ဒေါ်ပြောင်းဖူး
သူ့နာမည်က ဒေါ်ပြောင်းဖူး။
အားလုံးက ခေါ်တဲ့ နာမည်ပေါ့။ အသက်က ၄ရနှစ်။ ကလေးက ၄ ယောက်။ ယောက်ျားက အရက်သမား လေဖြတ်။
အလုပ်အကိုင်ကတော့ ကျောက်တော်ကြီးဘုရားမှာ မုန့်တီတို့ အသုပ်တို့ ရောင်းတယ်။ အရင်တုန်းက ပြောင်းဖူးပြုတ်ရောင်းတော့ အနားက ဈေးသည်အားလုံးက ဒေါ်ပြောင်းဖူးလို့ပဲ ခေါ်ကြတယ်။
တစ်နေ့ ကျောက်တော်ကြီးဘုရား ချစ်ချစ်နဲ့သွား၊ ဗိုက်ဆာလာတော့ အဲဒီဆိုင်လေးမှာ ထိုင်ဖြစ်တာပေါ့။ ထိုင်ဖြစ်တော့ ထုံးစံအတိုုင်းအသုပ်နဲ့ မုန့်တီမှာတာပေါ့။ အဲဒီမှာ ကလေးလေး နှစ်ယောက်က ပန်းကန်လေးတွေနဲ့ အစုံသုပ် ၁၀ဝ ဖိုးနှစ်ပွဲဆိုပြီးတော့ လာဝယ်ကြတာ။ ကျွန်တော်လဲကြည့်နေတာ အဲဒီအဒေါ်ကြီးရဲ့ ၁၀ဝ ဖိုးကလဲ ပုံမှန်ပွဲလောက်ပဲ သုပ်ပေးပြီးတော့ ဟင်းရည်ပါ အိတ်နဲ့ ထည့်ပေးနေတာ။ ကျွန်တော်က ကလေးတွေလဲပြန်ထွက်သွားရော ” အဒေါ်ကြီး ၁၀ဝ ဖိုးကလဲ များလိုက်တာ ” လို့ပြောလိုက်တာပေါ့။
” အန်တီတို့ကလဲ တစ်ပွဲကို ၂၀၀ ရောင်းတာပါ။(အခြား အသုပ်ဆိုင်တွေ တစ်ပွဲကို သုံးရာကနေ ငါးရာအထိ ဈေးရှိပါသည်) ဒီကလေးတွေက အောက်ဖက်(၁) မှာနေတဲ့ကလေးတွေ၊ သူတို့လာဝယ်တာ အဲဒါသူတို့တင်မဟုတ်ဘူး သူတို့မိဘတွေပါ စားကြတာ။ ထမင်းလေးချက်ပြီးတော့ အဲဒီအသုပ်လာဝယ်ပြီး တစ်မိသားစုလုံးစားကြတာ။ နောက်ပိုင်းကိုယ်လဲ သိသွားတော့ သူတို့လာရင် နှစ်ပွဲစာသုပ်သုပ်ပေးလိုက်တာ၊ အန်တီတို့က ကိုယ်ချင်းလဲစာတယ်။ အန်တီတို့လဲ အဲလိုမျိုးခက်ခဲတဲ့ အချိန်တွေရှိခဲ့တာပဲလေ။ အဲဒီတော့ မြတ်တာ မမြတ်တာ အပထား။ မလှူတတ်ဈေးရောင်းပေါ့ ငါ့တူရဲ့ ”
သတိထားကြည့်လိုက်မိတော့ သူ့ဆိုင်မှာ အနားကဈေးသည်ရဲ့ ကလေးတွေ၊ ဘုရားပေါ်မှာ တောင်းစားတဲ့ လူတွေလဲ ဈေးပေါပေါနဲ့ လာစားကြတာ။ တစ်ရာဖိုး နှစ်ရာဖိုးဆိုပြီးတော့။ ခဏနေတော့ ယောဂီဝတ်စုံနွမ်းနွမ်းနဲ့ အဘွားကြီးတစ်ယောက် ရောက်လာရော၊ အဒေါ်ကြီးက အစုံသုပ်တစ်ပွဲကို အကြော်နဲ့ သုပ်ပေး၊ မုန့်တီ တစ်ပွဲချပေးလိုက်တယ်။
” ဒီ အဘွားကြီးဆိုရင် အန်တီက နေ့တိုင်းကျွေးတယ်။ ပိုက်ဆံမယူဘူး။ သူ့မှာလဲ သူ့ယောက်ျားအဖိုးကြီးက ခြေပြတ်နေတာ။ လမ်းဘေးမှာ အဘွားကြီး အဘိုးကြီးနှစ်ယောက် ရွက်ဖျင်လေးထိုးပြီးနေကြရတာ။ သားသမီးလဲ ရှိလား မရှိလားလဲမသိ။ ဒိဘုရားမှာ တောင်းရမ်းစားနေရတာ။ အန်တီက ကိုယ့် မိဘတွေ အရွယ်မို့ အလကားကျွေးပါတယ်။ ပြီးတော့ အန်တီက မိဘတွေ ရှီစဉ်တုန်းက ကျွေးခွင့်လဲမရခဲ့ဘူးလေ ” ဆိုပြီး မျက်ရည်ဝဲလာတာကို ဟိုဖက်လှည့်ထိုင်ပြီး ပန်းကန်တွေ ဆေးနေပါတယ်။
ကျွန်တော့် ချစ်ချစ်က နောက်ထပ်မုန့်တီ တစ်ပွဲကို အလွတ်မှာလိုက်တယ်။ အဒေါ်ကြီးကတော့ ” အလွတ်မှာလဲ ၂၀ဝ ပဲ၊ ပဲကြော် ငါးဖယ်ဆိုလဲ ၂၀ဝ ပဲ ” ဒါပေမယ့် ကျွန်တော်တို့ အလွတ်ပဲမှာလိုက်ပါတယ်။ ပြန်ခါနီး အဒေါ်ကြီးက ” အန်တီတို့က အလှူတွေဘာတွေဆိုပြီး သီးသန့်လဲ မလုပ်နိုင်တော့ ဒီဘုရားမှာ ဈေးရောင်းရင်းနဲ့ပဲ ရသလောက် ကုသိုလ်လုပ်ယူရတာပေါ့ ငါ့တူရယ်။ တစ်နေ့တစ်နေ့ အိမ်ကလူတွေ စားလောက်ရုံ ကလေးတွေ ကျောင်းစရိတ်လောက် မြတ်ရင် ရပြီ၊ အန်တီတို့က အမြတ်ကြီးလဲ မစားဘူး၊ သေရင်လဲ ဘာမှယူသွားလို့ရတာမဟုတ်ဘူးလေ။”
ကျွန်တော်လဲ ” အန်တီ ထားတဲ့ စေတနာတွေ တစ်နေ့ အန်တီတို့ကို အကျိုးပေးလာမှာပါ “ဟုပြောရင်း ဆိုင်ထဲမှထွက်ခဲ့တော့သည်။ အဒေါ်ကြီးကလဲ ကျွနေ်တာ်တို့စားထားတဲ့ ပန်းကန်လေးတွေ ကောက်သိမ်းရင်း ကျန်နေခဲ့တော့သည်။ ညနေ ဆည်းဆာမို့ ကောင်းကင်က နီရောင်သန်းနေပြီ။ ငှက်ကလေးတွေလဲ ကောင်းကင်တစ်ခွင် အိပ်တန်းတက်ဖို့ရာ ဟိုဟိုဒီဒီ ပျံသန်းနေကြတော့သည်။
စာကြွင်း (၁)
ကျောက်တော်ကြီးဘုရား အောက်ဖက်တွင် အလွန်ဆင်းရဲတဲ့ ရပ်ကွက်လေးတစ်ခုရှိပါသည်။
10 comments
သံပြား
December 1, 2015 at 12:12 pm
ကုသိုလဲရ ဝမ်းလဲဝ ပေါ့တော်
kai
December 1, 2015 at 2:03 pm
အင်း…
တန်ရာတန်ကြေးလည်း.. ကုသိုလ်တွေအောက်ပျောက်ခဲ့ပေါ့…။
တစ်တစ်တို့ရဲ့…. မျက်နှာဖုံးလို့… ။ :k:
ဦးကြောင်ကြီး
December 1, 2015 at 2:08 pm
ကေ ျာက်တော ်ကြီးဘုရား ရောက်သော ်ကြီးပွား လေ ျာက်နော ်ခရီးသွား ဘောက်ထော်သီးစား
ဇီဇီခင်ဇော်
December 2, 2015 at 8:48 am
သာဓု x 3
အောင် မိုးသူ
December 2, 2015 at 10:53 am
အမေက အမြဲပြောတယ် မလှူတတ်ရင် ဈေးရောင်းတဲ့။ ကျော်လည်း အိမ်မှာ တစ်ခုခုလုပ်စားရင် ဘေးအိမ်နဲ့ အိမ်ရှေ့အိမ်ကို အမြဲကျွေးတယ်။ အလှူလုပ်သလိုပါပဲ။
Mike
December 2, 2015 at 11:53 am
.သူလည်းသူတတ်နိုင်သလောက်လေးနဲ့ သူ့ထက်နိမ့်ကျသူတွေကို ကူနေတာပဲ..လေးစားရမှာပါ
လုံမလေးမွန်မွန်
December 2, 2015 at 12:12 pm
ထိုင်းက ဇာတ်လမ်းတိုလေး ကြည့်ဖူးတယ်… fb မှာ…
ခေါက်ဆွဲရောင်းတဲ့ဦးလေးကြီးက လာတောင်းတဲ့သူတွေကို အမြဲတမ်းပေးလို့ သူ့သမီးက မကြည်ဖြူဘူး.. ဆိုင်နားက ဆေးဆိုင်မှာ ဆေးတွေအလစ်သုတ်တဲ့ကောင်လေးကို သနားသွားတယ်.. သူ့အမေအတွက်ဆေး တဲ့… အဲဒါနဲ့ ဆေးဆိုင်ရှင်ကို ပိုက်ဆံပေးပေးလိုက်တဲ့အပြင် ခေါက်ဆွဲ နဲ့ အားဆေးပါ ပေးလိုက်တယ်… အဲဒီလူကြီးက တစ်သက်လုံးမချမ်းသာဘူး.. နောက်ဆုံး သူမူးလဲလို့ ဆေးရုံပေါ်ရောက်နေတဲ့အချိန်.. ဆေးဖိုးမရှိတဲ့အချိန်မှာ သူကူညီဖူးတဲ့ ကောင်လေးက ဆရာဝန်ဖြစ်နေပြီး ဆေးဖိုးတွေ ပေးပေးလိုက်တာ.. ကြည့်ရင်းနဲ့ မျက်ရည်ကျတယ်..
ဦးကျောက်ခဲ
December 2, 2015 at 1:13 pm
သူဆင်းရဲအများစုက တစ်ဦးကိုတစ်ဦး ရိုင်းပင်းကူညီတတ်ကြတယ်…
လူချမ်းသာအများစုကတော့ အတ္တတွေ လောဘတွေနဲ့…
ဘီလ်ဂိတ်ဖောင်ဒေးရှင်းက ဖရီးလှူတဲ့ ရောဂါကြီး ၃-မျိုးအတွက်ဆေးကို…
ကိုယ်ပိုင်ဆေးခန်းမှာ ဈေးကြီးကြီးနဲ့သမတဲ့ လူချမ်းသာဆြာဝန်ဂျီးလည်း တွေ့ဖူး၏…
Shwe Ei
December 2, 2015 at 5:14 pm
ဗြဟ္မစိုရ်တရားလေးပါးဆိုတာ လူတိုင်းမှာရှိတယ်…ဗုဒ္ဓဘာသာဝင်မို့လို့
ဆိုတာထက် ကောင်းတာလုပ်ရင် ကောင်းတာဖြစ်မယ်လို့ ယုံကြည်သူတိုင်းမှာ
ဗြဟ္မစိုရ်တရား ကိန်းအောင်းနေမှာဘဲ
အဲဒီ အဒေါ်ကြီးအတွက်လဲ သာဓုခေါ်တယ်
ပြန်မျှပေးတဲ့ မောင်စိုင်းကိုလဲ ကျေးဇူးတင်တယ်
padonmar
December 3, 2015 at 9:38 pm
သာဓုပါကွယ်။သူတပါးရဲ့ကောင်းကွက်လေးတွေကို မြင်တတ်ဖို့က ကိုယ့်နှလုံးသားမှာ ငြောင့်မစူးနေဖို့လိုပါတယ်။