မြန်မာလို့အခေါ်မခံကြရရှာတဲ့ ဗမာတွေ

kaiMarch 12, 20101min10714

မြန်မာတွေ ကမ္ဘာကို ထွက်လာကြတာသိပ်များတယ်။ များဆို မြန်မာ့ရာဇဝင်၊သမိုင်းမှာ အများဆုံးထွက်ကြတဲ့ ဆယ်စုနှစ်တွေပဲ။ တချို ့က စိတ်နာနာနဲ့ ထွက်ခဲ့ကြတာပါ။ တချို ့ကတော့ မလွဲမရှောင်သာလို့ပေါ့။ “မဟာမြန်မာရွေ့ပြောင်းမှုကြီး”လို ့ရေးခဲ့ဖူးတယ်။

ဘာပဲဖြစ်ဖြစ် အမေရိကရောက်ရင် အချိန်တွေကြာလာကြတော့ အမေရိကန်တွေဖြစ်ကြပါတယ်။ သူတို့စံနစ်က (တရားမဝင်ခိုးဝင်လာလဲ)ဒီမြေကြီးရောက်ပြီး အနှစ်၂ဝတော့ မစောင့်ရပါဘူး။ ဆွမ်းကြီးလောင်းတဲ့ ပွဲနဲ့ကြုံတာပါပဲ။ အဲဒီလိုနဲ့ သမ္မတတွေအဆက်ဆက် ရောက်နေတဲ့ လူတွေကို ဗီဇာရှိတာ၊မရှိတာအပထားပြီး အကုန်နိုင်ငံသားပေးပစ်ပါတယ်။ အခုနှစ်မလည်း သမ္မတအိုဘားမားက လုပ်ပါဥိးမယ်…(မျှော်လင့်ရပါတယ်။ )။ အကြီးအကျယ်ကို ဒီဘိတ်လုပ်နေကြပြီလေ။ အခုလုပ်နေတဲ့ ကျမ်းမာရေးပြုပြင်မှုတွေပြီးရင် ကိုင်တော့မယ် ထင်ပါတယ်။ ဒါက ရွေးကောက်ပွဲကတိလည်းဖြစ်နေလို ့ပါ။ တရားမဝင်နေနေသူတွေကလည်းမနည်းပါဘူး။ ၁ဝသန်းကျော်တော့အသာကလေးပါပဲ။ ၁ဝသန်းနော..။၁ဝသန်း…ဒီရက်ပိုင်း လက်သိပ်ထိုးကြားရတာလေး ပြောရရင် တယောက် ၅၀၀ဝ တောင်းမယ်ဆိုသတဲ့။ အဲဒါဆွေးနွေးနေကြတယ်တဲ့။

အဲဒိလိုနဲ့ အမေရိက နိုင်ငံသားဖြစ်ကြတယ်ပေါ့။ နယ်ချရယ်လိုက်ဖ်စစ်ဒဇင်ပေါ့။ နိုင်ငံသားခံယူလိုက်ကြတယ်ပေါ့။ ရှိပြီးသားအမေရိကန်တွေနဲ့ ဘာမှသိပ်မကွာပါဘူး။ သမ္မတ တက်လုပ်လို ့မရတာတခုပဲ ကွာပါတယ်။ ကယ်လီဖိုးနီးယားက ပြည်နယ်အုပ်ချုပ်ရေးမှုး အာနိုးကြီးလေ။ အမေရိကမှာမွေးတာမှ မဟုတ်တာနော။ သူလည်းဒုတိယသမ္မတအထိ ဖြစ်နိုင်ခွင့်ရှိပါတယ်။

ပြောရရင် အခုသမ္မတ အိုဘားမားလည်း အမေရိကမြေဖြစ်တဲ့ ဟာဝိုင်ယီမှာ မွေးတယ်ဆိုပေမဲ့ အဖေက အမေရိကန်မဟုတ်ပါဘူး။ နိုင်ငံသားကို မဖြစ်လိုက်ရပဲ အမေနဲ့ကွဲပြီး သူ့ ကင်ညာနိုင်ငံ သူပြန်ပြီးနေတာပါ။ ဆိုလိုတာက သမ္မတအိုဘားမားက အမေရိကန်စစ်စစ်ကြီးပါ။ ကင်ညာကြီးလို့မခေါ်ကြပါဘူး။  ဒါပေမဲ့ အဖေက အမေရိကန်ဟုတ်ဘူးပေါ့။
ထူးခြားတာတခုက ၂၀၀၈က အိုဘားမားနဲ့ သမ္မတပြိုင်ရွေးခံတဲ့ ရီပါ့ဗလစ်ကင်န်အမတ် မက်ခ်ကိန်းဆို အမေရိကမြေမှာမွေးတာတောင်မဟုတ်ပါဘူး။ သူက ပနားမားနိုင်ငံမှာမွေးတာတဲ့။ ဒါပေမဲ့ မိဘနှပါးစလုံးကတော့ အမေရိကန်တွေပါ။ အဲဒီမှာ စစ်စခန်းချတုံးက သူ့ကိုမွေးလိုက်တာပါ။

ဆိုလိုချင်တာက …
အမေရိကန်ဖြစ်ပြီဟေ့ဆိုရင် လူမျိုးတွေ၊အသားအရောင်တွေ ခွဲခြားဆက်ဆံလို ့မရတော့ပါဘူး. ခွဲဆက်ဆံရင် ဥပဒေတွေက အရေးယူပါလိမ့်မယ်။ ဒါက ကမ္ဘာ့အတိုးတက်ဆုံးနိုင်ငံကြီးတနိုင်ငံဖြစ်တဲ့ အမေရိကန်ပြည်ထောင်စုကအကြောင်းပါ။
ဒီနေ ့အင်တာနက်ထဲလိုက်နှိုက်ရင်း ဆရာ လူထုဦးစိန်ဝင်းရဲ့ ဆောင်းပါးဖတ်မိပါတယ်၊  ကြိုက်လို ့အောက်မှာ ကူးတင်ပေးလိုက်ပါတယ်။ ဖတ်ကြည့်ကြပါ။
ဆရာက မြန်မာပြည်ထဲကနေပြီး ပြည်ပရောက်မြန်မာတွေကို ဦးတည် ဝေဖန်ဆန်းစစ်ကြည့်နေပုံပေါ်ပါတယ်။
ဒါပေမဲ့ ဆောင်းပါးထဲမှာကိုပဲ မြန်မာပြည်ပေါက် တရုတ်မလေးတွေ ဆိုတာကို အထူးဇတ်ဆောင်တွေအဖြစ် နဲ့ ဖတ်မိတော့ စိတ်မကောင်းဖြစ်မိတာရှိလာပါတယ်။

အမေရိကန်ပြည်ထောင်စုမှာမွေး အမေရိကနေပြီး အခုလို တခြားအမေရိကန်တွေနဲ့ သွေးစီးဆင်းတာတွေကို ဦးတည်ပြီး ခွဲပြောခံနေရရင်တော့ …အင်း..နည်းနည်းတမျိုးတော့ဖြစ်မိမလားပဲ..။ မြန်မာပြည်ပေါက် တရုတ်တွေခမျာလည်း မြန်မာပြည်မှာအမေအဖေ ဘိုးစဉ်ဘောင်ဆက်မွေးပြီး မြန်မာ(ဗမာ)လို့အခေါ်မခံရတဲ့ ဘဝတွေနဲ့ပါလား။ ကုလားတွေရောပေါ့နော..။ချဲ့လိုက်ရင် တိုင်းရင်းသားတွေပါ ပါလာပြီး သူတို့ကို တော်တော်ကိုယ်ချင်းစာမိလာတော့တာပါပဲ..။
ထားပါတော့…စာမှာ ဆရာဆိုလိုချင်တဲ့ ဆရာ့ရဲ့ စေတနာကို မြင်ရပါတယ်။ အဲဒါကြောင့် ဖတ်ကြည့်ပါ။လို ့တိုက်တွန်းပါတယ်။“သူတို့ပြန်လာကြမှာပါ” ဆိုတာလေးကို သိပ်ကြိုက်ပါတယ်။ ဟုတ်ပါတယ်။ တိုင်းပြည်ကောင်းစားနေမှ မဟုတ်ပါဘူး။ ကိုယ်တတ်ထားတဲ့အတွေ့အကြုတွေ ပညာတွေနဲ့သားရွေအိုးထမ်းပြီးတနေ့ ပြန်လာကြမှာပါ။
တရုတ်ပြည်တုံးကတော့ သူတို့တိုင်းပြည်အပြင်ရောက်နေတဲ့ တတ်သိပညာရှင်တွေကို အစိုးရကကို လက်ကမ်းကြိုပြိး ခေါ်ပါတယ်။ သူတို့ပြန်ကြတာပဲ။ တိုင်းပြည်က ပညာတွေအပြင်၊ ငွေကြေးအရင်းအနှီးတွေပါ ရတာပေါ့။

စာတွေဖတ် ပြီးရင် ကွန်မန် ့မှာ ရေးချင်တာလေးတွေ ချရေးထားခဲ့ပါဦး။ မြန်မာတွေရဲ့ သမိုင်းမှာ အမှတ်တရလေးဖြစ်ကျန်နေရစ်အောင်ပါ။

=========

မြန်မာအခေါ်ခံရဖို့ မထိုက်တန်တဲ့သူတွေ

Written by လူထုစိန်ဝင်း

ဖေဖော်ဝါရီ ၂၃ ရက်နေ့က ကျောင်းသူဟောင်း သုံးယောက် ရောက်လာတယ်။ တစ်ယောက်က တိုကျိုက၊ တစ်ယောက်က တိုင်ပေ က၊ နောက်တစ်ယောက်ကတော့ တိုင်ပေမှာ လေး၊ ငါး၊ ခြောက်နှစ် သွားနေပြီးမှ ရန်ကုန်ပြန်လာနေသူ ဖြစ်တယ်။ တိုင်ပေကတစ်ယောက် ကတော့ တရုတ်နှစ်သစ်ကူးအချိန် ရောက်တိုင်း ပြန်လာနေကျဖြစ်ပေမယ့် ဂျပန်ကတစ်ယောက်ကတော့ ထွက်သွားပြီးကတည်းက အခုမှပထမဆုံး အကြိမ်ပြန်တွေ့ရတာ ဖြစ်တယ်။
ဗမာစကားပီသတဲ့လူတွေ
သုံးယောက်သားချိန်းပြီး အတူရောက်လာကြတာဆိုတော့ စကား တွေပြောလို့ မကုန်အောင်ဖြစ်နေကြ တယ်။ အဲဒီလိုစကားပြောကြရင်းက တစ်ခုသတိထားလိုက်မိတယ်။ ဂျပန် ကလာတဲ့ တပည့်မက ဗမာစကားကို ဘာသံမှမဝဲဘဲ ပီပီသသကြီးပြောနေတဲ့အချက် ဖြစ်တယ်။ အခုတလော ရေဒီယိုကနေကြားကြားနေရတဲ့ ဂျပန်ရောက်ဗမာတွေရဲ့စကားပြောသံတွေ  ဟာ ဂျပန်သံဝဲဝဲ နေကြတာတွေ့ရတယ်။ စကားပြောရင်းနောက်ဆုံး စကားလုံးကျရင် အသံကိုသံရှည်ဆွဲ သွားပြီးမှ ရုတ်တရက် ရပ်ပစ်လိုက်ကြတယ်။ ဂျပန်စကားပြောနေကျမို့ နေမှာပဲလို့မှတ်ထင်နေတယ်။ ဟောအခု တစ်ယောက်ကတော့ ဘာသံမှမဝဲဘဲ ဗမာစကားကို ဗမာလိုပဲပီပီသသကြီး ကိုပြောနေလိုက်တာ အံ့ဩတောင် သွားရတယ်။ တကယ်တော့ သူက ဗမာတောင်မဟုတ်ပါဘူး။ လားရှိုး ဇာတိ မြန်မာပြည်ပေါက် တရုတ်မလေးပါ။ စက်မှုတက္ကသိုလ်က ဗိသု ကာဘွဲ့ရပြီး ၁၉၈၈ ခုနှစ် မတိုင်မီက တည်းက ဂျပန်ကို ထွက်သွားတာဖြစ် ပါတယ်။ အခုရောက်လာတဲ့ သုံးယောက်စလုံး တရုတ်မလေးတွေပါ။ တိုင်ပေမှာနေသူကလည်း ဟိုမှာ နှစ်ပေါင်းနှစ်ဆယ်ကျော်ပါပြီ။ ဘာသံမှ မဝဲပါဘူး။
ဗမာစကားမပီသတဲ့ဗမာတွေ
အသံမဝဲရုံတင်မဟုတ်ဘူး။ သူ က မြန်မာပြည်ကိုလည်း ချစ်ပါ တယ်။ နှစ်ကူးချိန်ရောက်တိုင်း တစ်နှစ်တစ်ခေါက် ရောက်အောင်ပြန်ပါ တယ်။ ရောက်တာနဲ့သူ့ဇာတိ ဇီးကုန်း ကိုပြန်ပြီး ငယ်စဉ်က ဆရာသမား တွေကိုလိုက်လံ တွေ့ဆုံပြီးကန်တော့ ပါတယ်။ ဘုန်းကြီးကျောင်းတွေ ဘာတွေကိုလည်း လှူဒါန်းမှုတွေ လုပ်ပါတယ်။ သူက တိုင်ပေကအဆင့်မြင့် နိုင်ငံတကာဟိုတယ်ကြီးတစ်ခုမှာ မန်နေဂျာအဆင့် ရာထူးရထားပါတယ်။ ဒါပေမဲ့ သူများတကာတွေလို မိဘဆွေမျိုးတွေပါခေါ်ပြီး ဟိုမှာမနေပါ ဘူး။ တစ်ယောက်တည်းပဲ နေပါတယ်။ သူတို့တစ်တွေလို နှစ်ပေါင်းနှစ်ဆယ်၊ အစိတ်နိုင်ငံခြားသွားနေတဲ့ မြန်မာပြည်ပေါက် တရုတ်မလေးတွေက ဗမာ စကားပီပီသသပြောပြီး မြန်မာပြည် ကို ချစ်နေကြပေမယ့် လွန်ခဲ့တဲ့လေး ငါးနှစ်ကမှ နိုင်ငံခြားရောက်သွားတဲ့ ဗမာစစ်စစ်တွေက ဗမာစကားကိုနိုင်ငံခြားသံဝဲပြီး ပြောနေကြတာကိုတော့ ဘယ်လိုမှနားမလည်နိုင်တာ အမှန်ပါပဲ။
မြန်မာပြည်နဲ့မတန်ဘူးတဲ့
တချို့များ ဗမာစကားကို နိုင်ငံခြားသံဝဲပြီး ပြောရုံတောင်မကပါဘူး။ သူတို့တတ်ထားတဲ့ ပညာတွေဟာ မြန်မာပြည်နဲ့ မတန်အောင် မြင့်နေတဲ့ အတွက် ပြန်လာလည်းအချည်းနှီးပဲ လို့တောင်ပြောတတ်ကြသေးတယ်။ တတ်ထားတဲ့ပညာနဲ့ လူသားတွေကို အကျိုးပြုနေဖို့ပဲလိုတယ်။ ဘယ်နိုင်ငံသားဖြစ်ရမယ်ဆိုတဲ့ ကျဉ်းမြောင်းတဲ့ အမြင်မျိုးမထားသင့်ဘူး။ ဂလိုဘယ်လိုက်ဇေးရှင်းခေတ်မှာ ဂလိုဘယ် အ မြင်ရှိဖို့ လိုတယ်။ ဟိုနိုင်ငံသား၊ ဒီနိုင်ငံသားဆိုတဲ့ သတ်မှတ်ချက်တွေဟာ ခေတ်နဲ့ မညီတော့ဘူး။ လူသားအားလုံးဟာ ကမ္ဘာသူ၊ ကမ္ဘာသားတွေပဲ လို့ ကြည့်တတ်မြင်တတ်ရမယ်လို့လည်း ပြောလေ့ရှိကြတယ်။ အရှက် မရှိလို့ မျက်နှာပြောင်တိုက်ပြီးပြောနေ ကြတာပါ။ ကိုယ့်ရပ်ကိုယ့်ရွာကကိုယ့် ဆွေမျိုးအသိုင်းအဝိုင်းကိုတောင် အကျိုးပြုချင်တဲ့ စေတနာမရှိတဲ့သူမျိုးက ကမ္ဘာ့ လူသားတွေကို အကျိုးပြုမယ်လို့ ပြောနေတာကိုဘယ်သူက ယုံမှာလဲ။
သူများတွေပါ အမြီးပြတ်စေချင်လို့
လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက် ချင်း ကိုယ်နေချင်ရာနေ၊ ကိုယ်လုပ်ချင်တာလုပ်၊ ကိုယ့်အပူမဟုတ်လို့ ဘာမှပြောစရာမရှိပါဘူး။ ဒါပေမဲ့ ကိုယ့်ဟာကိုယ် အမြီးပြတ်တာကို ဆိတ်ဆိတ်မနေဘဲ သူများတွေပါ အမြီးလိုက်ဖြတ်ဖို့ တောင်ပြောမြောက်ပြော လျောက်ပြောနေတာတွေတော့ သည်း မခံနိုင်ဘူး။ ဒါပေမဲ့ တော်ပါသေးတယ်။ အဲဒီလို အမြီးပြတ်တွေက လက်တစ်ဆုပ်စာလောက်သာရှိလို့။ နိုင်ငံခြားရောက် မြန်မာလူငယ်တွေ အများစုကတော့ သူတို့လိုမဟုတ်ကြ ဘူး။ ကြိုးစားပမ်းစားအလုပ်တွေ လုပ်ပြီး မိဘတွေကိုကျေးဇူးဆပ်နေ ကြရှာတာပါ။ တချို့များ အလုပ်နှစ် မျိုးပြောင်းပြီး တစ်နေ့ကို ၁၆ နာရီ လောက်အထိကို လုပ်ကြရရှာတာ။ တချို့ကျတော့လည်း အလုပ်တစ်ဖက်လုပ်ရင်းနဲ့ ကျောင်းတက်ပညာ သင်လိုက်ကြသေးတယ်။ ဒီကြားထဲ ကတောင် မိဘတွေဆီလစဉ်မပျက်မကွက် လှမ်းပြီးကန်တော့နေကြတာ ချီးကျူးစရာကောင်းလှတယ်။
တွံတေးသိန်းတန်ကြိုက်ကြလွန်းလို့
အနှစ်နှစ်ဆယ်၊ အစိတ် နိုင်ငံခြားသွားမယ့်သူတွေကို အင်္ဂလိပ် စကားပြောသင်တဲ့ ဆရာလုပ်ခဲ့တာဆို တော့ ကမ္ဘာ့နိုင်ငံအတော်များများမှာ ကျောင်းသူကျောင်းသားတွေထောင် နဲ့ချီပြီးရှိနေကြပါတယ်။ မြန်မာပြည် ဟာ သူတို့ပညာနဲ့မထိုက်တန်သေးလို့ ပြန်မလာဘူးလို့ ပြောတဲ့သူ ကိုယ့်ကျောင်းသူကျောင်းသားထဲက လေး ငါးယောက်ထက်မပိုပါဘူး။ အများစုက မြန်မာပြည်ကို လွမ်းတသသနဲ့ နေနေကြတာချည်းပါ။ တွံတေးသိန်းတန်နဲ့ ဟင်္သာတထွန်းရင် သီချင်းခွေတွေဆို ကိုယ်ကသာနားမထောင်တာ တပည့်တွေမှာလို့ ခဏခဏဝယ်ပို့နေ ရတယ်။ တချို့များ ကြံကြံဖန်ဖန် ကျောက်ငရုတ်ဆုံနဲ့ လဲမှို့ခေါင်းအုံး တောင်မှာလို့ပို့ရတယ်။ အမေရိကန် မှာ မွေးပြီး ဟိုမှာပဲကြီးတဲ့ တစ်ဦးတည်းသော မြေးယောက်ျားလေးက တောင်မြန်မာပြည်ကအချဉ်ထုပ်တွေ နဲ့ လက်ဖက်သုပ်ကိုသိပ်ကြိုက်တာ။ ”များများနဲ့မြန်မြန်ပို့ပါဖိုးဖိုး” လို့ဖုန်း ဆက်တိုင်းပြောလေ့ရှိပါတယ်။
သူတို့ပြန်လာကြမှာပါ
အဖေဗမာ၊ အမေဗမာဆိုတော့ မြေးကလေးရဲ့ကိုယ်ထဲမှာ စီးဆင်းနေတဲ့သွေးတွေက ဗမာ့သွေးတွေချည်း မဟုတ်လား။ ဇာတိသွေးဆိုတာ ပျောက်ခဲပါတယ်။ ဗမာသွေးမနှော တဲ့ တပည့်မလေးတွေတောင် မြန်မာ့ မြေမှာမွေး၊ မြန်မာ့လေကိုရှူ၊ မြန်မာ့ ရေကိုသောက်ပြီး မြန်မာ့ဆန်ကိုစားခဲ့ ကြတာ ဖြစ်လေတော့ မြန်မာပြည်ကိုပဲ လွမ်းတသသဖြစ်နေကြတာပါ။ အခွင့်သာတိုင်း မြန်မာပြည်ကိုပြန်လာ ကြပါတယ်။ ကိုယ့်နိုင်ငံအပြင်ထွက် ပြီး နိုင်ငံစုံရောက်ဖူးလေလေ မြန်မာ ပြည်လောက်နေချင်စရာကောင်းတဲ့ ပျော်စရာကောင်းတဲ့နိုင်ငံမရှိဘူးဆိုတာ သိလေလေဖြစ်တာကြောင့် တစ်နေ့မှာ သူတို့ပြန်လာကြမှာပါ။ မြန်မာပြည်ဟာ သူတို့ပညာနဲ့ မထိုက်တန်သေးဘူးဆိုတဲ့ လူတွေကိုလည်းစကား တစ်ခွန်းပြောချင်ပါတယ်။ သူတို့ရဲ့ စိတ်ဓာတ်မျိုးတွေဟာ မြန်မာလူမျိုး ဖြစ်ဖို့ထိုက်တန်တဲ့ အဆင့်မဟုတ်ဘူး ဆိုတာပဲဖြစ်ပါတယ်။
အနတ္တကို ဦးထိပ်ထား
မြန်မာလူမျိုးဖြစ်ဖို့ဆိုတာ လွယ်တယ်ထင်သလား။ ဗြဟ္မစိုရ်တရားနဲ့ ဟီရိဩတပ္ပတရားတွေကို နားလည် သဘောပေါက်ပြီး လိုက်နာကျင့်သုံး မှ မြန်မာလူမျိုးစစ်တာ။ နိုင်ငံခြားမှာ ဘယ်လောက်အကြာကြီးနေနေ ဒီတရားတွေကို လိုက်နာကျင့်ကြံနေသရွေ့မြန်မာလူမျိုးလို့ ခေါ်နိုင်တယ်။ ဒီ တရားတွေကို လုံးဝပစ်ပယ်ပြီး ‘ဘယ်သူသေသေငတေမာပြီးရော’ ဆိုတဲ့ စိတ်ဓာတ်မျိုးထားသူဆိုရင်တော့ မြန်မာနိုင်ငံတွင်းမှာနေလည်း မြန်မာလူ မျိုးလို့ အခေါ်ခံရဖို့ မထိုက်တန်ပါဘူး။ မြန်မာစိတ်၊ မြန်မာစရိုက်ရဲ့ အနှစ် သာရက ‘အတ္တ’ ကိုပယ်ခွာခြင်းဖြစ်တယ်။ ဗုဒ္ဓဆုံးမခဲ့တဲ့ ‘အနတ္တ’ တရား ကိုဦးထိပ်ထားကြတယ်။ ”ဘယ်သူ သေသေ ငတေမာပြီးရော” စိတ်က ‘အတ္တ’ လွန်ကဲမှုဖြစ်တယ်။ လူအများ ဘာဖြစ်ဖြစ် ‘ငါ’ ကောင်းစားဖို့သာ အဓိကဆိုတဲ့စိတ်ဖြစ်တယ်။ ဒီလူမျိုး တွေက မျောက်ပြဆန်တောင်းလုပ်တာမျိုးကိုလည်း ရှက်ရကောင်းမှန်း မသိဘူး၊ကြောက်ရကောင်းမှန်းလည်း မသိဘူး။ မေတ္တာ၊ကရုဏာ၊ စေတနာ ဆိုတာတွေလည်းနားမလည်ပါဘူး။ ဒီလူမျိုးတွေဟာ မြန်မာလို့အခေါ် ခံရဖို့ မထိုက်တန်သူတွေပါ။

မှတ်ချက်။  ။ ဒီကယူပါတယ်
http://first-11.com/index.php?option=com_content&view=article&id=2080:2010-02-28-08-55-39&catid=78:2009-11-13-06-25-17&Itemid=135

14 comments

  • Aung

    March 12, 2010 at 12:08 pm

    He is an old fart that is all.

  • idiotseinwin

    March 12, 2010 at 3:32 pm

    Yes, no useful old dog

  • Young

    March 13, 2010 at 10:25 pm

    သိပ်ကောင်းတဲ.အကြောင်းအရာပါ။
    လက်ရှိဗမာပြည်မှာ လူမျိုးရေးခွဲခြားမူ.ဟာကျယ်ပြန်.နေပါ တယ်။ဒီကိစ္စကို မီဒိယာတွေကအစ တရုတ်၊ကုလား၊ဗမာ၊ကုလားဒိန် အစသဖြင်. ခွဲခြားသုုံးနေတာ ကိုတွေ.ရှိရတယ်။
    မီဒိယာတွေ အနေနဲ. ဒီလိုမျိုး ခွဲခြားမူ.တွေကို မသုံးသင့်ပါဘူး၊ အားလုံးဟာ တိုင်းရင်းသားတွေပါ။ အနည်းငယ်သော တရုတ် နှင့် ဘင်းကလားဒေရှ်. ဘက်ကခိုးဝင် လာသူတွေ ကလွဲရင်ပေါ.။
    ကျွန်တော်တို. သူရဲကောင်းဗိုလ်ချုပ်အောင်ဆန်း မှာ ဒီလိုခွဲခြားတဲ့စိတ်မျိုးမရှိပါ။ ထို.ကြောင့် နေရာ နှင့်အခြားဝန်ကြီး နေရာများကို တိုင်းရင်းသားအစုံ၊ ဘာသာဝင် အစုံ ကို တာဝန်ပေးခဲ. နိူင်ခြင်းဖြစ်သည်။
    ယခု စစ်အစိုးရ လက်ထက် မှာတော့ လူမျိုးရေး ဘာသာရေးခွဲခြားမူ့ တွေက ကြောက်မက်ဖွယ် ရာပင်၊
    ယခုအချိန် အထိ တော့ ဗမာနိူင်ငံသား အာလုံးဟာ နိုင်ငံသားစိစစ်ရေး ကဒ်ပြားပဲ ကိုင်ရ ပါသေးတယ် ၊ အနှစ် နှစ်ဆယ် ကျော် နိူင်ငံသားတင်းပြည့် မဖြစ်သေးပါ။

  • မောင်မိုးညို

    March 14, 2010 at 6:12 pm

    လူမျိုးရေးဘာသာရေးခွဲခြားမှုကင်းတဲ့နိုင်ငံရယ်လို့ရှားပါတယ်။ ဒါပြုပြင်ပြောင်းလဲရအလွန်ခက်ခဲတဲ့ ‘ပုထုစဉ်ကောဥမ္မတကောပါ’။ အမေရိကန်ပြည်ထောင်စုလိုရာစု(၃)ခုနီးလုပြီဖြစ်တဲ့နိုင်ငံတောင် သမ္မတ Obama အစိုးရတက်တော့နှာနှပ်ရသူတွေအများကြီးရှိသလို၊ အခုလက်ရှိကျဆင်းလာတဲ့သူ့ရဲ့ approval ratings တွေကိုကြည့်ပြီး ဝမ်းသာလုံးဆို့ကြသူတွေမနဲပါဘူး။ ဒါပေမဲ့အခြေခံဥပဒေကတိတိကျကျကာကွယ်ထားတော့ ပြောနိုင်ဆိုနိုင်အရေးယူနိုင်ခွင့်တွေကအပြည့်ရှိနေပါတယ်။ ပြောခြင်တာကမြန်မာအချင်းချင်း မယိုင်းပင်းမညီညွတ်တဲ့ကိစ္စပါ။ ဆရာတင်မိုး မကွယ်လွန်မှီ LA မှာလုပ်တဲ့စာဆိုတော်လ စာပေဟောပြောပွဲ (ဆရာ့နောက်ဆုံးဩဝါဒ) မှာစကားလက်ဆုံကျရင်းပြောသွားတာ သတိရပါတယ်။ နယ်စပ်မှာသူရောက်သွားတော့ ကျောင်းသားအဖွဲံတွေအစိတ်စိတ်ကွဲတာမြင်လို့ လူကြီးတရောက်အနေနဲ့ဝင် ဆုံးမတော့ ပိုဆိုးလာလို့ ‘ကိုယ့်ခေါင်းမကျအောင်မနဲရှောင်ထွက်ခဲ့ရတယ်ဗျာ’ ဆိုတဲ့ဝမ်းနဲစကားကိုသတိရမိပါတယ်။ (၂) ယောက်ရှိရင်အဖွဲ့ (၃)ဖွဲ့ထောင်တတ်တဲ့ ကျွန်တော်တို့ဗမာတွေရဲ့စိတ်ဓါတ်ဘယ်ထိသက်ဇိုးရှည်မယ်မသိပါ။ ‘ငါ’ဆိုတဲ့အတ္တဝါဒကြီးတဲ့နေရာမှာပြိုင်စံရှားတဲ့ ကျွန်တော်တို့ရဲ့အယူမှားဖြစ်တဲ့အကျင်ဆိုးကိုပြင်နိုင်ကြဘို့ကြိုးစားကြဘို့လိုပါတယ်။ ဗမာဖြစ်ပြီးဗမာစိတ်မရှိကြသူတွေတနေ့တော့ဗမာ့လူနေမှုအသိုင်းအဝိုင်းကိုဘဲပြန်လာကြရမှာမုချပါဘဲ။ မပူပါနဲ့။ ဗျိုင်းဟာကျီးမဖြစ်နိုင်သလိုကျီးကလဲဗျိုင်းမဖြစ်နိုင်ပါဘူး။ just matter of time ပါ။ အသက်ရလာတာနဲ့အမျှ ဗမာစိတ်တော့ပြန်ရှိကြတာပါဘဲ။ ဒါပေမဲ့’ငါ’ဆိုတဲ့အတ္တကတော့ကုရာနတ္ထိဆေးမရှိတဲ့ရောဂါပါ။ တကိုယ်ကောင်ဆံပြီး၊ငါလုပ်တာမှမှန်တယ်၊ငါသာအသိဆုံးဆိုတဲ့စိတ်ယုတ်က အဲ့ဒီလူမှာပြောက်လဲခနပါပဲ။ ဘယ်သူသေသေငတေမာရင်ပြီးရောဆိုတဲ့စရိုက်ဆိုးကအဲ့ဒီလူရဲ့စိတ်ဓါတ်မှာဘယ်တော့မှမပျောက်ပါဘူ။ မရှိချင်ဟန်ဆောင်လေ၊ အဲ့ဒီစရိုက်ကပေါ်လေပါဘဲ။
    အချုပ်ပြော၇ရင်-ဗမာစိတ်မရှိလည်းတနေ့တော့သူဗမာဆိုတဲ့ identity ဟာပေါ်မှာအမှန်ပါဘဲ။ ဒါပေမဲ့ ‘အတ္တစိတ်’ရှိသူကတော့ပြန်လမ်းမရှိတဲ့စရိုက်ဆိုးပါ။

  • နော်ဆွတ်ရိန်(မ်)

    March 21, 2010 at 6:50 pm

    ဗမာပြည်တိုတာမျိုး ဗမာနိူင်ငံသားဆိုတာမျိုးတွေ သုံးတာ ကြားရတာနားဝင်မချိုလိုက်တာ… ..ဘာကြောင့်လဲဆိုတော့ကျွန်တော် တို့ကဗမာမဟုတ်ဘူးလေ… ..မြန်မာဘဲ… .တော်တော်ဝမ်းနည်းစရာကောင်းတာက.. …ဗမာပြည်…..ဗမာနိူင်ငံ…. .ဆိုပြီးသုံးနေတဲ့အကျင့်မဖျောက်နိူင်တာဘဲ… .. .မြန်မာပြည်..မြန်မာနိူင်ငံသားလို့သုံးတာက လူမျိုးရေးခွဲခြားမူမရှိကြောင်းကိုပြသတာနဲ့တူတယ်လို့ထင်ပါတယ်………

  • kai

    March 22, 2010 at 1:31 am

    အောက်က လင့်ကတဆင့် စာတွေဖတ်ကြည့်စေလိုပါတယ်။ “ဗမာနှင့် မြန်မာ” ဆိုတဲ့ခေါင်းစဉ်ငယ်အောက်မှာ ဒီလိုရေးပါတယ်..။ အထောက်အထားအဖြစ် စာအုပ်လည်း ကူးတင်ပေးထားပါတယ်။
    ကျုပ်မှာလည်း အဲဒီစာအုပ်ရှိပါတယ်။ တလုံးမှ ဖြတ်ညှပ်ကပ်ထားတာ မတွေ့ရပါဘူး။

    “တို့ဗမာ အစည်းအရုံး”ဟူရာ၌ တို့ဗမာပြည်ထဲ၌ရှိသော လူမျိုးအားလုံးကို ကိုယ်စားပြုသည့် အဓိပ္ပါယ်ဖော်ဆောင်ခြင်း အထိမ်းအ မှတ်အဖြစ် “တို့ဗမာ”ဟု ခေါ်ဝေါ်သုံးနှုန်းခြင်း ဖြစ်သည်။ မြန်မာဟူသောစကားမှာ မြန်မာ၊ မာသည် ဟူသော အဓိပါယ်ကို ဆောင် သော်လည်း နှာသံပါ၍ ဘောင်ကျဉ်းသည်။ အားနည်းသည်။ ရှမ်း၊ ကရင်၊ ချင်း၊ ကချင်၊ မွန်၊ ရခိုင်၊ ပလောင်၊ တောင်သူ၊ ဆလုံ၊ နာဂ၊ မြန်မာ စသော ဗမာတိုင်းရင်းသားအားလုံးကို ခြုံ၍ ငုံမိစေရန် “ဗမာ”ဟူသော စကားလုံးကို ရွေးသည်။ အသံထွက် မာကျော ၍ သုံးစွဲသည်။ တဖန် “ဘ”ကုန်းနှင့် “ဘမာ”ဟု မရေးဘဲ “ဗ”လချိုက်နှင့် ရေးခြင်းမှာလည်း “ဘ”သည် ရံဖန်ရံခါ “ဖ”သံထွက်သ ဖြင့် စိတ်မချရသောကြောင့် “ဗ”လချိုက်နှင့် “ဗမာ”ဟု ရေးသည်။ (တို့ဗမာအစည်းအရုံးသမိုင်း၊ ခေတ်သစ်လူငယ်တစုနှင့် တို့ဗမာ ဝါဒအစ၊ စာ ၁၃၃) (ပုံ-၁))

    လင့်ခ်က..
    http://www.kicnews.org/?p=1796

    တကယ်တော့ ကျုပ်တို့တတွေ..တိုင်းရင်းသားတွေ..“စကားလုံးများရဲ့ မာယာ” နည်းနည်း မိသွားတာပါ။

  • Than Naing

    March 25, 2010 at 9:13 pm

    ဆရာကြီးရဲ့ဆောင်းပါးကိုသိတ်သဘောကျပါတယ်။ ဆရာ့ခံယူချက်နဲ့သဘောထားကိုလဲလုံးဝသဘောကျပါတယ်။ မြန်မာစိတ် မြန်မာပြည်ချစ်တဲ့စိတ် မြန်မာလူမျိုးဆိုတာကိုအမှတ်တမဲ့နဲ့မေ့နေသူတွေကိုလဲ လှုပ်နှိုးပေးရာရောက်ပါတယ်။ တကယ်တော့ ကရင် ကယား ကချင် ချင်း စသည်ဖြင့်မြန်မာအပြင် အဲဒီလူမျိုးတွေထဲက တစ်မျိုးနဲ့တစ်မျိုးသွေးနှောပြီးမွေးလာသူတွေ၊ မြန်မာပြည်ထဲအတူနေ တရုတ်မျိုးနွယ် အင်ဒီးယန်းမျိုးနွယ်တွေနဲ့ သူတို့နဲ့သွေးနှောကြသူတွေအားလုံး မြန်မာစိတ် မြန်မာပြည်ချစ်တဲ့စိတ်ရှိကြရင် တစ်မျိုးသားတည်းပါဘဲ။
    စိတ်ကောင်း နှလုံးကောင်း အမြင်ကောင်းသူတွေများလာလေလေ မြန်မာပြည်ကြီးပိုကောင်းလာလေလေဖြစ်မှာဘဲလို့မျှော်လင့်ပါတယ်ဗျာ။
    (မှတ်ချက်။ မြန်မာနှင့်ဗမာ အသုံးအနှုန်းမှာယခုအချိန်တွင်မတူကွဲပြားစွာလက်ခံသုံးစွဲနေသောကြောင့် ဗမာကြိုက်သူများ ဗမာဟုအစားထိုးဖတ်ပေးကြပါရန် မေတ္တာရပ်ခံပါသည်။)

  • phothiha

    April 1, 2010 at 11:15 am

    ရေးထားတာတွေက ကောင်းပါတယ် ဒီလိုမျိုးလေးတွေ ဖတ်ရတော့ တအားကောင်းပါတယ်နော် နောက်ထပ်လဲရေးပေးပါနော်

  • zay yar aung

    April 5, 2010 at 9:34 am

    မြန်မာပြည်မှာနေပြီးတော့ ကိုယ်ပြောချင်တာကိုလွတ်လပ်စွာပြော..ကိုယ့်သဘောထား ..ထင်မြင်ချက်၊ခံယူချက်တွေကို လွတ်လပ်စွာထုတ်ဖော်ခွင့်ရမှာလား…တန်းတူအခွင့်အရေးတွေရမှာလား..အစိုးရမကောင်းတာကို မကောင်းကြောင်းကို လူစည်ကားရာနေရာမှာထုတ်ဖော်ပြောကြားခွင့်ရမှာလား..ကိုယ့်အတတ်ပညာာ၊အသိပညာကို လွတ်လပ်စွာဖော်ထုတ်ခွင့်ရမှာလား..
    ကဲ..အခုရွေးကောက်ပွဲကကော တရားမျှတစွာပြုလုပ်တာလား..
    ဒါဆိုရင် ဖမ်းဆီးထားတဲ့ကျောင်းသားတွေ..နိုင်ငံရေးသမားတွေ..media သမားတွေ..blogger တွေ..ကိုဘာလို ့ဖမ်းထားတာလဲ..
    တရားမဝင်တဲ့ကိစ္စတွေလုပ်လို ့လား..နေရာတကာမှာသူတို့ သတ်မှတ်ထားတာနဲ့ မကိုက်ညီရင်ဖမ်းတာကတရားလား..ပညတ်ချက်တွေနဲ ့ဖိအားပေးစေခိုင်းမှုတွေက ဒီမိုကရေစီလား..
    အေး..အခုရွေးကောက်ပွဲကို လက်ခံတဲ့..လက်ခံချင်တဲ့လူတွေဆိုတာ ဒီမိုကရေစီင်္ဆိုတာကိုနားမလည်..မခံစားဖူး..တဲ့လူတွေ၊အသိဉာဏ်မရှိတဲ့လူတွေဘဲ

  • htoothu

    April 7, 2010 at 11:01 am

    zay yar aung ပြောတာကိုထောက်ခံပါတယ်။လူတိုင်းကတော့ တရားမျှတမှုရှိတဲ့နေရာမှာဘဲကိုယ့်ပညာကိုပိုပြီးအသုံးချချင်ကြပါတယ်။ဆရာစိန်ဝင်းရဲ့စကားမှာလိုနေတာလေးထပ်ဖြည့်ချင်ပါတယ် တရားမျှတမှုတွေမရှိလို့မြန်မာတွေမြန်မာလို့အခေါ်မခံရတာ လို့ပါ။ဆရာကိုတောင်းဆိုချင်တာလေးတစ်ခုကတော့ ကလောင်ရဲ့ရှေ့မှာ (လူထု)ဆိုတာလေးဖြုတ်ပေးပါလို့။

  • ArTing

    April 9, 2010 at 11:15 am

    လူထုဦးစိန်ဝင်း ပြောသွားတာတော်တော်ကောင်းတာပါ.. … ကျွန်တော်ကိုယ်တိုင်က တရုတ်သွေးနှောတဲ့ ကပြားပေါ့ ။ ဦးစိန်ဝင်းပြောသွားသလိုပဲ … ကျွန်တော်တို ့ရဲ ့ ဘိုးဘေးတွေ လက်ထက်ကတည်းက မြန်မာမှာ အခြေချလာကြတာလေ… အဲ့ဒီတော့ တော်တော်မြန်မာဆန်တဲ့ တရုတ်ကပြားမပေါ့ ။ တခါခါတော့ တ နဲ့ သ အသံသိပ်မကွဲပါဘူး ။

    စကားသံဝဲတာနဲ ့ပတ်သက်ပြီး ရယ်စရာလေးတစ်ခုကြုံဖူးတယ် .. အစ်မတော်ပေါ့ …သွားလိုက်တာ ၈ နှစ် ပါ ။ ပြန်လာတော့ .. ဝက်ရုပ်လေးကို တွေ ့တော့ သူဒီလိုခေါ်လိုက်တော့ တော်တော်ရယ်ရတယ် ….သူက ဝက်ကလေးကို ”ဟယ်….ဝုတ် ကလေး ”တဲ ့။ သူသွားတုန်းအသက် ၂၄ နှစ်ပါ ။ ၂၄ နှစ် လုံးမြန်မာလို ပြောလာတာ ၈ နှစ်နဲ ့မေ့ပစ်ရမလားဆိုပြီးသူ့ကို ကျွန်တော်နဲ ့ ညီမလေးတို ့ဟားသေးတယ် .. ခုတော့ သူ ပြန်နေသားကျပြီပေါ့ …

  • naw2lay

    October 6, 2010 at 9:26 am

    သိပ်ကောင်းပါတယ် နောက်ထပ်လဲတင်ပေးစေချင်ပါတယ် ကို့မြန်မာကိုတန်ဖိုးထားရမှန်းသိစေတာပေါ့နော်

  • ပေစုတ်စုတ်

    August 12, 2011 at 12:08 pm

    ဆရာလူထုစိန်ဝင်း ကတော့ဘယ်လို တရုတ်မကလေးတွေနဲ ့တွေ ့ဖူးလို့ပြောလဲမသိဘူးဗျ.. ကျွန်တော်သိတဲ့ မန်းလေးက ရွှေတရုတ်မလေးတွေ ကတော့ မြန်မာဆိုခပ်ရှဲရှဲပဲခင်ဗျ.. ကျွန်တော်နဲ့သိတဲ့တရုပ်မလေးကပြောဖူးတယ် သူ ့ကိုကောင်လေးချောချောလေးလာလိုက်တော့ ဘယ်လိုပြောလိုက်တယ်ထင်လဲတဲ့…”နင်ကမြန်မာဖြစ်နေလို ့မကြိုက်နိုင်ဘူး ” လို့ ပြောလိုက်တယ်တဲ့.. ခွဲခြားချင်လို ့ပြောတာတော့မဟုတ်ပါဘူးဗျာ.. ဒါပေမဲ့.. မခွဲခြားရေးကိုပိုသိသင့်တဲ့လူတွေက သူတို ့တွေပဲလို ့ထင်ပါတယ်… ဘာလို ့ဆို ကျွန်တော်တို ့က..အောက်ကလူတွေကိုး… ခွဲခြားဖို ့အင်အားမရှိပါဘူး… Foreign resident ပေးဖူးတဲ့ comment မှာဖတ်ဖူးတာ.. ဘာတဲ့ မြန်မာနိုင်ငံဟာ တရုတ်နိုင်ငံရဲ့ လက်အောက်ခံနိုင်ငံ တစ်ခုအဖြစ် တဖြည်းဖြည်းရွေ ့လျားလာတယ်ဆိုလား… ဟုတ်လဲဟုတ်သလိုကိုး… အခုလဲမြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းလုပ်နေပြန်ပြီ.. ဘယ်သူတွေပိုအကြိုးရှိမယ်တော့… ကြည့်ရဦးမှာပါပဲ…

  • Mee2

    August 12, 2011 at 2:44 pm

    “““မြန်မာလူမျိုးဖြစ်ဖို့ဆိုတာ လွယ်တယ်ထင်သလား။ ဗြဟ္မစိုရ်တရားနဲ့ ဟီရိဩတပ္ပတရားတွေကို နားလည် သဘောပေါက်ပြီး လိုက်နာကျင့်သုံး မှ မြန်မာလူမျိုးစစ်တာ။ နိုင်ငံခြားမှာ ဘယ်လောက်အကြာကြီးနေနေ ဒီတရားတွေကို လိုက်နာကျင့်ကြံနေသရွေ့မြန်မာလူမျိုးလို့ ခေါ်နိုင်တယ်။ ဒီ တရားတွေကို လုံးဝပစ်ပယ်ပြီး ‘ဘယ်သူသေသေငတေမာပြီးရော’ ဆိုတဲ့ စိတ်ဓာတ်မျိုးထားသူဆိုရင်တော့ မြန်မာနိုင်ငံတွင်းမှာနေလည်း မြန်မာလူ မျိုးလို့ အခေါ်ခံရဖို့ မထိုက်တန်ပါဘူး။”””ဟုတ်ပါတယ် ဆရာလူထုစိန်ဝင်းပြောတာအမှန်ပါ။ဒါပေမယ့် ကိုယ့်ပြည်တွင်းမှာနေ၊ဘယ်သူကမှယုံကြည်လို ့အပ်နှင်းထားတဲ့အာဏာပိုင်လဲမဟုတ်တဲ့ လက်တဆုပ်စာ မသမာသူခိုး ငညစ်တွေကိုသစ္စာခံနေကြသူတွေကို အံ့ဩလွန်းလို ့ပါရှင်

Leave a Reply