အလွမ်းပြေ စကားတောင် မပြောလိုက်ရဘူး -၂
အလွမ်းပြေစကားတောင် မပြောလိုက်ရဘူး – ၂
တစ်ရက် ကိုထွန်းအံ့ တို့နဲ့ ပြန်ဆုံဖြစ်တာက မထင်မှတ်တဲ့ နေရာမှာပါ ။ နေဝန်းနီ သူငယ်ချင်း မောင်ချက်ကြီးက ဒီဆိုင်မှာ ငါးကင်ကောင်းတယ်ဆိုပြီး အသစ်ဖွင့်ထားတဲ့ ဘီယာဆိုင်တစ်ဆိုင်မှာပါ ။ ကိုထွန်းအံ့ နဲ့ အတူ ပါလာတာက လူသာမြင်ဖူးပြီး လုံးဝ မရင်းနှီးတဲ့ လူ တစ်ဦးနဲ့ ကိုထွန်းအံ့ ရဲ့ သားနဲ့ သမီး တို့ပါ ။ နေဝန်းနီ တို့က အဝင် သူတို့က အထွက်ဖြစ်နေတာကြောင့် စကား သိပ်မပြောဖြစ်လိုက်ဘူး ။ သူ့သမီးက ငါးကင်စားချင်တယ်ဆိုလို့ လိုက်ကျွေးရတယ်ပြောပါတယ် ။ သာကြောင်းမာကြောင်းပြောပြီး နောက်တစ်ရက်ဆုံဖို့ ချိန်းလိုက်ပါတယ် ။ သူတို့ ကြည့်ရတာ အရင်လို နွမ်းဖတ်ဖတ် မဟုတ်တော့ပဲ အတော်အသင့် ပြေလည်နေပုံ ရပါတယ် ။ အတော်အသင့် ဆိုတာထက်ကို ပြေလည်နေပုံရပါတယ် ။ ခုပဲ ကြည့်လေ သမီးက ဘီယာဆိုင်မှာ ရောင်းတဲ့ ငါးကင် စားချင်တာ လိုက်ကျွေးတယ်ဆိုတော့ ။ ဒါနဲ့ နေဝန်းနီလည်း ဒကာတော် မောင်ချက်ကြီး နေရာယူထားတဲ့ စားပွဲမှာ ထိုင်လိုက်ပြီး မှာထားတဲ့ စည်ဘီယာ တစ်ငုံ စုတ်ယူလိုပြီး မောင်ချက်ကြီးကို
” ဟို ကိုထွန်းအံ့ ဆိုတဲ့ လူကြီးတော့ စီးပွားရေး အဆင်ပြေနေပုံပဲကွ မောင်ချက်ကြီးရ ”
နေဝန်းနီက စကားစလိုက်တော့
” ခင်ဗျားက လေ့လာပါ မှတ်သားပါ ဆိုတော့ ဘောလုံးပွဲ ဘယ်အသင်နဲ့ ဘယ်အသင်း လိုက်မှတ်နေတာကိုး ။ ဖတ်ပါမှတ်ပါ ဆိုတော့ လည်း ဖေ့စ်ဘုတ်လောက်နဲ့ အချိန်ကုန်နေ ကိုယ့်ပတ်ဝန်းကျင်မှာ ဘာတွေ ဖြစ်နေလဲ ခင်ဗျား မသိလိုက်ဖူး မဟုတ်လား ”
မောက်ချက်ကြိီးက ထုံးစံ အတိုင်း စကားနာထိုးပါတယ် ။ ပြီးမှ
” ခင်ဗျားသိချင်ရင် ကျုပ်ပြောပြမယ် နားထောင် ။ ခုကျုပ်ပြောပြတာတွေက ကျုပ်ကြားတာတွေပြန်ပြောပြတာနော် ။ ဘယ်လောက်မှန်တယ် ဆိုတာ ကျုပ်တာဝန်မယူနိုင်ဘူး ”
ပြောမဲ့သူက ပြောမဲ့ အရေး ဈေးကိုင်နေသေးတယ် ။ အဲ့ဒါနဲ့
” ပြောမှာသာ ပြောစမ်းပါကွာ မောင်ချက်ကြီးရ မင်းကလည်း ဈေးကိုင်လိုက်တာလွန်ရော ”
မောင်ချက်ကြီးက သူ့ခွက်ထဲက ဘီယာ တစ်စုပ် စုပ်လိုက်ရင်းက
” ဒီလိုဗျ စောစောက လူကြီး နှစ်ယောက်ထဲက တစ်ယောက်က ဆွမ်းင်္ကြီးခံ တစ်ခုကို ကန်ထရိုက် ဆွဲထားတဲ့ ကန်ထရိုက်တာကြီးဗျ ။ သူ့သားက အဲ့ဆွမ်းကြီးခံ တီးဝိုင်းမှာ ဒရမ်မာ ။ နောက်တစ်ယောက်က အဲ့ဆွမ်းကြီးခံ တီးဝိုင်းလှည်းတွန်းတယ်ဗျာ ။ ကောင်လေးက လည်း အဲ့တီးဝိုင်းမှာ ဂစ်တာတီးတယ် ။ ကောင်မလေးက သီချင်းဆိုတယ် ။ ဟိုဒရမ် တီးတဲ့ကောင်လေးနဲ့ ဘာလိုလို သတင်းထွက်နေတယ် ။ အဲ့ တွေ့လိုက်ရင်တော့ ကောင်လေး အဖေနဲ့ချည့်တွေ့တွေ့နေတယ် ။ ကဲ ဘာသိချင်သေးလဲ ”
နေဝန်းနီ ကို ပြောင်စပ်စပ် လုပ်ပြီး အဖြေပေးနေတဲ့ မောင်ချက်ကြီးကို ဒေါသ နဲနဲဖြစ်လာတယ် ။ သူပေးတဲ့ အဖြေက ကိုထွန်းအံ့ တို့ မိသားစု ဘာကြောင့် စီးပွားရေး အဆင်ပြေလာသလဲ မပါဘူး ။ စိတ်ပေါက်ပေါက်နဲ့ ရှေ့က ဘီယာခွက်အကုန်မော့ချလိုက်တယ် ။ အဲ့ ဒိအချိန်မှာပဲ ဂျင်းနံ့ ငရုပ်ကောင်းနံ့ တစ်ထောင်းထောင်းနဲ့ ငါးကင်ရောက်လာတယ် ။ ငါးက ဇလားဗီယားလို့ ခေါ်တဲ့ငါးပါ ။ အဲ့ ငါးက နေဝန်းနီ တို့ ဆီမှာပေါပါတယ် ။ မြို့ အနောက်ဖက် ၁၅ မိုင်လောက်အကွာမှာရှိတဲ့ ဆင်သေ ဆည်က ထွက်တာပါ ။ အနီးတစ်ဝိုက်က ရွာတွေမှာ တစ်ပိဿာ မှ တစ်ထောင်လောက်ပဲရှိတာ ။ မြို့ပေါ်မှာတော့ နှစ်ထောင်လောက်ရှိမယ်နဲ့တူရဲ့ ။ ဆိုင်ရှင်က ကုန်သွားတဲ့ ဘီယာခွက် မြှောက်ပြလိုက်ပြီး
” နေပါဦး မောင်ချက်ကြီးရဲ့ ငါမေးတာနဲ့ မင်းဖြေတာက ဘယ်လိုမှ ဆက်စပ်လို့ မရပါလား ”
မောင်ချက်ကြီးက သူ့ဘီယာခွက်ကို လက်နဲ့ လှည့်ပတ်နေရင်း
” အော် ဦးနေ ဦးနေ နှစ်ဆယ်ရာစုက အတွေ့အကြုံ ဗဟုသုတ ကို နှစ်ဆယ့် တစ် ရာစုထိသယ်လာပြီး တွေးခေါ်နေတုန်းကိုး အဲ့ အတွေ့အကြုံတွေ ဗဟုသုတ တွေ ချထားခဲ့တော့ ၂၁ ရာစု မှာလုံးဝပြောင်းလဲ ကုန်ပြီ ။ သုံးမရတော့ဘူး ။ သယ်လာချင်သေးရင်တော့ နောင်လာနောက်သားတွေ ကြားဖူးတယ်ရှိအောင် ရယ်စရာ မောစရာ အဖြစ်ပြောဖို့ ချန်ထားဗျ ”
သူက ပြောပြီး ဘီယာခွက်ကို မော့ သောက်လိုက်တယ် ။ နေဝန်းနီ လည်း ကိုထွန်းအံ့ တို့မ်သားစု အတွက်စိတ်ပူသွားတယ် ။ ဒီလူကြီးဘာတွေလျှောက်လုပ်နေပြီလဲပေါ့ ။
” ဒီလိုဗျ ဦးနီ စိတ်ရှည်ရှည်ထားပြီး နားထောင် ခင်ဗျားမသိသေးတဲ့ အကြောင်း ကျုပ်ပြောပြဦးမယ် အဲ့ အကြောင်း ပြောပြီးမှ ဦးနီ လိပ်ပတ်လည်သွားမှာ ”
ဟုတ်တော့လည်း ဟုတ်တယ် ။ မောင်ချက်ကြီး က နေရာ အနှံ့ သွားနေပြီး အလုပ်စုံ လုပ်နေတာဆိုတော့ နေဝန်းနီ မသိသေးတာ သူသိတာ ဖြစ်နိုင်တာပေါ့ ။
” ကျုပ်တို့ တပ်ကုန်းမြို့ မြောက်စ က ‘ မိုးကောင်း ‘ ဘုရားကြီး ဆွမ်းကြီးခံ အလှည့်ကောင်းတာနဲ့ ကြွေးတင်သွားတာသိလားဗျ ”
ဟိုက် ရှာလပတ်ရည် ။ ဘုရားတောင်ကြွေးတင်တယ် ဆိုပါရောလား ။ ဆွမ်းကြီးခံလှည့်တဲ့ ကောင်တွေ ဒါတော့ လွန်တာပေါ့ ။
” ဟာသ ပြောနေတာမဟုတ်ဘူး တစ်ကယ်ကို ကြွေးတင်လို့ မီးသတ်နဲ့ ရဲ နဲ့ ပေါင်းပြီး အဲ့ ဘုရားရှေ့က ဖြတ်သွားတဲ့ ကား တစ်စီး နှစ်ရာ တောင်းပြီး ကြွေးဆပ် လိုက်ရတာ ။ ကျုပ်အိမ်ဘေးက လူက အရံမီးသတ်ထဲမှာ ပါတယ် ။ သူတို့က်ို အလှည့်ကျ ထိုင်ရတာ ။ အဲ့ ဒါ ဆွမ်းကြီးခံ ကပေးတဲ့ ဒုက္ခပဲ ”
အဲ့သလိုပြောပြီး ဘီယာ ထပ်မှာပါတယ် ။ ပြီးတော့ ပြောသေးတယ် ။
” ရင်ပူနေရင်ဘီယာသောက်” တဲ့ နေဝန်းနီ လည်း မရှင်းတာနဲ့
” နေပါဦး မောင်ချက်ကြီးရဲ့ အလှူခံ ရတဲ့ ပိုက်ဆံ တွေ က ဘယ်ရောက်ကုန်လို့လဲ ဘုရားကြီးက ကြွေးတင်ရအောင် ”
” အဲ့ ဒါပြောတာပေါ့ ၂ဝ ရာစုက အတွေ့အကြုံ ဗဟု သုတတွေ ထားခဲ့ လို့ ။ အလှူခံ နောက်လိုက်တဲ့ လူတွေက နေ့စားသမားတွေဗျ ။ သူ့ကြေးနဲ့ သူရှိတယ် ။ အလှူခံလို့ရသည်ဖြစ်စေ မရသည်ဖြစ်စေ နေ့စားခ အပြည့်ရှင်းရတယ် ။ အဲ့ဒိတော့ ဘုရားကြီး ကြွေးတင်ရောပေါ့ဗျ ”
မောင်ချက်ကြီးက ပြောမှ ရေးရေးပေါ်လာတော့တယ် ။
” အဲ ့ ဒါကြောင့် နောက်ပိုင်း အလှူခံ ကို ကန်ထရိုက်ပဲ ပေးတော့တယ် ။ တစ်နေ့ လေးငါးထောင် ရှိတယ် ။ ဘုရား ဒါမှ မဟုတ် ကျောင်းက အလှူ ထွက်ခံတယ် ဆိုတဲ ့ သက်သေခံ ခွင့်ပြု စာရွက်လေးပဲ ကန်ထရိုက်လက်ထဲပေးလိုက် တစ်လကို တစ်သိန်းခွဲလှူ ခဲ့ ။ ကျန်တာ အဲ့ ဘုရား အဲ့ ကျောင်းနဲ့ မဆိုင် ။ ရှင်းပြီလား ”
အဲ ့ ဒီလိုပြောပြီ း မောင်ချက်ကြီး တစ်ယောက် ဘီယာသောက်လိုက် အမြည်းစားလိုက် ။ ဆေးလိပ်မီးထညှိလိုက်နဲ့ အလုပ်ရှုပ်နေတယ် ။ နေဝန်းနီ လည်း ဥုံးစားတာနဲ့ ဘီယာ တစ်စုပ်စုပ်ရင်း နဲနဲ စပ်စု ကြည့်ပြီးတော့ သူတို့ ကုန်ကျစရိတ်ကို ရှင်းအောင် သီးသန့်ချပြပါမယ် ။ မောင်ချက်ကြီး အပြောအရတွက်ပြတာပါ ။ သူမသိလိုက်တာတွေ ရှိချင် ရှိဦးမယ်လို့ ဆိုပါတယ် ။ အလှူခံ ထွက်ပြီ ဆိုရင် မပါမဖြစ် ပါရတာက အသံချဲ ့ စက်ပါ ။ အောက်ပါအတိုင်းအကြမ်းဖျင်းတွက်ကြည့်ရအောင်
၁။။အသံချဲ ့စက် ၁၅၀၀၀/
၂။ အသံချဲ ့စက် ခွင့်ပြုမိန့် ၁၅၀၀၀/ (တစ်လစာ )
၃။ တီးဝိုင်းငှားခ ၁၅၀၀၀/
၄။ အတီးသမား တစ်ယောက် ၅၀၀၀× ၃/၅ ( သဘောက သုံးယောက်ပါတဲ့ ဝိုင်း ရှိသလို ငါးယောက်ပါတဲ့ ဝိုင်းလဲ ရှိပါသတဲ့ )
၅။ သီချင်ဆို တစ်ယောက် ၃၀၀၀/ အဲ့တာလည်း သုံးယောက်ကနေ ငါးယောက်ထိ ပါပါတယ်
၆။ လှည်းငှားခ ၁၅၀၀၀/
( ထွေလာဂျီ တို့ သုံးဘီး တို့ငှားလည်း အဲ့လောက်ပေးရပါသတဲ့ )
၆။ လှည်းတွန်း တစ်ယောက် ၃၀၀၀/
တ်ီးဝိုင်းတင်ထားတဲ့ လှည်းပေါ်မူတည်ပြီး လူ အနဲ အများ ရှိနိုင်ပါတယ် ။
၇။ အလှူခံ လိုက်မယ့်သူ တစာယောက် ၁၅၀ဝ ကနေ ၃၀၀ဝ ထိ ပေးခေါ်ရပါတယ် ။
၈။ လိုက်ပါမည့်သူ အားလုံးတွက် လက်ဖက်ရည် မုန့် ဆေးလိပ် ကွမ်း နေ့လည်စာ ထမင်း ကံထရိုက် က ကျခံ ရပါတယ် ။ အဲ့ဒိတော့ တစ်နေ့တာ ကုန်ကျ စရိတ်က တစ်နေ့ တစ်သိန် း အထက်မှာ ရှိပါတယ် ။ ဒါကြောင့်ပဲ ထင်ရဲ့ သူတို့ အလှူခံတွေက မနက် ခြောက်နာရီ လောက်ကနေထွက်လာတာ တစ်ခါတစ်လေ ည ကိုးနာရီ ဆယ်နာရီအထိ မသ်ိမ်းနိုင်သေးတာ ခုမှ သတိရတယ် ။ ပြောတော့ ဘာသာရေးလုပ်တော့ အလှူခံရငွေထဲက နေ့စားခ ယူနေတာ ဆိုတော့ မောင်ချက်ကြီးရဲ့ ပြောစကားလေးက မှတ်သားလောက်ပါရဲ့ ။
” ဒီမှာ ဦးနေဝန်းနီ ရဲ့ အဲ့ဒိလို ဘာလို့လုပ်နေရလဲ ။ ကျန်တဲ့ အလုပ်တွေမှာ အဲ့လောက်နေ့တွက်မစီလို့ဗျ ။ ပြီးတော့ ဒီလောက်လည်း သက်တောင့် သက်သာနဲ့ မရဘူး ။ တီးတဲ့ သူနဲ့ ဆိုတဲ့ သူက လွဲရင် ကျန်တဲ့ သူက ဘာမှ တတ်စရာမလိုဘူး ။ နောက်ဆုံးဗျာ အလုပ်ရှင်က စောင့်ကြည့်ပီး မာန်မဲနေတာမခံရဘူး ။ ကျန်တဲ့ အလုပ် ဝင်လုပ်ရအောင် ဘာအလုပ်ရှိလည်း ။ ခုနှစ်တန်းရှစ်တန်းလောက်ပဲ စာတတ်တယ်ဗျာ ။ လွယ်လွယ်ကူကူ ဝင်လုပ် နိုင်တာ ဈေးဆိုင်တွေမှာ ။ ဒါတောင် ခုနောက်ပိုင်း အာမခံ တဲ့သူရှိမှ ဖြစ်လာပြီ ။ လုပ်ချင်တဲ့ သူတိုင်း လက်မခံတော့ဘူး ။ လုပ်ချင်သလောက်လည်း အလုပ်မပေးနိုင်ဘူး ။ ဆိုင်တိုင်း တစ်ယောက်ထွက်မယ်ဆို နောက်က တန်းစီနေတဲ့သူတွေ ရှိပြီးသား ။ အဲ ့ နောက် ပန်းရံ လက်သမား အပင်းပန်းခံနိုင်ပြီး အကြမ်းဗတမ်း လုပ်နိုင်မှ ခေါ်တာ ။ နောက် အရင်းအနှီး မရှိဘဲ နေ့စားဝင်လုပ်လို့ ရတာပြောပါဦး ။ ဘာမှမရှိဘူး ။ စက်ရုံ အလုပ်ရုံ ကျုပ်တို့မြို့မှာနိုး ။ ဆီစက် လား စားအုန်းဆီ ဝင်လာကတည်းက နားထားရတာ ။ ဆန်စက် လုပ်သားဘယ်နှစ်ယောက်အလုပ်ပေးနိုင်လို့လဲ ။။အဲ့ဒိလိုပေးနိုင်တဲ့ ဆန်စက်လည်းမရှိပါဘူး ။ ပွဲရုံတွေကော တရုပ်က ကိုယ်စားလှယ်တွေ ရွာတွေထိဆင်းဝယ်နေလို့ ရပ်ထားရတာ ကြာပါပကောလား ။ ကျနော်တို့နိုင်ငံက ကုန်ပစ္စည်း ထုတ်တဲ့ နိုင်ငံ မဟုတ်ဘူး ။ သူများ လုပ်ပြီးသားပဲ အသင့် ဝယ်သုံးတဲ့ နိုင်ငံ ။ အောက်ခြေ လူတန်းစား အတွက် အလုပ် အဆင့်သင့်ပေးနိုင်တဲ့ ပေးစရာ ရှိတဲ့ နိုင်ငံမဟုတ်ဘူး ။ ပိုက်ဆံ ချမ်းသာတဲ့ သူကလည်း သူလိုအပ်တဲ့ အလုပ်သမား အတိုင်းတာထက်ပိုပြီး အလုပ်ပေးမထားနိုင်ဘူး ။ ဖန်တီးမပေးဘူး ။ ဒီတော့ ထမင်း မငတ်ဖို့ ဘာပဲဖြစ်ဖြစ် သိပ်စဉ်းစားနေမှာ မဟုတ်ဘူး
။ ဒါတောင် ဘာသာရေး ခုတုံး လုပ်ရဲတဲ့ အလှူခံ ကန်ထရိုက်တွေ ရှိနေလို့ ။ နို့မို့ ဆို အဲ့အလှူခံတွေ မှာပါတဲ့ သူတွေ ဘာလုပ်နေမလဲ ။ ဈေးထဲမှာ အလစ်သုတ်ချင် သုတ်မယ် ။ ည သူများအိမ်တက်ချင်တက်မယ် ။ ဆာလာအိတ် တစ်လုံးလွယ်ပြီး တစ်လမ်းဝင် တစ်လမ်းထွက် ပြန်ရောင်းလို့ ရတဲ့ ပစ္စည်း လိုက်ရောက်မယ် ။ အဲ့နဲနဲ လူရည်လည်ရင် နှစ်လုံး သုံးလုံး ကော်မရှင်နဲ ့ ရောင်းမယ် ။ ဒီလိုမှ မလုပ်ချင်ရင်” မလေး” ထွက် ” ထိုင်း” ထွက် ။ မြို့ကြီးတွေမှာလဲ ရောက်နေပြီးသားလူတောင် အလုပ်မပေးနိုင်ဘူး ။ ခုနောက်ပိုင်း အလုပ်တွေ ပေါလာသလိုရှိပေမဲ့ အဆက်အသွယ်မရှိရင် လိုက်ရှာမနေနဲ့ ။ ဒါ ကျုပ်တို့မြို့လေးရဲ့ စီးပွားရေး ဈေးကွက်ပဲ ။ ”
မောင်ချက်ကြီးရဲ့ နေဝန်းနီ တစ်ယောက် မူးသွားပါတော့တယ် ။ သူပြောတော့လည်း ဟုတ်နေတာပဲလေ ။ မတွေ့တာကြာတဲ့ ကိုထွန်းအံ့ ဆီလည်း “အလွမ်းပြေ စကား သွားမပြောဖြစ်လိုက်တော့ပါ ” ကိုထွန်းအံ့ ဆီက ထွက်လာမဲ့ စကားတွေကို နားထောင်ဖို့ အားယူရပါဦးမယ် ။
နေဝန်းနီ
2:29AM
2015 MAR 6 FRI
8 comments
kai
March 6, 2015 at 4:23 am
လူတွေဟာ. ကုန်ထုတ်လုပ်မှုမရှိတဲ့..အလုပ်မှာ.. ရင်းနှီးမြုတ်နှံ.. အလုပ်အကိုင်လည်ပါတ်နေစေမှတော့.. အဖနိုင်ငံခမျာ.. သနားစရာပေါ့…။ သယံဇာတထုတ်ယူရောင်းနဲ့.. မွဲပြီးရင်း…မွဲ..။
“အပ်”ကနေ..”လေယဉ်”အထိ.. နိုင်ငံခြားကမှာယူသွင်းရ…။
ဘိုးဘွားတွေထားခဲ့တဲ့အမွေ(သယံဇာတ)တွေ… ရောင်းချထုခွဲ..။ နောင်မျိုးဆက်သစ်တွေအတွက်မချန်ပဲ.. အကျိုးမရှိတာတွေနဲ့ ဖြုန်းတီးသုံးစွဲကြ..။
ငါ့ရှေ့ဘဝကမလှူခဲ့လို့.. အခုလိုဖြစ်နေတာဖြစ်ပြီး.. ငါသေရင်နိဗ္ဗာန်၊ နတ်ပြည်သွားမယ်ဆိုတဲ့.. ငါ့အတ္တအတွက်ပဲ.. လုပ်ကြ..။
ပြောသာပြောတာ…
အင်္ဂလိပ်ဝင် ကျွန်ပြုတော့.. ဗမာတွေအလုပ်မှမလုပ်ချင်သမို့.. အိနိ္ဒယက.. ကုသလမျိုးတွေ ဗမာပြည်ထဲသွင်းအလုပ်လုပ်စေရတယ်..။
အဲဒီအခါကများ.. ရန်ကုန်ဆိုတာ.. ကုလားချည်း..။
ကျေးလက်တွေကျတော့လည်း.. ချစ်တီးတွေကငွေချေး.. ဗမာတွေက.. ငွေယူ.. စေတီ..ဘုန်းကြီးကျောင်းတည်နဲ့..
စာရင်းချုပ်တော့.. ဗမာမြေတွေချစ်တီးလက်ရောက်..
ဗမာထေရာဝါဒ.. နတ်ကိုးကွယ်မှုမှာ.. ဟိန္ဒူအယူတွေရောသမမွှေ.. ။
အယူဝါဒ….. ပိုဆိုးတဲ့.. ဘာသာရေးအစွန်းရောက်တိုင်းပြည်ဖြစ်လာသပေါ့…။
အခုထိလည်းမပြင်.. ပြင်ဖို့လည်း.. တွေးမိပုံမရ..
ဗကပကို.. အာဏာအပ်ပြီး.. ယဉ်ကျေးမှုတော်လှန်ရေးလုပ်ပြီးမှပဲ.. မျှော်လင့်ချက်ရေးရေးပေါ်မယ့်ပုံရတယ်..။ :k:
ဖယ်ဒရယ်စစ်တပ်ဆိုလည်း.. တိုင်းရင်းသားအချင်းချင်းချဖို့ကလွဲပြီး.. တခြားဘယ်မှမချရဲ..
တကယ်စွမ်းရင်.. အခုပွဲကြမ်းနေတဲ့.. အိုင်းစစ်ကို . အခကြေးငွေယူပြီး တိုက်ပေးမယ်လို့ကြေငြာပါလား..
ဒါမှမဟုတ်.. အိုင်းစစ်ဘက်ကနေ.. မဟာမိတ်တပ်တွေကိုတိုက်ပေးမယ်..။ စစ်သားတယောက်တလ ဒေါ်လာ၅ထောင်လို့လစာပေးလို့. တောင်းပါလား..။
တနှစ် ဘီယီယံချီရ.. :k:
=
တို့တိုင်းပြည်
ထလော့မြန်မာ၊ အိုမြန်မာတို့
တို့ရွာတို့မြေ ၊တို့ရွာမြေဝယ်
စေတီစပါး၊ များလည်းများ၏
များပါလေလည်း၊ တမွဲမွဲနှင့်
ဆင်းရဲကာသာ ၊ကာလကြာလျှင်
ယာစကာမျိုး ၊တညှိုးညှိုးနှင့်
ပုထိုးမြင့်မောင်း၊ ကျောင်းကြိုကျောင်းကြား
လှည့်လည်သွားလျက်
မစားလေရ ၊ဝမ်းမဝ၍
ဆွမ်းမျှမတင်နိုင် ရှိမည်တည်း။
ထလော့မြန်မာ ၊အိုမြန်မာတို့
တို့ရွာတို့မြေ ၊တို့ရွာမြေဝယ်
ရေချိုသောက်ရန်၊ မြစ်ချောင်းကန်နှင့်
သီးနှံချိုပျား ၊များလည်းများ၏
များပါလေလည်း ၊တမွဲမွဲနှင့်
ဆင်းရဲကာသာ၊ ကာလကြာလျှင်
မြင်သာမြင်ရ ၊မစားရ၍
တောက ပြိတ္တာဖြစ်မည်တည်း။
ထလော့မြန်မာ၊ မြန်မာထလော့
အားမပျော့နှင့် ၊မလျှော့လုံ့လ
သူကစ၍ ၊ငါကအားလုံး
လက်ရုံးမြားမြောင်၊ ဉာဏ်မြားမြောင်နှင့်
စွမ်းဆောင်ကြလေ၊ ဆောင်ကြလေလော့
ဤမြေဤရွာ ၊ဘယ်သူ့ရွာလဲ
ဤယာစပါး ၊ဘယ်သူ့စပါးလဲ
ထားလော့တာဝန် ပွန်လော့လုပ်ငန်း
ဉာဏ်ရှေ့ပန်း၍ တဝမ်းတစိတ် ညီစေသတည်း။
-ဇော်ဂျီ
ဦးကျောက်ခဲ
March 6, 2015 at 10:00 am
ဆရာအောင်သင်းလက်ရာ “ဘုရားက နှစ်ကျပ်ခွဲ အကြွေးတင်” ဆိုတာလေး သတိရ…
:k:
Mike
March 6, 2015 at 10:26 am
♫♪♫အလွမ်းပြေ စကား တောင်မပြောလိုက်ရဘူးကွယ်♪♫♪ပန်းတွေကြားက ပန်းမမချော♫♪♫
.စာဖတ်နေတုန်း…အိမ်ရှေ့ကလော်ကြီးနဲ့ အလှူ ခံလာနေသဗျို့ :k:
ခင်ဇော်
March 6, 2015 at 11:50 am
မဆိုင်တော့ မဆိုင်ပါဘူးးး
ပြောချင်တာလေးရှိလို့
အရင်က အဖိုး အိမ်ရှေ့က အိမ်က လူမိုက်တစ်ယောက်ရှိတယ်။
အဲဒီတုန်းက ရပ်ကွက်ထဲမှာ ဆိုက်ကားနင်းတယ်။
၂၀၀ရ မတိုင်ခင် ကျနော် စလုံး မထွက်ခင်လောက်မှာမြင်မိတော့ ယူနီဖောင်းကြီးနဲ့ နံပတ်တုတ်ကြီးနဲ့ စွမ်းအားရှင် ဆိုပဲ။
ခု ဒီ တစ်ခေါက်ပြန်တော့ ရောင်းပြီး သား အိမ်ကို သွားကြည့်ရင်း အဲလူ မမြင်လို့ မေးမိတော့ ဘုန်းကြီး ဝတ် သွားပြီတဲ့။
:a:
တောင်ပေါ်သား
March 6, 2015 at 2:43 pm
အလှုခံကတော့ စိတ်ပျက်စရာပါဗျာ
ရပ်ကွက်ဓမ္မာရုံက အလှုခံမိန်းမကြီးက ဆွေတော်မျိုးတော်အပေါင်းတို့လို့ အစချီပြီး အလှုခံသဗျ ၊
တခြား ဘာအလုပ်မှလည်း မရှိ ၊
ဘုရားကျွေးတာ စားနေတာ လို့ဆိုသေး ၊
အလှုခံ ရငွေ ၂ဝ % က သူ့အတွက်ဆိုပဲ ၊
Mr. MarGa
March 6, 2015 at 3:21 pm
အလုပ်ဟူသမျှ ဂုဏ်ရှိစွလို့ ဆိုရိုးရှိထားပေသေးတာကိုးဗျ
:k:
naywoon ni
March 6, 2015 at 6:30 pm
သဂျား က ဆိုရှယ်လစ် လေသံ မပျောက်သေးဘဲဂိုး 🙂
Alinsett@Maung Thura
March 6, 2015 at 6:26 pm
.နေပြည်တော် မြို့လည်နဲ့ မြို့ပတ်ဝန်းကျင်တဝိုက်က အခြေခံလူတန်းစားတွေရဲ့
စီးပွားရေးဈေးကွက်တောာ်တော်များများ
(ယာဉ်လိုင်း/ဆိုင်ကယ်ကယ်ရီ/မုန့်ဆိုင်/ကုန်စုံဆိုင်/ကွမ်းယာဆိုင်ကအစ…ဘုရားပေါ်တက်ရင် ကြုံရတဲ့ ဖိနပ်အပ်လက်ခံဌာနအဆုံး ) ကိုတော့ ကျနော်က ချဉ်တယ်ဗျ ။
:buu: