ကျွန်ုပ်၏ အမှတ်တရ ကဗျာများ – ၈ (အချစ်ဦးသို့… တမ်းချင်း)
ကျွန်ုပ်၏ အမှတ်တရ ကဗျာများ – ၈
အချစ်ဦးသို့… တမ်းချင်း
“ ပတ်ဝန်းကျင်ကိုလည်း မမြင်ချင်၊ မကြားချင်၊ မသိချင်ပါ ခိုင်…။ အတိတ်ဆိုတာကိုလည်း မေ့ချင်ပါသည် ခိုင်…။ ပစ္စုပ္ပန်မှာလည်း မောင်မပျော်ပါဘူး ခိုင်…။ အနာဂတ်ဆိုတာကိုတော့ တွေးမိတိုင်း ကြောက်လန့်မိတယ် မိခိုင်ရယ်…”
ဒါက တက္ကသိုလ်ဘုန်းနိုင်ရဲ့ “သူငယ်ချင်းလို့ပဲ ဆက်၍ခေါ်မည် ခိုင်” ဝတ္ထုထဲက အကြိုက်ဆုံး စာသားလေးပေါ့။
မောက်ကာကြီး အခုတလော ဆရာဘုန်းနိုင်ရဲ့ ဝတ္ထုတွေ ပြန်ပြီး ဖတ်ဖြစ်နေပါတယ်။ ဖတ်ဖြစ်တာမှ ဖတ်ပြီးသားတွေကို ပြန်ဖတ်ဖြစ်တာ။ ပြန်ဖတ်ဖြစ်တယ်ဆိုမှတော့ မောင်ကာကြီးရဲ့ အကြိုက်ဆုံးဖြစ်တဲ့ “ သူငယ်ချင်းလို့ပဲ ဆက်၍ခေါ်မည် ခိုင်” လဲ ပါခဲ့တာပေါ့။ ဟုတ်ပါတယ်။ ခိုင်ဆိုတဲ့ ဝတ္ထုကြောင့် မောင်ကာကြီး ဝတ္ထုဆိုတာကို ကောင်းကောင်းဖတ်တတ်သွားတာဖြစ်သလို ရသစာပေကိုခံစားတတ်လာတာလဲဖြစ်ပါတယ်။ အကြိမ်ကြိမ်လဲ ပြန်ဖတ်ဖြစ်သလို ပြန်ဖတ်တိုင်း အမြဲအသစ်လို ခံစားရတဲ့ ဝတ္ထု၊ ဇာတ်လမ်း ဇာတ်ကွက်တွေကိုလဲ သိပြီးသား၊ ဇာတ်သိမ်းကိုလဲ သိပြီးပေမယ့် အမြဲလိုလို စာအုပ်ထဲ စီးမျောသွားခဲ့ဖူးတာပေါ့။
အမှန်တော့ ဒီခိုင်ကို ကျွန်တော် ကောင်းကောင်း ခံစားတတ်သွားခဲ့တာ တက္ကသိုလ်တုန်းကပါ။ ဆိုရရင်တော့ ကျောင်းတုန်းက ပတ်သက်ခဲ့ဖူးတဲ့ သူကလဲ ဒီခိုင်ထဲက ဇာတ်ဆောင်နာမည်နဲ့ သွားဆင်တူနေတော့ သိကြတဲ့အတိုင်း မောင်ကာကြီးမှာ ကြိုက်လိုက်တာ ကြိုက်လိုက်တာ။ ဝတ္ထုကိုပြောပါတယ်။ ဒါပေမယ့်လဲလေ။ မောင်ကာကြီးရဲ့ ဇာတ်လမ်းခမျာလဲ ကြိုက်မိတဲ့ အလွမ်း ဇာတ်လမ်းကြီးလို နောက်ဆုံးတော့ သူငယ်ချင်းလို့လဲ ဆက်၍ခေါ်မည်ဆိုပြီး လွမ်း။ တခုတော့အကျိုးထွက်ခဲ့ပါတယ်။ ဒီဝတ္ထုကပေးတဲ့ စာပေရဲ့ အနုအလှတွေကို ကောင်းကောင်းခံစားတတ်လာတာ အမြတ်လို့ဆိုရမှာပေါ့။
ကျောင်းတော်က မှတ်တမ်းဟောင်းဖြစ်တဲ့ နှလုံးသားထဲက ဂျီးဖတ်အကြောင်းကို သွားစဉ်းစားမိတော့။ ဆရာမောင်စိန်ဝင်း (ပုတီးကုန်း) ရဲ့ ကဗျာတွေကို သွားပြီးသတိရမိရဲ့။ သူ့ကဗျာတွေကလဲ အဲ့တုန်းက အမှတ်တရတွေပဲလေ။ ဆရာမောင်စိန်ဝင်းရဲ့ အချစ်ကဗျာတွေဆိုတာ ချစ်တတ်သူအားလုံးကိုပဲ ကိုယ်စားပြုနေတာလား မောင်ကာကြီးအဖြစ်နဲ့ပဲ တိုက်တိုက်ဆိုင်လွန်း နေတာလားတော့မသိ၊ သူ့ကဗျာထဲကလိုပဲချစ်ခဲ့ သူ့ကဗျာထဲကလိုပဲ လွမ်းခဲ့ရတာကလား။ အင်း… ပြောရင်းပြောရင်းနဲ့ ဇာတ်လမ်းဟောင်းတစ်ပုဒ်ကို ပြန်ပြီးတောင်သတိရမိသွားပါပြီ။ အခုတော့ ဆရာမောင်စိန်ဝင်း(ပုတီးကုန်း)ရဲ့ ကဗျာတွေနဲ့ပဲ သီဟိုဠ်ဥယျာဉ်ထဲက မဒီပျိုရှုယဉ်လေးအကြောင်းကို ဒီလိုအခုပင် ပြောပြလိုက်ချင်ပါရဲ့။
တစ်ကယ်တော့အချစ်ဆိုတဲ့အရာက ဆရာပြောသလိုပဲ ပြက္ခဒိန်ထဲက ဂဏန်းရက်တွေတိုင်းကို စိုးမိုးထားနိုင်တဲ့ အရာပါလား။ ချစ်မိပြီဆိုမှဖြင့် အချိန်နာရီ စက္ကန့်တိုင်းဟာ ချိုမြလို့နေနေပေါ့။ နွေမှာ သစ်ရွက်လေးတွေ ကြွေတော့လဲ ကြွေလို့ ချစ်ဖို့ကောင်းလိုက်တာ။ မိုးဆိုလဲမိုးမို့ တဖွဲဖွဲမိုးစက်တွေက ချစ်ဖို့ကောင်းလိုက်တာ။ ဆောင်းဆိုလဲဆောင်းမို့ ဖြူလွလွမြူလေးတွေလဲ ချစ်ဖို့ကောင်းနေပါ့။ သဘာဝရဲ့ အလှပန်းချီလေးတွေဟာ ချစ်ရည်တွေလွှမ်းခြုံနေပြီလေ။ အချစ်ဆိုတာဟာ ငယ်ရွယ်သူကို ပျိုမြစ်စေရုံသာမက အရွယ်သုံးပါးလုံးကို နုပျိုစေပါ့။ နေမင်းရဲ့အလင်းရောင်လို မပြယ်မယ့် အလင်းနဲ့ ချစ်တတ်သူတွေကို ထွန်းလင်းပေးနေသလို၊ စမ်းရေတမျှ လူတိုင်းရင်ကို အေးမြစေတတ်တာပေါ့။
မောင်ကာကြီးဆိုတာလဲ ဘာသားနဲ့ ထုထားတာမို့လဲ။ အတောင်က ပေါက်မပေါက်တော့မသိဘူး၊ လူတွေပြောပြောနေတဲ့ အချစ်ဆိုတာကို ဝရုန်းသုံးကားနဲ့ရှာမိတာပေ့ါ။ တွေ့ပါပြီ။ တွေ့လိုက်ပါပြီ။ အတန်းထဲက ခုံတန်းတစ်ခုမှာ မောင်ကာကြီးရဲ့ စာကလေးမ အဲ… ငွေလမင်းကို တွေ့ခဲ့လိုက်ပါပြီ။
သူမက တစ်ကယ်တော့ မလှပါဘူး။ ဒါပေမယ့် မောင်ကာကြီးအတွက်တော့ ချစ်ဖို့အကောင်းဆုံး။ သူမရဲ့ ပွစိပွစိနဲ့ ပြောတတ်တဲ့စကားတွေက ရက်ပါမလေး ဂေါ်ဖီကြော်စား အဲ Bobby Soxer အနားမှာလာကာ Twist ရွတ်နေသလားတောင် ထင်မိရဲ့။ သူမရဲ့ ခပ်စူးစူး တစာစာနဲ့ အသံလေးက မီးသတ်ကား ဥဩဆွဲသံ မဟုတ်ပါဘူး ကရဝိတ်ငှက်လေးရဲ့ တွန်သံအလားပဲ။ ပိုးဟပ်ဖြူ အသားရည်လေးက ဝါဆိုင်ခဲတွေပေါ့။ သူနဲ့ပတ်သက်သမျှ အရာအားလုံးဟာ မောင်ကာကြီးရင်မှာ သဘောကျစရာတွေချည်ပဲ။ ဘာကြောင့်လဲဆိုတော့ ရင်ထဲမှာ ချစ်သူသစ်ပင်လေး ရှင်သန်နေပြီလေ။
အချစ်သစ်ပင်လေး ပွင့်လန်းလာမှုသည် ကြွေကျဖို့တော့ မဖြစ်ပါရစေနဲ့။ ချစ်ရသူထိုသူမ အသုံးပြုဖို့ အခက်အလက်တွေ ဝေနေပါရစေလေ၊ သူမ၏ခိုလှုံရာ အရိပ်တစ်ခု ဖြစ်ရပါစေလေ၊ သူ့ဘဝရဲ့ ပူလောင်မှုတွေကင်းဝေစေဖို့အတွက် ဘဝတစ်ခုလုံးကို စတေးခံလိုရဲ့ သူ့အတွက်ဆိုရင် အမြဲတန်း လန်းဆန်းနေမယ့် သပြေပင်အိုလေးတစ်ပင်အဖြစ်သာ ရှင်နေပါရစေ။
ကမာ္ဘဦးကလူတွေ ဘယ်လိုချစ်ခဲ့လဲတော့မသိ မောင်ကာကြီးကတော့ ရယူလိုမှုဆိုတဲ့ လောဘမပါတဲ့ ချစ်ခြင်းနဲ့ပဲ ချစ်ခဲ့တာပါ။ သူပျော်နေရင် ပြီးတာပါပဲဆိုတဲ့စိတ်တစ်ခုနဲ့ အရာရာကို ဖြည့်စည်းပေးခဲ့တာပါ။ အလောဘလို့ မတန်မရာမဆိုချင်ပေမယ့် အလုံးစုံ ပေးဆပ်လိုခဲ့တာပါ။ မှန်ရာကိုဝန်ခံရရင်တော့ အရင့်အရင်က အချစ်ဆိုတာကို ရံဖန်ရံခါ ပတ်သက်ခဲ့ဖူးပေမယ့် သူမကတော့ အချစ်ဦးပါ။ ငယ်ကချစ် အနှစ်တစ်ရာ မမေ့သာတဲ့။ အချစ်ဦးမို့ အရူးအမူးဖြစ်တယ်လို့တော့ မစွတ်စွဲလိုက်ပါနဲ့။ မှန်တာပြောရင် မခံနိုင်လို့လေ။ အဟီး။
လူတစ်ယောက်ဘဝမှာ အချစ်ဦးဆိုတာ တစ်ယောက်ပဲရှိနိုင်တာလေ။ မကျည်းရွက်လိုမဟုတ်။ တစ်လွှာမှာ တစ်ရွက်ပဲရှိတဲ့ ညောင်ရွက်လိုပေါ့။ တစ်ခက်မှာ တစ်ပွင့်ပဲပွင့်တဲ့ ဖူးငုံချစ်ပန်းလေးပေါ့။ ရင့်ရောလို့သွားချိန် ညှာတံဆက်မှ ကြွေကျမြေခခဲ့မယ် ဆိုရင်တောင် ဖွဖွလေး ယုယစွာကောက်ယူလို့ ခရေပန်းခြောက်လေးအဖြစ်နဲ့ ထာဝရတာ သိမ်းထားမယ့် ချစ်ခြင်းတွေနဲ့ ချစ်ခဲ့မိတာပေါ့။
ခက်တော့လဲ ခက်သားလားဗျ။ သစ်ရွက်လှုပ်တာကို မြင်ရင်တောင် ရီချင်တဲ့အရွယ်ဆိုတော့ မောင်ကာကြီးခမျာ သူမျက်နှာကို တစ်ကမာ္ဘထင်ခဲ့မိတယ်။ သူ့အပြုံးကိုု တစ်သက်လုံးမေ့ရမှာ မဟုတ်။ သူ့အလှကို တယုတယ ကြည့်နေလိုသူဖြစ်ပေမယ့် သူ့စကားမှာ ပါခဲ့တဲ့ မုသားတွေက သူ့အကြည့်ကို ရူးမိနေတဲ့လူကို မျက်ဝန်းက တစ်သက်လွန်းလေရော့လို့ ပြောခဲ့ပြီလဲ။ အသဲကွဲတဲ့အရသာဟာ ပျားသကာလိုမှမဟုတ်တာ။ သူ ငါမက်တဲ့ သူရာတစ်ခွက်လို ခါးသက်သက်ကြီးပါ။ ဒါမဲ့လေ မောင်ကာကြီးကတော့ ကိုလာလေးရောပြီး ရေခဲလေးနှစ်တုံးထည့်ကာ အားရပါးရ သောက်မိလေရဲ့။ သူမကိုချစ်ခဲ့တာ ခဏတာအတွက်မှာမဟုတ်ဘဲ။ တစ်ဘဝတာအတွက် ရည်ရွယ်ခဲ့တာလေ။ လွယ်လွယ်နဲ့ မေ့လို့မရနိုင်မှတော့ သတိရတာ အပြစ်မှမဟုတ်တာ။ ချစ်ခဲ့တာ ထာဝရလေ။
ပင်ယံနန်းမှာ ပွင့်လန်းနေချိန်ဆို ဖွဖွလေးသာ နမ်းပါမယ်။ နွမ်းကြွေနေတဲ့ ပန်းလေးဆိုလဲ ကောက်လို့သာ သိမ်းပါမယ်။ ခြောက်လို့သာ နေရင်လဲ သိမ်းစည်းကာ ထားပါ့မယ်။ သူ့အပေါ်မှာ တိမ်းညွတ်ခဲ့သော တတ်မက်ခဲ့သော ဒီအချစ်တွေဟာ ကြွေချိန်ပဲဖြစ်ဖြစ် ဝေချိန်ပဲဖြစ်ဖြစ် ထာဝရတာ စွဲလမ်းနေမယ့် တစ်ပွင့်ထဲသော အချစ်ပန်း ထာဝရတာ မြတ်နိုးနေမယ့် အချစ်ပန်းလေးဆိုတာ သူလေး သိစေချင်လိုက်တာ။
အင်း… မောင်ကာကြီးလဲ ဆရာမောင်စိန်ဝင်းရဲ့ ကဗျာတွေ အကြောင်းပဲ ရေးနေတာလား မဆိုင်တော့တဲ့သူ အကြောင်းကို ရေနူးနေတာလားလဲ မသိတော့ပါဘူး။ ထားပါတော့။ ပြီးခဲ့တာတွေ ပြီးသွားပါပြီ။ အသစ်မတွေ့ခင်တော့ အဟောင်းကို မမေ့နိုင်တာ သဘာဝလေ။ အသစ်လဲမြင်ရော အဟောင်းကို ကျဉ်တာလဲ သဘာဝကိုး။ ဟဲဟဲ။ ဆရာ့ရဲ့ ကဗျာတွေက ဘယ်တော့မှ မပျောက်ပျက်နိုင်မယ့် အဓိပ္ပါယ်ရှိနေစဲဖြစ်ပေမယ့် မောင်ကာကြီး ခံစားချက်တွေကတော့ အနိစ္စသဘောနဲ့ ကိစ္စချောသွားလေရဲ့။ အနတ္တအမြဲမရှိလေ။ ဟုတ်တယ်မို့လား။
တစ်ကယ်တော့ မောင်ကာကြီးက ကိုယ့်အကြောင်းကို မပြောချင်ပါဘူး။ ဒါတွေက ပြီးပြီသားကိစ္စတွေလေ။ မေ့မေ့ ပျောက်ပျောက်လဲရှိနေခဲ့ပါပြီ။ ရည်ရွယ်တာက ဆရာ့ရဲ့ ကဗျာတွေ အကြောင်းပဲ ပြောချင်တာပါ။ ဒါပေမယ့် ဆရာ့ကဗျာတွေက နောက်ကြောင်း ရာဇဝင်လေးရှိမှ ပိုပြီး ခံစားလို့ကောင်းတာဆိုတော့ အဖြစ်မှန်တွေကို မလှစ်မကျန်အောင် ပြောပြရခြင်းပါ။
နိဂုံးအနေနဲ့တော့ ဆရာ မောင်စိန်ဝင်း(ပုတီးကုန်း)ရဲ့ အချစ်ကဗျာတွေကိုဖတ်ရင်း နူးညံ့သောစိတ်များဖြင့် အချစ်တတ်သော ခံစားချက်တွေ ဖြစ်ပေါ်လာနိုင်ကျပါစေ။ လူသားတိုင်း ချစ်တတ်ကျပါစေလို့ ဆုတောင်းပေးပါတယ်။ ဒီစာစုနဲ့ ပတ်သက်လို့ကတော့ မောင်ကာကြီး ခံစားရသမျှကို ခံစားမိတဲ့အတိုင်း ရေးသားဖေါ်ပြထားခြင်းဖြစ်တဲ့အတွက် အမှားအယွင်းများရှိခဲ့ပါက အပြစ်မမြင်ပဲ “အော်… ဒီသူငယ် သူဉာဏ်မှီသလောက် ရေးထားတာပါလား” လို့ အချစ်ဝင်ပါကျပါဦးလို့။ ။ လွန်တာရှိရင် ဝန္ဒာမိပါ။
အနုပညာသည် အနုပညာအတွက်သာ ဖြစ်သည်
Courage
–အချစ်—
ပြက္ခဒိန်မရှိ…
ရက်အချိန်မသိ၊
နာရီမရှိ…
ရာသီမသိ၊
မအိုသည့်အရာ
ထာဝရအလင်းတန်း
ဘဝရဲ့စမ်းအိုင်လေးတစ်ခု။
—ချစ်သူသစ်ပင်—
လွင့်ကြွေကျဖို့တော့
ပွင့်မနေပါရစေနဲ့ဘုရား။
သူချိုးနိုင်ဖို့ အခက်ဝေ
သူနေခိုဖို့ အရိပ်ပေး
သူ့ဘဝမှာ အပူတွေဝေးစေဖို့
အစတေးခံနေ…နေလိုရဲ့
သပြေပင်အိုဘဝနဲ့
(တပည့်တော်)ရှင်ရပါစေသား။
—အချစ်ဦး—
တစ်သက်တစ်ခါ
တစ်လွှာတစ်ရွက်
တစ်ခက်တစ်ပွင့်
ငုံအဆင့်မို့
ရင့်လို့ပဲဝါဝါ
ညှာတံပဲပြုတ်ပြုတ်
ဖြုတ်ခနဲပဲကြွေကြွေ
မြေမှာပဲရောက်ရောက်
ဖွဖွကလေးကောက်လို့
ပန်းခြောက်လေးပဲမြတ်နိုးမယ်။
— ထာဝရ —
ပွင့်လျှင်လည်းနမ်း
နွမ်းလျှင်လည်းကောက်
ခြောက်လျှင်လည်းသိမ်း
တိမ်းညွတ်တွယ်မက်
သည်တစ်သက်မှာ
တစ်ပွင့်သာလေ
စွဲလမ်းနေမည်
ဝေဝေကြွေကြွေ မြတ်နိုး၏။
မောင်စိန်ဝင်း (ပုတီးကုန်း)
15 comments
naywoon ni
March 14, 2015 at 12:50 pm
ကျုပ်ကတော့ မော်ဒန်ခေတ်မှာမွေးတော့ မော်ဒန်ကဗျာတွေပဲ ကြိုက်တယ် ။ ကျုပ်က ၁၉၆၉ မွေးတာ ။ အဲ့ ဒိအချိန်မှာ မိုးဝေ ကဗျာတွေက အားကောင်းမောင်းသန် စီးဆင်းနေတဲ့ အချိန် ။ ဆိုတော့ကာ အချစ်ကဗျာတွေမှာလည်း မော်ဒန်မှ လွမ်းရင်တောင် မော်ဒန်ကဗျာနဲ့ မှ အသီးကွဲရင်လဲ ဒီလိုပဲ ။
ဒုက္ခနဲ့ တစ်ခါကြုံရတိုင်း
မင်းရဲ့ လက်ကလေး
တစခါကိုင်ပါရစေ ဆိုတဲ့ သစ္စာနီ ရဲ့ ကဗျာမျိုး ရင်ခုန်တာ ။
Courage
March 16, 2015 at 2:05 am
ကျွန်တော်လဲ မော်ဒန်တွေကို ကြိုက်တယ်ဗျ။ သမရိုးကျမဟုတ်တဲ့ အဖွဲ့တွေနဲ့ ခံစားသူပေါ်မူတည်ပြီး ရသမျိုးစုံပေးနိုင်လို့လေ။ ဥပမာ ဆရာတာရာမင်းဝေရဲ့ သိဟ်ရာသီဝတ်ရုံလိုပေါ့။
တောင်ပေါ်သား
March 14, 2015 at 1:04 pm
လက်ထဲကပန်း
အနွမ်းမှန်းသိပေမယ့်
ချစ်နေတဲ့ငါ့ရင်ထဲ
အမြဲထာဝရ မွှေးလေစ ၊
Courage
March 16, 2015 at 2:09 am
နွမ်းကြေပေမယ့်
ရနံ့မပြေတဲ့
ပန်းခရေလို အချစ်မျိုးလား ကိုတောင်ပေါ်သား 🙂
Alinsett@Maung Thura
March 14, 2015 at 4:41 pm
တက္ကသိုလ်ဘုန်းနိုင်ရဲ့ “သူငယ်ချင်းလို့ပဲ ဆက်၍ခေါ်မည် ခိုင်” ဝတ္ထု ဖတ်ပြီး ကျနော်လည်း တော်တော် မျောသွားဖူးတယ်…
—–
ဒါနဲ့ အချစ်ဦးကို ရူးတာတောင် မမေ့ဘူးဆိုတဲ့ စကားကြားဖူးတယ်…
ဟုတ်လား မသိ
:k:
Courage
March 16, 2015 at 2:11 am
အထင်တော့ ရူးမှမမေ့တာလို့ ပြောတာထင်ပါ့။ ဆိုတော့ကာ မရူးရင်တော့ မေ့မှာပေါ့လို့ ပြောတာများလား????
black chaw
March 14, 2015 at 5:42 pm
ကို ကာကြီးရေ…။
ဟောဒါ ကျွန်တော့်ရဲ့ ကိုယ်တိုင်ရေးကဗျာစစ်စစ်ပါ…။
အချစ်ဦး အတွက်တော့မဟုတ်ပေမယ့်
အချစ်ဦး လို တန်ဘိုးထားကြောင်းရေးထားတဲ့ ကဗျာလေးပါ…။
တိုက်ဆိုင်လို့ ပြန်ရေးပေးလိုက်ပါတယ်ခင်ဗျ…။
လင်္ကာမချောလည်း ရှိစေတော့
လိမ်ညာမပြောရက်ပါဘူးမေ….။
အချစ်ဦးပါလို့
အချစ်ရူးရအောင်
ဘုရားစူးကျိန်တွယ်ပြီး
အချစ်ရယ်ယုံပါတော့လို့
ကြုံရာကိုယ်မပြောခဲ့ပါဘူးမေ….။
ပုထုဇဉ်လူသားမို့
နှလုံးသားရေပြင်ထက်
ခဏတက်တဲ့ ရေပွက်ကလေးတွေ
နှစ်မက်ခဲ့မိတာ
ဝန်ခံပါတယ် မေ….။
ကာလတွေတိုက်စား
ရေပွက်များပျောက်ကွယ်
နှလုံးသားငယ်တည်ငြိမ်ခဲ့သမျှ
(အချစ်ရယ်) မင်းနဲ့တွေ့မှပဲ
ရည်ရွယ်ရာ မျှော်လင့်ချက်
အချစ်အတွက် ချည့်ပဲ ဖြစ်လာခဲ့တယ်….။
ဖျက်ရခက်တဲ့ ဆေးစက်များ
နှလုံးသားမှာ စွန်းထင်း
မောင်စိန်ဝင်း ရဲ့ ‘အချစ်ဦး’ ကဗျာ
ရွတ်ဖတ်ကာ မခနဲ့ပါနဲ့
ရင်ထဲမှာ အချစ်ကလွဲရင်
အမြဲသတိရနိုင်တဲ့သူ
ဟောဒီဇမ္ဗူမှာ
ရှိနိုင်မှာ မဟုတ်တော့ပါဘူး။
အတိတ်ဆိုတာကို
ချဲလင်ဂျာ နဲ့အတူ
အာကာသဂူမှာ မြှုတ်နှံပြီး
ပစ္စုပ္ပန်အတွက်
ဆက်လက် ရင်ခုန်ကြရအောင်…။
အဦးဆုံးပန်းကို မဆက်ခဲ့ရသမျှ
အထူးဆုံးပန်းကို အချစ်နမ်းရအောင်
အလန်းဆန်းဆုံးပန်းကလေး
အချစ်အတွက် ပေးဆက်ပါရစေ…နော်။
လင်္ကာမချောလည်း ရှိစေတော့
လိမ်ညာမပြောရက်ပါဘူးမေ….။
အချစ်ဦးပါလို့
အချစ်ရူးရအောင်
ဘုရားစူးကျိန်တွယ်ပြီး
အချစ်ရယ်ယုံပါတော့လို့
ကြုံရာကိုယ်မပြောခဲ့ပါဘူးမေ….။
ပုထုဇဉ်လူသားမို့
နှလုံးသားရေပြင်ထက်
ခဏတက်တဲ့ ရေပွက်ကလေးတွေ
နှစ်မက်ခဲ့မိတာ
ဝန်ခံပါတယ် မေ….။
ကာလတွေတိုက်စား
ရေပွက်များပျောက်ကွယ်
နှလုံးသားငယ်တည်ငြိမ်ခဲ့သမျှ
(အချစ်ရယ်) မင်းနဲ့တွေ့မှပဲ
ရည်ရွယ်ရာ မျှော်လင့်ချက်
အချစ်အတွက် ချည့်ပဲ ဖြစ်လာခဲ့တယ်….။
ဖျက်ရခက်တဲ့ ဆေးစက်များ
နှလုံးသားမှာ စွန်းထင်း
မောင်စိန်ဝင်း ရဲ့ ‘အချစ်ဦး’ ကဗျာ
ရွတ်ဖတ်ကာ မခနဲ့ပါနဲ့
ရင်ထဲမှာ အချစ်ကလွဲရင်
အမြဲသတိရနိုင်တဲ့သူ
ဟောဒီဇမ္ဗူမှာ
ရှိနိုင်မှာ မဟုတ်တော့ပါဘူး။
အတိတ်ဆိုတာကို
ချဲလင်ဂျာ နဲ့အတူ
အာကာသဂူမှာ မြှုတ်နှံပြီး
ပစ္စုပ္ပန်အတွက်
ဆက်လက် ရင်ခုန်ကြရအောင်…။
အဦးဆုံးပန်းကို မဆက်ခဲ့ရသမျှ
အထူးဆုံးပန်းကို အချစ်နမ်းရအောင်
အလန်းဆန်းဆုံးပန်းကလေး
အချစ်အတွက် ပေးဆက်ပါရစေ…နော်။
ကဗျာတွေချစ်တဲ့ ကိုကာကြီးကို
ချစ်ခင်လေးစားတဲ့
ဘလက်ချော…။
Courage
March 16, 2015 at 1:59 am
“ချဲလင်ဂျာ နဲ့အတူ
အာကာသဂူမှာ မြှုတ်နှံ”တဲ့
ဆန်းလိုက်တဲ့ တင်စားမှုလေး။
အဟဲ ကိုဘလက်ချောလဲ ကျွန်တော့လို တန်းလန်းစွဲစရာ ရှိခဲ့ဖူတယ်ထင်ပါ့ 🙂
Mr. MarGa
March 15, 2015 at 5:00 pm
အချစ်ဦးလား
များလွန်းလို့ မေ့ကုန်ပြီ :mrgreenn:
Courage
March 16, 2015 at 2:03 am
အဟားးးး အားကျသဗျာာာာာ လေးလေးမာဃကို…
မြစပဲရိုး
March 15, 2015 at 8:49 pm
Happy Ending မဟုတ် တဲ့ အချစ်ဦး ဇာတ်လမ်းပေါ့ လေ။
ဟုတ်လား မောင်ကာကြီး။
အချစ်ဦး မို့ တစ်သက်စာ စွဲလန်းပါတယ် ဆိုတာ ကို ငယ်တုန်း က တော့ လှောင်ရီ ရီ ခဲ့ပါတယ်။
အခုကြီးလာတော့ သူများ တွေ စကား ကို သီအိုရီ အရ ယုံလိုက်ပေမဲ့ လက်တွေ့ အတွက် လုံးဝ မယုံ ပါဘူး။
တစ်ခုတော့ ရှိတယ်။
ဥမပါ ပေါ့နော်။
အိုင်ဖုန်း ကို အရင် စကိုင်ပြီး နောက်မှ တစ်ခြား ဖုန်း ပြောင်း သုံး ရ တာမျိုး ဆိုရင်တော့ လက်ခံ တယ်။
ဒါပေမဲ့ အိုင်ဖုန်း ချင်း တူ ရင်တော့ မိုဒယ် မြင့်လေ ပိုပြီး စွဲလန်းဖို့ ကောင်းလေ မဟုတ်လား ကောင်လေး ရဲ့။
ပုံ
အန်တီLove 😉
Courage
March 16, 2015 at 2:02 am
ဟုတ်ပါ့ ဒေါ်လေးမြရယ်။ အရင်က အကြောင်းတွေ ပြန်တွေးကြည့်တော့ ရီချင်လိုက်တာမပြောနဲ့။ အသစ်တွေ ဒီလောက်ကောင်းတဲ့ခေတ်မှာ အဲ့အဟောင်းကြီးမှာပဲ မလည်နေချင်ပါဘူး။
ခင်ဇော်
March 16, 2015 at 12:47 pm
အချစ်ဦးထက်
ချစ်တတ်တဲ့ အချိန်မှာ ချစ်ရတဲ့ ချစ်သူက ပိုချစ်ဖို့ကောင်းတယ်ဆိုလား ဘာလား
:kwi:
•*¨နန်းတော်ရာသူ •*¨
March 16, 2015 at 11:20 pm
အရှစ်အူးဂိုပဲ ရှစ်တတ်တဲ့အချိန်မှာ ပြန်ရှစ်လိုက်တယ်
Courage
March 17, 2015 at 1:30 pm
အာဟားးးးး အာ့ဆိုရင်တော့ ရှာကြည့်လိုက်ဦးမယ် ဗျို့ ့ ့ ့ ့ ့ ့