နှင်းနတ်သား – ဝတ္ထုတို (ခက်မာ)

kaiMarch 15, 20101min850

အကြိမ် ၄ဝ မြောက် International Writing Program ကိုတက်ရောက်ခွင့်ရသဖြင့် အမေရိကန်နိုင်ငံ အိုင်အိုဝါ စီးတီးသို့ ဩဂုတ်လထဲက ရောက်နေကြသော ကျွန်မတို့ စာရေးဆရာတစ်သိုက်၏ ခရီးစဉ်က မကြာခင်ပြီးဆုံးတော့မည်။

နိုဝင်ဘာ ၁ဝ ရက်နောက်ပိုင်းကာလကို Travel Period ဟု သတ်မှတ်ပြီး ကျွန်မတို့တတွေကို အမေရိကား၏ ထင်ရှားသောမြို့ကြီးတချို့ကို ပို့ဆောင်လည်ပတ်စေသည်။ ကျွန်မတို့၏ နောက်ဆုံးခရီးစဉ်က နယူးယောက်ဖြစ်သည်။ ကမ္ဘာ အရပ်ရပ်မှ စာရေးဆရာအားလုံး နယူးယောက်တွင်လမ်းခွဲ၍ ပြန်လည်ထွက်ခွာရမည်ဖြစ်သည်။ နှစ်ပေါင်းများစွာကွဲကွာနေပြီး ပြန်မဆုံဖြစ်သေးသော ကျွန်မသူငယ်ချင်းတွေက နယူးယောက်မှာရော ဝါရှင်တန်ဒီစီမှာပါ ရှိကြသည်။ သူတို့က ရောက်တုန်း ရောက်ခိုက် သူတို့နှင့်တွေ့ဆုံလည်ပတ်ဖို့ စီစဉ်လေတော့ ကျွန်မမှာ DC တွင် တစ်ပါတ်၊ နယူးယောက်တွှင် ၁၃ ရက် သောင်တင်သွားသည်။

မြန်မာပြည်တွင်းမှ မထွက်ခွာခင်ကတည်းက Program မှ ပို့ထားသည့် လေယာဉ်လက်မှတ်အရ ကျွန်မက နယူးယောက်မှ အိုင်အိုဝါ ပြန်သွား ရဦးမည်။ အိုင်အိုဝါမှတဆင့် လောစ့်အိန်ဂျလိစ်။ လော့အိန်ဂျလိစ်မှ မြန်မာပြည်သို့ ပြန်လည် ထွက်ခွာရမည်။

နှင်းတွေဖွေးဖွေးလှုပ်နေသော ဒီဇင်ဘာလလယ်ကြီးတွင် ကျွန်မနယူးယောက်မှ အိုင်အိုဝါသို့ပြန်ခဲ့ရသည်။ အိုင်အိုဝါမှာ သုံးလနီးပါးနေခဲ့ရတာ ဆိုတော့ ကိုယ့်အိမ်ပြန်ရသလို ခံစားမှုမျိုးရှိနေသလို သူငယ်ချင်းအယောက် ၃ဝ လောက်နှင့် အတူနေခဲ့ဖူး သောနေရာကို တစ်ယောက်တည်း ပြန်သွားရမှာကိုလည်း ဝမ်းနည်းသလိုခံစားနေမိသည်။ ဒါပေမယ့် အဲ့ဒီလို ဆန့်ကျင်ဖက်ခံစားမှုတွေက ကျွန်မရင်ထဲမှာ ပေါင်းဆုံနေကျမို့ သိပ် တော့လည်းမဆန်းပါ။

ကျွန်မ အိုင်အိုဝါကို စရောက်တော့ ၂ဝဝရ ဩဂုတ်လ နောက်ဆုံးပတ်မှာ ဖြစ်သည်။ ရောက်စမှာ ကိုယ့်လို ပရိုဂရမ်တွင် ပူးပေါင်းပါဝင်မည့် စာရေးဆရာအချင်းချင်း မကျွမ်းဝင်သေးတာရော၊ နေရာသစ်အခန်းသစ်မှာ အခြေကျအောင်ကြိုးစားနေရတာရောကြောင့် အူကြောင်ကြောင် နှင့် ဘာမှထွေထွေထူးထူး မစဉ်းစားအားခဲ့ပါ။ စက်တင်ဘာထဲ ရောက်တော့ မြန်မာနိုင်ငံမှသတင်းတွေကလည်းထူးလာပြီ။ အတူနေ သူငယ် ချင်းများနှင့်လည်း ရင်းနှီးကျွမ်းဝင်နေပြီ။ ကမ္ဘာအနှံ့အပြားမှ စာရေးဆရာမိတ်ဆွေများနှင့် အတွေ့အကြုံယဉ်ကျေးမှု ခံစားမှုတွေ ဖလှယ်နိုင်သဖြင့် ကျေနပ်ပျော်ရွှင်သောစိတ်နှင့် စိုးရိမ်ဖွယ်နိုင်ငံရေးအခြေအနေကြောင့် မိသားစုကို၊ သူငယ်ချင်းတွေကို လူထုကို ပူပင်ရသော ဆန့်ကျင်ဖက်ခံစားမှုတွေက ရင်ထဲမှာပေါင်းဆုံခဲ့ဖူးသည်။

အခုလည်း ကျွန်မစီးလာသောလေယာဉ်ပျံကြီးက ရှိကာဂိုမြို့ဆီ ဦးတည်ပျံသန်းနေသည့်တစ်လျှောက် ကျွန်မရင်ထဲမှာ အပျော်နှင့်အလွမ်း ဒွန်တွဲနေသည်။ ရွက်ကြွေရာသီတုန်းက ကျွန်မတို့တတွေ၏ ရယ်သံများနှင့်ဝေစည်လှပခဲ့မည့် အိုင်အိုဝါ၊ အခုရော ဘယ်လိုနေမလဲ။ ကျွန်မတို့  အသံတွေနှင့် ဆူညံစည်ကားခဲ့သည့် Iowa House Hotel ဒုတိယထပ်ကိုရော ကျွန်မ သွားကြည့်ရဲပါ့မလား။ ကြည့်ရဲဦးတော့ မျက်ရည်မဝဲပဲ နေနိုင်ပါ့မလား။ နှင်းတွေနှင့် ဖြူဖွေးမှိုင်းမှုံနေမည့် အိုင်အိုဝါမှာ ကျွန်မ တစ်ယောက်တည်းနေရမှာ တော်တော်လွမ်းစရာကောင်းမှာပဲနော်။

ဒါပေမယ့် ကံကောင်းစွာ အိုင်အိုဝါမှာနေသည့် သူငယ်ချင်းတချို့ကို ကျွန်မပြန်လာရမည့် အကြောင်းပြောထားသည်။ ဂျပန်လူမျိုး မြန်မာစာ ပါမောက္ခတစ်ဦး၊ ဂျပန်လိုဘာသာပြန်ထားသည့် ကျွန်မဝတ္ထုတစ်ပုဒ်ကို ကျွန်မနှင့်အတူတွဲ၍ အင်္ဂလိပ်လို ဘာသာပြန်ခဲ့ကြသည့် သူငယ်ချင်းမလေး ခရစ်စတင်း Kristin Olson က လေယာဉ်ကွင်းမှာ လာကြိုလိမ့်မည်။ IWP မှ ဝန်ထမ်းသူငယ်ချင်းတွေထံကိုလည်း သွားလည်နိုင်သည်။ နယူးယောက်မှ နံနက် ၉ နာရီထွက်ခဲ့သည့်လေယာဉ်က ရှီကာဂိုကို အချိန်မှန်စွာ မနက် ၁၁ နာရီခွဲတွင် ရောက်၏။

လေယာဉ်ပေါ်မှာကတည်းက ရှီကာဂိုတွင် ရာသီဥတုဆိုးရွားနေကြောင်း ကြေငြာသည်။ လေယာဉ်ပြတင်းမှ မြင်နေရသော ပိန်းပိတ်သည့်အဖြူရောင်တွေကို ကျွန်မကတော့ အပြင်မှာ ရေခဲမိုး Ice Storm ရွာနေသတဲ့။ ရှီကာဂို လေယာဉ်ကွင်းထဲမှနေ၍ တစ်ခါမှ မမြင်ဖူးမကြားဖူးသော ရေခဲမိုးတွေကို ငေးကြည့်ရင်း ကျွန်မကို လာကြိုမည့် သူငယ်ချင်းကို ဖုန်းဆက်ရသည်။

“ခရစ်စတင်းရေ – လေယာဉ်ပျံက ရေခဲမိုးတွေ ရွာနေလို့ နောက်ကျလိမ့်မယ်တဲ့။ လေယာဉ်ကွင်းကို ထွက်မလာနဲ့ ဦးနော်။ ”

ရှီကာဂိုနှင့် အိုင်အိုဝါက တစ်နာရီသာသွားရသည်မို့ ခရစ်စတင်းကို သည်လိုမှာရခြင်းဖြစ်သည်။ အိုင်အိုဝါ စီးတီးမှ လေယာဉ်ကွင်းရောက် အောင် နာရီဝက်ခန့် ကားမောင်းရမှာဆိုတော့ ခရစ်စတင်းက စောစောစီးစီးထွက်လာပြီး လေယာဉ်ကအချိန်မှန်မရောက်လျှင် အကြာကြီး စောင့်နေရလိမ့်မည်။

“ဟုတ်တယ်။ ကျွန်မအခုပဲ အင်တာနက်မှာ မိုးလေဝသသတင်းကြည့်နေတာ။ ရာသီဥတုဆိုးနေတယ်။ ရှီကာဂိုက လေယာဉ်စထွက် တော့မယ်ဆိုတာနဲ့ ကျွန်မဆီ ဖုန်းဆက်နော်။ ”

ပုံမှန်ဆို လေယာဉ်က နေ့လည်တစ်နာရီခွဲမှာ စထွက်ရမှာဖြစ်သည်။ ဒါပေမယ့် ညနေလေးနာရီမှာ ထွက်မည်ဟု ကြေငြာတော့ ခရစ်စတင်းနှင့် IWP မှ သူငယ်ချင်း ဂျိုးဆီဖုန်းဆက် အသိပေးရပြန်သည်။ သူတို့က ထူးသမျှသတင်းပို့နေရန်မှာကြ၏။ ညနေလေးနာရီမှာ တစ်ခါထပ်ကြေငြာပြန်သည်။ ရှီကာကိုမှ အိုင်အိုဝါသွားမည့် လေယာဉ်ခရီးစဉ်ကို ဖျက်သိမ်းလိုက်ပြီတဲ့။ သူတို့ဆီဖုန်းဆက်ရပြန်သည်။ သူတို့လည်း   Sorry သာ တွင်တွင်ပြောနိုင်၏။ ကျွန်မကတော့ ဘာဆက်လုပ်ရမှန်း မသိတော့သဖြင့် မျက်နှာက ဆီးရွက်လောက်သာရှိတော့သည်။ တစ်ခုခုတော့မေးဦးမှ ဖြစ်မှာပါဟု တွေးတောကာ  Information Center ဆီသွားမေးတော့ နှုတ်ခမ်းနီရဲရဲ၊ မျက်တောင်မှာ မာဆာကရာ နက်နက်ထူထူသုတ်ထားသော ဝန်ထမ်းအမျိုးသမီးက ရှည်လျှား စွာရှင်းပြသည်။ ဒါပေမယ့် သူမစကားပြောတာ မြန်လွန်းတော့ “I am so sorry နှင့်  9 0’clock, tonight”ဆိုတာကလွဲပြီး ကျွန်မဘာမှ နားမလည်လိုက်ပါ။

ဗိုက်ကလည်းဆာ၊ စိတ်ကလည်းညစ်၊ သူဘာပြောလိုက်တာလည်းနားမလည်သဖြင့် ရှုံ့တွညှှိုးငယ်သွားသည့် ကျွန်မကို ကျွန်မလိုပဲ ကောင်တာမှာ လေယာဉ်ခရီးစဉ်အကြောင်း စုံစမ်းနေသည့် လူငယ်တစ်ဦးက သူနှင့်အတူလာထိုင်ဖို့ခေါ်ရင်းရှင်းပြ၏။

“အိုင်အိုဝါကိုထွက်မယ့် လေယာဉ်တစ်စီး ည(၉)နာရီမှာ ရှိတယ်။ ဒါပေမယ့် လူပြည့်နေပြီတဲ့။ မင်းဆန္ဒရှိရင်တော့ နံမည်ပေးထားပါတဲ့။ တစ်စုံတစ်ယောက် အကြောင်းအမျိုးမျိုးနဲ့ ပျက်ကွက်ခဲ့ရင် အဲဒီခုံနေရာမှာထည့်ပေးမယ်တဲ့။ လိုလိုပိုပိုနံမည် ပေးထားလိုက်ပေါ့။ ကျွန်တော်လည်း ပေးထားတယ်။”

အင်္ဂလိပ်လို အတော်ရေလည်သော်လည်း ကျွန်မနားလည်ရန် တမင်နှေးနှေးပြောပေးနေသော လူရွယ်လေးကို Thank you အကြိမ်ကြိမ်ပြောပြီး ကျွန်မနံမည်ပေးဖို့ ကောင်တာဆီပြေးရပြန်သည်။ ပြီးတော့မှ သူနှင့်အတူထိုင်ခဲ့သော ခုံတန်းဆီပြန်ထိုင် ရင်း အလ္လာပ၊ သလ္လာပ ပြောရ၏။

“ရှင်လည်း အိုင်အိုဝါသွားမှာလား”

“ဟုတ်တယ်”

“ဟုတ်လား၊ အိုင်အိုဝါမှာ နေတာလား”

“မဟုတ်ဘူး။ အိုင်အိုဝါတက္ကသိုလ်မှာ  Lecture တစ်ခုပေးဖို့သွားမှာ။ နှစ်ပါတ်ပဲ ကြာမယ်။”

အော်…သူက တက္ကသိုလ်ဆရာထင်တယ်။ သူ့ရုပ်က အာရှနည်းနည်းနွယ်သည်ဟုထင်သဖြင့် ကျွန်မက စပ်စုလိုက် ပြန်သည်။

“အာရှကလာတာ ထင်တယ်”

“ဟုတ်တယ်။ ကျွန်တော်အိန္ဒိယကလာတာ။”

“ဟုတ်လား။ ကျွန်မက မြန်မာပြည်ကလာတာပါ။ ”

ကျွန်မ စိတ်ညစ်နေသဖြင့် စကားဝေဝေဖြာဖြာ ဆက်မပြောဖြစ်တော့ပါ။ ရာသီဥတုက တဖြည်းဖြည်းမှောင်လာပြီ။ ည ကိုးနာရီနီးတော့ အိုင်အိုဝါသွားမည့်လူတွေ လှုပ်ရွလှုပ်ရွဖြစ်လာ၏။ ကျွန်မတို့နှစ်ယောက်လည်း ကောင်တာနားမှာ ယောင်လည်လည်ပေါ့။ အကျဉ်းချုပ် ပြောရလျှင် ကျွန်မတို့ နှစ်ယောက်လုံး ည ၉ နာရီလေယာဉ်နှင့် လိုက်ခွင့်မရပါ။

ညဆယ်နာရီကျော်ကျော်မှာတော့ အပြင်မှာ ရာသီဥတုတော်တော်ကောင်းလာသည်ထင်၏။ စောစောက ဖျက်သိမ်းခဲ့သော လေယာဉ်ပျံခရီးစဉ်ကို ည ၁၁ နာရီခွဲမှာ ပျံသန်းပေမည်ဟု ကြေငြာပြန်သည်။ ကျွန်မနည်းနည်း ဝမ်းသာသွားသလို၊ ည သန်းကောင်ကျော်ကြီး အိုင်အိုဝါရောက်သွားလျှင် ဟိုတယ်ဆီ ဘယ်လိုသွားရပါဟုတွေးပြီး စိတ်လည်းညစ်သွားပြန်သည်။ အို… အိုင်အိုဝါရောက်ဖို့က အဓိကပဲ။ ဟိုရောက်မှ မီးစင်ကြည့်က မည်ပေါ့။ ဒီတစ်ကြိမ်မှာတော့ ခရစ်စတင်းနှင့် ဂျိုးကို ဖုန်းဆက်ရမှာ အားနာသဖြင့် လေယာဉ် ည ၁၁ နာရီခွဲထွက်မည့်အကြောင်း လာမကြိုရန်နှင့် Taxi နှင့်ပဲ ဟိုတယ်ကိုသွားတော့မည့် အကြောင်း မက်ဆေ့ချ် ပဲပို့လိုက်သည်။

ည ၁၁ နာရီကျော်ကျော်လောက်မှာ ကျွန်မတို့လေယာဉ်ပေါ် ပြန်တက်ရပြန်သည်။ ဒီတစ်ညမှာကို လေယာဉ်ပေါ် ဆင်းလိုက်တက်လိုက်နှင့် ဘယ်နှစ်ခေါက်ရှိနေပြီလဲ မသိတော့ပါ။ လေယာဉ်ပေါ်ရောက်တော့ လေယာဉ်ပြတင်းမှတဆင့် အပြင်ကိုကြည့်မိသည်။ အပြင်မှာ အဖြူရောင်တို့ဖြင့် ပိန်းပိတ်နေဆဲဖြစ်သည်။ ဒါပေမယ့် ဒါရေခဲမိုးတွေ မဟုတ်တော့ဘူးထင်ပါရဲ့။ ရိုးရိုး နှင်းပဲထင်တယ်။ ဒါကြောင့် သူတို့လေယာဉ်ပြန်ထွက်ဖို့ စီစဉ်တာပေါ့။ လေယာဉ်ထွက်တော့မှာမို့ ပျော်တာရော၊ တစ်ယောက်ထဲ မို့ပျင်းတာရောကြောင့် ကျွန်မကိုယ့်ဘာသာစကားပြောမိသည်။ ပြီးမှ ခပ်ရှက်ရှက်ပြုံးကာ ခါးပတ်ကို အကျအနပတ်ပြီး မျက်စိကိုမှိတ်ထားလိုက်သည်။ တစ်နေကုန်ထိုင်လိုက်ထလိုက်မို့ လူပင်ပန်းတာရော၊ စိတ်ပင်ပန်းတာရောကြောင့် အိပ်ချင်နေပြီ။ လေယာဉ်ပျံပေါ်မှာ အိပ်သွားလိုက်မည်။

ခဏကြာလို့ ကြေငြာသံထွက်လာတော့ ထုံးစံအတိုင်း လေယာဉ်ထွက်ကာနီး နှုတ်ခွန်းဆက်စကား၊ သတိပေး စကား တွေ ပြောတာပဲထင်ပြီး အာရုံမစိုက်မိပါ။ လူတွေလှုပ်လှုပ်ရွရွဖြစ်သွားသလို ထင်ရပေမယ့် ကျွန်မကတော့ မျက်(စေ့)စိကိုဆက်မှိတ် ထားကာ လူကလည်း အိပ်ချင်မူးတူးဖြစ်နေတုန်းပင်။ အိပ်ချင်မူးတူးကြားမှာပဲ ကျွန်မပုခုံးကို လက်တစ်ဖက်လာထိတော့ မျက်လုံး ဖွင့်ကြည့်မိသည်။ ဟို အိန္ဒိယသား လူရွယ်။

“လေယာဉ်ခရီးစဉ်ကို ထပ်ဖျက်သိမ်းလိုက်ပြန်ပြီ။ ဆင်းကြဦးစို့။”

ဒီတစ်ခါတော့ အင်္ဂလိပ်လို ‘Oh My God’ဟု ကျွန်မအကျယ်ကြီးရေရွတ်မိတော့သည်။ စိတ်ဓါတ်က အကြီးအကျယ် ကျသွားသလို ချက်ခြင်းကိုယ့်ကိုယ်ကို အားပေးလိုက်မိသည်။ အိုကေ.. ဘယ်လောက်အခက်အခဲ တွေကြုံနိုင်မလဲ။ အတွေ့အကြုံ သစ်ရတာပေါ့။ အိန္ဒိယသားကလေးက ကျွန်မပုခုံးကို ဖွဖွပုတ်ရင်းအားပေးတော့ ကျွန်မက အားတင်းပြုံးကာ တုန့်ပြန်လိုက်မိသည်။ ကျွန်ကတို့နှစ်ယောက် ခုံတန်းတစ်ခုထဲမှာ အတူထိုင်စောင့်ကြပြန်သည်။ ကျွန်မ မအိပ်ချင်တော့ပေမယ့် မျက်(စေ့)စိကိုမှိတ်ထားပြီး မှတ်မိသမျှ ဘုရားစာတွေရွတ်နေမိသည်။ သေချာတာကတော့ မနက်ဖန်မနက်မှာ အိုင်အိုဝါကိုရောက်မှာပဲ။ သတိရသွားသဖြင့် သူငယ်ချင်းများထံ ၁၁ နာရီခွဲလေယာဉ်ဖျက်သိမ်းပြန်ကြောင်း မက်ဆေ့ချ်ပို့ရပြန်သည်။ စိတ်ဓါတ်ကျကျနှင့် အချိန်ကို မှတ်မနေတော့ပဲ မျက်စိမှိတ်ငြိမ်သက်နေစဉ် ကြေငြာသံတစ်ခုကြားရသည်။ အိုင်အိုဝါလေယာဉ်ခရီးစဉ်အတွက် လေယာဉ်ပျံတစ်စီး ပျံသန်းပေးမည်ဖြစ်ကြောင်း၊ သို့သော် ပျက်ကွက်သွားသောခရီးစဉ်များမှ ခရီးသည်များကို လေယာဉ်တစ်စင်းထဲတွင် တင်ဆောင်သွားဖို့ မဖြစ်နိုင်သဖြင့် မဲစနစ်ဖြင့်တင်ဆောင်မည့် လူစာရင်းကိုရွေးချယ်မည်ဖြစ်ကြောင်း ကြေငြာခြင်းဖြစ်သည်။ ကျွန်မနှင့် အိန္ဒိယသား တစ်ယောက်မျက်နှာတစ်ယောက် အားကိုးတကြီး ကြည့်မိကြသည်။

ခရီးသည်နာမည်တွေခေါ်နေစဉ်တလျှောက် ကျွန်မရင်တွေ တဒိန်းဒိန်းခုန်နေသည်။ အချိန်ကညတစ်နာရီ ကျော်နေပြီ။ လူ ၂ဝ ကျော်သည်အထိ ကျွန်မတို့နံမည်မပါသေးပါ။ အို.. မပါလည်းဘာဖြစ်လဲ။ ခရီးစဉ်ကပဲ ခက်ခဲနိုင်မလား၊ ငါကပဲ ရင်ဆိုင် နိုင်မလား ကြည့်ကြသေးတာပေါ့။ ကိုယ့်ကိုယ်ကို ဘယ်နှစ်ကြိမ်မြောက်မှန်းမသိ ဟန်တင်းအားပေးနေစဉ်မှာ ကျွန်မနံမည်ခေါ်သံ ကြားရသည်။ ကျွန်မရင်က ဒိတ်ကနဲခုန်သွားပြီး သူ့ကိုဖြတ်ကနဲ ကြည့်မိသည်။ သူက နှုတ်ခမ်းစေ့ပြုံး၍ လက်မထောင်ပြသည်။ ကျွန်မသူ့နံဘေးမှ ဖြတ်ကာလေယာဉ်ရှိရာသွားတော့ ဆောရီးပဲ ပြောရမည်လား။ Thank you ပဲပြောရမည်လား မသိသဖြင့် ပြုံးပြရုံသာပြုံးပြခဲ့သည်။ လေယာဉ်ပေါ်မှာ ခရီးသည်ပြည့်အောင် စောင့်နေသည့်ကာလအတွင်း သူငယ်ချင်းတွေဆီ မက်ဆေ့ချ် ပို့ပြန်သည်။ သူတို့ ကျွန်မ မက်ဆေ့ချ်ကို မိုးလင်းမှ တွေ့မည်ဖြစ်ပေမယ့် စိတ်ချရအောင်လို့ပေါ့။

“ဟိုင်း”

ကျွန်မ မက်ဆေ့ချ်ပို့နေတုန်း နှုတ်ဆက်သံကြား၏။ အို.. အိနိ္ဒယသား။ ကျွန်မနှင့်ခုံတစ်တန်းထဲ ဟိုဖက်စွန်းမှာ။ သူ့ အတွက် ကျွန်မဝမ်းသာ သွားသည်။

“အိုး- ရှင်ပါလိုက်ခွင့်ရတာ ကျွန်မဝမ်းသာလိုက်တာ။”

သူက လက်မထောင်ပြပြန်သည်။

ဒီတစ်ခါတော့ လေယာဉ်ပျံက ညတစ်နာရီခွဲမှာ တကယ်ပဲ အိုင်အိုဝါစီးတီးဆီ ပျံသန်းတော့၏။ ကဲ.. အခက်အခဲဆိုတာ နောက်ဆုံးတော့လည်း ဖြတ်ကျော်ပြီးသားဖြစ်သွားတာပဲမဟုတ်လား ဟုတွေးကာ ကျွန်မကျေနပ်နေသည်။ ဒါပေမယ့် ကျွန်မ ကျေနပ်မှုက ကြာရှည်မခံပါ။ ကံကြမ္မာက ကျွန်မ၏ခံနိုင်ရည်ကို ထပ်မံစမ်းသပ်ပြန်သည်။

မနက်သုံးနာရီထိုးကာနီးမှာ အိုင်အိုဝါလေယာဉ်ကွင်းကိုရောက်တော့ ကျွန်မ၏ ခရီးဆောင်အိတ်နှစ်လုံးအနက် တစ်လုံးကိုရှာမတွေ့ပါ။ ဆယ်ကျော်သက်အရွယ်သာရှိမည်ဖြစ်သော်လည်း တရားလွန်ဝသည့် လေဆိပ်ဝန်ထမ်းကလေးမက ကျွန်မကို ခရီးဆောင်သေတ္တာပုံစံ အမျိုးမျိုးပါသည့် ကတ်တလောက်ကြီးထုတ်ပြပြီး ကျွန်မအိတ်က ဘယ်လိုပုံ၊ ဘယ်လောက်ဆိုဒ် မှတ်သားသည်။ ပြီးတော့ ကျွန်မကို ခရီးဆောင်အိတ်မျိုးစုံရှိနေသော အခန်းကြီးထဲခေါ်သွားကာ အိတ်ကိုရှာစေသည်။ သူလည်းဝိုင်း ရှာပေးသည်။ အပြင်မှာ ခြေမျက်စိမြုပ်အောင် နှင်းကျနေသော ဒီဇင်ဘာလလည်၏ (- ၁၆) အအေးအောက်မှာ ကျွန်မ ချွေးစို့ ချင်လာပြီ။ နာရီကိုကြည့်လိုက်တော့ မနက် ၄ နာရီ ကျော်နေပြီ။ လေဆိပ်မှာတင် ကျွန်မတစ်နာရီကျော်သွားခဲ့ပြီ။ နောက်ဆုံး တော့ ကောင်မလေးက ဟိုတယ်လိပ်စာတောင်းကာ ကျွန်မအိပ်ကို သူတို့ရှာတွေ့တွေ့ချင်း ဟိုတယ်ဆီပို့ပေးမည့်အကြောင်းပြော၏။ ကျွန်မလည်း စိတ်လျှော့လိုက်ပြီး အိတ်များထားရာအခန်းတွင်းမှ ထွက်ခဲ့သည်။

အခန်းအပြင်ဘက်ခုံတန်းလျားမှာ သူကိုတွေ့လိုက်ရတော့ ကျွန်မ ‘ဟင်’ ကနဲအသံထွက်ရေရွတ်မိအောင် အံ့ဩသွား သည်။

“ကျွန်တော် ခင်ဗျားကိုစောင့်နေတာ။ လေယာဉ်ကွင်းထဲမှာလည်း ဘယ်သူမှမရှိတော့ဘူး။ ရာသီဥတုကလည်း အရမ်းအေးနေတယ်။ (- ၁၆ )တဲ့။ ခင်ဗျားတစ်ယောက်ထဲ ဒုက္ခရောက်နေမှာစိုးလို့။”

ကျွန်မဘာပြန်ပြောရမှန်းမသိအောင်ဖြစ်သွားသည်။ ထုံးစံအတိုင်း ဝမ်းသာတာ ဝမ်းနည်းတာ၊ ကျေးဇူးတင်တာ အံ့ဩ တာတွေ အားလုံးက ရင်ထဲမှာပေါင်းဆုံနေသည်။ Thank you so much ဟု ကြိုးစားပြောလိုက်သည့် ကျွန်မအသံတွေ တုန်နေခဲ့သည်ထင်သည်။

အပြင်မှာ ရေခဲမိုးက အသေးစားနှင်းမုန်တိုင်းကလေးအဖြစ် အသွင်ပြောင်းခဲ့ပြီ။ နှင်းဖတ်တွေကို သယ် ဆောင်လာသော လေက လူကို သယ်မ သွားမတတ် ပြင်းထန်သည်။ သူအဆင်သင့်ပြောထားပုံရသော  Airport Shuttle တစ်စီးထဲ ကျွန်မတို့အမြန်ပြေးဝင်ခဲ့သည်။ ကားပြတင်းမှတဆင့် လှမ်းမြင်ရသော အိုင်အိုဝါသည် ကျွန်မရောက်စက အိုင်အိုဝါနှင့် လုံးဝခြားနားခဲ့ပြီ။ အရိုးပြိုင်းပြိုင်းသစ်ပင် သစ်ကိုင်းများသည် နှင်းဖတ်တွေအောက်မှာ ခေါင်းငုံ့လည်စင်းခံလျှက်။ ကားလမ်းဘေးက နှင်းပုံတွေက ကားလောက်မြင့်နေသည်။ နှင်းမုန်တိုင်းထဲမှာမို့ ကားက ခပ်ဖြည်းဖြည်းပဲ မောင်းနေသည်။

“ခင်ဗျား အိုင်အိုငါဟောက်စ်ဟိုတယ်ကိုသွားမှာ မဟုတ်လား”

“ဟုတ်ကဲ့။”

“အိုင်အိုဝါဟောက်စ်ကို အရင်မောင်းဗျာ။”

နာရီဝက်နီးပါး ခရီးစဉ်မှာ ကားတစ်စင်းထဲခုံတစ်ခုံထဲ အတူထိုင်ရင်း ထိုစကားသုံးခွန်းသာကျွန်မတို့ ပြောဖြစ်ခဲ့ကြသည်။ ဟိုတယ်ရှေ့ကို ကားကလေးထိုးရပ်တော့မှ ကျွန်မက သူ့ကိုမေးလိုက်သည်။

“ကျွန်မ ကားခဘယ်လောက်ပေးရမလဲ”

သူက ပြုံးရင်း လက်ကာပြသည်။

“ပေးစရာ မလိုပါဘူး။ ကျွန်တော်က ခင်ဗျားကို ကူညီချင်လို့ပါ။”

ကျွန်မ ဘာပြောရမှန်းမသိပြန်ပါ။ ကျွန်မ၏ တစ်လုံးထဲသော ခရီးဆောင်အိတ်ခပ်သေးသေးကိုကိုင်ရင်း သူတို့ ကားကလေး အိုင်အိုဝါမြစ်နံဘေးမှာကွေ့ဖို့ မောင်းထွက်သွားတာကို ငေးကြည့်နေမိသည်။ ကားကလေးက မြစ်နံဘေးမှာကွေ့ပြီး ကျွန်မ ရှိရာဖက်ပြန်မောင်းလာသည်။ ပြီးတော့ ကျွန်မရှေ့မှာတုန့်ကနဲရပ်၏။ ကားမှန်တံခါးလေး လျောကနဲပွင့်လာပြီး သူက လှမ်းပြောသည်။

“အထဲ မြန်မြန်ဝင်တော့လေ။ အပြင်မှာ သိပ်အေးပါတယ်”

ကားကလေး ဝေါကနဲထွက်ခွာသွားပြန်ပြီ။ ကျွန်မ အသံထွက်အောင်ရယ်ရင်း ဟိုတယ်ထဲဝင်ခဲ့၏။ ဪ – လူ့ဘဝ ဆိုတာ ညစ်ပတ်ခက်ခဲတဲရွှံ့ညွံ တောကိုဖြတ်ရင်းနဲ့လည်း အင်မတန်သန့်စင်လှပပြီး မွှေးပျံတဲ့ကြာပန်းတစ်ပွင့်ကို တွေ့နိုင် တာပါပဲလား။

ဂ         ဂ          ဂ

နောက်တစ်နေ့ ညနေ သူငယ်ချင်းဂျိုးနှင့် မြို့ထဲမှာ ညနေစာထွက်စားတော့ ကျွန်မပုံစံက သိပ်လေးနက်နေသည် ထင်၏။ ဂျိုးက မေးလာသည်။

“ခက်။ မင်းမှာ တစ်ခုခု ပြောစရာရှိသလား။”

“သိပ်ရှိတာပေါ့။”

ကျွန်မက အားတက်သရောပြောတော့ ဂျိုးကဝါးလက်စ ပါစတာကိုရပ်ကာ မျက်ခုန်းပင့်၍ အာ±ုံစိုက်သည်။

“ကျွန်မလေ- မနေ့ညနေက နှင်းမုန်တိုင်းထဲမှာ နတ်သားလေးတစ်ပါးတွေ့ခဲ့တယ်”

ဂျိုးက ‘ဟား’ကနဲရယ်သည်။

“ကျွန်မ နောက်တာ မဟုတ်ဘူး။ တကယ်ပြောနေတာ။”

“တကယ်”

ဂျိုးက သံယောင်လိုက်သည်။

ကျွန်မက သူနှင့်စဆုံတွေ့သည်မှစကာ နှင်းတောထဲမှာ သူစီးလာသည့်ကားကလေးဝေါကနဲထွက်သွား သည်အထိ ဖွဲ့ကာနွဲ့ကာ ပြောပြလိုက်သည်။

“ခက်”။ တကယ်ပဲ သူဟာ နတ်သားပဲ။ ရေခဲမိုးတွေ၊ နှင်းမုန်တိုင်းတွေကြားမှာ မင်းဒုက္ခရောက်မှာကို သိလို့ အဲဒီ နတ်သားလေးက ကောင်းကင်ဘုံကဆင်းလာပြီး မင်းကို လာကူညီတာ။ ”

ဒီတစ်ခါတော့ ဂျိုးက လေးလေးနက်နက်ပြောနေသလောက် ကျွန်မက အားရပါးရရယ်မိသည်။

“ဒါနဲ့ – သူ့နံမည်က ဘယ်သူတဲ့လဲ။”

“ဟင်”

ကျွန်မ သူ့နံမည် မမေးမိခဲ့သလို သူလည်း ကျွန်မနံမည်ကို မမေးခဲ့ပါ။

“ကျွန်မ မမေးမိခဲ့ဘူး။”

ဂျိုး၏ မီးခိုးရောင်မျက်လုံးတွေက လေးနက်နေသည်။

“သူက တကယ့်နတ်သားမို့လို့ သူ့နံမည်ကို မပြောတာပေါ့။ မင်းနံမည် မမေးတာကတော့ သူကနတ်သား ဆိုတော့ မင်းနံမည်ကို သိပြီးသားဖြစ်လို့ နေလိမ့်မယ်။”

ပြောရင်းနှင့် ကျွန်မက ရယ်ရမှာ မေ့သွားလောက်အောင် လေးနက်လာသည်။ ဟုတ်တယ် ဘာပဲပြောပြော သူဟာ နတ်သားပဲ။ တောင်ပံမပါတဲ့ နတ်သားလေးပေါ့။

ကျွန်မတို့ လမ်းခွဲကြတော့ ည ကိုးနာရီထိုးပြီ။ မနက်စောစောက ဆိုးရွားခဲ့တာ သူမဟုတ်သလို အိုင်အိုဝါရာသီဥတုက ကျွန်မကို လှည့်စားနေပြန်သည်။ လေတစ်ချက်မဝှေ့ နှင်းတစ်ဖတ်မမြင်ရပေ။ စက်နှင့်ကော်ထုတ်ထားသဖြင့် ကားလမ်းမတွေပေါ်မှာ နှင်းတွေမရှိတော့ ပေမယ့် လမ်းဘေးမှာ နှင်းပုံကြီးတွေက ရေခဲတုံးကြီးတွေအဖြစ် ရှိနေဆဲ။ မြင်လေရာရာကလည်း အဖြူရောင်ဖြင့်ပိန်းပိတ်ဆဲ။

ကျွန်မတစ်ယောက်တည်း ဟိုတယ်ဆီဖြည်းဖြည်းလျှောက်လာရင်း ကော်းကင်ကိုမော့ကြည့်လိုက်၊ နှင်းလွင်ပြင်ထဲငေးမောလိုက်ရှိနေသည်။ မနက်စောစောက နှင်းမုန်တိုင်းထဲမှာ ကျွန်မနှင့်အတူရှိနေသော နတ်သားလေးကိုများ တွေ့လေမလားပေါ့။ ဟင့်အင်း…ရှာမတွေ့ပါ ဒါပေမယ့် ဟိုတယ်တံခါးကိုမှီရင်း နှုတ်ခမ်းစေ့ထားသောအပြုံးနှင့်သူ..ကျွန်မကိုစောင့်နေနိုင်သည်။ ကျွန်မခြေလှမ်းတွေ သွက်လာသည်။ ကုန်းအဆင်းမို့ ပြေးသလိုဖြစ်လာတာကို အခွင့်ကောင်းယူကာ အပြေးတပိုင်းနှင့် ကားလမ်းကိုဖြတ်ကူးလိုက်သည်။ ကားလမ်းတစ်ဖက်ရောက်တာနှင့် ဟိုတယ်တံခါးဝကို လှမ်းမြင်ရပြီ။ ဟိုတယ်တံခါးဝမှာ လူတယောက် ဂျာကင်အိပ်ထဲလက်နှိုက်၍ မတ်တပ်ရပ်နေသည်။ ထုံးစံအတိုင်း ကျွန်မရင်မှာ ဆန့်ကျင်ဖက်အတွေးတွေ ပေါင်းစုံလာပြန်သည်။

အဲဒါ  သူဖြစ်နိုင်သည်။ ကျွန်မ Iowa House ဟိုတယ်မှာတည်းတာ သူ… သိသည်လေ။

အဲဒါ သူ.. မဖြစ်နိုင်ပါ။ ဘာကြောင့်လည်းဆိုတော့ သူက နတ်သားလေ

Khet Mar

မှတ်ချက်။  ။ မန္တလေးဂေဇက် ဖေဖေါ်ဝါရီလထုတ်တွင်ဖေါ်ပြပြီးဖြစ်သည်။