ငယ်ငယ်က (၁)
ပို့စ်တွေ မတင်တာကြာလို့ လာတင်ပြဇေ
ကျွန်တော်ငယ်ငယ်က အ.လ.က(၉) ထောက်ကြန့်မှာ တက်ခဲ့ရတာ။ အဖေက ဝန်ထမ်းဆိုတော့ အိမ်ခဏခဏပြောင်းရတာ။ ထောက်ကြန့်မှာ ၆တန်း၊ရ တန်း တက်ခဲ့ရတာလေ။ အဲဒီကျောင်းကို သိတဲ့သူတွေလဲရှိပါလိမ့်မယ်။ ထောက်ကြန့်မရောက်ခင် ကျောင်းဂိတ်ဆိုတဲ့ ကားဂိတ်ကပါ။ ကျောင်းရဲ့ လိုကေးရှင်းလေးကိုလဲ နဲနဲမိတ်ဆက်ပေးပါရစေ။ ကျောင်းရဲ့ အနောက်ဖက်မှာတော့ စွန့်ပစ်သွားတဲ့ အနူဆေးရုံကြီး ခင်ဗျ။ လူလဲ တစ်ယောက်မှ မရှိဘူး (အခုတော့ သင်တန်းကျောင်းဆိုလား ဘာလားဖြစ်သွားပြီဆိုပဲ)။ ပြီးတော့ ဘောလုံးကွင်းကြီးရယ်။ တစ်မြို့လုံးကို မြင်နိုင်တဲ့ ရေစင်ကြီးလဲရှိတယ်။ ကျောင်းရဲ့ ဘေးမှာတော့ ကွင်းပြင်ကြီးတွေ (တစ်ခါတစ်ရံ ပန်းတွေ ဘာတွေလာစိုက်ကြသည်) ရယ် ပြီးတော့ ကျွန်းတောကြီးတစ်တောရှိတယ်။( အခုတော့ ကျူးကျော်တွေလားမသိ တောထဲအိမ်ဆောက်ထားကြတာ ကျူးတော ဖြစ်နေပါပြီ)။ အဲ့တုန်းက ကျွန်းတောကြီးဟာ လူသူမရောက်ပါဘူး။ အရမ်းထူထပ်တယ်။ အဲဒီကျွန်းတောကြီးနဲ့ သိပ်မကွာဝေးတဲ့နေရာမှာ ချောက်ကြီးရှိပြီး အောက်မှာ စမ်းရေတွေ ထွက်ပြီး ကြည်စိမ်းနေတာ။ ရေကလဲ လူတရပ်လောက်နက်တော့ ကျောင်းသားတွေ ရေသွားသွားကူးတဲ့ အိုအေစစ်လေးပေါ့။
ကျွန်တော်တို့ ရတန်းတက်တော့ ခေတ်စားတာက ဟယ်ရီပေါ်တာ ဇတ်ကား။ အဲ့ကားကို ကလေးတွေ အကုန် ခရေဇီဖြစ်ကြတယ်လေ။ ကျွန်တော်တို့သူငယ်ချင်းတွေကလဲ ဘယ်ရမလဲ မှော်တုတ်တံတွေလုပ်ကြတာပေါ့။ ဘာရယ်တော့မဟုတ်ဘူး။ သစ်ပင်သစ်ကိုင်း ကောင်းတာလေးတွေရှာပြီး ချိုးကြတယ်။ ပြီးရင် ခဲတံချွန်တဲ့ ဓါးလေးနဲ့ သပ်။ ပါးစပ်ကလဲ ဟိုရွတ် ဒီရွတ်နဲ့ လက်မှာကိုင်ပြီး ဝှေ့ပြ ရမ်းပြကြတာ။ ကျွန်တော်တို့ သူငယ်ချင်းတစ်စုရဲ့ မှော်တုတ်တံ ဖက်ရှင်က သုံးလေးရက်ကြာတော့ တစ်ကျောင်းလုံးကို ကူးစက်သွားတယ်။ ကျောင်းသားရေ ကျောင်းသူတွေရော တုတ်ကလေးတွေနဲ့ဖြစ်လို့။ တစ်ချို့တွေက ကျွန်တော်တို့ လုပ်ထားတဲ့ တုတ်မှ ကြိုက်တယ်ဆိုလို့ လုပ်ပေးရသေးတာ။ အဲ့အချိန်တုန်းက ကျောင်းမှာရှိတဲ့ ကျောင်းသားတော်တော်များများရဲ့ လွယ်အိတ်တွေကို ကြည့်လိုက်ရင် ၈ လက်မအရွယ်လောက်ရှိတဲ့ တုတ်ကလေးတွေ တွေ့ရမှာ အသေချာပါပဲ။
လာပြန်ပြီ နောက်တစ်မျိုး။ ကျွန်တော့် သူငယ်ချင်းတစ်ယောက်ထွင်တာ။ ဝါးကိုင်းလေးနဲ့ ဝါးဆစ်လေးတွေကို ဖြတ်ပြီးတော့ ဆေးတံပုံလုပ်။ တိုးယိုပေါက်လေးဖြစ်အောင်ဖောက်။ ပြီးရင် ကျားခေါင်းပရုတ်ဆီ အနီလေးတွေထည့်။ နဲနဲပဲထည့်။ ပြီးရင် ရှောက်ရွက်လေးတွေကို ချေပြီးတော့ ထည့်။ ပြီးရင်တစ်ဖက်ကနေ ပါးစပ်နဲ့စုပ်လိုက်ရင် ပူပြင်းပြင်းလေး။ သူတို့ကတော့ ဆေးတံသောက်တယ်ခေါ်တာပေါ့။ အဲဒီဖက်ရှင်လဲ အဲလိုပဲ။ ကလေးတွေ ကျောင်းဆင်းရင် ဝါးရုံတွေထဲ လိုက်တိုးကြ၊ ဝါးချိုးကြနဲ့ နောက်ပိုင်းကျတော့ လူတိုင်း ဆေးတံလေးတွေနဲ့ တစ်ချို့က ကြိုးလေးတွေ ဘာတွေတောင် အလှဆင်ထားကြသေးတယ်။ ကျောင်းမှာရှိတဲ့ လူတစ်ရပ်လောက်မြင့်တဲ့ ရှောက်ပင်ကြီး အရွက်တစ်ရွက်မှ မရှိတော့တဲ့နေ့မှာ ဆရာမကြီးနဲ့ ဆရာတွေက ” နင်တို့ အကုန်သေကုန်မယ် ” ဆိုပြီး အတန်းတွေကို ဝင်စစ်၊ အဲဒီဆေးတံတွေကို သိမ်းပြီး မီးရှို့လိုက်တဲ့နေ့က အဲဒီဖက်ရှင်ပျောက်ကွယ်သွားတဲ့နေ့ပါပဲ။
ဟယ်ရီပေါ်တာထဲမှာ ကျောင်းသားတွေက ငှက်မွှေးတွေနဲ့ စာရေးကြတာကို အားကျဖူးတယ်။ ဒီလိုနဲ့ ငှက်မွှေးကြက်မွှေးတွေ အတောင်ကြီးကြီးတွေကို လိုက်ရှာကြတယ်။ တွေ့ရင် အဲဒီကြက်မွှေးရဲ့ အလယ်အူတိုင်ကို တုတ်ကလေးနဲ့ မွှေပြီး အထဲက အထစ်ထစ်လေးတွေကို ချွေချ။ ပြီးရင် ဘောပင်ကို မှင်ချောင်းထုတ်။ အဲဒီအူတိုင်ထဲကို မှင်တွေ မှုတ်ထည့်။ ပြီးရင် ဘောပင်ထိပ်က အဆံလေးကို ကြက်မွှေးမှာတပ်။ တိပ်နဲ့ပတ်ပြီး မှင်ပြန်စုအောင် ခေါက်လိုက်ရင် ရေးလို့ရပြီ။ ကျွန်တော်တို့တွေလဲ အဲဒီလိုလေးတွေလုပ်။ ပြီးတော့ ကျောင်းအုပ်ဆရာမကြီးရဲ့ ဟောပြောပွဲမှာ လိုက်မှတ်တယ်ဆိုပြီး ရေးပြလိုက်တာ။ တစ်ကျောင်းလုံးကလဲ အားကျပြီးလိုက်ကြည့်ကြတာပေါ့။ မကြာပါဘူး။ ငှက်မွှေး ဘောပင်လုပ်တာ ခေတ်ထလာရော။ ငါးတန်းကလေးတွေကအစ ကျွန်တော်တို့ကို ငှက်မွှေးတွေရယ် မှင်ချောင်းတွေရယ်လာပေးပြီး လုပ်ခိုင်းကြတာ။ ထမင်းစားဆင်းတဲ့အချိန်ဆို ငှက်မွှေးက အော်ဒါတော်တော်ကျတယ်။ ကိုယ်တွေကလဲ အလကားမလုပ်ပေးဘူးလေ၊ ရေခဲချောင်းဝယ်ကျွေးရမယ်၊ အသုပ်ဝယ်ကျွေးရမယ်ဆိုပြီးလုပ်ပေးတာ။ မုန့်တွေဆို ကိုယ်တွေတောင်မစားနိုင်တော့လို့ အတန်းထဲက လူတွေအကုန် ဝေကျွေးရတော့တာ။ ယောက်ျားလေး မိန်းခလေး အဲဒီခေတ်က ငှက်မွှေးကိုင်ကြတာ။ ငှက်မွှေးသုံးချောင်းလောက်ရှိတဲ့သူဆို သူဌေးပေါ့။
တိုက်ဆိုင်တယ်ပြောရမလားပဲ။ ကျောင်းစောင့်ကြီးက မန်ဒါလီ ကြီးတွေ မွေးထားတာ၊ အဲဒီကောင်ကြီးတွေကလဲ ကျောင်းသားတွေတွေ့ရင် ပြေးပြေးဆိတ်တာ၊ ကျောင်းစောင့်ကြီးအိမ်နားကို ဘယ်သူမှ မသွားရဲကြတာ။ အခုကြတော့ ကျောင်းသားတွေ အုပ်ဖွဲ့ပြီး မန်ဒါလီတွေကို မျှားခေါ်ကြ။ ပြီးရင် အနောက်ကနေ လိုက်ချောက်လို့ မန်ဒါလီတွေ ပြန်ပြေးရင် အတောင်တွေကျတာကို လိုက်ကောက်ကျတာ။ နောက်ပိုင်း အတောင်တွေမကျတော့ လိုက်ဖမ်းပြီး နှုတ်ကြတာ။ မန်ဒါလီတွေခမြာ အဖြူအစိမ်းတွေ မြင်ရင် ပြေးလိုက်ကြတာ။ ဆရာမကြီးကိုလဲ တိုင်ရော ငှက်မွှေးလိုက်သိမ်းကြတာ။ ငှက်မွှေး ဘောပင် တစ်ခုတွေ့ရင် တုတ်တစ်ချက် ဆိုလို့ သူများလွယ်အိတ်တွေထဲ လိုက်ထည့်ကြတာ။ ကျွန်တော်တို့ အတန်းထဲက မော်နီတာ အိတ်ထဲဝိုင်းထည့်ထားကြတာ ငှက်မွှေး ၂၀ တောင်ရှာတွေ့တယ်။ မော်နီတာဆိုပေမယ့်လဲ ဥပဒေက ဥပဒေမို့ ဆရာမတွေ ဆော်ပလော်တီးကြတာ။
အော် အဲ့အချိန်လေးတွေကို ပြန်တွေးမိရင် စိုင်းထီးဆိုင်သီချင်းလိုပဲ ” တစ်ခါပြန်ပြီး ရောက်ချင်သေးပါရဲ့”.
Image Credit to Original Photographer
7 comments
သံချောင်း
November 30, 2015 at 12:38 pm
ငယ်ငယ်က အိမ်နောက်ဖေးက ဂျမ်းပုုံတို့ ညီအမနဲ့
ရုပ်ရှင်ဖွက်တိုင်းကစားလိုက်
ထုတ်စီးတိုးလိုက်
ကောက်ရိုးပုံကြီးအနောက် ..
အင်း ဇယ်ထိုင်ခုပ်တယ်လို့
mgsai
November 30, 2015 at 12:40 pm
အော် ဇယ်ထိုင်ခုပ်တယ်လား
ကျွန်တော်က ကောက်ရိုးပုံဆိုရင် မြန်မာကားထဲကလို အဲ့ဒါပဲထင်တာ ဟိ ဟိ 🙂
ဦးကြောင်ကြီး
November 30, 2015 at 12:43 pm
မောင်စိုင်း ကြောင်ရိုင်း တောင်တိုင်း ယောင်ကိုင်း
mgsai
November 30, 2015 at 4:20 pm
ကြောင်ရိုင်းက ဟုတ်ပါဗြီ တောင်တိုင်း ယောင်ကိုင်းကို နားမလည်တာ ဟိ 🙂
ဇီဇီခင်ဇော်
November 30, 2015 at 4:46 pm
တံမြက်စည်းတွေကျ မစီးကြဘူးလား
Mike
December 1, 2015 at 11:26 am
.သဘောကျတယ်ဗျာ
.ကျုပ်တို့ငယ်ငယ်က သဘာဝကစားစရာတွေကိုယ်တိုင်ဖန်တီးပြီးဆော့ခဲ့ကြရတာကလားဗျ
.သေနပ်ပစ်တမ်းဆော့ဖို့တောင် ပျဉ်ပြားကိုသေနပ်ပုံဖြစ်အောင် ကိုယ်တိုင်ခုတ်ရတာ
.ခုတော့အားလုံးကရယ်ဒီမိတ်တွေဖြစ်ကုန်ပြီ
.ဝမ်းနည်းစရာအကောင်းဆုံးကတော့…အားချိန်မှာကလေးဘာဝမဆော့ကြတော့ပဲ
.ဖုန်းပွတ်နေကြတော့တာပဲဗျ
ကာရံ
December 5, 2015 at 6:15 pm
အမှတ်ရတယ်ဗျာ