မှောင်ပိတ်ခံစားမှု – ၂၄
မျက်တောင်တွေ တစ်ဖျတ်ဖျတ်ခတ်နေတဲ့ကြားက
အချိန်ကလေးအတွင်းမှာ
ကျွန်တော်သူ့ကိုသတိရမိတယ်။
မေလဆိုရင် သူဟာကျွန်တော့်ဘဝထဲကထွက်ခွာသွားတာ
(၂၄)နှစ်……………..
ဘာမှမသိလိုက်တဲ့ သူ့ရဲ့အငွေ့အသက်တွေကို
စိတ်မှန်းနဲ့ ကျွန်တော်တမ်းတမိနေတုန်းပဲ။
သူကျွန်တော့်အပေါ် နွေးထွေးခဲ့မှာပါ
သူကျွန်တော့်ကို ပဲ့ကိုင်ခဲ့မှာပါ
မှန်းဆရင်း သူဟာ ကျွန်တော့်ကိုအားပေးသူ။
လောကဒဏ်ကြားမှာ ကျွန်တော်လမ်းလျှောက်ဆဲပါ
(၂၄)နှစ်အကြာမှာ သူဘယ်ရောက်သွားသလဲ..
သူဟာ တစ်ခါတစ်ခါ ကျွန်တော့်အနားရောက်လာတယ်။
တစ်ခါတစ်ခါ အနားကပ်ပြီး စကားတစ်ခွန်းပြောတယ်။
“ဘဝ”ဆိုတာ ဒီလိုပါပဲ သားရယ်တဲ့…။
………………………………………
တကယ်တော့……………………….
သူခေါ်တဲ့အသံတောင် မမှတ်မိတော့တတဲ့ကျွန်တော့်မှာ
မှောင်ပိတ်နေတဲ့ ခံစားမှုအထဲကနေ
တစ်စုံတစ်ရာကို ကျွန်တော်ရှာဖွေမိတယ်။
……………………………………………
(၂၄)နှစ်ဆိုတဲ့ အတိုင်းအတာမှာ
“အဖေ”ဟာ ကျွန်တော့်ဘဝထဲမှာ
အလင်းတန်းတစ်ခုအဖြစ် တည်ရှိနေဆဲ
မှောင်ပိတ်နေတဲ့ ခံစားမှုထဲမှာပေါ့။
……………………………………………………
ရင်နှင့်ရင်း၍
အောင်မိုးသူ
17 comments
Alinn Z
April 23, 2015 at 5:22 pm
၂၄ နှစ်တောင် ရှိပြီလား…
သူတပါးနာကျင်မှုကို မြင်ရ ကြားရရင်… ကိုယ်လည်း ထပ်တူထပ်မျှ ခံစားမှု ကူးစက်တတ်လို့…
😥
အောင် မိုးသူ
April 24, 2015 at 8:41 am
ကျတော် လေးနှစ်သားကတည်းက ဆုံးသွားတာလေ…။
Mr. MarGa
April 23, 2015 at 6:31 pm
တိတ်တိတ်လေးပဲ…
ပြန်ထွက်သွားတယ်..
🙁
မြစပဲရိုး
April 24, 2015 at 2:39 am
အဲဒီအချိန် မောင်အောင် ငယ်ငယ်လေးဘဲ ရှိဦးမှာပေါ့နော်။
အဖေမဲ့ လေးတွေ ဇာတ်လမ်းကြားရရင် ရင်ထဲမကောင်းဘူး။
အမေ က အားသန် လို့ မို့ ၂၄ လုံးလုံး သားသမီးလေးတွေ ကို ပျိုးထောင်နိုင်ခဲ့တာ။
ဂုဏ်ယူပါတယ်။
ဆက်ကြိုးစားပါ မောင်အောင်ရေ။
အဲဒီ မိခင်ကြီး က မင်းအတွက် ပြန်ပြီး ဂုဏ်ယူနိုင်အောင်ပေါ့။
အောင် မိုးသူ
April 24, 2015 at 8:39 am
သိတတ်စကတည်းက တတ်နိုင်သလောက် ငွေရှာပေးခဲ့တယ်။ ဆိုးဆိုးသွမ်းသွမ်းမနေခဲ့တာတော့ ကိုယ့်ကိုယ်ကိုယ် သိပြီးသားပါပဲ။
စိန်ပလိန်တိန် မုန့်ကြိုးလိမ်
April 24, 2015 at 7:32 am
ဘဝလမ်းဆိုတာ သတ္တိမနည်းတဲ့လူတွေသာ လျှောက်နိုင်တာပါ။
ကြိုးစားပါ ငါ့ညီ..။ ယောက်ျားတစ်ယောက်ရဲ့..
ဇွဲလုံ့လနဲ့ ကြံရည်ဖန်ရည်က ငါ့ညီ အဖေလိုပဲ
အလင်းတန်းတစ်ခုအဖြစ် တည်ရှိနေတာပါ။
အောင် မိုးသူ
April 24, 2015 at 8:45 am
အခု ကျတော့်နေတဲ့ ပုံစံနဲ့ ပြောရင် မယုံတဲ့သူတွေတောင်ရှိပါတယ်။ ထွေထူးပြီးမပြောတော့ဘူး။ း)
Ma Ma
April 24, 2015 at 7:47 am
အဖေမရှိတော့ပေမယ့် အခုလို သူ့သားလေး ကောင်းမွန်စွာရှင်သန်နေတာကို သိရမြင်ရရင် ဝမ်းသာနေမှာပါ။
တစ်ယောက်တည်းပေမယ့် စိတ်ဓာတ်ခိုင်မာစွာနဲ့ သားသမီးတွေကို စောင့်ရှောက်ပေးခဲ့တဲ့ အမေကိုလည်း ချီးကျူးပါတယ်။
အောင်မိုးသူအနေနဲ့ ကိုယ့်ဘဝကို တိုးတက်အောင် မြင့်မားအောင် ကြိုးစားခြင်းဖြင့် မိဘကျေးဇူးကို ပြန်ဆပ်လိုက်ပါလေ။ 🙂
အောင် မိုးသူ
April 24, 2015 at 8:40 am
အဲ့ဒါပေါ့ သားသမီးငါးယောက်ကို သူဘယ်လိုရှာကျွေးလည်းဆိုတာကို အရမ်းချီးကျူ းတယ်။
Mike
April 24, 2015 at 9:16 am
.စိတ်မကောင်းပါဘူး…ကိုယ်ချင်းစာမိပါတယ်
.ကိုအောင်မိုးသူအမေကိုလည်း လေးစားမိပါတယ်
အောင် မိုးသူ
April 24, 2015 at 9:45 am
မေမေ့ကိုတော့ မအံ့ဩပဲမနေနိုင်ဘူး။
Ma Ei
April 24, 2015 at 9:27 am
ခုချိန်မှာသာ အဖေရှိနေခဲ့ရင်
ဒါမှ ငါ့သားလို့ ပီတိအပြုံးနဲ့
ကြည့်နေမှာ သေချာပါတယ်…
အောင် မိုးသူ
April 24, 2015 at 9:44 am
ကျေးဇူးတင်ပါတယ် တီအိ။
ခင်ဇော်
April 24, 2015 at 9:47 am
တစ်ယောက်တည်း နဲ့ ဒီလို ဘက်စုံတော်တဲ့ သားလေးပျိုးထောင်နိုင်တာ မအေရော သားရော တော်လို့။
ရုပ်လေးက သန့်သေးတယ်။
:chit:
မမဂျီး ကို အကြော်စုံ ကြော်ကျွေးနော်။
:sar:
အောင် မိုးသူ
April 24, 2015 at 10:01 am
မမြောက်လည်း ကြော်ကျွေးပါ့မယ်။ 😀
naywoon ni
April 24, 2015 at 11:31 am
၄+၂၄ ဆိုတော့ ၂၈ ပဲရှိသေးတယ် ပေါ့ အားမလျော့နဲ့
🙂
အောင် မိုးသူ
April 24, 2015 at 1:27 pm
🙂 ၂၈ မပြည့်တစ်ပည့်