ဗိုလ်ချုပ်ဆိုတာ ဘယ်လိုပါလိမ့်(ခေါင်းဆောင်ဆိုတာ ဒါမျိုး)

cobraAugust 20, 20101min812

အခုရေးမဲ့ စာပိုဒ်လေးကတော့ တက္ကသိုလ်ဦးစိန်တင် ရေးသားပြုစုခဲ့တဲ့
ချင်းအမျိုးသား ဗိုလ်ကြီးတိုက်ချွန်း၏ ဘဝဇာတ်ကြောင်း၊ တနည်းအားဖြင့်
အောင်ဆန်းသူရိယဗိုလ်တိုက်ချွန်း အကြောင်းကို ရေးသားခဲ့ရာမှာ
ဗိုလ်ကြီးတိုက်ချွန်းနှင့် ဗိုလ်ချုပ်အောင်ဆန်းတို့ အမှတ်တမဲ့
တွေ့ဆုံခန်းလေးကို တင်ပြမှာပါ။ အောင်ဆန်းသူရိယဗိုလ်တိုက်ချွန်း အကြောင်း
အစအဆုံး ဖတ်ချင်တယ်ဆိုရင်တော့ ဒီနေရာမှာ download ယူသွားကြပါ။
ဗိုလ်ချုပ်အောင်ဆန်းနှင့် အောင်ဆန်းသူရိယဗိုလ်တိုက်ချွန်း

တို့ အမှတ်တမဲ့
တွေ့ဆုံခန်းကိုပဲ တင်ပြပေးမှာဆိုတော့ ဘာများထူးခြားမှုရှိလို့လဲလို့
မေးစရာ ရှိပါတယ်။ ဟုတ်ကဲ့ ပြောရမယ်ဆိုရင်တော့ မနှိုင်းကောင်း၊
နှိုင်းကောင်းလို့ပဲ ပြောရမှာပေါ့။ အင်းလေ နှိုင်းရအောင်ကလဲ နံ့သာဆီနဲ့
အီးလိုကွာတာကိုးဗျ။ ကျနော် ဘာကြောင့် ဒီလောက် စကားခံနေတယ်ဆိုတာ
အောက်ကစာတွေ ဖတ်ကြည့်လိုက်ရင် သဘောပေါက်သွားမှာပါ။ ကျန်တာတော့ စာဖတ်သူလဲ
ငနုံ ငအမှ မဟုတ်တာ ဆိုတော့ ပြောမနေတော့ပါဘူးနော်….။

မြန်မာတပြည်လုံးတွင် လွတ်လပ်ရေးတောင်ဆိုသံတွေ ဆူဆူညံနေပြီ။ လွတ်လပ်ရေး
တောင်းဆိုသံနှင့်အတူ တပါထဲပါလာသည်က ဗိုလ်ချုပ်အောင်ဆန်း၏ အမည်ဖြစ်သည်။
အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ အမည်ကို မကြားချင်အဆုံး
ကြးနေရသည်။ ရဲဘော်သုံးချိပ်ကို ခေါင်းဆောင်၍ ဂျပန်ပြည်မှာ
စစ်ပညာသင်ခဲ့သူ၊ ဗမာ့တော်လှန်းရေးတပ်ကို ခေါင်းဆောင်ခဲ့သော
လူငယ်စစ်ဗိုလ်ချုပ်၊ ဗမာပြည်၏ တခုထဲသော အင်အားအကြီးမားဆုံး
နိုင်ငံရေးပါတီကြီးကို ခေါင်းဆောင်နေသော အမျိုးသားခေါင်းဆောင်ကြီး
စသည်ဖြင့်ကြားနေရ၏ သိနေရ၏ မြင်တော့ မမြင်ဘူးသေး။

တနေ့တွင် ဒုတိယတပ်ရင်းမှူးဗိုလ်မှူးကပ်ကျောင်းက ကျွန်တော့ကိုခေါ်သဖြင့်
ဗိုလ်မှူးကပ်ကျောင်း၏ရုံးခန်းသို့ ဝင်သွားရ၏။ ထိုနေ့က ကျွန်တော်၏
တပ်စိပ်က တပ်ရင်းလုံးချုံရေး တာဝန်ယူပြီး ကင်းစောင့်နေရသည်။
ဗိုလ်မှူးကပ်ကျောင်းကို အလေးပြုပြီး ရပ်နေသည်နှင့် ဗိုလ်မှူးကပြောသည်။

“တိုက်ချွန်း … ဒီနေ့ တပ်ရင်းကို ဗိုလ်ချုပ်အောင်ဆန်းလာလိမ့်မယ်
မင်းရဲ့ ကင်းတပ်ဖွဲ့က တန်းစီအလေးပြုရမယ်၊ ထုံးစံအတိုင်း
ခါးပါတ်၊ဖိနပ်၊သေနတ်တွေ တိုက်ပြီး စည်းကမ်းတကျအလေးပြုပါစေ”

“ဟုတ်ကဲ့ … ဗိုလ်မှူး”

“ဘာမေးစရာရှိသေးလဲ”

“ဘယ်အချိန်လာမှာလဲ ဗိုလ်မှူး”

“နေ့လည်ပိုင်းလောက်ပဲ အချိန်တော့ တိတိကျကျ ပေးမထားဘူး”

“ဟုတ်ကဲ့ … ဗိုလ်မှူး အစစအဆင်ပြေပါစေ့မယ်”

“ကောင်းပြီ၊ ဂရုစိုက်ပါ၊ မင်းသွားနိုင်ပြီ”

ကျွန်တော်သည် ဒုတိယတပ်ရင်းမှူးကို အလေးပြုပြီး ထွက်လာခဲ့သည်။
လမ်းလျှောက်လာရင်း လုပ်ဆောင်ရမည့် တာဝန်တွေကို စဉ်းစားလာသည်။
စနစ်တကျအလေးပြုအောင် ရဲဘော်တွေကို ညွှန်ကြားရမည်။
ခါးပါတ်၊ဖိနပ်၊သေနတ်တွေကိုပြောင်နေအောင် တိုက်ခိုင်းရမည်။ အရေးအကြီးဆုံးက
တပ်ရင်း အဝင်အဝမှာ အမှိုက်တစမရှိအောင် တံမြက်စည်းလှည်းထားရန်ဖြစ်၏။
ပြောင်ပြောင်ရှင်းရှင်းနှင့် မြင်ရသူ စိတ်ကျေနပ်သွားအောင် ကြိုးပမ်းရမည်။
ဒါတွေကို စိတ်ထဲမှ အကွက်ချနေ၏။

ဗိုလ်ချုပ်အောင်ဆန်းသည် ကားပေါ်မှဆင်းသည်နှင့် ကင်းတပ်ဖွဲ့၏
အလေးပြုခြင်းကို ခံယူလိမ့်မည်။ ထိုသို့ အလေးပြုခံနေစဉ် တပ်ရင်းတံခါးဝကို
မျက်စေ့ကစားကြည့်လျှင် အမှိုက်တပင်မျှမရှိအောင် ဘယ်လိုလုပ်မလဲ၊
တာဝန်ပေးလိုက်သော ရဲဘော်က ပေါ့ပျက်ပျက်လုပ်နေယင်ခက်မည်။ ထို့ကြောင့်
ကျွန်တော်ကိုယ်တိုင် တံမြက်စည်း ဝင်လှည်းလိုက်လေသည်။

ဒါမှမဟုတ် ဗိုလ်ချုပ်အောင်ဆန်း၏ ကားက တပ်ရင်းရုံးသို့ တန်းပြီး
မောင်းဝင်သွားမလား၊ ဗိုလ်ချုပ်ဆိုတော့လဲ ရှေ့ကား၊ နောက်ကားနှင့်
ကိုယ်ရံတော် ရဲဘော်တွေ ပါလာလိမ့်မည်။ ကားတွေ တန်းစီပြီးတော့သာ
မောင်းဝင်သွားလျှင် တို့တပ်ရင်း ဝင်းဝမှာ သန့်ရှင်းလှပနေတာလေးမှ
မြင်သွားရပါ့မလား။

ကျွန်တော်သည် အမျိုးမျိုးတွေးတောရင်း စိတ်မောနေမိလေသည်။ သို့သော် တခုတော့
ကျေနပ်၏၊ ဗှိုလ်ချုပ်အောင်ဆန်းကို မြင်ရတော့မည်မို့ ဝမ်းသာမိသည်။
ကျွန်တော့ အဖို့ ဗိုလ်ချုပ်အောင်ဆန်းကို သတင်းစာထဲမှာပင် မြင်ဖူးသူမဟုတ်၊
သတင်းစာဖတ်ရအောင်လဲ ထိုစဉ်က အနိ္ဒယမှ ပြန်လာကာစ မြန်မာစာကိုပင်
ကျွမ်းကျွမ်းကျင်ကျင် ဖတ်သည့်အကျင့်မရှိသေး။

မွန်းတည့်၁၂နာရီခန့်ဖြစ်သည်။

ကျွန်တော်သည် ကင်ရုံးကလေး၏နောက်ဘက်တွင် ရပ်နေသည်။ ကိုယ့်ယူနီဖောင်းကို
ကိုယ်ပြန်ငုံ့ကြည့်သည်။ ပြောင်လက်နေသော ခါးပါတ်ခေါင်း၊ အရိပ်ပေါ်နေအောင်
တိုက်ထားသော စစ်ဖိနပ်၊ ခေါက်ရိုးမကျိုးအောင် တောင့်တင်းနေသော
စစ်ယူနီဖောင်းနှင့် ကျေနပ်သည်။ ထိုစဉ်ခဏ ကင်းစောင့်ရဲဘော်က ကျွန်တော့ကို
ချင်းဘာသာစကားဖြင့် လှမ်းပြောသည်။

“ဆရာ … ဟိုမှာ လူတယောက်လာနေတယ်”

“ဘယ်မှာလဲကွ” ကျွန်တော် မျက်စေ့ကစားရင်း ပြန်မေးလိုက်၏၊ တပ်ရင်းဝင်းဝမှ
လမ်းကိုတားထားသောဝါးလုံးတန်း အနီးတွင် လူလတ်ပိုင်းအရွယ်
လူတယောက်ကိုတွေ့ရလေသည်။ ကင်းရဲဘော်၏ အဖြေကိုမစောင့်ပဲ ကျွန်တော်သည်
ဝင်းဝသို့ ပြေးထွက်သွား၏။

လူတယောက်ပါပဲ ဖျင်ပင်နီ၊ တိုက်ပုံအင်္ကျ ီနှင့် ချည်ပုဆိုးအကွက်ကြီးဝတ်လို့
သူ့ခေါင်းမှာ ဖော့ဦးထုပ် တလုံးဆောင်းထားသည်။ လက်ထဲမှာတုတ်ကောက်တချောင်း။
ထိုလူက …

“ရဲဘော် .. ရဲဘော် .. ကျုပ်ဝင်ခဲ့ချင်တယ်”

ကျွန်တော်က ” ခင်ဗျားဝင်ခွင့် မရှိဘူး၊ ကျွန်တော်တို့ လူကြီးတယောက်
လာဖို့ ရှိတယ်၊ ဒီလမ်းလယ်မှာ မရပ်ပါနဲ့၊ လမ်းဘေးကိုသွားပါ”

ကျွန်တော် အတော်ပင် စိတ်ခုသွားသည်။ ဘယ်နဲ့ဗျာ မြေကြီးမှာ ခြေရာ မထင်အောင်
လှဲကျင်းထားသော ဝင်းဝ အလယ်၌ သူကရပ်လို့၊ တုတ်တချောင်းကမြေကြီးမှာ
ထောက်ထားသေး။ ဒုက္ခပါပဲ ခြေရာမထင် လှဲထားတဲ့ နေရာတော့ ခြေရာတွေ
ပွကုန်တော့မှာပဲ။ ဗိုလ်ချုပ်အောင်ဆန်း လာတဲ့ အခါ ပွရှုပ်နေတဲ့
ခြေရာတွေနဲ့ ဒီလမ်းကိုမြင်ရင် ကျွန်တော့အပေါ် အပြစ်ကျတော့မှာ ဧကန်ပါပဲ။

ကျွန်တော်သည် ဒီလိုတွေးပြီး ထိုသူကိုလက်ကာပြနေပါသည် ” မလာနဲ့ မလာနဲ့
လမ်းဘေးမှာနေပါ”

ကျွန်တော်က ထိုသို့ မျက်ကလဲဆန်ပြာပြောနေသည်ကို ထိုသူက ခပ်အေးအေးပင်
ပြုံးကြည့်နေ၏။ ပြီးတော့မှ ” မဟုတ်ပါဘူး အထဲဝင်ချင်လို့ပါ”

သူကပြောရင်းဆိုရင်း ရှေ့တိုးလာသည်။ ကျွန်တော်ကလည်း တာဝန်အရ အရေးတကြီးပင် တားနေ၏။

” ဟေ့လူ ဘယ်လိုလဲ၊ ပြောနေတာ မရဘူးလား၊ ဒီမှာမနေပါနဲ့ ကျုပ်တို့
လူကြီးတယောက်လာမယ်၊ ဘေးမှာနေပါ”

“မေဂျာကပ်ကျောင်းရှိသလား၊ ရှိရင်တွေ့ချင်တယ်၊ မေဂျာကပ်ကျောင်းကို
သွားခေါ်ပေးပါ၊ သူ့မိတ်ဆွေက တွေ့ချင်တယ်လို့ ပြောပါ”

“မြတ်စွာဘုရား ဘယ်လိုလူနဲ့ လာတွေ့နေပါလိမ့်” ဟုတ်စိတ်ထဲ တွေးနေမိပါသည်။
တကယ့်ဇွတ်သမားပါလား၊ အတင်းဝင်မယ်လုပ်ပြီး ဝင်မရတော့၊
ဗိုလ်မှူးကပ်ကျောင်းကို ခေါ်ခိုင်းနေသည်။ ဗိုလ်မှူးကပ်ကျောင်းရဲ့
အသိမိတ်ဆွေပဲ ဖြစ်မှာပဲ။

ကျွန်တော်က ထိုသို့ တွေးမိပြီး သူ့ကိုပြန်ပြောလိုက်သည်။

“ကောင်းပြီ ဗိုလ်မှူးကိုခေါ်ခဲ့မယ်၊ ခင်ဗျားဒီမှာ ခဏနေခဲ့ပါ”

သူက ခေါင်းငြိမ့်ပြ၏ ထို့ကြောင့် ကျွန်တော်သည် တပ်ရင်းရုံးသို့သွားပြီး
ဗိုလ်မှူးကပ်ကျောင်းကို သွားခေါ်ရသည်။ ခပ်လှမ်းလှမ်းရောက်၍
သူ့ကိုပြန်ကြည့်တော့ ဝါးလုံးတန်းအနီးမှာ သေသေချာချာ ရပ်ယင်း မရယ်မပြုံး
လှမ်းကြည့်နေလေသည်။ ဗိုလ်မှူးကပ်ကျောင်းထံ သတင်းပို့တော့ သူထလိုက်လာသည်။
ဗိုလ်မှူးကြည့်ရတာ မျက်လုံးပြူး၊ မျက်ဆံပြူးနှင့်ဖြစ်နေ၏။ တပ်ရင်းရုံး
အထွက်မှာ လှမ်းကြည့်လိုက်သည်နှင့် သူသိလိုက်ပါပြီ။ ထို့ကြောင့်
ကျွန်တော့ကို ချက်ခြင်း အမိန့်ပေးလိုက်၏။

” ဟေ့ .. အဲဒါ ဗိုလ်ချုပ်အောင်ဆန်းပဲ။ တိုက်ချွန်း ကင်းတပ်ဖွဲ့တန်းစီ အလေးပြုပါ”

ကျွန်တော့်ငယ်ထိပ်မြွေပေါက်လျှင်တောင် သည်မျျှထိတ်လန့်မည် မဟုတ်ပါ။
ယခုတော့ ကြုံရသည့်ဖြစ်အင်ကြောင့် ကျွန်တော် ခေါင်းနားပန်းကြီးသွားသည်။
ရုတ်တရက် ဘာလုပ်ရမှန်း မသိဖြစ်သွား၏။ သို့သော်ချက်ချင်း သတိပြန်ဝင်လာသည်။
သို့နှင့် ကင်းတပ်ဖွဲ့သို့ ပြေးသွားပြီး ချင်းဘာသာဖြင့်
အော်၍အမိန့်ပေးလိုက်ရသည်။

“စတင်းဇာ ကပ်တွန်းနွန်း”

“တပ်စိပ်အမြန်ဆုံး တန်းစီ”

ကင်းတပ်ဖွဲ့ တန်းစီပြီး ခဏတွင် ဗိုလ်ချုပ်အောင်ဆန်းနှင့်
ဗိုလ်မှူးကပ်ကျောင်းတို့နှစ်ဦး တပ်ရင်းဝမှ လမ်းလျှောက်၍ ဝင်လာကြသည်။
သူတို့နှစ်ယောက် ကျွန်တော့ရှေ့ရောက်၍ ရပ်ကြည့်နေတော့မှ ကျွန်တော်ထပ်၍
အမိန့်ပေးရပြန်သည်။

“ဂျင်နရယ်ဆလု၊ ပရဲဆန့်အမ်း”

” ဗိုလ်ချုပ်ကို သေနတ်မြှောက် အလေးပြု”

တပ်ဖွဲ့မှ သေနတ်မြှောက် အလေးပြုသည်ကို ဗိုလ်ချုပ်က အလေးပြုခံယူနေပြီး
ပြုံးနေသည်။ ပြီးတော့ တုတ်ကောက်ကို မြေမှာထောက် ခေါင်းကိုတချက်ညိတ်ယင်း၊
ကျွန်တော့ကို ပြုံးနှုတ်ဆက်၏

“ကောင်းတယ်ရဲဘော်၊ မင်းတာဝန်ကျေတယ်၊ ရဲဘော်ဆိုတာ ဒီလိုမှပေါ့ကွ” …. တဲ့

သူကပြုံးပေမဲ့ ကျွန်တော်ကတော့ မပြုံးနိုင်ပါ။ မပြုံးနိုင်ရုံ
မကဘယ်ကထွက်လာမှန်း မသိသော ချွေးသီး၊ချွေးပေါက်တွေကြောင့် ယူနီဖောင်း
တခုလုံးရွှဲနစ်နေသည်။ ဇောချွေးဆိုတာဒါပဲ ဖြစ်မည်။ ရင်ထဲမှာ မတင်မကျ။

တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး ဖလင်နယ်လ်ကမ်း၊ ဒုတပ်ရင်းမှူး ဗိုလ်မှူး
ကပ်ကျောင်းနှင့်အတူ ဗိုလ်ချုပ်အောင်ဆန်းသည် ထိုနေ့နေ့လည်က စားရိပ်သာတွင်
နေ့လည်စာစား၏။

ကျွန်တော်ဖြင့် ထိုနေ့က ကင်းစောင့်တာဝန်ယူနေရတာ စိတ်မပါတော့ပါ။
ကြုံခဲ့ရသော ဖြစ်ရပ်ကြောင့် ရင်ထဲမှာ တနုံ့နုံ့ဆွေးရသည်။
ကိုယ့်ကိုယ်ကိုလည်း မကျေမနပ်ဖြစ်သည်။ ဘယ့်နှယ် ဗိုလ်ချုပ်အောင်ဆန်း
တယောက်လုံးကိုမှ မသိခဲ့ဘူးတဲ့လား။ ငါတော်တော်ညံ့သေးလို့ပဲ။ အို…
ငါညံ့တာလဲ မဟုတ်ပါဘူးလေ၊ တာဝန်ကျေအောင် ကြိုးစားခဲ့တာပဲ၊ ဗိုလ်ချုပ်က
အသွင်ပြောင်းလာတာကိုး။ ကျွန်တော်သည် ဒီကိစ္စကိုပဲ အတွေးသံသရာလည်နေသည်။

ဗိုလ်ချုပ်အောင်ဆန်းဆိုတာ ဘယ်လိုလူမျိုးပါလိမ့်၊ ဘယ့်နှယ်ဗျာ
ဗိုလ်ချုပ်တယောက်လိုမှ မလာခဲ့ပဲ။ တကယ်ဆိုရင် ဗိုလ်ချုပ်ဆိုတာ
စစ်ယူနီဖောင်းနဲ့၊ ကိုယ်ရန်တော်နှင့် ရှေ့တပ်၊နောက်တပ်နှင့်
ခန့်ခန့်ညားညား လာရမည်မဟုတ်ပါလား၊ ယခုတော့ ခက်ကပြီ။

ဗိုလ်မှုးကပ်ကျောင်းကား စစ်စည်းကမ်းကြီးသူ၊ တာဝန်ကိုသိတတ်သူ၊
အထက်လူကြီးကိုရိုသေသူ၊ စစ်သားကောင်းတယောက်ဖြစ်၏။ ထို့အတူ
ဝတ္တရားချွတ်ယွင်းလျှင် အားမနာတမ်း အပြစ်ပေးတတ်သည်။ ခုတော့
ဗိုလ်ချုပ်အောင်ဆန်းကို တပ်ဝန်းအပြင်မှာ ရပ်ခိုင်းနေမှုကြောင့်
ကျွန်တော်တော့ မလွဲမသွေ အပြစ်ပေးခံရတော့မည်။ ရုံးတင်ခံရမည်၊
ကွာတားအချုပ်ကျတော့မည်။ မြတ်စွာဘုရား တကယ်ဒုက္ခပေးတဲ့ ဗိုလ်ချုပ်ပါလား။
သို့သော် အတွေးသည် အတွေးမျှသာ ဖြစ်၏။ တကယ်ဖြစ်မလာပါ။
ဗိုလ်ချုပ်အောင်ဆန်းကလည်း ကျွန်တော့ကို ဒုက္ခပေးမသွားပါ။ ထိုနေ့
နေ့လည်၁၂နာရီလောက်တွင် ဗိုလ်ချုပ်ရောက်လာပြီး နေ့လည်စာစား၊
ဒုဗိုလ်ကြီးဖလင်နယ်လ်ကမ်းနှင့် ဆွေးနွေးပြောဆိုပြီး၊ ညနေ၃နာရီတွင်
ရန်ကုန်သို့ ပြန်သွား၏။

အဲဗျ ပြန်တော့မှ တကယ့်ဗိုလ်ချုပ်ဟန်ဖြင့် ပြန်ပါတော့သည်။
ဒုဗိုလ်ကြီးဖလင်နယ်လ်ကမ်းက ဗိုလ်ချုပ်အောင်ဆန်းကို
ရန်ကုန်အရောက်လိုက်ပို့၏။ ဗိုလ်ချုပ်အောင်ဆန်း လာတုန်းက ဘာကားစီးလာသလဲ
ကျွန်တော်မသိရ၊ သူပြန်သွားတော့ဖြင့် ခန့်ညားစွာ လိုက်ပို့ပေးလိုက်လေသည်။

တပ်ရင်းဂိတ်ဝ အထွက်တွင် ကျွန်တော်တို့ ကင်းတပ်ဖွဲ့က
ဗိုလ်ချုပ်အောင်ဆန်းကို အလေးပြုလိုက်၏။ အလေးပြုခြင်းအား ဗိုလ်ချုပ်
ပြုံးပြုံးရွှင်ရွှင်ဖြင့် ခံယူသည်ကိုကျွန်တော်မြင်ရသည်။ ထိုအခါမှ
ကျွန်တော့ရင်ထဲက အပူလုံးကြီး ရုတ်တရက်ကျသွားသည်။ သို့သော်
ဗိုလ်မှူးကပ်ကျောင်းက ဘာပြောဦးမလဲ စိုးရိမ်မိသေးသည်။

ညနေကျတော့ ဗိုလ်မှူးကပ်ကျောင်းက ကျွန်တော့်ကိုခေါ်သည်။ ကျွန်တော်သည်
ပြန်ပြောဖို့ စကားတွေ အလွတ်ရွတ်ဆိုကြည့်ရင်း ဗိုလ်မှူးထံဝင်သွားသည်။
ကံအားလျော်စွာပါပဲ ဗိုလ်မှူး အပြစ်မတင်ပါ။ ခွင့်လွှတ်သော အပြုံးဖြင့်
ပြုံးပြယင်း သူပြောလိုက်တာက ” တိုက်ချွန်း မင်းက ဗိုလ်ချုပ်အောင်ဆန်းကို
မမြင်ဖူးဘူးလား ”

” ဟုတ်ကဲ့ ဗိုလ်မှူး မမြင်ဖူးပါဘူး ”

” အေးအေး … ကိစ္စမရှိပါဘူးကွာ စိတ်အေးအေးထားပေါ့ မမြင်ဖူးတော့လဲ ဘယ်တတ်နိုင်မလဲ ”

ကျွန်တော့ဒုက္ခသည်မျှနှင့် ချုပ်ငြိမ်းသွား၏။ စိတ်အေးသွားလိုင်သည်မှာ
ရင်ထဲကို ရေခဲရေ လောင်းလိုက်သလား ထင်ရသည်။ ကိစ္စပြီးပြီ။
ဗိုလ်ချုပ်အောင်ဆန်းက ငါ့ကို အပြစ်မယူဘူးတဲ့။ အဟောသုခံ ဪ ..
ချမ်းသာစွ .. ချမ်းသာစွ မောင်မင်းကြီးသာ အသက်ရှည်ပါစေ၊ သက်တော်ရာကျော်
ရှည်ပါစေ။ သို့သော် ကျွန်တော်၏ဆုတောင်း မပြည့်ခဲ့ပါ။

ကျွန်တော် ရခိုင်ပြည်တွင် တာဝန်ကျနေစဉ်မှာ ဗိုလ်ချုပ်အောင်ဆန်းနှင့်
ခေါင်းဆောင်ကြီးများ လုပ်ကြံခံရသော သတင်းရေဒီယိုမှာ ကြားရသည်။
ကျွန်တော်သည် ကြားရသော သတင်းကိုရုတ်တရက် မယုံနိုင်၊ မဟုတ်ပါစေနဲ့
မမှန်ပါစေနဲ့ဟုတ်လည်း ဆုတောင်းသည်။ သို့သော် ဆုတောင်းဆိုတာ ပြည့်ချင်မှ
ပြည့်တာပဲ။ မပြည့်ချင်တဲ့အခါ မပြည့်ဘူး မဟုတ်လား။ ယခုလည်း
ကျွန်တော့်ဆုတောင်း မပြည့်ပါ။ ဗိုလ်ချုပ်တို့ တကယ်လုပ်ကြံ ခံရပြီ။

ကျွန်တော်သည် ထိုစဉ်က ဗိုလ်ချုပ်အောင်ဆန်းတို့ ရေတိမ်နစ်ရသော သတင်းကို
ကြားရသောအခါ ဝမ်းနည်းကြီးစွာဖြင့် ရှိုက်ကြီးတငင် ငိုခဲ့မိသည်ကို ယခုပင်
သတိရနေပါသေးသည်။

2 comments

  • မန်း ရိပ်

    August 20, 2010 at 12:56 pm

    ဗိုလ်ချုပ်အောင်ဆန်း သည် သဘောထား အင်မတန်ပြည့်ဝ သူဖြစ်သည်။
    ဗိုလ်ချုပ်တို့ လုပ်ကြံခံရသည့်အကြောင်းကို ဘယ်အချိန်ဖတ်ဖတ် မျက်ရည်ဝဲ ရသည်။
    ဗိုလ်ချုပ်သာ အသက်ရှင်နေခဲ့ရင်ဆိုတဲ့ အတွေးနောက်မှာ……………….

  • maylay

    August 28, 2010 at 1:23 pm

    ဗိုလ်ချုပ်ရဲ့ဒီအကြောင်းကို မဖတ်ဖူးသေးဘူး။ ဒီစာလေးဖတ်ရင်း ဗိုလ်ချုပ်မျက်နှာလေးကိုတွေးပြီး မြင်မိတယ်။
    ဘယ်လောက်တောင်လေးစားစရာကောင်းတဲ့ဗိုလ်ချုပ်လဲဆိုပြီးတော့။ အကြွေစောတာနှမြောမိတယ်။
    ဗိုလ်ချုပ်အကြောင်းဖတ်ရရင် ရသမျိုးစုံခံစားရတယ်။ ဝမ်းနည်းတာရော၊ဝမ်းသာတာရော၊လေးစားတာရော၊ချစ်ခင်တာရော အစုံပါပဲ။
    ဒီစာလေးတင်ပေးတဲ့ cobra ကို ကျေးဇူးအထူးတင်ပါကြောင်း။

Leave a Reply