မန္တလေးတောင် ဘိုးဘိုးကြီးထံ ကားအပ်တုန်းက
မန္တလေးသား စစ်စစ်ကြီးပါဗျာ(တစ်ခန်းရပ်ပြဇာတ်) ကို ကြည့်တုံး က စာရေးသူ သဘောကြလွန်းလို့ တဟားဟားနဲ့ ခွက်ထိုးခွက်လန် ဟားတိုက်ပြီးရီတာ။ နောက်ပြီး ရီချင်တဲ့ အခါတိုင်လည်း ထပ်ကာတလဲလဲ ကြည့်တယ်။ ကြည့်တိုင်းလည်း ရီရတယ်။ ကြာတော့ ဇနီးဖြစ်တဲ့သူက စိတ်ဝင်စားပြီး ဘယ်လိုဖြစ်နေတာလည်းပေါ့။ နောက်တော့ သူကလေးလည်း လိုက်ကြည့်တယ်။ ဒါပေမယ့် သူကလေးက ကျွန်တော့်လောက် လိုက်မရီနိုင်ဘူး။ သူမက တောင်ကြီး ဇာတိ။ ဆိုတော့ အချို့ပျက်လုံးတွေ ကို လုံးလုံးလျားလျား နားမလည်ဘူး။ နားလည်ခဲ့သည့်တိုင် မခံစားနိုင်ဘူးပေါ့။ တကယ်ပါ အဲဒီ တစ်ခန်းရပ်ပြဇာတ်ကို အင်တာနက်ပေါ် တင်ပေးတဲ့ သူ(ကိုချမ်းမြစိုး)ကိုလည်း ကျေးဇူးသိပ်တင်တယ်။ ဒါမျိုး သန့်ရှင်းပြီး ပြောင်မြောက်တဲ့ ဟာသတွေနဲ့ မရီရတာ နှစ်တွေကို ချီနေပြီ။
ငယ်ငယ်တုံးက အဘွားနဲ့အတူ ရုပ်သေးဇာတ်တွေကို ကြည့်ခဲ့ဖူးတယ်။ ကျွန်တော်တို့ ရပ်ကွက်နဲ့ ကပ်နေတဲ့ ရပ်ကွက်က ကိုးလုံးတကာ ဘုရားပွဲမှာ ကြည့်ရတာ။ နောက်တော့ ကျွန်တော်တို့ ရပ်ကွက်က ငှားတဲ့ ကိုသိန်းဇော် ဇာတ်တွေ ကြည့်ရတယ်။ ကျွန်တော်တို့ အိမ်က ပေါက်ပေါက်တန်း ရပ်နဲ့ ကျောက်ဆစ်တန်းကြားမှာ။ မန္တလေးသား စစ်စစ်ကြီးပါဗျာ(တစ်ခန်းရပ်ပြဇာတ်) ကို ထပ်ဖြည့်ပြောရရင်တော့ ကျောက်ဆစ်တန်းက နှစ်ခု ရှိတာ။ တောင်ပြင် ဘုရားကြီးအနားက ကျောက်ဆစ်တန်း။ အဲဒီမှာ ယနေ့အထိ ဘုရားဆင်းတု ကျောင်ဆစ်လုပ်ငန်းတွေ ထွန်းကားတုန်းပဲ။ အနောက်ပြင် ကျောက်ဆစ်တန်းက ကျွန်တော်တို့ အပိုင်း။ ခင်ပုဂံတိုက်၊ ဂွေးချိုတိုက်တို့ အနားမှာ။ မန္တလေးမှာ စာအံ၊ စာချခဲ့ဘူးတဲ့ ရဟန်း သံဃာ ကိုယ်တော်တွေ သိကြလိမ့်မယ်။ စာရေးသူ ငယ်ငယ်တုန်းကတော့ အနောက် ကျောက်ဆစ်တန်းမှာလည်း ကျောက်ဆစ်လုပ်ငန်းတွေ ရှိတုန်းပဲ။ နောက်တော့မှာ တိမ်ကေားသွားတာ။
ကျွန်တော်တို့ ရပ်ကွက်ကလည်း ပွဲရှိလို့ ဇာတ်ငှားကြရပြီဟေ့ဆိုရင် ကိုသိန်းဇော် ဇာတ်မှ။ နှစ်တိုင်း ကို်သိန်းဇော် ဇာတ်ချည့်ပဲ။ နောက်ဆုံး ကိုသိန်းဇော် အိမ်ထောင်ကျပြီး ဇာတ်က နားသွားတော့မှ ကျွန်တော်တို့ ရပ်ကွက်လည်း သူ့ဇာတ်နဲ့ ဝေးသွားတာ။ သူတို့က ဇာတ်စင်ဆောက်ရင် ကျွန်တော်တို့ အိမ်နဲ့ ခွေးတစ်ဟောင်စာ လောက်မှာ ဆောက်တာ။ လမ်းဆုံ ဆိုတော့ လမ်းကို ပိတ်ပြီး ဇာတ်စင် ဆောက်တာပေါ့။ ဇာတ်ခင်းပြီဆိုရင်လည်း သုံးညဆက်တိုက် ခင်းတာ။ ပြီးတော့အော်လံကြီးတွေနဲ့ ရပ်ကွက်တစ်ခုလုံးကြားအောင် လေးဖက်လေးတန်း ကိုလှည့်ပြီးဖွင့်ထားတော့ မကြားချင်မှ အဆုံး ဆူညံနေတာပဲ။ ပွဲမကြိုက်တဲ့ သူတွေကတော့ စိတ်ညစ်ကြသလို ပွဲကြိုက်တဲ့ ကျွန်တော်က ကြည့်ချင်တယ်။ အဲဒီတုန်းက သူရို့လူရွှင်တော်တွေဇာတ်ခင်းတဲ့ အချိန်က သန်းခေါင်ချိန်နီးမှဆိုတော့ မကြည့်ရဘူး။ အိမ်ထဲကနေပဲ နားထောင်ပြီး ရီရတာ။ အဘွားက နောက်ပိုင်း ဇာတ်တော်ကြီးတွေ ခင်းတဲ့အချိန် သုံးနာရီနောက်ပိုင်းမှ ထကြည့်တော့ အဘွားကြည့်တာတွေပဲ လိုက်ကြည့်ရတယ်။ ကိုသိန်းဇော် ဆိုခဲ့တဲ့ သီချင်းတွေ “ဇာတ်မင်းသားလေး သိန်းဇော် သိန်းဇော် တိုင်းရှေ့ကကျော်……” ဆိုတဲ့ သူရဲ့ ကိုယ်ပိုင် သီချင်း၊ ဆင်ကြီး ဂဠုန်ချီ အစရှိတဲ့ သီချင်းတွေ ငယ်ငယ်တုန်းက လိုက်ဆိုရင်းနဲ့ ဆိုတတ်နေပြီ။
မန္တလေးသား စစ်စစ်ကြီးပါဗျာ(တစ်ခန်းရပ်ပြဇာတ်) ထဲမှာ မန္တလေးတောင် ဘိုးဘိုးကြီးနဲ့ ပျက်လုံးထုတ်ထားတာ ကြည့်လိုက်ရတော့ ငယ်ငယ်တုန်းက အဖေနဲ့ အဖေ့ သုံးဘီးကားကို သွားပြီး သတိရတယ်။ စာရေးသူ ငယ်ငယ်တုန်းက အဖေနှင့် အမေသည် အလုပ်မျိုးစုံကို လုပ်ကိုင်ခဲ့သည်။ အစောဆုံး မှတ်မိသလောက် ကတော့ အဖေ မြင်းလှည်းမောင်းသည်။ ထို့နောက် ပုလိပ် ချည်မျှင်နှင့် အထည်စက်ရုံတွင် အစိုးရ ဝန်ထမ်းလုပ်သည်။ နောက် အစိုးရ ဝန်ထမ်း အလုပ်မှ ထွက်လိုက်ကာ သုံးဘီးကား မောင်းသည်။ အမေကတော့ ဈေးချို အနောက်ဖက် တွင် သံနှင့် ကုန်မာထည်များ ရောင်းသည်။ ထို့နောက် ဈေးချို လမ်းဘေးတွင် သရက်သီးရောင်းသည်။ နှစ်ကာလ အပိုင်း အခြားတွေကို တော့ မမှတ်မိ တော့ဘူး။ စာရေးသူရဲ့ မိဘတွေက စွန့်စားမှုနည်းတဲ့ ရိုးရိုးသားသား စီးပွားရေး လောက်ပဲ လုပ်ကိုင်တတ်တယ်။ နောက်တော့ လေဘေးရောင်းတဲ့ လုပ်ငန်းမှာ အဆုံးသတ်သွားပြီး အဲဒီ အလုပ်နဲ့ပဲ စာရေးသူတို့ မောင်နှမ တွေကို လူတစ်လုံး သူတစ်လုံးဖြစ်အောင် ကျွေးမွေး ပြုစု ပျိုးထောင်ပေးခဲ့တာ။
အဖေ သုံးဘီးကား ဝယ်လာခဲ့တဲ့ နေ့တုန်းက တစ်အိမ်လုံး သုံးဘီးကား စက်သံ တဘုန်းဘုန်းနဲ့ ဆူညံသွားတာပဲ။ ကားက ထွက်လိုက်တဲ့ မီးခိုးတွေကလည်း ဒင်းကြမ်းပဲ။ အသက်ကို ရှုလို့ မရဘူး။ မွန်းပြီး နေတာ။ အဲဒီ ခေတ်အခါနဲ့ ကျွန်တော်တို့ အိမ်စီးပွားရေးအရ ရုပ်မြင်သံကြားစက်ကို ဘုရားစင်လို ထားပြီး ကြည့်ရတဲ့ အနေအထား။ အဲဒီလို မိသားစုမှာ ကားလေးတစ်စင်း ရောက်လာပြီ ဆိုတော့ တစ်အိမ်လုံးက စိတ်လှုပ်ရှားကြတောပေါ့။ ကားစက်သံက ဘယ်လောက်ပဲ ဆူညံ ပလေ့စေ။ ကားမီးခိုးတွေ ဘယ်လောက်ပဲ ထွက်နေပလေ့စေ။ လက်ခံတယ်။ ဒါဟာ ကားသဘာဝ အတိုင်း လိုအပ်လို့ ဖြစ်တာဆိုပြီး စိတ်က အလိုလို လက်ခံပြီးဖြစ်တယ်။ အဲဒီ သုံးဘီးကားကို ရတနာ ပစ္စည်းတစ်ခုလို ဝိုင်းကြည့်ကြရတာ။ အဖေက ဦးဆောင်ပြီး ဝယ်ခဲ့တဲ့ သူဆိုတော ကားစက်တွေကို ဟိုနိုက်ကြည့် ဒီကိုင်ကြည့်နဲ့ပဲနေသည်။ အမေကတော့ ဆီချေးပေနေတဲ့ စွတ်ကျယ် အစုတ်ကလေးနဲ့ ကားကို ဖုန်သုပ်ပေးသည်။ ကျွန်တော်က ကားမောင်းတဲ့ နေရာမှာ ထိုင်ကြည့်ပြီး ကားကို ကိုယ်တိုင် မောင်းဖို့ စိတ်ကူးတွေယဉ်လို့။ အဲဒီတုန်းက နှမကလေးက ငယ်သေးတယ်။ (အဲဒီအချိန်က ယဉ်ခဲ့တဲ့ စိတ်ကူးနဲ့ ကိုယ့်ဒူးကိုယ်ချွန်ပြီး ကြိုးစားလာလိုက်တာ အနှစ် သုံးဆယ်ကျော်မှ ကိုယ်ပိုင် ကားကို မောင်းနိုင်တယ်။ ကြွားဝါခြင်းမဟုတ်ရပါ။ နိုင်ငံခြားမှာ ကားပေါတော့ အဟောင်းလေး ဝယ်နိုင်တာပါ။ စိတ်ကူးရဲ့ မောင်းနှင်ချက်အတိုင်း ဖြစ်ချင်တာကို နှစ်တွေ အများကြီး ကြာမှ ဖြစ်ရတဲ့ အဖြစ်ကို ပြောပြတာပါ။ စကားချပ်)
အဖေ့သုံးဘီးကားကို လိုက်ဝယ်ပေးတဲ့ ကားပွဲစား သမားက အဖေ့ကို ကားအင်ဂျင်တွေ အကြောင်း၊ ကားဈေး အကြောင်း တွေ ပြောပြသည်။ ကားပွဲစား လုပ်တဲ့ သူက ဒီကား ဝယ်လိုက်တာ တန်သည်၊ ဘာညာပေါ့။ ကျွန်တော်ကတော့ နားမလည်။ ကား လက်ကိုင်နှစ်ခုကို ကိုင်ပြီး ကားမောင်းတာကိုပဲ စိတ်ကူးယဉ်တယ်။ သုံးဘီးကားက စက်ဘီး၊ဆိုင်ကယ်လိုပဲ လက်ကိုင် နှစ်ခုနဲ့။ အဖေသည် သုံးဘီးကားမောင်းစားဖို့ ကားလေးတစ်စင်း ဝယ်သည်။ အဖေ့ဘဝတွင်လည်း မြင်းလှည်းမောင်း သမားဘဝမှ တဆင့်တက်ကာ သုံးဘီးကား မောင်းသမား ဖြစ်ခဲ့သည်။
“ကိုသန့် ခင်ဗျားကားကို ဂိတ်မထိုးခင် မန္တလေးတောင် ဘိုးဘိုးကြီးဆီမှာ အပ်လိုက်အုံး” လို့ ကားပွဲစား သမားက အဖေ့ကို အကြံပြုသည်။ ကားမောင်းသမား လောကထဲသို့ စတင် ဝင်လာသော အဖေ့အတွက် အရာရာသည် လေ့လာ နာယူစရာတွေချည့်ပင်။ အဖေသည် နတ်ကို ယုံကြည်သူ မဟုတ်။ သို့သော် သူသည် မယုံကြည်သော်လည်း ရိုးရာကို ဆန့်ကျင်သော လူတစ်ယောက် မဟုတ်ချေ။ အဖေ အမြဲပြောသည်။ “ကိုယ် မယုံကြည်ပေမဲ့လည်း သူတပါးလုပ်တာကို ဆန့်ကျင် ရှုတ်ချတဲ့ အလုပ် မလုပ်ရဘူး” လို့ အမြဲပြောသည်။ အဖေသည် အတန်းပညာကို ဆုံးခန်းတိုင်အောင် မသင်ခဲ့။ စိန်ပီတာ ကျောင်းကို တစ်ဝက်တစ်ပျက်နှင့် ကျောင်းထွက်ခဲ့သည်။ ပညာရေးကို မအောင်မြင်သော အဖေသည် သားဖြစ်သူ ကျွန်တော်အား အောင်မြင်စေရန် ဖိအားပေးသည်။ စည်းကမ်းများ၊ ဆုံးမ စကားများဖြင့် အစဉ်ပြောဟော နေသူလည်း ဖြစ်သည်။ သူပြောသည့် (practice what you preach) အတိုင်း ကိုယ်ပြောသည့် စကားအတိုင်း ကိုယ်တိုင် လိုက်နာကျင့်သုံးသူ လည်း ဖြစ်သည်။ ထိုနေ့က အဖေသည် သူ့သုံးဘီးကားကို မန္တလေးတောင် ဘိုးဘိုးကြီးဆီမှာ ပူဇော်ပသဖို့ သဘောတူခဲ့သည်။ အိမ်တွင် နတ်အုန်းစွဲလေ့ရှိသော အမေ့သည် ကားကို မန္တလေးတောင် ဘိုးဘိုးကြီးဆီမှာ ဆက်ကပ်ရမည်ဆိုသော အကြုံပြုချက်အား ဆိုင်းမဆွ လက်ခံသည်။
ထိုနေ့က အိမ်နီးနားချင်းတွေ ကျွန်တော်တို့ အိမ်ကို ကွက်ကြည့်ကွက်ကြည့်နှင့်။ စက်သံ တစ်ဘုန်းဘုန်း၊ မီးခိုငွေ့ တစ်လူလူထွက်နေသော လိမ္မာရောင် သုံးဘီးကားသည် တင့်တယ်စွာ ရှိလှသည်။ နောင် မကြာလှသော အနာဂတ်များတွင် ထိုသုံးဘီးကားပေါ်၌ပင်
ရပ်ကွက်ထဲမှ ကိုယ်ဝန်သည် မိခင်တစ်ဦး ဆေးရုံသို့ အသွား လမ်းတွင်မီးဖွားပေးရမည်ကို ထိုစဉ်တုန်းက အဖေ မသိခဲ့ချေ။ မနက် မိုးမလင်းခင် နေ့စဉ်နေ့တိုင် ကားစက်သံ ဆူညံစွာ၊ မီးခိုးလုံးတစ်လူလူနဲ့ အဖေကားမောင်းထွက်မည်ကို အိမ်နီးနားချင်းများလည်း မခန့်မှန်းမိသေး။ သို့သော် အဖေ သုံးဘီးကား ဝယ်လာခဲ့သည့် နေ့က အမေ ကြက်သားဟင်း ချက်သည်။ ထိုနေ့ညစာ အကြော်နဲ့ ထမင်းစားရတဲ့ ဘဝမှ လွတ်မြောက်ခဲ့သလို အမေချက်သည် ကြက်သားဟင်းသည် စားလို့ အလွန်တရာ အရသာရှိလှသည်။ ဝေပုံကြ ကြက်သားဟင်းတုံး ကုန်သွားမည် စိုးသောကြောင့် ကြက်သားတုံးကို ကိုက်မစား။ ကြက်သားတုံးကို လျှာဖြင့် လျှက်လျက် ထမင်းနှင့် စားသည်။ ထမင်းကုန်တော့မှ ကြက်သားဟင်တုံးကို အားရပါးရ မြိန်ရေရှက်ရေ စားသည်။ ထိုနေ့ညက အဘွား ဘုရားရှိခိုး ၊ ပုတီးစိတ်တာ ခါတိုင်းညတွေထက် ပိုပြီးကြာသည်။
နောက်တစ်နေ့ မိုးလင်းသည်နှင့်အဖေရော၊ အမေပါ ရေချိုးပြီး အဝတ်အစား သပ်သပ်ရပ်ရပ်နှင့် မန္တလေးတောင်သို့ သွားဖို့ အသင့်ဖြစ်နေသည်။ အဘွားကတော့ ထုံစံအတိုင်း စောစီးစွာ အိပ်ရာထလို့ မနက် နေရောင်အောက်တွင် ပုတီး စိတ်နေသည်။ အမေသည် ဘုရားစင်ကို သန့်ရှင်းရေးလုပ်သည်။ မနက် ဆွမ်းတော်ကပ်သည်။ အိမ်သို့ မနက်တိုင်း ဆွမ်ခံ ကြွလေ့ရှိသည့် ထိုင်ကိုယ်တော်များကို ဆွမ်းလောင်းသည်။ ပန်းသည် တစ်ဦး အိမ်ရှေ့က ဖြတ်သွားသည်နှင့် ခေါ်ယူ ၍ သပြေပန်းများ ဝယ်သည်။ တစ်ဝက်ကို မန္တလေးတောင် ဘိုးဘိုးကြီး ကပ်ရန် ချန် ၍ ကျန်တစ်ဝက်ကို အုန်းဆွဲထားသည့် နတ်ကို ကပ်သည်။ အဖေသည် ညကဖုန်သုတ်ထားသော သုံးဘီးကားကို ထပ်မံ ဖုန်သုတ်သည်။ ကား စက်နိုးကြည့်သည်။ ထို့နောက် ကားစက်ပိတ်သည်။ တဖန် စက်ပြန်နိုးကြည့်သည်။ အဖေ ဘာလုပ်နေသလဲ အမေ နားမလည်။ အမေသည် အားလုံးအဆင်ပြေစေရန် ဆုတောင်းပေးရုံပင် ဖြစ်သည်။ ထိုင်ကိုယ်တော်များသည်လည်း အဖေ သုံးဘီးကားတစ်စင်း ဝယ်ထားသည့်အတွက် ကောင်းချီးပေးဩဝါဒ ဆုတောင်းပေးကြသည်။
ကျွန်တော်နှင့် ကျွန်တော့် နှမကလေးသည်လည်း ကားစီးရတော့မည် အသိနှင့် ကသောကပြော မျက်နှာသစ်၊ အဝတ်အစားလဲပြီး လိုက်ဖို့ အဆင်သင့် ပြင်ရသည်။ ထိုမနက်တွင် ကျွန်တော်တို့ အိမ်ခေါင်မိုးပေါ်၌ ကျီးတို့ ပိုမို အာကြသည်ဟု ထင်သည်။ အဖေ့ သုံးဘီးကားသံကို သူရို့ မနာလိုကြဘူးလား မသိ။ မနက် အာရုဏ်နေသည် လန်းဆန်းနေသည်။ သက်တန့်ရောင်တွေကြောင့် ထိုမနက် နေကို အသစ်ဟုပင် ထင်မိသည်။ နေရောင် အောက်တွင် ပုတီးစိတ်နေသော အဘွား ဆံပင်ဖြူတို့ ကျက်သရေရှိစွာ ထုံးကျစ်လျက်ရှိနေသည်။ ကြေးစည်တီးပြီး လာကြသော ဘုန်းကြီး ကျောင်းသားလေးများသည် ကျွန်တော်တို့ အိမ်ထဲတွင် နေ့ချင်းညချင်းရောက်လာသော လိမ္မာရောင် သုံးဘီးကားကို စူးစမ်းသော အကြည့်ဖြင့် ကြည့်ကြသည်။ ယနေ့ထိတိုင် စာရေးသူ၏ မိဘများသည် နေ့စဉ်နေ့တိုင်း ထိုင်ကိုယ်တော်များအပြင် လမ်း၌ ဆွမ်းခံကြွသော သံဃာများအား ဆွမ်းထွက်လောင်းသည်။ ထိုမနက် အမေချက်သော ဆွမ်းတို့ မလောက်ငှ။
ကျွန်တော်တို့ မိသားစု အိမ်က ထွက်တော့ ကိုးနာရီ ထိုးလုပြီ။ အဖေက ကားမောင်းသည်။ အဖွား၊ အမေ နှင့် ကျွန်တော်တို့ မောင်နှမ တစ်တွေက နောက်ခန်းတွင် ထိုင်သည်။ အမေက သပြေပန်းစည်းကို ကိုင်လျက်၊ အဘွားက စိတ်ပုတီးကို ဆုပ်ထားသည်။ ကျွန်တော်တို့ မောင်နှမသည် ကားမှ သံတန်းတွေကို ကိုင်ကြည့်သည်။ ကားမှ ဆီးချေးနံ့၊ ထိုင်ခုံနံ့တို့နှင့် အကျွမ်းတဝင်ရှိအောင် ရှုရှိုက်ကြသည်။ ကားကြမ်းခင်မှ ဆေးကွက်ရာများကို မှတ်မိအောင် ရေတွက်ကြည့်သည်။ လမ်းတွင် အဖေသည် ကားပွဲစားကို ဝင်ခေါ်ရသည်။ မန္တလေးတောင် ဘိုးဘိုးကြီးဆီမှာ ကားအပ်ဖို့ ထိုပွဲစားသမားပဲ အကြံပေးခဲ့သည်။ အခု မန္တလေးတောင် ဘိုးဘိုးကြီးဆီသွားကြတော့ အခါတော်ပေး လမ်းညွှန်ရန် သူပါဖို့ လိုသည်။ သုံးဘီးကား နောက်ခန်းတွင် လူကြီးသုံးယောက်၊ ကလေးနှစ်ယောက် ကြပ်တည်းစွာ ထိုင်ကြရင်း မန္တလေးတောင် သို့ စိတ်လှုပ်ရှားစွာ ထွက်ခဲ့ကြသည်။
လမ်းတွင် အခြား သုံးဘီးကားများကို တွေ့ရလျင် ကျွန်တော်တို့ မောင်နှမ ပျော်ရွှင်စွာ ကြည့်ရှု့ နူတ်ဆက်ကြသည်။ ကျွန်တော်က အခြား သုံးဘီးကားများနှင့် အဖေ့ သုံးဘီးကား ကို ချိန်ထိုး ယှဉ်ကြည့်ကာ ဘာတွေ မတူညီကြသလဲလို့ လိုက်လံခွဲခြားကြည့်သည်။ အဖေ့ သုံးဘီးကား စက်သံသည် တယောသံကဲ့သို့ ရှိလှသည်ဟု ထင်ခဲ့မိသည်ကို အထူးတလည် ပြောပြစရာ လိုမည် မထင်အံ။
ကျွန်တော်တို့ ပေါက်ပေါက်တန်းရပ်မှ မန္တလေးတောင်ခြေသို့ သုံဘီးကားဖြင့် နာရီဝက်ခန့်မောင်းသွားရသည်။ ဟိုရောက်တော့ ကိုးနာရီခွဲရှိပြီ။ တောင်ခြေတွင် နေရောင်တို့ နေရာအနှံအပြားတွင် ကြွယ်ဝစွာ နေရာယူကြသည်။ သုဓ္ဓာဇရပ်တို့သည် ပန်းနွယ်ပင်တို့ အကြား မားမား မတ်မတ်နှင့် ရှိလှသည်။ ထုံးဖြူဖြူနှင့် ခြင်္သေ့ကြီး သည် နေရောင်အောင်တွင် သားကောင်ကို ခုန်အုပ်တော့မည့် ဟန်။ ကလေးအရွယ် ကျွန်တော်တို့နှင့် စာလျင် ၎င်းတို့သည် အလွန်ကြီးမား ခန့်ညားသော အကောင်ကြီးများ ဖြစ်ကြသည်။
ကားပွဲစားဆရာသည် ကားကို ဘိုးဘိုးကြီး နတ်နန်းနားအထိ မောင်းသွားဖို့ အဖေ့ကို ပြောသည်။ နတ်နန်း ရှေ့တွင် ကားကို ရပ်သည်နှင့် အားလုံးဆင်းကြသည်။ အမေက သပြေပန်းကို ဘိုးဘိုးကြီးနတ်အား ဆက်ကပ်သည်။ အဖေကတော့ ကားစက်သံကို နားထောင် ဖို့ပဲ အာရုံစိုက်သည်။ တဘုန်းဘုန်းနဲ့ ကားအင်ဂျင်သံကို အားရအောင် နားထောင်ပြီးမှ ကားစက်ပိတ်တော့သည်။ အဖေ့ကားသံကြောင့် နတ်နန်းအထက်တွင် နားခိုနေသော ငှက်တစ်အုပ် လန့်ပျံထွက်သွားသည်။ လေအပွေ့တွင် ကားမီးခိုးတို့ နတ်နန်းထဲသို့ အလိပ်လိုက်တိုးဝင်ကုန်သည်။ ဘိုးဘိုးကြီး ရုပ်ထုသာ အသက်ရှိလျင် သူလည်း အသက်ရှုမွန်းလို့ အပြင်ပြေးထွက်လာရလိမ့်မည်။ အဘွားကတော့ နတ်ကို အယုံအကြည်ရှိသူ မဟုတ် သဖြင့် ခုံတန်းတစ်ခုတွင် အသာအယာ ထိုင်ကြည့်နေသည်။ ကျွန်တော်တို့ မောင်နှမသည် မမြင်ဘူးသော ဘိုးဘိုးကြီး ရုပ်ထုကို စူးစမ်း စိတ်ဖြင့် ကြည့်ရှုကြသည်။
အမေသည် သပြေပန်းကို ဆက်ကပ်ပြီးသည်နှင့် ၎င်းသပြေပန်းနှင့် အဖေ့သုံးဘီးကားကို တဖြန်းဖြန်းရိုက်ကာ ဘေးအန္တာရယ် ကင်ရှင်းစေကြောင်း ဆုတောင်း ရွတ်ဆိုသည်။ ကားပွဲစား ဆရာက အဖေ့ကားကို နတ်နန်းကို ဦးတည်စေကာ သုံးကြိမ်တိတိ ရှေ့တိုး နောက်ငှင် အသာအယာ ဦးတိုက် မောင်းနှင် စေသည်။ အကယ်၍ များ အဖေ ကား ဘရိတ် မထိန်းနိုင်လို့ ဦးတိုက်တာ လွန်သွားရင်တော့ ဘိုးဘိုးကြီး နတ်နန်းတော့ အကွဲအပြဲ ဖြစ်မှာပဲလို့ အဲဒီတုန်းက ကလေးအတွေး တွေးခဲ့မိသေးတယ်။ သုံးဘီးကားနဲ့ ရှေ့တို့ နောက်ငှင် သုံးကြိမ် လုပ်ရတယ် ဆိုတာလည်း မလွယ်လှဘူးလို့ ကလေးဘဝကတည်းက ကိုယ်တိုင် မြင်တွေ့ခဲ့ရသည်။ ဦးတိုက်တာ သုံးကြိမ်လည်းပြည့်ရော ဘိုးဘိုးကြီးနတ်နန်းတစ်ခုလုံး မီးလောင်သလား ထင်ရအောင် ကားမီးခိုတွေက အပြည့်။ လေက အဲဒီ နတ်နန်းဖက် ဦးတည် တိုက်နေတာကိုး။ ဦးတိုက်တာ မဟုတ်ပဲ မီးတိုက်တာဖြစ်တော့မှာပဲလို့ ကားပွဲစားသမားရဲ့ မှတ်ချက်ချ ရီသံကို ကြားလိုက်ရသေးတယ်။ အဲဒီလိုနဲ့ နတ်နန်းကို အဆင်ပြေချောမွေ့စွာ ဦးတိုက်ခြင်း ပြီးစီးခဲ့သည်။ အမေသည် သပြေစည်းကို နှစ်ခြမ်း ခွဲလိုက်သည်။ တခြမ်းကို ကားမှန် ညာဖက်တွင် ထိုးလျက်၊ ကျန်တခြမ်းကို ဘယ်ဖက်တွင် ထိုးလိုက်သည်တွင် အဖေ့ သုံးဘီးကား မန္တလေးတောင် ဘိုးဘိုးကြီးထံ အပ်ခြင်း ပြီးဆုံးခဲ့သည်။
အနန္တမေတ္တာဖြင့်
ဘကောင်း
source:http://bakaung.blogspot.com
7 comments
bigcat
August 24, 2010 at 12:58 am
သုံးဘီးကားနဲ့ ပတ်သက်လို့ မှတ်မိတာက လိမ္မော်ရောင်ရယ်၊ အသံဆူပြီး မီးခိုးအလွန်ထွက်တာရယ်၊ ကားစတီရာရင်က အဝိုင်းနဲ့ ဆိုင်ကယ်လိုလက်ကိုင် ဆိုပြီးနှစ်ခုရှိတာ မှတ်မိသေးတယ်။ ဆိုင်ကယ်လိုလက်ကိုင်ရှိတဲ့ သုံးဘီးကပိုပေါပုံရတယ်။ ငယ်ငယ်က အပြင်သွားလို့ သုံးဘီးစီးရင် ကားဆရာက စတီရာရင်ကို များများမလှည့်လို့ ကားမမြန်တာဆိုပြီး နောက်ခန်းကနေ အားမလိုအားမရ ဖြစ်တာမှတ်မိသေးတယ်။ နောက်တခုက အသိတယောက်ပြောပြတာကို ပြန်ရှယ်တာပါ။ လောကမှမဖြစ်နိုင်တာမရှိဖူးလို့ သူကစကားပလ္လင်ခံပြောတယ်။ ရိုးအတဲ့ သူ့အသိက သုံးဘီးဝယ်တယ်။ ရောင်းသူအိမ်မှာ စာချုပ်ချုပ်၊ ငွေချေပြီးတော့ မမောင်းတတ်သေးလို့ ရောင်းသူကသူ့အိမ်ကို ကားကိုမောင်းပေးတယ်တဲ့။ တနေရာရောက်တော့ ကားစက်ရပ်သွားလို့ ဝယ်သူဦးကြီးက ဆင်းတွန်းရတယ်တဲ့။ အဲဒီမှာလူကလဲပြတ်တော့ ဝမ်းမန်းရှိုးပေါ့၊ ကားတွန်းရတာပို အားရှိအောင်သူက စာချုပ်ထည့်ထားတဲ့လွယ်အိတ်ကို ကားနောက်ခန်းကခုံပေါ်တင်လိုက်တယ်၊ ပြီးတော့ဆက်တွန်းတာပေါ့။ ဒါကိုရောင်းသူကားဆရာကမြင်တော့ ကားစက်လည်းနှိုးရော တခါတည်းမောင်းပြေးတာ ဝယ်ထားတဲ့ကားလည်းဆုံးရောတဲ့။ သက်သေလည်းမရှိဘူးလို့ဆိုပါတယ်။ ပုံစံကြည့်ရတာ သက်သေတွေပါတွေနဲ့ စနစ်တကျဝယ်ခဲ့ပုံမရလို့လား မသိပါဘူး။ မောင်းပြေးတဲ့ကားဆရာကလည်း နဂိုထဲကအကြံရှိလား၊ အခွင့်ရလို့လုပ်သွားလား မသိပါ။ ဒါမှမဟုတ် ရိုးတယ်လို့ဆိုတဲ့ ဝယ်သူကပဲ အိမ်သူကို ဆန်းဆန်းပြားပြား ဇာတ်လမ်းထွင်သွားလားမသိပါ။ သင်ခန်းစာယူတတ်ရင်တော့ အလွန်ရိုးစင်းလို့ မဖြစ်နိုင်လို့ ထင်ထားတဲ့ အရာတွေဟာ သတိတချက်လွတ်သွားတာနဲ့ ဖြစ်သွားနိုင်ပါကြောင်း။
MandalayThar
August 24, 2010 at 8:25 am
ဖတ်လို့အရမ်းကောင်းတယ်ဗျာ။ ကြိုက်တယ်။ နောက်လဲ ဒါမျိုးမန်းတလေး အကြောင်းတွေရေးဗျာ။ ကိုယ်က မရေးတတ်လို့။ အဲလိုရေးတဲ့လူတွေ ဆီက ဟာတွေပြန်ဖတ်တော့ ငယ်ငယ်တုန်းက မန်းတလေးကို ပို သတိရလာတယ်။ မန်းတလေးဓလေ့လေးတွေ က ချစ်စရာကောင်းတယ်နော်..
မန်း ရိပ်
October 1, 2010 at 5:12 am
ဟာသလေး တခုရှိတယ် ပြောပြမယ်နော်
“မင်းတို့ကောင်တွေကွာ ဘိုးဘိုးအောင်တို့ ခေတ်တုန်းက ဆိုင်ကယ်၊ကားတွေ မပြောနဲ့ စက်ဘီးတောင်ပေါ်သေးတာမဟုတ်ဘူး။”
Ba Kaung
November 14, 2010 at 3:14 pm
huh… lost article
kopauk mandalay
November 14, 2010 at 4:05 pm
တစ်ခါက ရိုးရိုးအအ ဆရာတစ်ယောက်က ဆိုင်ကယ်ဝယ်စီးတော့ ထုံးစံအတိုင်းဘိုးဘိုးကြီးပြခိုင်းတာပေါ့
။
ဒါပေမယ့် သူ့တူ ဂျစ်တီးဂျစ်ကပ်ကောင်ကိုခို်င်း ဟိုကောင်က ချက်ခြင်းသွားလုပ်မပေးဘူး၊
ူအဲဒါသူ့ဦးလေးက ခဏခဏပြောတော့ သွားလုပ်ပေးပြီး ဟိုကပေးလိုက်တဲ့ ရှန်စလေးကို ဆိုင်ကယ်မှန်ထောင်မှာ ချည်ပေးလိုက်တော့ စိတ်ချမ်းသာသွားပါသတဲ့။
ညနေ သူ့ဦးလေးလဲ ပြန်လာရော ဆိုင်ကယ်က ရှေ့ကရပ်ထားတဲ့စက်ဘီးတိုက်မီလိုအလျျော်ပေးခဲ့ရပါသတဲ့။
အကြောင်းကတော့ သူ့တူ က ဆိုင်ကယ်ဘရိတ်တွေကို လျှော့ထားတော့ ဘရိတ်မ မိဘူးဖြစ်သွားတာပေါ့။
သူ့ဦးလေးက မေးတော့ ဟိုကောင်က လေးလေး ဘိုးဘိုးကြီးက ဒါကျတော့ မကယ်ဘူးလားလို့ပြောလို့ စိတ်တိုပြီး
ခုံနဲ့ကောက်ရိုက်တာ သုံးချက်ချုပ်လိုက်ရပါသတဲ့။
naywoonni
November 14, 2010 at 4:59 pm
ကျွန်တော်တော့စက်ဆိုလို့ဘာမှမရှိတော့မကြုံဘူးသေးဘူး
ကျွန်တော်ကျရင်ကောတစ်ကယ်လုပ်ဖြစ်ပါ့မလား
လုပ်ဖြစ်မယ်တော့မထင်ဘူး
ဆူး
November 15, 2010 at 4:29 am
တခု မေးချင်လို့.. **သူတို့က ဇာတ်စင်ဆောက်ရင် ကျွန်တော်တို့ အိမ်နဲ့ ခွေးတစ်ဟောင်စာ လောက်မှာ ဆောက်တာ။ **
ရန်ကုန်သူ နားလည်တဲ့ အသုံးနဲ့ ရှင်းပြပါ။