ကလေးတို့အဖေ…….ကျတော် – ၂
ကဲကဲကို ဗီုက်ခွဲမွေးတဲ့အကြောင်းလေး ပြောပြီးတော့ သူ့ရဲ့ကလေးတွေအကြောင်းပေါ့။ ကဲကဲနဲ့ ကလေးတွေကို အိမ်ခေါ်လာတဲ့အခါမှာ။ လူတွေအားက တယ်ရီယာအမျိုးက ငါးကောင်တောင် အများကြီး ပေါက်သလား။ ဘယ်ခွေးနဲ့ စပ်တာလဲဆိုတဲ့ မေးခွန်းတွေထွက်လာပါတယ်။ ထွေထူးရှင်းပြမနေတော့ ကျတော်က ကလေးတို့အဖေကြီးပေါ့။
ကဲကဲကတော့ ဗိုက်ခွဲပြီးပြီးချင်း ရေစိုနေတဲ့ စက္ကူရွက်လေးလိုပါပဲ။ ကလေးတွေကိုလည်း နို့မတိုက်နိုင် ဘူးပေါ့။ ဒီလိုနဲ့ နို့မှုန့်ဖျော်တိုက်ဆိုတော့ ရိုးရိုးနို့မှုန့်ဆိုလည်း ဝမ်းသွားမယ် တိုက်လို့မရဘူး။ ဆေးခန်းမှာ ဆွစ်ဇလန်နို့မှုန့်ဖျော်တိုက်ရမယ်ဆိုတာနဲ့ နို့တိုက်ဖို့ နို့မှုန့်အပြေးဝယ်ရပါတယ်။
နံနက်စောစောနိုးတာနဲ့ နို့မှုန့်ဖျော် ဆေးထိုးအပ် ကလေးတစ်ကောင်ချင်းစီကို တိုက်ရတော့တာပါပဲ။ ကဲကဲကတော့ မိခင်နို့မတိုက်နိုင်သေးတာကိုး။ ကလေး ငါးကောင်နဲ့ အလုပ်တွေဆို ရှုပ်လိုက်သည့်ဖြစ်ခြင်း။
ကျတော်တို့အိမ်လေးဟာ ကျဉ်းပြီးရှည်ပါတယ်။ မြေ(၁၃)ပေခွဲမှာမှ (၁၁)ပေလောက်သာကျယ်ပြီး (၅၅)ပေလောက်ရှည်ပါတယ်။ အမေကလည်း ကျန်းမာရေးမကောင်းဆိုတော့ ဒီကလေးတွေကို ဘယ်သူမှ ယုယုယယမကြည့်နိုင်ပါဘူး။ နောက်အိမ်က ကလေးတွေကိုလည်း ရောင်းစားတယ်ဆိုတာ မလိုချင်ပါဘူးတဲ့။
ကဲကဲကိုပဲ ဆက်မွေးထားပြီး ကလေးတွေကို တကယ်လိုချင်တဲ့သူတွေကို မရောင်ပဲ မုန့်ဖိုးသာသာ ခွဲစိတ်ဖိုးရအောင်တောင်းပါဆိုပါတယ်။
………………………………………………………………………………………………………
ကလေးတွေကို တစ်လလောက်ထိ ကျတော်ပဲ ထိန်းလာပြီး။ နာမည်လေးတွေပေးထားလိုက်ပါတယ်။ အလွယ်တကူပါပဲ။ အကြီးဆုံးကနေ ၊ အငယ်ဆုံးထိ နံပါတ်(၁)ကို ဝမ်းဝမ်း ၊ နံပါတ်(၂)ကို တူးတူး ၊ နံပါတ်(၃)ကို သုံးသုံး ၊ နံပါတ်(၄) ဖိုးဖိုး ၊ နံပါတ် (၅)ကို ဖိုက်ဖိုက်ပေါ့။ အဲသည်ထဲမှာအကြီးဆုံးက အရွယ်အစားအထွားဆုံးပါပဲ အငယ်ဆုံးလေး ဖိုက်ဖိုက်ကတော့ အုန်းခွံရောင်လေးနဲ့ အသေးဆုံးပေါ့။
ပထမဆုံး ကျတော့်အဒေါ်အငယ်ဆုံးက ဝမ်းဝမ်း(အကြီးဆုံးကောင်)ကို ယူသွားပါတယ်။ အဲသည်အတွက် မုန့်ဖိုး ငွေ(၅၀၀၀)ကျပ်ပေးပါတယ်။ ဒုတိယဖြစ်တဲ့ တူးတူးကိုတော့ လမ်းထိပ် အသိအစ်ကိုကြီး ဇနီးမောင်နှံက ငွေ(၅၀၀၀)နဲ့ ခေါ်ယူမွေးပါတယ်။ တတိယမြောက် သုံးသုံးကိုတော့ ကျတော့်သူငယ်ချင်း ကောင်မလေးတစ်ယောက်က ငွေ(၅၀၀၀)နဲ့ပဲ ခေါ်ယူမွေးပါတယ်။ စတုတ္တမြောက် ဖိုးဖိုးကိုတော့ ကြည့်မြင့်တိုင်က အသိတစ်ယောက်က ငွေ(၅၀၀၀)နဲ့ ခေါ်မွေးပါတယ်။ နောက်ဆုံး ကျတော့်လက်ထဲ ကဲကဲရယ် ဖိုက်ဖိုက်ရယ်ပဲကျန်ပါတော့တယ်။
တစ်လသာသာပေမယ့် ကျတော့်ဆီက ကလေးတွေခေါ်သွားတိုင်း စိတ်မကောင်းဖြစ်ခဲ့ရပါတယ်။ သံယောဇဉ်ဆိုတာလည်း သည်လိုကိုး။ ကျတော်တို့အိမ်က သိပ်မပြည့်စုံပါဘူး။ ကဲကဲက ကြက်ရိုးနဲ့သာထမင်း စားတော့။ သူ့အတွက်သက်သက် ကြက်ရိုးဝယ်ရပါတယ်။ ဖိုက်ဖိုက်ကလေးဟာ တစ်လကနေ သုံးလထိ ကျတော်နဲ့ ရှိနေခဲ့ပါတယ်။ မွေးတုန်းက အသေးဆုံးပေမယ့် သူ့ဟာ အုန်းခွံရောင်လေးနဲ့ တစ်ကောင်တည်းသာ ပါတဲ့ တစ်ကောင်ပါ။ ပိုထူးခြားတာက ပိုပိုပြီးလှလာတာပါ။ သူမျက်နှာပေါက်က ချောတဲ့အထဲပါပါတယ်။ သည်လိုနဲ့ သုံးလကျော်မှာ အဒေါ်ရဲ့သူငယ်ချင်းက မွေးချင်တယ်ဆိုတာနဲ့ အိမ်ကလည်း ကဲကဲကိုသာ ဆက်လက်ထားပါဆိုတာနဲ့။ ဖိုက်ဖိုက်လေးကို ပေးခဲ့ရပါတယ်။ အဒေါ်ရဲ့သူငယ်ချင်းကတော့ အမေ့ကို မုန့်ဖိုး တစ်သောင်းခွဲကျပ်ပေးသွားပါတယ်။
………………………………………………………………………………………………………
အခြားအကောင်တွေလိုမဟုတ်ဘဲ သုံးလကျော်နေလာခဲ့တဲ့ သံယောဇဉ် ဖိုက်ဖိုက်နဲ့ ကျတော့်ဆီမှာ ကပ်ငြိလာခဲ့တာပေါ့။ တစ်ပတ်လောက်နေတော့ ဖိုက်ဖိုက်ကို ကျတော်သတိရလာပါတယ်။ သည်လိုနဲ့ ဖိုက်ဖိုက်ရှိရာအိမ်ဆီ ညနေခင်း လမ်းလျှောက်ထွက်ခဲ့တာပေါ့။ ကျတော့်မြင်ရင် အတင်းလိုက်မှာသိတာကြောင့် မလှမ်းမကမ်းကနေ အဲသည်အိမ်ကိုလှမ်းအကြည့် ဖိုက်ဖိုက်ကို အဲသည်အိမ်က ကလေးလေးက ချီထားတာ တွေ့လိုက်ရတယ်။ ခုခေါ်ယူမွေးတဲ့အိမ်က ပိုချမ်းသာတယ် ပိုက်ဆံရှိတာသိတော့ ဝမ်းသာရတာပေါ့။
သည်လိုနဲ့ ဖိုက်ဖိုက်ကိုခိုးကြည့်ရင်း အမှတ်မထင် ဖိုက်ဖိုက်က ကျတော့်ကိုမြင်သွားပါတယ်။ အဲသည်ခဏ ချက်ချင်းဟာ ခဏလေးဆိုသလိုပါပဲ။ ဖိုက်ဖိုက်ဟာ ချီးထားတဲ့ ကလေးကို အတင်းရိုက်ပုတ်ပြီး ကျတော့်ဆီအပြေးလာတော့တယ်။ ကျတော်ကတော့ ဖိုက်ဖိုက် သွားနေခဲ့တော့ဆိုလည်း မရပါဘူး။ ကျတော့်ကို ခြစ်ကုတ်ပြီးတက်ပါတော့တယ်။ ကလေးလေးကိုလည်း အားနာတာနဲ့ နောက်လာမကြည့်တော့ပါဘူး ပြောပြီး မျက်ရည်တွေလည်းဝဲ စိတ်မကောင်းခြင်းများစွာနဲ့ အိမ်ပြန်လာတော့တယ်။
ကဲကဲဆိုလည်း သူ့ကလေးအငယ်ဆုံးနဲ့ အကြာကြီးနေခဲ့ရတော့ ဖိုက်ဖိုက်ကိုခွဲချိန်မှာ ခံစားရမှာပဲလို့ တွေးနေမိတော့တယ်။ အဲသည်အချိန်ကစပြီး နောက်ဆို သံယောဇဉ်မမွေးတော့ဘူးဆိုတဲ့ အသိကို စိတ်ထဲမှတ် ထားမိတော့တယ်။
အခု ကျတော်ပေးခဲ့တဲ့ အိမ်တွေအကုန်လုံးက ကလေးတွေကိုချစ်ကြပါတယ်။ ခုဆိုလည်း ကလေးတွေက (၈)နှစ် (၉)နှစ်အတွင်းကို ရောက်လို့ ကြီးနေကြပါပြီ။ အဒေါ်အိမ်က အကြီးဆုံးကောင်ကတော့ တစ်လောကပဲ ခြံတစ်ခါးဖွင့်တုန်းက ခဏလေး အပြင်ထွက်သွားတာ အဆိပ်မိပြီး ဆုံးပါးသွားပါတယ်။ အဒေါ်ကတော့ ငိုကြီးချက်မကိုဖြစ်လို့။
………………………………………………………………………………………………………
သူငယ်ချင်းမလေးဆီက တူးတူးကတော့ ခုထိရှိတုန်းပါပဲ။ သူတို့ခမျာလည်း ချစ်လိုက်ကြတာ ယောက်ျားတောင် မပေးစားပါဘူးတဲ့။ ခြင်ထောင်ထဲပဲ အိပ်တာပါတဲ့။ အဲသည်အိမ်က ပစ္စည်းတစ်ခုခုထိတာနဲ့ ကိုက်ပါရောတဲ့။ အရမ်းလိမ္မာပါသတဲ့။ နင့်သမီးကို တစ်ချက်လာကြည့်ပါဦး ပြောရှာပါတယ်။
အရင်က သံယောဇဉ်မထားဘူးလို့သာ စိတ်ဆုံးဖြတ်ခဲ့ပေမယ့် အခု ဖိုက်ဖိုက်နဲ့ချွတ်စွပ်လောက်တူတဲ့ အရောင်ပါတူတဲ့ တယ်ရီယာလေးကို ကျတော်သံယောဇဉ်ထားမိခဲ့ပြန်ပြီ။ သူ့နာမည်ကတော့ ဗစ်ကီတဲ့။ အရမ်းလိမ္မာလို့ အိမ်ရဲ့အသည်းကျော်လေးပေါ့။ အရမ်းလည်းလိမ္မာတယ်။ ဟင်းချေးမများဘူး။ အီးပါ သေးပေါက် သူ့ဖာသာ အပြင်ပါသွားတယ်။ ခုတော့ ဖိုက်ဖိုက်အစားပေါ့။ သည်လိုနဲ့ ကျတော် ကလေးအဖေဖြစ်ခဲ ပြန်ပါပြီ။
………………………………………………………………………………………………………
ဗစ်ကီရဲ့ပုံလေးကို တင်ပေးလိုက်တယ်။
လေးစားစွာဖြင့်
အောင်မိုးသူ
14 comments
ခင်ဇော်
May 8, 2015 at 3:42 pm
ခက်တာက လူလူချင်း ခွဲခွါရတဲ့ အခါ ခံနိုင်ရည်ရှိပေမဲ့
ဒီလို သံယောဇဉ်တွေကျ အတော်ကို ငိုရ ပူရတယ်။
😥
ခု ဒီမှာ နေလို့ ကောင်းလိုက်တာ။
သနားစရာကောင်းတဲ့ သတ္တဝါကို မမြင်ရသလို ကိုယ်ကလည်း သံယောဇဉ်ထားစရာ မလိုဘူးးး
:a:
အောင် မိုးသူ
May 8, 2015 at 3:45 pm
ဟုတ်တယ်။ ခုတော့ နောက်သံယောဇဉ်တစ်ခု မွေးမိပြန်ပြီ။
Alincho
May 8, 2015 at 5:07 pm
ဟုတ်ပါတယ်။ သံယောဇဉ်ဆိုတာ မရှိလည်းကောင်း၊ ရှိမကောင်းပါ။
အောင် မိုးသူ
May 9, 2015 at 9:34 am
သံယောဇဉ် သံယောဇဉ် လူကိုအရူးတစ်ပိုင်း ဖြစ်စေတယ်…
မွသဲ ( 17082011 )
May 9, 2015 at 9:35 am
အိုက်သံယောဇဉ်တွေကိုကြောက်လို့ဘာမှမမွေးတော့ဘူး။ ဒါပေမဲ့ လမ်းထိပ်ကခွေးလေးကောင်က အခုသံယောဇဉ်လာဖြစ်နေလို့ဂွကျနေလေရဲ့
အောင် မိုးသူ
May 9, 2015 at 1:03 pm
ခုတော့ နောက်တစ်ကောင် သံယာဇဉ်ကို ထပ်မွေးထားတယ်
မောင်ဘလိူင်
May 9, 2015 at 1:10 pm
ကျွန်တော်ဖြင့် တစ်သက်နဲ့တစ်ကိုယ် ဘာကောင်မှ မမွေးဘူးပါ။
သနားကြင်နာတဲ့ စိတ်မျိုး သိပ်မရှိလို့လား မသိဘူး။ ပြီးတော့
ကိုအောင်မိုးသူတို့လို တယုတယနဲ့ ဒုက္ခခံနိုင်ဖို့ အခက်သားလား။
Alinsett @ Maung Thura
May 9, 2015 at 1:17 pm
ပိုစ့်ခေါင်းစဉ်မှာ ”ကျွန်တော်”လည်း မဟုတ်
”ကျနော်”လည်းမဟုတ်
ဘယ်လိုဖြစ်ပြီး ”ကျတော်” ဖြစ်နေရတာလဲဟင်. . .
စကားလုံးအသစ် ထွင်တာလားးး
Ma Ei
May 9, 2015 at 3:04 pm
တီအိတော့ ခွေးကြောက်တယ် မမွေးရဲဘူး…
ကြောင်လေးတွေဘဲချစ်လို့ မွေးထားတယ်..
မြစပဲရိုး
May 9, 2015 at 9:36 pm
မှတ်မှတ်ရရ အရီး ၁ဝတန်း ဖြေဖို့ နီးချိန် အချစ်တော် ကြောင်မ ပေါက်စလေး ပျောက်သွားတာ။
အတော်ခံစားလိုက်ရတယ်။
လူခိုးသွားတယ် ထင်တာဘဲ။
အဲဒီထဲက ဘာကိုမှ သံယောဇဉ် နဲ့ မမွေးတော့ဘူး။
naywoon ni
May 11, 2015 at 9:31 pm
ဘာမှတော့ မဆိုင်ဘူး ဝီဝီ ဟောတဲ့ တရားကို သွားသတိရလို့ ခွိခွိ 🙂
အောင် မိုးသူ
May 12, 2015 at 8:54 am
ခုတော့ သံယောဇဉ်လေးတစ်ချောင်းထပ်တွယ်ပြန်ပြီ။
Mr. MarGa
May 12, 2015 at 12:01 pm
ကိုယ်ပိုင်အိမ်နဲ့ နေဖြစ်ရင် ခွေးတစ်ကောင်လောက်တော့ မွေးချင်ရဲ့
လောလောဆယ်တော့ ကိုယ်တိုင်လည်းမကြည့်နိုင် ဂရုလည်းမစိုက်နိုင် ဆိုတော့
အတွေးသက်သက်…..
အောင် မိုးသူ
May 12, 2015 at 12:36 pm
ခုတော့ သားလေးကို အရမ်းချစ်တယ် အရမ်းလိမ္မာတယ်။