၂၀၀၈ နဲ့နာဂစ်အတွေ့အကြုံ
၂၀၀ရ ခုနှစ် စက်တင်ဘာလမှာ ကျွန်မတို့ တက္ကသိုလ်ပထမနှစ် နောက်ဆုံးစာမေးပွဲ ဖြေရပါတယ်။ အဲဒီအချိန်မှာ ရွှေဝါရောင်တော်လှန်ရေးဖြစ်တော့ ကျောင်းပိတ်ချိန်ကို တစ်လထပ်တိုးပြီး ၂၀၀ရ ခုနှစ် ဒီဇင်ဘာလမှာ ဒုတိယနှစ် ပြန်တက်ရမယ့်အစား ၂၀၀၈ ခုနှစ် ဇန်နဝါရီလမှာမှ ကျောင်းပြန်တက်ရပါတယ်။ မတ်လကုန်မှာ စာသင်နှစ်ဝက် ကျောင်းပြန်ပိတ်တော့ စာသင်ချိန် (၃) လတည်းရှိတဲ့အတွက် ပထမနှစ်ဝက်စာမေးပွဲကို ဇွန်လကျောင်းပြန်တက်မှ ဖြေရမယ်ဆိုလို့ စာအုပ်တွေတစ်ထပ်ကို ပိုက်ပြီး ပြည်တော်ပြန်ရပါတော့တယ်။
၂၀၀၈ ခုနှစ် ဧပြီလ (၇) ရက်နေ့မှာ အဘွားဆုံးပါတယ်။ ကျွန်မအတွက်တော့ အကြီးမားဆုံး ဆုံးရှုံးမှုတစ်ခုပါပဲ။ အမေက မောင်လေးကို ထပ်မွေးတော့ ကျွန်မအသက်က တစ်နှစ်ကျော်ကျော်လေးရယ်။ အဲဒီအချိန်ကတည်း နို့ဖြတ်ပြီး အဘွားနဲ့ အိပ်ခဲ့ရတာပါ။ အဘွား
ဘယ်သွားသွား တောင်ဝှေးလိုပဲ လိုက်ခဲ့ရတယ်။ ဆယ်တန်းအောင်လို့ တက္ကသိုလ်သွားတက်တော့လည်း မိဘထက် ကျွန်မကို ပိုလွမ်းခဲ့သူက အဘွားပါ။ သောကြာနေ့ရောက်ပြီဆို ကျွန်မ ပြန်လာမှာလားဆိုပြီး အမေ့ကို အမြဲဖုန်းဆက်ခိုင်းတယ်။ ကျွန်မများ ပြန်လာမယ်ဆိုရင် အိမ်ရှေ့မှာ တမျှော်မျှော်နဲ့ပေါ့။ ကျွန်မလက်ပေါ်မှာပဲ ဆုံးသွားခဲ့တဲ့ အဘွားအတွက် ကျွန်မ အသံမထွက်ဘဲ ငိုခဲ့ရပါတယ်။ ကျွန်မအသံကြောင့် တစ်ခုခုစွဲလန်းသွားပြီး ဘဝအကူးမှာ အနှောင့်အယှက်ဖြစ်မှာစိုးလို့ပါ။ ဒါပေမယ့် တကယ်တမ်းတော့ အဘွားက ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်နိုင်တဲ့ ကျွန်မကို စိတ်ချသွားခဲ့ပြီး ပညာတစ်ပိုင်းတစ်စနဲ့ မောင်လေးအတွက် အတော်လေး နောက်ဆံတင်းသွားခဲ့ပါတယ်။
ဧပြီလ (၁၄)ရက်နေ့မှာ အဘွားရက်လည်ပါတယ်။ သင်္ကြန်အကျနေ့ဟာ ကျွန်မအတွက်တော့ ဝမ်းနည်းမှုတွေပြည့်ခဲ့ရတဲ့ နေ့တစ်နေ့ပါပဲ။ သင်္ကြန်အကြိုနေ့မှာ ရေစိုစိုနဲ့ ရက်လည်ဖိတ်စာ လိုက်ဝေခဲ့ရတာကိုလည်း အမှတ်ရနေတုန်းပါပဲ။ အကျနေ့တစ်နေ့လုံး အလှူကိစ္စတွေနဲ့ အလုပ်တွေရှုပ်နေလို့ မသိသာလှပေမယ့် ညဘက်ရောက်လာတဲ့အချိန်မှာတော့ ကျွန်မတို့ သားအမိသားအဖ (၄) ယောက်ရယ်၊ ဘေးအိမ်က အန်တီလင်မယားရယ်နဲ့ ကျွန်မတို့အိမ်ဟာ တိတ်ဆိတ်ခြောက်ကပ်နေပါတော့မယ်။ မီးပျက်နေတဲ့ညမှာ မှန်အိမ်လေးကို ထွန်းထားရင်း ည ( ၁၂)နာရီကျော်ရင် အဘွားက အိမ်ကနေ အပြီးတိုင်ဆင်းသွားရတော့မယ်ဆိုတဲ့ အသိနဲ့ ကျွန်မတို့တွေ စကားမပြောဖြစ်ခဲ့ကြပါဘူး။ ဖြစ်နိုင်ရင် မသွားပါနဲ့လား အဘွားရယ်လို့ ဆွဲထားချင်ခဲ့မိပါတယ်။
ဧပြီလကုန်ပိုင်းလောက်မှာ သူငယ်ချင်းအစ်ကို မင်္ဂလာဆောင်လို့ သူတို့ရွာကို သွားလည်ဖြစ်တယ်။ စိတ်ပြေလက်ပျောက်သဘောလည်း ပါတာပေ့ါ။ စိတ်မကောင်းဖြစ်ရတဲ့အထဲ စာမေးပွဲဖြေဖို့ စာတွေကလည်း ကျက်ရသေးတာကိုး။ ဟိုရောက်တော့ (၂) ညအိပ်ပြီး ပြန်ဖို့ အစီအစဉ်ကို မပြန်ခိုင်းဘဲ ဆက်ဆွဲထားကြတယ်။ အားနာနာနဲ့ တစ်ရက်ထပ်နေအပြီးမှာတော့ သူငယ်ချင်းမွေးနေ့ရှိတာနဲ့ပဲ မပြန်ရင်မဖြစ်လို့ပါဆိုပြီး စိတ်အဆိုးခံ အတင်းပြန်လာခဲ့တယ်။ အဲဒီနေ့က မေလ (၁) ရက်နေ့။ ကံကောင်းတယ်ပဲ ပြောရမလားမသိဘူး။ နာဂစ်ဖြစ်တော့ သူတို့တွေအိမ်လည်း ရေတွေမြုပ်တာ ရေကူးတတ်တဲ့သူတွေတောင် မနည်းအသက်လုရတယ်တဲ့။ ရေမကူးတတ်တဲ့ ကျွန်မသာ ရှိနေခဲ့လို့ကတော့ ရေထဲပါသွားမှာ အသေအချာပဲပေါ့။
မေလ (၂) ရက်နေ့ မနက်မှာတော့ သူငယ်ချင်းမွေးနေ့မှာ တစ်နေကုန်နေဖြစ်တယ်။ မုန့်တွေစားကြ၊ ကစားကြနဲ့ အတော်ပျော်စရာကောင်းပါတယ်။ မုန်တိုင်းရှိတယ်ဆိုတဲ့ သတင်းလည်း ကြားမိတာပေါ့။ ညနေ (၄)နာရီလောက်မှ ပွဲပြီးတော့ အိမ်ကိုပြန်လာတယ်။ အိမ်ရောက်တော့ ရွာက ဆန် (၂)အိတ်ပို့ထားလေရဲ့။ အဲဒီအချိန်က ရွာမှာ လယ်လေးတွေရှိတယ်။ သီးစားချထားတာပေါ့။ လဆန်းရက်တိုင်း ဆန် (၂) အိတ်ပို့ပေးတယ်။ အခုလည်း (၂) ရက်နေ့ဆိုတော့ ရောက်နေပြီပေါ့။ နောက် အဒေါ်တစ်ယောက်က ဆေးခန်းလာပြမယ်ဆိုပြီး ဘဲဥတောင်း (၁) တောင်းနဲ့ ရောက်လာတယ်။ ဘဲဥရောင်းရတဲ့ငွေနဲ့ ဆေးခန်းပြ၊ ဈေးဝယ်ပြီး ပြန်မယ်တဲ့။
ညနေပိုင်းကတည်းက ရန်ကုန်က အဒေါ်တွေကလည်း ဖုန်းတွေ တောက်လျှောက်ဆက်နေတယ်။ မုန်တိုင်းဝင်မယ်၊သတိဝီရိယနဲ့ နေကြပါဆိုပြီး သတိပေးနေတာ။ ကျွန်မတို့ကလည်း မုန်တိုင်းဝင်တာ သိပ်မဆန်းပါဘူးပေါ့။ ညနေ (၆) နာရီလောက်မှာတော့ လေက နည်းနည်းကြမ်းလာတယ်။ ဘေးအိမ်က ဦးလေးက လေကြမ်းရင် ဓားနဲ့ကြိမ်းရတယ်ဆိုပြီး အိမ်ရှေ့ကနေ ဓားမကြီးထောင်ပြီး အော်လေရဲ့။ “နာဂစ်ရေ.. ဓား ဟေ့ ဓား.. သတိထား” ဆိုပြီး အော်တော့တာ။ ရေဒီယိုက ကြေညာထားလို့ မုန်တိုင်းနာမည်က “နာဂစ်” ဆိုတာလည်း သိနေတာကိုး။ ရန်ကုန်ကလည်း ဖုန်းဝင်လာပြန်ရော။ ဘိုကလေးမှာ ဝင်နေပြီ၊ ဒေးဒရဲကို မကြာခင်ဝင်မယ်၊ သတိထားပါ ဆိုပြီး ပြောတယ်။ လမ်းထဲမှာလည်း အသံချဲ့စက်ကို ဆိုက်ကားပေါ်တင်ပြီး လိုက်အော်နေတယ်။ မုန်တိုင်းဝင်မယ် သတိထားပါ ဆိုပြီး။ လေက တအားကြမ်းလာတာနဲ့ အသံချဲ့စက်က ဆုံးအောင်တောင် မအော်နိုင်ဘူး ပြန်ပြေးရတာပဲ။ ကျွန်မတို့လည်း အိမ်ထဲမှာ ကုပ်ကုပ်လေးနဲ့ပေါ့။ မီးတွေအကုန်ပျက်၊ မှန်အိမ်လေးကို လေကွယ်ရာမှာ ထွန်းထားပြီး ငြိမ်ငြိမ်လေး ထိုင်နေရင်း ကျွန်မ အိပ်ငိုက်လာတယ်။ ဒီလိုနဲ့ည (၈) နာရီလောက်မှာ ကျွန်မ အိပ်ပျော်သွားပါလေရော။
တဝေါဝေါအသံတွေကြောင့် ကျွန်မ နိုးလာတယ်။ ဘာဖြစ်တာလဲလို့အလန့်တကြားနဲ့ မေးမိတော့ လေတိုက်နေတာတဲ့။ နာရီကို ကြည့်မိတော့ (၁၀)နာရီ။ ဇာတ်လမ်းတွေထဲက လေယာဉ်တွေ ဗုံးကြဲနေသလိုပဲ။ ဝုန်းဒိုင်းကို ကြဲနေတာ။ ပြတင်းပေါက်တွေ အကုန်လုံးလည်း ဖွင့်ချထားလိုက်ရတယ်။ ပစ္စည်းတွေအကုန်လုံးလည်း လေဒဏ်ကြောင့် အလဲလဲအပြိုပြိုပေါ့။ အမေကတော့ ရေစိုမခံတဲ့ပစ္စည်းတွေကို အကွယ်ကို ရွှေ့သင့်တာရွှေ့တယ်။ လေက လုံးဝမလျော့သွားဘူး။ ချွင်..ခွမ်း ဆိုတဲ့ အသံတွေလည်း ကြားရတယ်။ ပြတင်းပေါက်ကနေ ဓာတ်မီးထိုးကြည့်တော့ ဘေးအိမ်က ဂြိုလ်တုစလောင်းတွေ အကုန်ပြုတ်ကျတာ။ အမိုးတွေလည်း လန်ကုန်ပြီ။ အမေကလည်း ခေါင်မိုးကို ဓာတ်မီးနဲ့ ခဏခဏထိုးကြည့်တယ်။ တစ်အိမ်လုံးလည်း ရေတွေစိုနေပြီ။ လေကွယ်၊ ရေကွယ်တာဆိုလို့ အောက်ထပ်မှာ အိပ်ခန်းလိုလုပ်ထားတဲ့ထောင့်က ကုတင်ပဲရှိတယ်။ တစ်အိမ်လုံး အဲဒီကုတင်ပေါ်မှာပဲ စုနေကြရတာပေါ့။ တစ်ခုခုအသံကြားရင် အမေက အိမ်ပေါ်ကို ဓာတ်မီးတစ်လက်နဲ့ တက်ကြည့်တယ်။ အမေနဲ့ အတူတူလိုက်တက်ရင် အဆူခံရပါလေရော။ ဘာလိုက်လုပ်တာလဲ၊ နေခဲ့တဲ့။ အော် သမီးလည်း အိမ်မှာ သမီးကြီးပဲ၊ ကိုယ့်အိမ်ဘာဖြစ်လဲ သိသင့်တာပေါ့ ဆိုတော့ နင်က ဘာလုပ်ပေးတတ်လို့လဲတဲ့။ မောင်လေးကလည်း အမေ့လေသံအတိုင်း ရောဆူတယ်။ ဟုတ်တော့လည်း ဟုတ်တယ်။ အဲဒီအချိန်က ကျွန်မက အိမ်မှာ စာကျက်တာကလွဲလို့ဘာမှ ဖြစ်ဖြစ်မြောက်မြောက် မလုပ်တတ်ဘူး။ ပုံနှိပ်စက်လုပ်တဲ့အိမ်မှာ နေပြီး ကိုယ့်စာအုပ်တောင် ကိုယ်မချုပ်ဘူး။ သူများက ချုပ်ပေးရတာ။ အဲဒီတော့ သူတို့ပြောသမျှ ငုံ့ခံပြီး ငြိမ်နေရတာပေါ့။
တစ်အိမ်လုံး အလုပ်ရှုပ်နေပြီး ညသန်းခေါင်ကျော်တော့မှ ကျွန်မက တစ်စခန်းထတယ်။ စာအုပ်တွေ။ အခုမှ သတိရတာ။ ငါ့စာအုပ်တွေ ရေများမျောနေပြီလား ဆိုပြီး အမေ့ကို အလန့်တကြားမေးတော့မှ ငါသိမ်းထားတယ်တဲ့။ တော်လိုက်တဲ့ ကျောင်းသား၊ စာအုပ်တောင် မေ့နေတယ်၊ ငါသာ မသိမ်းထားရင် ဘယ်လိုလုပ်မလဲ ဘာညာဆိုပြီး ပွားတော့တာပဲ။ ဖြစ်ချင်တော့ အဲဒီနေ့မှာ အဖေက မရှိဘူး။ အမေနဲ့ ရန်ဖြစ်ပြီး ရွာက အဒေါ်တွေအိမ်ကို သွားနေတာ တစ်ပတ်လောက်ရှိပြီ။ ဒါပေမယ့် အဖေသွားနေတဲ့ အိမ်က အဒေါ့်ယောက်ျားက အလုပ်ကိစ္စနဲ့ အိမ်ကို ရောက်နေတယ်။ ဘေးအိမ်တွေအကုန်လုံးလည်း အမိုးတွေလန်ကုန်ပြီဆိုတော့ သူတို့တွေရော၊ ဧည့်သည်တွေရော၊ ကျွန်မတို့သားအမိရော အိမ်မှာ အကုန်စုနေကြတာ။ အိမ်ဘေးမှာက သက်တမ်းရင့် မန်ကျည်းပင်နဲ့ အုန်းပင်တစ်ပင်ရှိတယ်။ အဲဒါတွေများ အိမ်ပေါ်လဲကျရင်ဆိုပြီးလည်း ပူရ၊ ရွာက အမျိုးတွေကို လှမ်းပူရ နဲ့တစ်ညလုံး ဘုရားစာတွေ တတွတ်တွတ်ရွတ်နေရတယ်။ အပြင်မှာ မှောင်နေတော့ ဘာတွေဖြစ်နေမှန်းလည်း မသိဘူး။ တဝုန်းဝုန်း တဝေါဝေါ အသံတွေကတော့ မရပ်မနားပေါ့။
မေလ (၃)ရက်နေ့မနက် (၅) နာရီလောက်ကျတော့ အလင်းရောင်ရလာပြီ။ အိမ်ဝက ချောင်းကြည့်တော့ ကိုယ့်ကိုကိုယ် တီဗီထဲရောက်နေသလားတောင် ထင်ရတယ်။ ဟုတ်တယ်။ နိုင်ငံတကာသတင်းထဲမှာပဲ မြင်ဖူးတဲ့ မုန်တိုင်းမြင်ကွင်းကို အမြင်မှာ မြင်နေရတာ။ လေကတော့ နည်းနည်းကျသွားပြီ။ ဒါပေမယ့် အပြင်မထွက်ရဲသေးဘူး။ (၇) နာရီလောက်ကျတော့ အတော်လေး တည်ငြိမ်လာပြီ။ ဒါတောင် ကိုယ်တွေက မထွက်ရဲသေးဘူး။ သွပ်ပျံတွေဘာတွေ မိမှာစိုးလို့။ ဒါပေမယ့် လူကြီးတွေကတော့ အပြင်ထွက်က စနည်းနာတဲ့သူကနာ၊ သွပ်တွေ လိုက်ကောက်တဲ့သူကကောက်၊ ကိုယ့်အိမ်ကသွပ်ကို သူများက ကောက်သွားလို့ အော်တဲ့သူကအော် နဲ့ နည်းနည်းတော့ လှုပ်လှုပ်ခတ်ခတ်ဖြစ်လာပြီ။ ကျွန်မတို့အိမ်ကတော့ တစ်အိမ်လုံး ရေစိုနေတာကလွဲလို့ ဘာမှ ကြီးကြီးမားမားမဖြစ်ဘူး။ အမိုးလည်း မလန်တော့ တော်သေးတယ် ပြောရမယ်။
အဲဒီအချိန်မှာ ဖြစ်လာတာက ဗိုက်ဆာတာ။ မနက်စာ စားချိန် ရောက်လာပြီကိုး။ ဒါပေမယ့်လည်း တစ်မြို့လုံး ဒီလိုဖြစ်ထားတာဆိုတော့ စားစရာက ဘယ်နေရာသွားရှာရမှန်း မသိဘူး။ မုန့်ဟင်းခါးစားချင်စိတ်က လှိုက်တက်လာတယ်။ ပြောလိုက်ရင် အအော်ခံရမှာစိုးလို့ ပြောလည်း မပြောရဲဘူး။ ရေချည်း လှိမ့်သောက်နေရတာ။ နောက် လူကြီးတွေလည်း ဆာလာပုံရပါတယ်။ စားစရာ စီစဉ်ကြတယ်။ မနေ့ညနေက လာပို့ထားတဲ့ ဆန် (၂)အိတ်က မိုးလွတ်ရာမှာ အကောင်းအတိုင်းရှိတယ်။ ဆေးလာပြတဲ့ အဒေါ်ရဲ့ ဘဲဥတောင်းကလည်း အဆင့်သင့်။ တစ်ခုပဲ။ မီးမွှေးစရာမရှိတာ။ မီးသွေးတွေအကုန်လုံးက ရေစိုနေပြီလေ။ ကံကောင်းစွာနဲ့ပဲ အိမ်ရှေ့က မီးသွေးရောင်းတဲ့အိမ်က ရေမစိုတဲ့မီးသွေးတွေရှိတယ်တဲ့။ ဒါနဲ့ မီးသွေးတစ်အိတ်သွားဝယ်ပြီး နို့ဆီဗူး (၆) လုံးဝင်အိုး (၂) အိုးကို အပြန်ပြန်အလှန်လှန် တည်၊ ဘဲဥကို ခေါက်ကြော်ပြီး ငံပြာရည်ဖျော်နဲ့ စားကြတာ။ ဘေးအိမ်တွေအကုန်လုံးကိုလည်း ကျွေးပေါ့။ ထမင်းပူပူ၊ ဟင်းပူပူ နဲ့ငံပြာရည်ဖျော် စားကောင်းချက်က မောင်နှမ (၂) ယောက်စားတာ ထမင်းအိုးကို တစ်ဝက်ကျော်ကုန်တယ်။
မနက် (၉)နာရီလောက်ကျတော့ အဒေါ့်ယောက်ျားက အိမ်ကို စိတ်မချလို့ဆိုပြီး အပျက်အစီးတွေကြားထဲကနေ ရွာကို ကုန်းကြောင်းလျှောက်ပြန်သွားတယ်။ ကိုယ်တွေလည်း မြို့ကို ပတ်ကြည့်တော့မှ အလဲလဲအပြိုပြိုတွေပဲ။ မြို့ပေါ်က အပျက်အစီးသိပ်မများလှဘူး။ ရွာဘက်တွေနဲ့ ယှဉ်ရင်ပေါ့လေ။ ကိုယ့်အိမ် ဘာမှမဖြစ်တော့ သူငယ်ချင်းတွေအိမ် အပြေးအလွှားလိုက်မေးရတာ။ သူတို့လည်း ကြီးကြီးမားမား ထိခိုက်တာ ဘာမှမရှိခဲ့ဘူး။ အိမ်ပြန်လာပြီး ယောင်ခြောက်ဆယ်လုပ်နေရင်းနဲ့မှ သွားတွေ့တယ်။ အိမ်အမိုးပေါ်မှာ မန်ကျည်းကိုင်း
ကြီး တင်နေတာ။ မပြိုလို့ တော်သေးတယ်။ အဲဒီကိုင်းကြောင့်လည်း အမိုးမလန်တာ ဖြစ်လောက်တယ်။ အဲဒါနဲ့ ကိုင်းကြီးကို ဝိုင်းဖယ်ကြတာ အိမ်ဘေးက အိုးတစ်လုံးကွဲသွားပါလေရော။
ညနေကျတော့ အဖေပြန်ရောက်လာတယ်။ ရွာက သောက်ရေလာယူတဲ့သူတွေနဲ့ လိုက်လာတာ။ ရွာတွေမှာလည်း အသေအကျေအပျက်အစီး အရမ်းများတယ်တဲ့။ စားစရာ၊ သောက်စရာ ဘာမှမရှိတော့ဘူးတဲ့။ အခုလာတာတောင် အလောင်းတွေကြားထဲက မနည်းဖယ်လာရတာတဲ့။ ရွာက အဒေါ်တွေကတော့ ဘေးကင်းပါတယ်တဲ့။ အိမ်မပြိုခင် စပါးကျီထဲ အမှီဝင်လိုက်နိုင်တယ်တဲ့။ တစ်ညလုံးတော့ လူကြီးတွေရော၊ ကလေးတွေရော မိုးစိုစိုကြားထဲ နေရတာပေါ့တဲ့။ စိတ်မကောင်းလွန်းလို့မျက်ရည်တောင် ကျမိသေးတယ်။
နောက်ရက်ကျတော့ စားစရာအတွက် စဉ်းစားကြရတာပေါ့။ ဈေးနှုန်းတွေက အကုန်တက်ကုန်ပြီလေ။ ရေစိုနေတဲ့ဆန်တွေတောင် ဈေးကြီးတယ်။ ဒါပေမယ့် မတတ်နိုင်ဘူး။ စားစရာမရှိမှာစိုးလို့ သွားဝင်ရတာပဲ။ ပြီးမှ အိမ်ပေါ်ထပ်မှာ နေလှမ်းထားရတာပေါ့။ ဒီကြားထဲက လေးစားဖို့ကောင်းတဲ့သူတစ်ယောက် ထွက်လာတယ်။ ကျွန်မတို့အိမ်နားမှာ ကုန်ခြောက်ဆိုင်တစ်ဆိုင်ရှိတယ်။ မပိုက်ဆိုင်တဲ့။ ဒေါ်ပိုက် ဆိုတဲ့ အဒေါ်ကြီးရောင်းတာ။ သူ့နာမည်ကို အစွဲပြုပြီး မပိုက်ရဲ့ဆိုင်၊ မပိုက်ဆိုင်လို့ နာမည်တွင်သွားတယ်ပေါ့။ သူများတွေ ဈေးတွေတင်ရောင်းနေတဲ့အချိန်မှာ သူ့ဆိုင်က ပုံမှန်ဈေးနဲ့ပဲရောင်းတယ်။ လုံးဝဈေးမတက်ဘူး။ ပြီးတော့ ဝေပုံကျနဲ့ရောင်းပေးမယ်။ ရပ်ကွက်ထဲကသူတွေနဲ့ အကုန်သိနေတော့ တစ်အိမ်ကို ဆီဆို ဘယ်လောက်၊ ဆန်ဆိုဘယ်လောက်၊ ခေါက်ဆွဲခြောက်ဆိုဘယ်လောက် ဆိုပြီး ခွဲတမ်းနဲ့ရောင်းပေးတာ။ တတ်နိုင်တယ်ဆိုပြီး ပိုဝယ်လို့လည်း မရောင်းဘူး။ သူက အရမ်းကြီး မချမ်းသာပါဘူး။ ဒါပေမယ့်လည်း လှူနိုင်တန်းနိုင်၊ စားနိုင်သောက်နိုင်နဲ့ ဘဝကို ဖြတ်သန်းနေတဲ့သူတစ်ယောက်ပါ။ ကျွန်မကတော့ သူ့ကို အတော်လေးစားမိပါတယ်။
နောက်ပိုင်းမှာတော့ အလှူရှင်တွေ အများကြီး ဆင်းလာကြပါတယ်။ ရွာတွေဘက်ကို အဓိကသွားကြတယ်။ မြို့လယ်ဘက်က သူတွေက ဘာမှမဖြစ်ပေမယ့် မြို့အစွန် ရပ်ကွက်တွေမှာ နေတဲ့သူတွေကျတော့ ထိခိုက်ကြတယ်လေ။ ဒါပေမယ့် သူတို့တွေက မြို့နဲ့အကျုံးဝင်တော့ ဘာမှသိပ်မရကြရှာဘူး။ ကျွန်မတို့လည်း ရပ်ကွက်ကဝေတဲ့ ပစ္စည်းတွေတော့ရတယ်။ နာဂစ်ပန်းကန်၊ နာဂစ်ခြင်ထောင် ဆိုပြီး နာမည်တွေတွင်သွားတာပေါ့။ မြို့မှာလည်း NGO ရုံးတွေ အများကြီးရောက်လာတယ်။ ကောင်းပါတယ်လို့ပဲ ပြောရမှာပေါ့နော်။
မေလ (၁၀) ရက်နေ့မှာတော့ အခြေခံဥပဒေအတွက် မဲထည့်ရတယ်။ စက်တင်ဘာလမှ (၁၈)နှစ်ပြည့်မယ့် ကျွန်မကတော့ မဲပေးခွင့်မရခဲ့ပါဘူး။ အိမ်က အဖေနဲ့အမေကို ကန့်ကွက်မဲထည့်ဖို့ တတ်နိုင်သလောက်တော့ ပြောကြည့်သေးတယ်။ သူများကို စိတ်မပုပ်ချင်ပါနဲ့ သမီးရယ် ဆိုတဲ့ အမေ့ရဲ့ တရားစကားကို ကျွန်မ ဘာပြန်ပြောရမှန်း မသိခဲ့ဘူး။ နိုင်ငံသားတစ်ယောက်ရဲ့ အခွင့်အရေးအနေနဲ့ ကန့်ကွက်မဲထည့်တာ စိတ်ပုပ်တာမဟုတ်ဘူး ဆိုတာ အမေ့ကို ရှင်းမပြတတ်ခဲ့ဘူး။ ကျွန်မ သိနေပါတယ်။ အမေဟာ ဘာမှန်းမသိတဲ့ အဲဒီအခြေခံဥပဒေဆိုတာကို သူများစိတ်ချမ်းသာပါစေဆိုတဲ့ စိတ်နဲ့ အမှန်ခြစ်ခဲ့မယ်ဆိုတာကိုပေါ့။
၂၀၀၈ ဟာ ကျွန်မအတွက် ဝမ်းနည်းစရာအဖြစ် အမှတ်တရရှိနေမယ့် နှစ်တစ်နှစ်ပါပဲ။ ကျွန်မတင် မကပါဘူး။ နာဂစ်ဆိုတဲ့ အိပ်မက်ဆိုးကြီးကို မက်ခဲ့တဲ့သူအားလုံး အမှတ်တရ ရှိနေကြမှာပါ။ အစုလိုက်အပြုံလိုက် သေကျေပျက်စီးကြရမယ့် ဝဋ်ကြွေးတွေ ရှိခဲ့ရင်လည်း ဒီဘဝဒီမျှနဲ့သာ ကျေပါစေတော့ရှင်။ ။
31 comments
မြစပဲရိုး
April 16, 2015 at 1:36 am
ရ နှစ်တောင်ရှိတော့မှာဘဲ။
နာဂစ် ကြောင့် မိဘမဲ့ သွားတဲ့ ကလေး တွေ အပါအဝင် ဒုက္ခသည်တွေကို ဒီအတိုင်းထားပြီး အာဏာကို အထူးပြု စောင့်ရှောက်ခဲ့ကြတဲ့ အစိုးရ ရဲ့ စေတနာ တွေ ကိုတောင် မေ့ကုန် ကြပြီလား မသိ။
လုံမ အရေးကောင်းတာ ကိုယ်ပါ အဲဒီထဲ ရောက်သွားသလိုပါဘဲ။
လုံမလေးမွန်မွန်
April 17, 2015 at 11:35 pm
အဲဒီဥပဒေကို မဲပေးရတုန်းကလည်း ဘာမှန်းမသိဘူး.. ခုထိလည်း ဘာမှန်းမသိကြဘူး.. သူတို့သိတာ သူ့တို့ဘဝကို ဘယ်လိုနလန်ပြန်ထူရမလဲဆိုတာပဲ. သူတို့ဘဝက အဲဒီဥပဒေနဲ့ သက်ဆိုင်နေတယ်ဆိုတာလည်း လုံးဝမသိဘူး… 🙁
်စာရေးကောင်းတယ်ဆိုလို့ ကျေးဇူးပါ အရီးရေ..
ခင်ဇော်
April 16, 2015 at 8:01 am
တန်ဖိုးရှိတဲ့ အတွေ့အကြုံပါပဲ လုံမလေးရေ။
လောကဓံ တို့ အနိစ္စ၊ဒုက္ခ၊ အနတ္တ တို့ ပေါပေါများများ တွေ့ရတဲ့နိုင်ငံမှာ
ကံကို ပုံချတတ်တဲ့ နိုင်ငံသားတွေ နဲ့ နာဂစ် ဥပဒေလည်း အသက်ဝင်ခဲ့ရတာပေါ့။
:a:
လုံမလေးမွန်မွန်
April 17, 2015 at 11:37 pm
အတော် တရားရစရာကောင်းတဲ့ အဖြစ်အပျက်တွေလည်း အများကြီး ထပ်ကြုံခဲ့ပါသေးတယ်.. လူ့စိတ်တွေအကြောင်း… သိပ်ကို ပျက်စီးနေတဲ့ လူ့စိတ်တွေ အကြောင်းပေါ့ မမကြီးရယ်…
kotun winlatt
April 16, 2015 at 12:12 pm
ဟုတ်တယ် နာဂစ်ဟာ ပြည်သူတွေအတွက်တော့ ဆုံးရှုံးနစ်နာမှု ကြေကွဲဝမ်းနည်းမှုတွေကိုပေးတယ် ဒါပေမဲ့ အာဏာရှင်တွေအတွက်တော့ ခြေဥကို အတည်ပြုနိုင်ပီး အခုထိ ဒီမိုကရေစီအတုနဲ့ ပြည်သူတွေကို အုပ်ချုပ်ခွင့်ရခဲ့တာပဲ
လုံမလေးမွန်မွန်
April 17, 2015 at 11:41 pm
အစိုးရက ကိုယ့်ကို ဥပေက္ခာပြုခဲ့မှန်းတောင် မသိနိုင်တဲ့ ပြည်သူတွေရယ်ပါ…
ဦးကျောက်ခဲ
April 16, 2015 at 12:50 pm
နာဂစ်နဲ့ နဖူးတွေ့ဒူးတွေ့ မတွေ့လိုက်ပေမည့်…
ဦးကျောက်ကောင်းမှုတော် ဓမ္မာရုံကြီး အသုံးတည့်သွားတာ ၇-နှစ် ရှိပြီကိုး…
ဧရာဝတီတိုင်းဘက်မှာ တချို့ဆို ရွာလုံးကျွတ် သေကြေပျက်စီးကုန်ကြတာ…
သတင်းတွေတက်လာတော့ စလုံးမှာ ထမင်းတောင်မစားနိုင်ဘူး…
🙁
လုံမလေးမွန်မွန်
April 17, 2015 at 11:43 pm
ခုတော့ ဓမ္မာရုံလှူမယ်ဆိုရင် အားပေးမိတယ်.. အူးလေး စာကို ဖတ်ပြီးကတည်းကပဲ.. 🙂
ဟုတ်တယ်.. ကိုယ်က မြင်နေရတော့ အတော်လေး စိတ်မကောင်းတာ… နာဂစ်ကတည်းက ပျက်စီးသွားတဲ့ လယ်တွေနဲ့ ကျဆင်းသွားတဲ့ဘဝတွေ အခုထိ ပြန်မထနိုင်သေးတာတွေ အများကြီး ရှိနေတယ်..
ဝင့်ပြုံးမြင့်
April 16, 2015 at 2:51 pm
.အမတို့လည်း အိမ်နောက်ပိုင်း ပြို သွားတယ်။ သရက်ပင်လဲကျလို့။ အခုထိ အဲဒါကို ပြန်ကောင်းအောင် မဆောက်နိုင်သေးဘူး။ နာဂစ်ဒဏ်ကနေ တစ်တိုင်းပြည်လုံးနီးပါး ပြန်နာလံမထူနိုင်သေးပါဘူးနော်။ ဒီခြေဥ ကြီး ကို မရှင်းနိုင်သေးသရွေ့ပေါ့။
လုံမလေးမွန်မွန်
April 17, 2015 at 11:46 pm
ဟုတ်တယ် အစ်မ… နာဂစ်ကဖျက်… ဥပဒေတွေကဖျက်နဲ့.. နောက်ပိုင်း ဆန်ကိုတောင် ပြည်ပက တင်သွင်းရမယ် ထင်ရဲ့.. တောင်သူတွေ ရှားကုန်ပြီ.. ကိုယ်တွေ့ရယ်…
naywoon ni
April 16, 2015 at 7:23 pm
နာဂစ်က နဖူးတွေ့ဒူးတွေ့ မကြုံလိုက်ရပေမဲ့ DVD ထဲမှာတော့ တော်တော်ကြောက်စရာကောင်းတာပဲ ။ နာဂစ်နဲ့ ပတ်သက်ပြီး နာမယ်ကြီးတဲ့ အထဲမှာ ဦးထွန်းလွင်လဲပါတာပေါ့ ။ နဂိုလ်က သူ့သတိမထားမိကြဘူး ။ နာဂစ်ပြီးမှ သူ့ကို ဂရုစိုက်မိကြတာလေ ။ 🙂
အော်မေ့လို့ ၂၀၀၈ နာဂစ်ဖြစ်တုန်းက ၁၈ နှစ်မပြည့်သေးဘူးဆိုတာ ပါးပါးလေး ကျော်ညာသွားတယ် ။ တော်ပါပေ့ 🙂
လုံမလေးမွန်မွန်
April 17, 2015 at 11:55 pm
အဟွတ်.. သများက ကြုံတိုင်း ကြော်ငြာဝင်တယ်… :k:
ဟုတ်တယ်.. အခုဆို ဒီဘက်က လူတွေက ရေဒီယိုတို့. မိုးလေဝသ သတင်းတို့ နားထောင်တတ်နေပြီ…
uncle gyi
April 16, 2015 at 10:40 pm
တော်သေးတာပေါ့
သူများတွေပျက်စီးတာနဲ့ယှဉ်ရင်
အများကြီးကံကောင်းတယ်ဘုရားမတယ်ပြောမှာ
နာဂစ်ကမြစ်ဝကျွန်းပေါ်ဝင်မွှေသွားတယ်
မြစ်ဝကျွန်းပေါ်ကအခုအတော်နလန်ထူလာပြီ
နာဂစ်နဲ့အပြိုင်မြန်မာနိုင်ငံထဲဝင်လာတာကြီးက
ခုထိမထွက်သေးဖူး
လုံမလေးမွန်မွန်
April 17, 2015 at 11:58 pm
အသေထွက်ပဲ ထွက်မယ်တဲ့.. 🙁
စည်းနဲ့ ကမ်းနဲ့ လစ်ဘရယ် ယောကျာ်း
April 17, 2015 at 1:16 am
ကျနော် နာဂစ် ကြူံပြီး သိပ်မကြာ
တိုးဟိုကု ငလျင်နဲ့ကြုံရတယ်
နှစ်ကြိမ်လုံး ကိုယ်က ဒုက္ခသည် ပါ
တုန့်ပြန်ပုံခြင်းက ဆီနဲ့ရေ ကွာခြားတာသွားတွေ့ရတယ်
ကြက်ဥတလုံး ၅၀ဝနဲ့ရောင်းရက်တဲ့ ဆိုင်ရှင်တွေနေတဲ့တိုင်းပြည်ရယ်
ဆန်ပေါတဲ့ဒေသက ပိုလျံဆန်တွေကို မူရင်းဈေးနဲ့ တခုတ်တရ ဘေးဒဏ်သင့်ခံဒေသတွေကိုရောင်းပေးတာတောင်မှ
ဝယ်သူတွေက ငွေရှိတိုင်း အကုန်မဝယ်ဘဲ နေယက်လူအတွက် စဉ်းစားရင်း သင့်ယုံသာ ဝယ်ကြသူတွေနေတဲ့တိုင်းပြည်ရယ်
အချုပ်ကတော့ တန်ရာတန်ရာ အဆိုးရပဲရမယ် ဆိုတာ ပိုသေချာသွားတယ်
ရင်ထဲမကောင်း
စည်းနဲ့ ကမ်းနဲ့ လစ်ဘရယ် ယောကျာ်း
April 17, 2015 at 1:22 am
နာဂစ်က ကျုပ်ကို ရုပ်ပိုင်းဆိုင်ရာ သိပ်မထိခိုက်ပေမယ့် စိတ်ပိုင်းဆိုင်ရာတော့ အပြောင်းလဲကြီးပြောင်းလဲသွားစေခဲ့တဲ့ ဖြစ်ရပ်ပါ
ကြုံရင် ရေးပါအုံးမယ်
ဥပမာ သံဈေးက ဆေးစိမ်ခြင်ထောင်တွေတို့ တနာရီဘယ်လောက်နဲ့ ရေစုပ်စက်ငှါးစားကြတာတို့
ဘာသာရေးအသင်းအဖွဲ့တွေရဲ့ ကန်န တို့ လက်မှတ်စုထိုးပီး ထောက်ပံ့ကြေးတောင်းတဲ့ ဝန်ထမ်းတွေအကြောင်းတို့
စုံလို့ပါဗျာ
လုံမလေးမွန်မွန်
April 18, 2015 at 12:28 am
ရေးပါဦး အူးဂီ… အနော်တို့လည်း သိနေကြားနေရတာတွေ အများကြီး. များလွန်းလို့တောင် မမှတ်မိချင်တော့ဘူး.. နာဂစ်ကောင်းမှု အကြောင်းပြုပြီး ချမ်းသာသွားသူများ အကြောင်းပေါ့…
kai
April 17, 2015 at 6:21 am
အခုထိ.. နာဂစ်အထိမ်းအမှတ်ကျောက်တိုင်တွေဆောက်… နာမယ်တွေထိုး.. ဝမ်းနည်းကြသူ..အမှတ်တရရှိကြသူ.. နောင်မဖြစ်အောင်ပြင်ဆင်ရမယ့်နည်းလမ်းတွေးနိုင်သူ… အလည်အပါတ်လာသူ.. လေ့လာသူတွေအတွက်.. တိုးရစ်ဇင်အတွက်.. ဘာသာရေးမနွယ်တဲ့နေရာတခုတောင် မဆောက်ထားနိုင်တာကိုတော့.. အံ့ဩမိ….။
အဲဒါဆောက်ထားရင်.. အဲဒီနားကရွာတွေ.. ကားလမ်းတွေကနေ.. အလုပ်အကိုင်အခွင့်အလန်းတိုးမယ်..။
ဝင်ငွေတိုးမယ်..။
ဒါဟာ.. သေသွားသူတွေ.. ဘဝနဲ့ရင်းပေးသွားတယ်ယူဆလို့ရမယ့်.. အမွေ..ဝင်ငွေပဲ..။ :kwi:
=
ရက်ပိုင်းပဲခြားပြီး.. လှုပ်သွားတဲ့.. မြန်မာပြည်လောက်လူမဆုံးရှုံးခဲ့တဲ့..စီချွမ်ငလျှင်ဒေသကတော့..အောက်ကအတိုင်း…
လုံမလေးမွန်မွန်
April 18, 2015 at 12:31 am
ဒီတစ်ခါ မိတင်တွေ ဘာတွေ ရှိရင် ပြောကြည့်ရမား.. 🙄
အူးစည်
April 17, 2015 at 8:16 am
နာဂစ်တုန်းက ဒေးဒရဲဘက်ကို သူငယ်ချင်းတွေနဲ့ စုပြီး သွားလှူဖူးတယ်..။
အဲ့ဒုန်းက ဘာစည်းစိမ်မှမရှိဒေါ့ လူနဲ့ ရှိတဲ့အဝတ်အစားတွေ လှူဖို့ ထည့်ပီးလိုက်သွားတာဗျာ..
ရွာကြိုရွာကြားတွေ သွားလှူဒါန်းဖို့ စက်လှေငှားတာ လေယင်ဗျံငှားဒဲ့ဈေးလောက်ရှိတယ်..။ ။
ပရဟိတနဲ့ ပတ်သက်ပီး အဲ့မှာဒင် ကျော့်အယူအဆဒွေ ပြောင်းလဲသွားတာ။
ဆင်းရဲ ဒုတ်ခရောက်ဒဲ့လူတွေ များလေလေ မျက်ဖြူဆိုက်လေ ဆရာကြိုက်လေဒွေက များတဲ့လူဒွေနဲ့..
အနှစ် ခြောက်ရာ.. မမြင်ဘာ..။ ။ 😥
လုံမလေးမွန်မွန်
April 18, 2015 at 12:36 am
ပျက်စီးသွားတဲ့ စိတ်ဓာတ်တွေလေ… အဖျက်ဆီးခံခဲ့ရတဲ့ ကိုယ့်ကျင့်တရားတွေပေါ့.. ကိုယ့်မျိုးဆက်ကိုပဲ လက်ဆင့်မကမ်းမိအောင် ကြိုးစားရတော့မယ်…
ဝင့်ပြုံးမြင့်
April 17, 2015 at 10:30 am
.စက်လှေ ငှားခ ဈေးကြီးတာက ဒီလို။ နာဂစ်မှာ အလောင်းဆွဲပြီး ရွှေဖြုတ်တဲ့လူတွေ ရှိတယ်လေ။ မအူပင်ကနေ အုပ်လိုက်သွားကြတာ။ တစ်ယောက်ကို ၅ဝသား ၁ပိသာ လောက်ထိ ရကြတယ်။ အလောင်းတွေက ပုပ်ပွနေပြီဆိုတော့ နားဂတ်တွေ ဘာတွေ ဖြုတ်ရတာ လွယ်လွယ်လေး။ ဒါပေမယ့် အနံ့မခံနိုင်တာရော၊ သရဲကလည်း အရမ်းခြောက်တယ်။ အဲဒါတွေကြောင့် သတ္တိကောင်းတဲ့လူတွေပဲ များများ ရခဲ့တယ်။ အဲဒီလို ရွှေဖြုတ်သွားတဲ့လူတွေ နဲ့ မှားသွားလို့ စက်လှေခ ဈေးကြီးတာ နေမှာပါ။။
လုံမလေးမွန်မွန်
April 18, 2015 at 12:40 am
ရွာတွေဘက်မှာဆို လယ်ကွင်းတွေထဲကနေ ကယ်ပါယူပါ အသံတွေ ကြားနေရတယ်တဲ့… အတော်ကြာကြာအထိပဲ… ပရိတ်တရားတွေရွတ်ရတယ်တဲ့…
ဦးကြောင်ကြီး
April 17, 2015 at 11:10 am
ကြားဖူးဒါ… သင်္ဘောမြုတ်တော့ မြစ်ထဲ လှေနဲ့သွားပီး မကယ်ဘဲ ရေထဲကနေ လှေပေါ်တက်လာတဲ့လက်ကို ဓါးနဲ့ခုတ်ပီး လက်ကောက်၊ လက်စွပ် ယူသဒဲ့…
လုံမလေးမွန်မွန်
April 18, 2015 at 12:43 am
ယက်စ်… အဲဒီသတင်း မှန်အိ..သူ့အသက်ထက် ကိုယ့်အသက်ရှင်ဖို့က ပိုတန်ဖိုးရှိတာကိုး…
Mr. MarGa
April 19, 2015 at 10:49 am
ခုနောက်ပိုင်း သဘာဝဘေးတွေ မြင်ရ ကြားရ ဖတ်ရတိုင်း
ကယ်ဆယ်ရေးတွေ တွေ့မိတိုင်း
နာဂစ်နဲ့ ချိန်ထိုးမိနေတုန်း
ဪ……
ဘယ်တော့များမှ…….
Alinn Z
April 20, 2015 at 5:33 pm
အဲ့တုန်းက စိတ်ပေ်ါက်ပေါက်နဲ့ ကန့်ကွက်မဲတွေ တတိုင်းပြည်လုံး ထည့်ကြလည်းးးးး
တခဲနက်က တခဲနက်ပဲ
:buu:
kai
April 21, 2015 at 4:35 am
မဲကို.. သွားကိုမပေးတာလို့.. ထင်တယ်..။
အဲဒီတုံးက.. ဒီချုပ်ရဲ့ကန်င်ပိန်းတွေက..အူကြောင်ကြောင်..။
ဗုတ်နိုး..နိုးဗုတ်မှာ.. လူတွေအူကြောင်ကြောင်ဖြစ်ကုန်တာ.။
တချို့.. နိုးဗုတ်.. မဲသွားမပေးပဲနေကြလို့.. လုပ်ကြတယ်လို့ထင်တယ်..။
တကယ်က… သေချာပေါက်ကန့်ကွဲမဲပေးရမှာ…။
မဲလိမ်တာမလိမ်တာ.. သူတို့အပိုင်း.။
လူထုအပိုင်းက.. မကြိုက်တာကို.. မကြိုက်ဖူးလို့..ပြောခွင့်ရချိန်..အခွင့်အရေးရချိန်မယ်.. ပြောဖို့..။
လုံမလေးမွန်မွန်
April 21, 2015 at 12:39 pm
နာဂစ်ကြောင့် ရွာတွေပျက်နေချိန်မှာ ဘယ်သူမှ မဲမထည့်နိုင်ကြဘူးလေ.. ဘယ်သူတွေကရော သွားထည့်ချင်စိတ်ရှိလိမ့်မလဲ… အသည်းကြားက မဲတစ်ပြားရဲ့ တန်ဖိုးက ခုချိန်ထိ သက်ရောက်နေတော့ကာ…
Alinn Z
April 21, 2015 at 4:22 pm
ဘယ်သူတွေ ထည့်ချင်စိတ် ရှိသည်ဖြစ်စေ..မရှိသည်ဖြစ်စေ…
တခဲနက်ကြီးကို ထောက်ခံခဲ့ကြတယ်ဆိုတဲ့ ရလဒ်ပဲ… အော်ကျယ်အော်ကျယ်…
:buu:
Mike
April 23, 2015 at 1:25 pm
.နာဂစ်တုန်းက ပဲခူးကစက်ရုံမှာ…ဓါတ်တိုင်တွေလဲ သစ်ပင်တွေလဲ မီးတွေပျက်
.ဒီဇယ်ဈေးတွေခုန်တက်..နောက်တော့ပေပါလိုက်တောင်ဝယ်မရတော့…
.အစိုးရရဲ့ ယုတ်မာညစ်ပတ်မှုကတော့ ရှင်းရှင်းကြီးမြင်ခဲ့ရရဲ့…
:buu:
.နာဂစ်အပီး မှတ်မှတ်ရရ ဇွန်လမှာ အဲ့အလုပ်ကထွက်ခဲ့တာပဲ…
.အဲ့ကတည်းက တက္ကစီမောင်းတာ…၂၀၀၉နိုဝင်ဘာမှ ဒီအလုပ်ကိုပြန်ဝင်ဖြစ်တာ