သမီးငယ်လေး၏ စကား
သမီးငယ်လေး၏ စကား ( အငယ်လေးများ၏ ခံစားချက်)
သမီးပြောသော စကားတခွန်းသည် ကျွန်မရင်ကို ထိခတ်သွားစေသည်။ ကျွန်မ တစ်ယောက်တည်းကို မဟုတ်ပဲ သူ့ကို ချစ်သော သူက ချစ်သော မိသားစုဝင် အားလုံးကို တခဏမျှ မှင်တက်သွားစေခဲ့ပါသည်။
ကျွန်မတို့ အမှုမဲ့ အမှတ်မဲ့ သတိမမူ ပြုမူခဲ့သည်များသည် သူ့စိတ်တွင် ထိုကဲ့သို့ မှတ်ယူ သွားမည်ကို ကျွန်မတစ်ယောက် ယောင်လို့မှပင် မစဉ်းစားမိခဲ့ပေ။ သမီးပြောသောစကားသည် မမှားသော မှန်သော စကားပေမို့ ကျွန်မတယောက် ချက်ချင်း ပြန်လည် တုန့်ပြန်ဖို့ တခဏမျှ နှုတ်စွင့် သွားခဲ့ရပေသည်။
( သမီးရေ…………. ဒီမှာ…… လှလား)
ဂါဝန်လေးကို ကိုင်ကာ သမီးမြင်အောင် သမီးရှေ့တွင် ဝှေ့ယမ်းပြကာ ကျွန်မမေးလိုက်သည်။
( လှတယ်….မီးမီးကို ဂု ဝတ်ပေး)
အင်္ကျ ီ အသစ်လေးကို မြင်တော့ မျက်လုံးလေးတွေ လက်သွားကာ ကျွန်မဆီ ပြေးလာရင်း မပီကလာ သမီးလေးက ဆိုပါသည်။
(မေမေ ဝယ်လာတာရား)
( ဟုတ်ဘူး သမီးရဲ့ မမယွန်းယွန်း ပေးလိုက်တာ)
မမယွန်းယွန်း ဆိုသည်မှာ ကျွန်မ ညီမက မွေးသော သမီး၏ အမ ဝမ်းကွဲဖြစ်သည်။ သမီးထက် တနှစ်ခွဲ သာသာ ကြီးသည်။
ကလေး ဆိုသည်မှာ ခဏလေးနှင့် ကြီးလာသည် မို့ အဝတ်အစား အသုံးအဆောင်များသည် ခဏသာ သုံးရပေသည်။ သိပ်မကြာခင်ကမှ ဝယ်ထားသော အင်္ကျ ီသည် နောက် သုံးလေးလဆိုလျှင်ပင် ဝတ်မရတော့ပေ။ ဖိနပ်သည်လည်း ထိုနည်း နှင်နှင်………
ထို့ကြောင့် အပြင်သွားသော အင်္ကျ ီအသစ်အနည်းငယ်မှအပ အိမ်နေရင်း ဝတ်သော အင်္ကျ ီအများစုကို ကျွန်မသည် သိပ်မဝယ်ဖြစ်ပါ။ ခဏလေးနှင့် ငယ်သွားသောကြောင့် သိပ်မလိုအပ်ဘူး ထင်၍ဖြစ်သည်။ ဒါ့ကြောင့် သမီး အင်္ကျ ီ ထက်ဝက်ကျော်ကျော်လောက်သည် သူ့ မမယွန်းယွန်း အင်္ကျ ီတွေသာများသည်။ တခါတရံ သူ့ အမ လက်ဆောင်ရတတ်သော အင်္ကျ ီအသစ်များ ငယ်နေလျှင်လည်း အသစ်စက်စက် သမီးထံ ရောက်လာတတ်ပေသည်။ ဒါပေသည့် ဝယ်လာတာ မဟုတ်သည့် အတွက် မမယွန်းယွန်း ပေးတာသာ အမည်တွင်လေသည်။ ဖိနပ်တွေသည်လည်း ထိုနည်း လည်းကောင်း……..
တခါတရံ အပြင်သို့ ထွက်ရခိုက် သမီး ဝတ်လာသည်ကို ကြည့်၍ သူ့ ကြီးကြီးနွဲ့က စတတ်လေသည်။
( ကြည့်စမ်း…..ဂါဝန်က …မမယွန်းယွန်းပေးတာ….လေဒီရှုးကလည်း မမယွန်းယွန်း ဟာပဲ။ သူ့ဟာလည်း မဟုတ်ဘူး)
ထိုသို့ စ လေတိုင်း သမီးကလည်း အညံမခံ ပြန်ပြောတတ်သည်။
( မမယွန်းယွန်းနဲ့ …နယ်..သွားရို့ ….မီးမီးကို ပေးတာ….ထု…မီးမီးဟာ ဖြစ်တွားပြီ)
သမီး ပြန်ပြောသည်ကို ချစ်၍ သူ့ ကြီးကြီး နွဲ့က အမြဲ စ တတ်သည်။
( မနွဲ့ ကလည်း ကလေးကို မ စ ပါနဲ့ စိတ်မကောင်း ဖြစ်သွားမယ်…ငါတို့ အငယ်တွေဟာ အဲ့လိုပဲ…သူများ အကျပဲ ရတာ)
သမီး၏ အဒေါ် အငယ်က မခံနိုင်၍ ထို့သို့ ဝင်ပြောတတ်သည်။
(နန်စီရယ်..ကလေးက အခုမှ ၂နှစ်။ မသိသေးပါဘူးဟာ)
ကျွန်မက ရယ်ရယ်မောမော ဝင်ပြောရသည်။ ကျွန်မ စိတ်ထဲတွင်လည်း တကယ်ကို သမီး မသိနိုင်လောက်ဟုသာ………
( ညွှန့်ညွှန့် ငယ်ငယ်ကလည်း ပြောဘူးတယ်ဟေ့။ မေမေက ညွှန့်ညွှန့်ကို ဘာလို့ အရင်မမွေးတာလဲတဲ့။ မေမေတို့ အကျတွှေပဲ သူ ဝတ်ရလို့လေ)
ယောက်ခမကြီး ပြောသော ညွန့်ညွန့်သည် ယောက်ခမကြီးတို့ ညီအမ ငါးယောက်တွင် အငယ်ဆုံး ညီမကို ဆိုလိုခြင်းဖြစ်သည်။ အငယ်လေးတွေ အများစုသည် အကြီးတွေ၏ အကျကိုသာ ရတတ်ကြသည်ကိုး…..။
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
အိမ်တွင် အရုပ်တွေကို ခြင်းကြီး နှစ်လုံးထဲ စုပြံထည့်ထားသည်။ ကစားချင်ပြီဆိုမှ မောင် နှမ နှစ်ယောက် ခြင်းကို မှောက်ကာ မွှေနှောက်ကာ လိုအပ်သည်များကို ယူကြသည်။ လုကြသည်။ ရန်ဖြစ်ကြသည်။
(မေမေ…မီးမီးကို….မပေးဘူးတဲ့)
( သားသား အရင်ယူတာ ညီမလေးက လုတာ)
သူ့ထက်ငါ ဦးအောင် တိုင်ကြပြန်လေသည်။
( ပေးလိုက်ပါ သားရယ် သားက အကြီးပဲဟာ)
( သား ပစ္စည်းဟာကိုး)
သားပြောသော စကားသည် မှန်သည်။ အိမ်မှာရှိသော အရုပ်အားလုံးနီးပါး သား အရုပ်တွေကြည့်သာ။
နှစ်ဖက်မိသားစုတွင် ပထမဦးဆုံး ရောက်လာသော ကလေးမို့ ဟိုဘက် သည်ဘက် နှစ်ဖက်လုံးမှ အချစ်ပိုစွာ ဝယ်ပေးသော အရုပ်၊ ကျွန်မ စိတ်ကြိုက်ဝယ်ပေးသောအရုပ်။ သား အဖေကိုယ်တိုင် ဝယ်ပေးသော အရုပ် စသည်ဖြင့် အရုပ် အားလုံး၏ မူပိုင်ရှင်သည် သားသာလျှင် ဖြစ်ပေသည်။
မွေးစမှ ယခု ခြောက်နှစ်အရွယ်ထိ ဝယ်ထားသည်မို့ ကလေးတွန်းလှည်းမှ အစ အေဘီစီ စာလုံးအလယ် စက်ဘီးအဆုံး သားအရုပ်များဖြစ်သည်။
အေဘီစီ စာလုံးလေးများ လုလျှင်
( သားက ကျောင်းတက်နေပြီ စာဖတ်တတ်နေပြီ။ ညီမလေးကို ပေးလိုက်တော့ အခု ညီမလေးဟာ ဖြစ်သွားပြီ)
အဲ့သည်လိုမျိုး ကျွန်မမှာ ဖြေရှင်းရသည်။ ဒါပေသိ…..သူ့ အစ်ကိုနှင့် ငယ်သွား၍ သူ ရသည် ဆိုသော အသိကို သမီးက သိနေသည်။
(ကိုကိုကြီးက ကြီးသွားလို့ မီးမီး ရတာနော်) ဟု မမေ့မလျှော့ မေးတတ်သေးသည်။
ထိုကဲ့သို့ ကစားစရာများသည်လည်း သူ့မွေးနေ့တွင် သူ့အဒေါ် အငယ်မှ ဝယ်ပေးထားသော ဘာဘီအရုပ်လေးမှ လွဲလျှင် အားလုံးသည် သူ့အစ်ကို အကျများသာဖြစ်ပေသည်။
ပစ္စည်းလုတိုင်း သားက ကြီးသွားပြီ ညီမလေးကိုပေးလိုက်ဟုသာ ကျွန်မသည် အမြဲလိုလို ဖြေရှင်းတတ်သည်။ အမှုမဲ့ အမှတ်မဲ့သာ။
ပြီးခဲ့သော အပတ်က သားသည် သားအဖေ ပြန်လာခိုက် သူလိုချင်သော စကူတာကို ဝယ်ခိုင်းလေသည်။ အိမ်ရောက်ရောက်ခြင်း တအိမ်လုံး ပတ်စီးလေသည်။
သမီးကလည်း သူ့အစ်ကိုကို အားကျကာ စီးချင်ပေသည်။ သို့သော် သူသည် စီးခွင့်မရပေ။ ထို့ကြောင့် လိုက်၍ လုလေသည် ။ နောက် ရန်ဖြစ်ကာ ဆူညံပေပြီ။
သူ ကျေနပ်စေရန် ထုံးစံအတိုင်း လုပ်ရပေပြီ။ စကူတာရ၍ အရင်က လုနေကြ ကားကို သားက မေ့ပြီမို့ သမီးကို ပေးရပေမည်။
( သမီးက ငယ်သေးတယ် စကူတာ စီးလို့ မရသေးဘူးနော်။ ကားပဲစီးနော်။ အခု ကားက သမီးဟာ ဖြစ်သွားပြီနော် သိလား)
ကျွန်မနှင့် သမီးအဒေါ် နှစ်ယောက်သား သမီးကိုသာ ဝိုင်းချော့ကြရသည်။ု ထုံးစံအတိုင်း သားအကျ ကားကို သမီး ကျေကျေနပ်နပ် ယူစေရန် ကြိုးစားကြသည်။
ကျွန်မတို့ စကား အဆုံး မကျေမနပ်နှင့် နှုတ်ခမ်းဆူကာ သမီး ပြောလိုက်သော စကားသည် ကျွန်မကို ရုတ်တရက် ကြောင်သွားစေသည်။ ပြီးတော့ စိတ်မကောင်း ဖြစ်ရသည်။ ကျွန်မ မတရားရာ ကျနေပြီလားဟု အတွေး ဝင်သွားမိပြန်ပါသည်။ သမီးက ငယ်သေး၍ မသိဘူး ထင်ထားသော ကျွန်မ အတွေး မှားလေပြီ။ သူ့ အဒေါ် သူ့ အဖွား အားလုံး တယောက်တခွန်း ချော့နေရင်းမှ ရုတ်တရက် အသံတိတ်သွားကြလေသည်။
နှနှစ်ခွဲ အရွယ် သမီးငယ် မကျေမနပ် ပြန်ပြောသည်က……
( မီးမီးမှာ….တူများ….. ဟာတွေ…. ကြည့်ပဲ) ဟူ၍ဖြစ်လေသည်။
37 comments
မွသဲ ( 17082011 )
January 7, 2015 at 6:15 pm
သမီးပြောလိုက်တဲ့စကားလေးက ရင်ထဲကိုနင့်သွားတာပဲအမရယ်။ အငယ်ကလဲအငယ်အလျောက် သူများအကျရလို့ခံစားရ အကြီးတွေကလဲအကြီးအလျောက် အငယ်ကိုအလျော့ပေးရလို့မကျေနပ်တဲ့ခံစားချက်တွေကြားကြားနေရတယ်မမှီရယ်။ မိဘဆိုတာသားသမီးတိုင်းကိုတန်းတူချစ်တယ်ဆိုပေမဲ့ သူတို့လေးတွေရဲ့ကိုယ်ပိုင်ခံစားချက်ကလေးတွေကို ညီမျှအောင်ဖြေရှင်းဖို့ဆိုတာ အတော်ခက်မယ်နော်။ တယောက်ထဲသားတောက် သူ့ကိုဆူလိုက်ရင် နှစ်ယောက်သာရှိခဲ့မယ်ဆိုရင် သူအဆူခံရသက်သာမှာပဲဆိုတဲ့စကားပြောလေ့ရှိတယ်။ သားသမီးရေးဟာ ကိုက်တွယ်ရအခက်ဆုံးပြသနာနဲ့တူတာပါပဲ မမှီရေ
hmee
January 8, 2015 at 10:08 am
မသဲရေ ဒါက သမီး အကြောင်း။ လာမယ် နောက်တခါ သားအကြောင်း။ နန်းကျဘုရင်လို့ ခေါင်းစဉ် တပ်ထားတယ်။ တယောက်တည်းသမား သူငယ်ချင်းက ပြောဖူးတယ် အခု မသဲရဲ့ သားလေး ပြောသလိုပဲလေ။ အလတ်တွေ အကြောင်းလည်းရှိသေးတယ်နော်။ ဆရာမ မစန္ဒာရေးထားတာ ကွက်လပ်ကလေးဖြည့်ပေးပါတဲ့။ ဖတ်ပြီးတော့ ငိုခဲ့ရတာ မျက်လုံးတွေ အစ်တဲ့ အထိပဲ။ 😀
padonmar
January 7, 2015 at 7:28 pm
မှီရေ၊ဒီပြဿ နာတွေကတော့ ရှိနေမှာပါပဲ။ အမလည်း အိမ်မှာ အငယ်ဆုံးဆိုတော့ အကျတွေပဲ ဝတ်ရတာ။ဒါပေမယ့် အဲဒါကို စိတ်ထဲ မကျေမနပ်မဖြစ်မိဘူး။တမျိုးလုံးက သူနဲ့ငယ်သွားရင် နောက်တယောက်ကိုပေးဝတ်တာ အကျင့်ဖြစ်နေတော့ အကျီင်္ကောင်းကောင်းလေးတွေဆို ခရီးသွားတဲ့ အကျီင်္ လူတိုင်းဝတ်ဖူးတယ်ဖြစ်နေပြီ။
ထမီဝတ်တဲ့ အရွယ်လည်းရောက်ရော အမတွေက အမေ့ တူတယ်လုံချည် လှတာလေးတွေ ယူထားပြီးကြပြီ။ ကိုယ်ထမီဝတ်တတ်တော့ အမေ့မှာ နီညိုရင့်ရင့်တွေ မလှတာတွေပဲ ကျန်တော့တယ်။ ထမီကျတော့ သူတို့ကလည်း အပိုင်ယူထားပြီ၊အငယ်ကိုမပေးတော့ဘူး။အဲဒီတော့မှ အငယ်ဖြစ်ရတာ မကျေနပ်တဲ့ စိတ်ဖြစ်တော့တာ။
မှီရေ၊ဆရာ အတ္တကျော်ရဲ့ သားငယ်သမီးငယ်များထိန်းကျောင်းခြင်း အနုပညာဆိုတဲ့ စာအုပ်လေးကို ကလေးအမေတွေ ဖတ်သင့်ပါတယ်။ရှာ မရရင်ပြောပါနော်။ ဝယ်ထားတာရှိတယ်။လက်ဆောင်ပေးပါမယ်။
hmee
January 8, 2015 at 10:13 am
ကျေးဇူးပါ အမရေ ညီမ စာအုပ်ဆိုင်မှာ ရှာပြီး ဝယ်လိုက်ပါ့မယ်။
မြစပဲရိုး
January 7, 2015 at 11:47 pm
အစ်မ အထင်တော့ မှီ ရေ။
ကလေး တွေ ရဲ့ စိတ် ကို ထိပါး စေတာ ဘေးက စတာ နောက်တာ တွေ က ပို ပြီး % များများ ပါပါတယ်။
အခြေအနေချင်း တူဦး။
အစခံရတဲ့ ကလေး က နောင်မှာ ပိုပြီး ထိရှလွယ် တယ် ထင်တယ်။
ကလေး တွေ ကို စိတ် ကို ထိခိုက်စေအောင် နောက် ရင် ကျွန်မ ကတော့ အဲဒီ လူ ကို မကြိုက်ဘူး။
တို့ မှာတော့ ငယ်တုန်းက ရှပ် ဝတ်ချင်လွန်းလို့ အစ်ကို ရဲ့ ရှပ် အကျီင်္ အကျ တွေ ကို အောက်ကျခံ တောင်းခဲ့ရတာ။
အမှန်တော့ ကလေး ဆိုတာ အသစ် အဟောင်း အကျ ရယ်လို့ မသိတတ်ပါဘူးလေ။
သူတို့ ကြိုက်တာ ဆို ဝတ်တာပါဘဲ။
ဒါပေမဲ့ ကလေး အားလုံး အနေနဲ့ တော့ မမှန်နိုင်ပါဘူးလေ။
hmee
January 8, 2015 at 10:18 am
ဟုတ်တယ် အမရေ အဲ့သည်နေ့က သမီး ကြီးကြီးနွဲ့ အဆူခံထိတယ်။ သူက သမီးကို သိပ်ချစ်ပြီး သိပ်ပြီးလည်း စ တယ်။ သမီးက သူနဲ့ အနေများတယ်လေ။ မွေး ကတည်းက သူပဲ ထိန်းတာဆိုတော့ နှစ်ယောက်သား အချစ်ပိုကြတယ်။ အခုဆို သတိပေးနေရတယ် သမီး မှတ်သွားမှာတွေကို သိပ် မ စ ဖို့လေ။
Wow
January 8, 2015 at 12:51 pm
အနော်ကစိတ်ထဲထင်ရာ တယူသန်နေတတ်တာရယ်…
မမှီပြောတော့ ငိုချင်သွားဘီ
လူကြီးတွေကို ဘယ်လောက်စော်ကားမိလေသလဲမသိ 😥
pooch
January 8, 2015 at 12:08 am
ကျမလည်း အကျတော်တော်များများ ဝမ်းကွဲတွေဆီကဝတ်ခဲ့ဖူးတယ်
အထက်တန်းလောက်ရောက်မှ
တက္ကသိုလ်ရောက်မှအမေကအသစ်ဆင်တာ
အရွယ်တဖြည်းဖြည်ကြီးလာတာဆိုတော့ ခဏပဲဝတ်ရတာမို့တဲ့
စိတ်ထဲတော့ သိပ်မတွေးမိခဲ့ပါဘူး
အရွယ်ရောက်တော့လည်း သိသွားတာပါပဲ
အဓိကက ကလေးကို စနောက်မိတာကြောင့်ဖြစ်မယ်
ကိုယ်တုန်းကအဲ့လိုပြောတဲ့သူမရှိဘူး
သူကအဲ့လိုလေး စိတ်ထဲရှိတာသ်ိရင်တော့
နောက်ဆို သူ့အတွက်အသစ်များများ ရည်စူးဝယ်ပေးလိုက်ပါ အမရယ်
စတာကိုလည်း တားလိုက်ပေါ့
ကလေးစကားမို့ ရင်ထဲကလာတာ ဂရုစိုက်ပေးမှရမယ်
အဲ့ဒီအရွယ်လေးတွေက အာရုံ၅ ပါးနဲ့ သင်ယူမှုစနြေပြီသေချာလေး စောင့်ကြည့်ရမယ်
hmee
January 8, 2015 at 10:21 am
ပုချ်ရေ အိမ်မှာက မိသားစု များလို့ ထင်ရဲ့ သမီး တတ်နေတာက တခါတခါ မထင်မှတ်တာတွေရောပဲ။ အခုဆို သူ့ရှေ့မှာ အပြောအဆို အနေအထိုင်ပါ လူကြီးတွေမှာ ဆင်ခြင်နေရတယ်။ သူက အကုန် အတုခိုးနေတာ။ လူက သက်တန်းပဲ တိုလာလို့ ထင်ပါရဲ့ ကလေးတွေဟာ အတတ်မြန်နေကြတယ်။ 😀
manawphyulay
January 8, 2015 at 9:44 am
ဒါက လူကြီးတွေရဲ့ သူများဟာ အသုံးအနှုန်းကို ကလေးရှေ့မှ မပြောသင့်ဘူးလို့ မြင်မိပါတယ်။ မနောလည်း မောင်နှမထဲမှာ အကြီးဆုံးဆိုပေမယ့် ဝမ်းကွဲအစ်မနဲ့ ငယ်ထဲက တူတူနေလာတော့ သူ့အကျတွေပဲ ရတာများပါတယ်။ ကိုယ်ဟာ ၁ နေရာ မရှိပဲ အမြဲ သူပြီးဆိုတဲ့အတွေးက ခုအသက်ကြီးတဲ့တိုင် စွဲထင်နေတုန်းပါပဲ။ ကလေးတွေရဲ့ရှေ့ ဘယ်သူ့အကျပေမယ့် မပြောရင် ပိုကောင်းမယ်လို့ မြင်မိပါတယ်ရှင်။
hmee
January 8, 2015 at 10:24 am
မနောရေ ဟုတ်တယ် အခုခေတ် ကလေးတွေဟာ အတတ်မြန်လို့ ကလေးပဲ ဆိုပြီး သတိလက်လွတ် မနေသင့်တာ အမှန်ပဲ။
kai
January 8, 2015 at 9:53 am
ကလေးကိုစနောက်တဲ့ လူကြီးကသာ…. မသိသားဆိုးဝါး.. ပြသနာလူ ဖြစ်ပါတယ်..။
လုံးဝ.. အဲလို… မစနောက်သင့်ပါ..။
တကယ်တော့…
မြန်မာပြည်မယ်… ကလေးနဲ့ပါတ်သက်တဲ့ ပရိုများစွာရှိသင့်…။
သူတို့ကို.. နေရာပေးသင့်..။ နေရာရှိပြီးသူတွေကလည်း.. စာတွေရေးသင့်..။ :i:
hmee
January 8, 2015 at 10:28 am
အရင် ဂ ငယ်တွေဆီမှာ နေတုန်းက တီဗွီ အစီအစဉ် တခု အမြဲလာတယ်။ သဂျီးတို့ဆီမှာ ကလေး နဲ့ ပတ်သက်တဲ့ ပရိုတွေ အကြောင်း။ ကျွန်မ သိပ် သဘောကျတာပဲ။ မိဘနဲ့ ခွဲ သိပ်တာတွေ၊ မိဘကို ဆိုးနေတာတွေကို ထိန်းတာများ တော်တော် အဆင့်မြင့်တာပဲ။ ကျွန်မတို့ ဒီမှာတော့ ဒါမျိုး ဝေးဦးမယ် ထင်ပါရဲ့။
chate chate
January 8, 2015 at 10:12 am
ကလေးကို မခံနိုင်အောင်စနောက်ပြီး ကလေးပြန်အော်တာ ငိုတာကို အရသာတွေ့တတ်တဲ့ သူမျိုုးက ကလေးကိုအမှန်တကယ်ချစ်တာမဟုတ်ပါဘူး။ စိတ်ရောဂါ အနုစားတမျိုးပါ။
hmee
January 8, 2015 at 10:33 am
ချစ်တာတော့ ချစ်ပါတယ်။ သူပဲ သမီး ဒဏ်ကို ခံတာပါ။
Wow
January 8, 2015 at 10:22 am
အမှန်တော့လဲ မိဘက သားသမီးတွေကို အတူတူပဲချစ်တယ်ဆိုတာ ညာတာဗျ…
အနော့် အဖွား၊ အဖိုး၊ အဖေ၊ အမေ… သားသမီးကို အတူတူမချစ်ကျပါဘူး…
ဒါပေမဲ့လဲ ဘာတတ်နိုင်မလဲ.. ဒီလိုပဲပေါ့ 🙁
hmee
January 8, 2015 at 10:43 am
မဟုတ်ရပါဘူးကွယ်။ အမ အပျိုတုန်းက အဲ့လိုမျိုး အမေ့ကို စကားနာ ထိုးဖူးတယ်။ အခု အမေက ပြန်ပြောတယ် ညည်း ကလေး နှစ်ယောက်ရပြီ သိပြီလားတဲ့ မိဘဆိုတာ ဘယ့်သူ့ ဘယ်သူ့ ကိုမှ မပိုဘူးဆိုတာကိုတဲ့လေ။ အငယ်လေးကိုတော့ အမေကို အားကိုးနေရသေးတဲ့ ရင်ခွင်ပိုက်မို့ ပိုယုယမိတာမှန်ပေမဲ့ သားကြီးက ကိုယ့်ဘာသာ လုပ်ကိုင် တတ်နေတာမို့ မလုပ်ပေးတာ မချစ်လို့ မဟုတ်ပါဘူး။ သားကြီးလည်း သာကြီးမို့ သမီးလေးလည်း သမီးလေးမို့ တမျိုးဆီ ချစ်ရတာ အမှန်ပါပဲကွယ်။ ဆိုးတဲ့ သားသမီးဆို ဘေးဖြစ်မှာ စိုးလို့ ပိုဂရုစိုက်ရတယ်။ လိမ္မာတော့ ဂုဏ်ယူရပြန်ရော။ မိဘ မေတ္တာဟာ သိမ်မွေ့ပါတယ်။
Wow
January 8, 2015 at 12:52 pm
ငင်.. ဒမာရေးတာပါ… ဘယ်လိုလုပ် အပေါ်ရောက်သွားလဲ…
နာ့ဘွ ငိုတာတောင် လွှဲနေသေးဒယ်
kyeemite
January 8, 2015 at 11:18 am
.သဂျီးပြောတာအမှန်ပဲ…မိသားစုတွေဆိုတာ ဒီလိုပဲ မတော်တာတွေမျှပေးလေ့ရှိတာပါပဲ
.ကျနော်တို့ဆို ညီကိုမောင်နှမများတော့ပိုဆိုးသေး…
.သူများအကျ ဆိုပေမဲ့ စုတ်ပြဲနေတာ..ညစ်ပေနေတာ..ပျက်စီးနေတာတွေတော့ လက်ဆင့်မကမ်းကြပါ
hmee
January 9, 2015 at 9:16 am
ဥိီးမိုက်ရေ ကျွန်မတို့လည်း မောင်နှမ များတာပဲ။ အကောင်းနဲ့ အဆိုးဒွန်တွဲနေတာမှာ တခုကောင်းတာက မောင်နှမများတော့ အားမငယ်ရဘူးပေါ့။ 🙂
Kaung Kin Pyar
January 8, 2015 at 11:32 am
နင့်ကို နင့်အမေက အမှိုက်ပုံထဲက ကောက်ရတာလို့ စနောက်နေပြီး ခလေးတွေ စိတ်ဆိုးတာ ကျေနပ်နေတဲ့သူတွေများတွေ့ရင် … ပြောမကောင်းလို့သာ ငြိမ်နေရတယ်…။ စိတ်ထဲမှာတော့ အဲ့ဒီလူကို လည်ပင်းညှစ်ချင်နေပြီ….
အဲ့လို စတာ နောက်တာ တစ်ခါနှစ်ခါမက မြင်ကြားနေရတယ်…။ အခြေခံနဲ့ အလယ်အလတ်လူတန်းစား ကလေးငယ်တိုင်းလိုလိုတောင် ကြုံဖူးမလား မသိဘူး…။
ဒီလိုစ လိုက်လို့ ကလေးလဲ ပိုပျော်မသွားဘူး၊ ကိုယ့်အတွက်လဲ အကျိုးမရှိသွားဘဲ…
အငယ်မှာ အငယ်တွေရဲ့ ခံစားချက်ရှိသလို…အကြီးတွေ အလတ်တွေမှာလဲ သူတို့ခံစားချက်တွေ ရှိကြပါတယ်…။
အဓိကက မိဘနဲ့ ပတ်ဝန်းကျင်ရဲ့ ထိန်းကျောင်းညှိနှိုင်းနိုင်မှုပေါ် မူတည်မယ်လို့ ထင်ပါတယ်….
hmee
January 9, 2015 at 9:18 am
အဲံလို စတာတွေက မြန်မာတွေမှာ အကျင့်ကို ဖြစ်နေတာ။ ကိုယ်က ပြောလိုက်ရင် အဖြစ်သည်းတယ်ဖြစ်ရော။
Nyo Win
January 8, 2015 at 12:11 pm
မမှီရေ….
ကျနော်ကတော့မွေးကတည်းက တက္ကသိုလ်ကျောင်းပြီးတဲ့အထိသူများအကျနဲ ့ပဲနှစ်ပါးသွားခဲ့ရတာ….
ယောက်ျားလေးသုံးယောက်မှာအငယ်ဆုံးကို…..။
ဒါပေမဲ့သိမ်ငယ်တဲ့စိတ်တော့မရှိခဲ့ဘူး… မိဘတွေမတတ်နိုင်တာကို ငယ်ငယ်ကတည်းကစာနာမိနေတတ်လို ့…။
ဒီဘက်ခောတ်နဲ ့တော့အတော်ကြီးကွာသွားပြီ….ရုပ်ဝတ္တုပစ္စည်းဆိုတာပေါမှပေါဆိုတော့ခလေးတွေအနေနဲ ့
ကိုယ်ပိုင်ဆိုတဲ့လိုချင်မျက်စိလေးတွေရှိလာမှာပဲ……။
ကျနော့အမြင်အရဆို……
ခလေးကိုပစ္စည်း(အကျ)တစ်ခုပေးတိုင်း (တတ်နိုင်ရင်) အဲ့ဒီပစ္စည်းနဲ ့တန်ဘိုးညီတဲ့(မညီလည်းပြသနာမရှိ)
ငွေကြေးကို သူ ့ကိုပြပြီး “သမီး ဒီပိုက်ဆံနဲ ့အဲ့ဒါဝယ်လို ့ရတယ် အဲ့ဒါသမီးအပိုင်ပဲ အဲ့ဒါတွေများများလာရင်
ဒီ့ထက်ကောင်းတာဝယ်လို ့ရတယ် အခုရတာကသမီးအတွက်အပိုဆု ” လို ့ပြောပြီး သူ ့ရှေ ့မှာသူ ့အတွက်ရည်ဆူးထားတဲ့ ဆုဗူးလေးထဲထည့်ထည့်ပေးထားရင် ခလေးအတွက်ဖြေရာဖြေ
ကြောင်းဖြစ်မလားပဲ……။
hmee
January 9, 2015 at 9:20 am
အကြံပေးတဲ့အတွက် ကျေးကျေးပါနော်။
အလင်းဆက်
January 8, 2015 at 2:00 pm
ကလေးငယ်တယောက်ပဲ ဖြစ်ဖြစ်…
လူကြီးတယောက်ပဲ ဖြစ်ဖြစ်…
လိုအပ်တာ.. လိုချင်တာတခုတော့ …ကျိန်းသေပေါက် ရှိတယ်… ။
အဲဒီ လိုချင်(လိုအပ်)တာကတော့… ” အသိအမှတ်ပြုမှု ” ပါ ။
hmee
January 9, 2015 at 9:24 am
ဟုတ်တာပေါ့ ဆက်ဆက်ရေ။
နွယ်ပင်
January 8, 2015 at 3:56 pm
ဟုတ်တယ် မမှီရေ အဲတာအငယ်တွေရဲ့ ခံစားချက်ပဲ . နွယ်ပင့်မှာလည်း အဲလိုခံစားချက်မျိုးရှိတယ် အဲတာကလေ ငယ်ငယ်က အကျီတွေကို ဆိုဒ်အကြီးတွေ ဝတ်ရတာလေ စီမံကိန်းအကျႍပေါ့ ကိုယ်နဲ့ အတိဆို ခနလေးနဲ့ သေးသွားတက်တော့ အိမ်က အမြဲဆိုဒ်ကြီးတာတွေပဲ ဝယ်ပေးတယ် အငယ်ဖြစ်တော့ အမြဲတမ်း အစ်ကို အစ်မတွေအကျကလည်းဝတ်ရတော့ အမြဲကြီးတယ်ဆိုတော့ ကိုယ်နဲ့ အံဝင်ခွင်ကျဖြစ်ပီဆို အကျႍက ဟောင်းနွမ်းနေပီလေ နောက်ပီးသူများအကျ ဝတ်ရတာကိုလည်း မကျေနပ်ဖူးလေ ့ အဲတာကြောင့်နွယ်ပင်က အခု တူလေးတွေ တူမလေးတွေကို အကျႍဝယ်ပေးတယ်ဆို ကွတ်တိလေးတွေပဲ ဝယ်ပေးတယ် ကိုယ်တုန်းကလို ဆိုဒ်အကြီးကြီးတွေ နဲ့ မလှမပ ဖြစ်နေမှာဆိုးလို့လေ …
ွ
hmee
January 9, 2015 at 9:28 am
အမမှာလည်း အဲ့သည့် အကျင့်ရှိတယ်။ ဆိုဒ်ကြီးတာဝယ်မှ နည်းနည်း ကြာကြာဝတ်ရတယ်လေ။ သားဆို ၆နှစ်ဆိုပေမဲ့ ဘောင်းဘီရှည်ဝယ်ရင် ၁ဝနှစ်အရွယ်ဝယ်တယ် ပြီးရင် ခြေဖျားကို နှစ်ခေါက်လောက် ခေါက်ပေးထားတာ။ 🙂
ဖားသက်ပြင်း
January 9, 2015 at 9:48 am
ကျော်သမ်မတဖြစ်ရင် ဒီပြသနာကို အလေးထားဖြေရှင်းပေးမှာမို့ စိတ်အေးအေးထားပီး ကျော့်ကို မဲထည့်ကြပါခီညာ
🙂
Wow
January 9, 2015 at 10:38 am
သမ်မဒ မဖြစ်ခင်ကဒေါင် ဂလောက် ဘလက်မတ်စိ(Black Message) ဒွေရနေတာ သမဒဖြစ်လို့ကတော့ မတွေးဝံ့ဆယာ
Mr. MarGa
January 9, 2015 at 11:53 am
ဖဘမှာ တွေ့လို့ဗျ
https://www.facebook.com/permalink.php?story_fbid=636383039818348&id=330532133736775
မြစပဲရိုး
January 11, 2015 at 11:44 pm
အားပေးချီးမွမ်းတာ များသွားလွန်း ရင်လဲ အောက်ခြေလွတ် တတ်သတဲ့။
ကိုယ်တွေ့။ lol:-)))))
ဗုဒ္ဓ ရဲ့ “အလယ်လမ်း ကျင့်စဉ်” ကတော့ မမှားတဲ့ လမ်း ဆိုတာ မှန်ပြီးရင်း မှန်ရင်းပါဘဲ။
ကာတွန်း Link လေးအတွက် ကျေးဇူးပါ ဖိုးသကြား။ :))
ဝင့်ပြုံးမြင့်
January 9, 2015 at 11:53 pm
hmee says: လူက သက်တန်းပဲ တိုလာလို့ ထင်ပါရဲ့ ကလေးတွေဟာ အတတ်မြန်နေကြတယ်။
….
.ကျမကတော့ အဲလို မထင်ဘူး။ ( မြန်မာပြည်နဲ့ တချို ့သောတိုင်းပြည်လောက်သာ လူ့သက်တမ်း တိုလာတယ်ထင်တာပါပဲ။ ဟုတ် မဟုတ်တော့ မသိ။ ) ဒီခေတ်ခလေးတွေက ဦးနှောက်အသစ်တွေ ဖြစ်နေကြတယ်။ ၃ နှစ်ကလေး ဂိမ်းဆော့တာလည်း မြင်ခဲ့ဖူးတယ်။ ဧကန္တ ဒါဝင် ရဲ့သီဝရီ မှန်သွားသလား မသိဘူး။ ပြီးတော့ ဒါဝင်ပြောင်းပြန်သီဝရီလည်း ရှိနိုင်တယ်လေ။ ဘာဖြစ်လို့ဆိုရင် ကျမ သား ပြုံးမောင် လည်း အသက် ၂ နှစ်နဲ့ မတန်အောင် ဆိုးတယ်။ မျောက်နဲပြန်တူသွားသလား မသိဘူး။ ဒီနေ့လည်း ဟင်းအိုးထဲကို ဖားပြုတ် တစ်ကောင် ဖမ်းထည့်ထားတယ်။
kai
January 10, 2015 at 2:43 pm
ကမ္ဘာ့နိုင်ငံတွေအများစုမှာ… လူတွေသက်တမ်းရှည်လာပါတယ်..။
တိုးတက်သိမြင်လာတဲ့..ဆေးသိပ္ပံနည်းပညာကြောင့်.. ဒီခေတ်ကလေးတွေ..အသက်၁၀ဝ နေကြရမယ်တဲ့..။
ဆိုတော့…
ကမ္ဘာစစ်ကြီး.. ရောဂါကပ်ကြီးတွေလည်း.. လူအသက် ၁သိန်းပြည့်အောင်တောင်မချွေယူနိုင်တော့..။
မနုဿတ္တဘာဝေါ ဒုလ္လဘော၊ သမားတွေရဲ့ကမ္ဘာကြီးမှာ.. လူဦးရေ၉ဘီလီယန်ရောက်လာရင်.. စကားရှေ့နောက်ညီသွားအောင်.. ဆူဆိုက်လုပ်… သတ်သေကြရမလိုလို..။ :k:
Most Babies Born Today May Live Past 100 – ABC News
abcnews.go.com/Health/WellnessNews/half…babies…/story?…
ABC News
Oct 1, 2009 – … of all babies born in industrialized nations since the year 2000 can expect … half of all babies born in 2007 in the U.S. likely to live to age 104.
Crystalline
January 10, 2015 at 12:41 pm
အစ်ကိုတွေကြားကြီးပြီး…အသက်လည်းကွာတော့ အဲ့ဒီဖီလင်မခံစားခဲ့ရဘူး… :)) အရွယ်ရောက်လာပြန်တော့လည်း ကိုယ့်အကျ
အကြီးတွေကိုသာပြန်ပေးရမလိုဖြစ်..ကိုယ့်အကျတော်ရုံလူမတော်.. :mrgreenn:
ပို့စ်နဲ့ကွန်မင့်တွေဖတ်ပြီး… အိမ်လာလည်တတ်တဲ့ အကြောမာတဲ့ ကလေးမကို မခံချင်အောင်ပြောပြီး ရန်ဖြစ်တာဆင်ချင်မှ.. :p:
ဂျက်စပဲရိုး
January 12, 2015 at 9:56 am
တစ်ဦးတည်းသော သားလဲဖြစ်..
အမျိုးတွေထဲမှာလဲ ကိုယ့်ထက် နည်းနည်းကြီးတဲ့ ကလေး က ရှား
လူက လဲ ဝ ဆိုတော့ သူများ တွေနဲ့ မဆန့်တော့တာတွေတော့ မဝတ်ခဲ့ရဘူး။
သို့ငြားလဲ လေးငါးလ တစ်ခါ အဝတ်အစား အသစ် မဝယ်နိုင်တော့ကာ တီရှပ်တွေ အကျီင်္တွေ ဆို ဆိုဒ်ဟဲဗီးကြီးတွေ
ကျနော် ငယ်ငယ် က ဝယ်ပေးတဲ့ အကျီင်္တွေ ဆို သားအဖ ၂ယောက်လုံး ဝတ်လို့ ရတယ်။
ခုထိလဲ အဲ့ဒီ အကျီင်္ တွေ ပြန်ဝတ်ရင် တော်နေတုန်းပဲ… စုတ်သွားလို့ လက်နှီး ဖြစ်သွားတာတွေ သာ ဖြစ်မယ်
nozomi
January 12, 2015 at 10:14 am
မိဘတိုင်းကတော့ သားသမီးတွေကို အတူတူချစ်ကြတာပါပဲ
တစ်ခါတစ်လေတော့လဲ တစ်ယောက်ယောက် ကို နဲနဲ ပိုချစ်သလို ခံစား မိတာပဲ ဒါပေမဲ့ အဲဒါကို စိတ်ထဲမှာသာထားပြီး အပြင်မှာတော့ အားလုံးကို အတူတူချစ်ကြောင်းပြဘို့ လိုပါတယ်
စာတော်တဲ့ သားသမီးကို တော်လိုက်တာလို့ ချီးကျူးဘို့ လိုသလို သူ့လောက် မတော်တဲ့ ကလေးကိုလဲ အရင်ကထက်ပို အမှတ်ကောင်းလာပြီ လိမ္မာတယ် နဲနဲလေးပဲ လိုတော့တယ် ဆိုတာမျိုး နဲ့ ကိုယ်လိုချင်တဲ့ ဘက် ကို ဆွဲခေါ် သင့်ပါတယ်
တစ်ယောက်တည်းကိုပဲ ချီကျူးလိုက်တာဟာ သူတို့နှစ်ယောက်ကိုခွဲခြားဆက်ဆံလိုက်သလိုဖြစ်ပြီး သူတို့ကို ပိုဝေးသွားစေပါတယ် ဒါတွေ က စာအုပ်တွေထဲ က သား နဲ့ သမီး ဆီ က ရတဲ့ ကျနော့ အတွေ့ အကြုံတွေပါ
မမှီ လို မိဘမျိုး နဲ့ တွေ့ ရလို့ မမှီသားသမီးတွေလဲ ကံကောင်းကြပါတယ် မမှီ စာတွေမျာများရေးပါ အားပေးနေပါတယ် နော