ဦးအောင်တို့ ငယ်ငယ်တုန်းက – ၁
ရွာထဲစရောက်ခါစက “၂၀၃၅ ရဲ့ ဝမ်းတွင်းစုန်း”ဆိုတဲ့ ဝတ္တုလေးကို မှတ်မိကြဦးမလားမသိဘူး။ အဲသည်တုန်း မြေကြီးကိုချစ်တဲ့ ဘကြီးအောင်ရယ် သူငယ်ငယ်တုန်းက ဆော့ကစားဖူးတဲ့ ရိုးရာကစားနည်းလေး တွေရယ်ကို သတိရအောင် ပြောပြသွားလေးအကြောင်းပေါ့။ အခုတော့ အဲသည်ကစားနည်းလေးတွေ အကြောင်းကို ပြန်စားမြုံ့ပြန်ချင်ပါရဲ့။ တကယ်တော့ အခုတော့ ဦးအောင်ပေါ့။ ကျွန်တော်အရွယ်ကလည်း ဦးအောင်အရွယ်ပဲ ရှိသေးတယ်ဆိုတော့။
ဦးအောင်ငယ်ငယ်တုန်းကတော့ ခပ်ဆန်းဆန်းထွင်ကစားတဲ့ အထဲမှာ ဦးအောင်က ထိပ်ဆုံးကပေါ့။ ငယ်ငယ်တုန်းက ကစားနည်းတွေထဲက ထုပ်စီးတိုး ၊ ခိုတွန်း ၊ စာကလေး ၊ ရွှေစွန်ညို ၊ အရူးမကြီး မစာဥ ၊ ကျောက်ရုပ် ကျောက်ဖြတ် ၊ ရုပ်ရှင်ဖွက်တမ်း ၊ ဥထုတမ်း ၊ ကုလားမစည်း ၊ တရုတ်စည်း ၊ အီစွတ်ကြိုး (တစ်ကြိုး ၊ နှစ်ကြိုး၊ သုံးကြိုး ) ၊ ဂုံညင်းဒိုး ၊ ဇယ်ခုတ် အပြင် ဟင်းချက်တမ်းကစားရင်တောင် ပါလေရာ ငါးပိချက်ဖြစ်ခဲ့တာ။ အဖွဲ့နှစ်ဖွဲ့ခွဲကစားပြီဆို ဦးအောင်ကိုလိုချင်တဲ့အဖွဲ့က များတယ်လေ။ ကစားနည်းတမ်းမှာ အားလုံးထက်တော် တာကိုး (အခြားနေရာမတော်ချင်နေမယ်)။
အခုတော့ မြို့ပြရဲ့မွန်းကြပ်မှုနဲ့အတူ ကစားနေကျကစားနည်းလေးတွေ ပျောက်ပျက်လာကြပြီ။ အမှတ်တရ မှတ်မိနေအောင်လို့ “ဦးအောင်တို့ ငယ်ငယ်တုန်းက”ဆိုတဲ့ အက်ဆေးလေးတွေကို အမှတ်စဉ် လေးတွေနဲ့ ရေးသွားမယ်လို့ စိတ်ကူးရမိတယ်လေ။ အဲ့ဒါကြောင့် သည်အက်ဆေးလေးတွေကို ရေးလိုက်မိ တယ်။
အဲသည်အချိန်တုန်းက ဦးအောင်တို့အိမ်ရှေ့မှာ အိမ်ဆို်င်ဖွင့်ထားတယ်။ အိမ်ဆိုင်လေးဆိုတော့ ကုန်စုံဆိုင်မကျ စတိုးလ်ဆိုင်မကျလေးပေါ့။ ထူးခြားတာက ဦးအောင်တို့အိမ်ဆိုင်လေးက ကွမ်းယာပါ ရောင်းတယ်။ ဦးအောင်က ကွမ်းယာတော့ ကောင်းကောင်းယာတတ်တယ်နော်။ နိုင်တီတူးနဲ့လား ဟန်ဒရက်နဲ့လား ဆေးပေါင်းနဲ့လား အကုန်ရောင်းတတ်တယ်။ ညနေဘက် ကျောင်းဆင်းလူစုံပြီဆို ကွမ်းယာရောင်းလိုက် ဆော့လိုက်နဲ့ ချွေးကိုရွှဲရော။ ဦးအောင်တို့ ငယ်ငယ်တုန်းက လူအများကြီးမရှိရင် ကုလားမစည်း မနင်းရင် တရုတ်စည်းနင်းနေကျလေ။ ကုလားမစည်းကိုတော့ အခြားနိုင်ငံတွေမှာပါဆော့ တာတွေ့ရပေမယ့် တရုတ်စည်းတော့ ဘယ်ကစထွင်လိုက်လဲမသိပါဘူး။ ဦးအောင်တို့တော့ ခဏခဏဆော့ တယ်။ ကဲ ကုလာမးစည်းနဲ့ တရုတ်စည်းဘယ်လိုကွာကြောင့် ဦးအောင်ပြောပြမယ်။
ကုလားမစည်းနင်းကြမယ် ဆော့ကြမယ်ဆို လူ (၂)ယောက်ကနေ (၅)ယောက်ထိဆော့လို့ရတယ်။ (၅)ယောက်ထပ်မကလည်း ဆော့နိုင်တယ်။ လူများရင် ကိုယ့်အလှည့်စောင့်ရတာ ကြာတာပေါ့။ ဒါကတော့ တစ်ယောက်ချင်းစီဆော့တဲ့ ကစားနည်းမို့။ ဆော့တော့မယ်ဆိုရင် ကိုယ်ပိုင် ဒိုးပြား (သို့မဟုတ်) ထွေပြားတစ်ပြားလိုမယ်။ ကစားတဲ့နေရာမှာ ဒိုးပြား(သို့)ထွေပြားက အဓိကပါပဲ။ ကိုယ်လိုချင်တဲ့ အကွက်ကို ပစ်တဲ့အခါ ထွေပြား(သို့)ဒိုးပြားဟာ ဝပ်နေမှကောင်းမှာပါ။ ဘယ်သူဘယ်ဝါက အရင်ဆော့ရမလဲဆိုတဲ့ ဆုံးဖြတ်ချက်ဟာတော့ အချို့ကဗြောင်တောင်တောင်ဗေဗေကျိ လုပ်ကြသလို ဦးအောင်တို့ကတော့ စည်းနည်းလိုက်တာများပါတယ်။ အခုပြထားတဲ့ ပုံလေးထဲက ပေါင်မုန့်ဝိုင်းထဲက စည်းကို အနီးဆုံးပစ်နိုင်တဲ့ သူက အရင်ဆုံး ကစားရမှာပါ။ အဝေးဆုံးကတော့ နောက်ဆုံးဘိတ်ချေးပေါ့။
ကစားနည်းကတော့ ပထမဆုံး (၁)အကွက်ကနေ ထွေပစ်ကတယ်။ ကိုယ့် ဒိုးပြား(သို့)ထွေရှိတဲ့ အကွက်ကို ခြေမချရဘူး။ ကျော်သွားရတယ်။ ကြိုက်ရာဆိုတဲ့ နှစ်ကွဲတွဲအကွက်တွေမှအပ ခြေတစ်ပေါင်ကျိုး နဲ့သွားရမယ်။ ကြိုက်ရာအကွက်ရောက်ရင်တော့ ခွရပ်လို့ရတယ်။ အဲသည်သွားရင်းနဲ့ တားထားတဲ့ စည်းတွေကို ခြေထောက်နဲ့ နင်းရင် သေတယ်လို့ပြောတယ်။ အဲသည် စည်းတွေကို ခြေထောက်နဲ့ နင်းမိမယ် ဒါမှမဟုတ် ကိုယ်ပစ်ရမယ့်အကွက်ကို ဒိုးပြား(သို့)ထွေပစ်လိုက်လို့ စည်းပေါ်ကျရင် တစ်ခြားသူအလှည့်ဖြစ်ပါတယ်။ အကွက်(၁)ကစလို့ တစ်ကွက်ချင်း ဒိုးပြားပစ်ပြီးသွားနိုင်ပြီး စည်းမနင်းမိရင်တော့ ပေါင်မုန့်ထိရောက်သွားပါ့မယ်။
ပေါင်မုန့်ထိရောက်ရင်တော့ ကြိုက်ရာ(၂)အကွက်ကနေ စောင့်ကြောင့်ထိုင်နောက်ကျောပေးကာ ကောက်ရပါမယ်။ ပေါင်မုန့်ကို ဒိုးပြားပစ်တဲ့အခါ လက်လှမ်းမီရာ ကိုပစ်ဖို့ ကျွမ်းကျင်မှုလိုပါတယ်။ နောက်ကျော်ပေးကောက်တဲ့အခါမှာ ဆောင့်ကြောင့်ထိုက် ခြေထောက်နှစ်ဖက်အောက်ကနေ လက်လျှိုကောက်တာရှိသလို ၊ လက်ကိုဘေးဘက်ကနေ နောက်ပစ်ပြီးကောက်တာ နှစ်မျိုးရှိပါတယ်။ အဲ့သည်အရာကို ကောက်တဲ့သူက ဆုံးဖြတ်ရမှာမဟုတ်ဘဲ ကစားဖော်တွေကဆုံးဖြတ်ပေးရတာပါ။
ကောက်တဲ့သူက ကစားဖော်တွေကို မေးရပါတယ်။ မိုးလားမြေလားဆိုပြီး ကစားဖော်တွေက ကောက်စေချင်တဲ့ အတိုင်း မိုးဆိုရင်တော့ လက်ကိုအပြင်ဘက်ကနေ ကောက်ရမှာဖြစ်ပြီး။ မြေဆိုရင်တော့ အောက်ကနေလျှိုကောက်ရတာဖြစ်ပါတယ်။ မိုးဆိုရင် ကောက်ရတာလွယ်ပြီး။ မြေဆိုရင်တော့ ကောက်ရတာ ခက်ပါတယ်။ အများဆုံး မြေဆိုပြီး ကောက်ခိုင်းတာများတယ်။ ဒိုးပြားကိုလည်း ငုံ့ကြည့်လို့မရပါဘူး။ မကောက်ခင်ကတည်းက ဘယ်နေရာဆိုတာ စိတ်နဲ့မှတ်ထားရပါတယ်။
ဒိုးပြားက ပစ်တာဝေးနေမယ်ဆိုရင်တော့ ကောက်လို့ရှိရင် အခက်တွေ့ရင် နောက်တစ်ခေါက် ပြန်ပစ်ရင်းကောက် ရပါတယ်။ ဒိုးပြားလည်း ရပြီဆိုရင်တော့။ ပေါင်မုန့်ဆီကို ခြေထောက်နင်းပြီး ဒိုးပြားကိုနောက်ပြန် ပစ်ရပါတယ်။ ဒိုးပြားကျတဲ့အကွက်ဟာ ကိုယ်ပိုင်တဲ့အကွက်ဖြစ်သွားပါမယ်။ အဲသည်အကွက်ကို သူများလည်း မနင်းရသလို ကိုယ်တိုင်ကလည်း ဘယ်လိုနေနေ နားနေနိုင်သလို ခြေထောက်ကို စုံရပ်ထားလည်းရပါတယ်။ အဲ့ဒါကို အိမ်ရတယ်လို့ဆိုပါတယ်။ အိမ်ရပြီးရင်တော့ နောက်ထပ်တစ်ခေါက် ပြန်ကစားရပါတယ်။ အိမ်ရပြီးတဲ့သူဟာ နောက်အိမ်တစ်ခေါက်ထပ်ပစ်ရလို့ရှိရင် ကိုယ့်အိမ်ပေါ် ကိုယ့်ဒိုးပြားပြန်ကျတယ်ဆိုရင် အိမ်မီးလောင်ပြီး ပျက်စီးမှာဖြစ်ပါတယ်။ ဒီလိုနဲ့ ကုလားမစည်းဟာ ကလေးတွေကြားမှာ ရေပန်းစားတဲ့ ကစားနည်းတစ်ခုဖြစ်လာပါတယ်။ ဦးအောင်တို့ဆို ကုလားမစည်းကို ဝှစ်ကနဲ ဝှစ်ကနဲ အမြန်နင်းတာ ဆရာကြီးပဲဟိဟိ။
တရုတ်စည်းကတော့ ကုလားမစည်းလောက် မရှုပ်ဘူး။ သူကလည်း တစ်မျိုးဆော့ကောင်း တယ်။ နည်းနည်းဆန်းသွားတာလေးတစ်ခုက သူက ခွရပ်ရမယ့်နေရာမရှိဘူး။ နားမယ့်တစ်နေရာတော့ ထိပ်ဆုံးတစ်ကွက်မှာ ထားပေးထားတယ်။ ခြေတစ်ပေါင်ကျိုး သွားရတာပါပဲ။ ကိုယ့်ဒိုးပြားကို ညာဘက်အောက်ဆုံး အကွက်ကနေစရတယ်။ ထူးခြားတာက ဒိုးပြားကို ညာဘက်အစကနေ စပစ်ပီဆိုရင် ကိုယ်က ဘယ်ဘက်အကွက်ကနေ ခြေတစ်ပေါင်ကျိုးစသွားရပါ
တယ်။ ထိပ်ဆုံးနားတဲ့အကွက်ရောက်ရင် ခဏနားလို့ရပါတယ်။ ပြီးရင် ခြေတစ်ပေါင်ကျိုးဆက်သွား ကိုယ့်ဒိုးပြားကိုကောက်တဲ့ နေရာမှာ ကုလားမစည်းနဲ့ မတူပါဘူး။ ကုလားမစည်းမှာ မိမိဒိုးပြားကိုကောက်မယ်ဆိုရင် မိမိပစ်ထားတဲ့ ဒိုးပြားအကွက်မရောက်ခင် တစ်ကွက်မှာ ခြေတစ်ပေါင်ကျိုးရပ်ပြီး ကောက်ရပါတယ်။ တရုတ်စည်းမှာတော့ ဒိုးပြားမကောက်ခင်မှာ ဒိုးပြားပစ်ထားတဲ့အကွက်ထဲကို ခြေတစ်ပေါင်ကျိုးနဲ့တစ်ခါတည်းခုန်ဝင်ပြီး မိမိဒိုးပြားကိုနင်းရပါတယ်။ ပီးမှ ခြေထောက်ကိုရွှေ့ပြီးကောက်ရပါတယ်။ အဲ့ဒါကတော့ ကွာခြားချက်လေးပါ။ သည်လိုနဲ့ တစ်ကွက်ချင်းတက်သွားပြီး။ နောက်တစ်ဖက်အပေါ်ကနေ ဆက်ပြီး အကွက်ပြည့်သွားရင်တော့ အိမ်ရအောင် ဒိုးပြားနဲ့ ပစ်ရပါတယ်။ ကုလားမစည်းလို ပေါင်မုန့်မပါတော့ဘူး။ ကိုယ့်အိမ်ရရင်တော့ ကုလားမစည်းလိုပဲ သူများက ကို့အိမ်ကို ကျော်သွားရမှာဖြစ်ပြီး ကိုယ်ကတော့ နားနားနေနေ နေလို့ရပါတယ်။ ပုံလေးတွေကိုလည်း ဖော်ပြလိုက်ပါတယ်။
နောက်ထပ် “ဦးအောင်တို့ ငယ်ငယ်တုန်းက – ၂ ”မှာ
ငယ်ငယ်တုန်းက ပျော်ရွှင်စွာ ကစားခဲ့တဲ့ ကစားနည်းလေးတွေ ငြင်းကြခုံကြတာတွေ ရေးသားပါဦးမယ်။
Xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
လေးစားစွာဖြင့်
အောင်မိုးသူ
15 comments
ခင်ဇော်
April 24, 2015 at 4:03 pm
အောင်မလေးးး
ဥအောင် ရယ်။
တော်လိုက်တာ။
မမဂျီး ရေးချင်ပြီး မရေးနိုင်တဲ့ ရိုးရာကစားနည်းတွေ။
သေချာရေးမယ် ဆို မှတ်တမ်းဝင်ပါကွယ်။
ညည်းကို မောင်တော်ချင်လာပြီ။
:mrgreenn:
လေယာဉ်ရှပ်ထိုး၊ ကုလားမ ရှပ်ထိုး ကစားနည်းလို့လည်း ခေါ်ကြတယ်။
ငယ်တုန်းက အိမ်မှာ ကြွေပန်းကန်ကွဲရင် သိပ်ပျော်တာ။
ကောက်ပြီး သွေးထားတာ။
လက်တည့်အောင် ပစ်ကျင့်ပြီး အဲဒီ ဒိုးတွေ စုစုထားရတာ။
ဒီလိုပို့(စ) ကို ပွါးရတာ သိပ်ပျော်။
မမဂျီးမှာ မောင်၂မ ဝမ်းကွဲ စုစုပေါင်း ၈ ယောက်။
အဲလို ကစားနည်းတွေ အကုန်ကစားဖူးတယ်။
စောင့်ဖတ်မယ်နော်။
ဆက်ရေးးး
:chit:
အောင် မိုးသူ
April 24, 2015 at 4:07 pm
စုံလို့ပဲနော် အဲ့ဒါလေးသတိရလို့ ဒီနေ့ ထိုင်ရေးနေတာ နောက်နေ့ နောက်တစ်မျိုးပေါ့။ 🙂
ခင်ဇော်
April 24, 2015 at 4:10 pm
အပျင်းပြေ ထိုင်ကစား- ခင်ဇော်
http://myanmargazette.net/204709
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ရေးစမ်းပါအေ။
ကျုပ်က ဟို ထိုင်ကစားနည်းတွေ ရေးပြီး ရိုးရာနည်း တွေ ရေးချင်တာ။
မေ့တာမေ့၊ အစုံမမှတ်မိလို့ မိုးသူ ပို့(စ) တွေ စောင့်ရင်း ပြန် ဖော်မယ်။
ပျော်ထာ။
အောင် မိုးသူ
April 24, 2015 at 4:13 pm
အဲ့သည်အထဲက စစ်တုရင်နဲ့ တရုတ်ကျားကလွဲလို့ ကျန်တာ အကုန်ကစားဖူးတယ်။ ဇယ်ခုံနဲ့ ဘောလုံးကန်တဲ့ဟာဆို အိမ်မှာဝယ်ပီး ငှားစားဖူးတယ်။ စက်ခရေဘယ်ကတော့ ကျွန်တော့် ခရေဇီပဲ အရမ်းကြိုက်တယ်။
Mr. MarGa
April 24, 2015 at 5:11 pm
ငမ်
ငါဆော့ဖူးတာနဲ့ အခေါ်ကွဲတယ်
အပေါ်ဆုံးနှစ်ကွက်ကို ခေါ်တာ တိုက်ကြီး တဲ့
သူ့အောက်က တိုက်ပု တဲ့
ကတောက်စ် ပြန်ဆော့ချင်လာပြီ 🙂
အောင် မိုးသူ
April 25, 2015 at 8:43 am
အေးပေါ့….. သူ့နေရာနဲ့သူ အခေါ်အဝေါ်နည်းနည်းကွဲမှာပေါ့။
lamin ngel
April 25, 2015 at 1:00 am
ကုလားမကိုတော့ဆော့ခဲ့ဖူးတယ်။တရုတ်မတော့မဆော့ဖူးခဲ့ဘူး။ အသက်ကလဲပြန်ငယ်လို့ရတော့ဘူးဦးအောင်ရဲ့
အောင် မိုးသူ
April 25, 2015 at 8:44 am
ကျတော်ကတော့ စိတ်ကူးပေါက်ရင် ကလေးတွေနဲ့ ရောဆော့သေးတယ် ဟိဟိ။
Alinn Z
April 25, 2015 at 10:12 am
ငယ်ငယ်က လင်မယားလုပ်တမ်း ကစားခဲ့ဖူးတယ်
ကိုယ်တွေက လင်ယောက်ျားတွေဆိုတော့ အလုပ်ထွက်လုပ်ကြတယ်ဆိုပြီး ဟိုလျှောက်ဒီလျှောက်
မိန်းကလေးတွေက အသီးအရွက်တွေ ထိုင် လှီးချွတ်
.ပြန်လာပြီဟေ့ ဆိုပြီး သူတို့ ချက်ထားတာတွေကို စားဟန်ပြု
ဟီဟိ
အခုလည်း လင်မယားလုပ်တမ်း ကစားချင်နေတုန်းပဲ
.ဖွေးဖွေးနဲ့
အောင် မိုးသူ
April 25, 2015 at 10:25 am
ကစားဖူးပါတယ်။ အခုအရွယ်တော့ နီလင်မားလုပ်တန်း ဖွေးဖွေးနဲ့ ကစားဖို့ ဆုသာတောင်းပေတော့။ ခိခိ 😛
naywoon ni
April 26, 2015 at 2:59 pm
အဲ့လာဒွေ ဆော့ဂျင်တော့ဝူး လူနဲနဲ နဲ့ လင်များ လုပ်တိုင်းပဲဆော့ဂျင်ဒေါ့ တယ် ။ ခုချိန်မှာ 🙂
အောင် မိုးသူ
April 27, 2015 at 11:50 am
ဆော့ချင်တာဆော့နော် သားကလူပျိုလေး …….။
Mike
April 27, 2015 at 2:42 pm
.ကောင်းပါတယ်ဥအောင်..ကစားနည်းလေးတွေပြန်ဖေါ်ပေးတာ..
.ကျုပ်တို့ငယ်ငယ်က တီဗွီမရှိ ဘာမရှိတာရယ်..နယ်မှာနေရတာရယ်ဆိုတော့ ခလေးသဘာဝ ဆော့စရာအာ့ တွေပဲရှိတာလေ…ခုခေတ်ကလေးတွေကတော့ ဖုန်းပဲပွတ်နေကြလေရဲ့ :k:
Ma Ma
April 27, 2015 at 3:33 pm
ကလေးဘဝမှာ ရိုးရာကစားနည်းတွေနဲ့ ကစားတာ ကိုယ်လက်ကြံ့ခိုင်ရေးလေ့ကျင့်ခန်းလုပ်သလိုမို့ ကလေးတွေရဲ့ ကာယစွမ်းအား ဉာဏစွမ်းအားကို ဖွံ့ဖြိုးစေတဲ့အပြင် စုပေါင်းလုပ်ဆောင်တတ်တဲ့ အလေ့အကျင့်တွေလည်း ရစေလို့ တကယ်အကျိုးများပါတယ်။
ခုခေတ်တော့ ငှက်ကထကြီးပြောသလိုပဲ ဂိမ်းဆော့ ဖုံးပွတ်နဲ့ အနာဂတ်မှာ ဘယ်လိုများ ဖြစ်လာမလဲ မသိဘူး။ 🙁
အောင် မိုးသူ
April 27, 2015 at 3:50 pm
ခုပတ်ဝန်းကျင်က ကလေးတွေကို အဲ့သည်အလေ့အထလေးတွေ ပြန်သင်ပေးရမယ်။ ဖုန်းပဲ ပွတ်နေကြလို့။