ဒီဇင်ဘာမှာကျွန်တော့်ကို (၃)နာရီလောက်သေဆုံးခွင့်ပေးပါ

ဒီဇင်ဘာ(၃၁)url

အပြင်ကိုလှမ်းကြည့်တော့ မှောင်ရီပျိုးစပြုနေပြီ။ ပြတင်းလိုက်ကာကနေတဆင့် ခပ်ဝေးဝေးကို ကြည့်လိုက်မိတယ်။ ခမ်းလှမ်းလှမ်းနေရာမှာ တောင်ဥက္ကလာပစေတီက ရွှေရောင်တစ်ဝင်းဝင်းနဲ့ တွေ့နေရ တယ်။ မှောင်ရီပျိုးစ ငှက်လေးတွေ အိပ်တန်းတက်ချိန်ထင်ပါတယ်။ အုပ်စုလိုက် ပျံသွားကြတာကို မြင်မြင် နေရတယ်။ သူတို့ဘယ်ကိုပြန်သွားကြသလဲ ကျွန်တော်မသိပါဘူး။ ဒီဇင်ဘာလမို့ထင်ပါတယ် အအေးဓာတ်က နည်းနည်းပိုကဲလာသလိုပဲ။ ဪ နောက်တစ်ရက် ၊ နှစ်ရက်ဆို နှစ်သစ်ကိုတောင် ကူးတော့မှာပဲ။ စဉ်းစားရင်း ပြတင်းပေါက်ကနေ သစ်ပင်လေးတွေလှုပ်သွားတာ ၊ ငှက်ကလေးတွေပျံသွားတာ ၊ တစ်ဖြည်းဖြည်းမှောင်လာတဲ့ ကောင်းကင်ကို ကျွန်တော်ကြည့်နေမိတယ်။ ခေါင်းစဉ်တပ်လို့မရတဲ့ ခံစားချက်တစ်ခုဟာ ကျွန်တော့ရင်ဘတ်ထဲ ပြည့်ကျပ်နေသလိုခံစားနေရတယ်။ ပြတင်းပေါက်ကနေလှမ်းကြည့်နေရ တစ်ဖက်တိုက်က နေရာတစ်နေရာကို ငေးကြည့်မိတယ်။ ကျွန်တော်ကြည့်မိတဲ့နေရာဟာ တိတ်ဆိတ်နေတာ ရက်သတ္တပတ်တစ်ခုကြာနေပြီလေ။

 

တိတ်ဆိတ်မှုတွေတိုင်းမှာ အသံတွေရှိတယ်ဆိုတာ ကျွန်တော်သိခဲ့ပြီ။ အခုပတ်ဝန်းကျင်က တိတ်ဆိတ် လွန်းပေမယ့် ကျွန်တော်အသံတွေကြားနေရသလိုခံစားနေရတယ်။ ကျွန်တော့်နားဆင်နေတဲ့ အသံတွေရှိရာ ဖုန်းစကရင်ကိုတစ်ချက်ကြည့်မိတယ်။ မြောက်ပြန်လေးတစ်ချက်က ဖြတ်ကာတိုက်သွားတယ်။ ကျွန်တော့် မျက်ဝန်းက အရည်ခပ်လဲ့လဲ့တစ်ခုက တွဲလဲခိုလို့။ တင်းကြပ်တဲ့ခံစားမှုကိုဖြေလျော့ဖို့ မျက်ရည်ဆိုတာ ရှိခဲ့တာ မဟုတ်လား။ တိတ်ဆိတ်တဲ့ တိုက်ခန်းထဲမှာ ဖုန်းထဲက သီချင်းအချို့ကို တိုးညင်သာစွာ ကျွန်တော်ဖွင့်လိုက် တယ်။ ဂီတာသံ တိုးတိုးညင်သာစွာနဲ့ “ပျောက်ဆုံးနေသော နိဗ္ဗာန်ဘုံ” ဆိုတဲ့ သီချင်းဟာ ပိုလို့နစ်မျောစေ တယ်။ “အပူအပင်ကင်းတဲ့………..ကလေးလေးဘဝကို…….. တစ်ခါပြန်ပြီးရချင်သေးတယ်………..။ အပြစ်မရှိ သေးတဲ့ ကလေးလေးဘဝကို………တစ်ခါပြန်ပြီးရချင်သေးတယ်။” တိုးတိုးငြင်သာစွာ စီးဆင်းလာတဲ့ သီချင်း အသံနဲ့အတူ ကျွန်တော်နှုတ်က ခပ်ဖွဖွရွတ်ဆိုမိတယ်။

 

………………………………………………………………………………………………………………………………….

 

တစ်ဖြည်းဖြည်းမှောင်လာတဲ့ ကောင်းကင်ကိုကြည့်ရင်း သက်ပြင်းကို ခပ်ဖွဖွချလိုက်မိတယ်။ “ဘဝဆိုတာ ဘာလဲ”ဆိုတဲ့ မေးခွန်းကို ကိုယ့်ကိုယ်ကို မေးကြည့်မိတာ အကြိမ်ပေါင်းမနည်းတော့ဘူး။ တစ်ဆစ်ဆစ်နဲ့ နာကျင်ရတာဟာ ဘဝလား။ ခပ်ဖွဖွနဲ့အချိန်တိုင်းလွမ်းမောနေရတာဟာ ဘဝလား။ အမည်မသိ ခံစားမှုကြား ဗျာများနေရတာဟာ ပိုပြီးဘဝဆန်တာလားလို့ ထင်ယောင်ထင်မှားမှုတွေဖြစ်ဆဲပဲ။ “ဒေါက်”ကနဲ တံခါးခေါက်သံတစ်ချက်ကြားလိုက်ရတယ်။ တစ်ချက်တော့ တံခါးဝကိုလှမ်းကြည့်မိလိုက်တယ်။ မဖြစ်နိုင်ဘူး။ ကျွန်တော်အခန်းတံခါးဝကို လာခေါက်မယ့်သူမရှိမှန်း ကျွန်တော် ကိုယ်တိုင်အသိဆုံးပဲလေ။ သီချင်းမကြားရလို့ ဖုန်းစကရင်ကြည့်မိချိန်မှာ (Playlist)တစ်ခုရဲ့ နောက်ဆုံးအပုဒ်ဖြစ်နေတော့တယ်။ ကျွန်တော့်ဖုန်းရဲ့ (Playlist) ထဲမှာ သီချင်း (၇)ပုဒ်သာသာရှိတာပဲလေ။ မထူးဆန်းပါဘူး။ (Playlist)ကို အစကနေ ပြန်ဖွင့်ထားလိုက်တယ်။ သီချင်းသံခပ်ဖွဖွနဲ့ “အတ္တ” ဆိုတဲ့ သီချင်းက လွင့်ပျံ့လာတယ်။ အခန်းကျဉ်းထဲမှာတစ်ယောက်တည်း ရူးနေတဲ့ ကျွန်တော်နဲ့ အတူတူပဲပေါ့။

 

“ငယ်စဉ်ကတည်းက……..ရိုးသားဖြူစင်ခဲ့……   ရေလိုကြည်လင်အေးမြလို့…..သာယာနေတဲ့ ကိုယ့်စိတ်ကို ဘယ်သူဝင်ကာ အဆိပ်ခတ်လိုက်ပြီလဲ…… အိုးးးးးးးးးအိပ်မရတော့ဘူး……..ညညတွေ… ရင်မောကာနေရတာ ထိန်းမရတော့ဘူး………။ ကူညီကြပါဦး……..ဒီမှာကယောင်ခြောက်ခြား……အတွေးများနဲ့ရူးးးးးးးးးးးးးးးး”

သီချင်းသံက ပျံ့လွင့်လို့။ ကျွန်တော့်မျက်လုံးအစုံကို တင်းကြပ်စွာ မှိတ်ပြစ်ထားလိုက်တယ်။

 

အမှောင်ရိပ်ဟာ ပတ်ဝန်းကျင်တစ်ခုလုံး ပိန်းပိတ်အောင်မှောင်သွားတယ်။ တိမ်ထုမရှိတဲ့ကောင်းကင် ကြည်ပြာရောင်ဖျော့ဖျော့နဲ့ ကြယ်တွေအနည်းငယ်လင်းလက်လာတယ်။ အအေးဓာတ်က ခပ်စိမ့်စိမ့်ပါပဲ။ သိပ်မကြာခင် လူတွေစုရုံးစုရုံးနဲ့ တွေ့ကြရတော့မယ်။ အရင်အချိန်တွေကကော ကျွန်တော့်ဘေးမှာ ဘယ်သူရှိ ဖူးသလဲ။ ကျွန်တော့်ပုခုံးကိုမှေးခဲ့တဲ့ တစ်စုံတစ်ယောက် ၊ ကျွန်တော်က မှေးခဲ့တဲ့ သူ့ရဲ့ပုခုံး မေ့ပစ်လို့မရတော့တဲ့ အချိန်ကာလလေးတွေရှိခဲ့ဘူးတယ်။ ပြတင်းပေါက်ဘောင်ကို တစ်ချက်မှီရင်း ငေးမောနေမိပြန်တယ်။ “အတ္တ” ဆိုတဲ့ သီချင်းကဆုံးလို့ နောက်တစ်ပုဒ်ထပ် လွင့်ပျံလာတယ်။

 

“ကိုယ်မြင်ချင်တဲ့………….လမင်းရယ်……       ကိုယ်မက်ချင်တဲ့……….အိပ်မက်ရယ်………..ညတွေ

တစ်ညမှ………..ရောက်မလာဘူး…….     ယောင်ယောင်ပြီးကိုယ် အော်နေမိတယ်…… ဖြတ်သန်းလာတဲ့ …… ဘဝထဲမှာ မင်းဆိုရင်……….. အားလုံးပြည့်စုံသွားမယ်……… ရင်မှာဟာတာတာနဲ့ တစ်ခုလိုအပ်နေလို့…….. မင်းကိုလွမ်းရင်……….စိတ်ဓာတ်ကျလာတယ်…..။ အရင်လို…….အထီးကျန်တဲ့နေ့တွေ …… ကိုယ်သိပ်လွမ်းနေတဲ့ ညတွေ…….. ဒီလိုဆက်တိုက်ကြီးဆို…….ရူးတော့မှာပဲ………”

 

“ကြေကွဲတဲ့နေ့ညတွေ” သီချင်းပေါ့။ တစ်ခါတစ်ရံ ကျွန်တော်သူ့ကို ဂီတာတီးပြီး ဆိုပြနေကျသီချင်း လေး။ ပြုံးပြီးနားထောင်တဲ့ သူ့အပြုံးကိုပြန်မြင်ယောင်မိနေပြန်တယ်။ ရေခဲသေတ္တာထဲက Sprite တစ်ဗူးထုတ်

………………………………………………………………………………………………………………………………….

 

မနေ့ကမှဝယ်ထားတဲ့ Vodka တစ်လုံးထုတ် ရေခဲအနည်းငယ်ထည့်ပြီး သောက်မိပြန်တယ်။ ပူရှရှအရသာဟာ အနည်းငယ်တော့ ကျွန်တော့်ခံစားချက်တွေကို ပြေလျော့စေမှာပါ။ လက်ထဲကခွက်ကို စိုက်ကြည့်မိချိန်မှာတော့ ရေခဲတုံးလေးတွေက ကျွန်တော့်ကိုလှောင်ပြောင်နေသယောင်။ ဒါ မထူးဆန်းပါဘူး။ လူတွေဟာ စိတ်ထဲက မသိလိုက်သည်ဖြစ်စေ သိလိုက်သည်ဖြစ်စေ လှောင်ပြောင်ဖို့ကို ဝန်လေးကြတဲ့သူတွေမှ မဟုတ်တာ။ ဖန်ခွက်ကိုကြည့်ပြီး ကျွန်တော်လည်း ခပ်ထေ့ထေ့ရယ်ပြလိုက်တယ်။ တစ်ခါတစ်လေ ဘဝမှာ မသိချင် ယောင်ဆောင်နေရမယ့် အရာတွေက အများကြီးရှိနေတာပဲမဟုတ်လား။ အခု ရေခဲတုံးလေးတွေက ကျွန်တော့်ကိုရယ်ပြတယ်။ Vodka ပုလင်းလေးက ရယ်ပြနေတယ်။ ဝရန်တာက သစ်ခွပန်းလေးတွက ရယ်ပြေ နေတယ်။ ကျွန်တော်လည်း သူတို့ကိုပြန်ရယ်ပြလိုက်တယ်။

 

တစ်ခွက်၊ နှစ်ခွက်၊ သုံးခွက်။ သီချင်းသံမကြားရတော့မှန်းသတိထားမိချိန်မှာ ဖုန်းစကရင်ကိုကြည့်တော့ ငြိမ်သက်နေတယ်။ နောက်ထပ်တစ်ပုဒ်ကို ဖွင့်လိုက်ချိန်မှာတော့ အရာရာဟာ ဝေးလွင့်သွားသလို လက်ထဲက ဖန်ခွက်ကို အားနဲ့ညှစ်ထားမိလိုက်တယ်။ “ကြိုးပြတ်သူ”ဆိုတဲ့သီချင်းဟာ ကျွန်တော့်ရင်ကို ဆွဲဆုတ်ပြစ်သလိုပါ ပဲ။

“နေ……နိုင်……ပါ……..ပြီ………..။     မင်း……မရှိတဲ့…….ဘဝမှာ။

အမှောင်ယံ တိမ်ကွယ်နေတဲ့…………ကြယ်လေးတစ်စင်းလို

နေနိုင်ရင်လေ…….အရင်အတိုင်းရှိမယ်။

နေ…နိုင်ပါပြီ……….ငါတစ်ယောက်တည်း……….။”

မာနဆိုတာ အချစ်နဲ့တွေ့ရင် အရည်ပျော်ကျနိုင်တဲ့ အရာတစ်ခုပဲ ကျွန်တော်အခုမျက်ရည်ကျနေတာဟာ မဆန်းတော့ပါဘူး။ သီချင်းဟာ ခပ်တိုးတိုးပေမယ့် နောက်ဆုံး Chorus: အပိုဒ်မှာ ခံစားချက်အပြည့် ဖွင့်အော်လိုက်တဲ့ အသံဟာ ကျွန်တော့်ကို ခံစားချက်တစ်ခုခုကို လွင့်ပါးသွားစေတယ်။ အခုအချိန်မှာ သီချင်းထဲကအတိုင်း နေနိုင်ပါပြီလို့ ကျွန်တော်ပြောခဲ့ရင် ဒါဟာကိုယ့်ကိုယ်ကို လိမ်နေတာပဲဖြစ်ရမယ်။

 

ပတ်ဝန်းကျင်က အနည်းငယ်ဆူလို့လာတယ်။ နှစ်သစ်ကိုကြိုဆိုတော့မယ် အသံတွေနဲ့။ ကျွန်တော့်လက်မောင်းဟာ အနည်းငယ်နွေးလာသလိုလို။ သတိရခြင်းတွေဟာ ပိုပြင်းလာသလိုလိုနဲ့။ Vodka နောက်တစ်ခွက်ဟာ ကျွန်တော့်လက်ချောင်းထဲကို စီးဆင်းသွားတယ်။ ဂီတာသံ ခပ်ပြင်းပြင်းရိုက်ချက်နဲ့…… သံစဉ်တစ်ခုက ပျံ့လို့လာပြန်တယ်။

“ကိုယ်…….အနာဂတ်မဲ့သူပါ

အတောင်တွေကြွေနေတဲ့…ငှက်ပမာ

ကိုယ်ဟာ……ဘာမှအသုံးမဝင်ပါ

မင်းလေးနဲ့မတန်ပါဘူး……………..။

စိတ်ဖြောင့်ဖြောင့်နဲ့သာ………ချန်ခဲ့

ကံမကုန်ရင်………ပြန်ဆုံဦးမှာပဲ

………………….”

ရုတ်တရက် ဖုန်းခေါ်ဆိုသံက ဝင်ရောက်လာတယ်။

“ဟယ်လို”

“……………………”

“ငါမလာတော့ဘူးကွာ”

“……………………”

“လာချင်စိတ်မရှိလို့ပါ…ဒါပဲနော်….”

 

………………………………………………………………………………………………………………………………….

 

 

ကျွန်တော့အခန်းရဲ့အောက်ဘက် မြေကွက်လပ်မှာတော့ အဖွဲ့များစွာနဲ့ စားသောက်နေကြတာမြင်ရ တယ်။ ဝရန်တာကနေ ခပ်လှမ်းလှမ်းအရိပ်တစ်ခု ကျွန်တော်မြင်လိုက်ရတယ်။ ဘယ်တော့မေ့လို့မရတော့မယ့် အရိပ်တစ်ခုခုပါပဲ။ ခပ်လှမ်းလှမ်းကနေ ဖြည်းဖြည်းခြင်း တိုက်အောက်ဘက်ကဆင့် လှေကားထဲကို ဝင်လာတယ်။ ခြေသံတွေကို ကျွန်တော်ကြားနေရတယ်။ တစ်ဖြည်းဖြည်း ခြေသံဟာတံခါးဝကိုရောက်လာ တယ်။ တံခါးလက်ကိုင်ဘုကို ကိုင်နေတဲ့ ကျွန်တော့်လက်တွေဟာ တုန်ခါလို့ တစ်ချက်လှည့်လိုက်တယ်။

“ကျွီ………………………”

လေတစ်ချက်တိုးလာတာမှအပ ဘယ်အရာမှကျွန်တော်မတွေ့ပါဘူး။ တံခါးပြန်ပိတ် အိမ်ထဲပြန်ဝင်ချိန်မှာ ကျွန်တော့ကုတင်ဘေးမှာ သူရောက်နေပါလား။ ကျွန်တော့်ကိုသူပြုံးပြတယ်။ ဘယ်တော့မှ မမေ့တဲ့အပြုံး။ အဲသည်အချိန်မှာပဲ တယောသံခပ်ဖွဖွက လွင့်ပျံ့လာတယ်။ ကျွန်တော့်ဖုန်းဆီကပေါ့။

“မြူနှင်းများထဲ…..ပျောက်ဆုံး

ကိုယ့်ကိုမေ့နိုင်ခဲ့သူ ……. မင်းရင်ထဲမှာဘာလဲ

ဒီဇင်ဘာညတို့…….အေးစက်လွန်းတဲ့အချိန်တိုင်း……

ကိုလေစဉ်းစားမရအောင်……..တစ်ယောက်တည်းပဲပေါ့အချစ်ရယ်

အသက်ရှူတို်င်းမှာ……….မင်းကိုလွမ်းးး

ဒီအချိန်မင်းအနား……….တစ်ယောက်ယောက်ရှိနေမလား….

ကိုယ်ခံစားလိုက်ရတာ……..ဆွေး……….”

ကုတင်ပေါ်ကို ကျွန်တော့်ကိုကျွန်တော် ပစ်လှဲချလိုက်တယ်။ ကုတင်ညာဘက်ကို ယောင်ယောင်ပြီး စမ်းမလိုက်တယ်။ သီချင်းသံကတော့ဆက်လက်လွင့်ပျဲဆဲ။ မီးပန်းတွေမဖောက်ခင် ၊ နယူးရီးယားလို့မအော်ခင်

ဒီဇင်ဘာမှာကျွန်တော့်ကို (၃)နာရီလောက်သေဆုံးခွင့်ပေးပါ။ သီချင်းသံတွေကတော့ အခန်းထဲမှာ လွင့်ပျံဆဲ…..

 

“ဆွေး………….ကိုဝေးရင်အချစ်ရေ ညတိုင်းဆွေး……

ကြွေခဲ့ပြီ……..နှင်းတွေမျက်ဝန်းအတွင်း………

တို့ဝေညတွေ………ရက်စက်

မင်းမရှိတော့……..ကိုယ်ခံစားလိုက်ရတာ…..ဆွေး………..”

………………………………………………………………………………………………

ရင်နှင့်ရင်း၍

အောင်မိုးသူ

ဒီဇင်ဘာ ၃ဝရက် ၂၀၁၄ခုနှစ်

 

14 comments

  • kyeemite

    December 30, 2014 at 3:58 pm

    .ခံစားမှုကိုပုံဖေါ်တာတော်တော်လေးလှပါတယ်…ကြိုက်တယ်ဗျာ

  • အခုတလော အလွမ်းအဆွေး စာတွေ သိပ်မဖတ်ချင်တော့ပြန်ဘူး ။
    ဒါမယ့်…အစကနေအဆုံးဖတ်မိအောင်… ဆွဲဆောင်မှုအပြည့်နဲ့ ရေးပြထားလေတော့…
    ဖတ်မိသွားတာပဲ..

    😆

    အခုတလော… ဖတ်ချင်နေတာက…မော်ဒန်ခေတ်ဦးက…ဝတ္ထုတိုတွေ…

  • မြစပဲရိုး

    December 30, 2014 at 4:21 pm

    မောင်အောင်
    ရင်တွင်းဖြစ် ကိုယ်တွေ့လား။
    တကယ် အသဲကွဲ ခဲ့တယ်လား။
    ဟိုနေ့ကလဲ တစ်ပုဒ်။

    အကြံပု ရရင် သေဖို့ မလိုပါဘူးလေ။
    အိပ်ဆေးသောက်ပြီး စောအိပ်ပေါ့။
    တော်ကြာ ၃နာရီ အတွင်း နတ်ပြည် ရောက်ပြီး အဲဒီမယ် နတ်သမီး တွေ နဲ့ တွေ့ပြီး ပြန်မဆင်းလာတော့ဘဲ နေဦးမယ်။
    jk :-))))

    • အောင် မိုးသူ

      December 30, 2014 at 4:28 pm

      အဲသည်သုံးနာရီဆိုတဲ့အချိန်ဟာ အဲသည်လူအတွက် ဘာမှမသိချင်လောက်အောင် ဖြစ်ခဲ့တဲ့အချိန်မို့ပါ။

  • Mr. MarGa

    December 30, 2014 at 4:48 pm

    နှစ်သစ်ကို ကူးချိန်မှာ
    အဆင်မပြေမှုတွေ ခံစားချက်တွေကို ချန်ထားခဲ့လိုက်ပါတော့လား
    သုံးနာရီလောက် သေဆုုံးပြီး ဘာလို့ ဆက်ခေါ်လာတော့မလဲ ဟင်…..

    • အောင် မိုးသူ

      December 30, 2014 at 5:15 pm

      အချို့အရာတွေဟာအဲ့လိုအချိန်ရောက်တိုင်း မေ့ဖျောက်လို့မရခဲ့တာတွေရှိတယ်

  • padonmar

    December 31, 2014 at 8:44 pm

    ဘကြီးအောင် ၃ နာရီ ပဲ လိုတော့တယ်နော်။
    31.12.2014 20:45 ရှိပြီ။

    • မြစပဲရိုး

      December 31, 2014 at 9:04 pm

      အစ်မဒုံ
      ကျွန်မ မောင်အောင့် ကို ဟိုး အရှေ့ဆုံးခြမ်း ပို့ ထား လိုက်ပြီ.။
      အဲဒီမှာ မနက် ၂နာရီ မို့ နှစ်ကူးပြီးပြီ။
      သူ ကြောက် တဲ့ အချိန် ကျော်သွားပြီ ထင်ရဲ့။
      :-((

  • Wow

    January 1, 2015 at 4:02 pm

    ဘာလိုလိုနဲ့ တစ်နှစ်ပြည့်ပီပဲ ဒီအချိန်ပဲငါကြေကွဲခဲ့ ဝန်မခံချင်ပဲ ဆွံ့အနေမြဲ ငါဟာမင်းအစွန့်ပစ်ခံပဲ မြူ မှုန်အချစ်တောင် ပြန်မရခဲ့…… လမ်းကြုံရင် ပြောပေးဂျဘာ ကျနော့်ရဲ့အိမ်မက်တွေမှာ သူ့ရဲ့ပုံရိပ်တွေ အမြဲတမ်း ခြောက်လှန့်လို့နေတယ်…

    ကူငိုပေးသွားပါဒယ် 😥

  • ရင်ထဲနင့်သွားတယ်.. တကယ်ဆို .. စာထဲက ဇာတ်ကောင်နေရာကို ရောက်သွားတတ်တာ ကြာခဲ့ပါပြီလေ..

    • အောင် မိုးသူ

      January 5, 2015 at 9:45 am

      တစ်ခါတစ်ရံမှာ အချို့လူတွေမသိနိုင် မမြင်နိုင်တဲ့ ခံစားချက်တွေဟာ လူတစ်ယောက်ချင်းစီမှာ ပြည့်နှက်နေတတ်တယ်။

Leave a Reply