ကလေးတို့အဖေ ကျွန်တော်
အဲသည်နေ့က ကျွန်တော်တို့အိမ်ကို မကြီးကခွေးလေးတစ်ကောင်ယူလာခဲ့တယ်။ အဲ့သည်တုန်းက ၂၀၀၅ခုနှစ် လောက်ကပေါ့။ ကျတော်က အိမ်အလုပ်နဲ့ အိမ်မှာကလေးတွေစာသင်နေခိုက်အချိန်။ အိမ်ကလူ အကုန်က ကြောင်လေးတွေဆို သိပ်မချစ်တတ်ကြဘူး။ ကျွန်တော်အပါအဝင်ပေါ့။ အဲသည်အချိန်တုန်းက အစိုးရဝန်ထမ်း တွေဟာလည်း နေပြည်တော်ကိုပြောင်းရတဲ့အချိန် မှတ်မှတ်ရရပါပဲ။ ကျွန်တော့် အစ်မကလည်း MRTV-4 မှာမဟုတ်ဘဲ ဘဏ်မှာလုပ်နေတဲ့အချိန်။ သူ့ရဲ့လုပ်ဖော်ကိုင်ဖက် အစ်မကြီးက နေပြည်တော်ပြောင်း ရမှာမို့ အထီးနဲ့အစ်မနှစ်ကောင်ရှိတဲ့အထဲက “ကဲကဲ”ဆိုတဲ့ တယ်ရီယာခွေးမလေးကို အစ်မကိုပေးလိုက်တာ ပါပဲ။
ရောက်ရောက်ချင်း အဖော်မဲ့နေတဲ့ ကျွန်တော့်အတွက်ပျော်စရာပါပဲ။ အိမ်မှာလည်း အမွှေးပွပွခွေးလေး တစ်ခါမှ မမွေးဖူးသေးတော့ ပျော်တာပေါ့။ “ကဲကဲ”က ရောက်ခါစ သုံးနှစ်သမီးလောက်ရှိမှာပါ။ ထိန်းရကျောင်းရ တာ ကျွန်တော့်အလုပ်ပဲပေါ့။ မကြီးကတော့ ပေးလိုက်တဲ့သူတွေက အလုပ်ရှုပ်မှာစိုးလို့ တားဆေးထိုးပေး လိုက်တယ်ပြောတယ်။ ရောက်တာတစ်ပတ်လောက်ကြာတဲ့အခါ “ကဲကဲ”မှိုင်မှိုင်နေတာ ကျွန်တော် သတိထားမိ လာတယ်။ သူ့ဗိုက်ကလည်း ပူလာသလို ကျွန်တော်ခံစားမိလာတယ်။ ဒါနဲ့ “မကြီး ကဲကဲက ဗိုက်ကြီးနေသလားမသိဘူး” ဆိုတော့။ မကြီးကတော့ “ဟဲ့ ပေးတဲ့သူက တားဆေးထိုးပေးလိုက်တာ ဘယ်လိုကြီးမလဲ”ပေါ့။ မထူးပါဘူး ဆေးခန်းသွားပြကြည့်ဦးမှပဲဆိုပြီး တစ်ရက်ဆေးခန်းကိုသွားလိုက်ပါတယ်။
……………………………………………………………………………………………………………………
ပြောရရင် တိရိစာ္ဆန်ဆေးကုခန်းက ပထမဆုံးရောက်ဖူးခြင်းပေါ့။ တောင်ဥက္ကလာမှာ ကြာညိုပန်းဆိုတာ နာမည်ကြီးပါတယ်။ တုံကင်ယူပြီး စောင့်လိုက်ရတာ တော်တော်ကြာတယ်။ ကျွန်တော့်အလှည့်ရောက်တော့ ဆရာဝန်ကမေးရော။ ကျွန်တော်ကလည်း ပေးတဲ့သူက တားဆေးထိုးပေးထားတယ်ပြောတယ်။ ကျွန်တော်ကတော့ ကိုယ်ဝန်ရှိနေတယ်ထင်လို့ပေါ့ သေချာအောင်လာပြတာလို့ပြောလိုက်တယ်။ ဆရာဝန်မက စမ်းပြီး ကျွန်တော့်ကိုမျက်လုံးပြူးကြည့်တယ်။ “သား….ဘယ်လိုသိတာလဲတဲ့” ကျွန်တော်ကတော့ “ကျွန်တော့် စိတ်ကထင်နေတာပါလို့”။ “ကဲကဲ”ဟာ တကယ်ပဲ ကိုယ်ဝန်ရှိနေခဲ့တာပါ။ ဘာရယ်မသိဘူး စိတ်ထဲကတော့ ပျော်နေသား။ ဆရာမကတော့ သူမွေးတော့မယ်ဆို နေရာရှာလိမ့်မယ်။ အဲ့သည်အချိန်ကျရင် ထပ်လာခဲ့ပါ။ ဒါမှမဟုတ်ရင် ကလေးတွေက ရေမွန်းပြီး သေကုန်မှာဆိုးတယ်လို့ ပြောပါတယ်။ ကိုယ်ဝန်ရှိပြီးသားကို တားဆေးထိုးမိရင်လည်း သားအိမ်ထိတတ်တယ်လို့လည်းပြောပါတယ်။
ဒီလိုနဲ့ ‘ကဲကဲ’ဗိုက်ဟာလည်း တစ်ဖြည်းဖြည်းကြီးလို့လာပါတယ်။ ကျွန်တော်လည်း အရိပ်တစ်ကြည့် ကြည့်ပေါ့။ ‘ကဲကဲ’အမွှေးရောင်က အမဲနဲ့ မီးခိုးကြားလေးပါ အမွှေးအရမ်းရှည်ပြီး လိမ္မာတယ်။ ဗိုက်ကလည်း တစ်ဖြည်းဖြည်းကြီးလာတာနဲ့ တစ်ရက်ဆေးခန်းကို ပြေးခဲ့ရပြန်ပါတယ်။ တကယ်တော့ ကျွန်တော်တို့မိသားစု ဟာ ကြွေးမြီကင်းပေမယ့် ငွေလည်းအပိုမရှိတဲ့ မိသားစုပါ။ ‘ကဲကဲ’အတွက် ဆေးခန်းသွားပြီဆို တစ်ယောက်နဲ့ တစ်ယောက် စုစပ်ပြီးမှ သွားကြရပါတယ်။ ဆေးခန်းတစ်ခါသွား သုံးလေးထောင်ကုန်တယ်မဟုတ်လား။
ဆေးခန်းရောက်တော့ ဆရာမက စမ်းသပ်ပြီး ဒီရက်ပိုင်းအတွင်းမွေးနိုင်ကြောင်း နေရာရှာပြီဆို သူ့ဆီကို လာခဲ့ပါလို့ပြောပါတယ်။ ‘ကဲကဲ’ဟာ သားအိမ်မှာ အနာဖြစ်သွားတဲ့အတွက် မွေးနိုင်မှာမဟုတ်ဘူးလို့ထင်တာ ရယ်။ မမွေးနိုင်ရင် ကလေးတွေပါရေမွန်းပြီးသေ အမေပါသေမယ့်အကြောင်းရယ်။ ကျွန်တော်ကတော့ ရင်တစ်ထိတ်ထိတ်ပါပဲ။ သူ့ကိုလည်း မျက်ခြေမပြတ် ကြည့်ရသည်ပေါ့။ ဒီလိုနဲ့ တစ်ရက်မှာတော့……………။
……………………………………………………………………………………………………………………
‘ကဲကဲ’ဟာ ကုတင်အောက်ကို ပြေးပြေးဝင်လိုက်၊ ပြန်ထွက်လာလိုက်နဲ့ ခေါက်တုံ့ခေါက်ပြန် လုပ်နေတာတွေ့နေရတဲ့အမေက “အောင်လေး နင့်ခွေးမတော့ မွေးတော့မယ်ထင်တယ်”ဆိုပြီး ပြောလာပါတော့တယ်။ ဒီလိုနဲ့ နေ့ခင်းပိုင်းဆေးခန်းပြေးရတော့တာပေါ့။ ဆေးခန်းက ညနေပိုင်းပဲဖွင့်တာနဲ့ ဆရာမကိုအော်ခေါ်ရပြန်တယ်။ ဆရာမက ဗိုက်ခွဲမွေးရမယ်လို့ ပြောလိုက်တဲ့အချိန်မှာတော့ ကျွန်တော် အံ့ဩခဲ့ရပြန်တော့တယ်။ လူပဲ ဗိုက်ခွဲမွေးရတယ်ထင်ခဲ့တာလေ။ ကံမကောင်းချင်တော့ ဆရာမက နှလုံးရောဂါကြောင့် ခွဲလို့မဖြစ်ကြောင်း သူ့သူငယ်ချင်း ဆရာဝန်တစ်ယောက်ဆီ လွှတ်ပြန်တယ်။ ငွေကြေးတတ်နိုင်တဲ့သူမဟုတ်ပြန်တော့လည်း ‘ကဲကဲ’ကို အိမ်ပြန်ထားပြီး ဆရာဝန်ဆီအရင်သွားရပါတယ်။
နောက်ဆရာဝန်တစ်ယောက်ဆီရောက်တော့ ခွေးကဘယ်အရွယ်လဲ မေးပါတယ်။ ဆရာဝန်က ခဏတွေးပြီး လေးသောင်းခွဲ-ငါးသောင်းလောက်ကျမယ်ပြောပါတယ်။ ကျွန်တော့်မှာ ဘုရားတရပါတယ်။ အဲ့တုန်းက အဲ့ငွေက လူတစ်ယောက်မွေးဖွားစားရိတ်လောက်ရှိတယ်လေ။ သည်လိုနဲ့ အကြပ်ရိုက်နေချိန်မှာ အသိတစ်ယောက်က အင်းစိန်(တိ-မွေး-ကု)ကိုသွား ငွေသိပ်မကုန်ဘူးဆိုတာနဲ့။ ‘ကဲကဲ’ကိုတော့ခေါ်မသွားရဲ သေးပါဘူး။ အရင်ဆုံးလူကိုယ်တိုင် ဘတ်စ်ကားစီးသွားပါတယ် ဆေးရုံရောက်တဲ့အခါ ဆရာဝန်မတွေနဲ့ ဝင်တွေ့ ငွေဘယ်လောက်ကုန်မလဲ မေးမြန်းတယ်။ နှစ်သောင်းလောက်သာ ကျသင့်ပါ့မယ်ဆိုတာနဲ့ ဘတ်စ်ကားနဲ့ အမြန်ပြန် ‘ကဲကဲ’ကို ခေါ်ရပါတော့တယ်။
……………………………………………………………………………………………………………………
ပြသနာတစ်ခုက စတက်ပါတော့တယ်။ ဘယ်တက္ကစီသမားမှ မလိုက်ချင်ပါဘူး။ ‘ကဲကဲ’ကိုမတင်ချင်တာပါ။ နောက်ဆုံး တက္ကစီသမားတစ်ယောက်နဲ့ တွေ့တဲ့အချိန် အသွားအပြန်စောင့်ပေးမယ် ငါးထောင်သာပေးပါ။ သူလည်း ခွေးချစ်တတ်လို့ပါဆိုတာနဲ့ အဆင်ပြေသွားတယ်။ ဆေးရုံရောက်တာနဲ့ ပိုင်ရှင်ကို လက်မှတ်ထိုးခိုင်းပါတယ်။ အထဲက ကလေးတွေလဲ စိတ်မချရသလို အမေကိုယ်တိုင်စိတ်မချရဘူး သဘောတူရဲ့လားပေါ့။ ဘယ်တတ်နိုင်မလဲ တူတယ်ပေါ့ ထိုးလိုက်ရပြီ။ ပိုင်ရှင်ဝင်ကြည့်လို့ရတယ် ဆိုတာနဲ့ ခွဲခန်းထဲထိ ကျွန်တော်လိုက်သွားပါတယ်။ လူတစ်ယောက်ခွဲစိတ်သလိုပါပဲ။ ဆရာဝန်လေးယောက်ရှိပါတယ်။ တစ်ဖက်တစ်ချက်စီမှာ နှစ်ယောက်စီရပ်နေပါတယ်။
ပထမဆုံး ထုံးဆေးစပေးပါတယ်။ ပြီးတဲ့အခါမှာ ဗိုက်ဘယ်ဖက်ခြမ်းကနေ ဒေါင်လိုက်စခွဲပါ တော့တယ်။ ခွဲခွဲခြင်း ‘ကဲကဲ’ဆီက အသံနက်အော်သံကြီး ကြားရပါတယ်။ ကျွန်တော်ဖြင့် သနားလိုက်တာ။ ထုံဆေးထပ်လိုသေးတယ်ထင်ပါတယ်။ နောက်ထပ် ထပ်ထိုးတာတွေ့လိုက်ရတယ်။ အဲသည်အခါကျမှ ငြိမ်ကျ သွားတယ်။ ခွဲပြီးတာနဲ့ ဆရာမက ဗီုက်ထဲကို လက်နဲ့နှိုက်ထုတ်ပါတော့တယ်။ တစ်ကောင်းထွက်လာပြီ တစ်ကိုယ်လုံးအနက်လေး ထူးခြားတာ ခြေအိတ် လက်အိတ်လေးတွေက အဖြူလေးတွေ။ တစ်ယောက်က ထုတ်ထုတ်ချင်း ဘေးတစ်ယောက်က ပေးတဲ့အရည်တွေကို သုတ်ပေးပါတယ်။ နောက်တစ်ယောက်က ချက်ကြိုးချည်ပါတယ်။ ကျန်တစ်ယောက်က ချက်ကြိုးဖြတ်ပါတယ်။ သဘာဝအတိုင်းဆိုရင်တော့ ဒါက အမေတွေလုပ်ရတာပေါ့။ ကျွန်တော်ကတော့ အားလုံးလုပ်ပြီးသားခွေးလေးတွေကို နေသွားလှန်းပေးပါတယ်။
……………………………………………………………………………………………………………………
ဒုတိယမြောက်တစ်ကောင်ထွက်လာပြန်ပါတယ်။ အနက်ကလေးပါတယ် လည်ကုတ်လေးမှာ အဖြူအဆင်းလေးပါပြီး သူလည်း ခြေအိတ် လက်အိတ်က အဖြူလေးတွေပါပါတယ်။ နောက်ထပ် တတိယတစ်ကောင်ထွက်လာပြန်ပါတယ်။ အနက်ကလေးပါပဲ နားကြားလေးက အဖြူလေးပါပြီ ခြေအိတ် လက်အိတ်လေးတွေက အဖြူလေးတွေပါပဲ။ ကျွန်တော့်အထင် သုံးကောင်အများဆုံးပဲထင်တာပါ။ တယ်ရီယာမျိုးတွေက သိပ်မမွေးဘူးလေ။ သည်လိုနဲ့ စောင့်နေတုန်းမှာ နောက်တစ်ကောင်ထပ်ထွက်လာ ပြန်ပါတယ်။ အနက်လေးပါပဲ ဗိုက်မှာ အဖြူလေးတွေပါပြီ ခြေအိတ် လက်အိတ်လေးက အဖြူလေးတွေပါပဲ။ ဆရာမကလည်း ကုန်ပြီထင်တယ်တဲ့။ လက်နဲ့စမ်းရင်း ပြောတဲ့အချိန်မှာ ဟဲ့ဟဲ့ တစ်ကောင်ကျန်သေးတယ်ဆိုပြီး ပဉ္စမမြောက် တစ်ကောင်ကိုဆွဲထုတ်လိုက်ပါတယ်။ ထူးထူးခြားခြား အုန်းခွံရောင်လေးဖြစ်ပြီး သူလည်း ခြေအိတ်လက်အိတ်က အဖြူလေးတွေပါ။
ကံကောင်းပါတယ် ငါးကောင်လုံးအသက်ရှင်တယ်။ ‘ကဲကဲ’ကတော့ ချုပ်ရိုးရိုးချုပ်ပြီးပြီးချင်းပဲ ကျွန်တော် ချီပွေ့လိုက်တာ ရေစိုထားတဲ့ စက္ကူလေးလိုပါပဲ။ ဖင်မှာလည်း အီအီးတွေထွက်လို့။ သူလည်း နို့မတိုက်နိုင်တော့ ကျွန်တော်ပဲနို့တိုက် အဲလေ ဆွစ်ဇလန်နို့မှုန့်ဖျော် ဆေးထိုးအပ်နဲ့ တိုက်ရတော့တာပေါ့။ လမ်းထဲကလူတွေနဲ့ အိမ်က လူတွေကတော့ ကျွန်တော့်ကို ခွေးတို့အဖေတဲ့။ ဘဝတစ်ခုမှာ အမှတ်တရပါပဲ။ နောက်ဆက်ဖြစ်တဲ့ ကျွန်တော်နဲ့‘ကဲကဲ’ဇာတ်လမ်းလေးကို ထပ်ဆက်ပါဦးမယ်။ ကိုယ့်ခြံလေးနဲ့ဖြစ်သွားရင်တော့ ကလေးတစ်ကောင် လောက် ထပ်မွေးပါဦးမယ်လို့ ဆန္ဒပြုရင်း။
လေးစားစွာဖြင့်
အောင်မိုးသူ
26 comments
ခင်ဇော်
April 22, 2015 at 2:31 pm
သနားထာ အေရယ်။
တော်သေးရဲ့။
နာလည်း နာ့ကြောင် အကြောဆေးထိုးတဲ့ ဇာတ်လမ်း ရေးအူးမှပဲ။
ရုပ်ရှင်ကြည့်ရင် လူတွေ ဒုက္ခရောက်ရင် ရီနိုင်ပေမဲ့ ခွေးလေးတွေ ကြောင်လေးတွေ ဒုက္ခရောက်ရင် ငိုရတာ။
BTW
ခု မြေးရပြီပေါ့နော်။
အောင် မိုးသူ
April 22, 2015 at 2:36 pm
ဟုတ်တယ် မြေးရနေပြီ။ 🙂
ဦးကျောက်ခဲ
April 22, 2015 at 2:50 pm
ဟီး ဟီး… ခွေးမွေးတာတော့မမြင်ဖူးဘူးဗျ …
အသက် ၄၀-ကျော်မှ ကလေးကို ချက်ကြိုးတန်းလန်းနဲ့မြင်ဖူးတော့တယ် …
ကလေးအဖေ ကျောက်စ်လည်း … မျက်လုံးတွေ ပြာသွားတာပဲ …
:k:
အောင် မိုးသူ
April 22, 2015 at 2:55 pm
လူမွေးတာတော့မြင်ဖူးသေးဘူး အူးကျောက်။ ခွေးမွေးတာတော့ ကွက်ကွက်ကွင်းကွင်းပဲ။ ခိခိ။
Alinn Z
April 22, 2015 at 3:19 pm
နီပဲ နို့တိုက်ခဲ့ရတာပေါ့နော်
မိခင်မေတ္တာအပြေ့နဲ့ပေါ့နော်
ပလို့ဂျိ ဂွိဂွိ
:k:
အောင် မိုးသူ
April 22, 2015 at 3:26 pm
လူသားဆိုတာ မေတ္တာစေတနာတွေ အပြည့်နဲ့ လူသားလေ ဒညင်းဝက်ရဲ့။
Ma Ei
April 22, 2015 at 3:39 pm
ကြာညိုပန်းဆေးခန်းက အန်တီအိတို့ နဲ့ နီးပါတယ်….
အရင်တဲက အိမ်ကကလေး(ကြောင်)လေး တွေကို ပြနေကြပါ…
ဆရာမက အရမ်းသဘောကောင်းတယ် တော်တယ်
ခွေးတွေ ကြောင်တွေကိုများ သားသမီးလေးတွေကျနေတာဘဲ စကားတွေပြောပေးပြီး ကုပေးတာရယ်
သနားလိုက်တာ ကလေးရယ် နာပါဘူးနော် ဆေးထိုးပေးမယ်နော် စသဖြင့်ပေါ့
ကလေးက ချောလိုက်တာ သဘောကောင်းမယ့်ပုံလေးဘဲ ဆိုတာတောင် ပါသေးတယ်..
ဒါပေမယ့် ခုအဲ့ဒီ ဆရာမ မရှိတော့ ဘူး အသင်ဆရာမလေးတွေ( ဖြစ်မယ်ထင်တာ)ဘဲရှိတယ်…
မနေ့က ကလေးနှစ်ကောင် သွားပြရသေးတယ်..
အောင် မိုးသူ
April 22, 2015 at 3:42 pm
ဟုတ်လား တီအိ တောင်ဥက္ကလာစာတိုက်ကလေ။ တီအိက ဘယ်နှရပ်ကွက်လဲ။ ကျွန်တော်က (၇)ရပ်ကွက်မှာနေတာ။
Ma Ei
April 22, 2015 at 3:47 pm
တီအိက (၆) ရပ်ကွက် Feel နဲ့ ကျောကပ်လမ်းမှာပါ…
အောင် မိုးသူ
April 22, 2015 at 3:51 pm
ဪ နီးနီးလေးပဲ Feel ကို အရင်က လာနေကြပဲလေ။
Kaung Kin Pyar
April 22, 2015 at 3:59 pm
ခွေးတော့ အရမ်းချစ်တာ…
ခုလို မွေးတာတော့ မမြင်ဖူးဘူး…။
ရေးထားတာက မျက်စိထဲ ပေါ်စေတယ်….။
တစ်ကောင်မှ အသေအပျောက်မရှိလို့ ဝမ်းသာရမှာပဲ…
Ma Ma
April 22, 2015 at 4:07 pm
တကယ့်ကို ဝမ်းနဲ့မလွယ်ရုံတမယ် ကိုယ်တိုင်ကိုယ်ကျ မွေးခဲ့ရတာပဲ။ :kwi:
အိမ်မှာ ခွေးမမွေးဖူးဘူး။
ကြောင်ကတော့ မပြတ်ဘူး။
အဖေနဲ့မောင်လေးက ကြောင်ချစ်လို့ တခါကဆို အကောင်၂ဝကျော်ထိတောင် ဖြစ်သွားသေးတယ်။
မောင်လေးက ဝဝ နဲ့ ကြောင်ပေါက်စလေးကို တက်နင်းမိပြီး ကြောင်ဆေးခန်းပြေးရတာ မှတ်မိသေးတယ်။
နောက်တော့ အဲ့ဒီကြောင်လေးက နည်းနည်းထော့နင်းထော့နင်းဖြစ်နေပြီး မွေးချင်းတွေလောက်လဲ မထွားတော့ဘူး။
မောင်လေးနင်းမိလို့ သူ့ကို ဝက်ပိ လို့ နာမည်ပေးလိုက်ကြတာ။ :k:
အောင် မိုးသူ
April 22, 2015 at 4:11 pm
အိမ်က ကြောင်မမွေးပေမယ့် ကျန်တဲ့အိမ်က ကြောင်တွေက ကျွန်တော်တို့အိမ်ကို တအားကပ်တယ်။ ခုတော့ ဘာမှ မမွေးဖြစ်သေးဘူး။ မွေးဖို့တော့ အစီအစဉ်ရှိတယ်။
Mr. MarGa
April 22, 2015 at 4:21 pm
ငမ့် တော်သေးသပေါ့
အထီး ဘယ်နှကောင် အမ ဘယ်နှကောင်လဲဟင်
🙂
အောင် မိုးသူ
April 22, 2015 at 4:25 pm
အထီး ၃ကောင် အမ ၂ကောင်
naywoon ni
April 22, 2015 at 10:14 pm
အိမ်း ကမ္ဘာကျော် စာရေးဆရာဆိုတာ ခွေးလေးကြောင်လေး အကြောင်းရေးလဲ ဖတ်လို့ကောင်းတာပဲတဲ့ ဘူလဲမသိ ပြောသွားတာ 🙂
အောင် မိုးသူ
April 23, 2015 at 9:56 am
ရွာထဲက စာရေးသူအချို့ကို မမီသေးဘူး ခိခိ
manawphyulay
April 23, 2015 at 9:43 am
ဒါဆို တစ်ဆင့်ထပ်တက်ပြီးကော ခေါ်သေးလား မြေးခွေးတို့အဖေဆိုပြီးတော့လေ
Mike
April 23, 2015 at 9:47 am
.သံယောဇဉ်များလို့ ခွေးရောကြောင်ရော မမွေးဘူး…
.သမီးတို့သားတို့ငယ်ငယ်ကပူဆာလို့ ဟန်းစတား လေးတွေတော့မွေးဖူးတယ်…
.နောက်တော့ သူများပေးလိုက်တယ်…
အောင် မိုးသူ
April 23, 2015 at 10:03 am
သံယောဇဉ်တော့များတယ်ဗျာ………။ အဲသည်အကြောင်း ထပ်ရေးပါဦးမယ်။
လုံမလေးမွန်မွန်
April 23, 2015 at 10:29 am
ဟင့်…. ခေး အဲ. ခွေးလိုချင်ပါတယ်ဆို… ရုံးမှာလည်း မမွေးဖြစ်သေးတော့ ကိုယ့်မှာ မျှော်နေရတာ… ဟိုတစ်ယောက်ကိုတောင် ပြောမိသေး.. နာတု့ိ ခေးမမွေးဘဲ ခွေးမွေးကြမားလို့.. ဟိဟိ.. :k:
မြေးလေးတွေပုံ ကြည့်ချင်တယ်…
အောင် မိုးသူ
April 23, 2015 at 11:42 am
မြေးလေးတွေအကြောင်းရေးရဦးမယ်။ သံယောဇဉ်တွေလေ….။
မြစပဲရိုး
April 24, 2015 at 1:49 am
ခွေးကို ဗိုက်ခွဲမွေးတဲ့ ဇာတ်လမ်း ဒါပထမဆုံး သိဘူးတာဘဲ။
. မွေးခန်းထဲ စောင့်ပြီးကလေးချီ ရတာ မင်းတော့ ကျိန်းကျေပြီ ထင်ပါရဲ့ မောင်အောင် ရယ်။
တယ်ရီယာခွေး တွေ က အတော်ဈေးကြီးတာ။
တစ်ချို့ တမင်တောင် ဖောက်ပြီး ရောင်းစားကြတယ်။
အားလုံး ကို မွေးထားတယ်လား။
. ခွေးဇာတ်လမ်းလေးတွေ ဆက်ပါဦး။ အတော်စိတ်ဝင်စားစရာဘဲ။
. ခြံလေး တစ်ခြံ လဲ အမြန်ပိုင်ရပါစေလို့ ဆုတောင်းပါတယ်။
အောင် မိုးသူ
April 24, 2015 at 3:16 pm
ခွေးလေးတွေအကြောင်းတော့ တစ်ခုထပ်ရေးဦးမယ်။ ကျိန်းကျေလည်း ကျေပါစေတော့ ကျွန်တော်က ကိုယ့်တူနဲ့တူမတွေရယ် ဆွေမျိုးနဲ့ကလေးတွေကိုသာ ပံ့ပိုးသူဖြစ်ချင်တယ်။ မိန်းမ မရလည်း နေပါစေတော့လို့ မှတ်ယူပြီးသားရယ်။ ဟိဟိ
မွသဲ ( 17082011 )
April 26, 2015 at 5:08 pm
အယ်ချစ်စရာလေးတွေနေမှာနော်။ အခုကဲကဲရှိသေးလား။ ဒါ့ပုံလေးတွေပါရင်ပိုကောင်းမယ်
အောင် မိုးသူ
April 29, 2015 at 10:43 am
ကဲကဲတော့မရှိတော့ဘူး။ အဲ့တုန်းက ဖုန်းတောင်မပိုင်ဆိုင်သေးတဲ့ဘဝဆိုတော့ မှတ်တမ်းမှတ်ရာလေးတွေလည်း မရှိတော့ဘူး တီမွရေ။