ဦးအောင်တို့ငယ်ငယ်တုန်းက – ၃
အဖွဲ့လိုက်ဆော့တဲ့ ကစားနည်းတွေမှာတောင် ကဗျာတွေစာတွေနဲ့ရင်းနှီးခဲ့တဲ့ ကျတော်တို့ဟာ အခုခေတ်မှာ အနည်းငယ်ထက်ပိုသာစွာ အလှမ်းဝေးလာခဲ့ပါတယ်။ မြို့ပြနဲ့ ခပ်လှမ်းလှမ်း နေရာတွေလောက် သာ ရှိပါတော့လား ဆိုတဲ့အတွေးတစ်ခုရယ်၊ မြို့ပြဟာ မြို့ပြပိုဆန်လာတာရယ်ကြောင့်ရယ်မို့ မြို့ပြဟာ မြေနေရာရှားပါးမှုကြောင့် မြို့နေလူတန်းစားထဲက ကလေးငယ်အတော်များများဟာ ဦးအောင်တို့တုန်းကလို ကစားနည်းများနဲ့ အလှမ်းကွာဝေးလာကြပါတယ်။
ဦးအောင်တို့ငယ်ငယ်တုန်းက ယောက်ျားလေးတစ်ဖွဲ့ မိန်းကလေးတစ်ဖွဲ့ အပြိုင်အဆိုင်ကစားခဲ့ကြတဲ့ ဂုံညင်းဒိုး ဆိုတဲ့ (ထွေပစ်တိုင်းလည်း
ခေါ်ကြမယ်ထင်ပါတယ်။)သစ်သားဖင်ထိုင်ခုံတစ်ခုစီနဲ့ (၂၅)ပေကွာကွာလောက်ကနေ ဂုံညင်းဒိုးပစ်ဆော့ခဲ့တဲ့ ကစားနည်း သိပ်ကိုပညာသားပါပြီး ဆော့လို့လည်း ပျော်ဖို့ကောင်းခဲ့ပါတယ်။ ဂုံညင်းဒိုးကစားနည်းကိုတော့ ဦးအောင်ကိုယ်တိုင် ဓာတ်ပုံနဲ့ သေချာဆော့ပြချင်လို့ လာမယ့်လကုန်ပိတ်ရက်ကျရင် အသေအချာ ပို့စ်တင်မယ်လို့ စိတ်ကူးထားပါတယ်။
ဒီတစ်ခေါက်လည်း ကဗျာလေးတွေ စာလေးတွေနဲ့ဆော့ခဲ့တဲ့ ကစားနည်းနှစ်ခုကို ပြန်စားမြုံ့ပြန်ကြည့် ပါဦးမယ်။ ပထမတစ်ခုကတော့ ပြောဖို့လည်းကောင်း ကိုယ်လက်လှုပ်ရှားမှုလည်းဖြစ်စေတဲ့ “ရွှေစွန်ညို”ပါပဲ။
ရွှေစွန်ညိုကစားနည်းဟာ ‘စာကလေး စာကလေး’ ကစားနည်းနဲ့ဆင်တူသလို။ သူကတော့ မတ်တပ်ရပ် ကာ ကစားရတာဖြစ်ပါတယ်။ လူ (၅)ယောက်ကနေ အများကြီးကစားနိုင်ပါတယ်။ ကစားတဲ့နေရာ အဓိက သုံးယောက်ပါပါတယ်။ တစ်ယောက်က မယ်ထွေးလေး ၊ တစ်ယောက်က ရှေ့ဆုံးက ကာကွယ်ပြီးဦးဆောင်မယ် တစ်ယောက်ရယ် လိုက်တဲ့သူ ရွှေစွန်ညိုရယ်ပါပဲ။ ရှေ့ဆုံးကတစ်ယောက်က လက်နှစ်ဖက်ဆန့်တန်းကား ကာထားပြီး နောက်ကလူတွေကတွေကတော့ ရှေ့တစ်ယောက် တစ်ယောက်စီရဲ့ အိကျီ င်္စ (သို့မဟုတ်) ခါးကို ကိုင်ကာ အတွဲလိုက်တွဲထားရမှာပါ။ နောက်ဆုံးမှာတော့ မယ်ထွေးလေးဆိုတဲ့ တစ်ယောက်ရှိပြီး လိုက်တဲ့သူ ရွှေစွန်ညိုဟာ ဘယ်ညာကွေ့ကာ ဝိုက်ကာ မယ်ထွေးကို အမိဖမ်းရမှာပါ။ ရှေ့ဆုံးက ကာကွယ်တဲ့သူကလည်း မယ်ထွေးကို မမိအောင် လိုက်တဲ့သူ ဘယ်ညာဝေ့ကာဝိုက်ကာလိုက်တာကို အတတ်နိုင်ဆုံး ကာကွယ်ရမှာ ဖြစ်ပါတယ်။
ရွှေစွန်ညိုကစားနည်းဟာ လူများလေ လူတန်းကြီးရှည်ပြီး ဆော့ရတာ ပျော်ဖို့အလွန်ကောင်းပါတယ်။ ရွှေစွန်ညိုကစားပွဲ မစခင်မှာ ကဗျာလေးနဲ့ အရင် အပြန်အလှန်ပြောကြပါသေးတယ်။
အဖွဲ့ – ရွှေစွန်ညို ဘာလိုလိုလို့ ဝဲပါတယ်။
လိုက် – မထွေးလိုလို့ ဝဲပါတယ်။
အဖွဲ့ – မထွေးမပါ တို့ချည်းသာ
လိုက် – ပါပါလျက်သား နောက်ကထား။
အဖွဲ့ – မထွေးအသားခါးလှတယ်။
လိုက် – ချောင်းငယ်ရေနဲ့ ဆေးပါ့မယ်။
အဖွဲ့ – ချောင်းငယ်ရေ နွေမှာခန်း။
လိုက် – မြစ်ငယ်ရေနဲ့ ဆေးပါ့မယ်။
အဖွဲ့ – မြစ်ငယ်ရေ နွေမှာခန်း။
လိုက် – ပင်လယ်ရေနဲ့ ဆေးပါ့မယ်။
အဖွဲ့ – ပင်လယ်ရေ နွေမှာခန်း။
လိုက် – မထွေး အမိဖမ်း။
ညအခါ လသာသာမှာပဲ ဖြစ်ဖြစ် ညနေကျောင်းဆင်း နေအေးချိန်မှာပဲ ဖြစ်ဖြစ် ဆော့ခဲ့ရတာတွေဟာ အမှတ်ရစရာတွေပါပဲ။ ဦးအောင်တို့လည်း ဒီလိုဓလေ့လေးတွေ ကလေးတွေကို လက်ဆင့်ကမ်းပေးဖို့ မျှော်လင့်ရင်း…………..။
လေးစားစွာဖြင့်
အောင်မိုးသူ
21 comments
ခင်ဇော်
April 27, 2015 at 11:31 am
ဟုတ်ပါ့။
ကောင်လေးက အုပ်စုထဲက ကောင်မလေးတစ်ယောက်ကို ကြိုက်လို့ လာရောရင်တောင်
“ရွှေစွန်ညို မထွေးလိုလို့ ဝဲတယ်” လို့ ပြောစမှတ်တွင်တယ်နော်။
ပျော်စရာကြီး နော်။
နေရာ နည်းနည်း ကျယ်ကျယ်ရှိရင်ကို ကစားလို့ဖြစ်တယ်။
🙂
အောင် မိုးသူ
April 27, 2015 at 11:39 am
ဟိုဘက်ယိမ်းလိုက် ဒီဘက်ယိမ်းလိုက်နဲ့ တော်တော်ပျော်ဖို့ကောင်းတယ်လေ။ လူအများကြီး အတန်းအရှည်ကြီးဆို ပိုပျော်ဖို့ကောင်းတယ်။ ရွှေစွန်ညို လိုက်တမ်း ခေါင်းဆောင်ကကာ နောက်က အတန်းအရှည်းကြီး ကွေးကွေးသွားတာနဲ့ပျော်စရာကြီး။
Alinn Z
April 27, 2015 at 2:16 pm
ကစားစရာတွေထဲ ဖွေးဖွေးဝှက်တမ်း ကစားနည်းတို့ ဘာတို့ ရှိရင် အခုနေ ကစားချင်လိုက်ထာ
.ရွေစွန်ညို မကစားချင်တော့ဘူး ဖွေးဖွေးနဲ့ ယင်မနားလုပ်တမ်းပဲ ကစားချင်သာ
အောင် မိုးသူ
April 27, 2015 at 3:04 pm
ကွကိုယ်ထွင်ကစားလေ ဒညင်းဝက်ရဲ့။
Kaung Kin Pyar
April 27, 2015 at 4:03 pm
ငယ်ငယ်က နာရီလက်တံဆိုတာ ဆော့ခဲ့ဖူးတယ်…
မြေကြီးမယ် ကျင်းတစ်ကျင်းတူး…၊ ဒီဘက်အဖွဲ့က လူက ကျင်းထဲမယ် ခြေဖနောင့်နင်းထားပြီး လက်က အဖွဲ့လိုက် တစ်တန်းကြီးဆက်ထားတာ…..
ဘေးနားစောင့်ဖမ်းမယ့်.. ဟိုဘက်အဖွဲ့လက်က လွတ်အောင် ပြေးရတယ်…
မိသွားရင် ဟိုဘက်အဖွဲ့က မိတဲ့နေရာကနေ…ခြေထောက်တွေအချင်းချင်း ဆက်ကားပြီး ခုနက ကျင်းကို လာထိတယ်…
သူတို့ ထိနိုင်ရင် ကိုယ့်အဖွဲ့အရှုံးပဲ…
အင်းးး
အဲ့တုန်းက
ခြေထောက်တွေ အတော်နာတယ်လို့…
:k:
အောင် မိုးသူ
April 27, 2015 at 4:30 pm
အလို………ကောင်းကင်ပြာက နာရီလက်တံကစားနည်းသိသလား။ ကျတော်က မသိဘူးမှတ်တာ။ အရမ်းကစားလို့ကောင်းတာနော်။ ကျတော်အရမ်းကြိုက်တဲ့ ကစားနည်းထဲမှာ နာရီလက်တံပါတယ်။ လဲကျရင်တော့ နာရောပဲ။ အလယ်ကတစ်ယောက် ကျန်တစ်ယောက်ကို ဆန်ကျင့်ဘက်မျက်နှာမူပြီး လက်နဲ့လွှဲပေးရတာလေ။
Mike
April 27, 2015 at 4:09 pm
.ဒီကစားနည်းကတော့ ပျော်စရာကောင်းတယ်…ရန်ကုန်မှာတော့နေရာမရှိလောက်ဘူး..
.သူကမြေကြီးပေါ်မှာကစားမှကောင်းတာ..တခါတခါလဲတတ်လို့
lu lu
April 27, 2015 at 4:28 pm
ရွှေစွန်ညို ဝဲ တမ်းကစားမယ်ဆို နောက်ဆုံးက နေရရင်
ကြောက်တယ် ဘာလို ့လဲမသိဘူး စိတ်အရမ်းလှုပ်ရှား ရတာလေ ဘယ်တော့များ ငါ့ကိုမိသွားမလဲ ဆို ပြီးးးး
:kwi:
ခုတော့ လွမ်းတယ်
အောင် မိုးသူ
April 27, 2015 at 4:39 pm
လိုက်ကာကွယ်တဲ့ ခေါင်သူကြီးပဲလုပ်ချင်တယ်။ ပိုရင်ခုန်ရလို့။ 🙂
uncle gyi
April 27, 2015 at 10:21 pm
ငယ်ငယ်တုန်းကဒို့ဘဝရယ်ပျော်စရာကော်င်းလို့အောင်မေ့တယ်
အကော်ဒီယံကြီးကိုသတိရလာတယ်ဗျာ
မြစပဲရိုး
April 28, 2015 at 12:28 am
အပေါ်က မိုက် ပြောတာ ကို လိုက်ရရင် ဒီနေ့ ကလေး တွေ ဒါမျိုး တွေ ကစားဖို့ အတွက် စိတ်လဲ မပါတော့၊ အချိန်လဲ မရှိတော့၊ မြေ လဲ မပေါတော့။
:-(((
အောင် မိုးသူ
April 28, 2015 at 8:57 am
ကျတော်တို့ ရပ်ကွက်က လမ်းပေါ်မှာတော့ ဆော့လို့ရသေးတယ်။ အရင်တုန်းက ကျတော်တို့ဆော့ခဲ့တဲ့ လယ်ကွင်းတွေတောင် အခုမရှိတော့ပါဘူး။ 🙁
black chaw
April 28, 2015 at 1:43 pm
ကျွန်တော်တို့ ငယ်ငယ်တုန်းက
ဖျော်ဖြေရေးက လုံးဝ မရှိသလောက်ဆိုတော့
ဒီလို ကစားနည်းလေးတွေကပဲ
ကလေးတွေအတွက် ထွက်ပေါက်တစ်ခု ဖြစ်သပေါ့လေ…။
တီဗီ မပြောနဲ့ ကက်ဆက်တောင် အိမ်တိုင်းမရှိတဲ့ ခေတ်…။
မှတ်မိနေသေးတာက…။
သရေကွင်း ခေတ်ဆိုရင် သရေကွင်း တွေစုကြ…၊ သရေကွင်းတွေ နဲ့ ကစားကြ…။
ဩဇာစေ့ ခေတ် ဆိုရင် ဩဇာစေ့ တွေစုကြ..၊ ဩဇာစေ့တွေနဲ့ ကစားကြ…။
ကြွေပုကံကွဲခေတ်ဆိုလည်း အဲ့ဒီလိုပါပဲ…။
ဆိုတော့
အဲဒီတုန်းက ကလေး ကစား ပွဲတွေမှာတောင်
ခေတ်ကလေး တွေ နဲ့ ဗျ…။
မှတ်မိနေတာပြန်ပြောတာပါဗျာ…။
အတိတ်ကို ပြန်သတိရစေသော ပို့စ်လေးတွေလို့ တင်စားလိုက်ရပါတယ်ဗျာ…။
ချစ်ခင်လေးစားတဲ့
ဘလက်ချော…။
အောင် မိုးသူ
April 28, 2015 at 2:09 pm
ဩဇာစေ့ဆိုရင် စုထားရတာနော့်။ ပြီးရင် အစေ့တစ်ရာကို ငါးကျပ်နဲ့ ပြန်ရောင်း။ ဩဇာစေ့ကစားနည်းမှာတောင် အမျိုးအစားတွေ အများကြီးရှိတယ်လေ။ ဆော့လို့နိုင်တဲ့အစေ့တွေရေဆေး ပုလင်းထဲ သေချာထည့်ထားတာ။ လာဝယ်လို့ရှိရင် အဟောင်းဆို ဘယ်ဈေး၊ အသစ်ဆို ဘယ်ဈေး ပြန်ရောင်းရတာလေ။ 🙂
padonmar
April 28, 2015 at 11:10 pm
ရွှေစွန်ညို ကစားဖူးတယ်။
ထုပ်စည်းတိုးဖူးတယ်။
ရန်ကုန်ကင်းဆိုတာလည်း ကစားဖူးတယ်။
မစာဥ /ဘုတ်တလုပ်တောက်တဲ့၊တိုင်ဦးတမ်း/စာကလေးကျိကျိ ဆိုတာတွေ ကစားဖူးတယ်။
နာရီလက်တံတော့ မကြားဖူးဘူး။
အောင် မိုးသူ
April 29, 2015 at 9:21 am
နာရီလက်တံကတော့ တီဒုံတို့တုန်းက မပေါ်သေးဘူးထင်တာပဲ။ ကျတော်တို့တုန်းကတောင် ဆော့ဖူးတာ နောက်ကျတယ် တီဒုံ။
Mr. MarGa
April 29, 2015 at 11:30 am
နာရီလက်တံ မကြားဖူးဘူး ဆော့လည်းမဆော့ဖူးဘူး
ရွှေစွန်ညိုကတော့ အခုနောက်ပိုင်း ကလေးတွေဆော့တာ မတွေ့မိတော့ဘူး……..
Ma Ma
April 29, 2015 at 3:20 pm
မြန်မာ့ရိုးရာအားကစားနည်းများ……… ဆိုပြီး မှတ်တမ်းမှတ်ရာ ကျန်ခဲ့အောင် ဒီစာတွေစုထားဖို့ ကောင်းတယ်။ 🙂
အောင် မိုးသူ
April 29, 2015 at 4:37 pm
အားကစားနည်းလို့မခေါ်ဘဲ ကစားနည်းလို့ခေါ်ရင် ပိုမကောင်ဘူးလား။
naywoon ni
April 30, 2015 at 10:51 am
ငယ်ငယ်က ကလေးတွေကလည်း စကားမပီ ကိုယ်ကလည်း ကလေး ဘာဝ ကြားချင်ရာကြား အမှတ်သညာကကြီး ဆိုတော့ “ပင်လယ်ရေ ” ဆိုတဲ့နေရာမှာ “ကျင်ငယ်ရေ” လို့ပဲ ကြားပြီး အဲ့ အတိုင်းမှတ် အဲ့ အတိုင်းအော်ခဲ့ မိတာ ။ နဲနဲကြီးလာမှ ကိုယ့်အတွေးနဲ့ကို ပြုံးမိ ။
ငယ်ဘဝ ကို လွမ်းအောင်မဖန်နဲ့ အောင်မိုးသူ ရေ 🙂
အောင် မိုးသူ
April 30, 2015 at 10:56 am
မှားမှ မှားတတ်ပလေ့….. ပင်လယ်ရေ နဲ့ ကျင်ငယ်ရေ
🙂