“ကျနော်ဓါတ်ဖမ်းသမား” (၅) (ဓါတ်ဖမ်းသူနဲ့ဓါတ်ကြည့်သူ)

“ကျနော်ဓါတ်ဖမ်းသမား” (၅)

(ဓါတ်ဖမ်းသူနဲ့ဓါတ်ကြည့်သူ)

1 ပြန်မရနိုင်တော့တဲ့ထုံးသင်္ကန်းနဲ့ကောင်းမူတော်စေတီ
1 ပြန်မရနိုင်တော့တဲ့ထုံးသင်္ကန်းနဲ့ကောင်းမူတော်စေတီ

အရင်က ဓါတ်ပုံတွေဘာလို့မတင်ကြသလဲဆိုတာကတော့ နှစ်ချက်ရှိပါတယ်။

ပထမ အချက်က ဖေစ်ဘုတ်ဆိုတာ ရှယ်ချင်သလိုရှယ် လုပ်ချင်သလိုလုပ်လို့ရတဲ့နေရာဖြစ်နေပါတယ်။

ဓါတ်ပုံတစ်ပုံဆိုတာက  အချိန် ၊ငွေကြေး၊ဖန်တီးမူ့အတတ်ပညာနဲ့စိတ်ခံစားမူ့ တို့ပေါင်းစပ်မှရလာနိုင်တဲ့

အနုပညာပစ္စည်းတစ်ခုဖြစ်ပါတယ်။

အဲတော့ ကိုယ်အပင်ပန်းခံရိုက်ထားတဲ့ ပုံလေးတစ်ပုံကို အလွယ်တကူ ယူပြီး

ကိုယ့် နာမယ်ကိုယ် ခပ်တည်တည်ပြန်ရေးတဲ့သူတွေ လက်ထဲရောက်သွားမှာကိုတော့

ဘယ်ဓါတ်ဖမ်းသူမှ အဖြစ်မခံချင်ပါဘူး။

အဲတော့ ဓါတ်ဖမ်းဆရာအစစ်တွေက ဖေစ်ဘုတ်မှာ ပုံမတင်ကြပါဘူး။

ဒုတိယအချက်က ပြိုင်ပွဲ ဝင် မဝင် ဆိုတာနဲ့ဆိုင်ပါတယ်။

ကျနော်သိသလောက် ဟိုအရင်က ဓါတ်ဆရာကြီးများက

ကိုယ်ဓါတ်ဖမ်းခဲ့တဲ့ နေရာကို အလွယ်တကူပြလေ့မရှိပါဘူး။

ပြိုင်ပွဲဝင်ဓါတ်ပုံဆိုတာ သူများထက် ထူးနေ သာနေဘို့ လိုတယ်လေ။

ဒီတော့ ပြိုင်ပွဲဝင်မယ့် ဓါတ်ပုံ ကို လူတွေကြားမှာအလွယ်တကူချမပြဘူး။

မြင်ဘူးတွေ့ဘူးပြီးသား ပုံဆိုရင် အကဲဖြတ်မယ့် ဒိုင်ရဲ့စိတ်ကို ဆွဲဆောင်နိုင်မှာမဟုတ်ဘူးလို့

ယူဆထားကြလို့ပါဘဲ။

ဒီတော့ပြိုင်ပွဲဝင်မယ်စိတ်ကူးရှိသူက ဖေစ်ဘုတ်မှာ ပုံ မတင်ပါဘူး။

တကယ်လို့ များ တင် ခဲ့ ရင်လဲ သူ သိပ်စိတ်တိုင်းမကျတဲ့ပုံကို သာတင်ကြပါတယ်။

သူကြိုက်တဲ့ ပြိုင်ပွဲဝင်မယ် ဆုံးဖြတ် ထားတဲ့ ပုံတွေကို မတင်ဘဲ

“ဥ” ထားတတ်ကြပါတယ်။

ကျနော်တို့လို ရိုက်သမျှတင်သူတွေကတော့ ဘာမှ ဥ ထားစရာမလိုသလို

ဥ ထားစရာလဲမရှိတော့ အကုန် တင်တာပါဘဲ။

အဲလို တင်ချင်သလိုတင်တဲ့အခါမှာတော့ ဓါတ်ပုံဂရုလေးတွေက

အက်ဒမင်တွေက တစ်ရက် ဘယ်နှစ်ပုံထက် ပိုမတင်ရ ဆို ပြီး ကန့်သတ်ယူ

ရတဲ့ အထိက တင်အားကောင်းကြပါတယ်။

ကျနော်အထင် ၂၀၁၂ ခုနှစ်က မြန်မာပြည်အနေနဲ့ဖေစ်ဘုတ်မှာ

ဓါတ်ပုံ ဂရုလေးတွေ အားကောင်းမောင်းသန်နဲ့ဝင်လာကြတယ်လို့

ထင်မိပါတယ်။

2 ထန်းညီနောင်က လဲ တစ်ပင် မရှိတော့ဘူး
2 ထန်းညီနောင်က လဲ တစ်ပင် မရှိတော့ဘူး

ကော်နက်ရှင်ကလဲ အရင်ကထက်စာရင် ကောင်းတော့

ကိုယ့်ဝေါပေါ်မှာလဲ စိတ်တိုင်းကျတင်လို့ရ။

တယ်လီဖုန်းဈေးတွေက လဲ ကျလာတော့ လူတိုင်း လက်ကိုင်ဖုန်း  ကိုင်နိုင်ပါတယ်။

ဒီတော့ လူတိုင်းနီးပါး ရောက်တဲ့နေရာမှာ ဓါတ်ပုံရိုက်လာနိုင်ပါတယ်။

ရိုက်ပေးမယ့်သူ့မရှိလဲ ကိုယ့်ဘာသာကိုယ်ရိုက်လို့ရတဲ့ဖန်ရှင်တွေပါလာပါတယ်။

ဒီတော့ ဖေစ်ဘုတ်မှာ ဓါတ်ပုံတွေ လူတိုင်းနီးပါးတင်လာကြပါတယ်.။

အရင်ကရုံးမှာ အိမ် မှာ အင်တာနက်ချိတ်ထားမှသား သုံးလို့ရပါတယ်။

အခုတော့ လက်ကိုင်ဖုန်းနဲ့အင်တာနက်ချိတ်ထားလို့ ရနေတော့

အချိန်မရွေးနေရာမရွေး အွန်လိုင်းဝင်လို့ ရနေပါတယ်။

နောက်တစ်ချက်က မန္တလေးမြို့မှာ လက်ဖက်ရည်ဆိုင်တော်တော်များများမှာ ဝိုင်ဖိုင်လွှင့်ပေးပါတယ်။

ဟိုးအရင်က မန်းလေးမှာ လက်ဖက်ရည်ဆိုင်ဖွင့်မယ်ဆိုရင် စလောင်းရှိမှ ပရီးမီးယားလိ်ဂ်

ဘောလုံးပွဲပြမှ ဆိုင်လူစည်ပါတယ်။

အခုနောက်ပိုင်းမှာတော့ ဝိုင်ဖိုင်ရှိမှ လက်ဖက်ရည်ဆိုင်လူစည်ပါတယ်။

နောက်ကိုယ့်နေတဲ့အလုပ်နားအိမ်နားမှာ ဟိုတယ်တွေအင်းတွေရှိရင်လဲ

ကိုယ်က ဝိုင်ဖိုင်ကပ်သုံးလို့ရပါတယ်။

ဒီတော့ ဖေစ်ဘုတ်သုံးတဲ့လူ အရည်အတွက်များလာသလို ဓါတ်ပုံချစ်သူတွေလဲ များလာပါတယ်။

အဲတော့ ဖေစ်ဘုတ်ပေါ်မှာတစ်ရက် တစ်ရက် တင်လိုက်တဲ့

ဓါတ်ပုံတွေ “နဲဘူးကြီး” လို့တောင်ဆိုနိုင်ပါတယ်။

ဟိုးလွန်ခဲ့တဲ့ နှစ်များစွာက လမ်းဘေးမှာရပ်ပြီးဓါတ်ပုံရိုက်ဘို့ဆိုတာ သာမန်လူတစ်ယောက်အဖို့

မလွယ်လှပါဘူး။

3 မန်းလေးက ကျုံးနံဘေးဘက ပန်းခြံ မန်းသီတာဥယျာဉ်ဆိုင်းဘုတ်
3 မန်းလေးက ကျုံးနံဘေးဘက ပန်းခြံ မန်းသီတာဥယျာဉ်ဆိုင်းဘုတ်

ကန့်သတ်ချုပ်ချယ်မူ့ တွေများလှတဲ့ မြန်မာပြည်ရဲ့ အုပ်ချုပ်မူ့အောက်မှာ

ဓါတ်ပုံရိုက်တာလဲပြဿနာတစ်ခုလိုဖြစ်နေလို့ပါဘဲ။

ဟိုနေရာဓါတ်ပုံမရိုက်ရ ဒီနေရာမှာဓါတ်ပုံမရိုက်ရ ကန့်သတ်ချက်တွေများလှသလို

တစ်ခါတစ်ခါ ကံမကောင်းရင်ခေါ်ပြီးစစ်တာရစ် ခံရတတ်ပါတယ်။

အခုနောက်ပိုင်းမှာတော့အရင်ကထက်စာရင် နေရာအတော်များများမှာဓါတ်ပုံရိုက်လို့

ရသွားတယ်ဆိုတော့ ဓါတ်ဖမ်းသမားများစိတ်ပေါ့ပါးစွာနဲ့ဓါတ်ဖမ်းလို့ရလာပါတယ်။

အခုနောက်ပိုင်းမှာတော့ ကင်မရာ အကြီးအလတ်အငယ်နဲ့ဓါတ်ဖမ်းသူရော

ဖုန်းနဲ့ဓါတ်ဖမ်းသူကိုပါ နေရာအနှံ့မှာတွေ့လာရတော့ မြန်မာပြည်မှာ

ဓါတ်ချစ်သူတော်တော်များမှန်းသိရပါတယ်။

တကယ်တော့လဲ ဓါတ်ပုံတစ်ပုံဟာ အစားပြန်မရနိုင်တဲ့အချိန်တစ်ခုရဲ့

မပြောင်းလဲနိုင်တဲ့မှတ်တမ်းတစ်ခုပါဘဲ။

ဟိုအရင်က ရိုက်ခဲ့တဲ့ဓါတ်ပုံအဟောင်းလေးတစ်ပုံက

ကြည့်မိသူတစ်ယောက်အတွက် အတွေးတွေအများကြီးပေးနိုင်ပါတယ်။

ပျော်ရွှင်ကြည်နူးခြင်း

တမ်းတသတိရခြင်း

လွမ်းဆွမ်းကြေကွဲခြင်းစတဲ့ ရသတွေကိုပေးနိုင်စွမ်းရှိတာအမှန်ပါဘဲ။

ကျနော်ကင်မရာအသေးလေးနဲ့ ရိုက်လာတဲ့ပုံတွေတော်တော်များပါတယ်။

ရှမ်းလေးကျွန်းတောင်သမန်အင်း ရွှေကြက်ယက် အင်းဝ စစ်ကိုင်းတောင် အောင်ပင်လယ်

ဂေါဝိန် ကျွဲစွန်း မရမ်းခြံ စတဲ့ ဧရာဝတီမြစ်ကမ်းနံဘေးနေရာအနှံ့ပါဘဲ။

ကျနော်ဓါတ်ပုံရိုက်မှန်းသိတော့ နယ်ကလာတဲ့ ဓါတ်ဖမ်းဆရာတွေ

မန်းလေးကိုလာရင်လဲ လိုက်ပို့ပေးရတော့ မရောက်တဲ့နေရာခပ်ရှားရှားပါဘဲ။

နောက် မန်းလေးမှာရှိတဲ့မိတ်ဆွေများကလဲ အဖိတ်နေ့ရောက်ပြီဆိုတာနဲ့

“ကိုပေါက် နက်ဖြန်ဘယ်သွားမှာလဲ” ဆို ပြီးချိန်းကြပါတယ်။

မနက်စောစောထသွားတဲ့အခါသွား

ညနေစောင်းသွားတဲ့အခါသွား

အဲလိုသွားကြ လာကြ နဲ့ပျော်စရာအတော်ကောင်းခဲ့ပါတယ်။

ကျနော်နဲ့အတူသွားတာများသူကတော့ ကိုစိန်သော့

ကျနော်ချစ်သောမြို့  နဲ့ တောင်သမန်အင်းပိုင်ကြီးတို့ပါဘဲ။

ကျွန်တော်နဲ့တွဲပြီးဓါတ်ပုံရိုက်ကြသူအားလုံးက ကင်မရာအကြီးကိုင်ကြပါတယ်။

ကျနော်ကတော့ လက်စွဲတော် ကင်နွန်ပေါက်စနလေးနဲ့ ရိုက်တာပေါ့။

ဒါပေမယ့် လည်း အတူသွားကြတဲ့လူတွေအားလုံးက

ကျနော်ကင်မရာအသေးကိုင်လို့ ဆိုပြီး နှိမ့်ချတာ ခွဲခြားတာမျိုးမရှိခဲ့တာအမှန်ပါဘဲ။

နေရာတစ်ခုရောက်ပြီဆိုရင် ကိုယ့် အမြင် ကိုယ့်အတွေး နဲ့ ကိုယ့်စိတ်ကြိုက်ရိုက်ကြ။

ရိုက်ပြီးနှက်ပြီးလို့ လက်ဖက်ရည်ဆိုင်မှာနားကြပြီဆိုမှ သူ့ပုံ ကိုယ့် ပုံ အပြန်အလှန်ပြကြပါတယ်။

အဲဒီအခါမှာ ကျနော့်ကင်မရာအသေးနဲ့ရိုက်တဲ့ပုံတွေက သူတို့ပုံတွေလောက်ကြည်လင်

ပြတ်သားမူ့ မရှိတာကို သွားတွေ့ရပါတယ်။

5အဖော်မဲ့သွားတဲ့ထန်းပင်
5အဖော်မဲ့သွားတဲ့ထန်းပင်

ကိုစိန်သော့  ကိုဒီအကြောင်းပြောမိတဲ့အခါ

သူပြောတာ သိပ်ရှင်းပါတယ်။

“ကင်မရာအကြီးနဲ့အသေးရဲ့ စွမ်းဆောင်မူ့ခြင်းကွာတော့ ပုံထွက်လဲကွာမှာအမှန်ပါဘဲ”တဲ့။

ဒီတော့ ကျနော်စိတ်ထဲမှာ ကင်မရာ အကြီးလိုချင်တဲ့စိတ်က ပြင်းပြလို့လာပါတယ်။

အကြီးနဲ့သာဆိုရင် ငါ့ ပုံတွေဒီထက်လှမှာလို့ စိတ်ထဲမှာအမြဲထင်နေမိပါတယ်။

တိုက်ဆိုင်စွာဘဲ ၂၀၁၃ ခုနှစ်ကုန်ခါနီးမှာတော့ ကျနော် ကင်မရာအကြီးနဲ့

ရေစက်ဆုံဘို့ အတွက် လမ်းစပေါ်လာပါတော့တယ်။

5ရွှေအဆင်းနဲ့ကောင်းမူ့တော်
5ရွှေအဆင်းနဲ့ကောင်းမူ့တော်

(ဆက်လက်ဖော်ပြပါမည်)

ကိုပေါက်လက်ဆောင်အတွေးပါးပါးလေး

2-6-2015

 

 

12 comments

  • Ma Ei

    June 2, 2015 at 1:21 pm

    ခုထိ Canon Power Shot A2200 HD လေးနဲ့ ရိုက်နေတာမို့
    တတ်သိနားလည်သူတွေအမြင်မှာ ကလေးပန်းချီလိုဖြစ်နေမှာ…
    က ျမဓာတ်ပုံရိုက်တာက လှတယ်ထင်တာ မြင်တာလေးကို ခလုတ်နှိပ်လိုက်တာပါဘဲ…

    • Ma Ei

      June 2, 2015 at 1:23 pm

      ကောင်းမှုတော်ဘုရားကို ရွှေအဆင်းထက် နဂိုနေထုံးဖြူဖြူပုံတော်ကို ပိုသဘောကျမိတယ်

    • မအိ ရေ

      ကြည့်ရူံခံစားသူရဲ့အမြင်နဲ့ဆိုရင် ဖုန်းနဲ့ရိုက်ရိုက် ကင်မရာအသေးနဲ့ရိုက်ရိုက်
      လှပသော ခံစားမူ့တစ်ခုကိုပေးမှာအသေအချာပါဘဲ။

      အကဲဖြတ်ဘို့ ထားတဲ့စံချိန်စံညွှန်းတွေနဲ့ တိုက်ဆိုင်ပြီးကြည့်မယ်ဆိုရင်တော့
      ချို့ယွင်းချက်တွေ နဲ့ဖြစ်နေမှာအမှန်ပါဘဲ။

  • Alinsett @ Maung Thura

    June 2, 2015 at 1:24 pm

    .ကိုယ်ကပဲ ရွှေရောင် သိပ်မကြိုက်လို့လား မသိ…
    .ကောင်းမှုတော်စေတီကို ထုံးဖြူဖြူလေးနဲ့ မြင်ရတာ ပို သဘောကျတယ်..

  • အခုချိန်များ စစ်တမ်းကောက်မယ်ဆိုရင် ထုံးဖြူဖြူ နဲ့ ကောင်းမူ့တော်ကို ဘဲ နှစ်သက်ကြမယ်ဆိုတာအသေအချာပါဘဲ။

    နယ်ခံတစ်ယောက် အဆိုကတော့

    ” လပြည့်ညတွေများ အဝေး က ကြည့် လိုက်ရင် ဂွမ်းပုံကြီးပုံထားသလိုဘဲ သပ္ပါယ်ချက်ကတော့ ရက်စက်တယ် “ဆိုဘဲ

  • ဝင့်ပြုံးမြင့်

    June 2, 2015 at 3:38 pm

    .ဓာတ်ပုံတွေရဲ့ တန်ဖိုး မသေးဘူးနော်။ ကျမကတော့ ကင်မရာကိုတောင် ခလုတ်မနှိပ်တတ်။

  • တောင်ပေါ်သား

    June 2, 2015 at 4:39 pm

    သွားဘူးတဲ့ မန်းသီတာကို သတိရတယ်ဗျာ

  • မပြုံးရေ

    မပြုံးကိုယ်တိုင်ကလဲ ကွန်ပြူတာ ခလုပ်တွေနဲ့ အရုပ်ထင်စေသူတစ်ယောက်ဆိုတာ မမေ့နဲ့လေ

  • ကမျှိုးရေ

    မန်းသီတာဥယျာဉ်တင်မဟုတ် အခု ဆိုင်းဘုတ်တောင်ဖျောက်လိုက်ကြပြီ

    အဟောင်းလေးပြန်ဖတ်ပြီး လွမ်းပေတော့

    မန်းသီတာနဲ့ပါတ်သက်လို့ပြောရရင် ဒီဥယျာဉ်စဖွင့်စက အဲဒီအထဲမှာ မင်္ဂလာဆောင်ချင်တယ်ဆိုရင် ဥယျာဉ်ပွဲလုပ်လို့ရပါတယ်။
    အနောက်ဘက်အပေါက် အဝင်ဝမှာ အပြာရောင်သုတ်ထားတဲ့ သုံးဘက်ပွင့်ဆိုင်လေးက စားသောက်ဆိုင်လေးပါ။
    ကျနော်အဖေရဲ့အောက်က သူ့ညီက အဲဒီမန်းသီတာဥယျာဉ်ထဲမှာမင်္ဂလာဆောင်လုပ်တာမှတ်မိပါသေးတယ် ကျုံးဘေးနားက မြက်ခင်းပြင်မှာ ခုံလေးတွေချပြီး ဧည့်ခံတာပါ။
    အဲဒီတုန်းက ကျနော်တော်တော်ငယ်သေးတဲ့အရွယ်ပါ။
    ဒါတောင် ဟိုနေ့က အိမ်မှာစာအုပ်ပုံရှင်းရင်း အဲဒီမင်္ဂလာဆောင်တုန်းက ညီအကိုဝမ်းကွဲတွေစုရိုက်ထားတဲ့ ဓါတ်ပုံလေးကို တွေ့လို့သတိရသွားတာပါ။
    မှတ်မိတာကတော့ အဲဒီမင်္ဂလာဆောင်တုံးက ဖွင့်ထားတဲ့သီချင်းကတော့ အကော်ဒီယံအုန်းကျော်နဲ့ သန်းသန်းဆင့်တို့ရဲ့ ” ပြိုင်နှစ်ပြိုင်ချစ်ခြင်းပြိုင် မေ့ကိုမနိုင် “စာသားပါတဲ့စုံတွဲသီချင်းလေးပါ။
    ဒီဥယျဉ်ထဲက လျှောက်လမ်းလေးတွေက လူနှစ်ယောက်သွားသာရုံ ပလက်ဖောင်းခင်းတဲ့အခါမှာသုံးတဲ့ ကွန်ကရစ်တုံးလေးတွေကိုလမ်းခင်းထားတာပါ။
    ဘေးတစ်ဘက်တစ်ချက်မှာတော့ “ဗိုလ်ကတော်မျက်ခုံး “လို့ခေါ်တဲ့ အစိမ်းရောင် အရွက်နဲ့ ပုဇွန်ဆီရောင်အပွင့်လေးတွေပွင့်တတ်တဲ့ အပင်လေးတွေကို စည်းရိုးအဖြစ်စိုက်ထားပါတယ်။
    ပန်းခြံအဝင်ကနေနည်းနည်းလေးလျှောက်လိုက်ရင် ပန်းခုံခပ်မြင့်မြင့်လေးလုပ်ထားတဲ့နေရာမှာ ပြည်ထောင်စုမြန်မာနိုင်ငံတော်အလံကို လွှင့်တင်ထားတဲ့အလံတိုင်လေးရှိမယ် သူ့အောက်မှာတော့ ဂန္ဓာမာပန်းတွေ ဒေစီပန်းတွေကိုလှနေအောင်စိုက်ထားတဲ့ပန်းခင်းလေးထဲမှာ ပန်းလေးတွေကို နာရီပုံဖော်လို့ ထားပါတယ်။
    အဲဒီကနေဆက်သွားရင် ကျုံးကမ်းစပ်မှာ “မန်းသီတာ ဥယျာဉ် “ဆိုတဲ့စာလုံးကို ပန်းချီလက်ရေးနဲ့ရေးထားတဲ့ပုံစံဖော်ထားတဲ့ ရောင်စုံမီးချောင်းကွေးကို တပ်ဆင်ထားတဲ့ သံဇကာကွက် ကို ချိတ်ထားတဲ့ သံစင်ကြီးရှိပါတယ်။
    ဒီစင်ကြီးကတော့ တောင်ဘက်ကို လှည့်ပြီးဆောက်ထားတာဆိုတော့ (78)လမ်းဘက်က လာတဲ့သူမှန်သမျှ ဒီဆိုင်းဘုတ်ကြီးကိုမြင်နေရပါတယ်။
    နေ့ဆိုရင် သိပ်မသိသာပေမယ့်ညဆိုရင်တော့ မီးရောင်စုံလေးလင်းနေတာ လှမှလှပါဘဲဗျာ။
    အဲဒီဆိုင်းဘုတ်လေးကိုကျော်ပြီးသွားလိုက်မယ်ဆိုရင် တမာပင်ကြီးတွေကို ဆက်သွယ်ပြီး ဆောက်ထားတဲ့မိုးပျံတံတားရှိပါတယ်။
    ကျနော်အထင်ဆယ်ပေလောက်အမြင့်မှာဆောက်ထားတယ်ထင်ပါတယ်။
    အဲဒီမိုးပျံတံတားကလဲ လူအများကြီး ဖြတ်တယ်ဆိုရင်နည်းနည်းလှုပ်ချင်ပါတယ်။
    ဒါပေမယ့်လို့ခုန်ပေါက်တက်တဲ့ပြီးဆော့တာပါဘဲ ကြောက်လဲကြောက်ပျော်လဲပျော်ပေါ့။
    ဒီတံတားအောက်မှာ အလွန်ကြီးမားတဲ့ ဆတ်သွားဖူးရုံရယ် ဝါးရုံပင်တွေရယ်ရှိတဲ့အပြင်ထိုင်စရာအဖြစ်ကျောက်ပြားအကြီးကြီးတွေကိုချထားတဲ့အပြင် ဖန်တီးထားတဲ့စမ်းချောင်းလေးကဒီသစ်ပင်အုပ်လေးထဲမှာဖြတ်စီးနေတော့ အေးစိမ့်နေတဲ့ တောအုပ်ထဲကို ရောက်သွားသလိုပါဘဲ။
    ဒီမန်းသီတာဥယျာဉ်ကြီးက သစ်ပင်တွေစုံလဲစုံအေးလဲအေး ကလေးတွေအတွက်ကစားစရာတွေကလဲပေါပါတယ်။
    ကျနော်တို့နေတာက 25လမ်းအနောက်ကျုံးဘေးမှာ နေတာဆိုတော့ ကျောင်းပိတ်ရက်တွေမှာဆိုရင် အရပ်ထဲကရွယ်တူကလေးတွေစုလို့ ဒီအထဲကိုလာကစားပါတယ်။
    မိဘတွေကလဲ အေးလဲအေးတဲ့နေရာဆိုတော့ စိတ်ချလက်ချလွှတ်ပါတယ်။
    တင်းတင်းကျပ်ကျပ်မှာတာကတော့ ကျုံးရေထဲကိုဆင်းမဆော့ဘို့ပါဘဲ။
    ရေထဲလဲဆင်းဆော့လို့မရပါဘူး ဆင်းဆော့ရင်တားမြစ်မယ့် ပန်းတွေခူးရင် အော်မယ့် ပန်းခြံစောင့်တွေရှိပါတယ်။
    ကျနော်တို့ငယ်ဘဝတစ်လျှောက်သွားလို့ဆော့ခဲ့ ကြပေမယ့် မတော်တဆခလုတ်တိုက်လဲတာကလွဲလို့ ကြီးမားတဲ့ထိခိုက်မူ့မျုးိမရှိခဲ့ဘူးပါဘူး။
    အဲဒီမိုးပျံတံတားနားက ကျုံးနဲ့ကပ်နေတဲ့မြေကွက်လပ်မှာတော့ ဒါန်းပုခက်အကြီးကြီးရှိပါတယ်။
    အတော်လေးကို ကြီးပြီးဘေးနှစ်ဖက်စလုံးမှာ လူသုံးယောက်လောက်ထိုင်နိုင်တဲ့ ခုံတန်းလျားလေးရိုက်ထားပါတယ်။
    အဲဒီဒါန်းပုခက်ကိုစီးမယ်ဆိုရင် ထိုင်တဲ့လူကတက်ထိုင် အောက်က နှစ်ယောက်က အရှိန်ရအောင်လွှဲပေးရပါတယ်။
    အရှိန်ရပြီဆိုမှ အောက်ကနှစ်ယောက်က ပါခုန်တက်လိုက်ပြီးပုခက်စီးပါတော့တယ်။
    ပုခက်ကအရှိန်ရတာနဲ့ အရှေ့နဲ့အနောက် ကို တကျွိကျွိအသံပေးလို့ လွှဲနေပါတော့တယ်။
    နည်းနည်းနှေးသွားရင် အပေါ်မှာမတ်တပ်ရပ်ရက် ကိုယ်ကို ယိမ်းလို့ လွှဲလိုက်ရင် အရှိန်ပြန်ရပြီး ခါယမ်းနေပါတော့တယ်။
    ဒါန်းပုခက်ကြီးနားမှာ လျောစီးစရာလဲရှိပါတယ်။ကျနော်အမှတ်မမှားဘူးဆိုရင် အဲဒီအနားမှာရှိတာက ဆင်ရုပ်ကြီးဖြစ်မယ်ထင်ပါတယ်။
    ဒီအထဲမှာ ဆင်ရုပ် ငှက်ရုပ် သစ်ကုလားအုပ်ရုပ်ပုံလုပ်ထားတဲ့လျောစီးစရာတွေရှိပါတယ်။
    ခြောက်ပေလောက်အမြင့်ထိက နောက်ဖက်ကလှေခါးကနေတက် အပေါ်ရောက်ရင်လူတကိုယ်စာချောနေအောင်လုပ်ထားတဲ့ သစ်သားပြားပေါ်မှာဖင်ချထိုင်လို့ အမြင့်ကနေအနိမ့်ကိုလျှောဆင်းရတာ အသဲတစ်အေးအေးနဲ့ အရသာသိပ်ရှိပါတယ်။
    နောက်ကစားစရာတမျုးိကတော့ “ဆီးဆော “ပါ။
    ဖင်တစ်ထိုင်စာ သစ်သားချောင်းအရှည်ကြီးကို အလယ်ခေါင်နေရာမှာ သံတိုင်နဲ့တွဲလို့ ဝက်အူစုပ်ထားပါတယ်။
    ပြီးရင်လူနှစ်ယောက် ဒါမှမဟုတ် သုံးယောက်က တစ်ဖက်တစ်ချက်မှာ အညီအမျှစီထိုင်လိုက်ရပါတယ်။
    ပြီးတာနဲ့အလယ်ခေါင်မှာ လူတစ်ယောက်တက်ရပ်လို့ ဟိုဘက်ဒီဘက် မျှပြီးခြေထောက်နဲ့နင်းလိုက်ရင် ဟိုဘက်နိမ့်လိုက် ဒီဘက်ကမြင့်လိုက်နဲ့
    အပေါ်ရောက်လိုက်အောက်ရောက်လိုက်နဲ့ အတော်လေးကိုအရသာရှိပါတယ်။
    ဆက်ပြီးအရှေ့ဘက်ကိုသွားမယ်ဆိုရင် (76)လမ်းနဲ့တည့်တည့်ရောက်ရင် လှပသောဒီဇိုင်းတွေနဲ့ကျုံးကို ဖြတ်ဆောက်ထားတဲ့ နာမယ်ကျော် မေတ္တာပေါင်းကူးတံတားရှိပါတယ်။
    ဒီတံတားပေါ်မှာ ညနေခင်းဆိုရင် လေညင်းခံလို့ထိုင်တတ်ကြသလို နံနက်ခင်းမှာတော့ ကျန်းမာရေးအတွက် လမ်းလျှောက်သူတွေ အကြောလျှော့တဲ့နေရာလေးပါ။
    ဒီတံတားလေးနဲ့ မလှမ်းမကမ်းမှာ စာကြည့်တိုက်လေးရှိပါတယ်။
    ခဲရောင် မီးခိုးရောင်ဆေးသုတ်ထားတဲ့စာကြည့်တိုက်လေးဖြစ်သလို လွတ်လပ်ရေးနေ့ကျပြန်ရင်လဲ မြန်မာစစ်တုရင် အင်္ဂလိပ်စစ်တုရင်(ချက်)ပြိုင်ပွဲတွေကျင်းပတဲ့နေရာလေးပါ။
    အဲဒီကနေဆက်သွားရင်တော့ သံတန်းလွှဲပြီးကစားစရာ ဘားတန်းတွေရှိတယ်။
    မျက်စိထဲမြင်အောင်ပြောရရင် ခြောက်ပေလောက် ရှိတဲ့ သံတိုင် နှစ်ချောင်းကို မတ်မတ်ထောင်ထားပြီး သူ့အပေါ်မှာလှေခါးဆံလေးတွေကို အပြားလိုက်ဆင်ထားတာပါ။
    ကျနော်တို့က ဒီလှေခါးဆံ သံတန်းလေးတွေကို ဖမ်းဆုပ်လို့ လေထဲမှာ လင်းနို့များလိုတွဲလောင်းဆွဲပြီး ဟိုဘက်ကနေဒီဘက်ကို အပြန်အလှန်ကူးပါတယ်။
    နောက် သံချောင်းတွေကို ကြက်တူရွေးစင်လေးလို ဆောက်ထားတဲ့အထဲကိုလည်းဝင်လိုက်ထွက်လို်က်နဲ့ဆော့ပါတယ်။
    ဟိုအရှေ့ဘက်ဆုံးခါနီးလေးမှာ တော့ အုတ်ခုံအဝိုင်းကြီးနဲ့လုပ်ထားတဲ့ရေပန်းကြီးရှိပါတယ်။
    ရေပန်းကတော့ ပွဲလမ်းသဘင်ရှိတဲ့ရက်များမှာသာဖွင့်ပါတယ်။
    ရေပန်းကြီးကျော်ရင်တော့ ဥယျာဉ်အဆုံး ဂိတ်ပေါက်ပြီးရင် မင်္ဂလာတံတားဂိတ်ဝကိုရောက်လို့ သွားပါတယ်။
    ပြန်စဉ်းစားကြည့်ရင် ဒီမန်းသီတာဥယျာဉ်က မြို့လယ်ခေါင်မှာရှိတဲ့ အေးချမ်းတဲ့အဆင့်မြင့်ဥယျာဉ်တစ်ခုအဖြစ်တည်ရှိခဲ့ဘူးတာ ဂုဏ်ယူစရာပါ။
    ကလေးတွေဆော့နိုင်တယ် လူကြီးတွေအပန်းဖြေနိုင်တယ် ချစ်သူရီးစားများ အေးအေးဆေးဆေး စကားပြောနိုင်တယ်။
    ဒီဥယျာဉ်က ညဆိုရင် ကိုးနာရီထိုးရင်ပိတ်ပါတယ်။
    ညပိုင်းမှာတော့ ဒီဥယျာဉ်ထဲကို မိသားစုတွေလာခဲပါတယ်။
    ဘာလို့လဲဆိုတော့ ညပိုင်းဆိုရင် ကျုံးနံဘေးရယ် မန်းသီတာဥယျာဉ်ရယ်က မန်းလေးမြို့က မာမီခေါ်ခေါ် အခြောက်ခေါ်ခေါ် ဂန်ဒူးခေါ်ခေါ် ခေါ်ချင်သလိုခေါ်လို့ရတဲ့
    မိန်းမရှာများ ကျက်စားကြတဲ့နေရာဖြစ်နေလို့ပါဘဲ။
    ဒါကတော့ လှပတဲ့ ပန်းခင်းလေး ပိုးကျနေသလိုခံစားရပါတယ်။
    ဒီမန်းသီတာကဥယျာဉ်အရှေ့ဘက်ထက်စာရင်အနောက်ဘက်ခြမ်းက ပိုစည်ကားတတ်ပါတယ်။
    မြန်မာနိုင်ငံရဲ့လွတ်လပ်ရေးနေ့ ပြည်ထောင်စုနေ့များမှာဆိုရင် ဒီဥယျာဉ်ထဲမှာရော ဟိုကျုံးမြောက်ဘက် အာဠဝီတံတားဘက်က စလို့ ကျုံးနံဘေးမှာရော ပွဲတော်ကျင်းပတတ်ပါတယ်။
    ပိတ်ကားထောင်ပြတဲ့ ရုပ်ရှင်နှစ်ကားတွဲက အနောက်ဘက် အာဠဝီတံတားထိပ်မှာတစ်ခု အရှေ့ဘက်မင်္ဂလာတံတားထိပ်မှာတစ်ခု နှစ်နေရာပြလေ့ရှိပါတယ်.
    သမဈေးအရောင်းဆိုင်တွေ ၊ လက်ဖက်ရည်ဆိုင် အကြော်ဆို်င်တွေ ၊ဌာနဆိုင်ရာတွေကလာဖွင့်တဲ့ ပြခန်းတွေ။အရောင်းဆိုင်တွေ ၊ပုဂ္ဂလိက အရောင်းဆိုင်တွေ၊
    အငြိမ့်တွေ တီးဝို်င်းတွေနဲ့ ကြည့်လို့မကုန်အောင် သွားလို့မကုန်အောင်ကို စုံလှသလို လူတွေကလဲ ကျိတ်ကျိတ်တိုး ကြက်ပျံမကျစည်ကားလှပါတယ်။
    စည်ဆို တမြို့လုံးကလာကြတာကိုးဗျ။
    အဲဒီလွတ်လပ်ရေးပွဲရောက်ရင် ရှမ်းပြည်ကလာရောင်းကြတဲ့ မုန့်ခေါင်းအုံးသည်ကိုအရမ်းသတိရပါတယ်။
    မုန့်ခေါင်းအုံးဆိုတာကတော့ ခေါင်းအုံးလို့မုန့်ကြီးမှာ ထန်းညက်ရည်တွေဆမ်းထားတဲ့မုန့်ပါ။
    နောက် မုန့်လေပွေခေါ်တဲ့မုန့်ကလဲ ဆန်နဲ့လုပ်ထားတဲ့ မုန်ပျစ်သလက်လို အဖြူပြားပြားအချပ်ကြီးမှာ ထန်းညက်ရည်တွေဆမ်းပေးတာပါ။
    နောက်အာပုံလို့ခေါ်တဲ့ကုလားမုန့်ပျစ်စလက် တမျိုးကတော့ အလွမ်းဆုံးမုန့်ပါ။
    မုန့်ပျစ်စလက်လို လုပ်ထားတဲ့မုန့်ထူထူလေးကအလယ်ခေါင်က ဖောင်းဖောင်းလေးဖြစ်နေတဲ့ မုန့်ရဲ့နံဘေးထဲမှာ နွားနို့် အုန်းသီးခြစ်နဲ့သကြားတွေဆမ်းပေးထားတဲ့မုန့်ပါ။
    နောက်ဒီ”အာပုံ”ဆိုတဲ့စကားလုံးလေးမှာ ကွယ်ဝှက်တဲ့အနက်ကလေးရှိပါသေးတယ်။
    သိချင်တယ်ဆိုရင်အိမ်မှာအသက်ငါးဆယ်တန်းလောက်လူကြိးရှိရင် မေးကြည့်ပေါ့ “အာပုံ”ဆိုတာဘာလဲလို့။
    အဆော်ခံရရင်တော့ တာဝန်မယူပါဘူး။

    အခုအချိန်မှာတော့ မန်းသီတာဥယျာဉ်ဆိုတာကလဲ မရှိတော့ပါဘူး။
    ဖျက်သိမ်းလိုက်ပါပြီ။
    သီချင်းထဲမှာနဲ့ ရှေးကလူတွေရဲ့ရင်ထဲမှာဘဲကျန်နေပါတော့တယ်.။
    ကျုံးနံဘေးမှာ ကျင်းပခဲ့တယ်ဆိုတဲ့လွတ်လပ်ရေးနေ့ပျော်ပွဲရွှင်ပွဲဆိုတာလဲ အိပ်မက်တစ်ခုလိုဘဲဖြစ်သွားပါပြီ။
    ဒါပေမယ့်တစ်ခါတစ်လေ များမှာတော့ ကျုံးဘေးကို လမ်းလျှောက်သွားရင် ဟိုဘက်ကမ်းကနေ အော်နေတဲ့ “ဟိုက်ရော ” “ဟိုက်ရော ” “ဟိုက်ရော “ဆိုတဲ့အသံကိုနားထဲကြားမိသလိုပါဘဲ။
    ကျနော်က မြန်မာ့လက်ဝှေ့ကြိုက်တဲ့လူမို့လို့လားတော့မသိဘူး။
    ပြောမယ်ဗျာ မန်းလေးအကြောင်းတွေးရင် လွမ်းစရာတွေက ပိုပိုများလာသလိုကြောင့်……………………………………

  • ​ဒေါ် လေး

    June 2, 2015 at 11:30 pm

    ထုံးဖြူဖြူနဲ့ ပုံကိုဘဲကြိုက်ပါတယ်
    ရွှေရောင်က တမျိုးကြီးလို ခံစားရတယ်

Leave a Reply