“ကျနော်ဓါတ်ဖမ်းသမား” (၃) (ဓါတ်ဖမ်းရင်း ရ ခဲ့ တဲ့ ရီစရာလေးများ)
“ကျနော်ဓါတ်ဖမ်းသမား” (၃)
(ဓါတ်ဖမ်းရင်း ရ ခဲ့ တဲ့ ရီစရာလေးများ)
နောက်ပိုင်းမှာ အလုပ်ပိတ်ရက်တွေဆိုရင် တစ်မြို့ထဲသား ကိုစိန်သော့နဲ့ ဓါတ်ဖမ်းထွက်ကြပါတယ်။
ဥပုဒ်နေ့ဆိုရင် မနက်အစောကြီးထ တောင်သမန်အင်း စစ်ကိုင်းဘက်ကမ်း အနှံ့သွား။
ညနေခင်းများ တိမ်တွေလှရင် တစ်ယောက်နဲ့တစ်ယောက်သတင်းပေးပြီး
အပြေးအလွှားသွား၊
ကျနော်နဲ့သူ စစ်ကိုင်း အင်းဝ ရှမ်းလေးကျွန်း အောင်ပင်လယ် ဧရာဝတီမြစ်နံဘေး
မန်းလေးမြို့ အရှေ့အနောက်တစ်ခွင်ပြဲပြဲစင်အောင်ရိုက်ကြပါတယ်။
လူသူအရောက်နည်းသေးတဲ့ ဒီးဒုတ်ရေပြာအိုင်ကိုလည်းသူနဲ့အတူသွားခဲ့ကြတာပါ။
ပုုံရိုက်ပြီးလို့သူ့ကိုပြရင်သူက ကျနော့်လိုအပ်ချက်တွေကိုထောက်ပြလို့ သင်ပေးပါတယ်။
သူနဲ့ကျနော်ဓါတ်ဖမ်းထွက်ချိန် မှာ ပျော်စရာ ရယ်စရာ အဖြစ်အပျက်တွေ
အများကြီးကြုံခဲ့ရပါတယ်။
ဓါတ်ပုံလာရိုက်တာကို သစ်တောက လူတွေမှတ်လို့ ဆရာချင်းမုးိမွှန်အောင်ခေါ်ပြီး
“လိုတာပြောပါ လိုတာပြောပါ”လို့ လာပြောတဲ့ သစ်ဖောင်သမားနဲ့လဲဆုံရ။
သူတို့က ဝါးဖောင်အောက်မှာ သစ်လုံးတွေဖျောက်ပြီးသယ်လာတာကိုးဗျ။
အဲတော့လာဖမ်းတဲ့သူတွေမှတ်လို့ လာညှိတာပါ။
သစ်ဖောင်ပေါ်မှာ သူတို့အချင်းချင်းဖဲရိုက်နေတာမသိဘဲ
သစ်ဖောင်တွေ ကို ကိုယ်က သွားဓါတ်ဖမ်းမိလို့
“ဟေ့လူ ဘာလုပ်တာလဲ “ လို့ လှမ်းရန်တွေ့တာခံရ
တောင်သမန်မနက်ဝေလီဝေလင်းမှာ ခွေးတွေဝိုင်းအုံလိုက်လို့
လက်ထဲပါတဲ့ ထရိုင်ပေါ့ က ခွေးရိုက်ဒုတ်ဖြစ်လို့ဖြစ်ရ၊
ခွေးတွေဟောင်သံကြားရင်
“ခွေးကြည့်ပါအုံးဗျိုး”လို့အော်လိုအော်ရ၊
ကလေးတွေဝိုင်းလာပြီး သူတို့ကိုဓါတ်ပုံရိုက်ပေးပါလို့
ပြောတာကို အလိုက်အထိုက်ရိုက်ပေးရ၊
သူတို့ကိုဒုက္ခပေးမယ့်သူတွေထင်လို့ မျက်ထောင့်နီကြီးတွေနဲ့ ကြည့်တဲ့
ကျူးကျော်တဲ ကလူတွေကို မျက်နှာချိုသွေးလို့သွေးရ၊
ကင်မရာ တကားကားနဲ့လာတဲ့ ကျနော်တို့ကို ဂျာနယ်သမားတွေမှတ်လို့
သူတို့ရဲ့မကျေနပ်ချက်တွေ ခံစားချက်တွေကို ရင်ဖွင့်
“ဂျာနယ်ထဲ ပါအောင်ရေးစမ်းပါဗျာ”လို့
လာပြောတာတွေလဲကြုံရ နဲ့အမျုးိစုံတွေ့ရတာပါ။
လမ်းမသိဘဲသွားရင်း ဘယ်ရောက်လို့ရောက်မှန်းမသိလို့
တွေ့တဲ့လူကိုမေးပြန်တော့သူကလဲရေရေ ရာရာ မသိ၊
တစ်ခါတစ်လေ အဲလိုကိုယ်မေးလိုက်တဲ့လူပြောတဲ့အတိုင်းသွားမှ
တလွဲဖြစ်လို့ဖြစ်နဲ့ တကယ်ကိုရီစရာတွေပါဘဲ။
တစ်ခါကဆောင်းမနက်စောစော စစ်ကိုင်းဘက်ကိုသွား
အမြင့်ဘက်ကနေတက်ကြည့်ရင်မြင်ကွင်းကောင်းကောင်းရမယ်လို့
အတွေးရှိတော့ ရတနာပုံတံတားမြောက်ဘက်ကဘုရားကုန်းပေါ်ကိုတက်ပြီး
ဓါတ်ပုံရိုက်ဘို့ သွားကြပါတယ်။
တံတားပေါ်ကနေ အောက်ကိုဆင်းပြီး ရပ်ကွက်ထဲလဲရောက်ရော
ဘယ်သွားလို့သွားရမှန်းမသိ မေးစရာလူမရှိ။
ခွေးတွေကဟောင်နဲ့အတော်ကို ကသီလင်တနိုင်ခဲ့တာ။
နောက်လူတစ်ယောက်စက်ဘီးစီးလာတာတွေ့မှလမ်းမေးပြီး
သူပြောတဲ့အတိုင်း သွားမှ ဘုရားပေါ်တက်ရမယ့်လမ်းကိုတွေ့ရပါတယ်။
ဘုရားပေါ်လဲရောက်ရော အောက်မှာသစ်ပင်တွေက ပိတ်နေတော့
တံတားတောင်ကောင်းကောင်းမမြင်ရပါဘူး။
ဒါနဲ့ပြန်ဆင်းလာပြီးကမ်းနားလမ်းရောက်တော့ မှောင်မှောင်မဲမဲထဲမှာ
အောက်ဆင်းတဲ့လမ်းကိုရှာပြီး ခက်ခက်ခဲခဲကို ဆင်းခဲ့ကြတာပေါ့။
နေထွက်လာတော့ ဓါတ်ပုံတွေရိုက်တာရပ်ပြီး ပြန်မယ်လုပ်တော့မှ
ကျနော်တို့ ဆင်းလာခဲ့တဲ့နေရာက အမိူက်တွေသွန်တဲ့နေရာဖြစ်နေပြီး
အဲဒီကနေ ၄-၅ လှမ်းလောက်လျောက်လိုက်ရင် အောက်ဆင်းတဲ့လမ်းကိုရောက်သွားတယ်ဆိုတာသိရ။
နေရာမကျွမ်းကျင်တော့လဲအဲလိုပေါ့။
တစ်ခါကပေါ့ ကိုစိန်သော့နဲ့ကျနော် အင်းဝဘက်ကို ကူးတို့ဆိပ်ကနေ
လှေနဲ့ကူးပြီးသွားကြတဲ့အခါ
မြင်းလှည်းသမားတွေက တိုးရစ်မှတ်ပြီး
ဘိုလိုလာပြောတာကို ခပ်တည်တည် နဲ့ တိုးရစ်ယောင်ဆောင်ပြီး
ဘိုလိုပြန်ပြောတာပေါ့။
တတ်သလောက်မှတ်သလောက် မီးကျုးိမောင်းပျက်နဲ့ပေါ့။
မြင်းလှည်းသမားတွေကလည်းနောက်က တကောက်ကောက်လိုက်ပြီး
မြင်းလှည်းငှားဘို့ပြောပေါ့။
ဓါတ်ပုံရိုက်ပြီးဟိုဘက်ပြန်ဘို့အလုပ်
လှေက က ကမ်းကပ်လာတော့
” ဘိုသော့ လစ်ကြစို့”လို့ အပြောမှာ
“ဒီကောင်တွေ ဗမာလိုတတ်တယ် ဟ”လို ့ အံ့ဩတကြီးနဲ့ပြောတာကိုကြားလိုက်ရတော့
နှစ်ယောက်သားရီမိပါတယ်။
ဒီအကြောင်းကိုပြန်တွေးမိတိုင်းပြုံးမိပါတယ်။
နောက်ရီစရာတစ်ခုက သီပေါ အကိုကြီး ကိုအေးကျော်လာလို့
တောင်သမန်အင်းကို မနက်စောစောသွားကြတုံးကပေါ့။
ကျနော်နဲ့ကျန်တဲ့သူတွေ က ဓါတ်ဖမ်းရင်းလူစုကွဲသွားကြပါတယ်။
ကျနော်က တံတားအောက်အရောက် မင်္ဂလာဝတ်စုံနဲ့ဓါတ်ပုံရိုက်နေတဲ့
တရုပ်လူမျိုးတွေကိုတွေ့ရတော့ ကျနော်က မတောက်တခေါက်တရုပ်စကားနဲ့
“ရိုက်ခွင့်ပြုပါ “လို့ ခွင့်တောင်းပြီးတော့ ဝင်ရိုက်ပါတယ်။
အဲ့မှာ သူတို့ထဲကတစ်ယောက်က သူကိုင်ထားတဲ့ကင်မရာကို ပြပြီး
သူက အခုမှစရိုက်သူဖြစ်လို့ ကင်မရာအကြောင်းသိပ်မသိ၊
ဘယ်အနေအထားနဲ့ရိုက်ရင် ကောင်းမလဲပြောပြ ပါဆိုပြီး
တရုပ်လိုတစ်ဝက် အင်္ဂလိပ်လိုတစ်ဝက်မေးပါတယ်။
အဲ့မှာကျနော်ကလဲကင်မရာအကြောင်း ဘာမှသိပ်မသိလို့
ခင်ဗျားကိုပြောပြနိုင်တဲ့လူခေါ်ပေးမယ်ဆိုပြီး
ကိုစိန်သော့ လက်ယပ်ပြီးလှမ်းခေါ်ပေးလိုက်ပါတယ်။
ကိုစိန်သော့နဲ့ သူလဲတွေ့ရော အဲ့ကောင်မလေးက
မြန်မာစကားနဲ့ သူ မနေ့ကမှ ကင်မရာဝယ်လာတာ
ကင်မရာမချိန်တတ်လို့ သင်ပေးပါဆိုပြီးပြောပါတော့တယ်။
အဲတော့မှ ကျနော်လဲ တအံ့တဩနဲ့ ခင်ဗျားမြန်မာစကားပြောတတ်လားလို့
မေးတော့ သူက ရီပြီးတော့ ဦးလေးက တရုပ်လိုလာမေးတော့
ကျနော်က ဦးလေး ကိုမြန်မာမဟုတ်ဘူးထင်နေတာလို့လဲ
ပြန်ပြောရော ဘေးနားကလူအားလုံးက ဝိုင်းရီကြပါတော့တယ်။.
ကျနော်က အသားမဲမဲ အရပ်ပုပု ဗိုက်ရွှဲရွှဲ
ဝတ်ထားတာက သရီးကွားတားဘောင်းဘီ
ကင်းဘတ်ဖိနပ်နဲ့ဆိုတော့ အာဖရိက က လူလို့များထင်လားမှမသိ။
ဒါလဲကြုံတိုင်းပြန်ပြောဖြစ်တဲ့ရီစရာတစ်ခုပါဘဲ။
ဒီးဒုတ်ရေပြာအိုင်ကို အချိန်အခါမမေးဘဲ မတ်လရဲ့နေလည် ပိုင်းမှ
တက်ကြလို့ အမော့ဆို့မတတ် ဟောဟဲလိုက်အောင်တက်ကြရတာတွေ၊
ပြင်ဦးလွင်က ပန်းတန်းကို ရိုက်မယ်ဆိုပြီး မှောင်မဲမဲ ဆောင်းတွင်းမနက်စောကြီး
ချမ်းချမ်း စီးစီး ဆိုင်ကယ်တစ်စီးနဲ့လေပေါရင်းသွားကြတာ ပန်းတန်းကျော်ပြီး
၁၆မိုင်တိုးဂိတ်ရောက်မှပြန်လှည့်ကြရ၊
ရောက်လက်စနဲ့မထူးဘူးဆိုပြီး ကျောက်တောင်ပေါ်အတက်
ကျနော်ဟန်ချက်ပျက်ပြီး မှောက်ရက်လဲလို့ဒူးတွေတစ်တောင်တွေပွန်း
ကိုစိန်သော့က ကျနော်မူးလဲတယ် မှတ်ပြီး စိတ်တွေပူခဲ့ရ။
ဆောင်းမနက် စစ်ကိုင်းတံတားကို ဓါတ်ဖမ်းအသွား
နှင်းတွေပိတ်နေလို့ ဘာမှ မရိုက်ရဘဲပြန်လာခဲ့ရ။
တစ်ညနေခင်းမှာ
တောင်သမန်အင်းရေတက်ချိန် တံတားအနောက်ဘက်က
ရေလည်ခေါင်ရောက်နေတဲ ့ဘုရားဆီကိုငှက်သမားငှားပြီးကြတာပေါ့။
ငှက်သမားကိုမစောင့်နဲ့နောက်မှ လာခေါ်ပါဆိုပြီးပြန်လွှတ်လိုက်တာ
ဓါတ်ပုံရိုက်ပြီးနေပေမယ့် မှောင်တဲ့ အထိ ငှက်သမားက ပြန်လာမကြိုလို့ ရင်တမမနဲ့စောင့်ခဲ့ရ
အမှတ်ရစရာပျော်စရာတွေအများကြီးပါဘဲ။
စိတ်မကောင်းစရာကတော့ တစ်ခါကြုံခဲ့ဘူးပါတယ်။
မန္တလေးရွှေကျောင်းကြီးမှာပါ။
ကျနော်လိုချင်တဲ့ အကွက်အကွင်းလေးရအောင် အုတ်တံတိုင်းပေါ်တက်ပြီးရိုက်မိပါတယ်။
“မျောက် ကိုချောက်နေတာဘဲ မျက်စေ့နောက်လိုက်တာ”ဆိုတဲ့အသံက ဝင်ကြေးကောက်
တဲ့ တဲထဲက အသံထွက်လာပါတယ်။
တကယ်တော့ သူတို့ကကျနော့်တို့ကိုအကူအညီတောင်ပေးသင့်ပါတယ်။
ပြောရရင်တော့ ရှေးဟောင်းနယ်မြေတွေမှာ ဘုရားတွေမှာ ကင်မရာသမားကို
ပိုက်ဆံကောက်ဘို့လောက်ဘဲစဉ်းစားနေပါတယ်။
ကင်မရာရိုက်သူ တွေကိုဘယ်လိုဝန်ဆောင်မူ့ပေးမယ်ဆိုတာ ခေါင်းထဲမရှိ။
ကိုယ့်နိုင်ငံက ယဉ်ကျေးမှု့တွေကို တစ်နိုင်တစ်ပိုင်မှတ်တမ်းတင်ပေးနေပါလားဆိုတဲ့
အသိတရားမရှိ။
စိတ်မကောင်းတော့ ဖြစ်ခဲ့မိပါတယ်။
ဒီနေရာမှာကြုံလို့ပြောချင်တာက ဓါတ်ပုံရိုက်ခ ကောက်ခံတဲ့ကိစ္စပါ။
မြန်မာပြည်မှာရှိတဲ့ စေတီဘုရားကျောင်းကန် ဥယျာဉ်အတော်များများမှာ
ကင်မရာမြင်တာနဲ့ ကင်မရာခွန်ဆောင်ဘို့ ဇွတ်တောင်းတော့တာပါဘဲ။
ကင်မရာအခွန်ဆောင်ဘို့တောင်းတဲ့အတွက်ကျနော်တို့အတွက်
ဘာများ ဝန်ဆောင်မူ့ပေးထားသလဲမေးရင် သူတို့မှာအဖြေမရှိပါ။
နောက်ဒီကင်မရာအခွန်ဆောင်တာကလဲ မှတ်တမ်းမှတ်ရာမရှိ
အခွန်လာကောက်သူအိတ်ထဲရောက်သွားနိုင်တဲ့ပိုက်ဆံတွေပါ။
ဒါကတော့ ဓါတ်ချစ်သူအားလုံးက ဝိုင်းဝန်းပြီး ဆန္ဒဖော်ထုတ်သင့်တဲ့
ကိစ္စလို့ လည်းထင်မိပါတယ်။
(ကင်မရာအခွန်မပေးရေးးးးးးးးး ဓါတ်ဖမ်းသူများ အရေး )
(ကင်မရာအခွန်မပေးရေးးးးးးးးး ဓါတ်ဖမ်းသူများ အရေး )
ဒါပေမယ့်လဲ ကိုယ့် ဝါသနာနဲ့ ကိုယ် လိုတဲ့ပုံရရင်ပြီးရောလို့ဘဲသဘောထားပြီး
လာတောင်းတော့လဲပေးလိုက်တာပါဘဲ။
ဒီစံနစ်ကြီးကတော့ပျောက်သင့်ပြီထင်ပါတယ်။
စီးပွားရေးလုပ်စားရင်တစ်မျိုးပေါ့။
(ဆက်လက်ဖော်ပြပါမည်)
ကိုပေါက်လက်ဆောင်အတွေးပါးပါးလေး
30-5-2015
16 comments
Alinsett @ Maung Thura
May 30, 2015 at 9:43 am
.ရေပြာအိုင် ရောက်ဖူးချင်လိုက်တာ…
ကိုပေါက်(မန္တလေး)
May 30, 2015 at 9:48 am
နေ့ချင်းပြန် ရင်တော့ သွားမရ တစ်ညအိပ်မယ်ဆိုရင် သွားလို့ရမယ် လိုက်လဲ ပို့ပေးနိုင်တယ်
ဒါပေမယ့် ဆောင်း နဲ့ နွေမှာဘဲ လှတယ် မိုးဆိုရင် မလှတော့ ရေတွေနောက်သွားတတ်တယ်
ဝင့်ပြုံးမြင့်
May 30, 2015 at 12:23 pm
.ဓာတ်ပုံက ဖောင်ပေါ်ကဘဝများ ပုံကြိုက်တယ်။ ဖောင်အောက်မှာ သစ်လုံးခိုးသယ်တာ အခုမှ သိတယ်။ ဓာတ်ပုံတွေထက် လေးပေါက် စကားပြောလေးနဲ့ ရေးထားတာ ဖတ်လို့ပိုကောင်းတယ်။
ကိုပေါက်(မန္တလေး)
May 30, 2015 at 2:54 pm
မပြုံးရေ
အပေါ်က ဆင်းလာတဲ့ဝါးဖောင်တွေ အောက်မှာ
အများအားဖြင့် သစ်တွေ ပါတတ်ပါတယ်။
အောင် မိုးသူ
May 30, 2015 at 12:42 pm
ရေပြာအိုင်က ခုတော်တော် နာမည်ကြီးနေတယ် မန်းလေးကိုရောက်ဖြစ်ပေမယ့် အေးဆေးမရောက်တော့ မသွားခဲ့ရဘူး။ ဒီတစ်ခေါက်ရောက်ရင် သွားဦးမယ်။ ခု ပုံလေးတွေထဲမျာ သဘောကျတာလေးတွေ အများသား။
ကိုပေါက်(မန္တလေး)
May 30, 2015 at 2:59 pm
ဒီးဒုတ်ရေပြာအိုင် သွားတဲ့လမ်းမှာ 7မိုင်ချောင်းသာဆိုပြီး အပန်းဖြေစခန်းလုပ်ထားတော့
ပိုပြီး လူအသွားများလာပါတယ်။
ကျနော်ရယ် ရွာသားကြီး ကိုစိန်သော့ ဖရဲမ နဲ့ ကိုထွန်းဝင်းလတ်တို့က တစ်ကြိမ်
ရွာသားဖောဂိုင်းနဲ့ကျနော်က တစ်ကြိမ် ဆိုတော့
နှစ်ကြိမ်ရောက်ဘူးပါတယ်။
လာရင်လိုက်ပို့ပေးပါမယ်
မြစပဲရိုး
May 30, 2015 at 2:08 pm
တိမ်ပန်းချီ က ရွှေရောင်ဝင်း နေတော့တာဘဲ။ လှလိုက်တာ။
. ဖောင် တွေမြင်တော့ အတိတ်က အဖွားတို့ ရဲ့ ဝါးဖောင် ဘိဇနက် ကို သတိရမိတယ်။
ခရမ်း ဖျော့ ညနေခင်း လေး ကို အကြိုက်ဆုံးပါဘဲ။
စာတွေ ကို ပုံနဲ့ တွဲကြည့်ရလို့ ပိုပြီး အရသာကောင်း သွားတယ် ထင်တာဘဲ ပြုံး ရေ့။
ကိုပေါက်(မန္တလေး)
May 30, 2015 at 3:03 pm
အရင်က ဓါတ်ပုံတင်ရင် နံပါတ်မတတ် ဘာ မတတ်နဲ့ ဒီအတိုင်းတင်တာ
နောက်တော့ ဆရာကြီး မာမီနုက နံပါတ်တတ်ပါလို့ပြောတော့ နံပါတ်တတ် ဖြစ်သွားရော
နောက်ပိုင်းပုံမှာစာလေးတွေရေးတင်တော့ ကြည့်သူတွေက ပိုနှစ်သက်တယ်ပြောတော့
ပုံမှာစာလေးတွေပါ ထည့်ပေးတော့ ပြည့်စုံသွားတာပေါ့
Ma Ei
June 2, 2015 at 1:39 pm
ရွှေရောင်တောက်နေတဲ့ တိမ်ပန်းချီ
ရွာသားကြီးစာအုပ်နဲ့အတူသွားတုန်းကရိုက်ထားတဲ့ တိမ်ပြာပြာ
ပန်းရောင်မြစ်ပြင်ထဲက လှေကလေး…
အတော်လှတဲ့ ပုံကလေးတွေပါ…
စကားစပ်ရရင် က ျမကဓာတ်ပုံကလေးတွေနှစ်သက်တတ်တော့
ရုံးက ညီမလေးတစ်ယောက်ကညွှန်လို့ မန်းဂဇက်ကိုဝင်ကြည့်မိရာကနေ
ဝေဝေရဲ့ တိဘက်ဓာတ်ပုံတွေကနေစလို့ ကိုပေါက် တင်တဲ့ ဓာတ်ပုံတွေ သဘောကျခဲ့
အဲ့ဒီကနေ စာဖတ်သူဖြစ်၊ နောက်တော့ စကားဝင်ပြော၊ ရွာသူဖြစ်လာခဲ့တာ…
အမှတ်တရပါ…
ကိုပေါက်(မန္တလေး)
June 2, 2015 at 2:39 pm
အွန်လိုင်းမှာမိတ်ဆွေတွေ အများကြီးတိုးပွားလာပါတယ်။
လွန်ခဲ့သောနှစ်တွေက ကျနော်ကိုယ်တိုင်လဲ စာရေးတာ ပုံတင်တာကို တကယ်ကို
အားသွန်ခွန်စိုက်လုပ်ခဲ့ပါတယ်။
ဒါကြောင့် မိတ်ဆွေအတော်များများ က ကိုပေါက် ရေး တဲ့စာတွေ ကို အမြဲဖတ်တယ်
ကိုပေါက်တင်တဲ့ပုံတွေကို အမြဲကြည့် တယ် လို့ပြောတာကို သိရတယ်အခါ
စိတ်ထဲမှာကျေနပ်မိပါတယ်။
နောက်သူတို့က ကိုပေါက်ပုံတွေကြည့် ရင်း ဓါတ်ပုံတွေရိုက်ဖြစ်တယ်ဆိုတဲ့သူတွေလဲရှိပါတယ်။
အဲလိုအသံကြားရင်လဲ ကျေနပ်ပါတယ်။
ဒါလေးကတော့
ဆရာကြီးရွှေဥဒေါင်း အဆို အတိုင်းပြောရရင် ကိုယ့်ကျော ကိုယ် ပြန်သပ်ကြည့်တာပါ။
ဂျက်စပဲရိုး
June 4, 2015 at 10:06 am
လူတွေကို ဓာတ်ပုံ ရိုက်ချင်တယ်။
အလှပုံ မဟုတ်ဘဲ ဘဝ ပုံ ရိုက်ချင်တာ။
ခက်တာက အဲ့လို သွားရိုက်ရင် မကြိုက်ကြတဲ့ လူက အများသား ဆိုတော့
(ကိုယ်လဲ ကိုယ့်ကို ဓာတ်ပုံ လာရိုက်ရင် မကြိုက်ဘူးလေ)
သူတို့ကိုလဲ အပြစ်မပြောချင်
လှတပတ ပုံ ရိုက်တာ မဟုတ်ဘဲ ထိုင်ပြီး တနေရာရာကို ကြည့်နေတာတို့ နေ့လည်နေ့ခင်း အနား ယူ နေတာတို့
အချင်းချင်း စကားပြောနေကြတာတို့
အားပါးတရ ရယ်နေတာတို့ ကို ရိုက်ချင်တာ ဆိုတော့ ၉ဝရာခိုင်နှုန်းလောက်က မလှမပ ပုံတွေ ဖြစ်နေဖို့ များတယ်။
ဆိုတော့ကာ ဖောင်ပေါ်မှ ဘဝ များ ဆိုတာကို အကြိုက်ဆုံး လို့ ပြောရမပေါ့။
နောက်များ မှ သတိ္တ မွေးပါဦးမယ်ဗျာ။
ကိုပေါက်(မန္တလေး)
June 4, 2015 at 11:46 am
ကိုဂျက်ရေ
ကျနော်နောက်ပိုင်းမှာ လှူပ်ယှားသွားလာနေတဲ့ သဘာဝပုံတွေကို ပိုစိတ်ဝင်စားပါတယ်။
ရိုက်လဲရိုက်ဖြစ်ပါတယ်
သတိလဲထားရပါတယ်
သူတို့ စိတ်အနှောင့်အယှက်ဖြစ်သွားမှာကိုပေါ့။
အဝေးကနေ တယ်လီနဲ့လှမ်းဆွဲ လိုက်တာများပါတယ်
ဆုံချင်ပါသေးတယ်
weiwei
June 4, 2015 at 1:59 pm
ကိုစိန်သော့က ကျွန်မရဲ့ ဆရာပါပဲ ..
သူရှင်းပြခဲ့ဖူးလို့ crop လုပ်နည်းကို ကောင်းကောင်းအသုံးချတတ်ခဲ့တယ် ..
ကိုပေါက်(မန္တလေး)
June 4, 2015 at 2:18 pm
ကိုစိန်သော့ က အင်မတန်စေတနာကောင်းတဲ့
ရွာသားဟောင်းကြီးပေါ့
ဒါပေမယ့် စိတ်ကြီးတယ်
Ma Ma
June 5, 2015 at 3:03 pm
ပုံတွေကြည့် စာတွေဖတ်ပြီး
ဆိုတဲ့စာကိုဖတ်ပြီး ရုတ်တရက် အံ့ဩသွားတယ်။
နောက်တော့မှ ပြုံးဖြစ်တယ်။ :kwi:
အပြင်မှာ မြင်နေကျ ဘာမှမဟုတ်တာလေးက မြင်တတ် ရိုက်တတ်သူတွေနဲ့တွေ့တော့လည်း စာဖွဲ့လောက်စရာဖြစ်သွားပါလေရော။ 🙂
ကိုပေါက်(မန္တလေး)
June 5, 2015 at 4:27 pm
ဟုတ်ပါ့ မမရေ
တစ်ခါတစ်ခါ အပြင်မှာ မလှပေမယ့်
ဓါတ်ပုံထဲမှာ အတော်ကိုလှနေတာကို မကြာခဏ ကြုံရတတ်ပါတယ်
မန်းဂေဇက်ရွာသူရွာသားတွေနဲ့အမှတ်တရတွေ က ကျနော့်မှာ အများကြီး ရယ် မမရေ