ညမင်းသားနှင့် အန္တရာယ်စက်ကွင်း
အဲဒီညဟာ ညရယ်လို့ စတင်ချိန်ကတည်းက မသင်္ကာစရာ အငွေ့အသက်တွေ ခံစားလို့ ရနေတဲ့ညပဲ။
မကောင်းတာ တစ်ခုခု ဖြစ်လာလိမ့်မယ်ဆိုတဲ့ မလုံခြုံသောစိတ်ခံစားမှုကို တငွေ့ငွေ့ ပေးနေတဲ့ည များလားလို့။
တစ်ခါတစ်ခါမှာ ကိုယ် ထင်တာတွေ ဖြစ်မလာဘူးဆိုပေမဲ့ တစ်ခါတစ်ခါကျတော့ ကိုယ် ထင်မထားတာတွေက မထင်မှတ်တဲ့ထောင့်ကနေ ဘွားခနဲ ရောက်လာတတ်တယ်မဟုတ်လား။
ဘာပဲဖြစ်ဖြစ် ညတစ်ညဟာ မင်္သာစရာ ညှီစို့စို့အငွေ့အသက်တွေ ရှိနေပြီလို့ တွေးမိလိုက်ချိန်မှာ ကိုယ့်ဘက်က သတိမလွတ်အောင် အမှားမရှိအောင် ကြို တွေး ပြင်ဆင်ရမှာပဲ။
အဲ့လိုနဲ့ ကျနော့်ကားကို တားတဲ့သူတွေကို အကဲခတ်ရတယ်။
သွားမယ့် လမ်းကြောင်းဟာ ရွှေပြည်သာ၊လှိုင်သာယာ ဒါမှမဟုတ် တောင်ဒဂုံ ၊မြောက်ဒဂုံ စတဲ့ နေရာတွေဘက်ဆိုရင် လူလည်းပြတ် နာမည်ဆိုးလည်း ထွက်နေတာမို့ မလိုက်ဖို့ တွေးထားတယ်။
ဒါပေမဲ့ ချွင်းချက်အနေနဲ့ အဲ့ဒီနေရာတွေဆီ သွားဖို့ တားတဲ့သူဟာ မကောင်းတာတစ်ခုခု လုပ်လိမ့်မယ်လို့ ယူဆစရာ မလိုတဲ့ ဥပဓိမျိုး အနေအထားမျိုးဆိုရင်တော့ မီးစင်ကြည့်က ရမှာပေါ့။
ဥပမာ ခပ်နွမ်းနွမ်း ခပ်စုတ်စုတ် ယောက်ျားတစ်ယောက် သို့မဟုတ် နှစ်ယောက်က သွားဖို့ ငှားတာမျိုးဆို မလိုက်သင့်ဘူး။
ဥပမာ လူရည်သန့် /
မဟုတ်တာ မလုပ်လောက်တဲ့ပုံနဲ့ လူကြီးလူကောင်းပုံစံတို့. . .
သာမန် ရိုးသားတဲ့ တောသူတောင်သားပုံစံ အဒေါ်ကြီးတို့ ဦးလေးကြီးတို့ဆိုရင်တော့ အခြေအနေကြည့်ပြီး လိုက်ပေါ့။ ပိုက်ဆံရဖို့လည်း လိုသေးတယ်။
နာမည်ဆိုးထွက်ထားတဲ့ မြို့နယ်တွေထဲ မလွှဲသာလို့ လိုက်မိရင်တော့ တတ်နိုင်သမျှ လူမပြတ်တဲ့ လမ်းကသာ ရွေးပြီးသွားပေါ့။
ဒါ့အပြင် ကြိုတွေးထားတာအပြင် ကြို လုပ်ထားရမှာက ရပြီးသား ငွေတွေကို အယောင်ပြအနေနဲ့ နည်းနည်းပါးပါးပဲ ကိုယ်မှာ ဆောင်ထား။ ကျန်တာကို ကားအတွင်းပိုင်းထဲက လုံခြုံတဲ့ နေရာတစ်ခုခုမှာ ဝှက်ထား။
ကားပြင်ရင်သုံးတဲ့ သံဂေါက်တစ်ခု ကိုယ့်ဘေးတံခါးကြားမှာ အသာ ထည့်ထား။
ကြိုတင်ပြင်ဆင်ထားတာတွေ ပြင်ဆင်ပြီး သတိကပ်လိုက်တော့ နည်းနည်း လုံခြုံသွားသလိုပဲ။
ရွတ်နေကျ အန္တရာယ်ကင်း ဂါထာ(မြတ်စွာဘုရားရှင်ရဲ့ အောင်ခြင်းရှစ်ပါးကို ဂုဏ်ပြုပြီး သစ္စာဆို တိုင်တည်ထားတဲ့ အစောင့်အရှောက်ဖြစ်စေသော ဂါထာ)ကို ရွတ်ဖတ်ရင်း . . .
ဒီလိုနဲ့. . . .
. . . .
မကောင်းမှုတွေဟာ နာမည်ဆိုးထွက်နေတဲ့ မြို့အစွန်အဖျားဆီက လူသူပြတ်ရာတွေဆီမှာသာ ဖြစ်နေခြင်းမဟုတ်. . .
မြို့တွင်းက လမ်းတွေပေါ်မှာလည်း ဖြစ်ပျက်သွားတတ်ကြောင်း သိလိုက်ရတယ်. . .ဆိုပါတော့. . .
ကျနော်တို့ ရန်ကုန်မြို့ကြီးရဲ့ နေရာမရွေးတဲ့ မလုံခြုံမှုအကြောင်းကို ဆက်ပြောပြပါဦးမယ်. . .
—————
အင်းးးးးးးပေါ့ဗျာာာာ
အဲပေါ့ဗျာာာာာ
မြို့ထဲမှ တကယ့် မြို့ထဲပါဗျာာာာာ သိမ်ဖြူလမ်းပေါ်ကနေ အနော်ရထာလမ်းပေါ် ချိုးကွေ့ချလိုက်တာာာာရယ်ဗျာာာာာ
သိမ်ဖြူလမ်းနဲ့ ဗိုလ်အောင်ကျော်လမ်း ကြား/အနော်ရထာလမ်းပေါ် ဆိုပါတော့. . . .
ကိုင်းးး
ဘယ်လောက် မြို့လည်ခေါင်နေရာ ဖြစ်လိုက်သလဲ။
ကျနော့် ဘယ်ဘက်အခြမ်းမှာ သမိုင်းဝင် ဝင်ကြီးများရုံး အဆောက်အဦးပျက်ကြီးက ထီးထီးမားမားကြီးးးးးး ရှိနေပါ့။
အဲ့ဒီ နေရာမှာပဲ ယောကျာ်းသုံးယောက်က ကျနော့်ကားကို လှမ်းတားတာ။
သူတို့ တားလိုက်တာကို တွေ့လို့ ရပ်ပေးရုံပဲ ရှိသေး။ သုံးယောက်ထဲက တစ်ယောက်က..
”ဖိုးစိန်လမ်းနားက KTV ကို သွားမလို့” တဲ့။
ဖိုးစိန်လမ်းနားမှာ ကေတီဗီ တစ်ခုပဲ တွေ့မိတယ်။ K9 ဆိုလား။
အဲ့ဒါက ဖိုးစိန်လမ်းတော့ မဟုတ်ဘူး။ ကန်တော်ကြီး ပတ်လမ်းဘေးတင်တော့ ဟုတ်တယ်။
”K9”လား လို့ ပြန်မေးတော့ သူတို့သုံးယောက်ထဲ တစ်ယောက်က မဟုတ်ဘူးတဲ့။ နာမည်တစ်ခုသူပြောတယ်။ မပီမသနဲ့။ သူပြောတဲ့နာမည်နဲ့ အဲ့ဒီဖိုးစိန်လမ်းနားမှာ မမြင်မိဘူး။
ဒါပေမယ့် ဘာမှ ဆက်မပြောရသေးခင်မှာပဲ
”အဲ့နားရောက်ရင် လမ်းပြမယ်”ဆိုပြီး ကားတံခါးကိုဆက်ခနဲဖွင့်ပြီး သုံးယောက်သား စွေ့ခနဲဝင်ထိုင်ပစ်လိုက်တာ။
မြန်လိုက်တာာာာ။ ဘယ်လောက်ပေးရမယ်တို့ဘာတို့တောင် သေချာ မပြောရသေးပဲနဲ့။
ကားပေါ်ရောက်တော့မှ ကျနော်က ပြောရတယ်။ အဲ့နားကို ၂၅၀ဝ ပေးရမယ်လို့။ ပုံမှန်က ၂၀၀ဝ လောက်ပါပဲ။ ဒါမယ့် သူတို့ ၅၀ဝ လောက် ဈေးဆစ်မယ်ထင်လို့ ၅၀ဝ ပို ပြောထားတာ။
အံ့ဩစရာပဲ။ ၂၅၀ဝ လို့ ကျနော်ပြောတာကို ကျနော့်လက်ထဲ တစ်ထောင်တန် ၃ ရွက် ထိုးထည့်လာတယ်။
”၅၀ဝ ပိုပေးမယ်။ ကျနော်တို့ သွားချင်တဲ့နေရာသာ ရောက်အောင် မောင်းပို့ပေး”တဲ့။
အင်းးးး
တစ်ခုခုတော့ စ မှားပြီ။
သာမန်အခြေအနေမှာ ခရီးသည်က ကားသမားတောင်းတဲ့ဈေးကို ဆစ်ကိုဆစ်ပါတယ်။
အခုဟာက
၁)မဆစ်တဲ့အပြင် ပိုပေးတယ်။
၂)သူတို့သွားမယ့်နေရာက မတိကျမရေရာ
၃)သူတို့သုံးယောက်( ကားပေါ်မှာ အရှေ့မှာထိုင်တဲ့တစ်ယောက်နဲ့ အနောက်မှာထိုင်တဲ့နှစ်ယောက် )က မျက်လုံးချင်း စကားပြောနေသလားပဲ။
၄)သူတို့ ပုံစံတွေက ကြောင်စီစီနဲ့ သာမန်စိတ်အခြေအနေ ပုံစံတွေ မဟုတ်ဘူး။
၅)သူတို့ဟာ ငွေကြေးချမ်းသာတဲ့ပုံစံလည်းမပေါက်တဲ့အပြင် မဟုတ်တာတစ်ခုခု လုပ်နိုင်ချေရှိတဲ့ စရိုက်ပုံတောင် ပေါက်နေတယ်။
ကျနော့်လက်ထဲက ပိုက်ဆံ ၃ ထောင်ကို ကိုင်ရင်းတွေးမိတယ်။
ကျနော့်နှယ် ကားတံခါးကို lock ချထားသင့်တာာာာ။ သူတို့ စွေ့ခနဲ့ ဖွင့် ဝင်ထိုင်လို့ မရအောင်. . .ကျနော် ဖွင့်ပေးမှ ရအောင် အစကတည်းက ကြိုတွေးထားရမှာာာ။
အင်းလေ။
အခု ကျနော့်ကို အန္တရာယ်ပေးနိုင်ချေရှိတဲ့ လူသုံးယောက်ကို ကားပေါ် တင်လာမိပြီ။ သူတို့ကို စကားရော ဖောရှောနဲ့ ဘယ်က ပြန်ကြတာလဲ ဘယ်မှာ အလုပ် လုပ်တာလဲ မေးတော့လည်း အင်း အဲ နဲ့ မဖြေချင်သလို ဖြေချင်သလို။တစ်ယောက်ကို တစ်ယောက် ကြည့်နေကြသေးတယ်။
မဟုတ်သေးပါဘူး။ ဒါ ကျနော့် စိုးရိမ်လွန်ကဲမှု မဟုတ်တော့ဘူး။
အခြေအနေကိုက ပုံမှန် မဟုတ်တော့တာ။
တစ်ခုခုတော့ လုပ်ရတော့မယ်။
ကျနော် ဟောဒီ အန္တရာယ်စက်ကွင်းထဲ ဝင်မသွားလောက်တဲ့ ထွက်ပေါက်တစ်ခု ရှာစမ်းးးး
ကောင်းပြီ။
ဖိုးစိန်လမ်းကို ကန်တော်ကြီးပတ်လမ်းကနေ မသွားဘူး။
ကန်တော်ကြီးပတ်လမ်းက ညဆို လူပြတ်တယ်။ လမ်းမီးတောင် ထိန်ထိန် မလင်းဘူး။ ဖိုးစိန်လမ်းထဲက ပိုပြီး လူပြတ်တယ်။ ဆိုတော့ အဲ့ဒီကို သိမ်ဖြူလမ်းပေါ်က ပတ်မောင်းလိုက်တယ်။
မင်္ဂလာဈေးနားကနေ ကန်တော်ကြီးပတ်လမ်းထဲ အစပျိုးလောက်ပဲ ဝင်ပြီး ဖိုးစိန်လမ်း အဝင်ဝ (ဟိုတယ်ကြီး အရှေ့နား)မှာပဲ
ကျနော် ကားကို ကျွီခနဲ ထိုးရပ်ပစ်လိုက်တယ်။
”ဟာာာ သွားပြီ. . . .ဆီ ကုန်သွားတာဗျ. . . .ဒုက္ခပဲဗျို့”ဆိုပြီး ရေရွတ်လိုက်တယ်။
သူတို့ ၃ ယောက်လည်း တစ်ယောက်ကိုတစ်ယောက်ကြည့်ရင်း စိတ်ပျက်သလိုပုံတွေ ဖြစ်သွားတယ်။
ကားရပ်သွားတဲ့နေရာက လူလုံးဝ မပြတ်တဲ့ရှေ့ပဲ။
”ကိုင်း အစ်ကိုတို့ သွားချင်တဲ့ ဖိုးစိန်လမ်းထိပ်တော့ရောက်ပြီဗျ။ လမ်းထဲတော့ နည်းနည်းသာ လျှောက်ဝင်ပေတော့။ ကျနော့်ကားက ဆီပြတ်သွားလို့။ ပြန်ထွက်ဖို့ မနည်းလုပ်ရအုန်းမှာ” လို့ ခပ်တင်းတင်းပြောပစ်လိုက်တယ်။
သူတို့ ၃ယောက်သား ဘာမှ မတတ်နိုင်ပဲ စိတါပျက်လက်ပျက် ဆင်းသွားကြလေရဲ့။
သူတို့ ဆင်းသွားပြီး မြင်ကွင်းက ပျောက်သွားမှ ကားစက်ကို ဝေါခနဲ ပြန်နှိုး ထွက်ခဲ့တယ်။
တကယ်တော့ ကျနော် ကားဆီကုန်တယ်ဆိုတာ မကြုံဖူးပါဘူး။
ဆီကုန်ရင် ထိုးရပ်သွားသလား ဘာလားတောင် မသိသေးဘူး။ ဆီ ကုန်တော့မယ်လို့ အချက်ပြတဲ့ သင်္ကေတအဝါရောင်လေးပဲ မြင်ဖူးတာ။
အခု ဆီကုန်ချင်ယောင်ဆောင်ပြီး ကားပေါ်မှာ ပါလာတဲ့ မသင်္ကာစရာ
လူ ၃ယောက်ကို ခါထုတ်လိုက်ရတာ နည်းနည်းတော့ လိပ်ပြာမလုံသလို ဖြစ်မိတယ်။
ဒါပေမယ့်. . . .
ကျနော့် အသက်ဝိညာဉ် လိပ်ပြာလေး အခုထိ လုံနေအောင် အဲ့လောက်တော့ အရင်းတည်ပေးရမှာပေါ့လို့ ယူဆလိုက်ပါတော့တယ်။
တစ်ခါတစ်ခါ. . . .
ဒီလောက ဒီလူဒီသူတွေထဲ ကျင်လည်ရတာ
လိပ်ပြာမလုံသလို ဖြစ်မိပေမဲ့
လိပ်ပြာ လုံပါတယ်။
==========
ချစ်ခင်လေးစားလျက်. . .
အလင်းဆက် @ Maung Thura
15 / 7 / 2015 / 08 : 49 AM
9 comments
ဇီဇီခင်ဇော်
July 20, 2015 at 9:17 am
လူ့ အသက်က တန်ဖိုး အမဲ့ဆုံး နိုင်ငံမှာ
ကိုယ့် အသက်ကို စောင့်တဲ့ ညာဏ်ကို အပြစ်ပြောစရာမရှိ။
Alinsett @ Maung Thura
July 20, 2015 at 10:42 am
ဉာဏ်နဲ့ မစောင့်ထိန်းလို့ ခွေးလိုဝက်လို သေသွားရတဲ့ မိန်းမ ယောက်ျားတွေ
ဒီနိုင်မှာ အများကြီးနော်
ဂျူးအန်တီတောင်သူ့ရဲ့ သူမင်းကို ဘယ်တော့မှ စာအုပ်ထဲ ထည့် သတိပေးထားသေးတယ်လေ
.တောရွာတွေမှာ အပျော်အပါးမက်ပြီး ညနက်သန်းခေါင် ဘုရားပွဲဈေးက ပြန်တဲ့ မိန်းကလေးတွေအကြောင်းးး
စသည်ဖြင့်. . .
ဒီနိုင်ငံမှာနေရင် မမဂျီးပြောသလို”အသက်တွေ တန်ဖိုးမဲ့နေတယ်”ဆိုတာ သတိရနေဖို့ လိုတာ
အသေအချာရေးချ အသေအချာာာ
အောင် မိုးသူ
July 20, 2015 at 9:28 am
အဲ့နားမှာတော့ ကေတီဗွီတွေ တော်တော်ရှိတယ်။ ဒညင်းဝက်လေး အဆင်ပြေပါစေ။
Alinsett @ Maung Thura
July 20, 2015 at 10:43 am
ဟုတ်ကဲ့။ အဆင်ပြေပါစေလို့ ဆုတောင်းပေးလို့ ။ ။ ။
.
.
.
.
.
.
.
” အဆင်ပြေအောင်နေပါ့မယ်”
:k:
တောင်ပေါ်သား
July 20, 2015 at 12:23 pm
3000 ပြန်ပေး 🙂
Mike
July 20, 2015 at 1:25 pm
.နီလုပ်တာမှ တကဲ့ရိုက်ပေါက်ဟ..ခရီးသည်ဒေါပွပြီးမနွာလိုက်တာကံကောင်း
ဂျက်စပဲရိုး
July 20, 2015 at 8:48 pm
အဟင့် နာတို့ ရွှေပြည်သာ ကို များ ပြောရက်ပ…. အဆက်လေးရယ်…
တစ်ခါသား ညဘက် (ရနာရီ ၈နာရီလောက်ပါ) ကမ္ဘာအေး က နေ ရွှေပြည်သာ ကားငှားပြန်တာ။
အိမ်ရှိတဲ့ လမ်းဘက် ကို ချိုးခိုင်းတော့ (လမ်းမီးလဲ မရှိတော့မှောင်နေတာပါလေ)
ကားဆရာ က အသံတုန်တုန် နဲ့ မေးရှာတယ်။
“ညီလေး မင်း ငါ့ လုမလို့တော့ မဟုတ်ပါဘူးနော်” တဲ့။
တေပါလေကရော အရပ်ကတို့ရေ 😛
ကိုပေါက်(မန္တလေး)
July 20, 2015 at 8:49 pm
ရန်ကုန်မှာက သွားရေးလာရေးက မလွယ်
မသာမာမူ့တွေ
အလကားရလိုမူ့တွေ
ရရင်ရသလို တွယ်မယ်လို့ချောင်း နေတဲ့သူတွေ
များများလာတော့
ကားငှားစီးသူမှာလဲ အန္တရာယ်ရှောင်ရသလို
ကားမောင်းသူတွေမှာလဲ ရှောင်နိုင်မှလွတ်မယ် ဆိုတော့
သတိအမြဲ မလစ် မှ ကိုယ့် လစ်မသွားမှာ နော်
မြစပဲရိုး
July 20, 2015 at 9:21 pm
စကားကြီး စကားကျယ် ပြောရရင်တော့
ဒါဟာ ဟိုနေ့က ပြောသလို အတွေ့အကြုံ က ရလာတဲ့ “confirmation bias” ဘဲ။ ဟိ။
ဒီ လူတွေ က ကေတီဗီ မှာတောင် သိန်း သောင်းချီပြီး ဖြုန်းတော့ မှာ ကိုး ကွယ်။
တစ်ထောင်လောက် ပိုပေးတာတော့ အပန်းမကြီး လောက်ပါဘူး။
ဒါက အထူးအဆန်းတော့ မဟုတ်လောက်ပါဘူး။
ဒါပေသည့် ကိုယ့်အန္တရာယ် မဖြစ်အောင် ကာကွယ်ဖို့ “precaution” က ဦးစားပေးမို့
မင်းမမှားပါဘူး။
. နောက်ဆို Lock ချဖို့ မမေ့အောင်တော့ ဂရုစိုက်ပေါ့။ :-))