ကျွန်ုပ်နှင့် ဝန်ချတောင်မှ မျောက်သောင်းကျန်း
တစ်နေ့သ၌ မင်းကြီးတောင်ပေါ်ရှိ ကျွန်ုပ်ခေတ္တနေထိုင်လျက်ရှိသော ဘိုတဲဟောင်းကြီး
တစ်လုံး၏ ဝရံတာပေါ်တွင် ဖျင်ပက်လက်ကုလားထိုင်ကလေး တစ်လုံးချကာ ကော်ဖီတစ်
ခွက်၊ စီးကရက် တစ်လိပ်ဖြင့် ဧရာဝတီမြစ်ကို အပေါ်စီးမှ ကြည့်၍ ငေးမောနေမိလေသည်။
ဘေးနားရှိ ကက်ဆက်အစုတ်ကလေးတစ်လုံးမှ အဆိုတော် ထူးအိမ်သင်၏ ကောင်းကင်
ထဲက မြစ်တစ်စင်းဟူသော လွန်စွာဆွေးမြေ့ကြေကွဲဖွယ် သီချင်းသည် ခပ်တိုးတိုး ထွက်
ပေါ်လျက်ရှိလေရာ ရခိုင်ရိုးမတောင်တန်းကြီး အနားသတ်ထားသော ဧရာဝတီမြစ်ကြီး
ကို ကြည့်ရှုရင်း မည်သည်ကို လွမ်းရမှန်းမသိပဲ အလွမ်းဟူသော အရသာတစ်မျိုးကို
ဗလာချည် ခံစားမိသဖြင့် အလွမ်းသည်ပင် စည်းစိမ်တစ်မျိုးပေလောဟု တွေးတော
မိတော့၏။
ကျွန်ုပ်၏ အနီးတွင် မိနက်ဟုအမည်တွင်သော ခွေးနက်မကလေးသည် ဦးခေါင်းကို
ရှေ့သို့ချကာ ဝပ်၍ မြစ်တွင်းရှုခင်းကို မျှော်ကြည့်နေသဖြင့် တစ်စုံတစ်ရာကို များ
လွမ်းနေရော့သလားဟု ထင်မြင်မိ၏။ အိမ်အတွင်းတွင် ယာသမား ကိုဖြူနှင့် မဖြူ
တို့ ၏ အခါလည်ကျော်ရုံ သမီးကလေး ဖြူဖြူအား အုပ်ဆောင်းကလေးတစ်ခုဖြင့်
အုပ်ကာ သိပ်ထား၏။ ထိုကလေးသည် အမိ အဘတို့နှင့်ကွဲပြားလျက် အလွန်ချစ်
စရာကောင်းလှသဖြင့် ကျွန်ုပ်သည် မကြာခဏ ခေါ်ယူထိန်းကြောင်းလေ့ရှိသည်။
ထို့အပြင် ကျွန်ုပ် သဘောကျသော ကိုရီးယားမင်းသမီး အွန်စောနှင့်လည်း တူလှ
၍ အွန်စောဟု အမည်မှည့်ပေးထားလေသည်။
ထိုကဲ့သို့ နေရင်း မိနက်သည် အသံပြု၍ ဝင်းပေါက်ဘက်သို့ ကြည့်နေရာ ကျွန်ုပ်
လည်း လှည့်ကြည့်မိ၏။ ရှေးအခါက ဝင်းတံခါးတပ်ဆင်ခဲ့မည်ဖြစ်သော အုတ်တိုင်
ကြီး နှစ်ခုရှေ့တွင် မျောက်တစ်ကောင်သည် အခန့်သားရပ်၍ အိမ်ကို စူးစူးကြည့်
နေသည်ကို မြင်သောအခါ ကျွန်ုပ်လည်း များစွာ အံ့အားသင့်မိလေသည်။
ထိုမျောက်သည် မည့်သည့် မျောက်အမျိုးအစားမှန်း မသိသော်လည်း ကျွန်ုပ်တွေ့
နေကျ တစ်တောင်သာသာ မျောက်ကလေး မျိုးမဟုတ်ဘဲ နှစ်ပေခွဲသာသာခန့် ရှိနိုင်
သည့် မျောက်တစ်ကောင်ဖြစ်ပေသည်။ ဘယ်က မျောက်ပါလိမ့်ဟု စဉ်းစားနေ
စဉ်တွင် ဝန်ချတောင်မှ လွတ်မြောက်သွားသော မျောက်သောင်းကျန်းတစ်ကောင်
ကို သွားသတိရမိလေသည်။ ထိုမျောက်သည် လွတ်မြောက်သွားပြီးနောက် လူများကို
အလစ်ချောင်း၍ တိုက်ခိုက်လေ့ရှိကြောင်းလည်း ကြားရသည်။ သားသည် မိခင်တစ်
ဦးကို သစ်ပင်ပေါ်မှ ခုန်ဆင်း၍ ကုတ်ဖဲ့တိုက်ခိုက်ရာ မိခင်သည် ကလေးကို ရင်
ခွင်တွင် ကျစ်ကျစ်ပိုက်ကာ ကာကွယ်ထားသဖြင့် ကလေးဘာမျှမဖြစ်သော်လည်း
မိခင်မှာမူ မျောက်၏ ကြမ်းတမ်းရက်စက်စွာ ကုတ်ဖဲ့တိုက်ခိုက်မှုကြောင့် ဆေးရုံသို့
ရောက်သွားကြောင်း၊ ဆိုင်ကယ်စီးလာသော အမျိုးသားတစ်ဦးကိုလည်း တိုက်ခိုက်
ရာ ဆိုင်ကယ်မှောက်သွား ဒဏ်ရာ အကြီးအကျယ်ရသွားကြောင်း။ ၎င်းမှာ ဦးထုပ်
ဆောင်းထားသဖြင့် သေကံမရောက်ကြောင်း စသည်ဖြင့် ကြားသိရသည်။ ယခုအခါ
ထိုမျောက်သည် ကျွန်ုပ်တို့ ဝင်းရှေ့တွင် မားမားရပ်၍ နေလေပြီ။ ဤမျှ ဆိုးသွမ်း
သောင်းကျန်းသောမျောက်အား နှိမ်နှင်းအံ့ဟု ပိုင်းဖြတ်၍ အောက်ထပ်သို့ပြေးဆင်း
ရာ မိနက်လည်း ကျွန်ုပ်နောက်မှ လိုက်ပါ လာလေသည်။
ကျွန်ုပ်လည်း အိမ်အတွင်းမှ ဓားကိုဆွဲ၍ ထွက်၏။ မျောက်ကား မတုန်မလှုပ် စိမ်းစိမ်း
သာ ကြည့်နေသဖြင့် အံ့ဩမိပြန်၏။ ဖြူရော်ရော် ပိန်ညှောင်ညှောင်လူငယ်တစ်ယောက်
ဓားကိုင်၍ မျောက်ကို ခုတ်ရန်ထွက်လာသည်ကို အခြားသူများ မြင်သော် ရယ်ပွဲဖွဲ့
ကြမည်လော မသိပေ။
မျောက်သည် အသာနောက်ဆုတ်ကာ ကျွန်ုပ်ကို စူးစိုက်ကြည့်လေသည်။ အမုန်း
တရားနှင့် အာဃာတသည် ၎င်း၏ မျက်လုံးထဲတွင် စူးစူးတောက်လျက်ရှိကြောင်း
သတိပြုမိ၏။ ကျွန်ုပ်လည်း ခေတ္တမျှ တုံ့ဆိုင်းကာ တွေဝေလျက်ရှိသည်။ ကျွန်ုပ်သည်
မျောက်ကို ဓားဖြင့် ခုတ်ဝံ့ပါ၏လော။ ကြွက်အရှင်တစ်ကောင်ကိုပင် မခုတ်ဝံ့သော
ကျွန်ုပ်သည် ဤမျောက်ကို ခုတ်ဝံ့ပါမည်လော။ ကျွန်ုပ်သည် မိမိပျော်ရွှင်မှုအတွက်
ပိုးမွှားကလေးများကို ညှဉ်းဆဲတတ်လေ့ရှိသော်လည်း သေသွားလျှင် အလွန်စိတ်
မကောင်းဖြစ်တတ်သည်။ နောက်မလုပ်အောင် စိတ်ပိုင်းဖြတ်သော်လည်း လုပ်မိ
တတ်ပြန်သည်။ ထို့အပြင် ဓားဖြင့်ခုတ်သော် ကိုယ်လက်အင်္ဂါများ ပြတ်သတ်ထွက်
၍ မရှုမလှ ဖြစ်လျှင် မြင်ဝံ့မည် မဟုတ်သည့်အပြင် ကာလရှည်အောင် စိတ်မကောင်း
ဖြစ်ရပေဦးမည်။ တစ်ဖန် ကျွန်ုပ်ထက် လျင်မြန်ဖျတ်လတ်သော မျောက်ကို ကျွန်ုပ်
မခုတ်နိုင်လျှင် မျောက်အကုတ်ခံရမည်။ အကိုက်ခံရမည်။ ထိုအရာကိုလည်း ကျွန်ုပ်
မခံဝံ့ကြောင်း သိရလေသည်။ ကျွန်ုပ်ကိုင်စွဲသော ဓားမှာ ဝါကီဇာရှိခေါ် ဂျပန်စတိုင်
အသွားဆယ့်ရှစ်လက်မ ခန့်သာရှိမည့် ဓားဖြစ်သဖြင့် မျောက်ကို ထိအောင် ခုတ်
နိုင်မည် မှာ မသေချာပေ။ ထို့ကြောင့် အခြားနည်းဖြင့် ချောက်လှန့်မောင်းထုတ်
မည်ဟု စိတ်ကူးသဖြင့် လက်နက်ထပ်ရှာရာ အိမ်အပေါက်ဝတွင် ထောင်ထား
သော ထမ်းပိုးကို မြင်မိ၏။ မျောက်ကို ကျောမခိုင်းဘဲ နောက်ဆုတ်ကာ ထမ်းပိုး
ကို သွားယူ၏။ ထမ်းပိုးကား သုံးပေခွဲခန့်သာရှည်သဖြင့် ဝင်ရိုက်ရန် အလောတော်
ပင်ဖြစ်သည်။
ထမ်းပိုးတစ်လက် ဓားတစ်ဖက်ဖြင့် လာသော ကျွန်ုပ်ကို မျောက်သည် ခပ်တည်
တည်ပင်ကြည့်လျက်ရှိသည်။ ထမ်းပိုးတဆဆဖြင့် ကျွန်ုပ်သည် မျောက်ကို မည်
သို့ဝင်ရိုက်ရမည်နည်းဟု စဉ်းစားလျက်ရှိ၏။ မုန်းတီး နာကျည်းမှုများ လျှံထွက်
နေသော မျောက်မျက်လုံးများကို မြင်သောအခါ တုံ့ဆိုင်းလျက် ရှိပြန်သည်။ လူ
တို့သည် မျောက်မြင်လျှင် စချင်ကြသည်။ ဤမျောက်သည် ရှေးအခါက လှောင်
အိမ်ကလေးထဲတွင် လူရွှတ် လူနောက်တို့၏ ရက်စက်ကြမ်းတမ်းသော အစ အ
နောက် တို့ကို ပြင်းထန်စွာ ခံစားခဲ့ရပေလိမ့်မည်။ ယခုလွတ်မြောက်လာသော
အခါ၌ လူဟူသမျှတို့အပေါ်တွင် အခဲမကြေ အငြိုးအမှတ်ထားကာ တုံ့ပြန်ခြင်း
ဖြစ်ချိမ့်မည်။ အဟိတ်တိရိစာ္ဆန်ဟူ၍ ခွင့်လွှတ်ထားရမည်လော။ ကျွန်ုပ်၏ သတ္တိ
နည်းမှုကြောင့် ဤမျောက်သည် အခြားသူများကို ထပ်မံ ဒုက္ခပေးလိမ့်ဦးမည်။
ကလေးငယ်တစ်ယောက်အရွယ်နီးနီးရှိသော ထိုမျောက်ကို ဓားဖြင့်ခုတ်၊ တုတ်
ဖြင့်ရိုက်ဝံ့သော သတ္တိမျိုး မရှိကြောင်း ဝမ်းနည်းစွာသိရသဖြင့် ငေးမောလျက်
သာ ရှိနေပေသည်။ သို့သော် လူတို့သည် တစ်စုံတစ်ယောက်ကို အနီးကပ်ဓားဖြင့်
သွေးအေးအေး မထိုးဝံ့သော်လည်း အဝေးမှ သေနတ်ဖြင့်သော်လည်း၊ အခြား
အရာများဖြင့်သော်လည်း ပစ်ခတ်ဝံ့ကြသဖြင့် ကျွန်ုပ်သည် လေးခွဖြင့်ပစ်ရန်
စဉ်းစားမိ၏။ လေးခွကား အိမ်ထဲတွင်အသင့် ရှိသည်။
ထိုခဏတွင် မျောက်သည် ကျွန်ုပ်ကို ကျော်၍ အပေါ်သို့မော့ကြည့်လေရာ
ကျွန်ုပ်လည်း လည်ပြန်ကြည့်မိ၏။ အွန်စောကား ဝရန်တာရှိသစ်သားချောင်းများကြား
မှ မျောက်ကို ခေါ်ငင်လျက်ရှိကြောင်း တွေ့ရလေသည်။ ရက်စက်လိုသော မျက်နှာ
ထားသည် မျောက်မျက်နှာတွင် ထင်ရှားစွာပေါ်ပေါက်လာလေရာ ကျွန်ုပ်၏ ကျောရိုး
တစ်လျှောက်ပင် စိမ့်ခနဲ အေးသွားလေသည်။ လေးခွဝင်ယူလျှင် မျောက်သည် အသာ
အယာပင် ဝရန်တာပေါ်သို့တက်ရောက်သွားပြီး အွန်စောကို အမဲဖျက်ပေလိမ့်မည်။
ဤသည်ကား လုံးဝအဖြစ်ခံနိုင်သော အရာမျိုးမဟုတ်ချေ။ အလျင်အမြန် ဆုံးဖြတ်
ရလေပြီ။
အကောင်သေးသော မျောက်အား အပေါ်ကမိုးမခုတ်ပဲ အောက်က ပင့်ဆွဲမည်ဟု
စိတ်တွင်တွေးကာ ဓားသွားကို အောက်ဘက်၌ထား၍ ခါးတွင်ကပ်ထား၏။ ထို့နောက်
ထမ်းပိုးကို မျောက်ထံသို့တအားလွှဲပစ်ကာ ဓားနှင့်ပက်ရန်ပြေးသွားသည်။ မျောက်သည်
ထမ်းပိုးကို ရှောင်ကာ နောက်ကျွမ်းတစ်ချက်ပစ်၍ လျှိုထဲသို့ခုန်ဆင်းသွားလေသည်တွင်
ကျွန်ုပ်လည်း အတင်းလိုက်၏။ မိနက် လိုက်စမ်းကွယ် ဟု အမိန့်ပေးသောအခါ မိနက်
လည်း တဟုန်ထိုးပြေး၍လိုက်လေသည်။ ဖရဲခင်းများအကြားတွင် မျောက်သည် တုံ့ခနဲ
ရပ်ကာ မိနက်ကို လှည့်ကုတ်သဖြင့် မိနက်ခမျာ ချာလပတ်လည်၍ ငယ်သံပါအောင်
အော်ပြေးရှာလေသည်။ ချက်ကောင်း နှုတ်သီးကို ကုတ်မိသကိုး။
မျောက်သည် ပမာမခန့်သော အမူအရာဖြင့် ကျွန်ုပ်အား လှမ်း၍ကြည့်နေသေးသဖြင့်
ဖရဲသီးအကင်းတစ်လုံးကို ဓားဖြင့်ဖြတ်၍ ပစ်ပေါက်လိုက်မှ ထွက်ပြေးသွားတော့သည်။
ထို့နောက်တွင် မျောက်သည် ဖရဲခင်းအလွန် သစ်ပင်များ ထူထပ်စွာပေါက်ရောက်နေ
သည့် တောအုပ်ငယ်ကလေးထဲသို့တိုးဝင်ကာ ဧရာမသရက်ပင်ကြီးတစ်ပင်ပေါ်သို့
တက်သွားလေတော့သည်။
ကျွန်ုပ်လည်း မျောက်ကို မော့ကြည့်နေစဉ် အသားညိုညို၊ ပုဆိုးတိုတိုနှင့် အကျင်္ ီမပါသော
လူတစ်ယောက်သည် တစ်တောင်ခန့်တုတ်တိုကလေးကို ခါးတွင်ထိုး၍ ဖရဲခင်းကို ဖြတ်
ကာ ကျွန်ုပ်ဆီလာနေသည်ကို တွေ့ရလေသည်။
“မျောက်ကို လှမ်းမြင်လို့ လာတာပဲ..။”
“ဪ..ဟုတ်ကဲ့..ကျွန်တော့်အိမ်ရှေ့လာတာနဲ့ ထွက်လိုက်တော့ ဟော..ဟို
သရက်ပင်ပေါ် တက်ပြေးသွားတာပဲဗျ..။”
“အင်း..မျောက်ကတော့ ကျုပ်ကြည့်ပေးနေရတဲ့ ကျုပ်မျောက်ပဲ ဆိုပါစို့ဗျာ..။
ဒင်းလွတ်သွားပြီးကတည်းက နေ့စဉ်လိုက်ရှာနေရတာပဲ..။ လူတွေလည်း ထိခိုက်
လှပြီ။ ရိုက်သတ်မှ အေးမှာပဲ..။”
ထိုလူသည် မျောက်ကို ချော့ခေါ်၏။ မရ။ ချောက်ခေါ်၏။ မဆင်း။ မျောက်သည်
သခင်လုပ်သူအား သင်္ကာမကင်းကြည့်၍သာ နေ၏။ သခင်လုပ်သူလည်း စိတ်မ
ရှည်တော့ပြီ ဖြစ်ရကား ခဲဖြင့် လှမ်းပေါက်တော့သည်။ မျောက်ကား တစ်ချက်အော်
ပြီးလျှင် သစ်ပင်တစ်ပင်မှ တစ်ပင်သို့ ခုန်ကူးကာ ထွက်ပြေးပျောက်ကွယ်သွားလေ
တော့သည်။
ဆယ်ရက်ခန့်ကြာပြီးနောက် ဝန်ချတောင် ဘုရားဘက်သို့ သွားရာ မျောက်သခင်နှင့်
တွေ့သဖြင့် အကျိုးအကြောင်းမေးမြန်းမိသည်။
“ခင်ဗျား မျောက် ဘယ့်နှယ်ဖြစ်သွားသတုန်းဗျ..။”
“ပြန်ရောက်နေပြီလေ..။”
“အတော် ခက်ခက်ခဲခဲ ပြန်ဖမ်းခဲ့ရမှာပဲနော်..။”
“ဟင့်အင်း..သူ့ဘာသာ ပြန်လာတာပဲ..။”
“အင်..”
ကျွန်ုပ်လည်း ဘုရားဘက်သို့ ဆက်လက်လျှောက်လာပြီး မျောက်ရှိသော နေရာကို
မေးမြန်းစုံစမ်းလေ၏။ တံမြက်စည်းလှည်းနေသော ဘုန်းကြီးတစ်ပါးက ညွှန်ပြသဖြင့်
မျောက်ရှိရာ လှောင်အိမ်ကို တွေ့ရလေသည်။ လှောင်အိမ်တံခါးမှာ သံစို့ဖြင့်သာ ထိုး
ပိတ်ထားသဖြင့် မျောက်သည် အလွယ်ပင် သံစို့ကိုဆွဲထုတ်ကာ ထွက်နိုင်ခဲ့လိမ့်မည်။
“အရှင်ဘုရား..လှောင်အိမ်ကို ဒီထက်လုံခြုံအောင် လုပ်သင့်တယ် ထင်ပါ့..။”
“အိမ်း…သင်း လှောင်အိမ်ထဲက ထွက်ပြေးပြီး အပြင်ကျတော့ အစာမရှာတတ်ဘူး
ထင်ပါ့ကွယ်..။ တစ်ရက်ကျတော့ အဲဒီလို လှောင်အိမ်ထဲပြန်ရောက်ပြီး ထိုင်နေတာ
တွေ့ရတာပဲ။ အတော် မွတ် လာခဲ့ဟန်တူပါရဲ့ကွယ်..။”
မျောက်သည် ကျွန်ုပ်ကိုကျောပေးကာ ခပ်မှိုင်မှိုင် ထိုင်နေလေသတည်း။
27 comments
ဇီဇီခင်ဇော်
June 26, 2015 at 5:38 pm
၁ဝ သိန်း ဖြတ် မှ လွှတ်တော်ထဲ ပြန်မလာတော့မှာ…
:mrgreenn:
နာ မြင်ချင်တာ မြင်တာပဲ
မောင်ဘလိူင်
June 26, 2015 at 5:46 pm
အင်..ကျွန်တော့် ကိုယ်တွေ့ အဖြစ်အပျက်ပါ အစ်မရဲ့။ ဟီး.. 😀
ကိုပေါက်(မန္တလေး)
June 26, 2015 at 9:41 pm
ကိုဘလှိုင်ရေ လွှတ်ပေးလိုက်လဲ မလွတ်ဘဲ ပြန်ဝင်လာတဲ့ ဘဝ တွေအများကြီးရှိပါရဲ့
မောင်ဘလိူင်
June 26, 2015 at 10:35 pm
ဟုတ်ကဲ့ လေးပေါက်ရေ..ကျွန်တော့်ဘဝမှာ ကြုံခဲ့ရတဲ့ နည်းနည်းထူးခြားတဲ့ အဖြစ်ကလေး ပြန်သတိရမိလို့ ။
ဝင့်ပြုံးမြင့်
June 26, 2015 at 11:25 pm
.ဖတ်ကောင်းလိုက်တာ ချောနေတာပဲ
မောင်ဘလိူင်
June 27, 2015 at 12:46 pm
ကျေးဇူးပါ အန်တီပြုံး။
မြစပဲရိုး
June 27, 2015 at 4:17 am
မင်းကြီးတောင် ဆိုတာ ပြည်မြို့ နားက မဟုတ်လား။
အဲဒီမှာ တာဝါတိုင် အမြင့်ကြီးရှိတယ် ထင်ရဲ့။
တကယ်ရောက်ဖူးတယ်လား။
. လှောင်ချိုင့် ကို မခွဲနိုင်တာက မျောက်တင်မဟုတ်။
စာကလေး (မြစာကလေး နဲ့ မဆိုင်) တွေလဲ ဒီလိုဘဲ။
ဝယ်ပြီး လွှတ်လိုက်လဲ ပြန်လာကြတာ တွေ့ဖူးတယ်။
မောင်ဘလိူင်
June 27, 2015 at 12:59 pm
ဟုတ်ကဲ့…အရီး..အဲဒီ ဘိုတဲအိမ်ကို ရွာထဲက အန်တီဝေလားမသိ။ ပြည်ရောက်တုန်းက
ဓာတ်ပုံရိုက်ပြီး တင်ထားတာ ရှိတယ်။ ဗီဇစွမ်းရည်ဆိုတာ ပတ်ဝန်းကျင်ကျောင့် လည်း
ငုပ်လျှိုးနေနိုင်တယ်လေ။ ဇင် ပုံပြင်တစ်ခုထဲကလို ကျားဟာ သိုးတွေကြားထဲကြီးလာ
တော့ သူ့ကိုယ်သူ သိုးပဲထင်နေတယ်။ ကျားအိုကြီးတစ်ကောင်က အလင်းပြမှ သူ့ကိုယ်
သူကျားမှန်းသိသွားတယ်လေ။ ကျွန်တော်တွေ့ရတဲ့ မျောက်ကတော့ အစာရှာမရတာလား၊
မရှာတတ်တာလား၊အစားအစာ ခွဲခြား သိတတ်တဲ့ အတွေ့အကြုံ မရှိတာလား၊ ဘာလား..
မပြောတတ်ပါဘူး။ ဗီဇ နဲ့ ပတ်ဝန်းကျင် က သတ္တဝါတွေကို ထိန်းကြောင်းထားတယ်။ ဆင့်ကဲ
ဖြစ်စဉ်မှာ အဲဒါနှစ်ခု အဓိကပဲလို့ ကျွန်တော်ထင်မိတယ်။
Ma Ma
June 27, 2015 at 2:35 pm
တွေးချင်တဲ့ဘက်ကို တွေးနိုင်အောင် လမ်းကြောင်းပေးလိုက်သလိုပဲ။ 🙄
မျက်စိထဲမှာတော့…..
ဖြူရော်ရော် ပိန်ညှောင်ညှောင်လူငယ်တစ်ယောက် လက်နက်မျိုးစုံကိုင်စွဲပြီး ကိုယ်ခန္ဓာက အားသွန်ခွန်စိုက် မျောက်ဖမ်းဖို့လုပ်ပြီး စိတ်ထဲမှာတော့ ဇဝေဇဝါဖြစ်နေပုံကို မြင်မိသွားတယ်။ :k:
မောင်ဘလိူင်
July 1, 2015 at 1:49 pm
ဟုတ်ကဲ့..အန်တီမမ..ကျွန်တော့်အနေအထားကတော့ ကိုယ်ရေးကိုယ်သွေး အရောရောအထွေးထွေး
ဖြစ်နေတဲ့ ပုံစံပါပဲ။ နောက်ထပ် ပြောစရာ ဇာတ်လမ်းတွေ ရှိပါသေး ခင်ဗျာ။
Courage
June 28, 2015 at 4:27 am
အော် ် ် ် မျောက်လိုကောင်တောင် ပြင်ပဒုက္ခတွေမခံနိုင် အနေချောင် အစားချောင်တဲ့ လှောင်အိမ်ကိုပဲ စွဲလန်းနေမှတော့ အင်း… … …
ဘာပဲဖြစ်ဖြစ် ဒီမျောက်က အန္တရာယ်ပေးနိုင်တယ်ဆိုတာကတော့ သေချာနေပြီပဲလေ။ ကိစ္စတုံးပစ်တာပဲ အေးမယ်ထင်ပါ့။
ကိုယ်တွေ့ဖြစ်ရပ်လေးကို ဝေမျှပေးလို့ ကျေးဇူးပါ ဦးဘလှိုင်။
မောင်ဘလိူင်
July 1, 2015 at 1:50 pm
ကျေးဇူးပါ Courage ရေ။
ဦးကျောက်ခဲ
June 30, 2015 at 9:00 am
မျောက်သားစားချင်ရင် မျောက်မျက်နှာမကြည့်ရတဲ့…
လူနဲ့အနေနီးရင် သူတို့အမူအကျင့်တွေ ပြောင်းသွားတယ်ဗျ…
ရုရှား ဆိုက်ဘေးရီးရား ကျား ၂-ကောင်ကို အနှောင်အဖွဲ့ကလွှတ်ပြီး…
သဘာဝအတိုင်းထားတာ အစာရှာမစားတတ်လို့ အချိန်တန်ရင်…
လှောင်အိမ်ဘက်ကိုပဲ တဝဲဝဲလည်လာတာ ဖတ်ဖူးတယ်…
အခုလည်းဒီလိုပဲ နဝတ/နအဖခေတ်ကို ပြန်တောင်းတနေတဲ့သူတွေ တွေ့ဖူးတယ်…
မောင်ဘလိူင်
July 1, 2015 at 1:54 pm
မျောက်သားတော့ မစာဖူးဘူး၊ မစားလည်း မစားချင်ပါဘူး ဦးကျောက်ရေ..။
သမိုင်းတလျှောက် ဗမာပြည်မှာ အကောင်းဆုံးကာလက ဘယ်အချိန်လဲ
မသိဘူး။ သာလွန်မင်းကြီးလက်ထက်များလား မသိ။
=D
Alinsett @ Maung Thura
June 30, 2015 at 9:17 am
နိမိတ်ပုံလေး လှချက်
မောင်ဘလိူင်
July 1, 2015 at 1:59 pm
ဟားဟား..အလင်းဆက်ကတော့ လုပ်ပြီ..။ ဒီလိုပဲ ပြန်စဉ်းစားပြီး ရေးလိုက်တာပါ။
နိမိတ်ပုံတွေ ဘာတွေ မတွေးမိပါဘူး။
အောင် မိုးသူ
June 30, 2015 at 1:04 pm
ရေးတတ်ချက်
မောင်ဘလိူင်
July 1, 2015 at 2:03 pm
ကျေးဇူးပါ အောင်မိုးသူရေ။ သရုပ်ဖော် ရေးသားချက်မှာ အောင်မိုးသူရဲ့
လက်ရာက တကယ့်တန်းဝင် လက်ရာပါ။ မြှောက်ပြောတယ် မထင်ပါနဲ့။
စာများများ ဖတ်ဖူးတော့ ရေးသူရဲ့ အရည်အချင်းကို အနီးကပ်ဆုံး ခန့်မှန်း
နိုင်ပါတယ်ဗျာ။
Mike
June 30, 2015 at 3:51 pm
.ငယ်ငယ်လေးထဲက လှောင်အိမ်နဲ့မွေးပြီးကျွေးထားတော့ သဘာဝအတိုင်းမနေတတ်တော့တာပေါ့
.မင်းကြီးတောင်ပေါ်တော့ရောက်ခဲ့ဖူးသဗျ
.
မောင်ဘလိူင်
July 1, 2015 at 2:05 pm
ဟုတ်တယ် ဦးမိုက်ရေ..။ အဲဒီအိမ်ကြီး ကို အန်တီဝေ ထင်တယ် ..ရိုက်ထားတဲ့ပုံတွေ
ဒီမှာ တင်ဖူးတယ်ဗျ။ ကျွန်တော် ရှာတာ မတွေ့တော့ဘူး။
kai
July 2, 2015 at 10:13 am
ကာတွန်းတောင်ရေးဖို့ကောင်းတယ်…။
တဝဲလည်လည်… ကိုယ့်ကိုယ်ကိုယ်… ထောင်ချတဲ့ဇတ်လမ်း…။
အိမ်ထောင်ကျတာနဲ့.. ခပ်ဆင်ဆင်….
“ကိုယ်ထောင်ကျ”တယ်ပေါ့…။
မောင်ဘလိူင်
July 2, 2015 at 1:19 pm
ဟုတ်ကဲ့ သဂျီး ဆွဲပြရင် ကောင်းမှာပဲ။
😀
မောင်ဘလိူင်
July 3, 2015 at 11:24 pm
ဒီပိုစ့် မှာ အန်တီဝေရဲ့ ပို့စ်ဟောင်းနှစ်ခုနဲ့တွဲပြီး ဖတ်ရင် ပိုကောင်းပါမယ်။ ဘိုတဲဟောင်းကြီးလဲ ပါသပေါ့လေ။
http://myanmargazette.net/122591
http://myanmargazette.net/122226
အစ်မခိုင်ဇာ ရဲ့ စာရေးသူတွေရဲ့ ပို့စ်တွေပြန်ရှာနိုင်တဲ့ လင့်တွေကြောင့် ရှာတွေ့တာပါ။
မြစပဲရိုး
July 4, 2015 at 4:39 am
အဲဒီ အိမ်ကြီး ကို မှတ်မိပြီ မောင်ဘလှိုင် ရေ့။
တစ်ခြား ဇာတ်လမ်း လေးများရော ထပ်မရှိတော့ဘူးလား။
အရီး ရဲ့ အဖွား တွေ ရဲ့ ပါးစပ် ရာဇဝင် ပုံပြင် တွေထဲမတော့ အဲဒီ တစ်ဝိုက် ဥစ္စာစောင့်မလေး တွေ အတော်ပေါ ဆိုဘဲ။ :-))
မောင်ဘလိူင်
July 4, 2015 at 12:46 pm
ရှိသေးတယ် အရီး..သို့သော် ရေးရမှာ နည်းနည်းခက်နေတယ်။ ကာယကံရှင်များလည်း
ငုတ်တုတ် ရှိနေသေးသကိုး ခင်ဗျ။ လှီးလွှဲပြီး ရေးမှပါပဲ။ အဲဒီအချိန်တုန်းက ကျွန်တော်က
ဒေသကွပ်ကဲရေး (ဒကစ) မှာ နေတာ။ (မင်းကြီးတောင်ပေါ်က လူနေအိမ်တွေကို လျော်ကြေး
နည်းနည်းပါးပါးလောက်ပေးပြီး အကုန်သိမ်းထားတာပေါ့။) တစ္ဆေသူရဲလို့ ဘာညာ အတပ်စွဲလို့ မရပေမဲ့ ထူးခြားတဲ့ အကြောင်းတွေကို ကျွန်တော် ကြုံတွေ့ခဲ့ရပါတယ်။
ဇီဇီခင်ဇော်
July 4, 2015 at 7:45 am
အာ့ဆို…
နာ့ ကို ရေခဲမုန့် ကြော် ဝယ်ကျွေးးးးး
:k:
မောင်ဘလိူင်
July 4, 2015 at 12:48 pm
ရပါတယ် ကျွေးမှာပေါ့ ခင်ဗျာ။ ရန်ကုန်ရောက်ရင် သာ ခေါင်းလောင်းတီးလိုက်ပါ။
:k: