ချစ်သော နေ့ရက်များ (အပိုင်း-၁)
ချစ်သော နေ့ရက်များ
အခန်း(၁)
မိန်းကလေးတစ်ယောက်ကို ချစ်မိရင် ရင်ထဲမှာ ဘယ်လိုဖြစ်သွားမလဲလို့ ကျွန်တော် အကြိမ်ကြိမ်တွေးဖူးခဲ့တယ်။ အဲ့ဒီ့အတွေးရဲ့ အဖြေကိုလဲ အခါခါ မေးကြည့်ဖူးပါရဲ့။ ဒါပေမယ့် ကျွန်တော်တစ်ခါမှ အဖြေရှာမရခဲ့ဘူး။
ရုပ်ဝတ္ထုပိုင်းကိုသာ အာရုံစိုက် အရေးပေးတတ်တဲ့လူတွေရဲ့ အချစ်ဆိုတဲ့စကားဟာ ကျွန်တော့အတွက်တော့ အပေါစားရုပ်ရှင်တစ်ခုကို ကြည့်နေရတာလောက်တောင် တန်ဖိုးမရှိခဲ့ဘူးလေ။ တစ်ကယ်တန်းသာ အပေါ်ယံ ရူပနိကယ်ကိုပဲ အချစ်ဆိုပြီး သတ်မှတ်နေကျရင် လောကမှာ ရုပ်ဆိုးသူတွေ လူပျိုကြီး အပျိုကြီးပဲဖြစ်ကုန်မှာပေါ့။ ဒါမှမဟုတ် လူတွေအားလုံးဟာ ပြုပြင်ထားတဲ့ အလှအပတွေနဲ့ပဲ ဖြစ်ကုန်ကျမှာပေါ့။
ကျွန်တော်ကတော့ အချစ်ဆိုတာကို ခံစားမှုတစ်ခုအဖြစ်ပဲ သတ်မှတ်ချင်တဲ့သူလေ။ ခံစားမှု ဝါဒီသမားလို့ဆိုချင်လဲဆို။ လူတစ်ယောက်ကို တစ်ကယ်ချစ်မိသွားတဲ့အချိန် ရင်ထဲမှာ ဘယ်လိုတွေဖြစ်သွားမလဲ… အချစ်ဆိုတာကရော ဘယ်လိုအချိန်မှာ နှလုံးသားထဲ ခိုးဝင်ကာ ဒေါင့်တစ်နေရာမှာ ပုန်းခိုနေလိမ့်မလဲလို့ အမြဲ စဉ်းစားနေသူပေါ့။
တစ်ချိန်တော့ အချစ်ဆိုတာ နီးသည်ဝေးသည် မြင့်သည်နိမ့်သည်မရှိ ဖြစ်ပေါ်နိုင်တဲ့အရာဆိုတာ ကျွန်တော်သိခဲ့ပါပြီ။ မလှဘူးထင်တဲ့ နှုတ်ခမ်းလေးတွေက တစ်ဆင့်လေ… … …။
အခန်း(၂)
ကျွန်တော်နဲ့ သူနဲ့စတွေ့ခဲ့တာ အမှတ်တမဲ့လို့ မဆိုသာပေမယ့် ထင်မှတ်မထားတဲ့ အခြေအနေမှာ စတင်ဆုံတွေ့ခဲ့တာလေ။
အဲ့ဒီ့နေ့က မိုးလဲမရွာသလို နေလဲမပူပါဘူး။ ပြောရရင်တော့ အားကစားသမာတွေအကြိုက် ရာသီဥတုမျိုးပေါ့။
“အကို… အကို။ ကျွန်မကို ဖုန်းတစ်ကောလ်လောက် ပေးဆက်လို့ရမလား မသိဘူး”
ကျွန်တော့ရဲ့ သင်တန်းရှိရာ ဆိပ်ကမ်းသာလမ်းထပ်က ကွမ်းယာဆိုင်မှာ ဆေးလိပ်ဝယ်နေနဲ့အချိန် ဘေးနားကို ကောင်မလေးတစ်ယောက်ရောက်လာပြီး ကျွန်တော့်လက်ထဲက မိုလ်ဘိုင်းဖုန်းကို လက်ညှိုးထိုးကာ ပြောလိုက်တယ်။
ကျွန်တော် တော်တော်အံ့ဩသွားတယ်။ ပွင့်ရိုက် လက်ပြတ်အင်္ကျီပွပွ၊ မိုးပြာရောင် ဂျင်းဘောင်းဘီကျပ်ကျပ်နဲ့ The King တံဆိပ်ရိုက် ဦးထုပ်ကို နောက်ပြန်ဆောင်းထားတဲ့ ကောင်မလေးတစ်ယောက် ကျွန်တော့်ဆီက ဖုန်းငှားဆက်ဖို့ ခွင့်တောင် နေတယ်ဆိုတာ သိပ်တော့မဖြစ်နိုင်တဲ့ ကိစ္စပဲလေ။ သူဖုန်းစားတောင် ဖုန်းကိုင်ချင် ကိုင်နိုင်လောက်တဲ့ ဒီခေတ်ကြီးမှာ ဒီလို ငွေကြေးလဲ ပြည့်စုံပုံရတဲ့ မိန်းကလေးက ဘာကြောင့်များ ကျွန်တော့ရဲ့ ဖုန်းကို ငှားဆက်ချင်ရတာပါလိမ့်။
“ခဏနော်။ ခဏလေးပါ။ ကျွန်မ အရမ်းအရေးကြီးနေလို့ပါ”
“ဟိတ် ဟိတ်”
သူ ကျွန်တော့လက်ထဲကဖုန်းကို အတင်းယူပြီး ဖုန်းဆက်ရန်ပြင်လိုက်သည်။ ဒါပေမယ့် ကျွန်တော်က ဖုန်းကိုလျှို့ဝက် နံပါတ်ခံထားတယ်လေ။ သူ အလွယ်တကူ ဖွင့်လို့မရမှန်းသိသွားတော့ ကျွန်တော့ကို မျက်လုံးဝိုင်းလေးနဲ့ မော့ကြည့်တယ်။
“3.0.0.4”
“ဟုတ် ကျေးဇူးပဲ”
ကျွန်တော်ပြောလိုက်တဲ့ နံပါတ်ကို ရိုက်ထည့်ပြီးတော့ ဖုန်းကို ကမန်းကတန်း သူဆက်လိုက်တယ်။ ကျွန်တော်လဲ ဒီကောင်မလေး ဘာတွေများ ဒီလောက် အလျှင်လိုနေလဲဆိုတာကို သိချင်တာနဲ့ အသာလေးကြည့်နေခဲ့တယ်လေ။
“ဟယ်လို… ဟယ်လို…။ တက်ခ်စီမောင်းတဲ့ အကိုကြီးလား။ ဟုတ်… ဟုတ်ကဲ့။ ကျွန်မက အခုအကိုပြောနေတဲ့ ဖုန်းရဲ့ပိုင်ရှင်ပါ။ ခုနက စာပေလောကကို ငှားခဲ့တဲ့တစ်ယောက်လေ။ အဲ့ဒါ ကျွန်မကျန်ခဲ့တဲ့ ဖုန်းကို ပြန်လိုချင်လို့ ဘယ်လိုများ ယူရမလဲမသိဘူး”
ဪ… သူက တက်ခ်စီပေါ်ဖုန်းကျန်ခဲ့လို့ ဒီလောက်တောင် အလျင်လိုနေတာကိုး။ ပြီးတော့ ဘာတဲ့ စာပေလောကတဲ့။ ဒီလိုကောင်မလေးမျိုးက စာပေလောကကို ဘာများလာလုပ်တာပါလိမ့်။ ကျောင်းစာအုပ်လာဝယ်တာတော့ မဖြစ်နိုင်လောက်ပါဘူး။ ဒီလိုစာအုပ်ဆိုင်တွေက အခြေခံပညာကျောင်းသားတွေနဲ့ ပတ်သတ်တဲ့ လမ်းညွှန်စာအုပ်တွေကိုသာ ရောင်းတာပါ။ သူ့အရွယ်က အနည်းဆုံး တက္ကသိုလ်တော့ ရောက်နေလောက်ပါပြီ။
“ရှင်။ ဟုတ်ကဲ့။ ဒါဆို ကျွန်မစောင့်နေပါမယ်။ မြန်မြန်လေးတော့ ရောက်အောင်လာပေးပါနော်။ ဟုတ်ကဲ့ ကျေးဇူးပါပဲ”
ကျွန်တော်လဲ သူရဲ့ အံ့ဩလိုက် ဝမ်းသာလိုက် ပြုံးလိုက် မဲ့လိုက်နဲ့ စက်ပလိမ်မျက်နှာကို အသာလေးကြည့်နေမိတယ်။
“ကျေးဇူးပဲနော် အကို”
ကျွန်တော့ဖုန်းကို သုံးလို့အားရသွားတော့မှ အားနာနေတဲ့ မျက်နှာနဲ့ ကျွန်တော့ကို ပြန်ပေးတယ်။ ကျွန်တော် သူပြန်ပေးတဲ့ဖုန်းကို ယူရင်းမှ
“ကားသမားက ဘာပြောလဲ”
“သူကလေ အခု ဗိုလ်တစ်ထောင်ဘက်ကို အော်ဒါပါသွားလို့တဲ့။ ခဏနေမှ လာပေးမယ်လို့ပြောတယ်။
ဒါနဲ့ အကိုက ညီမဖုန်းပျောက်သွားတာ ဘယ်လိုသိလဲ”
ကျွန်တော် သူ့အမေးစကားကို သဘောကျသွားလို့ ရယ်လိုက်မိတယ်။
“ခုနက မင်းနဲ့ ကားသမားနဲ့ ဖုန်းပျောက်တဲ့အကြောင်း ပြောနေတာ ကိုယ်ကြားနေရတာပဲလေ”
“ဪ… ဟုတ်သားပဲ။ မေ့လို့ မေ့လို့”
သူ့ရဲ့ သွားလေးတွေပေါ်အောင်ပင် သူရှက်ပြုံးလေးပြုံးရင်းနဲ့
“ဖုန်းဆက်ခွင့်ပေးတဲ့အတွက် ကျေးဇူးပဲနော်အကို။ သွားလိုက်ဦးမယ်”
“ဟိတ် ဟိတ်။ ချာတိတ် ခဏနေဦး”
ဆတ်ကနဲ့ လှည့်ထွက်သွားတဲ့ သူမကို ကျွန်တော်ဟန့်တားရင်း
“ကားသမားကို ဘယ်မှာသွားစောင့်ရမှာလဲ”
“Moon Bakery မှာပါ”
“မင်း ဟိုရောက်ရင် သူနဲ့ဘယ်လို အဆက်အသွယ်လုပ်မလဲ။ မင်း သူ့ကိုရော မှတ်မိလို့လား”
“ဟို… အဲ့ဒါက…”
မျက်မှောင်ကို ကျုံ့ကာ နှုတ်ခမ်းတစ်ဖက်ကို တွန့်လိုက်တဲ့ သူ့ပုံစံက စိတ်ရှုပ်သွားကြောင်းကို အတိုင်းသား ပေါ်လွင်လို့လေ။ ဒါနဲ့ ကျွန်တော်ကပဲ ဆက်ပြီး
“မင်းအတွက် အပန်းမကြီးဘူးဆိုရင် ကိုယ် ဆိုင်ကို လိုက်ခဲ့ပေးလို့ရတယ်။ ပြီးတော့ ကိုယ့်ဖုန်းနံပါတ်က အဲ့ဒီ့ဖုန်းထဲမှာ မှတ်တမ်းဝင်သွားပြီဆိုတော့ သူပြန်ဆက်မယ်ဆိုလဲ ကိုယ့်ဖုန်းကိုပဲ ပြန်ဆက်မှာလေ”
“ဟာ ဟုတ်သားပဲ။ လိုက်ခဲ့လေ ကော်ဖီတိုက်မယ်”
သူလက်ကို ဝေ့ယမ်းပြရင်း ရှေ့ကနေ ခပ်သုတ်သုတ်ထွက်သွားတယ်။ ကျွန်တော်လဲ သူ့နောက်က လိုက်သွားတယ်ဆိုပါတော့။
သူ့ကိုကြည့်ရတာ ဒီလိုမျိုး တစ်ယောက်တည်း အပြင်သွားနေကျပုံပဲ။ ဘာလို့လဲဆိုတော့ သူငယ်ချင်းတွေ ဒါမှမဟုတ် မိသားစုထဲက တစ်ယောက်ယောက်နဲ့ပဲ အပြင်ကို အထွက်များတဲ့သူတွေဆို အပြင် တစ်ယောက်တည်းသွားရင် နည်းနည်းလေး အန်းတန်းတန်းဖြစ်နေတတ်တယ်လေ။ သူကတော့ ဒီလိုမဟုတ်ဘူး။ သွက်သွက်လက်လက် ရဲရဲဝံ့ဝံ့နဲ့ပဲ လှုပ်ရှားနေတာ။ ကိုယ့်ကိုကိုယ် ယုံကြည့်မှုလဲ အတော်ရှိမယ့်ပုံပဲ။
“အကိုဘာသောက်မလဲ”
ဆိုင်ရောက်တော့ သူက ကောင်တာကို အရင်ဦးအောင်သွားပြီး ကျွန်တော့ကို မေးတယ်။
“မိုခါးအပူပဲပေးပါ”
သူ ကောင်တာမှာ မိုခါးနှစ်ခွက်ကိုမှာပြီး ပြန်ပေးတဲ့ နံပါတ်ပြားကိုယူကာ အနားမှာရှိတဲ့ ဒါန်းနဲ့စားပွဲမှာ ဝင်ထိုင်လိုက်တယ်။ ကျွန်တော်လဲ သူနဲ့ မျက်နှာချင်းဆိုင်မှာရှိတဲ့ ဒါန်းမှာ ဝင်ထိုင်လိုက်တယ်။
“ဒါနဲ့ မင်းနာမည်ဘယ်လိုခေါ်လဲ”
“အိမ်သူ ပါ”
သူ ဒါန်းကို လွှဲစီးရင်း ပြန်ဖြေတယ်။ ကလေးတစ်ယောက်လို ပေါ့ပေါ့ပါးပါး ဒါန်းကို စီးရင်းပေါ့။
“နာမည်လေးက လှသားပဲ။ ကိုယ့်နာမည်က သုတ ပါ။ ဒါနဲ့ မင်းက စာပေလောကကို ဘာသွားလုပ်မလို့လဲ”
“ရှင်”
သူ ကျွန်တော့ကို စူးစိုက်တဲ့အကြည့်ဖြင့် ကြည့်လိုက်မှ ကျွန်တော်လဲ စကားလောသွားမှန်း သတိပြုမိသွားပြီး
“ဒီလိုပါ။ ခုနက မင်း စာပေလောကကို ကားငှားလာတယ် ဆိုတာ ကြားမိလို့ပါ”
“ဪ…။ အကိုက အကုန်လိုက်ပြီး နားထောင်နေတာပဲနော်”
သူ့စကားကြောင့် ကျွန်တော် မျက်နှာနည်းနည်း ပူသွားတယ်။
“အကိုကလဲ။ စာပေလောကကို သွားပါတယ်ဆိုမှ စာအုပ်ဝယ်ဖို့ပေါ့”
စားပွဲထိုးမလေးက ကော်ဖီခွက်များကို လာချပေးနေလို့ ကျွန်တော်တို့ စကားစပျက်သွားတယ်။
သူရောကျွန်တော်ရော ကော်ဖီကို မွှေကာ ဖျော်ပြီး အနည်းငယ် သောက်ပြီးမှ
“မင်းက စာဖတ်ဝါသနာပါလို့လား”
“ပါတာပေါ့ အကိုရဲ့။ ညီမက စာဆို မျိုးစုံကိုဖတ်တယ်”
“တကယ်”
“ဘာလဲ။ အကိုက မယုံလို့လား”
သူ မျက်စောင်းလေးဝင့်ကာ ပြန်မေးတယ်လေ။
“မယုံလို့တော့ မဟုတ်ပါဘူး။ ဒါပေမယ့် နောက်ပိုင်း မင်းတို့အရွယ်တွေက စာဖတ်ဖို့ထက် ဖေ့စ်ဘုတ်သုံးဖို့ ချက်တင်ဝင်ဖို့လောက်ကိုပဲ စိတ်ဝင်စားကျတော့တာလေ။ ဒီအချိန်မှာ မင်းက စာအုပ်ကိုဝယ်ပြီး ဖတ်တယ်ဆိုတော့ နည်းနည်းထူးဆန်းလို့ပါ”
“ဒါလား။ အမှန်က ညီမပါသာ ညီမဆိုရင် အင်တာနက်က စာအုပ်တွေကို ဒေါင်းလော့လုပ်ပြီး ဖတ်နေကြပါ။ အခုဟာက အမေက ဖတ်ချင်တယ်ဆိုလို့ လာဝယ်ပေးတာ”
“ဒီလိုလား”
“ဒီလို။ ဒီလို”
ကျွန်တော်တို့ နှစ်ယောက် ကော်ဖီကို အရသာခံသောက်ရင်း စကားသံတွေကို ခေတ္တအနားပေးထားလိုက်တယ်။
တစ်ခါတစ်လေမှာ ကော်ဖီဆိုတာက စကားဝိုင်းတွေအတွက် အာခြောက်ပြေဖို့ အကောင်းဆုံး သောက်စရာတစ်မျိုးဖြစ်ပေမယ့် တစ်ခါတစ်လေကျတော့ အရသာခံသောက်မှ ကောင်းတဲ့အမျိုးလေ။ ပြီးတော့ အခုကျွန်တော်တို့ သောက်နေတဲ့ ကဖေးမိုခါး(caffè mocha)ဆိုတာက တစ်ကယ့်ကို အရသာခံပြီး သောက်သင့်ခဲ့အရာလေ။ ဘာလို့လဲဆိုတော့ ဒီမိုခါးက နို့ပူပူထဲကို ခပ်ပြင်းပြင်းကော်ဖီမှုန့်ရောပြီး ဖျော်ထားတာဆိုတော့ စိမ့်တဲ့အရသာရယ် ခါးတဲ့အရသာရယ်က အတူတကွ ပေါင်းစည်းထားသလိုဖြစ်နေတယ်။ ပြီးတော့ ချောကလက်အရသာ ပါးပါးလေးကလဲ အရသာတစ်မျိုးကို ပေးနေပြန်တယ်။ ဒါတင် မကသေးဘူး သူ့ကိုသောက်ဖို့အတွက် နို့အလွှာ၊ ကော်ဖီအလွှာနဲ့ ခရင်အလွှာကို သမအောင် မွှေလိုက်တဲ့အချိန်မှာဖြစ်သွားတဲ့ အရောင်လေးက အံ့မခန်းတဲ့ အနုပညာ တစ်ခုလို့တောင် ဆိုလို့ရနိုင်ရဲ့။
“အကိုက မိုခါးပဲ အမြဲသောက်တာလား”
နှုတ်ခမ်းမှာပေနေတဲ့ ခရင်များကို သုတ်ရင်မှ သူမေးတယ်။
“အမြဲသောက်တာမဟုတ်ဘူး။ ဒါပဲသောက်တတ်တာလို့တောင် ပြောလို့ရတယ်”
“တစ်ကယ်။ ညီမလဲ ကပ်ပုချီနိုကို(cappuccino)ကို ပုံလှလှလေး ဖေါ်တတ်တဲ့ဆိုင်ကလွဲလို့ မိုခါးကိုပဲ သောက်တာများတယ်။ အကိုလဲ မိုခါးကို အပူပဲသောက်တာနော်။ ဘာဖြစ်လို့လဲ”
“အင်း… ဒါက သိပ်တော့ မထူးဆန်းပါဘူး။ ကော်ဖီဆိုတာကိုက အပူသောက်ရတဲ့အရာလေ။ ပြီးတော့ အအေးသောက်မယ်ဆိုပါတော့။ ဒီကော်ဖီထဲကို ရေခဲထည့်ရမယ်။ သောက်နေရင်း အချိန်ကြာလာတာနဲ့အမျှ ရေခဲတွေက အရည်ပျော်သွားတဲ့အခါ ကော်ဖီရဲ့အရသာက ပေါ့ပျက်ပျက်နိုင်သွားမယ်လေ။ ဒါကြောင့်မို့ အပူကို သောက်ဖြစ်တာပါ”
“အကိုပြောတာလဲ ဟုတ်တော့ ဟုတ်သားပဲ”
သူကျေကျေနပ်နပ်ပဲ ပြုံးပြန်ပြီ။
ဒီကောင်မလေးရဲ့ နှုတ်ခမ်းက လှတယ်လို့ ပြောလိုမရတဲ့အပြင်ကိုမှ ပိရိသေသပ်ခြင်းလဲမရှိ၊ ပုံပေါ်လွင်တယ်ဆိုတဲ့ အသွင်လဲ မရှိပေမယ့် သူပြုံးလိုက်တဲ့ အခါတိုင်း ဆန့်တန်းသွားတဲ့ နှုတ်ခမ်းတွေမှာ ဆွဲဆောင်မှုရှိနေတာတော့ အသေအချာ။
“ဟိုလေ။ ညီမ နည်းနည်း စပ်စုရဦးမယ်”
စကားပြောကြည့်မှ သူက ပေါင်းသင်းဆက်စံရေးမှာလဲ ခေသူမဟုတ်ဘူးဆိုတာကို ကျွန်တော် သတိပြုမိလာတယ်။ အခုချိန်ထိ ကျွန်တော်ဘက်က နာမည်မေးခဲ့ရုံကလွဲပြီး စကားတစ်ခွန်းမှ စမပြောရသေးဘူး။ သူပဲ ကျွန်တော်တို့ရဲ့ စကားဝိုင်းကို ထင်သလို ချယ်လှယ်နေတာ မဟုတ်လား။
“ပြောပါဦး။ ဘာများ စပ်စုချင်လို့လဲ”
“အကိုက ဒီကို ဘာလာလုပ်တာလဲလို့”
“မင်းနဲ့ လိုက်လာတာလေ”
“ဟာ… အဲ့ဒါပြောတာမဟုတ်ဘူး။ ညီမနဲ့တွေ့တုန်းကနေရာကို ဘာလာလုပ်တာလဲလို့မေးတာ”
ကျွန်တော် သိရဲ့နဲ့ သူ့ကိုစချင်လို့ ပြန်ဖြေလိုက်တဲ့ အဖြေကို သူမကျေမနပ်ဖြစ်သွားပြီး နှုတ်ခမ်းကို ရွဲ့ကာ ပြန်မေးတယ်။
“ကိုယ်က ဆိပ်ကမ်းသာ လမ်းထဲက သင်တန်းတစ်ခုမှာ စာသင်တယ်လေ။ မင်းနဲ့တွေ့တဲ့အချိန်က သင်တန်းပြီးလို့ ပြန်ခါနီး ဆေးလိပ်ဝယ်နေတာ”
“ဒါဆို အကိုက ဆရာပေါ့”
“အင်း”
“ဘာဆရာလဲ။ ဆယ်တန်းတွေကို သင်တာလား၊ ရှစ်တန်း ကိုးတန်းကို သင်တာလား။ ဘာသာရပ်ပြဆရာလား၊ ဒါမှမဟုတ် စာကျက်အကူဆရာလား”
သူ့ရဲ့ စေ့စပ်တဲ့ အမေးကို ကျွန်တော် သဘောကျသွားတယ်။
“တစ်ခုမှ မဟုတ်ဘူး။ ကိုယ်က UKကဖွင့်တဲ့ သင်တန်းကျောင်းတစ်ခုမှာ သင်တဲ့ဆရာ”
“ဒီလိုလား…”
သူ စကားပြောနေရင်းမှ နာရီကိုကြည့်ရင်း
“နာရီဝက်တောင် ကျော်နေပြီ။ ဟိုလူ အခုထိလဲ မလာသေးဘူး”
ဟုတ်သည်။ သွားရင်းလာရင်း ပြောရင်းဆိုရင်နဲ့ပဲ အချိန်တွေက အကုန်မြန်နေခဲ့သည်ပဲ။
“အကို။ ညီမကို ဖုန်းတစ်ကောလ်လောက် ပေးဆက်ပါဦး”
“အင်း ဆက်လေ”
သူ ကျွန်တော့်ဖုန်းကို လှမ်းယူလိုက်သည်။ ဒီတစ်ခါတော့ ဖုန်းရဲ့ လျှို့ဝှက်နံပါတ်ကို ကျွန်တော် ပြောပြစရာမလိုတော့။ သူ့ပါသူပဲ ရိုက်ထည့်လိုက်တယ်။ ဒီကောင်မလေး မှတ်ဉာဏ်လဲ တော်တော်ကောင်းတာပဲ။
“ရှင်။ ရှင်က ကျွန်မတို့ကိုကျ စောင့်ဆိုင်းထားပြီးတော့ ရှင်က ဒီလို အော်ဒါတွေ လိုက်နေမယ်ဆိုရင် ကျွန်မတို့က ဘယ်အချိန်ထိ စောင့်နေရမှာလဲ။
… … …
ဟုတ်ပြီ ဟုတ်ပြီ။ ကျွန်မက လိုချင်တဲ့လူပဲ စောင့်နေရတော့မှာပေါ့”
သူ စိတ်ရှုပ်စွာနဲ့ ဖုန်းခလုပ်ကို ပိတ်ပြီး
“ကားသမားက မလာသေးဘူးတဲ့လား”
“မလာသေးဘူးတဲ့အကိုရယ်။ လမ်းမှာရတဲ့ အော်ဒါတစ်ခုကို ထပ်လိုက်သွားတယ်တဲ့”
“ဒါဆိုရင် ဒီကားသမားတော့ သိပ်မဟုတ်ချင်တော့ဘူး။ မင်း ဟန်းဆက်က ဘာဟန်းဆက်လဲ”
သူကိုင်ထားတဲ့ဖုန်းက Note Edge တဲ့လား။ ကျွန်တော် မှန်းထားတာ မမှားပါဘူး။ သူက သုံးနိုင်စွဲနိုင်တဲ့ အထဲကပါ။
“ဒါဆိုရင်တော့ ဒီလူ တမင်သက်သက် ငွေလိုချင်လို့ ညစ်နေတာဖြစ်မယ်။ မင်းဖုန်းက ရိုးရိုးဖုန်းမဟုတ်ဘူးလေ နောက်ဆုံးပေါ်ဖုန်းဆိုတော့ ဒီဖုန်းကို ကိုင်ထားတဲ့ လူကလဲ ခေသူမဟုတ်ကြောင်း သူ သဘောပေါက်ပါလိမ့်မယ်။ ဒီတော့ သူလဲ ပစ္စည်းထိန်းသိမ်းခအနေနဲ့ တန်ရာတန်ကြေးတော့ လိုချင်မှာပေါ့”
“ဟင်း စိတ်ညစ်ပါတယ် အကိုရယ်”
သူ့မျက်နှာလေး ညှိုးကျသွားတယ်။ စိတ်ညစ်သွားတဲ့အခါ တင်းတင်းစေ့သွားတဲ့ သူ့နှုတ်ခမ်းလေးက စွဲဆောင်မှုရှိနေပြန်သည်ပဲ။
သူ ဒီလို စိတ်ညစ်နေပုံလေးက ကြည့်လို့လှတယ်ဆိုပေမယ့် လူတစ်ယောက် စိတ်ညစ်တာကို အရသာခံကြည့်မနေသင့်ဘူးဆိုတာတော့ ကျွန်တော် ကောင်းကောင်းသဘောပေါက်ပါတယ်။ ဒါကြောင့်လဲ ကျွန်တော် သူ့အတွက် အကောင်းဆုံးအကြံကို ပေးနိုင်အောင် စဉ်းစားနေတယ်လေ။
“ကဲ ဒီလိုလုပ်။ ကားသမားကို ဖုန်းပြန်ဆက်လိုက်။ ထိုက်သင့်သလောက် ပေးပါ့မယ်။ ပြီးတော့ အမြန်ဆုံးသာ ဒီကိုလာခဲ့ပါလို့ ပြောလိုက်။ ဟုတ်ပြီလား”
“ဟုတ်။ ဒါမဲ့ ညီမမှာ ပိုက်ဆံများများ ပါမလာဘူး”
သူနှုတ်ခမ်းလေး တစ်ဖက်ကိုတွန့်ကာ တွေသွားပုံကလဲ ချစ်စရာ ကောင်းနေပြန်ရော။
“ကဲ။ အဲဒီ့ကိစ္စအတွက် ဘာမှ စိတ်ပူမနေနဲ့။ ကိုယ်စိုက်ပေးလိုက်မယ်။ ဖုန်းပြန်ရဖို့က အရေးကြီးတယ်။ မြန်မြန်သာဆက်လိုက်”
“ဟုတ်ကဲ့။ ကျေးဇူးပါနော် အကို”
သူဖုန်းကို တစ်ခေါက်ပြန်ဆက်ကာ ကားသမားကို အကျိုးအကြောင်းပြောတယ်။ ဖုန်းပြောလို့ပြီးမှ
“အကိုရယ်။ ဖေ့ဘုတ်မှာတွေ့နေတဲ့ ပိုက်ဆံအိပ်ပြန်ပေးတဲ့ ရိုးသားသူ ကားသမားဆိုတာ တစ်ကယ်ရောရှိရဲ့လားမသိပါဘူး”
“ဒီလိုတော့ ဘယ်ဟုတ်ပါ့မလဲ။ လူတိုင်းက မရိုးသားနိုင်သလို၊ လူတိုင်းကလဲ မကောက်ကျစ်ကျပါဘူး။ ကံဆိုးလို့ ရိုးသားသူနဲ့မတွေ့တာလို့ပဲ စိတ်ဖြေလိုက်ပေါ့”
သူ ခေါင်းငြိမ့်ပြကာ ကျွန်တော့ကို ပြုံးပြီး ကြည့်နေတယ်လေ။ သူ့ရဲ့ အပြုံးချိုချိုကို တွေ့လိုက်တော့ ကျွန်တော် တစ်မျိုးလေး ခံစားလိုက်ရတယ်။
ဒီလိုနဲ့ ကားသမားရောက်လာ။ ပြီးတော့ ပစ္စည်းထိန်းသိမ်းခကိုပေးပြီး သူနဲ့ကျွန်တော် လမ်းခွဲခဲ့တယ်ဆိုပါတော့။
ကျွန်တော့ရဲ့ အိမ်အပြန်လမ်းမှာတော့ တွေးစရာတွေ အပြည့်နဲ့လေ။ မလှပါဘူးလို့ ကျွန်တော်ရဲရဲကြီး လက်ခံထားတဲ့ အလှတရားတစ်ခုက ကျွန်တော့ နှလုံးသားကို ရှော့ရိုက်ကာ လှုပ်နှိုးသွားခဲ့လေပြီလား။
ဆက်ရန်… … …
အနုပညာသည် အနုပညာအတွက်သာ ဖြစ်သည်
Courage
16 comments
ကိုပေါက်(မန္တလေး)
July 21, 2015 at 10:31 pm
အချစ်မှာ ပေတံမရှိ စံမရှိ
Courage
July 22, 2015 at 4:53 pm
ရန်ခုန်သံသာရှိသည်
မြစပဲရိုး
July 21, 2015 at 10:41 pm
Anti လပ် ပြုံး၍ ဖတ်သွားသည်။ ဇာတ်လမ်း ကို ကြို တွေးထားပြီး ၍ အဖြေကိုက်မည်။ :-))
BTW
လမ်းဘေး က ရုပ်ကြမ်းကြီး တစ်ယောက် လောက် လက်ထဲ က ဖုန်း ကို တော့ လုပြီး ဆက်ရဲ မည် မထင်။ 😉
Courage
July 22, 2015 at 4:56 pm
ဟုတ်ပါ့ ဒေါ်လေးမြရေ။ တွေ့ရာလူဆီက ဖုန်းယူဆက်လိုက်ရင် ဘယ်ဇာတ်လမ်းဖြစ်မလဲနော။ 🙂
ဇီဇီခင်ဇော်
July 22, 2015 at 7:55 am
အယ်အဲ့။
မောင်ကာကြီးရဲ့ အချစ်ရေး စ ပြီ။
ဆက်ရန်
ဆက်ရန်
အားပေးနေတယ်လို့။
:k:
Courage
July 22, 2015 at 4:58 pm
အဟတ် အဟတ်။ ကျေးဇူးပါ
လုံမလေးမွန်မွန်
July 22, 2015 at 10:07 am
ကဗျာဆန်လိုက်တာ
ရင်တောင်ခုန်နေပြီ အဟ်ိ
မြန်မြန်ဆက်ပါဗျိုး
တောင်ပေါ်သား
July 22, 2015 at 10:27 am
ကံဇာတ်ဆရာအလိုကျ ကရပေဦးမပေါ့
အောင် မိုးသူ
July 22, 2015 at 10:34 am
ဆက်လက်စောင့်မျှော်နေကြောင်း
Mike
July 22, 2015 at 11:00 am
.♫♪♫အချစ်ဆိုတာ..ပျော်ရွှင်စရာများနဲ့အတူတူ…..
.စကားမစပ် ဝင်းဦးထင်ရဲ့..သီချင်းလေးတပိုင်းတစသတိရမိတယ်…
“ရုပ်ဆိုးတဲ့လူဟာ..လှတဲ့မိန်းမကိုမှ ရတတ်တယ်…ì♫♪♫…ကိုကာဂျီးကရုပ်ဆိုးလားဗျ :))
Courage
July 22, 2015 at 5:00 pm
ရုပ်ဆိုးလို့ လှတဲ့သူရတာဟုတ်ပါဘူး။ လှတဲ့သူလိုချင်လို့ ရုပ်ဆိုးချင်ဆောင်နေတာပါ။
Courage
July 22, 2015 at 5:03 pm
လုံမလေးမွန်မွန် – ဟုတ်ကဲ့ ကြိုးစားနေပါတယ်။
ကိုတောင်ပေါ်သားရေ… ကြိုတင်မမြင်နိုင်တာကိုက ဘဝမဟုတ်လား။
အောင်မိုးသူ – အမြန်ဆုံး အဆုံးသတ်နိုင်အောင် ကြိုးစားပေးပါမယ်။
aye.kk
July 22, 2015 at 5:29 pm
လှပချိုမြိန်သောနေ ့ရက်များမှသည်၊ရက်,လ,နှစ်ချီတိုင်ပါစေ။။။
Courage
July 22, 2015 at 9:58 pm
ချိုမြိန်သော နေ့ရက်များက ရောက်မလာသေးဘူးဗျ။ 🙂
Ma Ma
July 29, 2015 at 7:26 am
Anti လပ် ရဲ့ အခြားတစ်ဖက်ကတွေးကြည့်တော့…..
ခုမှတွေ့တဲ့သူတစ်ယောက်ကို ငွေရေးကြေးရေးအကူအညီပေးဖို့ဆိုတာကလည်း
နှုတ်ခမ်းနီမလှလှလေးမို့ဖြစ်မယ်။ 😉
Courage
July 30, 2015 at 10:43 am
အဟဲ… ယနေ့ခေတ်ကာလ မိန်းမသားတွေက အတော်လဲ တင့်ရဲ့သကိုးဗျ။ 🙂
ဇာတ်ကွက်လဲ ဆန်းမယ့် အပြင်မှာလဲ ဖြစ်နိုင်မယ့်ဟာမို့ ရေးကြည့်ရုံပါ။