မန်မာ့ ဝါးပုလွေ ပညာရှင်

s0t04August 23, 20101min970

ဆောင်းဝင်လာလေပြီ။ ကြည့်လေရာရာ နေရာတိုင်းက အဖြူထည်များခြုံလွှမ်းထားသည်ကိုသာတွေ့ရသည်။ သက်ရှိသတ္တဝါအားလုံး သဘာဝဆောင်းအောက်တွင် ရှုံးနိမ့်ကျရှုံးကာ မိမိတို့ ခိုအောင်းရာ အသိုက်အမြုံထဲတွင် နွေထွေးမှုကို ရှာ၍ ဆောင်း၏ အအေးဒဏ်ကို အံတုတွန်းလှန်ကြရ၏။ သစ်ပင် သစ်ကိုင်း သစ်ခက်တို့ လည်း ဆောင်း၏ အလိုကို လိုက်ကာ ကိုင်းခက် ပင်စည်တို့တွင် အသီး အရွက် အပွင့်တို့ အစား နှင်းပွင့် နှင်းဖတ် နှင်းခဲတို့ကို ချိတ်ဆွဲထားကြရသည်။ မိခင် ကမ္ဘာမြေကြီးတစ်ခုလုံးသည်လည်း နှင်းပင်လယ်ပြင်ကြီးအောက်တွင် စုံစုံမြုတ်ကာ လူသားတို့ အသက်ဖြစ်တည်မှုကို ဖန်းတီးပေးသော မြေအပြင်သည် လုံးဝဥသုံပျောက်ဆုံးနေလေပြီ။ မျက်စိတစ်ဆုံး ကြည့်ပါမူ အဖြူရောင် နှင်းပင်လယ်ပြင်ကြီးသကဲ့သို့ အဆုံးစွန်း အဖြူရောင်က နေရောင် အဟတ်တွင် မျက်လုံးကို ကျိန်းစေသည်။ သက်ရှိ သတ္တဝါဟူအမျှ ဘာမှ မရှိ၊ ပကတိ တတ်ဆိတ်ခြင်းကြီးစိုးနေကာ အခြား ကမ္ဘာတစ်ခုသို့ ရောက်နေသလား ထင်မှတ်ရပေသည်။

ထိုကဲ့သို့သော ဆောင်းနေ့များတွင် အထီးကျန်ခြင်း ဆေးခွက်များ သောက်လျက် စိတ်ဓာတ်ကျခြင်း စုတ်ချက်များဖြင့် အကြည်းတန်သော ဘဝများအကြောင်းအရာများကို ပုံဖေါ်ကြည့်ခဲ့ဘူးသည်။ နွေတုန်းက ပန်းခြံထဲတွင် တီးခဲ့သော ဗုံသည် အသံပြောက်လျက်၊ ဗုံးတီးသည့် အခါ စည်းလေ့ရှိသည် ခေါင်းစည်း ပုဝါတစ်ထည် နှင့် ဘော့ မာလေး၏ သီချင်း ခွေက ဖုန်များပင် တက်လို့ နေပြီ။ မည်သည့် အရာကို မျှ မဖန်တီးချင်တော့။ ဟိုတုန်းက ကိုယ်ကိုယ်တိုင် ဖန်တီးခဲ့သော ဘာသာတရားတစ်ခု ကိုလည်း စိတ်ထဲ က ခဏမေ့ထားကာ ဖန်တီးခြင်းမဲ့၊ ဖန်တီးခံရခြင်း ကင်းမဲ့သော စိတ်အလျင်တွင် ရှိနေချင်သည် ။ ကိုယ် ကိုးကွယ်သည့် ပုံရိပ်များစွာကို ချယ်မှုန်းခဲ့သည့် ပန်းချီကားများသည်လည်း ပုံစံက မပီပြင်တော့။

“ကလင်..ကလင်……ကလင်…ကလင်”
တယ်လီဖုန်း လာလျှင် ဘယ်တော့မှ မကိုင်တတ်သော အကျင့်က ကိုယ့် စိတ်အလျင်ကို ပိုပြီး လွတ်လပ်မှုရစေသည်။ အမြဲတမ်းလိုလို ဖုန်းခေါ်သူ ထားခဲ့သည် မက်ဆေချ်ကို နားထောင်ပြီးမှ ကိုယ်က ဖုန်းကို ပြန်ခေါ်လေ့ရှိသည်။ ဘယ်နဲ့ လူဖြစ်လာတဲ့ ဒီဘဝမှာ ဒီတယ်လီဖုန်းကြီးက နေရာတကာ။ အနှောက်အယှက် ဖြစ်လွန်းပါတယ်။
“ကိုဘကောင်း ကျွန်တော်ပါ။ ပျင်းနေလို့ တစ်နေရာ သွားရအောင်လို့” ဟု သူငယ်ချင်း၏ အသံက ဖုန်းမက်ဆေချ်ထဲမှာ ပေါ်လာမှ ဟိုတနေ့က ကိုကျော်ကျော်ဝင်း၊ မအမာကြည်တို့ မိသားစုက လာလည်ဖို့ ဖိတ်ထားတာကို သွား သတိရသည်။ “အင်း သူတို့ဆီ သွားလည်ရင်း အကောင်းသား၊ ဆောင်းတွင်း အခန်းပဲ အောင်းနေရတဲ့ သူငယ်ချင်းကို လည် အပျင်းပြေ အဖေါ်ခေါ်သွားလည်း ရတာပဲ” အတွေးထဲ ချက်ခြင်း ရောက်လာတာနဲ့ သူငယ်ချင်းကို ဖုန်းပြန်ခေါ်လိုက်တယ်။

“နည်းနည်းတော့ လှမ်းတယ်ဗျ၊ သူတို့က နယူးရောက် အထက်ပိုင်းမှာ နေတာ”
“ကားမောင်းသွား ကြတာပေါ့ဗျာ။ နှင်းတွေကတော့ ကျတုန်းပဲ”
“ကျုပ်ထင်တာ လေးနာရီလောက် ခပ်မှန်မှန်လေး မောင်းရင် ရောက်သွားမှာပဲ”
“ကောင်းပြီ လိုက်မယ်ဗျာ”

အဲဒီလို နဲ့ ကိုကျော်ကျော်ဝင်းတို့ မိသားစုရှိရာ အိမ်သို့ စိုက်စိုက် မြိုက်မြိုက် ရောက်ခဲ့ပါတယ်။ မအမာကြည် လုပ်ကျွေးတဲ့ မနက်စာ မြန်မာ ဆန်ဆန် ကောင်းညင်းပေါင်း ပူပူနွေးနွေးက ဆောင်းတွင်း ချမ်းချမ်း စီးစီ မနက်ခင်းမှာ အလွန်တရာမှ ဝမ်းနွေးစေလျက်၊ လမ်းတလျှောက် ပင်းပန်းခဲ့သမျှ ပြန်လည် ခွန်းအားပြည့်စေပါသည်။ သမီးကြီး နှစ်ယောက်နှင့် သားငယ် တစ်ယောက် ရှိသော ကိုကျော်ကျော်ဝင်းတို့ မိသားစုသည် အလွန်းတရာမှ ပျော်ရွှင်ဖွယ် ကောင်းလှ ပါပေသည်။ ထိုစဉ် က သူတို့ ကို ကြည့်ကာ ကို်ယ်ကိုယ်တိုင် ဘယ်တော့များ မှ သာယာလှပတဲ့ ဘဝလေး တစ်ခု ထူထောင်းနိုင် လိမ့် မလဲ ဟု အားကျမိခဲ့သေးသည်။ ထိုစဉ် တုန်းကတော့ စိတ်ကူးပေါင်း မြောက်မြားစွာ၊ အိပ်မက်ပေါင်း မြောက်မြားစွာနဲ့ ဘဝကို ပုံစံ အမျိုးမျိုး ပုံဖေါ်ခဲ့သည်။ ဘိုဖြူ၏ သီချင်းများကို ဆိုငြီး ခဲ့ဘူးသည်။

ကိုကျော်ကျော်ဝင်းက ရွှေဘိုက၊ ဆေးကျောင်းတက်တော့ မန္တလေးရောက်လာသည်။ မအမာကြည်က မန္တလေးမှာ ရှိတဲ့ ဗမာ့ခေတ် ပုံနှိတ်တိုက်ကလား၊ စာအုပ်ဆိုင်ကလား ကောင်းကောင်းမမှတ်မိ။ ကျွန်ုပ်ခေါင်းကို သာ ထုခွဲပစ်လိုက်ချင်သည်။ မန္တလေးသူ မန္တလေးသားများ ဖြစ်ကြသည့် အားလျော် စွာ တွေ့ကြသည်နှင့် မန္တလေး အကြောင်းများ မေးကြ၊ ပြောဖြစ်ကြသည်။ ကိုကျော်ကျော်ဝင်းသည် မြန်မာ့ ဝါးပုလွေကို အလွန်တရာမှ စိတ်ဝင်စားကာ သူ့တွင် နိုင်ငံတကာ မှ ပုလွေအမျိုးမျိုးကို ပိုင်ဆိုင် လျက် မြန်မာ့ ဝါးပုလွေကို ကိုယ်တိုင် လုပ်၊ ကိုယ်တိုင် သီမှုတ်သော ပုလွေပညာရှင် တစ်ယောက်ဖြစ်ပါသည်။ ထိုစဉ်ကမှ မြန်မာ့ ဝါးပုလွေကို အပေါက် ပုံစံအမျိုးမျိုးနှင့် သံစဉ်အမျိုးမျိုးကို ပြောင်းလဲ သီမှုတ်လို့ ရကြောင်းကို သိရှိရတော့သည်။(မှတ်ချက်။ ထိုစဉ်က ကိုကျော်ကျော်ဝင်း ရေးပေးခဲ့သည် မြန်မာ့ ဝါးပုလွေနှင့် မန္တလေးမှ မြို့မတီးဝိုင်း အကြောင်းစာမူ၊ ထိုစဉ်က သက်ရှိထင်ရှား ရှိနေသေးသော မန္တလေးမှ ဝါပုလွေပညာရှင် အဖိုးကြီး၏ လိပ်စာ များမှာ ကျွန်ုပ်၏ ဘဝပေးအခြေအနေ အမျိုးမျိုးကြောင့် ပျက်စီးသွားရလေသည်။) ကျွန်ုပ်တို့ စကားဝိုင်းက မြန်မာ တူရိယာ များ၏ သံစဉ် ဖန်တီးနိုင်မှု စွမ်းပကားနှင့် နိုင်ငံခြား တူရိယာများ၏ သံစဉ် ဖန်တီးနိုင်မှု စွမ်းပကားကို ဝေဖန်ကြရင်း နောက် တနေ့ ဘော့စတွန်တွင် စာပေဟောပြောပွဲရှိသည်ဟု သိရသည်နှင့် အိပ်ရာသို ခပ်စောစော ဝင်ကာ နောက်တစ်နေ့ ဘော့စတွန် အထိ ကားမောင်း ရန်အတွက် အားမွေးကြရသည်။

နယူရောက် အထက်ပိုင်း ကိုကျော်ကျော်ဝင်တို့ အိမ်က ထွက်တော့ မနက် ၇-နာရီ။ ကားနှစ်စင်းဖြင့် သွားကြသည်။ဘော့စတွန် မှာတော့ နှင်းများ ကျမနေပါ။ ရာသီဥတုက အေးမျှလွန်းလှသည်မှ လွဲ၍ လမ်းတစ်လျှောက် ကားမောင်းသွားရသည်မှာ အဆင်ပြေလှပါသည်။ ဘော့စတွန် စာပေဟောပြောပွဲ ရောက်တော့ လွန်စွာ အံဩရသည်။ မတွေ့တာ ကြာပြီဖြစ်သော မိတ်ဆွေများဖြင့်လည်း ပြန်လည်တွေ့ရသည်။ ထိုစဉ်က ကိုအော်ပီကျယ် သည် သူ့၏ မာစတာ ဘွဲ့အတွက် ဘောစတွန် အမ်အိုင်တီတွင် ကျောင်းတက်နေသည်။ ကိုတင်မောင်သန်းက လည်း မတွေ့တာကြာပြီဖြစ်သော သူငယ်ချင်း၏ အမ်အိုင်တီ ကျောင်းနေဆောင်အခန်းတွင် ရောက်နေသည်။ ထိုစဉ်က ဦးတင်မိုး၊ ဦးဝင်ဖေ အစရှိသည့် ဆရာကြီးများလည်း ရောက်လာကာ ဟောပြောပွဲအတွက် တော်တော် အားရှိလှပါသည်။ ကိုအော်ပီကျယ်သည် သိပ်မပြောပါ။ သူမှာလည်း ကျောင်းစာများနှင့် စာတမ်းပြုစုရမည့် အရာများက များနေလေသည်။ ကိုတင်မောင်းသန်းက နာမည်ရှေ့တွင် ဦးတတ် ခေါ်လေ့ရှိသည့် သူ၏ မူကို လက်ကိုင် ပြုကာ ရန်ကုန် စက်မှုတက္ကသိုလ်တုန်းက စာပေဟောပြောခဲ့သည် အတွေ့ အကြုံကို ပြန်လည် ပြောပြသည် ထင်ပါရဲ့။ ကောင်းကောင်းမမှတ်မိတော့ပါ။ ဦးတင်မိုးက “ဆေးလိပ်လေးတို နေလည်း ညိုပြီ ငါ့ကို အိမ်ပြန် ပိုကြပါ” ဟူ သော အမှတ်တမဲ့ ရေးခြစ်ခဲ့သည့် သူ့၏ စာကြောင်း ကို အကြောင်းပြု၍ သူ၏ ကဗျာ ဘဝလမ်းကြောင်းများကို ဝေမျှပေးပါသည်။ ဦးဝင်းဖေကတော့ ပန်းချီဆရာ၊ ဒါရိုက်တာ ဖြစ်သည့် အားလျော်စွာ ပန်းချီ နည်းပညာများ ခေတ် အဆက်ဆက် ပြောင်းလဲ ဖြစ်ပေါ်လာပုံ နှင့် ဓာတ်ပုံပညာထွန်းကာ လာခဲ့ကြသည့် ခေတ်တွင် ပန်းချီပညာများ ပြောင်းလဲသွားပုံကို ရှင်းပြပေးခဲ့ပါသည်။ ဟောပြောပွဲပြီးတော့ ကိုကျော်ကျော်ဝင်းက သူ၏ ဝါးပုလွေကို မှုတ်လျက်၊ မအမာကြည်က သီချင်းဆိုကာ (ထိုစဉ်က သူတို့ စုံတွဲ ဆိုကြသော သီချင်းများကို မမှတ်မိတောပါ၊ နှစ်တွေကလည်း ကြာသွားပြီ ကိုး။) ဦးဝင်းဖေ စန္ဒားယားတီး မတီး လည်း မမှတ်မိတော့ပါ။ သေချာတာ တော့ သူတို့ စုံတွဲက စန္ဒားယား နားတွင် သီချင်းဆိုပြစဉ် ဦးတင်မိုးက မျက်လုံးကို မှိတ်လျက် ကြည်နူးစွာ နားထောင်ခဲ့ပါသည်။ နိုင်ငံရပ်ခြားမှာ မြန်မာသံစဉ် ကောင်းကောင်း နာမထောင်းရတာ ကြာပြီကိုး။ ထိုအပြင် မြန်မာ့ဝါပုလွေ အသံက အညာ ကျေးလက်ဒေသ၏ အရိပ် အငွေ့များကို ပြန်လေ မြင်ယောင် တမ်းတစေပါသည်။ ထိုအခါမှ မြန်မာ့ ဝါးပုလွေ မည်မျှ တာသွားသည်၊ အစွမ်းထက်သည်ကို နားဖြင့် ဆတ်ဆတ်ကြားရပါတော့သည်။ ကိုကျော်ကျော်ဝင်းသည် ပုလွေပညာရှင် ပီသပါပေသည်။

ကျော် ပုလွေ နှင့် ခင် ပုလွေ ဟူ၍မြန်မာပုလွေ နှစ်မျိုး နှစ်စား ရှိသည့် အနက် ထိုစဉ်က ကိုကျော်ကျော်ဝင်း သီမှုတ်သော ပုလွေမှာ ကျော်ပုလွေ ဖြစ်ကာ သူ၏ အသားညိုညို အညာသားဟန်နှင့် ပုလွေသံကို နားဆင်ရသည်မှာ တကယ့် မြန်မာ့ ရသပြည့်ပြည့်ဝဝကို ခံစားရပါသည်။ ကျွန်ုပ် ငယ်စဉ် ကျောက်ဆည် ကုန်းရွာဘက် မိခင်ကြီး၏ အမျိုးများထံ ရွာလည်စဉ်က နွားကျောင်းရင်း သီမှုတ်ရသော ဟန်မျိုးပင် ဖြစ်သည်။

ကျွန်ုပ် အမေရိကမှ ပြန်တော့ ရံဖန်ရံခါ ဆက်သွယ်ဖြစ်သေးသည်။ နောက်ပိုင်း သူတို့လည်း အိမ်ပြောင်း၊ လိပ်စာများလည်း ပြောင်းသွားကာ ကျွန်ုပ်၏ ဘဝ အပြောင်းအလဲများတွင် အဆက်အသွယ် လုံးဝပြတ်သွားပါတော့သည်။ ကျွန်ုပ် ဂျပန်ရောက်တော့မှ ဒေါက်တာ မင်းညို ထံရောက်သွားသည့် အခိုက် သူ့ထုတ်ဝေသည် စာစောင်တွင် မအမာကြည်၏ စာပေအရေးအသားများကို တွေ့မြင်ရမှ သူ့တို့၏ ပုံရိပ်များ ပြန်လည် ပုံပေါ်လာပါသည်။ သို့ရာတွင် ထိုပုံရိပ်များ ပီပြင်လာစေရန် ကျွနိုပ် မစွမ်းဆောင်နိုင် ခဲ့ပါ။ အခြား မြောက်မြားစွာသော ပုံရိပ်များကဲ့သို့ ဝေ့ဝါးသွားရလေခဲ့ပြီ။

အနန္တမေတ္တာဖြင့်
ဘကောင်း

source:http://bakaung.blogspot.com