Noble Silence and Hearer
Noble Silence and Hearer
မနေ့ညက မိုးရွာသည်။
မိုးရွာသည် ဆိုခြင်းမှာ တစ်စုံတခုကို တစ်စုံတစ်ခုက အုပ်မိုးပြီး ရွာချခြင်း မဟုတ်ပါ။
မိုးဆိုသော အေးစက်စက်ရေစက်ရေပေါက်တွေက မြေမြင်ပေါ် အတားအဆီးမဲ့ ပြုတ်ကျလာခြင်းဟာ မိုးရွာခြင်းဖြစ်တယ်လို့ ခပ်လွယ်လွယ်ဆိုကြပါစို့။
မနေ့ညက မိုးရွာသည်။
ဒါပေမဲ့ အဲ့ဒီမိုးဟာ ရင်ထဲမှာ ရွာခဲ့တာပဲ။
ဟုတ်တယ်။ ဘယ်သူမှ မသိလိုက်ဘဲ တိတ်တိတ်ကလေး ရွာသွားသော ကျနော့်ရင်ထဲက မိုးဖြစ်သည်။
တကယ်တော့…. ကျနော့် ရင်ဘတ်တခြမ်းလုံး(ဘယ်ဘက် တစ်ခြမ်းလုံး) ရွှဲရွှဲ စိုသွားတဲ့အပြင် အေးစက်ထုံကျင်သွားသည်အထိ ဤမိုးက အငြိုးကြီးစွာ ရွာချခဲ့ခြင်းဖြစ်သည်။
မိုးစက်ကလေးများ ထိမိ စိုရွှဲခြင်းကို မဆိုထားနဲ့ လေပြေလေး ခပ်ဖွဖွ တိုးတိုက်သွားရင်တောင်မှ ကျနော်ဆိုတဲ့ နာကျင်ဖွယ်ရာ အတိပြီးတဲ့ ခန္ဓာတစ်ခုဟာ ပြိုလဲသွားမတတ် ဖြစ်နေပြီးသာ အဆင်သင့် ။
အပြောမဖြစ် ပြောရမည့် ကိစ္စတစ်ခုမှာ …. မနေ့ညက ကျနော့်အတွက် သီးသန့် ကျနော့် ရင်ဘတ်ထဲ ရွာထည့်ခဲ့သော မိုးကြောင့် ကျနော် ဒီနေ့ မဖျားမဖြစ် ဖျားရပါတော့မည်။
အဲ့ဒီလိုပါပဲ။ ကျနော်ဆိုတဲ့ကောင်က မကြာခဏ ဖျားနာနေကျ… ။
ဖျားနာခြင်းဟာ ကျနော့်ရဲ့ ငယ်ပေါင်းကြီးဖော်ဆိုပါတော့ ။ ဖျားနာခြင်းများနဲ့ ဘယ်လောက်များ ရင်းနှီးကျွမ်းဝင်လိုက်သလဲ ဆိုလျှင် ကျနော့်ကို ဦးတည်ပြောသော တချို့သူတို့၏ တချို့ စကားလုံးများကလည်း ကျနော့်ကို ဖျားနာစေတာပဲ။
တချို့ ကဗျာစာသားများကလည်း ကျနော့်ကို ဖျားစေစွမ်းတာပဲ။ တချို့ သတင်းတွေကလည်း ကျနော်ဖျားနာဖို့ လုံလောက်တာပဲ။
ဆိုတော့ ကျနော်သည် တခါတရံမှာ ဖျားနာခြင်းများနဲ့ နေသားကျနေပြီး အဲသည် ဖျားနာခြင်းများကိုပင် ပြန်လည်စားသုံးရင်း အာဟာရပြည့်ဝနေခဲ့သည်။
ဒီနေ့မနက်တော့ဖြင့် မရေရာခြင်း၊ မသေချာခြင်း၊ မှုန်ရီဝေဝါးခြင်းများက အိမ်လိပ်စာ မမှားပဲ ဆိုက်ဆိုက်မြိုက်မြိုက် တံခါးလာခေါက်သည်။ ခင်ဗျားသာ ကျနော်ဆိုလျှင်လည်း ဘယ်သူ့ကို တွေ့ချင်သလဲလို့ မေးနေမှာ မဟုတ်ချေ။
ကျနော့်ကို တွေ့ဖို့ လာခဲ့တာ သေချာရဲ့ မဟုတ်လား မသေချာခြင်းတို့ရေ… ။ ဒါပေမဲ့ ကျနော့်မှာက နာမည်မရှိ ။ အသက်မရှိ ။ အချက်အလက်များလည်း မရှိ။ မရှိခြင်းပင် မရှိ ။
သို့သော် ဝေဝါးထွေပြားမှုများနှင့်ဆောက်တည်ထားသော အကောင်အထည် ဒြပ်တစ်ခုတော့ဖြင့် စနစ်တကျ = မှားယွင်း တည်ရှိနေသည်။
ခပ်ညံ့ညံ့ ပန်းချီလက်ရာတစ်ခုလို ကျနော့်ဘဝမှတ်တမ်းစာအုပ်က စံသတ်မှတ်ချက် မရှိခဲ့ ၊ မပီပြင်ခဲ့ ။
ဘဝဟာ စာတစ်အုပ်ဆိုရင် ကျနော်ဟာ မျက်နှာဖုံးမရှိသော စာအုပ်တစ်အုပ်ပဲ။ မျက်နှာဖုံးမှာ ဘာခေါင်းစဉ်တပ်ရမှန်းမသိ။ မျက်နှာဖုံးနောက်ကျောဘက်မှာ ဘယ်အချက်ကို ဆွဲထုတ်ကောက်နှုတ်ပြထားရမှန်းမသိ။ ထို့အပြင် အတွင်းမှာ မာတိကာမရှိ ။ ၁ ပြီးရင် ၂ လာမယ် …၂ ပြီးရင် ၃ လာမယ် ဆိုသော အစီအစဉ်တွေ မရှိ ၊ စာမျက်နှာ အမှတ်စဉ် မရှိ ။
တချို့ စာမျက်နှာများတွင် စာသားပင် မရှိ ။ စာသား မရှိကြောင်းကို အသိပေးထားသော မှတ်ချက်ပင် မရှိ။
ရာဇဝင်တွင်အောင် နောက်တစ်ခါ ထပ်ပြောရလျှင် မရှိခြင်းများပင် မရှိ ။
တွေ့လား ၊ ကျနော် ပြောခဲ့တဲ့ စကားလုံးတွေ မရှိတော့ဘူး ။
စကားလုံးများသည် အသံအဖြစ် ပြောပြီး ကြားပြီးချိန်များနှင့် တပြိုင်နက်တည်းမှာ လွင့်ပျောက်ပျံတက်သွားပြီး စကြဝဠာ တစ်နေရာရာဆီ ရောက်ရှိ တွယ်ကပ်သွားတတ်သလား… ။
ဒါဆိုလျှင် အဲဒီ အသံတွေထဲက တချို့ အသံများကို ကျနော် ပြန်ကြားချင်ပါသည်။
ပြန်လည် ယူဆောင်ပေးနိုင်ခြင်းမှာ စွမ်းနိုင်သူတို့… ဆောင်ကြဉ်းပေးစေလိုပါသည်။
မင်းသမီးဒိုင်ယာနာ… မြို့ပြအမှောင်လမ်းကြားတွေဆီက ပြည့်တန်ဆာမိန်းကလေးတွေကို သွားရောက် နှစ်သိမ့်အားပေး စကားပြောခဲ့တဲ့ အသံများ… ။
ထို့နောက် လက်ဝဲသစ်ဖခင်ကြီး Herbert Marcuse(1898 – 1979) ပြောခဲ့တဲ့ ”လူတန်းစား”အကြောင်းနဲ့ ”နိုင်ငံရေး ပုံသဏ္ဍန်သစ်”တွေအကြောင်း ပြန်ကြားချင်လို့… လုပ်စမ်းပါ အသံလေးနည်းနည်း … ။
ကြားခွင့်ရမည်ဆိုလျှင်ပေါ့….
တခါတုန်းက မြတ်ဗုဒ္ဓကို တရားဟောဖို့ လျှောက်ထားကြတော့ … ဗုဒ္ဓဟာ တရားနာ ပရိသတ်နဲ့ တပည့်သာဝကတွေအရှေ့မှာ ငြိမ်သက်စွာထိုင်တော်မူနေရာကနေ ”စကားရယ်လို့ တစ်ခွန်းကိုမျှ မဆိုပါပဲ…. လက်တော်ထဲမှာ ရွှေရောင်အဆင်းရှိတဲ့ ပန်းကလေးတစ်ပွင့်ကိုသာ ကိုင်ပြ”ထားတော်မူသတဲ့။
အဲဒီ အသံမဲ့ တရားတော်ရဲ့ အဆုံးမှာ ဗုဒ္ဓရဲ့ နံပါတ် ၁ သာဝကကြီး ဖြစ်တဲ့ ”ရှင်မဟာ ကဿပ” တစ်ဦးတည်းသာလျှင် အနက်အဓိပ္ပာယ်ကို နားလည်သိရှိ ခံစားလိုက်နိုင်တယ်လို့ ဖတ်ဖူးခဲ့လို့….. ။ အဲဒီတရားဟာ မြတ်ဗုဒ္ဓရဲ့ အနက်ရှိုင်းဆုံးတရားတော်တစ်ပုဒ်လည်းဖြစ်တယ်တဲ့။ အခု အဲသည် ”Noble Silence” (ကြီးမြတ်သော တိတ်ဆိတ်ခြင်း) ကို ကြားခွင့်ရချင်တယ်။
ဒါမှမဟုတ်…..
The waves die down
Their circle come to rest
Like final chords
Of a symphonic score.
Sound dies away
And silence become song;
Light Radiates
From the transparent ground.
ကျေးဇူးပြုပြီး အဲဒီ စာသားတစ်ပိုဒ်ကို ကဗျာဆရာကြီး Ezrapound (1885 – 1972) ရွတ်ဖတ်ပြတာကို ကြားချင်လိုက်တာ။ အဲဒီ စာသားဟာ ကဗျာတစ်ပုဒ်တော့ မဟုတ်ဘူးပေါ့ ။
ဒါပေမယ့် ကဗျာဆရာ့နှုတ်က ထွက်လာတဲ့အသံဟာ ကဗျာဆန်သောအသံဖြစ်လိမ့်မယ်။ အထူးသဖြင့် တိတ်ဆိတ်ခြင်းရဲ့ အသံကို ကဗျာဆရာတွေ တိတ်ဆိတ်စွာ ဆိုညည်းပြနိုင်လိမ့်မယ်။ ကျနော် ယုံတယ်လေ။ ဟုတ်ကဲ့ ။ ခင်ဗျားလည်း လိုက်ယုံသင့်ပါတယ် ။ ယုံလိုက်သင့်ပါတယ်။
ထက်ထက်မိုးဦးရဲ့ ပန် ပန် ပန်ပန့်ပန် ဆိုတဲ့ ဟန်နဲ့ အသံကိုလည်း ပြန်ကြားချင်တာပဲ။ John Barth ရဲ့ Giles Goatboy ဆိုတဲ့ မော်ဒန်ဝတ္ထုကို သူကိုယ်တိုင်ဖြစ်စေ တာရာမင်းဝေဖြစ်စေ ဖတ်ပြတဲ့အသံလေးလည်း ကြားချင်တာပဲ။
သီချင်းစာသားကို မဆိုပဲ ပါးစပ်ပိတ်ပြီး သံစဉ်ညည်းသံလေးသီးသန့်ကို စိုင်းထီးဆိုင်ဖြစ်စေ ထူးအိမ်သင်ဖြစ်စေ ဆိုညည်းပြတဲ့အသံလေး ကြားချင်သေးတယ်။ သီချင်းသံစဉ်ကတော့…. ဒီကမ္ဘာမှာ စစ် စစ် စစ် မဖြစ်ရာမြေ…. တစ်နေရာ ရှိရှိ… ရှိရမယ်လေ….. စသည်ဖြင့်…
.နေဦး … ကြားချင်တာတွေ ကျန်သေးတယ်။
”It is society itself , which under communism becomes this work of art !!!!လို့
ကြွေးကြော်သံကို ကြားချင်လို့ ….
.ကျေးဇူးပြုပြီး ပြန်လည် နိုးထခဲ့ပါလား Leon Trotsky (1879 – 1940)ရယ်။
ဒါမှ မဟုတ်လည်း ဝင်းဦးရဲ့ ပြာရီမှိုင်းကာ……. ဆိုတဲ့ တေးသွားကို စာသားမပါပဲ လေကလေးချွန်၍ဖြစ်စေ…ပါးစပ်ပိတ်ပြီး သံစဉ်ညည်း၍ ဖြစ်စေ… ကြားချင်လှပါရဲ့။
ဒါမှမဟုတ်လည်း Shake Speare နဲ့ Thomas Rymer တို့ Othello ပြဇာတ်ကြီးကို ဆရာရှိတ်က ဖတ်ပြ….ဆရာထောမတ်စ်က ဘေးက ထိုင် ဝေဖန်… အဲ့လိုမျိုး ကြားချင်သေးတယ်။
.နောက်ပြီး …မန္တလေးက ”ဂီတဘုရင်ကြီး ဆရာမြို့မငြိမ်း”ရဲ့ ”ကသစ်ပန်း”ဆိုတဲ့ သီချင်းစာသားလေးတွေကို မန္တလေးသိန်းဇော်ဖြစ်ဖြစ် အန်တီမာမာအေးဖြစ်ဖြစ် ဆိုညည်းပြတာ နားထောင်ချင်လိုက်တာ…. ကသစ်ပန်းထဲက ဟောဒီ စာသားလေး…လေ
” လွဲခဲ့ကြရှာ…. နတ်တို့ အသူရိန်တွေဟာ …. ဘုံသာဝေယံ နန်းမြင့်က…. ကသစ်ပန်းပွင့်ရတုမှာ….သဘင်ပွဲ…ပြုကာ…. အို…သခွတ်ဖြူစွာ…. အပွင့်ကိုသာမြင်တော့မှ…. ဝတိ ံတွင် မဟုတ်လားဟရို့…ရဲ့…. သေနင်ဗျူဟာ….နတ်အသူရာမင်းငယ်လေ….. စစ်ခင်းကုမယ်လား…ရွှေဝတိ ံသာ…….
အင်း… ဒီပုံအတိုင်း ဆိုရင်တော့ ကျနော် တော်တော်များ လောဘကြီးသွားသလား…
အဲဒီလိုပဲ…တခါတခါ ကျနော်က ဆင်ခြင်နိုင်စွမ်းမဲ့သွားတတ်တယ်… ။
အဲဒီအတွက်တော့ ကျနော့်လို လူတွေနဲ့ ထိုက်တန်တဲ့ စကားတစ်ခွန်းဖြစ်ဖြစ် ပြောပြမှာကို ကြားချင်တယ်။
ဥပမာ ၁၉၉၅ ခုနှစ်လောက်က သူ့ကိုယ်သူ သတ် သေသွားတဲ့ ပြင်သစ် ဒဿန ပညာရှင် GILLES DELEUZE ဆိုသူရဲ့ စကားတစ်ခွန်းဖြစ်ဖြစ်ပေါ့ ။
”Many people have a tree growing in their heads,
but the brain itself is much more a grass than tree.”
အဲ့ဒီ စကားကို ကျနော်ကြားနိုင်ဖို့ ဖြူဖြူကျော်သိန်းများ ပြောပေးမလားလို့ မေးကြည့်ရဦးမယ်။
——————–
ချစ်ခင်လေးစားလျက်…
Maung Thura @ အလင်းဆက်
14 / 03 / 2015 / 13 : 12 PM
10 comments
Kaung Kin Pyar
March 30, 2015 at 9:32 am
နီ စာဖတ်တာတွေ များနေပြီ….
တိတ်ဆိတ်ခြင်းမှာလဲ စကားသံတွေ ပါတာ..လက်ခံပါတယ်…။ တခါတလေမှာ ဘာမှမပြောလိုက်တာက ပြောလိုက်တာထက် ပိုထိရောက်တာလဲ ရှိတယ်…။ ဒီပိုစ့်ဖတ်ပြီး တွေးစရာတွေရော လွမ်းစရာသီချင်းတွေရော..အများကြီး ရလိုက်တယ်..။
စာအရေးအသား တော်တော်ကောင်းတာပဲ…။
Alinsett@Maung Thura
March 30, 2015 at 9:46 am
အနုပညာမှာ ပြောခြင်း ပြခြင်းနဲ့အပြိုင်
မပြောခြင်း မပြခြင်းတို့ဟာလည်း အရေးပါလာပြီဖြစ်ပါကြောင်းးး
ပိုစ့်မော်ဒန်ခေတ်မှာ အနုပညာဖန်တီးလာသူတို့ သိကြပြီ။
😆
စာအရေးအသားကို ချီးကျူးတဲ့အတွက် ကျေးဇူးလည်းတင်မိ
ဝမ်းလည်းသာမိ
ဝင့်ပြုံးမြင့်
March 30, 2015 at 11:49 am
.အနုပညာသာ မရှိရင် လူ့လောကကြီးဆိုတာလည်း ဘယ်ရှိမလဲနော်။ အားလုံးဟာ အရုပ်တွေ ဖြစ်နေတော့မှာပေါ့။ ဖတ်လို့ကောင်းပါတယ် အလက်ဇင်းရေ။
Alinsett@Maung Thura
March 30, 2015 at 12:18 pm
အစ်မ လာဖတ်သွားတဲ့အတွက် ကျေးဇူး…
စကားဇွတ်စပ်… အစ်မရဲ့ နှစ်ဘဝနှစ်ကန္တာကို ဖတ်နေတာ …စာမျက်နှာ ငါးဆယ်လောက်တော့ ပြီးပြီ…
အဲ….ဘာလို့များ အဲ့သလို ဘာသာပြန်ထားသလဲ…ဘာလို့များ… အဲဒီစကားလုံးတွေ သုံးထားလဲလို့…မေးရမယ့် မေးခွန်းက… ငါးခု မကတော့ဘူး..
မှတ်စုနဲ့ ထုတ်ထားတယ်… ပြီးမှ မေးမယ်..
:k:
naywoon ni
March 30, 2015 at 9:02 pm
စောစောကလေးပဲ ဆြာSitt Nyein ရဲ့ စတေးတပ်စ်လေးတွေ့လိုက်ရသေးတယ် ။
” အနုပညာကို ငါတို့ငြင်းလို့မရ
ငါတို့ကိုသာ အနုပညာက ငြင်းလို့ရတယ် ” တဲ့
ကဲ ငြင်းချင်တဲ့သူငြင်း ! 🙂
Alinsett@Maung Thura
March 31, 2015 at 9:55 am
စာပေအနုပညာက ကျနော့်ကို အသည်းခွဲမသွားလောက်တဲ့
ကျနော့်ချစ်သူ
😆
ခင်ဇော်
March 31, 2015 at 2:36 pm
ဖတ်နေရင်း ကင်းကောင်လေး တွေးသလို တွေးလိုက်မိတယ်။
စာဖတ်တဲ့ အပြင် ခံစားချက်ပြင်းထန်မှ ထွက်လာတဲ့ စကားလုံးတွေ စာကြောင်းတွေမို့
အလကားပေါပေါပဲ ပဲ ဖြစ်လာတဲ့ စာမျိုးထက် တန်ဖိုးရှိပါတယ်။
🙂
Alinsett@Maung Thura
March 31, 2015 at 2:45 pm
မပျက်မကွက် လာရောက် ဖတ်ရှုအားပေးသွားတဲ့ မမဂျီးကိုလည်း ကျေးဇူးပါလိုစ့်…
😆
အောင် မိုးသူ
March 31, 2015 at 3:31 pm
ရေးအားကောင်းတဲ့ အလင်းဆက် ဒညင်းဝက်
Alinsett@Maung Thura
March 31, 2015 at 3:51 pm
.အောင်မိုးသူလည်း..ရေးအားရော တွေးအားပါ ကောင်းပါတယ်နော်.. ။
.ရသတွေ ဖန်တီးပါဦး ။