ဖြူစင်သည့် နှလုံးသား အမဲစက် မစွန်းထင်းစေနှင့် – တက္ကသိုလ်ဝင်းကြွယ်

kaiAugust 19, 20101min2073

လူတိုင်းဟာ မွေးကတည်းက ဖြူစင်သည့်နှလုံးသား ပိုင်ရှင်တွေချည်းပါပဲ။ အကြောင်းအမျိုးမျိုးရဲ့ လွှမ်းမိုးမှု ကြောင့် အရောင် အမျိုးမျိုး ဆိုးခြင်းကို ခံရတာပါ။

အရောင်ဆိုးခံရ မခံရမှုမှာ မိမိအပေါ်တွင် အဓိက မူတည်ပါသည်။ တစ်ခုတော့ သေချာသည်။ အဖြူတွင် အရောင် ဆိုးခံမိပါက မလွယ်သည်ကို သတိပြုပါ။ အဆိုးခံရမှုများလေ ဘဝတစ်သက် ချေဖျက်ရန် ခက်လေပင်။ မည်သူမပြု မိမိမှု၊ မိမိဖောက်ထားသည့်လမ်းအတိုင်း မိမိလျှောက်ရမည်သာတည်း။ ကံကြမ္မာတရားက မျှတသည်။ မျက်နှာ မလိုက်တတ်ပေ။

ကျွန်တော် ဒီဆောင်းပါးကို ရေးချင်တာ ကြာပါပြီ။ အကြောင်းအမျိုးမျိုးကြောင့် မရေးဖြစ်ခဲ့ပါ။ ယခု ရေးဖြစ်သွားပြီ။ ရေးချိန်တတ်ပြီဟု ယူဆလို့။ ဖြစ်ရပ်က ထူးခြားသည်။ ဆန်းကြယ်သည်။ တမင် ဖန်တီးလို့လဲ မရပါ။ မှတ်သားစရာလဲ အင်မတန်ကောင်းတာမို့ အဖြစ်မှန်ကို တင်ပြလိုက်ရပါသည်။

ကျွန်တော့်ကို အများက သိုင်းဝတ္ထုစာရေးဆရာ၊ ဘာသာပြန်ဆရာ တက္ကသိုလ်ဝင်းကြွယ်လို့ သိုင်းဝတ္ထုဖတ် ပရိသတ်များက သိထားကြပါသည်။ ယနေ့ထိ ထွက်ရှိသည့် သိုင်းဝတ္ထုစာအုပ်ရေ (၂၀၀) ပင် ကျော်သွားခဲ့ပါပြီ။

အမှန်တော့ ကျွန်တော်စာရေးဆရာလုပ်ဖို့ မရည်ရွယ်ခဲ့ပါ။ ဆရာဝန်လုပ်ပြီး လူ့အသက်ကို ကယ်ဖို့ ဘဝရည်မှန်းချက် အခိုင်အမာ ချမှတ်ထားခဲ့ပြီး ဖြစ်သည်။

လွန်ခဲ့သည့် (၄၅) နှစ်ခန့်ကဖြစ်ရပ်။ တောရွာတစ်ခုကို ကျွန်တော်ရောက်ခဲ့စဉ် ဆရာဝန်အချိန်မီ မပြနိုင်လို့ ရေတိမ်နစ်ပြီးဘဝဆုံးပါးသွားတာကို မျက်မြင်ကိုယ်တွေ့ကြုံဆုံပြီးကတည်းက ဆရာဝန်ဖြစ်အောင် ကြိုးစားမယ်လို့ သနိ္နဌာန် ချမှတ်ခဲ့ပါသည်။

၁၉၆၅ ခုနှစ်၊ ပညာရေးစနစ်သစ်ရဲ့ဒုတိယနှစ်။ ကျွန်တော် ၁ဝတန်း ကျောင်းသားဘဝ။

ကျွန်တော့်တွင် အချစ်ခင်ဆုံးသူငယ်ချင်း ကိုမျိုးငြိမ်း ရှိခဲ့ပါသည်။ တရုတ်ကျောင်းတွင် ငယ်စဉ်ကတည်းက အတူနေခဲ့ပြီး ၁ဝတန်းရောက်မှ အမှတ် (၁) အစိုးရ ကျောင်းသို့ ပြောင်းခဲ့ရပါသည်။

ကျွန်တော်နှင့် ကိုမျိုးငြိမ်း ငယ်စဉ်ကတည်းက အတန်းထဲတွင် ယှဉ်ပြိုင်ဘက်၊ (ပ) နှင့် (ဒု) လုဖော် လုဘက်။ သို့သော် ကျွန်တော်က အသာရသည်က များ၏။

၁ဝ တန်းတွင် ကိုမျိုးငြိမ်းက အင်္ဂလိပ်စာ ကျူရှင်ယူပြီး မကြာခဏ ကျွန်တော့်ကို ဆရာသင်ထားတဲ့စာတွေနဲ့ ပညာ လာစမ်းသည်။ ကြာလာတော့ ကျွန်တော်ကလဲ ပြန်စိန်ခေါ်လိုက်သည်။ “သူငယ်ချင်း မင်းက ဆရာသင်ထားတဲ့ အင်္ဂလိပ်စာကို အလွတ်ကျက်ပြီး ငါ့ကို ပညာလာစမ်းမနေနဲ့၊ တကယ်ပညာပြိုင်ချင်ရင် ငါတို့ ၁ဝ တန်း အစိုးရစစ် စာမေးပွဲမှာ တရားဝင် ပြိုင်ကြရအောင်၊ အမှတ်နည်းသူက ဟိုတယ်မှာ အဝကျွေးတမ်း၊ ဘယ့်နှယ့်လဲ” ဟု ကျွန်တော်က စိန်ခေါ်လိုက်ရာ သူက လက်ခံသဘောတူသည်။

၁ဝ တန်း အောင်စာရင်းထွက်တော့ ကျွန်တော်က အမှတ်များပြီး (တစ်ကျောင်းလုံးတွင် ပထမရခဲ့သည်။) ကိုမျိုးငြိမ်းက အမှတ်နဲလို့ ဟိုတယ်တွင် အဝကျွေးလိုက်ရ၏။

ကျွန်တော်တို့ နှစ်ဦးလုံး ဆရာဝန်လိုင်းကို လျှောက်ကြရာ ကျွန်တော်က ဆေးတက္ကသိုလ် (၁)၊ ကိုမျိုးငြိမ်းက ဆေးတက္ကသိုလ် (၂) မင်္ဂလာဒုံသို့ ဝင်ခွင့် ရသွားကြပါသည်။

ကျွန်တော်က “ဆရာဝန်ဖြစ်ရမည်”ဟု ရည်မှန်းချက် ချထားသည့်အတိုင်း တက္ကသိုလ်ဝင်ခွင့် လျှောက်ရာတွင် (ပ) ဦးစားပေး၊ (ဒု) ဦးစားပေး၊ (တ) ဦးစားပေး သုံးမျိုးလုံးတွင် ဆေးတက္ကသိုလ် (၁) ဟု ရေးဖြည့်ခဲ့ပြီး ဆရာဝန်လိုင်း မရလျှင် အခြားလိုင်း မည်သည့်တက္ကသိုလ်မှ မတတ်ဟု ဆုံးဖြတ်ကာ ရေးဖြည့်ခဲ့ပါသည်။

တစ်ပြည်လုံးတွင် အမှတ်အများဆုံး အယောက် (၁၀၀) ပါဝင်သည့်အတွက် ဆေးတက္ကသိုလ် (၁) သို့ ရွေးချယ် ခံရခြင်း ဖြစ်ပါသည်။

ဤသို့ဖြင့် တစ်နှစ်တစ်တန်း အောင်ပြီး (၅)နှစ်တာ ကုန်ဆုံးသောအချိန်တွင် လုံးဝမမျှော်လင့်ထားသော ဖြစ်ရပ်နှင့် ကြုံဆုံခဲ့ရပါတော့သည်။

ရည်မှန်းချက်ပန်းတိုင် လက်တစ်ကမ်း မြင်တွေ့နေရသောအချိန်၊ နွေခေါင်ခေါင်တွင် မိုးကြိုးပစ်ခံလိုက်ရသော ဖြစ်ရပ်ပမာ ကျွန်တော်၏အသည်းနှလုံး ကြေပျက်သုန်းရတော့သည်။

Dr. ညီညီ၊ ပညာရေး (ဒု) ဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်နေချိန်က ဖြစ်သည်။ ကျွန်တော်နေထိုင်ရာ လမ္မတော် ဆေး (၁) ကျောင်းသာများ အဆောင်သို့ စာတစ်စောင် ရောက်လာပါသည်။ နိုင်ငံခြားသား မှတ်ပုံတင် (FRC) ငြိစွန်းမှုအတွက် ကျွန်တော့်ကို ကျောင်းမှ ထုတ်ပစ်သည့်စာ ဖြစ်ပါသည်။ ထိုစဉ်အခါက မိဘနှင့်ကျောင်းသား သုံးဦး သုံးမလယ် နိုင်ငံသားဖြစ်မှသာ ဆေးကျောင်းသို့ ဝင်ခွင့်ရပါသည်။

ကျွန်တော် မငြင်းလိုပါ။ ကျွန်တော့်တွင် အပြစ်ရှိပါသည်။ ဆရာဝန်ဖြစ်ချင်လွန်းလို့ ဒုက္ခသည် တောသူ တောင်သား လူမမာများ၏ အသက်အိုးအိမ်ကို ကူညီ ကယ်တင်ပေးချင်လွန်းလို့ ကျွန်တော်ကြိုးစားခဲ့ခြင်း ဖြစ်ပါသည်။

ကျွန်တော်အပြင် ကျွန်တော်နှင့်ဘဝတူဖြစ်ခဲ့ရသူများလည်း ကျောင်းမှ ထုတ်ပယ်ခြင်းခံခဲ့ရကြောင်း နောင်မှ သိရပါသည်။ များစွာစိတ်မကောင်းခြင်းပါ။ အကယ်၍ ချွင်းချက်နှင့် အခွင့်အရေးတစ်ရပ် ပေးပြီး ဆရာဝန်ဖြစ်သောအခါ နိုင်ငံတလွှမ်း စေလွှတ်ရာသို့ မလွဲမသွေ တာဝန်ထမ်းဆောင်မည်ဟု ကတိခံဝန်ချက် လက်မှတ်ရေးထိုးစေပါက မည်မျှ ကောင်းလိုက်မည်နည်း။ နိုင်ငံအတွက်လဲ ကောင်း၊ ကျောင်းသားအတွက်လဲ ဘဝမပျက်တော့ချေ။

ကျောင်းမှ ထုတ်ပယ်ခြင်းခံလိုက်ရသောစာကို ဖတ်လိုက်ရသည်နှင့် တပြိုင်နက် ကျွန်တော့် နှလုံးခုန် ရပ်သွားသည် ဟုပင် ထင်မှတ်ခံစားလိုက်ရပါသည်။ အိပ်မက်လား၊ တကယ့်ဖြစ်ရပ်လား မဝေခွဲနိုင်၊ မျှော်မှန်းချက် တောင်ကြီး ပြိုသွားလေပြီ…

ကျွန်တော့်ကိုယ် ကျွန်တော် အဆုံးစီရင်ဖို့ အတွေးဝင်လာသည်။ ဆေးကို ပုလင်းလိုက်သောက်ရန် လက်က ရောက်သွားသည်။ ဘဝပျက်သွားပြီလေ။ အသက်ရှင်လည်း မထူးတော့ပေ။

အသက်သေရေးရှင်ရေး၊ ထိုအရေးကြီးသော တဒင်္ဂအချိန်လေးတွင် အခြားအတွေးတစ်ခုက ဝင်ရောက် လာပြန်သည်။ “ငါ ဆရာဝန်မဖြစ်ရင်လဲ အခြားနည်းနဲ့ တောသူတောင်သားတွေရဲ့ ကျန်းမာရေးကို မကူညီနိုင်တော့ ဘူးလား၊ ရတောင့်ရခဲတဲ့ လူ့ဘဝကို ဘာကြောင့်လွယ်လွယ်နဲ့ စွန့်လိုက်ရမှာလဲ”

ထိုအတွေးက ကျွန်တော့်ကို သေမင်းလက်မှပြန်ကယ်နိုင်ခဲ့ပါသည်။

၁ဝ တန်းတွင် အမှတ်ကောင်းသဖြင့် အစိုးရမှ ချီးမြှင့်သော စကောလားရှစ် (ပညာထူးချွန်ဆု) ကို ရခဲ့ပေမယ့် ကျောင်းမှ ထုတ်ပယ်ခြင်းခံရသည့်အတွက် ၅နှစ်စာ ရခဲ့သော ဆုငွေများကို ပြန်ပေးလျှော်ရန် စာရောက်လာပါသည်။ မလျှော်ပါက အရေးယူခြင်း ခံရမည်ဟုလည်း ပါရှိသည်။

ပေါက်သည့်နှဖူး မထူးတော့ပြီ။ ဆရာဝန် ဖြစ်ချင်လွန်းလို့ ဆေးကျောင်းတတ်ခဲ့တာကို အပြစ်လို့ယူဆပြီး ထောင်ချလည်း ခံမည်။ လည်စင်း၍ သေဒဏ်ပေးလည်း ခံမည်။ ဆုချပေးပြီးသော ငွေများကို ပြန်တောင်းတာ မပေးနိုင်ပေ။ သို့ပေမယ့် မိဘများက သားဒုက္ခရောက်တာကို မမြင်တွေ့လိုသည့်အတွက် ရှိစုမဲ့စုငွေများကို ခြစ်ချုပ်ပြီး ပြန်လည်ပေးလျော်လိုက်ပါသည်။

သေပြီဟု ချမှတ်လိုက်သည့်အသက် ပြန်လည်ရှင်သန်လာပေမယ့် တကယ်တော့ ဆရာဝန်လုပ်ရန် စိတ်ကို ပယ်ဖျောက်စွန့်လွှတ်ဖို့က ထင်သလောက် မလွယ်မှန်း လက်တွေ့ခံစားမိတော့မှ သိ၏။ ကျွန်တော် ၅ နှစ်မှာ လက်တွေ့ သင်တန်းတက်ခဲ့ရသော “အလုပ်သမားဆေးရုံကြီး” တွင် ခင်မင်သော အလုပ်သင်ဆရာဝန်တစ်ဦးနှင့် အတူ တစ်ဦးတည်းသော ဆေးကျောင်းသားအနေဖြင့် ဆေးရုံတစ်ခုလုံးက ဝိုင်း၍ ကူညီအားပေးကြသည်။ ၆ လကြာ ဆရာဝန်ဖြစ်ရန်အစွဲကို ကြိုးစားဖျောက်ပြီး စိတ်ကို တည်ငြိမ်အောင် ကုစားခဲ့ပါသည်။

နောက်ဆုံးတွင် ဘဝတက်လမ်းကို ချမှတ်ဆုံးဖြတ်ရမည့်အချိန်သို့ ရောက်လာသည်။ ကျွန်တော်၏ဆရာရင်း ဖြစ်သူ ကျန်းမာရေး (ဒု ဝန်ကြီး) ဦးကျော်ခင်အား သွားရောက်တွေ့ဆုံ ဂါရဝပြုကာ ဆုံးဖြတ်ချက်ကို ချလိုက်သည်။ ဆရာက စိတ်မကောင်းပေ။ ကျွန်တော့်ကို အင်မတန်ချစ်သော ဆရာဖြစ်ပါသည်။

တရုတ်ဓါတ်အပ်စိုက်ပညာကို သင်ယူရန် ဆုံးဖြတ်လိုက်သည်။ ထိုစဉ်အခါက တရုတ်ဓါတ်အပ်စိုက်ပညာ စတင်ကျော်ကြား လူသိများချိန်ဖြစ်သည်။ တရုတ်ပြည်မှ ဆရာတစ်ဦးရောက်လာပြီး တရုတ်ဘာသာဖြင့် သင်တန်းပေးသည်။ လူအတော်များများ သွားရောက် စာရင်းပေးကြသည်။ ဓါတ်အပ်စိုက်ပညာသည် အပ်ဖြင့် မိမိအသားကို ပြန်ထိုး လေ့ကျင့်သင်ကြားယူရသည့် ပညာဖြစ်ကြောင်း ဆရာက အဓိကရှိရမည့် လိုအပ်ချက်ကို ပြောလိုက်သောအခါ သင်တန်းတက်လိုသူများ သိသိသာသာလျော့သွားတော့သည်။ မိမိအသားကို အပ်ဖြင့် ကိုယ်တိုင် ပြန်ထိုးရမည့်ကိစ္စမှာ ထင်သလောက်မလွယ်။

ဘဝ၏နာကျည်းချက် ထိုးနှက်ခံစားရသူ ကျွန်တော်မှာ သင်တန်းတွင် အထူးခြားဆုံးသူအဖြစ် ဆရာ၏ ချီးကျူးခြင်းကို ခံရပါသည်။ တကိုယ်လုံးတွင် အပ်ရာတွေက သက်သေများပင် မဟုတ်ပါလား။

သင်တန်းပြီးလို့ အောင်လက်မှတ်ရသောအခါ ရန်ကုန်မြို့၊ တရုတ်သမားတော် ဆေးဆရာများအသင်းတွင် အပ်စိုက်ဆရာ မှတ်ပုံတင်ပြီး တရားဝင်ဆေးကုသခွင့် ရခဲ့ပါသည်။

ကျွန်တော်မွေးဖွားရာ ဇာတိသို့ ပြန်လာပြီး မိဘနှင့်အတူနေပါသည်။ ဆေးလဲကု၊ အင်္ဂလိပ်စာ ကျူရှင် (၇-၈-၉-၁ဝ တန်း) လဲပေးပြီး ဘဝကို စခဲ့သည်။

မေတ္တာစေတနာ၏အကျိုးှနှင့် စွမ်းအားကြီးမားပုံကို ကျွန်တော် ပိုမို နားလည်သဘောပေါက်လာသည်။ ငွေကြေးကို အဓိက မထားပဲ ရောဂါပျောက်ရေးကို ဦးစားပေး ကုသမှုကြောင့် နာမည်ကျော်ကြား လူသိများခဲ့သည်။ ဆရာဝန်၏ သားသမီးများပင်လာရောက်ကုသခံယူပြီး ပျောက်ကင်းချမ်းသာ သွားကြပါသည်။ ရောဂါပျောက်နှုန်း အထူးကောင်းသည့်အတွက် တဆင့်စကားတဆင့်ပွားပြီး “ပျောက်စေဆရာလေး” ဟုပင် နာမည် ရခဲ့တော့သည်။

မော်လမြိုင်၊ မုဒုံ၊ ဖားအောက်၊ တံခွန်တိုင်၊ ကျိုက္ခမီစသော မြို့နယ် ကျေးရွာများသို့ ခရီးတစ်ခေါက် ထွက်ဖြစ်ပြီး တောသူတောင်သားများ၏ ကျန်းမာရေးကို ကုသပေးခဲ့ပါသည်။ ဆေးချက်မပါ၊ အပ်သက်သက်ဖြင့် ရောဂါကို ထိုးနှက်ပျောက်ကင်းအောင် အစွမ်းထက်သည့် ကုနည်းကို တောသူတောင်သားများ အံ့ဩမဆုံး ဖြစ်မိကြသည်။

နှာစေး၊ ချောင်းဆိုး၊ ခေါင်းကိုက်၊ ဖျားနာမှအစ သွေးတိုး၊ လေဖြတ် ရောဂါမျိုးစုံကို လက်တွေ့ကုသ သက်သာ ပျောက်ကင်းစေသည့်အတွက် လူနာများသည်ထက် များလာ၏။

တစ်နေ့တွင် ကျွန်တော့်ဆေးခန်းသို့ ဆရာဝန်၏သမီး ၈ တန်းကျောင်းသူလေး မိခင်နှင့်အတူ ရောက်လာ ပါသည်။ ခရီးရောက်မဆိုက် “ဆရာကို ပွင့်ပွင့်လင်းလင်းပဲ ပြောမယ်နော်။ ဒီမြို့မှာ Special Dr ၆ဦးပဲ ရှိတယ်။ အားလုံး ပြပြီးပြီ။ သမီးအဖေကလဲ ဆရာဝန်ပဲ။ သမီးမှာ ခေါင်းကိုက်တဲ့ရောဂါ ဖြစ်နေတာကို အင်္ဂလိပ်ဆေးသောက်တာ ခဏပဲ သက်သာပြီး ပြန်ပြန်ဖြစ်တယ်။ ပရုတ်ဆီ တချိန်လုံးလိမ်းတော့ ခြင်ထောင်ထဲအနံ့ မွှန်းနေတာပဲ။ မုန့်ဟင်းခါးနဲ့ မတည့်ဘူး။ စားရင် အန်တယ်။ ခက်တာက သမီး မုန့်ဟင်းခါးကို သိတ်ကြိုက်တယ်လေ။ ဆရာက ပျောက်စေဆရာလေး လို့ နာမည်ကြီးနေတော့ ပျောက်လိုငြား လာခဲ့တာပေါ့” ဟု အဖြစ်မှန်နဲ့ လာတဲ့ကိစ္စကို မကွယ်ဝှက်ပဲ ပြောလေသည်။

“ကောင်းပြီ၊ ကျွန်တော့်ကို ယုံလို့လာတယ်ဆိုတော့ ကြိုးစားကုပေးရတော့မှာပေါ့။ ဒါပေမယ့် ကျွန်တော့်ကို ကတိတစ်ခုတော့ ပေးရမယ်နော်။ ကျွန်တော် ၆-ရက်၊ ၆-ကြိမ် ကုကြည့်မယ်။ နေ့တိုင်း မပျက်မကွက်လာရမယ်။ တစ်ရက် ပျက်ကွက်ရင် ကျွန်တော် မကုတော့ဘူး” ဟုတောင်းဆိုလိုက်ရာ “စိတ်ချပါဆရာ၊ နေ့တိုင်း မပျက်မကွက် လာပါ့မယ်၊ ဆရာ့ပညာကို ယုံလို့ လာခဲ့တာပဲ” ကလေးမ၏မိခင်က ဝမ်းသာအားရ ပြန်လည် ဖြေကြားသည်။

သို့နှင့်ကျွန်တော် လူနာကို ရက်ချိန်းပေးပြီး စကုပါတော့သည်။ ပထမရက်-မထူးခြား၊ ဒုတိယရက်-မသိသာသေး၊ တတိယရက်တွင် ထူးခြားစွာ သက်သာလာသည်။ စတုတ္ထရက်တွင် ပို၍ သိသာလာပြီး (၅) ရက်မြောက်နေ့တွင် လူနာကလေးမက သူကြိုက်သည့် စားလျှင်အန်သော မုန့်ဟင်းခါးကို စားကြည့်ရာ မအန်တော့ကြောင်းနှင့် ပရုတ်ဆီလဲ မလိမ်းပဲ နေနိုင်တော့ကြောင်း ပြောပါသည်။ (၆) ရက်မြောက် ကုပေးပြီးသောအခါ တစ်ပတ်နားပြီး အကြောင်းပြန်ပါဟု မှာကြားလိုက်လေသည်။

တစ်ပတ်ကြာသောအခါ လုံးဝခေါင်းမကိုက်တော့ကြောင်း ပြောကြားရင်း ကျွန်တော့်ထံ လာရောက် ကန်တော့ သွားကြလေသည်။ နှစ်အနည်းငယ်ကြာသောအခါ မမျှော်လင့်ပဲ စကော့ဈေး (ရန်ကုန်) တွင် ပြန်ဆုံမိသောအခါ လုံးဝခေါင်း မကိုက်တော့ကြောင်း သိရလေသည်။

တစ်နေ့တွင် တန်ဆောင်တိုင်ပွဲတော် ကျင်းပသည့်အတွက် ကျွန်တော်တို့ လမ်းတစ်လျောက် ဈေးသည်များနှင့် စည်ကားလျက်ရှိ၏။ တလမ်းထဲနေသည့် ကိုမျိုးငြိမ်းက အိမ်ရှေ့မှ ဖြတ်ပြီး နှုတ်ဆက်သွားသည်။

“သူငယ်ချင်း၊ ငါမနက်ဖြန် ရန်ကုန်ပြန်တော့မယ်၊ ဆရာဝန် ဘွဲ့နှင်းသဘင် ရှိလို့ ငါတက်ရမယ်၊ မင်းကို တခါတည်း နှုတ်ဆက်ခဲ့တယ်” ဟုပြောဆို နှုတ်ဆက်သွားသည်။

ကျွန်တော်၏စိတ်တွင် မိမိကံမကောင်း၍ ဆရာဝန်မဖြစ်လိုက်ရသည်ကို ဝမ်းနည်း စိတ်မကောင်း ဖြစ်မိပေမယ့် ဆရာဝန်ရှားပါးနေသည့် ယခုလိုအချိန်မှာ သူငယ်ချင်း ကိုမျိုးငြိမ်း (Dr. မျိုးငြိမ်း ဟု ခေါ်လျှင်လဲ ရနိုင်မည်ဟု ထင်ပါသည်။) ဆရာဝန်အမြန်ဖြစ်ပြီး နိုင်ငံ့အကျိုး သယ်ပိုးနိုင်သည့် ပြည်သူ့သားကောင်းရတနာ ဖြစ်ပါစေ ဟု စိတ်ထဲမှ ကြိတ်၍ ဆုတောင်းအခါခါ ဖြစ်မိပါသည်။

သုံးရက်ကြာသော ညတစ်ည၏ (၈) နာရီအချိန်။ မနက်ဖြန်တွင် တရားဝင်ဆရာဝန်ဘွဲ့ (ဆ.မ) ရတော့မည့် ဆရာဝန်အသစ်စက်စက် Dr. မျိုးငြိမ်း၏သတင်း၊ သူ၏မိသားစုထံသို့ ရောက်လာ၏။

“Dr. မျိုးငြိမ်း၊ Heart Attack နှင့် ရုတ်တရက် မင်္ဂလာဒုံစစ်ဆေးရုံတွင် ကွယ်လွန်သွားပြီဖြစ်ကြောင်း သတင်းပင် ဖြစ်သည်။ မိသားစု ရင်ကျိုးရပြီပေါ့။ ထီပေါက်ပြီးမှ ထီလက်မှတ်ပျောက်သည့် အဖြစ်မျိုး။

မိဘနှင့် ညီအစ်ကိုမောင်နှမ မည်မျှခံစားရမည်ကို မဆိုထားနှင့် သူငယ်ချင်းဖြစ်သည့် ကျွန်တော်ပင်လျှင် ရင်ထဲမှာ နှမျောတသနှင့် ဝမ်းနည်း စိတ်မကောင်းခြင်းများစွာ ဖြစ်မိပါသည်။

ကံကြမ္မာက ဆန်းကြယ်သည်။ အဘယ်ကြောင့် သူ့အား တရားဝင်ဆရာဝန်ဘွဲ့ လက်မှတ်ပင် ပေးမယူပဲ အသက်ကို ချွေနှုတ်သွားရသနည်း။

တစ်လခန့်ကြာသောအခါ ဖခင်ဖြစ်သူ ဆုံးသွားသည်။ ကံကြမ္မာကို ဆန်းစစ်ရန်လိုပြီ။ အဖြေထုတ်ရန် လိုအပ်ပြီ။

နောက်တစ်လ ကြာသောအခါ မိခင်ဖြစ်သူ ထပ်မံ ဆုံးသွားပြန်သည်။ ရိုးရိုးဖြစ်ရပ်တော့ မဟုတ်လေပြီ။ ထူးခြား ချက်တော့ ရှိမည်။ မယုံကြည်နိုင် မဖြစ်နိုင်သည့် ဖြစ်ရပ်ဆန်းမို့ သေချာစဉ်းစားလျှင် ကြောက်စရာပင် ကောင်းသည်။ တိုက်ဆိုင်၍တော့ မဟုတ်တန်ရာ၏။ အကြောင်းနှင့် အကျိုးတော့ ရှိရပေမည်။

ချစ်လှစွာသော စာဖတ်ပရိသတ်များ အဖြေထုတ်ကြည့်ပါ။ အကြောင်းနှင့်အကျိုးတရားကို ဆက်စပ်ပြီး ဤ ဆောင်းပါးကို သေချာဖတ်သူများ အဖြေရှာတွေ့နိုင်လိမ့်မည်ဟု ထင်ပါသည်။ (အဖြစ်မှန်ဖြစ်သော်လည်း နာမည်နှင့် နေရပ်များ ပြောင်းထားသည့်အတွက် တိုက်ဆိုင်ပါက ခွင့်လွှတ်ပါ။)

မှတ်ချက်။  ။ ဩဂုတ်-၂၀၁၀၊ထုတ် မန္တလေးဂေဇက်တွင် ဖေါ်ပြပြီးဖြစ်သည်။

3 comments

  • bigcat

    August 19, 2010 at 4:36 am

    ဂုဏ်ယူပါတယ် ဆရာ။

  • fatty

    August 19, 2010 at 4:29 pm

    တက္ကသိုလ်ဝင်းကြွယ် ….. မှန်းသိလိုက်ရတော့အံ့ဩ မိပါ တယ်။ အစကတော့ စာသွားစာလာ ရေးသားပုံကြည့်ပြီး ….တဦးဦး တော့ဖြစ်မှာဘဲ ဆိုတာတော့ခန့်
    မှန်း မိပါ တယ်။ တဦးဦး ဆိုတာ .. ကလောင်ရှင် တဦးဦး ဖြစ်နိုင်ကြောင်း ရိပ်စားမိပါတယ်။ တချိန်က …… စဖတ်မိရင် လက်ကမချချင် အောင် အရေးအသားကောင်းခဲ့ တဲ့
    ဆရာ တက္ကသိုလ်ဝင်းကြွယ် အား ..ဝမ်းသာအားရ နှုတ်ဆက်လိုက် ပါကြောင်း ….။

  • unclegyi1974

    September 9, 2010 at 4:41 pm

    မင်္ဂလာပါဆရာ၊ ကျွန်တော်လဲဆရာ့ပရိတ်သတ်တဦးပါ၊ ဆရာ့ခံစားချက်ကို ကျွန်တော်လဲကောင်းကောင်းနားလည်
    ပါတယ်။ ဒါမျိုးကကိုယ်တိုင်ခံစားရမှပိုပြီးကိုယ်ချင်းစာနိုင်တာပါ၊ ကျွန်တော့်အမ ကတော့ကျောင်းပြီးသွားပါတယ်။
    ဒါပေမဲ့အဲဒီ FRC ညိပြီးဘာသင်တန်းမှပေးမတက်တော့ပါဘူး။
    ဒါနဲ့ နိုင်ငံခြားကိုစွန့်ပြီး ထွက်သွားလိုက်တာအခုတော့ဟိုမှာအထူးကုဖြစ်နေပါပြီ၊
    အရည်အချင်းရှိတဲ့လူကဘယ်သွားသွားလူတောတိုးပါတယ်ဆရာ။
    ဒါပေမဲ့ …အဲဒီ ဒါပေမဲ့ကြီးကခက်တာဘဲ ဆရာ
    ကိုယ့်နိုင်ငံ ရဲ့ လူ့စွမ်းအားရင်းမြစ်တွေကိုအကျိုးရှိအောင် အသုံးမချတတ်တဲ့လက်တစုတ်စာလူတွေကြောင့်
    ိုနိုင်ငံတော်မှာ နစ်နာမှုတွေအများကြီ ဖြစ်ပြီးပါပြီ၊ နောင်လဲဖြစ်နေအုန်မှာပါဘဲ။

Leave a Reply