Mt.Haba (China)
ဒီနှစ်ထဲတော့ အခါတွင်းပိတ်ရက်ကိုကိုယ်လိုက်နေကြတောင်တက်အဖွဲ့ကခရီးစဉ်မရှိတော့ ဝါသနာတူရာစုပြီး ကိုယ့်ဖာသာကိုယ် အစီစဉ်ဆွဲကြတာမှာချိုင်းနားကမဲပေါက်သွားပါတယ်။ ပြည်တွင်းမှာတက်ခဲ့တဲ့ တောင်ထဲအမြင့်ဆုံးကပေတသောင်းကျော်စွန်းစွန်းပဲရှိသေးတာမို့ သူများတကာတွေ ခါကာဘိုရာဇီလိုအမြင့်ဆုံးပေ ၁၉၀၀ဝ နီးနီးတွေ တက်တာအားကျလို့ ပေ ၁၇၇၀ဝ ရှိတဲ့ ဟာဘာရေခဲတောင် ( Haba Snow Mountain )ကိုရွေးပါတယ် ။ ကိုယ့်ခံနိုင်ရည်ကိုကိုယ်စမ်းသပ်ချင်တာလည်းပါပါတယ်။
ဒီရေခဲတောင်က မြန်မာကလူတွေ မြန်မာပြည်အမြင့်ဆုံးခါကာဘိုရာဇီမတက်ခင် လာလေ့ကျင့်လေ့ရှိကြပါတယ်။ ဆိုတော့ လွယ်လှတယ်တော့ မဟုတ်ပါဘူး။ ပြောရရင် ဘယ်တောင်ပဲတက်တက်လျှော့တွက်လို့ မရသလို Risk ကတော့ သူ့နည်းသူဟန်နဲ့သူအပြည့်ရှိပြီးသားပါ။
ကျမတို့ ခရီးစဉ်ကိုကားလမ်းကိုရွေးပါတယ် ။ လေယာဉ်နဲ့ဆိုလတ်မှတ်ခကအဲ့အချိန်မှာဈေးတက်နေတဲ့အပြင် ဗီဇာကကိုယ်သွားချင်တဲ့ပိတ်ရက်နဲ့ ကွက်တိရဖို့ သိပ်မသေချာတော့လို့ပါ။ ကားလမ်းကသေချာသလားဆိုတော့လည်းမန်းလေးမူစယ်လမ်းတကြောမှာကိုယ်သွားပါမယ်ဆိုမှ တိုက်ပွဲသံတညံညံနဲ့ပါ။ ပြန်ပေးဆွဲခံရတယ်ဆိုတဲ့ သတင်းလည်းထွက်တယ်။ ကြက်ခြေနီတွေလည်းအပစ်ခံရတယ်။ ဆိုတော့ သွားဖို့ တွန့်သွားကြပါတယ်။
နည်းနည်းလည်းငြိမ်ရောသွားမယ်ဆိုပြီးစိတ်ဒုန်းဒုန်းချလိုက်ကြပါတယ်။ နောက်ဆုံးမသကာသူပုန်လက်ရောက်တော့လည်းအတွေ့ကြုံသစ်ပေါ့ ဆိုပြီးပေါက်ကရပြောပြီးကိုမိုက်ကြတာပါ။ အိမ်ကအမေတွေ က တော့ ပိုကုသိုလ်ရကြပါတယ်။ ဘုရားစင်ရှေ့မှာကိုယ်စသွားတဲ့နေ့ကနေ ပြန်ရောက်တဲ့နေ့အထိသတိရတိုင်းမေတ္တာပို့ပေးလို့ပါ။
တိုင်းရေးပြည်ရေးမကောင်းတာကိုတောင် အရေးမလုပ်တာမဟုတ်ပါဘူး ။ ကိုယ်အရေးလုပ်လည်းပြောင်းလဲသွားမှာတခုမှ မမြင်လို့ စိတ်အချဉ်ပေါက်ပြီးဇွတ်ခရီးနှင်ကြတာပါ။
ဧပရယ် ၁၂ ရက်နေ့မှာမန်းလေးကနေမူစယ်ကိုစထွက်ပါတယ် ။ အခါကြီးရက်ကြီးပိတ်ရက်ဖြစ်တာမို့ ဘယ်ကားမှမထွက်တဲ့အတွက် ကားခဈေးကြီးသလိုတစီးလုံးအပြတ်ငှားရပါတယ်။
ညနေဖက်မူစယ်ရောက်တော့ မူစယ်ကတည်းခိုခန်းတခုမှာတည်းရပါတယ်။ ၁၃ ရက်နေ့မနက်အစောမှာ ရွှေလီထဲဝင်ပြီးရဲစခန်းမှာမှတ်ပုံတင်အပ်ပြီးထောက်ခံစာတောင်းရပါတယ်။
ကားလမ်းကနေသွားဖို့ဆိုရင် ကျမတို့ ဆီမှာ မြန်မာဘက်က ထုတ်ပေးတဲ့ ၁ နှစ်သက်တမ်းရှိတဲ့ ဝင်ခွင့်စာအုပ်အနီရှိဖို့ လိုပါတယ်။ အဲ့စာအုပ်ရှိမှ ရွှေလီရဲစခန်းက ၁၅ ရက်သက်တမ်းရှိတဲ့ ချိုင်းနားပြည် ကူမင်းမြို့ထိ (Kunming)လည်လို့ ရတဲ့ ကား၊ရထာား၊ လေယာဉ်စီးလို့ ရတဲ့ ထောက်ခံစာထုတ်ပေးပါတယ်။ တခါတလေပေါ်လစီပြောင်းရင်လည်းထုတ်မပေးတတ်ပါဘူး။
အဲ့နေ့မှာပဲနေ့လည် ၃ နာရီကားနဲ့ ကူမင်းကိုခရီးဆက်ပါတယ်။ အမြန်လမ်းမကြီးက ပြင်နေတာမို့ လမ်းဟောင်းကသွားတဲ့အတွက် ၄၆၆ မိုင်ကျော် (750.5km) ခရီးကို ၂၃ နာရီလောက်ကားစီးခဲ့ရပါတယ်။ အိပ်စင်ပါတဲ့ကားမို့သာပဲလူတွေလည်းအတော်လေးကို အီစလံဝေသွားပါတယ်။ လမ်းကကောင်းပါတယ် ။ ဒါပေမဲ့ အဲ့လောက်အကြာကြီးဆိုတော့လည်းပန်းပါတယ်။ နောက်တခုက ချိုင်းနားဘယ်လောက်ခေတ်မှီပါတယ်ပြောပြောမပြောင်းလဲသေးတဲ့ အများသုံးအိမ်သာတွေကတော့ အရင်တိုင်းပါပဲ ။ အတော်စိတ်ညစ်စရာကောင်းဆဲပါပဲ။ ဒီတသက်ပြင်ဖို့များအစီစဉ်မရှိကြတော့ဘူးလားမသိ။
လမ်းမှာမြင်ရတဲ့တောင်တွေတိုင်းမှာသစ်ပင်တွေ အပြည့်ရှိပါတယ်။ ကားလမ်းဘေးတောင်နံရံကမြေတွေကိုလည်းတဆင့်ပြီးတဆင့် စနစ်တကျထိန်းထားတာကြပါတယ်။ ကိုယ်တွေ မန်းလေးမူစယ်လမ်းတလျှောက်မှာတော့ တောင်ကတုံးတွေ တော်တော်ပေါပါတယ်။ သူတို့ဖက်လည်းရောက်ရော မြင်ကွင်းကတော်တော်လေးကိုကွာသွားတာပါ။ အပင်တွေမှ အများကြီးမနာလိုစရာကောင်းလောက်အောင်ကိုများပါတယ်။ လမ်းမှာစစ်ဆေးရေးဂိတ်တခုကို ဖြတ်ရပါတယ်။ စစ်သားတွေ ဝင်စစ်တာပါ။ တကားလုံးကိုတယောက်ထဲကပဲခရေစေ့တွင်းကျစစ်သွားတာပါ။ သူတို့ အလုပ်လုပ်တာအတော်လေးစေ့စပ်ပါတယ် ။
ကျမတို့ ကျောပိုးအိတ်တွေ တခုချင်း နှိုက်စစ်ပါတယ်။ လူကုန်ကူးလာသလိုအကြည့်ခံရတယ်။ အဲ့ဒီလိုကေစ့်တွေကလည်းများတာကိုး။
လမ်းမှာစားရတဲ့ ထမင်းဆိုင်တွေကလည်းသိပ်အကောင်းကြီးမဟုတ်ပေမဲ့ ဆိုးတော့မဆိုးလှပါဘူး။ ရေသန့်ဘူးတော့ ဈေးကြီးတယ်။
၁၄ ရက်နေ့ နေ့လည် ၂ နာရီကျော်လောက်မှာကူမင်းရောက်ပါတယ်။ အဲ့ကနေဘယ်မှမသွားနိုင်ပဲဘူတာရုံကိုတန်းပြေးကြပါတယ်။ လိကျန်း( Lijiang ) မြို့ဟောင်းကိုသွားဖို့ အတွက် ညရထားအိပ်စင်မှီအောင်သွားပေမဲ့ ဘယ်လိုမှ မတတ်နိုင်တဲ့အဆုံးရိုးရိုးတန်းကပဲလိုက်ရပါတော့တယ်။
အမှန်ကကျမတို့ ခရီးကလိကျန်းကိုတိုက်ရိုက်သွားလို့ ရပါတယ်။ ကူမင်း(Kunming) မှာကတောင်တက်ပစ္စည်းတွေ
ဈေးသက်သာပြီး ဝယ်လို့ကောင်းလို့ ဒီလောက်ထိဒုက္ခခံစီးပြီးလာကြတာပါ။
ဒီရောက်တော့ ကားနောက်ကျတာနဲ့ အချိန်လုပြီး အပြေးအလွှားဝယ်ကြရတာပါ။
ရေခဲထဲစီးလို့ရတဲ့ ဖိနပ်တွေ အကျီ င်္တွေ ဘောင်းဘီတွေ တခြားလိုအပ်တာတွေ အကုန်ဝယ်ပြီးတဲ့သကာလပါလာတဲ့ ပိုက်ဆံလေးတွေ၃ ပုံ ၁ ပုံလောက် ကုန်ပါတယ်။
Kunming Railway Station
ကူမင်းကနေ ည ၉ နာရီရထားနဲ့ ၃၂၁ မိုင်ကျော် (517km) ခရီးကို၁ဝ နာရီလောက်စီးပြီးရင် နောက်ရက်မနက် ရ နာရီကျော်လောက်မှာလိကျန်းမြို့ကိုရောက်ပါတယ်။ ကြုံကြိုက်လို့ ကူမင်းဘူတာရုံအကြောင်းပြောရရင် ကျမတို့ မန်းလေးမှာသင်္ကြန်ကျလို့ လူကြိတ်ကြိတ်တိုးတယ်ဆိုတာအဲ့ဘူတာရုံအိပ်နေသလောက်ပဲရှိပါတယ်။ ဒါတောင် နှစ်ကူးမဟုတ်ပဲသာမာန်ကြားရက်မို့လိုဆိုပါတယ်။ လူစည်တဲ့အချိန်ဆို မတွေးဝံ့စရာပါပဲ ။ နောက်ပြီးဘူတာရုံရှေ့မှာလက်နက်ကိုင်ထားတဲ့စစ်သားအစောင့်တွေ ရှိပါတယ်။ ကင်းတဲလိုအမိုးအကာနဲ့ ဘူတာရုံရှေ့ တည့်တည့်မှာရဲကားအမိုးပွင့်လိုဟာမျိုးနဲ့ အသင့်အနေထားစောင့်ပါတယ်။ အဲ့ကြားထဲမှာပဲကိုယ့်ရှေ့တင် လူတယောက်ကသူတို့အချင်းချင်းရန်ဖြစ်ပြီးလိုက်ချကျတော့ အဲ့အစောင့်တွေဆီ ဝင်ပြေးတာမှာ ဟိုကသေနတ်နဲ့ ချိန်ပြီး မဝင်ခဲ့နဲ့ ဝင်တာနဲ့ အပစ်ပဲဆိုတဲ့ ပုံစံမျိုးချိန်ပါတယ်။ ကိုယ်တွေရှေ့တင်မို့ နည်းနည်းတောင်ခေါင်းကြီးသွားပါတယ်။ ခဏနေတော့ ရဲအရာရှိတွေ လာမှ ပွဲငြိမ်သွားပါတယ်။
Photo CD ( Ko Nigel Lim)
Old Town of Lijiang (Dayan GuZhen)
လိကျန်းမှာမြို့ဟောင်း ၃ မြို့ရှိတာမှာပထမဆုံးရောက်တဲ့ မြို့ဟောင်းက နှစ် ၈၀ဝ ကျော်သက်တမ်းရှိတဲ့ ( DayanGuZhen ) ဆိုတဲ့မြို့ပါ။ကမာ္ဘ့အမွေအနှစ်စာရင်းဝင်ဆိုလည်း ဟုတ်တယ်။ “Old town of Lijiang where dreams come true “လို့ဆိုပါတယ်။
လိကျန်းမြို့ဟောင်းထဲကို ဝင်လိုက်တဲ့တခဏမှာပဲ ကျမတို့အဖွဲ့တွေ တယောက်တမျိုးခုန်ပေါက်ပြီးအူမြူးကုန်ပါတယ်။ ကျမဆိုရင် ငါရေခဲတောင်မတက်တော့ဘူး ငါ့ကိုဒီမြို့မှာပဲထားခဲ့တော့ဆိုပြီးပြောမိပါတယ်။
ရာသီဥတုကအေးစိမ့်နေတဲ့အပြင် ပေါက်နေတဲ့အပင်တွေ စိုက်ထားတဲ့ပန်းပင်တွေကို မြင်ရတာစိတ်ပျော်ပါတယ်။ ခရီးပန်းတာတွေတောင်ပျောက်သွားတယ်။
မြို့ဟောင်းကိုဒီအတိုင်းပဲထားအဆောက်အဦးဟောင်းတွေကိုပဲမွမ်းမံပြီးဆိုင်တွေအကုန်ဖွင့်ထားတယ်။ တည်းခိုခန်းတွေဖွင့်ထားပါတယ်။ ဗုံတီးပြီးသီချင်းကိုကိုယ်တိုင်ရေးဆိုတီးပြီးစီဒီရောင်းတဲ့ဆိုင်တွေအများကြီးပဲ။
အမှတ်တရလက်မှုပစ္စည်းတွေကလည်းပေါမှပေါ။ snack မုန့်မျိုးစုံလက်ဖက်ခြောက်မျိုးစုံ ရိုးရာအဝတ်အစားမျိုးစုံ သူတို့ဒေသထွက်အသီးအနှံ မျိုးစုံရောင်းလို့ရတာအကုန်ရောင်းပါတယ်။
ကော်ဖီဆိုင် လို ပီဇာဟက်လို မက်ဒေါ်နယ် ဆိုင်တွေလည်းရှိပါတယ်။ ရှေးဟောင်းအိမ်တွေထဲမှာပဲညဆိုဘားတွေကလပ်တွေလှိုင်နေတာပါ။ အပြင်ကနေလည်း မြင်ရပါတယ်။ ရိုးရာဝတ်စုံနဲ့ အကတွေလည်းကပြပါတယ်။ ညဆိုတကိုယ်တော် ဂစ်တာတီးပြီးသီချင်းဆိုတဲ့လူတွေလည်းမနည်းပါဘူး။ DJ ပွတ်တဲ့သူလည်းမရှားပါဘူး။
ရှေးဟောင်းဒဏ္ဍာရီနေရာတခုမှာခေတ်မှီတဲ့အပြင်အဆင်တချို့နဲ့ ပေါင်းစပ်ခင်းကျင်းထားတဲ့မြို့ဟောင်းရဲ့ အလှကလူတွေကိုတော်တော်ဆွဲဆောင်နိုင်ပါတယ်။ ဝယ်တာ မဝယ်တာ အပထားဘာဆိုင်နေနေ ဝင်မကြည့်ပဲကိုမနေနိုင်ပါဘူး ။
မြို့တခုလုံးကိုအပေါ်စီးကနေ မြင်ရတဲ့ ကော်ဖီဆိုင်လေးလည်းရှိပါတယ်။
သူတို့ရဲ့ မာကတ်တင်းကသိပ်လှပါတယ်။ ရောက်လာတဲ့ လူတွေ အားလုံးသိသိကြီးကျေကျေနပ်နပ်ကြီးနဲ့ ကိုအရာအားလုံးအပေါ်မှာအားပေးကြပါတယ်။
ဖူးစာရှင်လည်းအများဆုံးရှာတွေ့တယ်ဆိုတဲ့ ဒဏ္ဍာရီကလည်းအခန့်သားပါ။ ဆုတောင်းစာရေးပြီးဆုတောင်းလို့ ရတဲ့နေရာတခုရှိပါတယ်။
ကျမတို့တည်းတဲ့ Yha China ( Ancient Town International Youth Hostel ) ဆိုတာကတကမာ္ဘလုံးနိုင်ငံတော်တော်များများမှာရှိပါတယ်။ မန်ဘာဝင်ထားရင် ဘယ်နိုင်ငံရောက်ရောက် Discount ပေးပါတယ်။ ဈေးသက်သာအပြင်ဆင်ရိုးရှင်းပြီးရှေးဟန်မပျက်ပြင်ထားတာပါ။ Hiking ဝါသနာအိုးတွေ စုလေ့ရှိတဲ့နေရာတခုဖြစ်ပြီးအဲ့ရောက်မှ ခရီးစဉ်ဆွဲပြီးပေါင်းသွားကြတာမျိုးတွေလည်းရှိပါတယ်။ နေရတာသက်တောင့်သက်သာရှိပြီးစိတ်ချမ်းသာပါတယ်။
တည်းတဲ့သူအများစုကလည်းကျောပိုးအိတ်တလုံးနဲ့ တောင်တက်ချင်တက် စက်ဘီးစီးချင်စီး tracking သွားချင်သွား စိတ်တူကိုယ်တူဝါသနာတူတွေမို့ တက်ကြွတဲ့စူးစမ်းတဲ့စရိုက်အပြည့်ရှိတဲ့သူတွေကို တစုတဝေးထဲမြင်ရတာပါ။
Mosuo women ( Kingdom of Women)
နောက်ပြီးလိကျန်းမြို့ဟောင်းရဲ့ တချို့သောယက်ကန်းယက်ပြပြီး ပုဝါတွေ ရောင်းတဲ့ မောဆိုးအမျိုးသမီး (Mosuowomen )တချို့ကိုလည်းတွေ့နိုင်ပါတယ်။ သူတို့မျိုးနွယ်စုကတိဘက်နယ်စပ်အနီးကLuga lake , Labaiမှာနေထိုင်ကြတာပါ။
ထူးခြားတာကမောဆိုးအမျိုးသမီးတွေကို ( Kingdom of women) အမိအုပ်စိုးသောတိုင်းပြည်လို့ သမုတ်ကြပါတယ်။ မောဆိုးအမျိုးသမီးတွေကအိမ်ထောင်ပြုလေ့မရှိဘူး။ အတည်တကျ ယောက်ျားတယောက်ထဲကိုလက်ထပ်လေ့မရှိပါဘူး။ သူနှစ်သက်တဲ့အမျိုးသားကိုသူနှစ်သက်တဲ့အချိန်ထိဖိတ်ခေါ်ပေါင်းသင်းလို့ရပါတယ်။ အမျိုးသားတွေကလည်းညလာအိပ်ပြီးမနက်ကျ ကိုယ့်အိမ်ကိုယ်ပြန်သွားတာပါ။ ဘာတာဝန်ယူမှုမှ မရှိပါဘူး။ နောက်တယောက်ပြောင်းချင်လည်းသဘောရှိပါ။
သူတို့မွေးလာတဲ့ကလေးတွေကိုတော့ ဦးလေးတွေ ဆွေမျိုးတွေကကျွေးမွေးစောင့်ရှောက်လေ့ရှိတယ်လို့ ဆိုပါတယ်။ အဖေတော့မရှိဘူးပေါ့။
ခုနောက်ပိုင်းတော့ ယဉ်ကျေးမှုပြောင်းလဲလာတဲ့အခါ ရှေးထုံးမပယ်ချင်တဲ့ အမျိုးသမီးတွေရှိသလိုအိမ်ထောင်အတည်တကျ လက်ထပ်ချင်တဲ့အမျိုးသမီးတွေလည်းရှိလာပါပြီ။ နောက်ပြီး AIDS လိုကူးစက်လွယ်တဲ့ရောဂါတွေ ရှိလာတဲ့အခါမှာတော့ ချိုင်းနားအစိုးရက ဝင်ထိန်းပါတယ်။ တယောက်မှာ HIV ရှိပြီဆိုတရွာလုံးကူးဖို့ ရာခိုင်နှုန်းများတာမို့ ပညာပေးသင့်တာပေးပြောင်းသင့်တာပြောင်းပေါ့လေ။ သို့သော် အခုထိအဲ့ရိုးရာကိုဆက်ထိန်းနေသူတွေရှိနေဆဲပါ။
ခုနောက်ပိုင်းခရီးတော်တော်ထွက်ပြီးတဲ့အခါ နားလည်လာတာတခုကတကယ်တမ်းတော့ ယဉ်ကျေးမှုဆိုတာပြောင်းလဲခြင်းလို့ ပါ။ တရားသေဆုပ်ကိုင်ထားရတဲ့အရာမဟုတ်ပါဘူး။
နောက်ပြီးထူးခြားတာတခုကအဲ့လိုချစ်စရာသာသာယာယာမြို့လေးကိုလာလည်တဲ့သူအများစုကချိုင်းနားပြည် ကြီးကလူတွေ ဂျပန်တွေ အေးရှားတွေ များပါတယ်။
အနောက်တိုင်းသားဧည့်သည်တွေ အတော်နည်းပါတယ်။ ထိုင်းလိုသူတို့ ကြိုက်တတ်တာမပေါလို့ တခြားသောအကြောင်းများကြောင့်လည်းပါမှာပါ။
ကိုယ်ပဲမတွေ့တာလားတော့မသိ မြို့ဟောင်းလေးမှာ sex worker တွေ မူးယစ်ဆေးတွေ မမြင်ခဲ့ပါဘူး။ သန့်တယ်ခေါ်မလားပဲ။
Jade Dragon Snow Mountain (18,360 ft or 5596 m)
မြို့ဟောင်းကနေနည်းနည်းလောက်သွားလိုက်ရင် ကေဘယ်နဲ့ တက်လို့ရတဲ့ ကျောက်စိမ်းနဂါးရေခဲတောင် (သူတို့အခေါ်တော့ ယိလုံရေခဲတောင် ) ရှိပါတယ်။ ပေ ၁၈၃၆ဝ လောက်မြင့်ပြီးကျမတို့ မြန်မာပြည်ကခါကာဘိုရာဇီနဲ့ မောင်နှမတော်မလားပဲ ။ ကျမတို့ဘက်မှာခါကာဘိုရာဇီရှိပြီးသူတို့ဘက်မှာကျောက်စိမ်းနဂါးရေခဲတောင် ရှိနေတာပါ။ ခါကာလိုပဲမတ်စောက်လွန်းပြီးထိပ်ဆုံးထိလူမတက်နိုင်ပါဘူး။ ကေဘယ်နဲ့ ပေတသောင်းခွဲလောက်တော့ တက်လို့ ရပါတယ်။
တကယ်တမ်းပြောရရင် လိကျန်းနယ်တဝိုက်က ရေခဲတောင်တွေကကျမတို့ ကချင်ပြည်နယ် ပူတာအိုဖက်ကရေခဲတောင်တွေနဲ့ ဆက်နေတာပါ။ ပူတာအိုဖက်နေတဲ့ ခေါင်တဲ့ဒေသကတိုင်းရင်းသားတချို့တွေဆိုတာဒီဖက်ကလူတွေနဲ့ အမျိုးနွယ်ဆင်ပါတယ်။ နည်းနည်းပဲကွဲတာပါ။ စကားပြောတော့ကွာတာပေါ့လေ။
ကျမတို့ကHaba snow mountain ကိုသွားတက်ဖို့ ရည်ရွယ်ထားပြီးသားမို့ ကေဘယ်နဲ့တက်ရတဲ့ ဒီတောင်ကိုမတက်ခဲ့ပါဘူး။ အဝေးကပဲ ကြည့်ခဲ့ပါတယ်။ အချိန်မပေးနိုင်တော့တာလည်းပါပါတယ်။
ကျမတို့ လိကျန်းမှာ ၂ ညအိပ် နေခဲ့လည်ပြီးတဲ့နောက်ရက် ၁ရ ရက်နေ့မှာဟာဘာရွာကိုကားနဲ့ ဆက်ထွက်ခဲ့ပါတယ်။ ဟာဘာရွာကိုလှမ်းချိတ်ပြီးသား ကား ၂ စီးက လာကြိုပေးပါတယ်။ လမ်းမှာနာမည်ကြီး မြစ်တခုကို ဝင်လည်ခဲ့ပါတယ်။
Tiger Leaping Gorge
ကျားတကောင်က မုဆိုးတွေလက်ကနေပြေးရင်း မြစ်ကိုကျော်ပြီး လှျိုစောက်ထဲကနေ တဖက်ကိုခုန်ကူးသွားတဲ့
ရှေးဒဏ္ဍာရီတခုရှိပြီး လက်ရှိလည်းကျားခုန်သွားတယ်ဆိုတဲ့ နေရာမှာကျားရုပ်ထုထားပါတယ်။
အဲ့နေရာမှာယန်ဇီမြစ်ကရေစီးအရမ်းသန်သလိုဘေး ၂ဖက်မှာလည်း ကျောက်ဆောင် မတ်မတ်ကြီး ၂ ခုကြားစီးဆင်းနေတာမို့ Potential အားကောင်းတဲ့ ပတ်ဝန်းကျင်တခုကို မြင်ရပါတယ်။ မြစ်က ၃ရ မိုင်လောက်ရှည်ပြီး Jade Dragon Snow Mountain ကနေHaba snow mountain ကြားလမ်းတလျှောက်မှာစီးဆင်းနေတာပါ။
လိကျန်းမြို့ဟောင်းမြောက်ဖက်မှာရှိပြီးချိုင်းနားအနောက်တောင်ဘက်မှာရှိပါတယ်။ယူနန်ပြည်နယ်အတွင်းမှာရှိတဲ့ ကမာ္ဘ့အမွေအနှစ်စာရင်းဝင်တဲ့ မြစ်ကြီး ၃ စင်းရဲ့ တစိတ်တဒေသဆိုလည်းမမှားပါဘူး။ မြစ်အကျဉ်းဆုံးနေရာမှာအကျယ်က ၈၂ ပေလောက်ရှိပါတယ်။
ကမာ္ဘပေါ်မှာအကြီးကျယ်ဆုံးအနက်ရှိူင်းဆုံး ချောက်စာရင်းဝင်ပါ။ နေ့လည်ခင်းနေပူတဲ့အချိန်ရောက်သွားတာမို့ ဆင်းတဲ့အချိန်မသိသာပေမဲ့ လှေကားထစ်တွေ ပြန်တက်တဲ့အချိန် အတော်လေးကိုဟိုက်ပါတယ်။
Photo CD (Ye Win)
နောက် လိကျန်းကနေဟာဘာရွာကိုသွားတဲ့ လမ်းတလျှောက် ကားလမ်းက တောင်ကမ်းပါးယံလေးတွေဘေး ကပ်ဖောက်ပြီးကျောက်ဆောင်ကြီးကတဖက် ချောက်ကြီးတွေကတဖက်ကြားမှာမောင်းရတာပါ။
အဲ့လောက်ကြီးတဲ့ ကျောက်တောင်ကြီးတွေ ကို ကြည့်ရမြင်ရတာ Strong ဖြစ်တဲ့ ဖီလင် မျိုးခံစားရပါတယ်။
Haba Village
လမ်းမှာချောက်ကနေဆက်သွား ပြီးရင် နေ့လည်စာစားပြီးနေ့လည် ၂ နာရီကျော်လောက်မှာဟာဘာရွာကျမတို့ တားဂတ်ကိုရောက်ပါတယ်။ ဟာဘားရွာကတော်တော်လှပြီးသာယာပါတယ်။ ဧပရယ်လကြီးမှာတောင် လေတဟူးဟူးတိုက်ပြီး အေးအေးစိမ့်စိမ့်ရှိပါတယ်။
ညဆို ကုတင်က လျှပ်စစ်နဲ့ အပူပေးတဲ့ဟာကို တည်းတဲ့နေရာတိုင်းဖွင့်အိပ်ခဲ့ရပါတယ်။
အပူပိုင်းနေတဲ့သူမို့လားမသိ အေးတဲ့နေရာကို ရောက်ရင် အလိုလိုစိတ်ချမ်းသာပြီး လူကလည်းရွှင်ရွှင်ပျပျဖြစ်လာပါတယ်။
ခါတိုင်းနှစ်တော့ အဲ့ချိန်ရွာမှာ နှင်းတွေထုနဲ့ ထည်နဲ့ ရှိနေတတ်ပေမဲ့ ဒီနှစ်တော့မရှိပါဘူး။ ရွာမှာတည်းရတဲ့အိမ်က အခင်းအကျင်းရိုးရှင်းသလောက် ခေတ်မှီတယ်။ ဗိသုကာတော်တယ်ပြောရမယ်။ ဝိုင်ဖိုင်ကလည်းကောင်းမှကောင်း Facebook သုံးမရတာတခုပါပဲ။ ရေမီးကောင်းတယ်။ အိမ်ရှင်မက ဟင်းချက်ကောင်းတယ် ။
ကော်ဖီဆိုင်လိုလေး ဖွင့်ထားတာ အောက်ထပ်က ညဆို ရွာထဲက ဧည့်သည်တွေလာထိုင်တယ်။ နှပ်ကော်ဖီကိုမွှေးနေတာပဲ။
အပေါ်ထပ်မှာ ဧည့်သည်ခန်း ၂ ယောက်အိပ်ခန်း ၄ ခန်းပဲ ရှိတယ်။ ကျမတို့ကလည်း ၈ ယောက်ဆိုတော့ ကွက်တိပဲ။
ဟာဘာရွာလေးက နေချင့်စဖွယ်ပါ။ မားကတ်တင်းသဘောတရားနားလည်တယ်ထင်ပါ့။ ငွေဘယ်လိုရှာရမလဲဆိုတာ ကောင်းကောင်းသိကြတယ်။
အခြေခံအဆောက်အအုံကောင်းသလို စိုက်ပျိုးရေးမှာလည်း နည်းပညာသုံးပြီးစိုက်ပျိုးတတ်တယ်။ ပတ်ဝန်းကျင်က တိတ်ဆိတ်တယ်။ ဒေသခံတွေက တိုင်းရင်းသားတော်တော်များများဟာ မြို့နေလူထက်စာရင် ရိုးသားတယ်။ စိတ်ရှင်းတယ်။
နောက်ပြီး ရွာကလူကြီးများဦးဆောင်ပြီး summit မရောက်ခင် base camp မှာ ကျောက်တုံးတွေနဲ့ နားနေဆောင်လိုမျိုး အိမ်လေးတွေ ဆောက်ပေးထားတယ်။ လမ်းခုလတ်မှာလည်း နားလို့ရအောင် သစ်လုံးအိမ်လေးတွေလည်း ဆောက်ပေးထားတယ်။ ပြီးရင်တော့ တောင်တက်တဲ့သူတိုင်းကို အခကြေးငွေကောက်ပါတယ်။ ကိုယ်က ဒေသခံလမ်းပြငှားရင် အဲ့ဒီလမ်းပြက ရွာလူကြီးကို ပြန်ပေးရပါတယ်။
စားစရိတ်နေစရိတ် ကားခ လမ်းပြကြေးအပါအဝင် တယောက်ကို မြန်မာငွေ ၄ သိန်းနီးပါးတော့ ကျပါတယ်။
Haba Snow Mountain ( 17700 ft)
၁၈ ရက်နေ့ မနက် ၉ နာရီ လောက်မှာ ရွာကစထွက်ပါတယ်။ ကျမတို့အဖွဲ့ ၈ ယောက်( မန်းလေးက ရယောက် စင်္ကာပူက ၁ ယောက်) မှာ လမ်းပြ ၄ ယောက် ရိက္ခာသယ်ဖို့ မြင်း ၃ ကောင်ပါပါတယ်။ မနက်စာကို တည်းတဲ့လမ်းပြအိမ်က ဆန်ပြုတ် နဲ့ ဂျပါတီ ကျွေးပါတယ်။ Base camp သွားတဲ့ လမ်းမှာ သစ်လုံးအိမ်တခုမှာ နေ့လည်စာ စားပြီးခဏနားရပါတယ်။ ကြက်ဥပြုတ်နဲ့ ဂျပါတီကို မီးပြန်ကင်ပြီး ရေနွေးကြမ်းနဲ့ ကျွေးတာပါ။ တက်နေတုန်း ပူပေမဲ့ အမြင့်ရောက်လေ လေကတဖြည်းဖြည်းအေးစက်လာတာမို့ အနွေးထည်က ချွတ်လိုက်ဝတ်လိုက်ပဲ။ နားလို့ ထိုင်လိုက်တာနဲ့ အအေးက ချက်ချင်းကဲလာတာပါ။
Photo CD ( Ko Nigel Lim)
နောက်ပြီး မြင်းကို တခါမှ မစီးဖူးပေမဲ့ တောင်တက်လမ်းမှာ လမ်းပြတွေစီးတာ အားကျပြီး နာရီဝက်လောက် စီးကြည့်ပါတယ်။ ထရိန်နင် ၂ ရက်လောက်ပဲ ဆင်းခဲ့လို့ အတော်လေးကို ဟိုက်တယ်။ စတက်တဲ့အချိန် လျှောက်နိုင်ပေမဲ့ စီးချင်တာမို့ စီးကြည့်တာပါ။ အမှန်ကတော့ အလွန်အနာ္တရယ် များတာပါ။ လူတောင် မနည်းတက်ရတာပါ။ မြေပြန့်ဆိုရင်တောင် သိပ်မလွယ်တာ ပထမဦးဆုံး တောင်ပေါ်စီးတာဆိုတော့ တွေးသာကြည့်ပါ။ ကိုယ့်အားကျပြီး သူငယ်ချင်းတယောက်က တက်စီးတာ ပြုတ်ကျပါတယ်။ တော်သေးတာက ကျောက်တုံးတွေ သိပ်များတဲ့နေရာမဟုတ်လို့ အကျသိပ်မနာလို်က်ပါဘူး။
ကိုယ်တွေကလည်း လူမိုက်တွေဆိုတော့ လူမိုက်အချင်းချင်းအားပေးကြမ်းပါတယ်။ သူကလည်း နောက်တကောင်ပြောင်းစီးတာမှာ အဆင်ပြေသွားပါတယ်။
ရှူခင်းက ပြောရရင် တရွာတပုဒ်ဆန်း။ သူလှတာတမျိုး တောသန့်ပြီးလှတာ။ စိတ်ညစ်စရာကောင်းတဲ့အင်းဆက်အကောင်ပလောင် ကျွတ်တွေ ယင်တွေ ဘာမှ မရှိဘူး။ သစ်ခွ မရှိသလောက်ပဲ။ တောင်ဆိတ်တွေတော့ ပေါတယ်။ ထင်းရှူးလို အပင်ကြီးတွေလည်း ပေါတယ်။
အပင်တွေ ခုတ်ထားတဲ့ လွင်ပြင်တခုတော့ ရှိတယ် ။
ပေ ၈ ထောင်ဝန်းကျင်လောက်မှာ တောင်ဇလပ်တွေတော့ လှိူင်နေတာပဲ ။
ဒီလောက်တက်တဲ့သူူများတာ အမှိုက်မရှိဘူး လမ်းမှာ။ ခြင်းကြားလေးနဲ့ အမှိုက်ခြင်းတောင်ထားပေးထားတယ်။
လေတဟူးဟူးနဲ့မို့ အေးပြီးခဲလိုက်လာတာ ကြာကြာမရပ်ရဲဘူး။ ဓာတ်ပုံရိုက်လိုက် စကားပြောလိုက် တက်လိုက်နဲ့ ညနေ သိပ်မစောင်းခင် ၄ နာရီလောက် base camp ရောက်ပါတယ်။
ချိူင်းနားစံတော်ချိန်က မြန်မာပြည်ထက် ၁ နာရီခွဲစောပါတယ်။ ညဆိုလည်း ၈ နာရီလောက်ထိ ကောင်းကင်ကြီးက လင်းပြာနေတာပါ။ ၉ နာရီလောက်မှ မှောင်ပါတယ်။
ပေက တသောင်းသုံးထောင်ဆိုတော့ သူ့အစွမ်းတော့ စပြပါတယ်။ ကိုယ်အမြင့်ဆုံးရောက်ဖူးတာက ပေတသောင်းကျော်စွန်းစွန်းလေးပါ။ အားလုံး နှုတ်ခမ်းတွေ ထူထူမဲမဲကြီးဖြစ်ပြီး မျက်လုံးတွေ မို့လာပါတယ်။
ညစာကို လမ်းပြတွေက မုန်လာဥဖြူကို ဝက်သားနဲ့ ရောပြီး အရည်သောက်ချက်ပါတယ်။ ထမင်းပူပေါ်ကိုတ ခါထဲဆမ်းပေးလိုက်တာပါ။ ရေသန့်ဘူးတွေပေးပါတယ်။ ရေကိုဝဝသောက်ခိုင်းပါတယ်။ ကျွဲရိုင်းတဘူးဆီပေးတယ်။ ချောကလက်တွေလည်းပေးတယ်။
ရေက ၂ လီတာလောက်ကုန်အောင်သောက်သင့်တာပါ။ ဒါမှ ဦးနှောက်က မျှခြေဖြစ်ပြီး မူးတာ မော်တာ ကိုက်တာ အန်တာ မရှိအောင်ပါ။
ပြီးတော့ ရေခဲထပ်ကိုရောက်ရင် ဖိနပ်မှာ ထပ်စီးရမဲ့ ဆူးချွန် အသွားပါတဲ့ သံဖိနပ်ချွှန်တွေစီးပုံသင်ပေးပြီး ဆိုဒ်ညှိပေးပါတယ်။ နောက်ရေခဲပုစိန်သုံးနည်းသင်ပေးပါတယ်။ လေကာနည်း မောရင် ခါးကုန်း အသက်ရှူနည်းတွေ ပြောပြတယ်။
မြန်ဖို့မလိုပဲ ကိုယ့်နှုန်းနဲ့ကိုယ် တက်ဖို့လည်း မှာတယ်။ အားလုံးကတကယ်တော့ ဒီလောက်ကြမ်းတဲ့တောင်ကို ပထမဆုံးတက်ကြတာပါ။တောင်တက် ဂီယာတွေကိုလည်း တခါမှ မသုံးဖူးကြပါဘူး။ အဲ့အချိန်မှာ ရာသီဥတုကလည်းတော်တော်လေး ဆိုးတဲ့အခြေနေပါ။
ကိုယ့်ရှေ့မှာ ရောက်နှင့်နေတဲ့ အဖွဲ့တွေက summit တက်တာ ၃ ရက်လောက်ရှိပြီ ။ တခေါက်မှ မရောက်သေးပါဘူး။ လေကြမ်းလွန်းလို့ ပေတသောင်းခွဲကျော် နီးပါးလောက်မှာ ဘယ်လိုမှ ဆက်တက်လို့ မရလို့ ပြန်ဆင်းလာတာပါ။ နောက်တနေ့မနက်တော့ ကျမတို့နဲ့ အတူတူ တက်ကြမှာပါ။
ကျမတို့ အိပ်ရတဲ့ အခန်းလေးက ၂ ဆင့် ကုတင်နဲ့ လူ ၁ဝ ယောက်အိပ်လို့ရပါတယ်။ ကျမတို့က ၈ ယောက်( ယောက်ျားလေး ၃ ယောက် မိန်းကလေး ၅ ယောက်) ။ ယောက်ျားလေးတွေကို အပေါ်ဆင့်တွေအိပ်ခိုင်းပေမဲ့ လေတိုက်တဲ့အခါကျ နံရံတွေက သစ်သားတွေ၊ ကုတင်ကလည်း ထင်ရှူးနဲ့ အဖြစ်ဆိုတော့ ပုခက်လွှဲသလို ယိမ်းနေတော့ အိပ်လို့ မရကြဘူး။
လေကကြမ်းလိုက်တာမှ တဝုန်းဝုန်းတဒိုင်းဒိုင်း။ ဒီလောက်အေးတာ ဒီတခါပဲ ခံစားဖူးတယ်။
အောက်ဆင့်အိပ်တဲ့ကျမတို့ကလည်း ချမ်းလိုက်တာမှ ဘယ်လောက်ဝတ်ဝတ် အရိုးထိအေးဖြစ်နေတာပါ။
ဒီလိုနဲ့ မိန်းကလေးတွေ ၂ ယောက်တကုတင် ခြေပြန်ခေါင်းပြန်ပေါင်းအိပ်ကြပါတယ်။ ဒါတောင်တယောက်က sleeping bag ယူလာတော့ ကျမက အဲ့ထဲဝင်အိပ်တာပါ။ စအိပ်အိပ်ချင်း ဘယ်လိုမှ အိပ်လို့ မရပါဘူး။ အိပ်မပျော်တာMountain sickeness (MS) တမျိုးပါ။ ဗစ်တိုးရီးယားမှာရော ဖုန်ကန်မှာရော ညတိုင်း အိပ်မပျော်ခဲ့တာ တကယ်တော့ MS ကြောင့်ပါ။ ခုမှ သဘောပေါက်တယ်။
ညလယ်လောက်မှာ အဖျားတက်ပြီး တဆတ်ဆတ်တုန်ပြီးချမ်းလာပါတယ်။ အတူအိပ်တဲ့တယောက်ကလည်း အိပ်မပျော်တာနဲ့ ပရိတ်တရားကို ခပ်တိုးတိုးဖွင့်ထားပါတယ်။
တမှေးလောက်ပျော်သွားပြီးတဲ့အချိန် မနက် ၃ နာရီ ရောက်တော့ နှိုးစက်မြည်လာတာနဲ့ အကုန်ထကြပါတယ်။ ဖြစ်ချင်တော့ နိုးနိုးချင်းခေါင်းတွေ ဒိတ်ဒိတ်နဲ့ ကိုက်ရုံသာမက ပျို့တက်ပြီး တဝေါ့ဝေါ့စအန်ပါတယ်။ လေတွေပဲပါတာပါ။ အတူပါလာတဲ့ယောက်ျားလေးတယောက်ကတော့ ထဖို့တောင် အနိုင်နိုင်ဖြစ်ပြီး သူပြန်ဆင်းဖို့ မြင်းတောင်မှာရပါတော့တယ်။
ကျမတို့ထဲ မိန်းကလေးသူငယ်ချင်းတယောက်ကတော့ လိကျန်းမှာကထဲက နှာခေါင်းသွေးတွေ အတုံးလိုက်ပြုတ်ကျပြီး ယိုပါတယ်။ ကျမတို့က ပေအမြင့်ရောက်လာလို့ ဒါတွေ စဖြစ်နေမှန်းမသိပဲ ဟာဘာရွာသွားတဲ့လမ်းမှာ တယောက်က နာရီပြောင်းပြီး အမြင့်တိုင်းတာတို့ GPS တို့ သုံးလိုက်မှ ငါတို့ ဒီလောက်အမြင့်ကို ရောက်နေပါလားဆိုပြီးသတိထားမိတာပါ။
ဒီရောက်တော့သူက သွေးတိတ်ပြီး အိုခေနေပါပြီ။ ကျမတို့က အခုမှ စကြတာပါ။
စားဖိုဆောင်သွားပြီး မနက်စာ ဂျပါတီနဲ့ ဆန်ပြုတ်ကိုသွားစားတဲ့အချိန် ဘယ်လိုမှ မြိုချလို့ မရတော့ပါဘူး။ ဒီလိုနဲ့ ကျမကို summit မတက်ဖို့ နားချကြပါတယ်။ လမ်းပြကလည်းမေးပါတယ်။ ခေါင်းက ဘေး၂ ဖက်ကိုက်တာဆို MS ရှေ့နောက်ကိုက်တာဆို ရိုးရိုး။ ကျမကသေချာပေါက် MS ဖြစ်နေတော့ ခဏနေ ပြန်ဆင်းဖို့ လမ်းပြတယောက်ချန်ပေးမယ်ပြောပါတယ်။
ဒါပေမဲ့ ကျမသူတို့ဆီက ရေနွေးကြမ်းထဲ ထန်းညက်ရောစိမ်ထားတဲ့ ဟာကို ၂ ကျိုက် ၃ ကျိုက်မော့သောက်လိုက်မိတယ်။
အဆောင်ပြန် ပြင်စရာရှိတာပြင်ပြီး တယောက်နဲ့ တယောက်ဖက်ပြီး အားပေး နှုတ်ဆက်နေတဲ့အချိန် ကျမပျို့တာရော ခေါင်းကိုက်တာရောရပ်သွားပြီး သွေးနွေးလာပါတယ်။
summit တက်ဖို့ အိတ်ကလည်းပြင်ပြီးသားဆိုတော့ ကျမလမ်းပြကို ငါအခြေနေကောင်းလာပြီ တက်နိုင်သလောက်တက်ကြည့်ချင်တယ် ဖြေးဖြေးတက်ပါ့မယ်။ အခြေနေဆိုးတာနဲ့ ချက်ချင်းပြန်ဆင်းပါ့မယ်ပြောပြီး လိုက်တက်သွားပါတယ်။
MS အတွက် အကောင်းဆုံး ကုထုံးက ဦးနှောက်ကို အချိုကျွေးတာပါ။ ထန်းညက်နဲ့ ဂျင်းကို ရေနွေးကြမ်းနဲ့ရောသောက်ရင် ယူပစ်သလိုပျောက်တယ်။ လမ်းပြတွေက အဲ့ဒါတွေ ဒီရောက်ကထဲတချိန်လုံးသောက်နေတာကျမ တောင်းသောက်ပလိုက်တာ ကံကောင်းသွားတယ်။
သူတို့သောက်တာကတော့ ကြံသကာလို အချိုခဲပေါ့။ ကျမကကိုယ်သိသလိုအလွယ်ထန်းညက်ပဲခေါ်လိုက်တာ။
အဖွဲ့ထဲကယောက်ျားလေးသူငယ်ချင်းတယောက်ကတော့ အိပ်ရာထဲမှာ ခွေကျန်ခဲ့ပါတယ်။ သူက Canon 5D ကိုင်တဲ့ပရိုသမားစစ်စစ်ပါ။ စင်္ကာပူကနေ တကူးတက လာပေါင်းတက်တာပါ။ သူမတက်နိုင်တော့ ကျမတို့အဖွဲ့တွေ အတော်နစ်နာပါတယ်။ ပုံကောင်းရဖို့ တော်တော်မျှော်လင့်ထားကြတာပါ။သိပ်တော့ မျှော်လင့်လို့မရ။
ကျမကတော့ အခြေနေမကောင်းလို့ ကင်မရာကို စိတ်ဒုန်းဒုန်းချပြီး ထားပစ်ခဲ့ပါတယ်။ရိုက်စရာဘာမှ ပါမသွားပါဘူး။
လမ်းပြက လေးယောက်မှာ ကျမကို သီးသန့် တယောက်ပေးလိုက်ရတဲ့အတွက် လူ ၆ ယောက်အတွက် လမ်းပြ ၃ ယောက်ပဲ ပါပါတော့တယ်။ တခြားတက်တဲ့အဖွဲ့တွေက လမ်းပြတယောက် လူတယောက်နှုန်း နဲ့ တက်ကြတာပါ။ သူတို့က ၃ ရက်မြောက်ဆက်တက်ကြတာပါ။ ကိုယ်ဇွဲကောင်းလှပြီ မိုက်လှပြီ ထင်နေတာ သူ့ထက်ကဲ ရွှေပြည်စိုးချည်းပဲ ။
စတက်တဲ့အချိန် မနက် ၄ နာရီ လေတိုက်တဲ့နှုန်းက တနာရီကို ၇၅ မိုင်နှုန်းပါ။ ကောင်းကင်တခုလုံးမှောင်မဲနေတာပဲ ။ရှေ့နည်းနည်းလောက်လှမ်းလိုက်ရင် ခေါင်းမှာတပ်ထားတဲ့ မီးရောင်ကလွဲရင် ဘာကိုမှ သဲသဲကွဲကွဲမမြင်ရပါဘူး။
အသံတော့ ပေးသွားကြပါတယ်။ စစချင်းအတူတက်ကြပေမဲ့ နောက်ဆုံးတော့ ကျမနဲ့ လမ်းပြပဲ ကျန်ပြီး ဖြေးဖြေးချင်းတက်ပါတယ်။
ခြေတလှမ်းလှမ်းတိုင်း မောလွန်းလို့ မနည်းလျှောက်ယူရပါတယ်။ ၁၅ မိနစ်လောက်တက်ပြီး တိုင်း ၃ မိနစ်လောက်နားတယ်။ တခါတော့ လေပြင်းတချက်အဝှေ့မှာ ကျောက်တုံးတွေပေါ်မှာ ရေခဲပြင်ပါးပါးလေးတွေ နင်းမိပြီး လျှောကျသွားပါတယ်။ လမ်းပြက ဂုတ်ကနေ မတင်ပြီး ဆွဲထားပေးရပါတယ်။
လေဆောင့်တိုက်တဲ့အချိန်ဆို ကျောက်တုံးအကွယ် မရှိတဲ့ ကျောက်ဖျာပေါ်ရောက်နေတဲ့အနေထားဆို လှဲပြီးအိပ်ချ တခါတလေ ကျောပေးပြီး ဒူးကွေးထားရပါတယ်။
ဒီဟာဘာတောင်ပေါ်မှာ နာမည်ကြီးတောင်တက်သမားအပါအဝင် ၁ဝ ယောက်လောက်သေဖူးပါတယ်။
အားလုံးဟာ လေတိုက်ကြမ်းလို့ ရိုက်ချခံရသလိုဖြစ်ပြီး ရေခဲချောက်တွေထဲ ကျပြီး သေကုန်တာပါ။
ဘယ်သူမှ အလောင်းပြန်မရပါဘူး။ ရှာလို့လဲ မတွေ့ပါဘူး။ တောင်တခုလုံးက ကျောက်တောင်စစ်စစ်မတ်မတ်ကြီးဖြစ်ပြီး ချောက်တွေကလည်း နည်းမှမနည်းတာ။ ခါကာဘိုရာဇီနဲ့ အမျိုးဆိုတော့လေ။
ရေခဲတွေကလည်း အထက်ရောက်လေ ထုကြီးလေနဲ့ တထပ်ပြီး တထပ်အုပ်သွားမှာကိုး။
နားလိုက်တက်လိုက်နဲ့ မိုးကနည်းနည်းလင်းလာပါတယ်။ လေတိုက်နှုန်းကလည်း တစက်မှ မလျော့တဲ့အပြင် ပိုပြင်းလာပါတယ်။ ပေ တသောင်း ငါးထောင်လောက်လည်းရောက်ရော ကျမရဲ့ ဆံပင်တွေ ရေခဲစဖြစ်လာပါပြီ။ အကျီ င်္ပေါ်မှာလည်း ရေခဲမှုန်တွေ ဖြစ် လမ်းလျှောက်နှုန်းလည်း ကျလာပါပြီ။ လက်အိတ်အောက်က လက်ချောင်းလေးတွေ စကျဉ်လာပါတယ်။
လူကတော့ အခြေနေကောင်းနေတုန်းပါပဲ။
ဖိနပ်က ရေခဲစီးဖိနပ်ပေမဲ့ စိတ်မချလို့ အတူပါအမတယောက်က ဆေးဖြန်းပေးလိုက်တာမို့ ရေတစက်မှ မစိုပါဘူး။ ခြေထောက်က အခြေနေကောင်းပါတယ်။
လမ်းပြက စတက်ကတည်းက မမောတမ်းမေးတာက ပြန်ဆင်းတော့မလားလို့ပါ။ သူကမေးလိုက် ကျမက နည်းနည်းလောက်တက်ပါရစေပြောလိုက်နဲ့ ဒီအထိရောက်လာတာပါ။ သူ့ခါးက ဖုန်းကလည်း ခဏခဏမြည်ပါတယ်။ မဆင်းသေးဘူးချည်းသူကလည်း ဖြေရှာတယ်။
အဲ့လိုနဲ့ နားနေတုန်း ကျမတို့အဖွဲ့ထဲက မိန်းကလေးသူငယ်ချင်းတယောက်လမ်းပြတယောက်နဲ့ ပြန်ဆင်းလာပါတယ်။ မီးရောင်ပြပြမြင်ရတာမို့ ဆက်မတက်ပဲ ရပ်နားနေတဲ့အချိန်ပါ။
သူကအတော်ခဲနေပါပြီ။ အသားတွေစပ်ပြီး ကျဉ်လာတာမို့ မခံနိုင်တော့လို့ပါ။
လူလိုအရကတော့ ဆက်တက်နိုင်တယ်။ အေးတဲ့ဒဏ်ကို တောင့်မခံနိုင်တော့တာပါ။
ကျမတို့ အဖွဲ့ရဲ့ အားနည်းချက်က အပူပိုင်းကလာတာမို့ ခဲလာတဲ့ရာသီ တိုက်တဲ့လေကြမ်းအေးကို မခံနိုင်ကြပါဘူး။
ကျမကိုလည်းမြင်ရော ဖက်ပြီးတယောက်နဲ့တယောက်အားပေးကြပါတယ်။ ငါတို့ဒီလောက်ကြမ်းတဲ့ရာသီနဲ့ ဒီလောက်အမြင့်ရောက်လာတာ ကျေနပ်ကြရအောင်လို့ ပြောပြီး ၂ ယောက်အတူပြန်ဆင်းကြပါတယ်။
ဆက်တက်တဲ့သူတွေအတွက် လမ်းပြမလောက်မှာစိုးလို့ လမ်းပြတယောက်ကို ပြန်လွှတ်ပြီး ကျမနဲ့ပါတဲ့ လမ်းပြနဲ့ပဲ ပြန်ဆင်းကြပါတယ်။
ကံကောင်းတာတခုက သူ့ဆီမှာ ကင်မရာသေးလေးနဲ့ ဖုန်းပါတယ်ဆိုတော့ မောနေတဲ့ကြားက စိတ်တိုင်းကျမဟုတ်ပေမဲ့ ပုံနည်းနည်းပါးပါးတော့ ရခဲ့ပါတယ်။ မဟုတ်ရင် ကျမပြန်သာဆင်းလာရတယ် စိတ္တဇဖြစ်ပြီး အိပ်လို့တောင် ပျော်မှာမဟုတ်။
စဆင်းတော့ မိုးလင်းပြီ။ ဘေးပတ်ဝန်းကျင်နဲ့ အောက်ကို သဲသဲကွဲကွဲမြင်ရတဲ့တခဏ လူက မူးလိုက်လာပါတယ်။ အောက်ကို ကြာကြာကြည့်လို့မရသလို အထက်ကိုလည်း မော့မကြည့်ရဲတော့ပါဘူး။ ရွတ်လိုက်ရတဲ့သံဗုဒ္ဓေ တက်ချင်အုန်းဟဲ့ ရေခဲတောင် ကိုယ့်ဟာကိုပဲ ကြိတ်ဆဲမိတော့တယ်။
ကျောက်တုံးကြီး ကျောက်ဖျာကြီးတွေကို မမြင်မစမ်း ကုန်းရုန်းတက်လာတာပါ။ ဘေးကလည်း ချောက်တွေ ။
တလှမ်းလောက်မှားဆင်းရင် သေပြီဆရာပါ။ အတော်လေးမတ်တာမို့ အဆင်းဘယ်နှယ့်ဆင်းရမယ်မသိတော့ပါဘူး။ လူလည်း ဖြုံသွားပါတယ်။ ခဏလောက်နောင်တရချင်သလိုလိုဖြစ်သွားပေမဲ့ ဆင်းသွားတဲ့နောက်တော့ အဆင်ပြေသွားပါတယ်။
ခဏနားမုန့်နည်းနည်းပါးပါးစား ကျွဲရိုင်းဖောက်သောက် ပုံနည်းနည်းရိုက်ပြီး ဖြေးဖြေးချင်းဆင်းပါတယ်။ ဒါပေမဲ့ လေကြမ်းတချက်လောက်ဆောင့်မိလိုက်တဲ့အချိန် ကျမတို့ ၂ ယောက်လုံးလျှောပြီး လမ်းမှာ ၂ ခါလောက်ပြုတ်ကျပါတယ်။ ကျမကဒူးသိပ်မခိုင်ချင်တော့တာမို့ ခဏခဏလျှောကျပါတယ်။ တခါမှာတော့ ကျမကျောပိုးအိတ်ထဲက ဆူးချွန်ပါတဲ့ သံဖိနပ်ကို ဖိမိပြီး အိတ်က ပေါက်သွားပါတယ်။
လက်က ရေခဲပုဆိန်ကိုတော့ စတက်ကတည်းက မချွတ်တမ်းဝတ်ထားတာမို့ ပြုတ်ကျမသွားပါဘူး။ သို့သော်ဈေးကြီးပေးဝယ်လိုက်တဲ့အသစ်စက်စက်ရေခဲဒဏ်ခံဘောင်းဘီက ဒူးနားမှာ စုတ်ပြီးပြဲသွားတာမို့ ငိုချင်သလိုလိုတော့ဖြစ်သွားတယ်။ အတွင်းကတော့ ဒူးစွပ်နဲ့မို့ နည်းနည်းတော့ ခံသာလိုက်ပါတယ်။ တကိုယ်လုံးကကျဉ်နေတော့ သိပ်တော့မသိသာသေးပါဘူး။
မနက် ၄ နာရီ စတက်ပြီး ၁ဝ နာရီကျော်ကျော်လောက်မှာ base camp ပြန်ရောက်ပါတယ်။ ခွေကျန်နေတဲ့တယောက်က ကျွဲရိုင်းသောက်ပြီး အခြေနေကောင်းလာပြီး ဓာတ်ပုံရိုက်ထွက်တာမို့ မရှိတော့ဘူး။ ကျမတို့လည်း မီးဖိုထဲသွားမီးလှုံ နွေးအောင်လုပ် လမ်းပြတွေနဲ့ နည်းနည်းပါးပါး အာလူးဖုတ်ပြီး အခန်းပြန်စောင်ခြုံအိပ်ပါတယ်။
အခန်းပြန်ရောက်ခါစပဲ အဖွဲ့ထဲက အမတယောက်ပြန်ရောက်လာပါတယ်။
သူက အထက်မှာ လက်အိတ်ချွတ်ပြီး ကြည့်တဲ့အချိန်လက်ထိပ်တွေမဲလာတာမို့ ဆက်တက်ရင် လက်ဖြတ်ရဖို့ နီးတာမို့ ချက်ချင်းပြန်ဆင်းချလာတာပါ။ ဒါတောင် သူက ဒီတောင်ကို တခါတက်ဖူးပြီး ၂ ခေါက်မြောက်အတက်မှာ သတိမထားမိလိုက်ပဲ ဖြစ်သွားတာပါ။ ဒီတခေါက်က ရာသီဥတုကို သေချာမကြည့်ခဲ့မိတာ အတော်ဆိုးပါတယ်။ ကိုယ်တွေကလည်း ရတဲ့ရက်ကို လာရတာဆိုတော့ ခပ်ပေါ့ပေါ့ပဲ တွေးမိခဲ့ကြတာပါ။ အပျော်တက်တာဆိုပြီး။
သူ့နောက်မှာတော့ နောက်ထပ် ၂ ယောက်ပြန်ဆင်းလာကြပါတယ်။ ကျမတို့ အဖွဲ့ထဲ ဆက်တက်နိုင်တာ ၂ ယောက်ပဲ ကျန်ပါတော့တယ်။ သူတို့ ၂ ယောက်ကိုပဲ မျှော်လင့်လို့ ရပါတော့တယ်။ နေ့လည် ၂ နာရီလောက်မှာတော့ သူတို့ ၂ ယောက် (မိန်းကလေး ၁ ယောက် ၊ ယောက်ျားလေး ၁ ယောက် )ပြန်ရောက်လာပါတော့တယ်။
ရေခဲစီး ဖိနပ်ချွန်ကို လဲစီးတဲ့နေရာထိရောက်ပေမဲ့ ပေ ၁ ထောင်လောက်အလိုမှာ ပြန်ဆင်းခဲ့ကြတာပါ။ ရာသီဥတုအတော်ကြမ်းပြီး လမ်းပြက ၁ ယောက် လူက ၂ ယောက်တက်ရတာမို့ တက်ဖြစ်ရင်တောင် တယောက်ထဲကိုပဲ ဆွဲခေါ်သွားလို့ ရမှာမို့ က တကြောင်း လမ်းပြကိုယ်တိုင်က အတော်လေးကို ဟိုက်နေတာကတကြောင်း ဆက်တက်ရမဲ့ ပေတထောင်ကျော်လောက်မှာ ရေခဲက ပြင်လိုက်ကြီး ၆ဝ ဒီဂရီမရှိတရှိမတ်တဲ့ ရေခဲကြောမတ်မတ်ကြီးကို ကြည့်ပြီး ဖြုံသွားတာကတကြောင်းပါ။
၃ ဖွဲ့တက်တာမှာ ကျမတို့ အဖွဲ့ရယ် ဂျပန်အဖွဲ့ရယ် တောင်ထိပ်မရောက်ခဲ့ပါဘူး။ နောက်တဖွဲ့လည်းပြန်ဆင်းကြပါတယ်။ နောက်တဖွဲ့ထဲက အမျိုးသမီးတယောက်နဲ့ အမျိုးသားတယောက် တောင်ထိပ်ရောက်ပါတယ်။
အဝတ်အစားက အပေါ်ဝတ်တထည်ကို ၅ သိန်းတန်လောက်ဝတ်ပြီး ဝတ်စုံကတင် အတော်လေးကို ခံနိုင်ရည်ရှိပြီး သိသာနေတာမို့ သူတော့ရောက်နိုင်မယ်ဆိုတာ မှန်းမိပြီးသားပါ။
မရောက်ခံနိုင်ရိုးလား ၃ ရက်ဆက်တိုက် တက်နေတာ ဒီနေ့မှ ရောက်သွားတာဆိုတော့ လမ်းကြောက သိပြီးသားဖြစ်နေတာကိုး။ လမ်းပြကလည်းကောင်းတော့ ဆွဲခေါ်သွားတာပါ။ ကြိုးလည်းပါတာကိုး။
ကျမတို့ငွေကို တအားကြီးမဖြုန်းပဲ အလတ်စားလောက်ပဲ သုံးခဲ့တာမို့ လူတွေ တအားခံခဲ့ရတာပါ။
ဒါပေမဲ့အောက်ရောက်တော့ လမ်းပြခေါင်းဆောင်က တောင်ထိပ်ထိခေါ်သွားတဲ့လမ်းပြတွေကို ဆူဆဲပါတယ်။
အခန့်မသင့်ရင်ဒီလေတိုက်နှုန်းနဲ့ ပြုတ်ကျသေနိုင်လို့ပါ။ ကံကြီးလွန်းလို့ ရောက်သွားတာပါ။
နောက်ရက်မှာလေတိုက်နှုန်းက တနာရီ ၅၅ မိုင်နှုန်း နောက်ရက်မှာ ၃၅ မိုင်နှုန်းပဲ ရှိတာမို့ သူများတကာတွေလို စောင့်တက်မယ်ဆိုရင်တော့ တောင်ထိပ်ရောက်နိုင်ချေရှိပါတယ်။ ဒါပေမဲ့ ကျမတို့ အချိန်မရတာမို့ အဖွဲ့စည်းနဲ့မဟုတ်ပဲ အပျော်တက်တာမို့ ပြန်ဆင်းခဲ့ကြပါတယ်။
အဲ့လောက်ရက်ကြာရင် လည်း အလုပ်တွေတန်းစီပြီးပြုတ်ရုံပဲ ရှိပါတယ်။
၃ နာရီလောက်မှာ တောင်အောက်ပြန်စဆင်းပါတယ်။ ရာသီဥတုကလည်း မကောင်းပါဘူး။ မနေ့ကနဲ့တခြားစီ။
နှင်းတွေကျ လေတွေတိုက်ပါတယ်။ အပြန်လမ်းမှာ ဗွက်တောဖြစ်သွားပါတယ်။ နှင်းကစို လေကအေးနဲ့ အသံတောင် သိပ်မထွက်နိုင်ဘူး။ လမ်းမှာ ၂ ဖွဲ့ကွဲပြီး နောက်ကျဓာတ်ပုံရိုက်ကျန်တဲ့ ကျမတို့ မိန်းကလေး ၃ ယောက်ကျန်ပါတယ်။ လမ်းပြက သစ်လုံးအိမ်က စောင့်နေတဲ့အချိန် ၃ ယောက်သား စကားတပြောပြောနဲ့ လမ်းမှားပါတယ်။ ညာဖက်လမ်းကြောလိုက်ပြီး ရွာတွေလည်ကုန်ပါတယ်။
သတိထားမိတဲ့အချိန်နာရီဝက်လောက်ကြာနေပြီ။ အဲ့ဒါနဲ့ လာလမ်းအတိုင်းပြန်လိုက်နေတုန်း လမ်းမှားကြီးဆက်သွားမိတုန်း နတ်သမီး ၆ ယောက်နဲ့ တွေ့ပါတယ်။ အသက် ၄ဝ ကျော် ၅ဝ ၆ဝ အရွယ်တွေ ရိုးရာဝတ်စုံတွေကိုမှ အပြည့်အစုံဝတ်ထားပြီး ရိုးရာဦးထုပ်အဝိုင်းကြီးတွေ ဆောင်းထားပါတယ်။
ကျမကကျမတို့ ဟာဘာရွာဆင်းမှာ ဘယ်လမ်းရောက်နေလဲဆိုတော့ သူတို့ရွာသွားတဲ့လမ်းမှားရောက်နေတယ်။ ဟာဘာရွာဆင်းတဲ့လမ်းရောက်ချင်ရင် သူတို့နဲ့လိုက်ခဲ့ပါတဲ့။
တဖက်ကရွာကိုသွားမှာမို့ လမ်းသင့်လို့ပြခဲ့ပါ့မယ်တဲ့။
ဒီလိုနဲ့ မိနစ် ၂ဝ လောက်ပြန်လျှောက်ပြီး ကျောက်အစိမ်းရောင်တွေရှိတဲ့ တောင်ကြားလမ်းကလေးထိပို့သွားပါတယ်။
လမ်းပြန်တွေ့တာနဲ့ အပျော်လွန်ပြီး ပါးစပ်ထဲ တွေ့သမျှ ဆုတောင်းပေးတဲ့ စကားတွေ အော်ပြီး ပြောမိတယ်။
ကျေးဇူးတင်တယ်ပြောတော့ ငါတို့ နင်တို့ဆီမှာလမ်းမှားနေရင်းလည်းပြပေးမှာပဲ မဟုတ်လားလို့ ပြန်ပြောသွားပြီး ကျေးဇူးတင်ဖို့ မလိုပါဘူးလို့ ပြောသွားပါတယ်။
ဓာတ်ပုံတောင် မရိုက်လိုက်မိဘူး။ သူတို့ကလည်း အဲ့အထက်ကလမ်းလေးကိုတက်သွားလိုက်တာ ခဏဆို ပျောက်ကိုသွားပါတော့တယ်။
ကျမက သူတို့ကို နတ်သမီးတွေလိုပဲ သတ်မှတ်ပြီး သတိရကျေးဇူးတင်နေတုန်းပါ။ ဝတ်စုံပြည့်နဲ့မြင်ရတာထူးဆန်းလို့ပါ။
လူဆိုရင်တောင် နတ်တွေက ကျမတို့နဲ့တွေ့ဖို့ လွှတ်လိုက်တာဖြစ်မှာပါ။ ကျမက လမ်းမှားမှန်းသိနေတာတောင် ခပ်သဲ့သဲ့ကြားတဲ့အသံတွေနောက်ကို ရမ်းသမ်းလိုက်တဲ့အချိန် မျက်နှာခြင်းဆိုင် ဘွားခနဲ့တွေ့ခဲ့တာပါ။
ဒီလိုနဲ့ညနေ ၆ နာရီကျော်လောက်မှာ ရွာကတည်းတဲ့အိမ်လေး ပြန်ရောက်ပါတယ်။ ရောက်ရောက်ချင်း ရ နာရီလောက်ထမင်းစားပြီး ပစ္စည်းတန်းသိမ်း ရပါတယ်။ နောက်ရက်မနက်အစောမှာတော့ လိကျန်းမြို့ဟောင်း ၃မြို့ထဲက နှစ် ၁ ထောင်ကျော်ရှိတဲ့ (Shuhe Ancient Town ) နောက်တမြို့ကို ကူးပါတယ်။
Shuhe Ancient Town, Lijiang City, Yunnan Province.
ဒီမြို့လေးက ပထမရောက်ခဲ့တဲ့ မြို့ဟောင်းနဲ့ မတူတဲ့အချက်က လာလည်တဲ့သူနည်းပြီး ပိုတိတ်ဆိတ်ပြီး ငြိမ်ပါတယ်။ ဆိုင်တွေကတော့ အတူတူပါပဲ။ သူက ဈေးပိုသက်သာပါတယ် ။ပစ္စည်းချင်းတူရင်တောင်ပိုဝယ်လို့ ကောင်းပါတယ်။ စားလို့လည်းကောင်းတယ်။
ညဖက်မှာတော့ ဘားတွေမရှိပါဘူး။အစောကြီးသိမ်းကြတယ်ဆိုင်တွေ ပြီးရင်ရာသီဥတုကပိုအေးပါတယ်။ လေတွေပဲတိုက်လို့လားမသိ။
ကော်ဖီဆိုင်တခုမှာရှိတဲ့ ကော်ဖီပါမုန့်လတ်လတ်ဆတ်ဆတ်ရဲ့ အရသာက တော်တော်လေးကို စွဲလမ်းစရာပါ်။ လက်ဖက်ခြောက်လိုမျိုး ပန်းတွေကို အခြောက်ခံပြီး ရေနွေးကြမ်းထဲခပ်သောက်လို့ ရတဲ့အခြောက်ပန်းတွေ အများကြီးရှိပါတယ်။ ကျမကတော့ ဘယ်ရီသီးကို အခြောက်ခံထားတဲ့ ပုလင်းလေးတလုံးဝယ်ခဲ့ပါတယ်။ သူ့ကို ရေနွေးထဲ ထည့်ဖောက်လိုက်ရင် ခပ်သင်းသင်းဘယ်ရီနံ့ လေး ထွက်ပြီး အရသာက တမျိုးပါ။
နို့နဲ့ လုပ်တဲ့ လတ်လတ်ဆတ်ဆတ်ချိစ်ခဲတွေ ဒိန်ချဉ်တွေလည်း အရသာကောင်းပါတယ်။ အသီးနှံတွေ လတ်ဆတ်ပြီး အရသာရှိတယ်။ တချို့ အရသာကတော့ ကျမတို့ဆီကလောက်တော့ မကောင်းဘူး နည်းနည်းပေါ့တယ် ဥပမာ စတော်ဘယ်ရီလို သရက်သီးလိုမျိုး။
အဲ့ဒီမှာတည်းခဲ့ရတဲ့ Yhu Chin ( Lvwo Internation Youth Hostel) ကလည်း တော်တော်အဆင်ပြေပြီး သူ့ရဲ့ ဧည့်ခန်း ကတော်တော်လှပါတယ်။ ပိုစ့်ကတ်တွေ ရောင်းပေးပြီး တကမာ္ဘလုံးကို ပို့ပေးပါတယ်။ ဖတ်ဖို့ စာအုပ်တွေလည်း ထားပေးထားပါတယ်။ အမှတ်တရစာရေးလို့ရတဲ့ Board တခုထားပေးပြီး ဘောပင်ရောင်စုံချပေးထားပါတယ်။ ရှေးအိမ်ပေမဲ့ အထဲက အပြင်ဆင်က ခေတ်မှီပါတယ်။
ဘဝမှာ တသက်လုံးအမှတ်တရဖြစ်နေစေမဲ့ ယစ်မူးစရာကောင်းတဲ့ညနေခင်းတခုကို အမှတ်တမဲ့မွေးဖွားပေးခဲ့တဲ့ ဒဏ္ဍာရီထဲက မြို့ဟောင်းတခုပါ။
အဲ့ဒီမြို့ဟောင်းမှာ တညအိပ်ပြီး နောက်ရက်မနက် ၉ နာရီ ကားနဲ့ ရွှေလီကိုပြန်ခဲ့ပါတယ်။ ညကြီးမိုးချုပ် ၁ဝ နာရီလောက်မှရောက်ပြီး ရွှေလီမှာ တညအိပ် နောက်ရက်မနက်အစော ရွှေလီ ရဲစခန်းမှာ မှတ်ပုံတင်ပြန်တောင်းပြီး ဒီဖက်မူစယ်ကူးပြီး အသင့်ငှားထားတဲ့ စင်းလုံးပြတ်ကားနဲ့ မန်းလေး တောက်လျှောက်ဆင်းခဲ့ပါတော့တယ်။
မန်းလေးကနေစတွက်ရင် ခရီးအဆုံးထိ မိုင်ပေါင်း ၁၁၇၃ မို်င်သွားခဲ့တဲ့ မိုင်ထောင်ချီခရီးကို ၁ဝ ရက်နဲ့နှင်ခဲ့တာပါ။ အသွားအပြန်ဆိုရင်တော့ မိုင်ပေါင်း ၂ထောင်ကျော်မလားပဲ။
ခရီးစရိတ်အလိုအရတော့ မန်းလေးကနေ မူစယ်ကို တယောက် ၃ သောင်းခွဲ ကားခပေးရပါတယ်။ ခါတိုင်းအဲ့လောက်မကျပေမဲ့ အခါတွင်းကားမရှိလို့ဈေးကြီးတာပါ။
နောက်မူစယ်က တည်းခိုခန်းကလည်း ၂ ယောက်ခန်းကို ၃ သောင်းလောက်ကျပါတယ်။
ရွှေလီရဲစခန်းကနေ ကူမင်းထိသွားလည်ဖို့ ထောက်ခံစာလုပ်တာကမြန်မာငွေ တသိန်းနှစ်သောင်းဝန်းကျင်လောက်ပေးရပါတယ်။
ရွှေလီကနေ ကူမင်းထိ ကားခက ခြောက်သောင်းဝန်းကျင်လောက်ကျပါတယ်။
ကူမင်းကနေ လိကျန်းရထားခက ရိုးရိုးတန်းဆို တသောင်းခွဲဝန်းကျင် အိပ်စင်နဲ့ဆို ၃ သောင်းလောက်ရှိပါတယ်။
လိကျန်းမှာတည်းတဲ့ Yha China တည်းခိုခန်းအများစုကတော့ ဘယ်နိုင်ငံမှာပဲ တည်းတည်း တညကို မြန်မာငွေနဲ့တွက်ရင် တသောင်း ၊ တသောင်းခွဲက အများဆုံးပါပဲ။ ဈေးသက်သာပြီးသန့်ရှင်း အဆင်ပြေပါတယ်။
အနိမ့်ဆုံး ပေါင်းတည်းရတဲ့ ကုတင်အဆင့်တွေနဲ့ ဟာဆို တညကို ၅ ထောင်လောက်ပဲ ကျပါတယ်။
စားစရိတ်ကတော့ ပုံမှန်ပါပဲ။ ကိုယ်ကအကောင်းကြိုက်ရင်တော့ ပိုကုန်တာပေါ့။
ဟာဘာရွာကို သွားတဲ့ကားခ တည်းခိုခန်းက လမ်းပြကြေး စတာတွေ အကုန်ပေါင်းလိုက်ရင်တော့ သူ့ချည်း ၂ ညအိပ် ၃ ရက်ခရီးကို ၄သိန်းဝန်းကျင်လောက်ကျပါတယ်။
ခရီးစရိတ်ချည်းပဲ အားလုံးတွက်လိုက်ရင်တော့ ၈သိန်းလောက်တော့ ကုန်ပါတယ်။ ကျန်တာ ကိုယ်စားတာ ဝယ်တာသုံးတာတော့ မပါဘူးပေါ့။
လေယာဉ်နဲ့ပဲသွားမယ်ဆိုရင်တော့ ခရီးစရိတ်ချည်း ၁၅ သိန်းဝန်းကျင်လောက်ကျပြီး ရက်ကတိုသွားပါလိမ့်မယ်။
အတွေ့ကြုံသစ်တွေ အများကြီးရသလို ခရီးလည်းပန်း အတွေးသစ်တွေ ခံစားမှုအသစ်တွေနဲ့ စိတ်လက်ကြည်သာခဲ့တဲ့ အမှတ်တရပေါင်း များစွာထဲက အမှတ်တရခရီးရှည်တခုပါ။
ခရီးကပြန်လာပြီးတဲ့နောက် လူက စိတ်ရောလူရောအားသစ်လောင်းသလိုဖြစ်ပြီး ပိုတက်ကြွလာတာကလည်းမှတ်မှတ်ရရပါ။
ကျမတို့အနေနဲ့လည်း မကြာမကြာတော့ စိတ်ကို အစာကျွေးဖို့ ဒီလိုဆန်းသစ်တဲ့ ခရီးလေးတွေ တနှစ် ၂ ကြိမ်လောက်တော့ ထွက်ပေးသင့်ပါတယ်။ ဒါမှသာ ရှေ့ဆက်ဖို့ အားရှိမှာပါ။
24 comments
Alinsett @ Maung Thura
October 16, 2015 at 8:37 pm
.အိုးးးးးးး သွားချင်လိုက်တာ….
pooch
October 17, 2015 at 10:33 am
သွားချင်ရင် ရောက်အောင်သွားလေ ရောက်ပါတယ်
ဇီဇီခင်ဇော်
October 16, 2015 at 9:10 pm
Post of 2015
Speechless experience and so excellent presentation..
Bravo Pooch.
I love you.
:chit:
pooch
October 17, 2015 at 10:34 am
Thank you sweet… <3
ဒါပေမဲ့ ဒီရက်ပိုင်း ခြေထောက်က ပတ်တီးကိုင်နေရတယ်လို့ ဒဏ်ဖြစ်မှာပဲ စိုးတာ နောက်ဆို ;'(
padonmar
October 17, 2015 at 1:09 am
.ဒါလေးဖတ်ရတာ တန်သွားပြီ။
.တောင်တက်တာ တော်တော်ဇွဲသန် သတ္တိရှိရတဲ့ အလုပ်ပါပဲ။
.ဒါ့ကြောင့်လည်း သူတကာတွေ့ရခဲတဲ့ အလှအပတွေကို .မျက်မြင်ခံစားရတာပေါ့။
.အားကျပါတယ် မယ်ပုလေးရေ။
pooch
October 17, 2015 at 10:37 am
အဲ့လောက်လည်း လူက ခံနိုင်ရည်မရှိပါဘူး ဒီလိုပဲ သွားချင်တော့လည်း ရောက်အောင်သွားလိုက်တာပါ
တကယ့်တောင်တွေ တက်ဖို့ဆို ကိုယ်က အကင်းလောက်ရှိတာပါ ဒေါ်ဒေါ်ရယ်
ကထူးဆန်း
October 17, 2015 at 7:32 pm
အကင်းမို့လို့သာဘဲ ..
ဖတ်ရင်းနဲ့ မောလိုက်တာ .. :
ငယ်တုန်း ဒူး တာ ဒူး … အားပေးတယ် .. အားက ျတယ်
အသက် ရလာရင် မလုပ် နိုင်တော့ဘူး …. :hee:
pooch
October 20, 2015 at 1:00 pm
အသက်ကို ဆင်ခြေမပေးပါနဲ့ ကထူးဆန်းရယ်
လမ်းပြတယောက်က ၄ဝ ကျော် ၅ဝ ဝန်းကျင်ရှိနေပါပြီ
နောက် ကျနော်မနှစ်က ဖုန်ကန်ရာဇီ ရေခဲတောင် တက်တော့ အတူပါတဲ့ ရေဆင်းမှာ ဗော်လန်တီယာလုပ်နေတဲ့ ကိုရီးယားဆရာတယောက်ဆို ၅၆ နှစ်ရှိပြီ ကိုယ့်ထက်တောင် သန်သေးတယ် သူရှေ့ဆုံးက ကိုယ်တွေက လူငယ်ဖြစ်ပြီး နောက်က
ဩစတြီးယား က ဆရာတယောက်ဆိုရင်လည်း ၆ဝ ကျော်မှတ်တာပဲ
သူတို့ကတော့ အသက်ကြီးလည်း တက်လို့ရသရွေ့ မသေမချင်းတက်နေမဲ့ပုံတွေရှိတယ်
အဓိကက ကျန်းမာရေးကို ဂရုတစိုက်နဲ့ သေချာလိုက်စားရင် စိတ်ရှိသရွေ့ ကျန်းကျန်းမာမာနေနိုင်ပါတယ်ဗျာ
အားမလျော့ပါနဲ့
surmi
October 17, 2015 at 8:52 am
အဟမ်းးးး
ဂျီးတော်ပုချ်
ဒီလိုခရီးသွားပို့စ်လေးတွေနဲ့ဓတ်ပုံလေးတွေကို Fb ကကျနော်တို့ ခရီးသွားပေ့ချ် တွေဂရုလေးတွေမှာ ကူးယူဖေါ်ပြချင်ပါတယ် ။
မူရင်းပို့စ်ပိုင်ရှင်နဲ့ ဓတ်ပုံပိုင်ရှင်များကိုလည်း ဖေါ်ပြပေးပါ့မယ်ခင်ဗျ ။
ခွင့်ပြု မပြု သိပါရစေနော
🙂
လေးစားလျှက်
pooch
October 17, 2015 at 10:25 am
ယူပါ ရတယ်လို့ 🙂
kai
October 17, 2015 at 12:33 pm
ဆောင်းပါးကရှည်သမို့.. သတင်းစာမှာ တမျက်နှာနေရာယူ.. ခရီးသွားဆောင်းပါးအဖြစ်… ပုံနှိပ်ဖေါ်ပြဖူးတယ်…။
ယူအက်စ်ကလူတွေများ.. မြန်မာပြည်ထဲကနေ.. အဲလိုသွားလို့ရတယ်သိကြလို့… အံ့ဩလို့…။
pooch
October 17, 2015 at 1:32 pm
တို့တွေက ဆွေမျိုးပေါက်ဖော်တွေပဲဟာ သွားလို့ရတာပေါ့လို့ :mrgreenn:
ဒါပေမဲ့ တခါတလေ ပေါ်လစီပြောင်းရင်လည်း သွားလို့ မရတတ်ဖူး
ရရမရရ ကံစမ်းမဲပဲ ရသလောက်ထိသွားမယ်ဆိုပြီး တက်သွားလိုက်တာ ကံကောင်းလို့ ရောက်ခဲ့တာလေ
ဦးကြောင်ကြီး
October 18, 2015 at 5:16 am
(၁)
.ဂ ျလေဘီ
.တရွှေပြည်
.မဟေသီ
.ဒပေရှီ(ရှည်)
(၂)
.ခြစ်လေးပုရှ်
.စစ်တေးပြု
.သစ်ဈေးဖု
.ဟင့်မေးလု။
(၃)
.မောင့်ဟာဗါး
.ကြောင့်လှ ျာသွား
.စောင့်ကာနား
.ညှောင့်အာပွား
(၄)
.ငိုးမစစ်တပ်
.ခိုးခြညစ်ပတ်
.ဆိုးရဖြစ်ဇာတ်
.တိုးခြပစ်ခတ်။
(၅)
.ငှမိုးသဂ ျီး
.ရွပိုးမပြီး
.ဆတိုးလခွီး
.ဝဖြိုးခရီး။
ပုရှ်ကိုခြစ်တဲ့ ကဗ ျာဆြာကြောင်..
pooch
October 20, 2015 at 1:07 pm
ဒီကြောင်ကို အဲ့ချောက်ထဲ ခုန်ချခိုင်းရမှာ ဟိုဘက်ကမ်းရောက်မရောက်စမ်းတဲ့အနေနဲ့ :loll:
Shwe Ei
October 19, 2015 at 2:49 pm
-ပုံတွေကြည့်နေတုန်း အားကျစိတ်တဖွားဖွားပေါ်လာပေမဲ့
-စာဖတ်လိုက်တော့ ချွေးပျံသွားတယ် 😛
pooch
October 20, 2015 at 1:03 pm
ရွှေအိက ပိန်ပိန်ပါးပါးလေးနဲ့ သွားချင်သွားလို့ရပါတယ်
သိပ်အမြင့်ကြီးမတက်နဲ့ပေါ့
Ma Ma
October 19, 2015 at 4:35 pm
အားကျတယ်။
အသက်တဝက်လောက် ပြန်ငယ်ချင်တယ်။
ဒါပေမယ့် တကယ်ပြန်ငယ်သွားနိုင်ရင်တောင် စိုင်းထီးဆိုင်သီချင်းပဲ ဆိုရလိမ့်မယ်ထင်တယ်။
အရင်လို ဘဝအစမှာ ပြန်ပြီး နေခွင့်ရလည်း
………… :a:
pooch
October 20, 2015 at 1:09 pm
မမရယ် အဲ့လောက်လည်း မဟုတ်ပါဘူး အမှန်က ကျနော်တို့ တမြို့ထဲ နေဖြစ်ရမှာ
ကျနော်တို့ တောင်တက်အဖွဲ့ထဲမှာ ကထိက ဆရာမတယောက်ရှိတယ် အသက် ၄ဝ ကျော်အပျိုကြီး ကျနော်တို့ နဲ့ ဆို သူငယ်ချင်းပေါင်းပေါင်းတာ သူနဲ့နေရင် စိတ်ကို ချမ်းသာနေတာပဲ
မြစပဲရိုး
October 19, 2015 at 9:13 pm
Well …. ဒီ လို ခရီး သွားဖို့ ကို စိတ်မာရုံမက ခေါင်းပါ အတော်မာလွန်းလို့ ရောက်ဖြစ်တာလို့ ဘဲ မှတ်ချက်ချတော့မယ်။ 😉
ဒီလောက်အေးတဲ့ နေရာ မှာ အကျင့်မရှိဘဲနဲ့တောင် ရေခဲပြင်ထိပ်ကို အတော်ပေါက်တဲ့ အထိ သွားနိုင်တဲ့ စွမ်းရည်သတ္တိကို ချီးကျူးပါ့ကွယ်။
တကယ်တော့ အအေးခံနေမကျရင် တောင်တက်ဖို့ မပြောနဲ့ ဒီအတိုင်း မြေပြင်မှာ လမ်းလျှောက်ဖို့ ခန္တာကိုယ်က သိပ်ခွင့်ပြုတာမဟုတ်ဘူး။
ပြန်ဆင်းခဲ့တာ right decision ပါ။
အရီး ကတော့ ခရီး သွားရတာ ကြောက်သူမို့ တောင်မတက်ခင် တောင်ခြေကို ရောက်အောင်သွားရတဲ့ ပျမ်းမျှ ခရီး တစ်ရက်ခွဲ နဲ့ တင်ဒေါင်းလောက်ပြီ။
ဒါပေမဲ့ ကားတစ်တန် ရထားတစ်တန်ခရီး နဲ့ အမြင်အဆန်းတွေကြား ပျော်ဖို့တော့ကောင်းမှာဘဲ။
အရေးကလဲ ကောင်းတာမို့ ကိုယ်တိုင်သွားရသလိုတောင် ခံစားမိရဲ့။
ပုချ်ပြောတဲ့ အနောက်တိုင်း က လူတွေ သိပ်မတွေ့တာက တရုတ်အစိုးရ ရဲ့ ပေါ်လစီကြောင့်ဖြစ်မှာပါ။
အနောက်တိုင်းတိုးရစ် တွေ အတွက် ဗီဇာခက်နိုင်တယ်။
ဒီကလူတွေ ကတော့ အဲလို ရှုခင်းမျိုး တွေ၊ တောင်တက်ခရီးတွေ ကို အတော်လေးကြိုက်ကြတာပါ။
ကိုယ်တိုင် မသွားနိုင်တော့ သွားနိုင်သူ သွားတာ ကိုဘဲ တိုက်တွန်းပြီး ခရီးသွား အတွေ့အကြုံလေးတွေ အရီး တို့ ကို ပြန်မျှပေးပါ သမီးရေ။
စိတ်ရှည် လက်ရှည် ရေးပြီး မျှထားပေးတာ ကျေးဇူးပါ။
PS – Pooch ပိန်သွားပြီး ပိုချောနေတယ်။ :-))
pooch
October 20, 2015 at 2:48 pm
Thank you for your praise :chitt:
ခေါင်းကနည်းနည်းပဲ မာတာပါ :mrgreenn:
မပိန်ဘူး အရီးရဲ့ ဒါပါပဲ ပိုစားကောင်း အိပ်ကောင်းလို့ အဲ့က အပြန် ပေါင်ချိန်တောင်တက်လာသေးတယ်
အခု ညီမလေး မင်္ဂလာဆောင်ရှိ်လို့ ဝိတ်ချရအုန်းမယ် ဘယ်လိုချချ မကျနိုင်ဘူး ဖြစ်နေလို့ :cryy:
weiwei
October 20, 2015 at 9:01 am
အရမ်းအားကျသွားတယ် .. တရုတ်ပြည်ကိုလဲ အရမ်းလွမ်းသွားတယ် ..
တောင်တက်တာကလွဲရင် တရုတ်ပြည်တွင်း ခရီးစဉ်တွေကို ကျွမ်းကျွမ်းကျင်ကျင်ရှိခဲ့သူမို့လို့ ယူနန်ပြည်နယ် ခရီးစဉ်ကို သွားချင်စိတ်ပေါက်သွားပါတယ် … ဘယ်သူများလိုက်ချင်ကြမလဲမသိဘူး .. အဖော်ရှိရင်ဆိုရင် သွားချင်ပါသေးတယ် ..
pooch
October 20, 2015 at 2:57 pm
ယူနန်ပြည်ထဲ သွားချင်သေးတဲ့နေရာက ရှန်ဂရီလာရယ်
နောက်ဆုံး နတ်ပြည်လို့ တင်စားထားတဲ့ စိမ်းစိုပြီး မြစ်တစင်းစီးဆင်းနေတဲ့နေရာ ကြာပန်းတွေလည်း အများကြီး
နောက်ထပ်တနေရာရယ် ရှိသေးတယ် tracking သွားတဲ့နေရာတခု သူက အပေါ့စားပါ
ရက်မရလို့ မသွားခဲ့ရတာ
မဝေက တကယ်သွားမှာလား
ရောက်ပြီးသားတော့ မသွားချင်တော့ဘူး
ကျန်တဲ့နေရာတွေဆို လိုက်မယ်
သများက လောလောဆယ်အလုပ်မအားဘူး ရက်ရှည်ခွင့်မရှိဘူး ဒီကြားထဲ ပွဲတွေက ဆက်နေလို့ အလုပ်က
ဒီဇင်ဘာ လလယ်ကနေ ဇန်နဝါရီ လလယ်ထိ တလနီးပါးပိတ်တယ်
ဧပရယ် က လဝက်ပိတ်တယ်
summer ၂ လကတော့ ကိုယ်က တော့ နားရမယ်မထင်ဘူး အခြေနေကြည့်ရအုန်းမယ် ဒီနှစ်ထဲ ဒီဇင်ဘာပဲ ပိတ်ရက်ရှိတယ်
လူဘယ်နှစ်ယောက်ဆို သွားချင်လဲ
Ma Ma
October 20, 2015 at 10:52 pm
လည်ပတ်တဲ့ခရီးစဉ်လောက်ဆို လိုက်ချင်တယ်။
လိုက်မယ်လို့ အတိအကျမပြောနိုင်ပေမယ့် သွားမယ်ဆို လက်တို့အုံး။ 🙂
Mike
October 27, 2015 at 3:18 pm
.အသေးစိတ်ရေးပြသွားတာကိုယ်ပါတက်နေရသလိုပဲ..ချီးကျူးပါတယ်