ဝမ်းသာမှုက လှိုက်ခနဲ တက်လာသည်။
ဒီနေ့တော့ သူတစ်ယောက်ထဲပါ။
“အကို တစ်ယောက်ထဲလား“
“အင်း ဟုတ်တယ် …ဟိုတလောက ညီမပေးလိုက်တဲ့ ကဒ်ပျောက်သွားတယ်…အဲဒါမို့ ဖုန်းမဆက်ဖြစ်တော့ဘူး…
အလုပ်လည်း နဲနဲရှုပ်နေတာနဲ့ ဒီထပ်မလာဖြစ်တာ…“
“နိုးနိုးက အကိုကို့ မျှော်နေတာ“
“ဟုတ်လား… ဘာလို့“
“အစ်ကိုပဲ ဖုန်းဆက်မယ်ဆိုပီးတော့ သူများကို ပုံပြောသွားတယ်“
“ဟား ဟား ဟုတ်ပါပီး….ကဒ်ပျောက်သွားလို့ပါကွာ..စိတ်မဆိုးပါနဲ့“
“အင်းပါ…ဘာသီချင်းထည့်ပေးရမလဲ“
“ဒီနေ့ကသီချင်းဆိုဖို့လာတာမဟုတ်ဘူး နိုးနိုးနဲ့တွေ့ချင်ရုံသက်သက်ပဲ…မနက်ဖြန် sunday နိုးနိုးအားလား“
“အားပါတယ် အကို“
“ဒါဆို မနက်ဖြန် ရုပ်ရှင်သွားကြည့်ရအောင်“
“ရုပ်ရှင်သွားကြည့်မယ် ဟုတ်လား“
“အင်းလေ ဘာလို့လဲ နိုးနိုးက ရုပ်ရှင်ကြည့်ရတာ မကြိုက်ဘူးလား“
“အော် မဟုတ်ပါဘူး…ကြိုက်ပါတယ်“
“အိုကေလေ…ဒါဆိုမနက်ဖြန် ကိုယ်လာစောင့်နေမယ်…၁ဝနာရီလောက် နိုးနိုးထွက်ခဲ့လိုက်လေနော်“
“ဟုတ်ကဲ့ပါ…သီချင်းတော့ ဆိုသွားဦးလေ အကို…တဆက်ရှင်မှာ မပြည့်သေးတာ“
“တော်ပီ မဆိုတော့ဘူး…ကိုယ်ပြန်တော့မယ်..မနက်ဖြန် ကိုယ်စောင့်နေမယ်နော်“
“ဟုတ်ပါပီရှင့်“
သူပြန်သွားတော့ သူမပျော်ရွှင်စွာ လေချွန်လိုက်သည်။စောင့်စားနေသော နေ့ရက်လေးတွေ နောက်ဆုံးတော့
သူမပိုင်ဆိုင်ခွင့် ရခဲ့ပီလေ…ဒါဟာ ဘုရားပေးတဲ့ဆုပေါ့…ကျေးဇူးတင်ပါတယ် လောကကြီးရေ…..
နောက်တနေ့ သူမအစွမ်းကုန် လှပအောင်ပြင်ဆင်သည်။မှန်ထဲမှာ ကိုယ့်ကိုကိုယ် ကြည့်ရတာ ဘာလိုမှန်းမသိ..
သူ့အတွက် သူမအလှပဆုံးဖြစ်နေစေရမည်။ချိန်းထားတဲ့ အချိန်နောက်မကျအောင် သူမစောထွက်လာလိုက်သည်။
အိုသူလည်း ရောက်နေပီပဲ…အဝေးမှပင်သူ့ပုံစံက ထင်ရှားစွာ စမတ်ကျလွန်းနေသည်။ရင်ခုန်စွာဖြင့် လျှောက်လာသော
သူမခြေလှမ်းတို့သည် တုန်ရီစွာဖြင့် အယောင်ယောင်အမှားမှား…
သူ့နားရောက်တော့ သူက မျက်ခုံးကြုံ့ပီး သူမကိုကြည့်သည်။
“ရုပ်ရှင်ရုံသွားမှာ ဒီလိုကြီးဝတ်လာခဲ့တာလား“
အို ဟုတ်သားပဲ..နေ့ခင်းကြောင်တောင်ကို လှချင်စိတ်ဖြင့် သူမ ဝတ်စားလာခဲ့တာ လူမြင်မတင့်တယ်စရာများဖြစ်သွားပီလား…
“ဘာလို့လဲဟင်“
“အဲလောက်တိုတာ မဝတ်နဲ့လေ…မင်းကို ယောကျာ်းတွေကြည့်ကြမှာ …ကောင်းတဲ့မျက်လုံးနဲ့ကြည့်ကြမှာတော့ မဟုတ်ဘူး“
ဒါ သူ သူမကို သဝန်တိုတာများလား…
“ဟုတ် နောက်မဝတ်တော့ဘူးနော် အကို“
“လာ သွားမယ်…ရုပ်ရှင်ချိန် နောက်ကျနေဦးမယ်“
ရုပ်ရှင်ရုံထဲရောက်တော့လည်း သူမပခုံးကို ဖက်ရုံမှ တပါး အခြားအခွင့်အရေးများ သူမယူခဲ့ပါ…
ရုပ်ရှင်ကြည့်ပီးတော့ သူမတို့နေ့လယ်စာ စားကြသည်။စားဖူးသမျှထဲမှာ ဒီနေ့ သူနဲ့တူတူစားရတဲ့
နေ့လယ်စာ ဟာ အရသာ အရှိဆုံးပါလို့ ပြောရင် သူမကို ပိုလွန်းတယ် လို့ ပြောကြမှာလား…..
ဒါတွေဟာ အိမ်မက်လေးတစ်ခု ဖြစ်ခဲ့မယ်ဆိုရင်တောင် ဒီအိမ်မက်က သူမဘယ်တော့မှ နိုးမထချင်တော့ပါ။
“နိုး ဘယ်လိုစားနေတာလဲ“
ဟမ်ဘာဂါကို လက်ဖြင့် အားပါးတရ ကိုင်စားနေသော သူမ ပလုတ်ပလောင်းစားရင်း မျက်လုံးပြူးသွားသည်။
ဒုက္ခပဲ…သူမ ဘာအမှား လုပ်မိပြန်ပြီလဲ…
“ဘာလို့လဲ အကိုရဲ့..ဒီလိုပဲကိုင်စားနေကျဟာ“
“ဒီမှာ ဓါးနဲ့ခက်ရင်းပေးထားတယ်လေ…ဒီမှာကြည့် ဒီလို အသာလေးဓါးနဲ့လှီးပီး ခက်ရင်းလေးနဲ့ထိုးစားလေကွာ“
“မစားတက်ဘူး…ပီးတော့ တလုပ်လေးစားရဖို့ကို အလုပ်အရမ်းရှုပ်တယ်..ဒီလိုကိုက်စားလိုက်တော့ ပီးရောပေါ့“
သူမရယ်ကျဲကျဲဖြင့် ပြောတော့ “ကျွတ်“ဟု သူစုပ်သတ်ပြီး ဘာမှမပြောတော့…
သူပြောပြီးနောက်ပိုင်း သူမ လုံလုံခြုံခြုံပဲ ဝတ်တော့သည်။ဧည့်သည်တွေက နောက်နေ့ ဒိတ်ရင်လည်း သူမအကြောင်းပြချက်
တစ်ခုခု နှင့် ငြင်းဆန်တက်လာသည်။ဒါဟာ သူ့အပေါ်ထားသည့် သူမရဲ့ သစ္စာတရားပေါ့…
သူကလည်း အလုပ်အားရင်အားသလို သူမကို ဖုန်းဆက်ချိန်းပီး လည်ပတ်စားသောက်လေ့ရှိသည်။ရှော့ပင်းအတူတူ မထွက်ဖြစ်ပေမယ့်
သူမအတွက် မြန်မာဆန်ဆန် အဝတ်အစားများ ဝယ်လာလေ့ရှိသည်။
အစားအသောက်စားနည်းကို လည်း သူကြိုက်သည့် ပုံစံအတိုင်း စားတက်အောင် လေ့ကျင့်ပေးသည်။
ပခုံးဖက်ရုံ၊သူမပါးကို နမ်းရုံထက် အခွင့်အရေးမယူတက်သောသူ့ကြောင့် ရေလာဖို့မြောင်းပေးသော သူမ ကိုယ့်ကိုကိုယ် ရှက်တက်လာသည်။
သူနှင့် တွေ့လျှင် သူက ဘယ်လိုနေထိုင်စားသောက်ပါ ဟု သင်ပေးတက်သော ၊ သူလိုချင်သောပုံစံကို ရိုက်သွင်းနေသော သူ
သူမကိုများ လက်တွဲဖော်အဖြစ် စဉ်းစားနေလို့လား ဟု မဝံ့မရဲစွာဖြင့် သူမ မျှော်လင့်ကြည့်သည်။
ဘာပဲဖြစ်ဖြစ် သူပြောသမျှကို သူမခေါင်းလေးညိတ်ပြီးနားထောင်ဖို့ ဝန်မလေးပါ။
ဒါတွေဟာ သူ့ကို သူမသိပ်ချစ်လို့ဆိုတာ သူသိရင်သိပ်ကောင်းမှာ…သူမတို့ တွေ့ကြသော အကြိမ်ရေ တဖြည်းဖြည်းစိပ်လာသည်နှင့်အမျှ
သူ့အပေါ်မှာ သူမရဲ့ ငြိတွယ်မှုသည်လည်း တဖြည်းဖြည်းခိုင်မာလာသည်။
ဒါပေမဲ့ သူ့နှုတ်ဖျားက သူမမျှော်လင့်နေသော ချစ်တယ် ဆိုတဲ့စကားကို မကြားရသေးပါ…
ဘယ်လိုပဲဖြစ်ဖြစ် သူ့ဘေးနားကနေပီး သူ့မျက်နှာ ကြည့်နေရရုံနဲ့ သူမကျေနပ်နိုင်ပါသည်။
သူမအကြောင်းများကို သူ မမေးပေမယ့် ပြောပြထားသည်။သူလည်း သိမှာပါလေ…နိုးတို့ရဲ့ ဘဝရပ်တည်မှုအကြောင်းကို….
ဒါပေမယ့် သူမကိုယ်တိုင်ပြောပြခြင်းဖြင့် စိတ်ရှင်းချင်သည်။
သူ့အကြောင်းများတော့ ရေရေရာရာ သူမဘာမျှမသိ..သူကိုယ်တိုင်ကလည်း မပြောပြသလို သူမကလည်း အလိုက်သိစွာ မမေးဖြစ်ခဲ့ပါ။
သူနှင့် သူမ ကြားမှာ မလိုအပ်ဘူးလေ…နားလည်မှုနဲ့တည်ဆောက်ထားတဲ့သူနဲ့သူမ က သူငယ်ချင်းမက ၊ ချစ်သူမကျ အခြေအနေမှာ သူ့ဘက်က
တိုးလာမဲ့ ခြေတစ်လှမ်းကို မျှော်လင့်မိတာ သူမ လောဘကြီးရာများရောက်သွားပီလား..
လူတွေပြောနေကျတဲ့ သူ့ရဲ့ အချစ်စစ်ဟာ သူမအတွက်ဆို ဘယ်လောက်များကောင်းလိမ့်မလဲနော်….
သူမလို လူတကာ နင်းခြေနေတဲ့ အညတြ ပန်းကို သူကရော မြတ်နိုးစွာ နမ်းရှိုက်နိုင်ပါ့မလား…
“နိုးနိုး ဒီအလုပ်မလုပ်ပါနဲ့တော့လား“
“နိုး မလုပ်ရင် နိုးမိသားစု ဘာနဲ့သွားစားမလဲအကိုရဲ့“
“ကိုယ် အလုပ်ရှာပေးမယ်..အော် ဒါပေမဲ့ နိုးက ၁ဝတန်း မအောင်ဘူးနော်“
“အင်း“
“ဒါဆို ဒီလိုလုပ် ကိုယ် အရင်းအနှီး ထုတ်ပေးမယ်လေ…နိုး ကိုယ့်အိမ်ကိုယ်ပြန်ပီး ဈေးဆိုင်လေးတစ်ခု
ဖွင့်ပြီးကောင်းကောင်းမွန်မွန်နေပါလား“
“ဘာလို့ နိုးအပေါ်ကောင်းတာလဲ အကို“
“အော် နိုးတို့လို မိန်းကလေးတွေ လမ်းမှား မရောက်စေချင်လို့ပါ“
“ဒါပေမယ့် နိုးတို့က စုပ်လည်းဆူး၊စားလည်းရူး ဖြစ်နေပီလေ…နိုးတို့က ကျကွဲသွားတဲ့ ဖန်ခွက်လိုပဲ…ပြန်ဆက်လို့
မဖြစ်နိုင်တော့ပါဘူး…ပြန်ဆက်ခဲ့ရင်တောင် ဒဏ်ရာဗရဗွနဲ့ ဘယ်သူမှ တန်ဖိုးထားကြမှာမှ မဟုတ်ပဲ“
“ရှိရင်လည်း ရှိလာမှာပေါ့ နိုးရယ်“
“မရှိလောက်ပါဘူး အကိုရော နိုးအပေါ် ဘယ်လိုသဘောထားလဲ“
“ဘာကို ပြောတာလဲ နိုး“
“အခုလို နိုးကို တွဲသွားတွဲလာ လုပ်နေတာ ဘာသဘောလဲလို့ နိုးမေးတာ“
“ဒါကဒီလိုရှိတယ် နိုး…ကိုယ် နိုးကို တွေ့တွေ့ချင်း သဘောကျတယ်…ဒီလိုဘဝကနေလည်း ရုန်းထွက်စေချင်တယ်…
ရိုးရိုးသားသားလုပ်ကိုင်စားသောက်နေတဲ့ သာမာန်မိန်းကလေးအဖြစ် ကိုယ်မြင်ချင်တယ်.. နိုးနဲ့အတူတူရှိနေချိန်မှာ ကိုယ်ပျော်တယ်…
နိုးနဲ့လည်း အမြဲတွေ့ချင်တယ်…နိုးဘဝကိုလည်း ဒီထက်မြှင့်တင်ပေးချင်တယ်…ဒါတွေက ကိုယ့်ဆန္ဒအမှန်ပဲ…“
“ဒါဆို အကို နိုးကို ချစ်နေတာလား“
“ဟင့်အင်း နိုး… အကို ချစ်တယ်ဆိုတဲ့စကားကို အလွယ်မပြောချင်ဘူး…ကိုယ်လက်ထပ်မယ့် မိန်းမကိုပဲ ကိုယ်ပြောချင်တယ်“
“အကိုက နိုးကို လက်မထပ်နိုင်ဘူးပေါ့…ဒီ အဓိပ္ပါယ်လား“
သူ နိုးအမေးကို မဖြေပဲ အဝေးသို့သာ ငေးနေသည်။
သူ့ဆံပင်တွေထဲ လက်ဖြင့်ထိုးဖွပြီး
“ပြန်ကြမယ် နိုး“
“နိုးမေးတာ ဖြေဦးလေ“
“နိုး…ကိုယ်နိုးကို မချစ်နိုင်သလို လက်လည်း မထပ်နိုင်ဘူး…ကိုယ့်အသိုင်းအဝိုင်းနဲ့ နိုးအသိုင်းအဝိုင်းက ဘယ်လိုမှဆပ်စပ်လို့မရဘူး
ဒီတော့ နိုးနဲ့ ကိုယ်က ဘယ်လိုမှ မဖြစ်နိုင်ဘူး“
“ဒါဆို နိုးအပေါ်ကောင်းပြနေတာ ဘာသဘောလဲ အကို“
“ပြောပြီးပီလေ…နိုးကို ကိုယ်သဘောကျတယ်…ဒီဘဝကနေ ရုန်းထွက်စေချင်တယ်…အဲလိုဖြစ်အောင်လည်း ကိုယ်ကူညီမယ်…ဒါပဲ“
“ဟင့်အင်း..နိုးမျှော်လင့်နေတာက…“
“တော်ပီ နိုး ပြန်ကြမယ်…မဖြစ်နိုင်တာတွေ စိတ်ကူးမယဉ်ပါနဲ့တော့“
“နေပါဦး…ကျွန်မကို ရှင်နည်းနည်းလေးတောင် မချစ်ခဲ့တာလား“
“ငါလက်ထပ်မယ့်မိန်းမကိုပဲ ချစ်တယ်ဆိုတဲ့ စကားပြောချင်တယ်“
“ဖြန်း“….သူ့နည်းနည်းတော့ အံ့ဩသွားသောမျက်လုံးများဖြင့် သူမကိုစိုက်ကြည့်နေသည်။
“မှတ်ထား အဲဒါ မိန်းမတယောက်ကို ကစားခဲ့တဲ့အတွက် လျှော်ကြေးပဲ“
အဲဒီနေ့ ကတိတ်ဆိတ်စွာ သူမတို့လမ်းခွဲခဲ့ကြတယ်…
သူ့မျက်လုံးတွေ မှုန်ရီမှိုင်းပြနေသလို သူမမျက်ဝန်းမှာလည်း မိုးတွေရွာခဲ့သည်။
အိမ်မက်မက်သည်။
အိမ်မက်ထဲမှာ သူမက အိမ်ရှင်မကြီးပေါ့….ချစ်စဖွယ် သားလေး နှင့် သမီးလေး ပါပါသည်။သူမနှင့်သူရယ် သားနှင့် သမီးရယ်နှင့် ပျော်စရာအလွန်ကောင်းသော အိမ်မက်ဖြစ်သည်။
အိမ်မက်က နိုးလာတော့ သူမ လက်မခံချင်သော အမှန်တရားကြီးဖြင့် သူမ ဘဝကို အသက်ဆက်ရှင်ရဦးမည်။
အိမ်မက် ဆိုတာ အိမ်မက်ပါပဲလေ။တစ်ကယ့်လက်တွေ့ အမှန်တရားဆိုတာ အိမ်မက်လို ချိုမြိန်နေမှာတော့ မဟုတ်တာ အသေအချာပါပဲ….
အချစ်ဆိုတာ အလို့ချစ်တာတဲ့…ဟုတ်တယ် သူမက သူနဲ့ပတ်သတ်ရင် အအမလေးပါ..အခု သူထားသွားတော့လည်း
တိတ်ဆိတ်စွာနဲ့ သူ့အလိုအတိုင်းကျန်ခဲ့ရတာပါပဲ…ချစ်သူပျော်မယ်ဆို သူမနှလုံးသားကြေမွသွားလည်း ကျေနပ်ပါတယ်….
သူမရှိတော့တဲ့ ဘဝမှာ အရင်လို ပိုနေမြဲ၊ကျားနေမြဲပါပဲ..သူမအတွက် မိသားစုတာဝန်တွေရှိသေးတယ်မဟုတ်လား…
ဧည့်သည်တွေကို ပြုံးရွှင်ချိုသာစွာ ဧည့်ခံနေတဲ့ သူမ ၊ အငိုမျက်လုံးကိုအပြုံးမျက်နှာဖုံးဖြင့် ဟန်ဆောင်ဖုံးကွယ်လို့နေရဲ့…
အခုချိန်ဆို သူရော ဘာလုပ်နေမှာလဲ….
တစ်ခုပါပဲ…သူ သူမကို နည်းနည်းလေးတောင် ချစ်ခဲ့ဖူးပါသလား….
ဒါလေးတစ်ခုတော့ သိချင်ပါရဲ့ ချစ်သူရယ်…
အိမ်မက်တွေဆုတောင်းမှားခဲ့လို့
ဘဝလမ်းတွေ အကြိမ်ကြိ်မ်လွဲခဲ့ရ
စိတ်ကူးထဲက ဘဝမှာနေပျော်ဖို့
လက်တွေ့မှာ ဆန္ဒတွေစတေး
တခါတလေလည်း ဟိုအဝေးကို
ထွက်ပြေးလိုက်ချင်တယ်။
30 comments
Kaung Kin Pyar
December 24, 2014 at 12:20 pm
အရေးအသားလေး ကောင်းလိုက်တာ လရိပ်ရေ….
ရေးထားတဲ့ဘဝလေးကို စာနာမိတယ်….။ သူမမှာ အတည်တကျမိသားစုဘဝဆိုတာလေးတောင် မျှော်လင့်ခွင့် မရတော့ဘူး…..
ဒါပေမယ့် နောက်ဆို သူမကောင်လေး သူမကို ချစ်ခဲ့လား မချစ်ခဲ့ဘူးလား ဆိုတာကတော့ ပြန်မသိရလဲ ကိစ္စမရှိတော့ပါဘူး ဖြစ်သွားမှာပါ…။
ဒီထဲကလို ကောင်မလေးတွေ၊ မသိလိုက်ရတဲ့ ဘဝလေးတွေ ဒီလောကမှာ အများကြီး ရှိနေဦးမယ်…
La Yeik
December 26, 2014 at 11:26 am
ကျေးဇူးပါ ကောင်းကင်ပြာ…:)
တောင်ပေါ်သား
December 24, 2014 at 2:04 pm
မမက်သင့်တဲ့ အိပ်မက်ပေါ့
La Yeik
December 26, 2014 at 11:29 am
ဒါပေါ့ အူးတောင်ပေါ်သားရယ်….ကိုယ့်ကိုယ်တိုင်တန်ဖိုးရှိအောင်နေရမှာပေါ့လေ…ကံအကျိ ုးပေးဆိုတော့လည်း ပြောရခက်သားပဲ..
အလင်းဆက်@မောင်သူရ
December 24, 2014 at 3:47 pm
စာရေးကောင်းတယ်
ဒါပဲ ပြောနိုင်သေးတယ်။
ဒီလကုန်ရင် ပိုစ့် ဖတ်/ညွှန်းလေး လုပ်မလို့။
အဲ့ဒီ အညွှန်းထဲ(မဖတ်လိုက်ရသူ မရှိလေအောင်)ထပ် ထည့် ညွှန်းမယ်လို့ ရည်ရွယ်ပြီး သိမ်းထားပါ့မယ်။
ထပ် ဖတ်မယ်။
ဒါနဲ့ စကားမစပ်
ကျနော် ညက အိပ်မက်မက်တယ်။
အိပ်မက်ထဲမှာ ကျနော်က အိပ်မက် မက်နေတာ
အဲ့ဒီ အိပ်မက်ထဲက အိပ်မက်က ကြီးလွန်းလို့ဗျာ
ကျနော့်မှာ အိပ်မက်ကြီး ပိ ပြီး
လျှာကို ထွက်ကရော
La Yeik
December 26, 2014 at 11:31 am
ညွှန်းပေးမယ်ဆို ကျေးကျေးနော် အူးသူရ ရဲ့ အိမ်မက်က ပွင့်ပါတယ် ထင်တယ်…အာဟိ
aye.kk
December 24, 2014 at 6:38 pm
အလင်းဆက်ရေ
ပြောတတ်လိုက်တာ ဝါးလုံးကွဲအောင် ရယ်မိတယ်။
ဟာသပုံပြင်ရေးစားပါလားကွယ်။
အိမ်မက်လေးကဖတ်လို ့ကောင်းလိုက်တာ။
ဘဝ ဘဝ ဝဋ်ကြွေးတွေများရှိခဲ့ရင် ပြေပါစေလို ့သူမ ကိုယ်စားဆုတောင်းပေးမိတယ်။။
La Yeik
December 26, 2014 at 11:33 am
ကျေးဇူးပါ အန်တီအေးရေ….နောင်ဘဝဆိုတာတွေများ ရှိခဲ့ရင်ပေါ့လေ ဝဋ်ကြွေးတွေ ကြေပါစေလို့….
Iris
December 24, 2014 at 9:49 pm
Pretty woman ရုပ်ရှင်နဲ့တော့ပြောင်းပြန်။ 😀
La Yeik
December 26, 2014 at 11:57 am
Pretty woman မှာက ဂျူလီယာရောဘတ် က သူမလိုမိန်းမ မဟုတ်လို့နေမှာပါ….
မြစပဲရိုး
December 27, 2014 at 5:28 am
တကယ်တော့ Lost in translation ဖြစ်သွားတာပါ။
ဦးဏှောက်က ပိုကြီး နေတဲ့ လူတစ်ယောက် ကို ဆွဲဆောင်ဖို့က တစ်ခါတစ်ခါ ရုပ် အလှ နဲ့ တင် မလုံလောက်တာ လေ။
မိန်းကလေးအတွက်ကို တော့ စိတ်မကောင်းပါဘူး။
လောကကြီး က ဒီလောက် မရိုးစင်း ဘူးဆိုတာ သူ သင်ခန်းစာ ရသွားကောင်းပါရဲ့။
အဲဒီကနေ ပိုပြီး အောင်မြင်အောင်လုပ်ဖို့ ခွန်အား ရပါစေ။
La Yeik
December 27, 2014 at 2:57 pm
တချို့သော ယောကျာ်းများဟာ ဘယ်လိုပဲ ကဲပါစေ ကိုယ်ယူမယ့် မိန်းမ ကိုတော့ ပြစ်မျိုးမှဲ့မထင်မှ ယူချင်ကြတာလေ အရီးရဲ့…သူမ မျှော်လင့်တာ မှားတာပေါ့…
ဘယ်ယောကျာ်းက ယူလိမ့်မလဲ…အပျော်သဘောပဲ ထားကြတာ
ခင်ဇော်
December 27, 2014 at 8:02 am
ကိုယ့် အိမ်မက်ထဲမှာတောင်
ကိုယ်ဖြစ်ချင်သလိုမဖြစ်ကြ၊ လုပ်မရကြတာမို့၊
နိုးနိုးရေ ။။။။
အားကိုးမရှာပဲ နေနိုင်အောင်
နှလုံးသား အလိုမလိုက်မိအောင် ကြိုးစားတော့ကွယ်။
ဘဝက ဂလိုဖြစ်လာခဲ့ပြီကိုးးး
:h:
La Yeik
December 27, 2014 at 2:58 pm
ဟုတ်ပ မမဂျီးရေ…သူမ ကမှ အိမ်မက်မက်ခွင့်ရလိုက်သေးတယ်နော်….
Foreign Resident
December 27, 2014 at 10:39 am
( ၁ ) အကြမ်းဖျင်းအားဖြင့် KTV က ကောင်မလေးတွေက ၊
စကဒ် တိုတို ဝတ်ခဲကြတယ်ကွယ့် ( လောက်မှာတောင် မဟုတ် )
သူတို့က ဂျင်းဘောင်းဘီ ဝတ်ကြတာများတယ် ။
( ၂ ) သိပ် စိတ်ကူးယဉ်တာဘဲကွယ် ၊ တန်ရာတန်ရာဘဲ ရမပေါ့ ။
La Yeik
December 27, 2014 at 3:00 pm
(၁)အယ် စမီး ဟိုတလောက ktv တခုသွားတာ သူငယ်ချင်း ယောကျာ်းလေးတွေလဲ ပါတော့ သီချင်းထည့်ပေးဖို့ ကောင်မလေး တစ်ယောက်ခေါ်လိုက်တာ ရင်ပြတ် ဂါဝန်အတိုလေးနဲ့ပါရှင့်…
(၂)ဒါပေါ့ ဒါပေါ့ သူမ သိပ်စိတ်ကူးယဉ်တာပဲ ဘယ်ယောကျာ်းမှ မယူဘူး စိတ်ချ
sorrow
December 27, 2014 at 1:58 pm
…စေတနာနဲ့လဲလုပ်ပေးရသေးတယ်…ကွကိုယ်စိတ်ကူးယဉ်ပြီး …ပါးကတီးပေးသေးတယ်…အိုဘယ့် ..အမျိုးသားများဘဝ…( ဟိုကောင်လေးကလဲ ငညံ့….ကေတီဗီသွားပြီး သူတော်ကောင်းလုပ်ရတယ်လို့ …) ..အဟိဟိ
La Yeik
December 27, 2014 at 3:04 pm
တချိုု့ တချို့တွေကလည်း သူတော်ကောင်းလုပ်ချင်ကြတယ်လေ စပွန်ဆာပေးတာပေါ့…အားနည်းနေတဲ့ သူမတို့ဘဝလေးတွေကို အားအင်တွေပေးချင်တာတို့ ဘာတို့…..အာဟိ
ချူပ်နိုင်ရင် ချုပ်နိုင်သလောက် စပွန်ဆာ ကောင်းကောင်းရတယ်လေ သူမတို့ကလဲ….
manawphyulay
December 27, 2014 at 3:15 pm
အရေးအသားကောင်းတယ်။ ဇာတ်လမ်းက ကောင်မလေးပုံစံက သူ ချစ်တတ်လာရင် သူ့ဘဝကို လက်ခံနိုင်တဲ့အထိ ပြောင်းလဲလာရမယ်နော် ဇာတ်လမ်းကို အဲဒီလိုသိမ်းလိုက်ရင် ပိုကောင်းမလားလို့…
La Yeik
December 29, 2014 at 10:46 am
ပြောတာ မရှင်းဘူး မနောပြောချင်တာ ကောင်လေးက ကောင်မလေးကို ချစ်ရင် ကောင်မလေးဘဝကို လက်ခံနိုုင်ရမယ် ပြောတာလား…အဲလိုတော့ ယောကျာ်း100မှာ 10 ယောက်လုပ်ပါ့မလား …အခုခေတ် ယောကျာ်းတွေက တွက်ချက်တာ မိန်းမတွေထက်သာတယ်နော်…မိန်းမကောင်းဖြစ်ရင်တောင် အချက်အပြုတ်လုပ်နိုင်ရုံတင်မဟုတ် လစာလည်းကောင်းရမယ် ဝင်ငွေလည်းရှာတက်ရမယ် အလိမ္မာအိမ်ပါ လည်းဖြစ်ရမယ် မေမေနဲ့လည်း တည့်အောင်ပေါင်းရမယ်တို့ဘာတို့ နဲ့…အဲလောက် တွက်ချက်တက်ပြီး နှလုံးသားနဲ့သာမက ဦးနှောက်နဲ့ပါ စဉ်းစားလာကြလို့ သူမလို မိန်းကလေးမျိုးကို ချစ်ခဲ့ရင်တောင် ဘယ်ယောကျာ်းမှ အမိုက်ခံပြီး ဘုရားသွားကျောင်းတက် ပွဲတက်မယားအဖြစ် တရားဝင် ယူဝံ့ကြမယ် မထင်ကြောင်း…အငယ်အနှောင်းအဖြစ်သာ စပွန်ဆာပေးပြီးယူချင်ယူကြမှာ…ဒါတောင် တော်တော်ချူပ်နီုင်တဲ့ ကောင်မလေးမှနော်….
မြစပဲရိုး
December 27, 2014 at 3:22 pm
ပြုံး ကိုလဲ တွေ့လိုက်လို့ စိတ်ကူးထဲ ပေါ်လာတာလေး။
ညီမပြုံး တစ်ခါပြောဘူးတယ် လရိပ် ရဲ့။
လောကကြီးထဲ ကျား နဲ့ မ အပြန်အလှန် ထိန်းကျောင်းသင့်တယ် ဆိုတာ။
အဲဒါ အမှန်ပါဘဲ။
ဒီလို အလုပ်ထဲ က မိန်းမ ကလေး တွေ ကို ကျား တွေက အလုပ်သဘော ကလွဲလို့ တစ်ခြား နေရာ မှာ နေရာ မပေးရင် မိန်းကလေး တွေက လဲ ဒီက နေ အားကိုးရှာ တော့ မယ် မဟုတ် လို့ ထင်တယ်။
တနည်း အလုပ်ထဲ က နေ ကိုယ်မှီခို ဖို့ အတွက် လူ ကို မရှာတော့ဘူးပေါ့။
ဒါဆို အလုပ် ကလဲ ပိုပြီး သိက္ခာရှိမယ်၊ မိန်းကလေး တွေလဲ ကိုယ့်အား ကို ပိုကိုးလာမယ်။
တစ်ဖက်က လဲ မိန်းကလေး တွေ က အလုပ် ကို အလုပ် လို့ ဘဲ စည်းခြား ထား ရင် ဘယ်သကောင့်သားမှ မစမ်းရဲဘူး။
ငွေပို လိုချင်ရင် တစ်ခြား မှာ ကိုယ့်လုပ်အား နဲ့ ပို ရအောင် လုပ်ပေါ့။
ရုပ် နဲ့ ပြ စားရတာ အလွန်ဆုံးခံ ရင် ၅နှစ်ပေါ့။
နောက်ပိုင်း ဘာ နဲ့ ရပ်တည်ပါ့မလဲ။
La Yeik
December 29, 2014 at 10:50 am
သမီးပြောချင်တာ အဲဒါပါ အရီးရယ်…တချို့မိန်းကလေးတွေ ကိုယ့်ကိုကိုယ် တန်ဖိုးမထားပဲ အလွယ်လမ်းလိုက်ကြတာကိုပါ…မဖြစ်လို့လုပ်ခဲ့မိရင်တောင် ပြန်မရုန်းထွက်ပဲ အဲဒီလောကမှာပဲ သာယာနေကြတာလေ….နုပျိုစဉ်သာ ရုပ်ပြစားလို့ရတာလေ…အရီးပြောသလို အလွန်ဆုံးခံ ၅နှစ်ပေါ့…အဲကကျော်သွားရင် ဘာလုပ်စားကြမယ်မသိ…စိတ်ပျက်လို့ ဒီအကြောင်းကို ရေးလိုက်တာပါ….
Shwe Ei
December 29, 2014 at 10:14 am
-ကိုယ့်ခွန်ကိုယ့်အားအပေါ်မယုံကြည်လို့ အလွယ်လမ်း လိုက်ကြသူများအပေါ် စာနာသနားရုံကလွဲပြီး -အထင်ကြီးလေးစားလို့မရ…
-လူ့ဘဝကြီးက -အစအဆုံးလွယ်ကူနေတာမှမဟုတ်ဘဲ….မိမိကိုယ်သာကိုးကွယ်ရာလေ။ -မကြိုက်ဘဲလုပ်နေရပေမဲ့ -ရုန်းမထွက်နိုင်ဘူး ဆိုတဲ့ ဆင်ခြေရှိနေသရွေ့တော့ တကယ့်ဘဝအစစ်နဲ့ ဝေးနေအုံးမှာဘဲ။
-မြင်ဖူးသမျှ ကေတီဗီက ကောင်မလေးတွေ အခုနောက်ပိုင်း အတော်လေး -လန်းလာကြပီး..အဝတ်အစားကစ မော်ဒယ်နီးနီးဖစ်လာတာတော့ အမှန်ဘဲ။
La Yeik
December 29, 2014 at 10:55 am
ဟုတ်တယ် ရွှေအိရေ….မိသားစု အခက်အခဲက လူတိုင်းမှာရှိကြပါတယ်….အဲလို မလုပ်ပဲ ဈေးပဲရောင်းစားဦး ထမင်းတော့ မငတ်ပါဘူး…အခုခတ်က ဇိမ်ခံပစ္စည်းတွေ ပေါလာတော့ အလှအပမက်ပြီး ကိုယ့်ဘဝကိုယ်နားမလည်တဲ့မိန်းကလေးတွေ ပျက်စီးကြတယ်…ကိုယ့်အားကိုယ်မကိုး ချင်ကြဘူးလေ…အလွယ်လမ်းလိုက်ကြတာများတယ်…ငယ်ရွယ်နုနယ်လှပစဉ်ခဏမှာ ယောကျာ်းတွေရဲ့ ဆန္ဒအတွက် ခဏတာ အသုံးချခံနေရတာ….ပြီးတော့ အဲဒီ ချစ်လှပါချည်ရဲ့၊သနားလှပါချည်ရဲ့ဆိုတဲ့ ယောကျာ်းတွေ တသက်လုံးစောင့်ရှောက်မလား မေးရင် ဘယ်သူမှ တာဝန်ယူရဲကြမှာမဟုတ်ဘူး….အပျော်အပါးမက်တဲ့ယောကျာ်းနဲ့ အလွယ်လမ်းလိုက်တဲ့မိန်းကလေးအချို့ရဲ့ ဇာတ်လမ်းပေါ့…..
ကိုရင်စည်သူ
December 29, 2014 at 10:53 am
ကေတီဗီက ဘောင်းဘီတို ဘောင်းဘီရှည် ဝတ်တာများတယ်.. အူးကြောင်တို့လို
လက်ကမြင်းတဲ့ဧည့်သည်ဆို အကျီတွေပါ နာနာဝတ်ထားဒါဆိုတော့…
ဦးချိုပွားများသော သမင်သည် တောတိုးလွန်လျှင် အကိုင်းရှူပ်တာနဲ့ ဦးချို အငြိလွန်းပါကြောင်း။
စိတ်ကူးယဉ်ဆန်တာတွေထားခဲ့ပီး လက်တွေ့ဘဝမှာ ရုန်းနေတော့…
ရှေ့လူကြီးတွေ စကားက ကိုယ့်အိုးနဲ့ ကိုယ့်ဆန်တော်တာပဲ ဆိုတာပဲ သိတော့တယ်။ 🙂
La Yeik
December 29, 2014 at 11:01 am
ဒါပေါ့ ကိုရင်ရယ်…မတော်တဲ့ဖိနပ် အတင်းထိုးစီးလို့မရတော့ သူ့အိုးနဲ့သူဆန် တန်တာပဲ ရမပေါ့….လူသားတစ်ယောက်ဖြစ်လို့ အိမ်မက်မက်ရုံလောက်မက်ခွင့်ပေးလိုက်ပါနော်….
kyeemite
December 29, 2014 at 2:51 pm
.ကိုယ့်အတွေးအခေါ်နဲ့ကိုယ်လှုပ်ရှားနေကြတာဆိုတော့ မဝေဖန်တော့ပါဘူး
.အဲ့ဒီလိုငွေရှာတဲ့လူတန်းစားကလည်းရှိနေမှကိုး…
.ကိုယ်ရွေးချယ်ရာဘဝသာကိုယ်ရပေတာပဲပေါ့…
La Yeik
January 3, 2015 at 9:28 am
ဟုတ်ပါတယ် အူးမိုက်….ကိုယ်ရွေးချယ်တဲ့လမ်းက ကိုယ့်ဘဝ ကိုယ့်သမိုင်းပဲပေါ့….ဘယ်သူ့ကိုမှ အပြစ်သွားပြောလို့မရဘူးပေါ့လေ….
min kyansix
January 1, 2015 at 10:03 am
KTV ကကောင်မလေးမို့ မတူဘူး မတန်ဘူးတဲ့လား ဟုတ်မှာပေါ့ ဟုတ်မှာပါလေ
အချစ်ဆိုတာ အသိနဲ့သတိအောက်မှာ ဒူးနဲ့မျက်ရည်သုပ်နေရခဲ့ရတာ အကြိမ်ကြိမ်
La Yeik
January 3, 2015 at 9:30 am
rite rite…အချစ်ဆိုတာ အသိနဲ့သတိအောက်မှာ ဒူူးနဲ့မျက်ရည်သုတ်နေခဲ့ရတာ အကြိမ်ကြိမ်…အဲ့စကားလေး ကောင်းလိုက်တာ အူးလေး မင်းကျန်စစ်ရေ….