ကျွန်တော်နဲ့ စကားပုံရာဇဝင်များ
စကားပုံတွေနဲ့ပတ်သက်လို့ အချို့အရာတွေဟာ စိတ်ဝင်စားဖို့ကောင်းပါတယ်။ ကျွန်တော်လည်း
ငယ်ငယ်တုန်းက သိခဲ့တာလေးတွေကော ကြားဖူးနားဝရှိခဲ့တဲ့ စကားပုံလေးတွေအကြောင်း
တင်ပြလိုက်ပါတယ်။
၁။ မချစ်သော်လည်း အောင့်ကာနမ်း (ဗမာစကားပုံ)
မချစ်သော်လည်း အောင့်ကာနမ်းဆိုတဲ့ စကားပုံလေးကတော့ ကိုယ့်မနှစ်သက်တဲ့သူ၊ မုန်းတဲ့သူ (သို့မဟုတ်)
ကိုယ်မနှစ်သက်တဲ့ အစားအစာ ၊ အသုံးအဆောင်ပစ္စည်း စတဲ့အရာတွေကို မနှစ်သက် ၊ မကြိုက်ပေမယ့်
အဲသည်စိတ်တွေကို စိတ်ထဲမှာထားက ကိုယ်မုန်းတဲ့သူကိုလည်း တစ်ခါတစ်ရံမှာ ပြုံးပြဆက်ဆံရတာမျိုးတွေ ၊
ကိုယ်မနှစ်သက်တဲ့ အစားအစာတွေကိုလည်း စားရတာမျိုးတွေမှာ ခိုင်းနှိုင်းပါတယ်။
အဲသည်စကားပုံလေးနဲ့ ပတ်သက်လို့ ကျွန်တော်ကြားဖူးနားဝရှိတဲ့ ရာဇဝင်လေးတစ်ခု ပြောပြချင်ပါတယ်။
တစ်ချို့သူတွေလည်း ကြားဖူးမယ်ထင်သလို၊ တစ်ချို့သူတွေလည်း ကြားဖူးမှာမဟုတ်ပါဘူး။
သည်ရာဇဝင် လေးကလည်း ကျွန်တော်နောက်ပြောမယ့် စကားပုံလေးနဲ့လည်း သက်ဆိုင်နေလို့ပါ။
မချစ်သော်လည်း အောင့်ကာနမ်း ( စကားပုံရာဇဝင်)
တစ်ခါက ဗာရာဏသီပြည်မှာ ဓားပြတစ်ယောက်ကို ကွက်မျက်မယ့်နေ့တစ်နေ့မှာပေါ့။ ရာဇဝတ်သားကို
သတ်ဖို့အတွက် ဘုရင့်လက်အောက်ငယ်သားတွေက ကွက်မျက်ဖို့ခေါ်သွားချိန်မှာပေါ့။ အဲသည်အချိန်မှာ
ဘုရင့်သမီးတော်ကလည်း လေသာဆောင်ကနေ အပြင်ကိုကြည့်နေခိုက် ဓားပြကိုတွေ့ပါရော။ ဘုရင့်
သမီးတော်ခမြာ ဓားပြကို တွေ့တွေ့ချင်းပဲ ချစ်မိသွားသတဲ့။ ဒီလိုနဲ့ မကွက်မျက်မီ အဲသည်ဓားပြကိုမှ
မရရင် သေရပါတော့မယ်ဆိုပြီး သူမအဖေရဲ့ရှေ့မှာ ငိုချင်းချပါရော။ ဘုရင့်မှာလည်း သည်သမီးတော်လေး
တစ်ယောက်ကိုပဲ ချစ်နေရတာဆိုတော့ သမီးအလိုကိုလိုက်ပြီး ဓားပြနဲ့ပေးစားလိုက်ပါရော။
သည်လိုနဲ့ဓားပြနဲ့သမီးတော် ပေးစားလိုက်ပြီးတဲ့အခါမှာတော့ ဓားပြဆိုတဲ့လူဟာ ဓားပြဆိုတဲ့အတိုင်းပဲ
သူ့စရိုက်က ပေါ်လာတာပေါ့။ ဘုရင့်သမီးပိုင်တဲ့ ပစ္စည်းဥစ္စာတွေ သူတစ်ယောက်ပိုင်အောင် ကြံစည်တော့
တာပဲ။ ဒီလိုနဲ့ ဘုရင့်သမီးတော်ကို သတ်ဖို့အတွက် ဓားပြခမျာ အကြံကြီးထုတ်တော့တာပေါ့။ ဓားပြရဲ့
အရိပ်အကဲတွေကိုကြည့်ပြီး ဘုရင့်သမီးတော်လည်း တဖြည်းဖြည်းရိပ်မိလာတာပေါ့။ ဒီလိုနဲ့
တစ်ရက်ကျတော့ “နှမတော်ရေ…မောင်ကြီးတို့ တောလည်ထွက်ရအောင်” လို့
ဓားပြက ဆိုလာသတဲ့။ ဘုရင့်သမီးတော် သူ့လင်တော်မောင်နဲ့တူတူ တော်လည်ထွက်ဖို့ လိုက်သွားရော။
ဒီလိုနဲ့ ခပ်ဝေးဝေးတောတစ်ခုရဲ့ တောင်စောင်းပေါ် ရောက်တဲ့အခါ။ ဘုရင့်သမီးရဲ့ လက်ဝတ်ရတနာတွေ
အကုန်ချွတ်ကာ ချောက်ထဲကို တွန်းချဖို့လုပ်တော့တာပဲ…။ အဲသည်အချိန် ဘုရင့်သမီးတော်ဟာ ဓားပြကို
အမုန်းတီးကြီးမုန်းတီးမိသွားတော့တာပေါ့။ နောက်ဆုံး အားမတန်တော့လည်း မိန်းမမာယာနဲ့
လွတ်ဖို့ကြံစည် တော့တာပဲ…။
“မောင်ကြီးရယ် နှမတော်ကို မတွန်းချခင် မောင်ကြီးရဲ့ ပါးလေးကို နှမတော် နောက်ဆုံးအကြိမ်
နမ်းသွားပါရစေ” ဆိုသတဲ့။ အဲသည်အချိန်မှာ အမုန်းကြီးမုန်းနေတဲ့သူတစ်ယောက်ကို ဘုရင့်သမီးခမျာ
မာယာနဲ့လှည့်စားပြီး သူမချစ်တော့တဲ့သူတစ်ယောက်ကို အောင့်ကာနမ်းကာ
ဓားပြအငိုက်မိချိန်မှာ ချောက်ထဲကို တွန်းချလိုက်ပါရော။ အဲသည်ရာဇဝင်ကနေ
မချစ်သော်လည်း အောင့်ကာနမ်းဆိုတဲ့ စကားပုံလေး ပေါ်ပေါက်လာတယ်လို့လည်း ကျွန်တော်ကြားဖူးနားဝ
ရှိခဲ့ဖူးပါတယ်။ ဘာရယ်ဖြစ်ဖြစ် အကြောင်းတိုက်ဆိုင် တုန်းလေး တင်ပြရတာပါ။
*********************************************
၂။ မိန်းမမာယာ သဲကိုးဖျာ (ဗမာစကားပုံ)
မိန်းမတွေမာယာ များပုံကို ဖျားကိုးချပ်ပေါ်မှာပုံထားတဲ့ သဲပုံပေါ်က သဲပွင့်လေးတွေရဲ့ အရည်အတွက်လောက်
ရှိတာကို ပြောထားတဲ့စကားပုံလေးပါ။ ဒီနေရာမှာ မာယာဆိုတာ မကောင်းတာကိုပြောတာမဟုတ်ပါဘူး။
အထက်က တင်ပြခဲ့တဲ့ ရာဇဝင်ထဲမှာ ဆိုရင် မင်းသမီးဟာ မာယာသုံးလိုက်လို့ အသက်ဘေးက
လွတ်မြောက်သွားတာကို ကြည့်ရင်သိနိုင်ပါတယ်။ မိန်းကလေးတွေ ယောက်ျားလေးရှေ့များ
ဆံပင်သပ်တင်လိုက်တာကအစ မိန်းမမာယာ ထဲမှာ တစ်ခုအပါအဝင်လို့လည်း ကျွန်တော်ကြားဖူးပါတယ်။
****************************************************
၃။ လက်ဖက်ကောင်းစားချင်ရင် ပလောင်တောင်တက်နှေးရတယ် (ရှမ်းစကားပုံ)
ဒီစကားပုံလေးရဲ့ဆိုလိုရင်းကတော့
လုပ်ငန်းတစ်ခုခုကို ဆောင်ရွက်တော့မယ်ဆို အောင်မြင်ချင်ရင် ကောင်းကောင်းမွန်မွန်ဖြစ်စေချင်တယ်ဆို
အချိန်ယူပြီးလုပ်ဆောင်ရတာကိုပြောထားပါတယ်။
ရှမ်းတိုင်းရင်းသားတွေရဲ့ စကားပုံလေးရဲ့ဆိုလိုရင်းကတော့ ရှမ်းပြည်နယ်ဘက် လက်ဖက်ခင်းတွေ ခူးစွက်တဲ့
အခါမှာ လက်ဖက်ခူးတဲ့သူတွေကို “ပလောင်”လို့ခေါ်ကြပါတယ်။ လှေကားထစ်စိုက်ခင်းတွေမို့
တစ်ဆင့်ချင်း တောင်ပေါ်တက်တက်ပြီး
ခူးသွားတဲ့အခါမှာ မြန်မြန်ဆန်ဆန်ခူးဆွတ်လို့မရပါဘူး။ ဖြည်းဖြည်းဆင်း
လက်ဖက်ညွှန့်လေးတွေကို သေချာခူးဆွတ်မှသာ လက်ဖက်ကောင်းရလာမှာပါ။ ဒါကြောင့်
လက်ဖက်ကောင်း စားချင်ရင် ပလောင်တောက်တက်နှေးရတယ် ဆိုတဲ့ စကားပုံပေါ်ပေါက်လာတာလို့လည်း
ကြားဖူးပါတယ်။
အရင်တုန်းက လူပျိုတွေကို အပျိုအိမ်ကို လာပိုးတဲ့အခါမှာ သမီးမိန်းကလေးရှိတဲ့အိမ်က လာပိုးတဲ့လူပျိုကို
“လက်ဖက်ကောင်းစားချင်ရင် ပလောင်တောင်တက်နှေးရတယ်” လို့လည်း ပြောတာ ကြားရပါတယ်။
အချိန်ယူပြီးစောင့်ပါဦးလို့ ပြောချင်တာပါ။
******************************************
၄။ ရေမှာ ငါးဖယ် ၊ ကုန်းမှာ ထားဝယ် (ထားဝယ်စကားပုံ)
ဒီစကားပုံလေးကတော့ တနင်္သာရီတိုင်း ၊ ထားဝယ်ဘက်က စကားပုံလေးပါ။ ထားဝယ်မှာလည်း
ထားဝယ်စကား ဆိုတာ သက်သက်ရှိပါတယ်။ ထားဝယ်ဘက်က ပင်လယ်နဲ့နီးတော့ ရေလုပ်ငန်းနဲ့
အသက်မွေးတဲ့သူတွေများပါတယ်။
ဒီစကားပုံရဲ့ ဆိုလိုရင်းကတော့ လူတစ်ဦးနဲ့တစ်ဦးယှဉ်တဲ့အခါမှာ ဥပမာပေးပြီးသုံးသလိုပါပဲ။ ရေမှာဆို
ငါးဖယ်ငါးက အင်မတန်မာသလို၊ ကုန်းပေါ်မှာဆို ထားဝယ်သူ ထားဝယ်သားတွေဟာ အလွန်မာကျောတာကို
ဆိုလိုထားတာပါ။
*******************************************
၅။ ဘူးသီးမှ အရီးမတော်နဲ့ (ဗမာစကားပုံ)
ဒီစကားပုံလေးရဲ့ ဆိုလိုရင်းကတော့ ပစ္စည်းဥစ္စာတစ်ခုခုရှိမှ ၊ ငွေကြေးချမ်းသာမှ
အမျိုးတော်ချင်သူတွေ ပေါင်းသင်းချင်သူတွေကို ခိုင်းနှိုင်းပြီးပြောထားတာပါ။ ပစ္စည်းဥစ္စာမရှိ
၊ ငွေကြေးမရှိတုန်းက မသိချင်ယောင် ဆောင်နေပြီး ရှိလာတဲ့အခါမှာ အမျိုးတော်ချင်တယ်ဆိုတဲ့ သဘောမျိုးပါ။
ဒီစကားပုံလေးနဲ့ ပတ်သက်ပြီး ကြားဖူးနားဝပုံပြင်လေးတစ်ခုရှိပါတယ်။
ဘူးသီးမှ အရီးမတော်နဲ့ (ပုံပြင်စကားပုံ)
တစ်ခါက ရွာတစ်ရွာရဲ့ အစပ်တစ်ခုမှာ အဖွားအိုတစ်ယောက် နေထိုင်သတဲ့။ သားသမီးလည်း မရှိ
တစ်ယောက်တည်းပေါ့။ ရွာထဲကလူတော်တော်များများကလည်း အဖွားအိုးတစ်ယောက်တည်း တဲပုတ်လေး
ထဲမှာ နေတော့ ဘယ်သူမှ မေးထူခေါ်ပြော သိပ်မရှိကြပါဘူး။ တစ်ရက်တော့ အဖွားအိုက
ဘူးပင်လေးသုံးပင်ကို သစ်ကိုင်းလေးတွေနဲ့ စင်လုပ်ပြီး စိုက်ရော။ ဘူးပင်လေးလည်း
တဖြည်းဖြည်းကြီးလာလိုက်တာ အဖွားအိုရဲ့ ပြုစုမှုကောင်းလို့ပဲလား ရေခံမြေခံ ကောင်းလို့ပဲလား
အသီးတွေဝေဝေဆာဆာပေါ့။
အဖွားအိုရဲ့ခြံထဲမှာ ဘူးသီးတွေဝေဝေဆာဆာသီးနေတာကို အဖွားအိုရဲ့ ခြံရှေ့က ဖြတ်လျှောက်သွားတဲ့
ရွာသူရွာသားတွေက မြင်တာပေါ့။ ဒီလိုနဲ့ တစ်ရက် အဖွားအိုလည်း ခြံထဲမှာ ပေါင်းသင်နေတုန်း
ခြံရှေ့က ဖြတ်လျှောက်သွားတဲ့လူတစ်ယောက်က အဖွားအိုကို နှုတ်ဆက်ရော…
“အရီးနေကောင်းရဲ့လားဗျ…..” အဖွားအိုလည်း ဝတ်ကျေတန်းကျေပါပဲ အေး…အေး ပေါ့။
ဒီလိုနဲ့ နောက်တစ်ယောက်ထပ်ရောက်လာပြန်ရော….
“အရီးနေကောင်းရဲ့လား ဘူးသီးတွေလည်း သီးနေလိုက်တာ…” ဒီလိုနဲ့ လူအယောက်ပေါင်းများလာတော့
အဖွားအိုလည်း ဒေါသထွက်လာရော…။ ခြံထဲကနေ တစ်ခွန်းပဲအော်လိုက်တယ်….။
“အရင်တုန်းကတော့ နှုတ်တောင်မဆက်ပဲ ခု ငါ့ဘူးပင် သီး အရီး…အရီး..နဲ့… ဘူးသီးမှ
အရီးလာမတော်ကြနဲ့ဟေ့”ဆိုပြီး အော်ချလိုက်ပါရော…။ ဒီလိုနဲ့ ဘူးသီးမှ အရီးမတော်နဲ့
စကားပုံဖြစ်လာတယ်လို့လည်း ကြားဖူးနားဝရှိခဲ့ဖူးပါတယ်။
*******************************************
နောက်ပို့စ်မှာလည်း စကားပုံတွေနဲ့ပတ်သက်တဲ့ ပုံပြင်တွေကော ရာဇဝင်တွေကာ
ဆက်လက်တင်ပြပေးသွားပါ့မယ်။
လေးစားစွာဖြင့်
အောင်မိုးသူ
5 comments
kai
August 23, 2015 at 4:23 am
ဘုရင့်သမီးက.. သူ့ကြိုက်လို့ယူပြီး.. လူတယောက်လုံးရထားမှတော့.. ဘာတွေထပ်ကြံနေသလည်း.. မပြောတတ်..။
ငတုံး..။
===========
အသိမမှားရင်.. ပလောင်က.. မြန်မာတိုင်းရင်းသား လူမျိုးတမျိုးဗျ..။
===========
လူ့ဦးနှောက်က.. စီပီယူတွေလိုပါပဲ.. လိမစ်ရှိပါတယ်…။
ဆိုတော့.. အဲဒီဖျာဆိုတာက.. လက်တောက်လောက်ဖျာကိုပြောတာဖြစ်မယ်.. ထင်..။ :k:
===========
ငါးဖယ်ဘယ်လောက်မာမာ.. ကြိတ်စက်ထဲကြိတ်ရင်.. ကြေသွားတာပါပဲ..
===========
တချို့နိုင်ငံတွေများ.. ဘူးသီးဆိုတာကို. ကြားလည်းမကြားဖူး..မြင်လည်းမမြင်ဖူး..။
ဒီစကားပုံကို ..ကမ္ဘာကနားလည်အောင်ဆိုရင်…
တကမ္ဘာလုံးသိတဲ့အသီး.. ဥပမာ..။ ပန်းသီးသီးမှအမျိုးမတော်နဲ့လို့. ပြောင်းရင်ကောင်းမယ်ထင်..
===========
ဘာရယ်မဟုတ်.. နောက်တာ…။
မြန်မာ့စကားပုံတွေ ခေတ်နဲ့ညှိလို့.. ခေတ်မှီစေချင်..။ :k:
@QUIL@
August 23, 2015 at 4:45 am
စကားမစပ်
ထားဝယ်ကို ရှေးဗမာ တမျိုးလို့ ပြောတာ မှတ်ဖူးတယ်
တချို့ ဗမာစာ အသုံးတွေက အင်မတန်ရှေးကျလို့..
ဥပမာ သင်္ဘောသီးကို ရှိန်းခို သီး လို့ခေါ်တာမျိုး
ရှိန်းခို ဆိုတာ ပရဆေး အမယ် တမျိုးလို့ အလွယ်ပဲ ပြောကြစို့ရဲ့…
အနှီ ဆေးကို ငါးဘတ် ကနေထုတ်တယ် ။ သည်တော့ သတ်သတ်လွတ်စားတဲ့ ပုဏ္ဍားတွေက
ရှိန်းခို မသုံးရမလိုဖြစ်နေတယ်။ တူညီတဲ့ ဓာတ်သဘောဆောင်တဲ့အရာကို သင်္ဘောသီးကနေ ထုတ်ယူနိုင်တယ်လို့
ဆိုကြတယ်။ အဲ့သည့်ဟာကိုတော့ ပုဏ္ဍားစား ရှိန်းခို လို့ ခေါ်သတဲ့။ (သတ်သတ်လွတ် ရှိန်းခို ပေါ့)
သည်တော့ သင်္ဘောသီးကို ရှေးက ရှိန်းခိုသီး လို့ ခေါ်ကြသတဲ့ဗျာ။ ထားဝယ်တွေက အဲသလို ခုထိခေါ်တုန်း။
ဒါကတော့ စာတွေ့ပါ။
ကိုယ်တွေ့ကြုံဖူးတာကတော့ ဘုရားအနေကဇာတင်တဲ့နေရာမှာပါပဲ။
တခါက (ရုံးခန်းသစ်အတွက်) အနေကဇာတင်ဖို့ ထားဝယ်(မြိတ်) ဘုန်းကြီးတွေ သွားပင့်မိတယ်။
အရင့်အရင် အနေကဇာ တင်တဲ့ဘုန်းကြီးတွေလို သည်အတိုင်း ရွတ်ဟယ်ဖတ်ဟယ် မပြီးဘူးဗျ။ ရွတ်တုန်းဖတ်တုန်း တပိုဒ်ချင်းစီ အပြီးမှာ
ရေထည့်ထားတဲ့ ဖလားတလုံးထဲကို ရွှေငွေ လက်ဝတ်လက်စား (လက်စွပ်တို့ ဆွဲကြိုးတို့ ဝတ်လာတဲ့ ဝန်ထမ်းတွေ ဆီက)တွေ
ပစ်ပစ်ချပြီး လိုက်ဆိုရတယ်ဗျ။ (သာဓုလား အမျှလား တခြားဟာလားတော့ မေ့သွားပြီ)
မေးကြည့်တော့ ဘုရားပွင့်တုန်းက နို့ဆွမ်းလှူပြီး ဖလားမျှောလို့ ကာလနဂါးနိုးတာကို သဏ္ဍာန်ယူပြီး
ခုလိုမျိုး လုပ်တာ (ရှေးနည်း) လို့ အဆိုရှိသဗျ။ သေချာတော့မသိဘူး။
ဇီဇီခင်ဇော်
August 23, 2015 at 8:52 am
၁။ မချစ်သော်လည်း အောင့်ကာနမ်း (ဗမာစကားပုံ)
ဒါပေါ့လေ လိုချင်တာတစ်ခု အတွက်ကတော့ ပေးရတာ တစ်ခု ရှိတာပေါ့။
တန်ရင်တော့ နမ်းသင့် နမ်း ရမှာပဲ။
၂။ မိန်းမမာယာ သဲကိုးဖျာ (ဗမာစကားပုံ)
ဘယ်သူသတ်မှတ်ခဲ့တဲ့ ဟာလည်းမသိ။ မိန်းမတိုင်းရဲ့ အပြုအမူတွေကို မာယာလို့ သတ်မှတ်ထားတာ။
ဘာမှ လုပ်စရာမကျန်တော့၊ အရူးမပဲ သူတို့ မျက်စိထဲက လွတ်တယ်ထင်။
၃။ လက်ဖက်ကောင်းစားချင်ရင် ပလောင်တောင်တက်နှေးရတယ် (ရှမ်းစကားပုံ)
နှေးတိုင်း လည်း ကောင်းဘူးး လက်ဖက်ကိစ္စမှာပဲ ကောင်းတယ်ထင်တယ်။
ဟီးဟီး
၄။ ရေမှာ ငါးဖယ် ၊ ကုန်းမှာ ထားဝယ် (ထားဝယ်စကားပုံ)
ဒါတော့ အဟုတ်။ အင်မတန် ဆက်ဆံရေးပြေပြစ် လူချစ်များတဲ့ သများအမေ ထားဝယ်မှာ ၂ နှစ် ငိုနေရတယ်။ သူပြောတာ ဘူမှ နားမဝင်ဘူးတဲ့
ခိခိခိ
၅။ ဘူးသီးမှ အရီးမတော်နဲ့ (ဗမာစကားပုံ)
တစ်ချို့ကတော့ အရီးမခေါ်ပဲ ဘူးသီးတွေ ပုပ်အောင် ကြံစည်တတ်တာမို့ အရီးခေါ်တာလောက်ကို ကျေးဇူးတင်ရမယ်လားမသိ။
ဒီပို့(စ) လေး အတွက် ကျေးဇူးပါ မိုးသူရေ။
ဆက်ရေးပါအူးးးး
🙂
Alinsett @ Maung Thura
August 23, 2015 at 3:12 pm
သမိုင်း ကျန်မယ့် ပိုစ့်
Mike
August 24, 2015 at 1:18 pm
.ခုခေတ်ကလေးတွေတော်တော်များများ စကားပုံတွေ၊ စကားထာတွေသိပ်မသိကြတော့ဘူးဗျ
.အသုံးလည်းမတွေ့ရသလောက်ပဲ…ဗန်းစကားသာတတ်ကြ၊ သုံးကြတော့တာ :))