နှုတ်ဆက်တာပါ….
အမယ်လေး
လက်… လက်.. လက်ကြီး….
ငယ်သံပါအောင် အော်ဟစ်သံနဲ့အတူ ပြေးထွက်သွားတဲ့ ခင်မရဲ့ခြေသံကိုကြားလိုက်ရတာမို့…
ကြည့် လုပ်ပြီ ခင်မတို့များ သူများကို မစောင့်တော့ဘဲနဲ့ ရုံးခန်းထဲမှာတစ်ယောက်ထဲထားခဲ့တဲ့ အပြင် ခြောက်သွားသေးတယ်..သိမယ်
ဒါနဲ့ ကျမ ဆရာယူခိုင်းလိုက်တဲ့ ပစ္စည်းတွေယူ၊ ရုံးခန်းတံခါးကို သော့ပြန်ပိတ်နေရင်း ကျောချမ်းလာသလို တစ်ယောက်ယောက်က ကြည့်နေသလို ခံစားမိတာနဲ့ နောက်ကိုလှည့်ကြည့်လိုက်ပါတယ်..
တစ်ယောက်ယောက် တစ်ဖက်ခန်းထဲဝင်သွားတာ လက်လေးဘဲမြင်လိုက်ရတယ်. .အဲ့ဒီလက်..ချယ်ရီရောင် လက်သဲနီလေးတွေဆိုးထားတဲ့ ဖြုသွယ်လှပတဲ့ လက်ကလေး…ဟင် ဒါ..ဒါ..မမရည်မွန် ရဲ့လက်..
မမရည်မွန်ရေ..မမရည်မွန်…မမရည်မွန်..မမရည်မွန်ရေ….
… … … …. ……. ….
မမရည်မွန် တဲ့ ဖြူဖြူသွယ်သွယ် ချောလှသတဲ၊့ ခု နှစ်ဝက်မှ အသစ်ရောက်တဲ့ကျောင်းသူတဲ့ ၊သွားကြည့်ရအောင်တဲ့ ခင်မ ရဲ့သတင်းပေးမှုကြောင့် ကျမတို့ ခုနှစ်တန်းကျောင်းသူတစ်စု မုန့်စားဆင်းချိန်မှာ ရှစ်တန်းအေကို သွားချောင်းကြပါတယ်။ ကျမတို့အုပ်စု အခန်းပေါက်သကနေ အတန်းထဲကို အသည်းအသန် ချောင်းနေချိန် သူက အတန်းထဲဝင်ဘို့ ကျမတို့ အုပ်စုနောက်မှာရောက်နေခဲ့တယ်..ကျမတို့ပြောသမျှ သူအကုန်ကြားခဲ့တယ်..ညီမလေးတို့လို့ ခေါ်တဲ့ သူ့အသံလေးက ချိုသာနေခဲ့တယ်..အဲ့လိုနဲ့ဘဲ သူက ကျမတို့ အချစ်တော် မင်းသမီးလေးဖြစ်ခဲ့ရပါတယ်။ သူ့ရဲ့ ချယ်ရီရောင် လက်သည်းနီ ဆိုးထားတဲ့ ဖြူဖြူသွယ်သွယ် လက်ကလေးကို အချစ်ဆုံးပါလို့ ပြောရင် သူနှစ်နှစ်ချိုက်ချိုက်ရယ်တတ်တယ်..သူကလဲ အနေအေးတဲ့ ကျမကို အချစ်ဆုံးတဲ့ ..ချစ်စရာ မမရည်မွန်ပါ..
ကျမတို့်တင်မက ကျောင်းသားတွေကလဲ သူ့ကိုချစ်လာကြတဲ့အခါ..အဲ့ဒီသူတွေကတော့ ကျမတို့ရဲ့ရန်သူပေါ့ သူ့သဘောကျ သူ့ကိုကာကွယ်ဘို့ ကိုယ်ရံတော် တာဝန်ယူခဲ့ကြတယ်…သူ့ကိုချစ်တယ်ပြောသူမှန်သမျှ ကျမတို့ရဲ့နည်းမျိုးစုံနဲ့ ရန်ပြုခြင်းကို မလွဲမသွေကြုံတွေ့ရပါတော့တယ်…ကျမတို့ အုပ်စု ဘယ်လိုပညာပေးလိုက်တယ်ဆိုတာ ပြန်ပြောပြရင်း သူနဲ့အတူ ပျော်နေခဲ့ကြတယ်။
ဒါပေမယ့် မကြာခင်မှာဘဲ သူ ကျမတို့ကို ဓာတ်ပုံတစ်ပုံပြလာတယ်..အဲ့ဒါ သူ့ချစ်သူတဲ့ ဒီကျောင်းကဘဲတဲ့ သူ့ကို မနှောက်ယှက်ရဘူးတဲ့ ညီမလေးတို့ လက်ခံရမတဲ့ ကျမတို့ တားကြတယ်…သူလက်မခံဘူး…ကျမတို့ ဘာလုပ်ကြမယ်ထင်သလဲ… ထုံးစံအတိုင်းပေါ့…ဒီတော့သူ စိတ်ဆိုးတယ်၊ ကျမတို့ကို မခေါ်တော့ဘူး။ ခင်မတို့က သူ့ကို စိတ်ဆိုးလို့ အခေါ်ပြောမလုပ်တော့ဘူး နင်သွားရင် နင့်ကိုလဲ မခေါ်ဘူးတဲ့ ကျမ သူ့ဆီဘဲသွားခဲ့တယ်။ ကျမကို အချစ်ဆုံးဆိုတော့ ပြောရင် ရနိုင်မယ်ထင်ခဲ့တာကိုး ဒါပေမယ့် သူကတော့ ဒီအကြောင်းပြောမယ်ဆို နောက်မလာနဲ့တော့တဲ့…ဒီလိုနဲ့ ဝေးခဲ့ရတယ်…
အဲ့ဒီနောက် သူ ့..အဖေနဲ့ အမေ ကွဲသွားတယ်တဲ့ ၊ အဖေနဲ့ နေတယ်တဲ့၊ ခဏခဏ ကျောင်းပျက်သတဲ့..ရည်းစားနဲ့ ကျောင်းပြေးတာတဲ့၊ ကျောင်းအုပ်ကြီးက မိဘခေါ်တွေ့တော့ သူ့အဖေသိသွားပြီး အရိုက်ခံရသတဲ့… ကျောင်းထုတ်သွားပြီတဲ့ ..ခိုးထွက်တာ လမ်းထိပ်မှာသူတို့နှစ်ယောက်ကို သူ့အဖေမိလို့ နှစ်ယောက်လုံး အရိုက်ခံရသတဲ့ .. အိမ်ပြင်ပေးမထွက်ဘူးတဲ့…အိပ်ဆေးတွေသောက်လို့ သေသွားပြီတဲ့…အိပ်နေသလိုဘဲတဲ့…သူ့အကြိုက် ချယ်ရီရောင် လက်သည်းနီ ဆိုးထားပေးတယ်တဲ့…အသုဘ ချတဲ့နေ့က ကျောင်းသားတွေ အခေါင်းကစားသတဲ့ …ပန်းခွေနဲ့ ဇာတွေယူလာပြီး ကျောင်းက စက္ကူပင်မှာချည်ထားသတဲ့…အတန်းထဲမှာ သူ့ထိုင်ခုံကို ဘယ်သူမှထိုင်လို့မရဘူးတဲ့.. တွန်းချတယ်တဲ့… စာအုပ်တွေလွှင့်ပစ်တယ်တဲ့… နှင်းဆီပန်းနံ့တွေပေးတယ်တဲ့..ပရိတ်တရားနာလဲ မရဘူးတဲ့.. စာမေးပွဲနေ့ သူ့အတွက် ထိုင်ခုံပေးထားရတယ်တဲ့…
တစ်ကယ်ဝေးခဲ့ရပြီဘဲ မမရည်မွန်ရယ်..
…. … …… … … …. ….
မမရည်မွန်ရေ..မမရည်မွန်…မမရည်မွန်..မမရည်မွန်ရေ….
ကျမ အော်ငိုနေချိန်မှာဘဲ ငိုနေတဲ့ ခင်မနဲ့ သူငယ်ချင်းတွေ ဆရာတို့နဲ့ အတူရောက်လာပြီး ကျမကို သင်တန်းခန်းမဆီကို ခေါ်သွားခဲ့ပါတယ်..
ဆရာက ရယ်လျှက် အမယ်လေး တစ်ကယ့်ကြက်ခြေနီတွေပါလား…နွေကျောင်းပိတ်ရက် သင်တန်းပေးရုံမကသူတို့ကိုပါပြန်ပြုစုရတော့မတဲ့… သရဲ ခြောက်ခံရတာများ အော်ငိုနေရသလားတဲ့ သူများတွေ ဝိုင်းရယ်ကြပေမယ့် မရယ်နိုင်ခဲ့ပါဘူး..မမရည်မွန်ရေ…မမရည်မွန်က ကျမကို ခြောက်တာမဟုတ်ပါဘူးနော်… နှုတ်ဆက်တာပါ… နှုတ်ဆက်တာပါ…
ပြုပြုသမျှ ကောင်းမှု အစုစုကို အမျှပေးဝေပါတယ်
ဘဝ အဆက်ဆက် ဒီလိုအဖြစ်ဆိုးမျိုး မကြုံပါစေနဲ့
ကောင်းရာမွန်ရာ ရောက်ပါစေ မမရည်မွန်ရေ…
25 comments
ခင်ခ
February 2, 2015 at 11:36 am
တစ်ချိန်ချိန်မှာ ခွဲရမှာဘဲ ဒီ သင်္ခ ါရတရားတွေဆိုတာ အမှန်တော့ အမှန်ပါဘဲ။
Ma Ei
February 2, 2015 at 5:57 pm
အမှန်တော့ အမှန်ပေါ့ ကိုခရယ်..
ဒါပေမယ့်…
kai
February 2, 2015 at 2:59 pm
ကြည့်ရတာ.. ဒီသရဲက…ခေါင်းထဲမှာရှိနေသဗျ…။
အခုဆေးတမျိုးပေါ်နေတယ်..။ မလိုချင်တဲ့မီမိုရီကိုဖျောက်ပစ်တဲ့ဆေး…။
အဲဒါသောက်လိုက်..။ :k:
The Forgetting Pill Erases Painful Memories Forever | WIRED
http://www.wired.com/2012/02/ff_forgettingpill/all/
Wired
Feb 17, 2012 – And so LeDoux and Nader made a bet: If Nader failed to permanently erase a set of fear memories in four lab animals, he had to buy LeDoux a …
Ma Ei
February 2, 2015 at 3:41 pm
အမြဲသတိရနေတာ မဟုတ်ပေမယ့်
ချယ်ရီရောင် လက်သည်းနီကလေးနဲ့ လက်လှလှလေးကိုတွေ့ရင်
သတိရမိတာတော့အမှန်ပါဘဲ…
နှစ် ၅ဝ စုထားတဲ့ မီမိုရီတွေထဲမယ် မလိုချင်တဲ့ မီမိုရီတွေလဲ ရှိသလို
တစ်ချို့မီမိုရီတွေကို သိမ်းထားချင်တာမို့ ခုပြောတဲ့(မလိုချင်တဲ့မီမိုရီကိုဖျောက်ပစ်တဲ့ဆေး)
ကိုတော့ မသောက်ချင်သေးပါဘူး သဂျီးရယ်…
🙂
nicolus agral
February 5, 2015 at 8:28 pm
ဘာလို့သောက်ရမှာတုံး
အာ့တွေမရှိပဲနေရင် လောကကြီးက
အတော်ကိုပြင်းချောက်ချောက်ကြီး
နာကျင်စရာအတိတ်တွေ
ရှက်စရာတွေ
လွမ်းစရာတွေ
အာ့ အရသာ
kai
February 6, 2015 at 2:15 am
အဲဒီဆေးအကြောင်းရေးတဲ့..ဆောင်းပါးထဲမတော့.. ကားမတော်တဆဖြစ်လို့သေတဲ့..မိသားစုဝင်တွေရဲ့..မျက်နှာတွေ.. နာကျင်မှုတွေကို..မသေပဲကျန်ရစ်သူက ဖျောက်ချင်တာကနေ..စခဲ့တာလို့ဆိုတယ်…။
မှန်ပါတယ်..။
ဒါတွေ.. အရသာတွေပါပဲ…။
စိတ်ခံစားမှုဆိုတာ… နည်းမှန်လမ်းမှန်ခံစားတတ်ရင်.. တွန်းအားလည်းဖြစ်.. အရသာလည်းရှိ…။
ခင်ဇော်
February 3, 2015 at 6:39 am
သနားးးပါတယ် မရည်မွန် ရယ်..!!
:a:
ခုတလော သေလွန်ပြီးးးနောက် ကိစ္စတွေ ပိုတွေးးးမိနေတယ်…!!
မွအိ ရေးးးတာလည်းး ကောင်းးတယ်
Ma Ei
February 4, 2015 at 10:32 am
ဆွိ..
နှစ်သိမ့်ပေးတဲ့ အတွက်
ကျေးဇူးတင်ပျဇီ..
😥
Ma Ma
February 4, 2015 at 6:29 pm
စိတ်ဝင်စားစရာပဲ မအိရေ။
စိတ်မကောင်းပါဘူး။
တကယ့်ဖြစ်ရပ်မှန်ထင်ပါရဲ့။
လူတကိုယ် ကံတမျိုး ထူးဆန်းတယ်။
တချို့တချို့သော လူတွေက ကံကောင်းလွန်း/ဆိုးလွန်းတွေကို ကြုံရတတ်ကြတယ်။
တချို့ချို့သော လူတွေ ကျတော့လည်း မွေးသည်မှ သေသည်ထိ ဘာမှသိပ်အပြောင်းအလဲ မရှိကြဘူး။ 🙁
Ma Ei
February 5, 2015 at 1:34 pm
.ငယ်က တစ်ကယ်ကြုံခဲ့ရတဲ့ အဖြစ်လေးပါ…
.စာလေးရေးချင်တာနဲ့ ချရေးကြည့်ပြီး ရွာထဲတင်မိတာ…
.ကလေးအတွေး ဖြစ်နေပြီနဲ့ တူရဲ့..
ဦးကျောက်ခဲ
February 4, 2015 at 7:53 pm
ကျောက်စ်ကိုယ်တွေ့မို့ သေခြင်း၏ နောက်ဆက်တွဲတွေကို ယုံပါ၏…
မအိကို သံယောဇဉ်ရှိလို့ လက်လေးပြပြီး နှုတ်ဆက်တယ်ဖြစ်မှာ…
ပြောရရင်… ကလောသွားတဲ့ မီးရထားလမ်းပေါ်က ပျဉ်ညောင်ဆိုတဲ့ဘူတာမှာ…
ကျောက်စ်တို့ မောင်ဘူမိတွေ အခုအထိ ကွင်းဆင်းစခန်းထိုင်လို့မရ…
အဲ့စခန်းမှာ ကွယ်လွန်သွားတဲ့ ကျောင်းသားဟောင်းက ကွိုင်ရှာလွန်းလို့…
သူနှုတ်ဆက်တာက နေ့တိုင်းလိုလို … အဟိ
:k:
Ma Ei
February 6, 2015 at 2:46 pm
.စွဲလမ်းစိတ်တွေကြောင့် ဖြစ်မယ်…
.ဒီလိုတွေကို ယုံသူလဲရှိ..မယုံသူလဲရှိပေါ့ နော်…
lu lu
February 5, 2015 at 12:28 pm
လုလုကတော့ ကိုယ်ချစ်တဲ့သူရဲ ့ နှုတ်ဆက်ခြင်းကို မခံယူချင်ဘူး
လုလုကပဲ အရင်နှုတ်ဆက်သွားချင်တယ်
ခွဲခွာခြင်းရဲ ့ဒဏ် ကိုမခံနိုင်လို ့ပါ
အလင်းဆက်
February 5, 2015 at 1:27 pm
ဟိုက် !!!! ပလောက်တောက်… အဲလေ..ပလုပ်တုပ်…
လုမ ပါလား..
.ကြောင်လိုက်လို့ ပြေးနေရာကနေ..တစ်ပတ်ပြန်လည်လာလေသလား…ဟ..
:k:
Ma Ei
February 10, 2015 at 1:20 pm
.တူတူပဲ လုရေ…
.ကိုယ်က အရင် သွားချင်တယ်ပြောမိလို့
.စိတ်ဆိုးခံရသေး…
🙂
မွသဲ ( 17082011 )
February 5, 2015 at 6:57 pm
စိတ်မကောင်းစရာဇာတ်လမ်းပါလား မအိရယ်။ မမေ့ထိုက်တဲ့ဇာတ်လမ်းလေးပါ
Ma Ei
February 8, 2015 at 12:18 pm
.ဟုတ်တယ်သဲရယ်…
.အချစ်ကို ရှေ့တန်းတင် ဆုံးဖြတ်ချက်မှား လို့
. ကြွေလွင့်ခဲ့ရတဲ့ ပန်းလှလှလေး တစ်ပွင့်အတွက် စိတ်မကောင်းဖြစ်ခဲ့ရတယ်..
😥
မြစပဲရိုး
February 6, 2015 at 2:38 am
မအိ
တကဲ့ ကိုယ်တွေ့ပေါ့နော်။
မကျွတ်မလွတ် တဲ့ သူ တွေ အကြောင်း ကြားတိုင်း ကြုံ လဲ ကြုံ ကြည့်ချင်တယ်။
ကြုံရင်လဲ ကြောက်မိမလား တွေးရင်း မကြုံချင်တော့ပါဘူး။
အိမ်မက် တွေထဲ လိုမှာ ကြုံ ရင်တော့ အတင်း ကို အမျှဝေ မိတာဘဲ။
စာလေးတွေ များများ ရေးပါဦး မအိ ရဲ့။
Ma Ei
February 8, 2015 at 12:13 pm
.စာရေးကြည့်ချင်တာနဲ့ ကြုံခဲ့ရတာလေးတွေ
. ရေးကြည့်ဘို့စိတ်ကူးထားတယ်…
.ခုတစ်ပုဒ်က နံပါတ်တစ်ပါ မလတ်ရယ်…
lu lu
February 10, 2015 at 4:20 pm
အဲလို ဇာတ်လမ်းတွေလည်း ရေးကြည့်ချင်တယ်
ကိုယ်တွေ ့ဆို ပို စိတ်ဝင်စားဖို ့ကောင်းနိုင်ပေမယ့်
ကြောက်တယ် ဟီးဟီးးး
ကြားဖူးနားဝတွေ ပဲ ချရေးရတော့မယ်
😀
Ma Ei
February 11, 2015 at 1:07 pm
ရေးကြည့်ပါလား လုရေ…
စောင့်ဖတ်မယ်နော်…
Novy
February 10, 2015 at 4:23 pm
နုတ်ဆက်ခွဲခွာလေးကို ဝင်ဖတ်ပြီး
ကလေးတွေအရွယ်မရောက်မခြင်း မကျွတ်မလွတ်နိုင်တဲ့ဘဝနဲ့
၁ဝနှစ်လောက်ကြာသွားတဲ့ ကွယ်လွန်သူနိုဗွီရဲ့ မမကြီးကို သတိရသွားတယ်
စွဲလန်းစိတ်တွေများရင် သာဓုတောင်မခေါ်နိုင်ကျပါလားနော်
Ma Ei
February 17, 2015 at 10:26 am
နိုဗွီရဲ့ မမကြီးလဲ ကောင်းမွန်ရာဘုံဘဝရောက်ပါစေလို့
ဆုတောင်း အမျှပေးဝေပါတယ်နော်…
pooch
February 10, 2015 at 4:28 pm
ကျမလည်း သိပ်မကြာခင်က ဆုံးသွားတဲ့ ဦးကြီးကို အိမ်မက်ထဲများတွေ့မလားလို့ ခဏခဏ အိမ်မက်မျှော်ဖူးတယ်
တခါတလေ ကိုယ်က မမေ့ချင်တာတောင် သူတို့ကတော့ ထားသွားရက်တယ်
ကျမက အလောင်းတောင် မမြင်လိုက်ရလို့ ဖြေလို့ မပြေဘူး
Ma Ei
February 24, 2015 at 11:50 am
ရဲရဲတောက်နေတာများ လက်ပံပွင့်သလားမှတ်ရတယ်…
လက်ပံပွင့်ချိန်ဆိုတော့လဲ ဒီလိုပဲ ပေါ့နော်…
🙂