ဘတ်စ်ကားစီးခြင်း
“ဘတ်စ်ကားစီးခြင်း”
မနက်ဖြန် အိမ်ပြောင်းရမည်။ သည်နေ့သည် ၂၇.၁၁.၁၅ black Friday ဖြစ်သည်။ အော်တာဝါတမြို့လုံးရှိ ဈေးဝယ်စင်တာများအားလုံး ဈေးလျှော့သောနေ့ဖြစ်သည်။ ၁၀% မှ ၆၀% ထိလျှော့တတ်လေသည်။ သည်နေ့ လျှော့ပေမဲ့ နောက်တနေ့ black Friday ကျော်သည်နှင့် မူရင်းဈေးကို မဆိုင်းမတွ ချက်ချင်း ပြန်ရောက်လေသည်။ ဒါကြောင့် သည်နေ့သည် ဈေးဝယ်စင်တာများတွင် လူအစည်ကားဆုံးနေ့ ဖြစ်သည်။ ကျွန်မတို့ထက်အရင် အော်တာဝါတွင် ရောက့်နှင့်နေသော အမသည် ဈေးပတ်မည် သူနှင့် လိုက်ချင်လျှင် လိုက်ခဲ့ပါလားဟု ညတုန်းက ဖုန်းဆက်လေသောအခါ ကျွန်မမှာ တညလုံး အတွေးများလေပြီ။ အော်တာဝါကို ရောက်သည်မှာ တလစွန်းရုံသာ။ ဓလေ့ထုံးတမ်း၊ အလေ့အကျင့်၊ အမူအကျင့်တွေ ဘာကိုမှ မသိသေး။ ထို့ကြောင့် လိုက်ချင်ပေသည်။ သို့သော်….. အိမ်ပြောင်းရမည်။ အိမ်ပြောင်းပေးသည့် ကုမ္ပဏ္ဏီက မနက် ၈နာရိ အရောက်လာလေမည်။ ပစ္စည်းပုံးတွေ မပိတ်ရသေး။ ဘီဒိုတွေထဲရှိ အဝတ်တွေကို luggage တွေထဲ ထည့်ရဦးမည်။ ပစ္စည်းတွေ အကုန်အစင် မသိမ်းရသေး၍ နောက်ဆံငင်ချင်နေသည်။ ရုံးဖွင့်ရက် ဖြစ်နေပြန်သဖြင့် အိမ်ကြီးရှင်လည်း လိုက်ပါမည် မဟုတ်သောကြောင့် ကလေး နှစ်ယောက်နှင့် ကသီလင်တ ဖြစ်မှာက အသေအချာရယ်။ လူမမည်ကလေးနှစ်ယောက်နှင့် မည်သို့ ဘတ်စ်ကား စီးမည်နည်း။ လိုက်ချင်စိတ်နှင့် လိုက်လို့ ရပါ့မလားစိတ် လွန်ဆွဲနေသည်မှာ တညလုံးပင်။ မရောက်ဖူးသော မလုပ်ဖူးသောအလုပ်မို့ လိုက်ချင်စိတ်က ပိုအားသာနေပေသည်။
အိမ်ကြီးရှင်ကို တိုင်ပင်လေသောအခါ…..မိန်းမဖြစ်သူ လိုက်ချင်နေမှန်းလည်း သိနေ၍ သူလည်း မည်သို့ အကြံပေးရမှန်းမသိ။ သားတော်မောင်ကတော့ ဘတ်စ်ကား စီးရမည် ဟူသော အသံကြားကတည်းက သွားရအောင်မေမေဟု တတွတ်တွတ် ပြောကာ ရင်ခုန်နေပေပြီ။ သူ့ အတွက် အတွေ့ အကြုံ အသစ်မို့ သူ စိတ်အားထက်သန်နေပေပြီ။ နောက်တော့ အမျိုးမျိုးတွေးပြီးလို့ ထင်ရဲ့ အိမ်ကြီးရှင်က မင်း မဖြစ်ပါဘူးကွာဟု ပြောလာသည်။ ကျွန်မ စိတ်ကတော့ လိုက်ချင်တုန်းပင်။ ဘတ်စ်ကားက နှစ်ဆင့် စီးရမည်ဟု သိထားသောကြောင့် ပင်ပန်းမှာတော့ သေချာပြီ။ ပင်ပင်ပန်းပန်း အိမ်ပြန်ရောက်လျှင်ရော… နားရဦးမည် မဟုတ် ထပ်၍ ပင်ပန်းရဦးမည်မှာလည်း အသေအချာ။ သည်လို သည်လို သူက ရှင်းပြကာ ပြောနေတာကို သိနေသော်လည်း လိုက်ချင်စိတ်က လျှော့မသွား။ နောက်ဆုံးတော့ လိုက်ချင်စိတ်ကို ကျွန်မ အနိုင်ပေးလိုက်ပေပြီ။
မနက် ၈း၃ဝ အိမ်က စထွက်မည်မို့ အိပ်ရာမှ ခါတိုင်းနေ့တွေထက် ပို၍ စောကာ ထရပေသည်။ မိသားစု မနက်စာ၊ အိမ်ကြီးရှင်အတွက် နေ့လည်စာ ထမင်းဘူး။ ကလေးနှစ်ယောက် လမ်းမှာစားဖို့မုန့်။ ကျွန်မ အတော်ကို အလုပ်ရှုပ်သွားပါသည်။ အိမ်ထဲမှာနေလျှင် အလုပ်မရှုပ်ပေမဲ့ အပြင်ထွက်မည်ဆို ဝီစိကိစ္စ အတော်များသည်။ ဝတ်သွားမည့် အဝတ်အစားပင် အတော်ပြင်ဆင်ရသည်။ ပူလျှင် ချွတ်ထား၍ ရပေမဲ့ အေးလျှင် မခံနိုင်ပေ။ ရာသီဥတုကို ချိန်ဆကာ အဝတ်ရွေးရသည်က ခေါင်းအတော်စားပေသည်။ သားအဖ သုံးယောက် ဝတ်မည့် အဝတ်တွေ ရွေးထုတ် ကုတင်ပေါ်တွင် အသင့်ပြင်ပေးထား။ အနုတ် ၅ ၊ မိုးပါရွာမည်ဟု သိထား၍ အေးမည်မှာ ကျောပါ စိမ့်မှာအသေအချာ။ ဖိနပ်ဘီဒိုထဲမှ ဖိနပ်ထုတ်ရင်း ခြေအိတ် အထူတွေ ရွေးထုတ်ကာ ဖိနပ်များပေါ်တွင် အသင့်တင်။ နောက် ကျောပိုးအိတ်ထဲတွင် တဘက်စောင် ( လမ်းလျှောက်နေသူက အအေးဒဏ်ကို ခံသာပေမဲ့ ငြိမ်ငြိမ်ကလေးလှည်းပေါ် ထိုင်လိုက်နေသူ သမီးကို ခြုံပေးရန်) ၊ လက်အိတ်၊ ဦးထုတ် ၊ရေဘူး၊ မုန့် ။ အားလုံး အစစ ပြင်ဆင်ပြီးချိန်ထိ ကျွန်မ မမောနိုင်အားပါ။
ကလေးတွေ နိုးလာတော့ သူတို့ကို မနက်စာကျွေးထားတုန်း အိမ်ကို သပ်ရပ်အောင် ပြင်ရပြန်လေသည်။ အိမ်ပြောင်းတော့မည့်မို့ လက်ရှိအိမ်ကို ကုမ္ပဏီမှ အိမ်ဌားမည့် သူများကို ခေါ်လာပြသောကြောင့် အိမ်သည်လည်း သပ်ရပ်နေဦးမှ။ အပြင်သွားရန်ရှိ၍ ဖြစ်သလို ထားခဲ့၍ မဖြစ်။ သော့ခတ်ခဲ့သော်ငြားလည်း သူတို့ သော့နှင့် သူတို့ ဝင်ကာ ကြည့်ရှု့တတ်သည်။ ပစ္စည်း ပျောက်မှာတော့ ပူရန်မလို လုံခြုံရေး အတော်ကိုကောင်းသည်။ မည်မျှ လုံခြုံရေး ကောင်းသနည်းဆို ကျွန်မ မြင်မြင်သမျှ အိမ်ခြံများသည် ခြံစည်းရိုး လုံးဝ မရှိခြင်းသည်ပင် လုံခြုံမှု ရှိခြင်း၏ ပြယုဒ်ပေ။ ရှင်းလင်းပြီးချိန်နှင့် ကလေးတွေ စားပြီးချိန် အချိန်ကိုက်။ သူတို့ နှစ်ယောက်ကို သန့်ရှင်းပေးပြီး အဝတ်အစားလဲရပေမည်။ သည် အဝတ်အစား ဝတ်ရခြင်းသည် အတော်ကို အချိန်ယူရသည်။ အသားကပ်တထည် အရင်ဝတ် ပြီးရင် လက်ရှည် အချောဝတ်။ အဲ့သည် အပေါ်က သိုးမွှေး ဆွယ်တာဝတ်။ နောက်ဆုံးအဆင့် နှင်းကာ ကုတ်အရှည်။ အောက်ပိုင်း အတွက်အတွင်းခံဝတ် ပြီးလျှင် အသားကပ်ဘောင်းဘီ နောက် ၎င်း အပေါ်ကမှ သားဆိုလျှင် ဂျင်းထပ်ဝတ်၊ သမီးကတော့ ဂွမ်းသားပါသော ဆွဲသားဘောင်းဘီဝတ်ရပြန်ပါသည်။ နှင်းကျလျှင်တော့ နောက်ဆုံး နှင်းကာဘောင်းဘီ ဝတ်ပေးရသည်။ ယနေ့မူ လမ်းပေါ်မှာ နှင်းမရှိ ၍ နှင်းကာ ဘောင်းဘီ ဝတ်ရန်မလို။ နောက်ဆုံး ခြေအိတ်ဝတ်ကာ ရှုးဖိနပ် စီးပြီးချိန်မှာ သူတို့ အတွက် လုံလောက်ပေပြီ။ အဝတ်တွေ အထပ်ထပ်မို့ သမီးလေးမှာ လမ်းလျှောက်လျှင် တုံ့ဆိုင်းဆိုင်းလေး ယက်ကန်ယက်ကန်လေး လျှောက်ရလို့ ပင်ဂွမ်းဌက်လေးနှင့်ပင် တူလှပေသည်။ အားလုံး ဆက်တိုက် ဇယ်စက်သလို လှုပ်ရှား ပြင်ဆင်ပြီး ချိန်မှာ ကျွနိမ အလှည့်ရောက်ပေပြီ။ အိမ်ကြီးရှင်လည်း မနက်စာ စားနေပြီမို့ ကမန်းကတန်း အဝတ်အစား လဲ။ မျက်နှာကိုမူ မိတ်ကပ် ဘယ်အချိန်က နောက်ဆုံးတင်ခဲ့သည်ကိုပင် မမှတ်မိတော့ပြီမို့ အခုလည်း တင်မနေတော့ပေ။ ဆံပင်ကို လက်နှင့် တချက်နှစ်ချက် သပ်လိုက်ပြီး ခေါင်းစည်းကွင်းစည်း။ သူလည်း လှစရာမလို။ သိုးမွှေးဦးထုတ်အောက် သည် ဆံပင် တုပ်တုပ်တောင် လှုပ်ဝင့်တာမဟုတ်။ တစ်ကိုယ်စာ ပြင်ဆင်ပြီး မနက်စာ စားသည်မှာလည်း ပြေးရင်းလွှားရင်း စားရသည်မို့ ဘာအရသာမှန်းမသိသလို ဘယ်နှစ်လုပ် ဝမ်းထဲရောက်မှန်းပင် မသိ။ ကျွန်မ ပန်းကန်ဆေး စားပွဲ ရှင်းလင်းပြီးချိန်တွင် အားလုံး အသင့်ဖြစ်နေပေပြီ။ နာရီလည်း ၈း၂ဝ ရှိပေပြီ။ သားအဖတွေ တံခါးမ နားမှာ အသင့်ဖြစ်နေချိန် တအိမ်လုံး အပြီးသတ် လိုအပ်သည်မှာ စစ်ဆေးပြီးချိန်မှာတော့ စတင်ထွက်ခွာပေပြီ။
မြေညီထပ်ရောက်ချိန်တွင် အားလုံး ကားထဲမှာ အဆင်သင့် ရောက်နေကြပြီ။ ရုံးသွားချိန်နှင့် ကိုက်နေ၍ ကားကပ်စီးကြခြင်းပါ။ မေမေ ဘတ်စ်ကားစီးမယ်ဆို ။ သူထင်ထားသလို မဟုတ်ပဲ ရုံးကားနှင့် ထွက်လာ၍ သားသည် သိပ်သဘောမကျချင်။ သူက ဘတ်စ်ကား စီးချင်သူကိုး။
ကျွန်မတို့ သားအမိ ၃ယောက်၊ အမ၊ ညီမလေးနှင့် သူ့ အမျိုးသား။ မိသားစု ၃စုမှာ လူ ၆ယောက်။ Carliwood မှာ ဆင်းနေခဲ့ကြသည်။ သည်မှာ စ၍ ဈေးဝယ်ကြမည်။ Carliwood တပတ် ပတ် ။ အမလည်း သူလိုချင်တာဝယ်နေခိုက် ကျွန်မတို့ သားအမိတွေ ဓါတ်ပုံရိုက်နေကြသည်။ ညီမလေးတို့ ဇနီးမောင်နှံကတော့ သည် စင်တာထဲရှိ ဘဏ်တွင် ငွေသွားပြောင်းနေကြချိန်ဖြစ်သည်။ ကလေး ပစ္စည်း အရောင်းဆိုင်မှာ ဈေးလျှော့နေ၍ ဝင်တိုးကြသည်။ ပုံမှန်ဆို သည်ဆိုင် ဈေးသိပ်ကြီးသည်ဟု အမက ပြောသည်။ ကျွန်မအတွက်တော့ အားလုံး အသစ်အဆန်းဖြစ်နေသည်။ ဈေးတန်သည် မတန်သည် ကျွန်မ မသိသေး။ ဝယ်သင့်သည် မဝယ်သင့်သည်လည်း နားမလည်ချိန်ပါ။ ဝယ်သင့်လျှင် လိုအပ်သည် ဈေးလည်းသင့်သည်ဟု အမက အကြံပေးလျှင် ဝယ်လိုက်ပါသည်။ ဘယ်ရာသီ ဥတု ဘယ်အချိန်မှာ ဘယ်လို ပစ္စည်းတွေ လိုအပ်မည်ဆိုတာကို ကျွန်မထက် အမက အတွေ့အကြုံ ပိုရှိလေသည်။ ဒါ့ကြောင့် မရှိမဖြစ် လိုအပ်သည်များကို ဝယ်ရပေသည်။ တခါတရံ ကျွန်မက ကြိုက်နေပေမဲ့ အမက ညီမ ဈေးကြီးလွန်းတယ် အခုအချိန် လိုလည်း မလိုအပ်သေးဘူးဟု ဆိုလျှင် ကျွန်မ မဝယ်တော့ပါ။ အမသည် အတော် စိတ်ထားပြည့်သည်။ ညီမလေးတို့ စုံတွဲသည်လည်း အနေအေးသော ရိုးသားသူများမို့ ကျွန်မတို့ သားအမိတွေ အတော်ကို ကံကောင်းသည်ဟု ဆိုရပေမည်။ ကိုသစ်မင်းကို သတိရမိပြန်ပါပြီ။ မမှီ စိတ်စေတနာတွေကြောင့် လူကောင်းတွေနဲ့ ဆုံတာဟုများ ပြောလေဦးမလား။ Carliwood တပတ်ပတ်ပြီးတော့ ၁ဝနာရီ ကျော်လေပြီ။ နေရာပြောင်းဖို့ ပြင်ကြပြီ။ St. Laurant ကို သွားကြမည်။ သည်တစ်ခါတော့ ဘတ်စ်ကား စီးရပေမည်။
ဘတ်စ်ကား စီးရမည်မို့ သမီးကို လှည်းပေါ်မှချကာ လှည်းကို ခေါက်ဖို့ ပြင်တော့ အမက ကလေးတဖက် လှည်းတဖက်နဲ့ ကားပေါ်တက်ဖို့ အဆင်မပြေနိုင်။ လှည်းကို မခေါက်ပဲ သမီးကို လှည်းနှင့် တွန်းပြီး ကားစီးတာက ပို အဆင်ပြေမည့် အကြောင်း ပြောတော့ ကျွန်မ အကြံအိုက်သွားရပါသည်။ ကားပေါ် လှည်းနှင့် ဘယ်လို တက်ရပါ့။ သား ငယ်ငယ် အရှေ့အလယ်ပိုင်းမှာ ဘတ်စ်ကား စီးတုန်းကတော့ လှည်းကို ခေါက်ကာ အဝင်ဝမှာ ထောင်ခဲ့ရတာပဲ ကျွန်မ ကြုံဖူးခဲ့သည်။ အခုက ဘယ်လိုပါလိမ့်ဟု စဉ်းစား၍ မရပေ။ ညီမ ရှေ့က အဖွားနောက်မှာ ကပ်ရပ်နေလိုက်။ အမ အပြောကြောင့် လေးချောင်းထောက်ကို အားပြုကာ ရပ်နေသော အသက် ၇ဝနီးပါး အဖွားနောက်မှာ သမီးလှည်းကို ကပ်ရပ်လိုက်သည်။ ရှေ့မှာ လေးချောင်းထောက်ကို အားပြုကာ ဈေးလာဝယ်သော အဖွားသည် တုန်ချိချိနှင့် ဘတ်စ်ကား စီးရန် စောင့်နေသည်ကို ကြည့်ရင်း ကျွန်မ တွေးမိသည်။ ကျွန်မတို့ တိုင်းပြည်မှာ သည်အဖွား မည်ကဲ့သို့ ဘတ်စ်ကား စီးမည်နည်း။ စပ္ပါယ်ယာ မေတ္တာပို့မည်။ သို့မဟုတ် တင်ချင်မှ တင်မည်။ခရီးသည်ခြင်း တွန်းတိုက်သည်နှင့် သည်အဖွား ပြားပေမည်။ အခုတော့ အဖွားသည် မပူမပင် အေးအေးချမ်းချမ်း ရပ်ကာ ကားစောင့်နေပေသည်။
ကားဝင်လာပြီ မေမေ။
သား အသံကြောင့် ကားပေါ်တက်ရန် ကျွန်မအသင့် ပြင်ရပေပြီ။ သားကိုတော့ အမက လက်ဆွဲထားသည်။ ကျွန်မတို့ ရပ်နေရာ ရှေ့တည့်တည့် ဘတ်စ်ကား ရှေ့ဆုံး ဝင်ပေါက် ကွက်တိ ရပ်ပေသည်။ ပလက်ဖောင်းနှင့် ကပ်လျှက် တံခါးမသည် တံဖြည်းဖြည်းခြင်း နိမ့်ဆင်းသွားပြီး ပလက်ဖောင်းနှင့် အညီမှာ ရပ်သွားသည်။ ရင်ထဲမှာ ထိတ်ခနဲ ဝမ်းသာသလိုလို ဝမ်းနည်းသလို။ ကျွန်မ အရှေ့မှ အဖွားသည် တဖြည်းဖြည်းခြင်း ကားထဲသို့ လျှောက်ဝင်သွားသည်။ ကျွန်မလည်း အသာအယာ သမီးလှည်းလေးကို တွန်းဝင်သွားရုံ။ သက်သာလိုက်ဘိခြင်း။ ကားသမားဘေးမှ ပုံးထဲသို့ ကနေဒါ ဒေါ်လာ ၅ဒေါ်လာထည့် လက်မှတ် နှစ်စောင် ကိုယ့်ဘာသာ ဖြတ်ယူ။ တယောက်ကို ၃ဒေါ်လာနှင့် ၅၅ဆင်.။ သားက ကလေးမို့ သားအမိ နှစ်ယောက် ၅ဒေါ်လာ။ သမီးလေးကမူ မပေးရပေ။ နောက်ကို ဆက်လျှောက်တော့ အနောက်တွင် ၃ခုံတွဲ နှစ်ခု မျက်နှာခြင်းဆိုင်။ ပြီးမှ နှစ်ခုံတွဲဘေးတိုက်ခုံတွေ။ ခုနက အဖွားက ၃ခုံတွဲ ခုံ အစွန်းမှာ ထိုင်နေသည်။ ကျွန်မလည်း ရှေ့ဆုံး နှစ်ခုံတွဲ အစွန်မှာထိုင်ရင်း သမီးလှည်းကို ၃ခုံတွဲနှင့် ယှဉ်လျှက်ထားရင်း ကိုင်ထားလိုက်လေသည်။ ကားစီးရသည်ကို ကျွန်မ မသိသေး မကျွမ်းဝင်သေးသည့် သဘောပါ။ မည်သူမှ တော့ ဘာမှ မပြောကြပါ။ ငယ်ရွယ်သူ သန်မာသူများက အလိုက်တသိ အနောက်သို့ လျျှောက်သွားကြသည်။ ကားသည် ပြန်ထွက်ခွာချိန်တွင် ရှေ့တံခါးပေါက် ပြန်မြင့် လာပြီးမှ ထွက်ခွာလေသည်။ နောက် တမှတ်တိုင်မှာ ကလေးလှည်းနှင့် အမေ တယောက်တက်လာ သော အခါမှ လှည်းနှင့် အမေတွေ ဘတ်စ်ကား မည်သို့ စီးရသည်ကို သိလိုက်ရသည်။ လူမရှိသော ၃ခုံတွဲကို ဆွဲမလိုက်သောအခါ နံရံဘက် ကပ်သွားလေသည်။ ထိုနေရာတွင် လှည်းကို တွန်းထည့် လှည်းကို လော့ချ်ကာ အမေက ရှေ့ဆုံး နှစ်ခုံတွဲမှာ အသာအယာ ဝင်ထိုင်။ အော်…လှည်းကို သည်လို ထားရတာပါလား။ ဒါမှ နောက်က တက်လာသူတွေ လမ်းမပိတ်ပဲ လွတ်လွတ်လပ်လပ် လမ်းလျှောက်ရပေမကိုးလို့ ကျွန်မ သိသွားရသည်။
ရှေ့တွင် ရောက်မည့် မှတ်တိုင်ကို ကားသမား အနောက်ဘက် ကားအမိုး ကပ်လျှက်တွင် ပေါ်လေသည်။ ဆင်းမည့်သူက ကြိုးဆွဲလိုက်ပါက ၎င်း မှတ်တိုင်ဘေးတွင် အမှန်ခြစ်လေးပေါ်လာသည်။ ကားမရပ်မချင်း ထလာစရာမလို။ ကားရပ်မှ ထိုင်ရာမှ ထကာ အေးအေးလူလူ ဆင်းသွားကြသည်။ ကားသမားလည်း အေးရာအေးကြောင်း။ ခရီးသည်လည်း ချမ်းချမ်းမြေ့မြေ့။ ကြည့်ရသည်မှာ ပူလောင်မှု စိုးစင်းမျှ မရှိ ။ အေးချမ်းလိုက်သည့် ဘဝများပင်။
ညီမ ခုနက လက်မှတ် သိမ်းထားလား။ အမမေးမှ သတိရသည်။ ဘောင်းဘီအိတ်ထဲ ထိုးထည့်တာကို အမှတ်ရကာ ထုတ်ပြတော့ သိမ်းထားဟု ခပ်တိုးတိုး ဆိုလေသည်။
ဘာ့ကြောင့် ပါလိမ့်ဟု တွေးလိုက်သည့်အတွေးကို ဖတ်မိတယ်ထင်ရဲ့ အမက ပြုံးပြကာ တိုးတိုးလေး ထပ်ပြောသည်။ လက်မှတ်မှာ ၁၂နာရီလို့ ရေးထားတာ တွေ့လား။ ခေါင်းငြိမ့်ပြတော့ ၁၂နာရီ မထိုးမချင်း သည် လက်မှတ်ကို ပြကာ မည်သည့် ဘတ်စ်ကားကို မဆို စီးခွင့်ရှိတယ် ပိုက်ဆံ ထပ်ပေးစရာ မလိုဘူး။
ဟုတ်လား။
ကျွန်မ အတော်လေးကို အံ့ဩမိသည်ကို ဝန်ခံရပေမည်။ ကောင်းလိုက်တာ ကွယ်ဟု တိုးတိုးလေးတောင် ရေရွတ်လိုက်မိသေးသည်။ ဒီလိုဆို ဒီကားတွေ ငွေကောမှ လောက်င အောင် ရကြပါရဲ့လား။ မမြတ်လို့ လိုင်းပိတ်မယ်တို့။ မကိုက်လို့ တိုးကောက်မယ်တို့။ အတက်အဆင်း ၂၀ဝတို့ ဆိုတာများကို ပြေးသတိရမိပါတယ်။ အမေကျော် ဒွေးတော် လွမ်းချင်တာ မဟုတ်ရပါဘူး။ ပြည်သူ ပြည်သားတွေ အဆင်ပြေဖို့ သူတို့ ဘယ့်နှယ့် စီမံပါလိမ့်လို့ တွေးမိပြီး အားကျမိတယ် ဆိုရုံလေးပါ။ နောက်….. ကားမှတ်တိုင်မှာ ကားတွေ ရောက်မဲ့ အချိန်တွေ တွေ့ရဲ့။ ကျွန်မ အံ့ဩလို့ အမရယ် အဲ့ အချိန်တွေ ကြည့်ပြီး လာတာ မှန်ရော မှန်လို့လား ဆိုတော့ မှန်တယ် ညီမရဲ့ မသကာ နောက်ကျ ၅မိနစ် အလွန်းဆုံး ဆိုပဲ။ ကားလာမည့် အချိန်ကိုကြည့် ပြီးမှ အချိန်ကိုက် အိမ်က ထွက်ကာ ကားဂိတ်ကိုသွားပါက မလွဲဘူးတဲ့။ ထပ်၍ ထပ်၍ အံ့ဩရပြန်ပါလေပြီ။ ကားတွေ သည်လောက်များတာများ ကားလမ်းများ မပိတ်ဘူးလားကွယ်လို့ မစပ်စုတော့ပါဘူး။ မျက်မြင် တနေရာမှာမှ ကားတွေ ပိတ်နေတာ မမြင်ခဲ့တာ ကိုယ်တွေ့မို့ပါ။ အော်…..လူတွေ နေတဲ့ အရပ် ဆိုတာ ဒီလို အရပ်မျိုးထင်ပါရဲ့လို့သာ တွေးမိပါတော့တယ်။
မြို့လည် တနေရာမှာ ကားပြောင်းစီးကြရပါတယ်။ ဘယ်လို ခေါ်သလဲတော့ ကျွန်မ မပြောတတ်ဘူး။ အော်တာဝါ တက္ကသိုလ်ကိုတော့ တွေ့ရဲ့။ နံပါတ် ၁၆ ကားကနေ နံပါတ် ၁၄ကားကို ပြောင်းစီးဖို့ စောင့်ရပါတယ်။ ချက်ချင်းဆိုသလို ရောက်လာပါတယ်။ ဒီတခါတော့ အတွေ့ အကြုံ ရထားပြီ မို့ ကျွန်မ အရှေ့ဆုံးကပါ။ ကလေးနဲ့ လူအိုတွေဟာ သည်နိုင်ငံမှာ VIP ပါ။ ကျန်တာ ဘယ်သူမှ မဟုတ်ပါဘူး တန်းတူပါ။ ကလေးအားလုံးဟာ သူတို့ အတွက် အဖိုးထိုက် အဖိုးတန်လို့ သတ်မှတ်ထားတာမို့ သည်လို နိုင်ငံ မတိုးတက် ဘယ်နိုင်ငံများ တိုးတက်ဦးမှာပါလည်း။ တကယ်ကို သဘောကျစရာပါ။ ရှေ့ဆုံးမှ ကလေးလှည်းနှင့် ကျွန်မ တက်ပြီးမှ အားလုံးလိုက်တက်ပါတယ်။ ၁ဝး၃ဝ နာရီပဲ ရှိသေးတာမို့ ခုနက လက်မှတ်ပြတော့ ခေါင်းငြိမ့်ပြပါတယ်။ ရှေ့ဆုံး ၃ခုံတွဲကို ဆွဲမလိုက်ပြီး သမီးနဲ့လှည်းကို နေရာချ လှည်းဘီးကို လော့ချ်ပြီး အေးအေးလူလူ ဝင်ထိုင်။ အခုတော့ လူလိုသူလို နေရာယူတတ်ပေပြီ။ သားကတော့ အမနှင့် အနောက်ဘက် ခုံတွေဆီ လျှောက်သွားကြသည်။ တလမ်းလုံး သား စပ်စု သမျှကို အမတယောက် မငြီးမငြူ မပျင်းမရိ ဖြေနေသည်။ သားတယောက် သူ သိချင်သည်များကို တလမ်းလုံး မမောမပန်း မေးနေသည်။ အမနှင့် ညီမလေးတို့ စုံတွဲ တယောက်တလှည့် သိသူက ဖြေနေလေသည်။
St.Laurant ရောက်တော့ ၁၁နာရီ ကျော်လေပြီ။ ဟိုပတ် ဒီပတ် လျှောက်ပတ်ကြည့် ပြီးချိန်မှာ ဗိုက်ဆာလာပြီမို့ အပေါ်ဆုံး အထပ်ကို တက်ကာ ဘာဂါဝယ် ဗိုက်ဖြည့်ကြရသည်။ ဒီတစ်ခါတော့ ပြန်မည့် ကျွန်မတို့ ၄ယောက်နှင့် နေခဲ့မည့် ညီမတို့စုံတွဲ လမ်းခွဲကြပြီ။ အမက ၂နာရီအရောက် ကျောင်းကြိုရမည်။ အမ သမီး အကြီး ရတန်းကျောင်းသူမှာ ကြိုရန်မလိုပေမဲ့ အငယ်လေးသည် ၂တန်းမို့ မိဘ မဖြစ်မနေကြိုရပို့ရသည်။ ၁၃နှစ်အောက် ကလေး မိဘ မပါပဲ အပြင်မထွက်ရပေ။ တွေ့လျှင် မိဘကို အရေးယူပေသည်တဲ့။ ၂း၃ဝမှာ ကျောင်းဆင်းသည်မို့ အချိန်မှီ ပြန်ရပေမည်။ ကျွန်မ အတွက် နှင်းကာ အင်္ကျ ီ ဝယ်ပြီး သည်နှင့် ပြန်ကြပေမည်။ Sears ဆိုင်မှာ နှင်းကာ အင်္ကျ ီတွေ ဈေးလျှော့နေသည်။ ၂၉၉.၉၉ ကို ၆၀% လျှော့လေသည်။ ၁၀ဝကျော်နှင့် ရမည်မို့ အမက ဈေးလည်း အရမ်းတန်သည်။ မကြာမှီနှင်းတွေ တအားကျလာလျှင် သည် အင်္ကျ ီက မဖြစ်မနေ လိုအပ်မည်မို့ ဝယ်သင့်သည်ဟု ဆိုပေသည်။ အရောင်လေးရော ပုံစံလေးပါ ကျွန်မက ကြိုက်တော့ ဝယ်ဖြစ်တော့သည်။
ဝယ်ချင်သော ဝယ်သင့်သော် ပစ္စည်း စုံပြီမို့ St.Laurant မှ ပြန်ထွက်တော့ ၂နာရီ ထိုးခါနီးလေပြီ။ ဒီတခါ နံပါတ်၁၄ကို ပြန်စီးရမည်။ လက်မှတ်က နာရီကျော်ပြီမို့ လက်မှတ်ထပ်ဝယ်ရမည်။ ကျွန်မလက်ထဲတွင် အကြွေတွေ လက်တဆုပ်။ ကျွန်မ မသုံးတတ်သေးပါ။ အမကို အကူအညီ တောင်းရပြန်လေသည်။ အမကတော့ ကျွမ်းကျင်နေပြီမို့ ၂၅ဆင့်၊ ၁ဝဆင့်၊ ၅ဆင့် စသည်ဖြင့် ခွဲကာ ရေသွားသည်မှာ ၅ဒေါ်လာကို ခဏလေးနှင့် ရေ၍ ပြီးလေသည်။ သူပေးသည်ကို လက်မှာကိုင်ထား ပိုတာများကို အိတ်ထဲပြန်ထည့်။ မိုးတွေကလည်း တဖွဲဖွဲ။ အအေးက အနှုတ် ၅။ မိုးက ရွာပြန်တော့ အေးသည်မှာ အရိုးထိအောင်။ တကိုယ်လုံး အသားပေါ်သည်က မျက်နှာ။ ပါးတွေကို ကျင်လာသည်။ ကားဂိတ်ထဲက မှန်လုံ အခန်းထဲ ဝင်ရပ်တော့မှ နည်းနည်းသက်သာ လာသည်။ ကားမှတ်တိုင်တိုင်းတွင် သည်လို မှန်လုံ အခန်းလေးများ မရှိပါက အနှုတ် ၄ဝ ထိ အေးသောနေ့တွင် ကားစောင့်နိုင်မည် မဟုတ်။ သွေးတွေပင် ခဲသွားလေမလား မဆိုနိုင်။ ခဏအကြာမှာ ကားရောက်လာတော့ ကားပေါ်တက်ခဲ့ကြသည်။ အခုမှပင် ကားပေါ်မှ အပူပေးကိရိယာကြောင့် နွေးသွားတော့သည်။ ကမ္ဘာ့အအေးဆုံးမြို့ရဲ့ အအေးဒဏ်ကို ကျင့်သားရအောင် ကျွန်မတို့ သားအမိတွေ ကြိုးစားရပေဦးမည်။
ဆင်းရမည့် မှတ်တိုင်ရောက် အမက သားလက်ကို ဆွဲ၍ အရှေ့မှ ဆင်းသွားသည်။ အပြင်မှာ မိုးဖွဲလေးတွေ ကျတုန်း။ နည်းနည်းစောနေ၍ လမ်းထိပ် စာကြည့်တိုက်ထဲဝင် မိုးခိုကြရသည်။ ကွမ်းသီးကြိုက် တောင်ငူပို့ စကားလို သားတော်မောင်တယောက် စာအုပ်တွေကြား ခေါင်းပင် ဖော်မလာတော့ချေ။ ၂နာရီ ခွဲခါနီးမှာ ကျောင်းရှိရာသို့ ထွက်လာသည်ထိ မိုးဖွဲဖွဲကျတုန်း။ ကျောင်းရှေ့ရောက်တော့ ကျောင်းဆင်းနေပြီ။ အမ သမီးနှစ်ယောက် သားကိုမြင်တော့ ပြေးထွက်လာကြသည်။ အိမ်အပြန်လမ်းတလျှောက် ပျော်နေကြသည်။ ဈေးပတ်ရ၍ ခြေထောက်ညောင်းသည်ဆိုကာ ဟိုထိုင် သည်ထိုင် လုပ်နေခဲ့သော သားသည် အခုတော့ မညောင်းတော့ပေ။ သ ူ့ အမတွေ နှင့် ပြေးရင်းဆော့ရင်း မမောနိုင်တော့ပါ။ လှည်းပေါ်မှ သမီးငယ်သည်လည်း လှည်းပေါ်မှ မဆင်းရ၍ အော်နေလေပြီ။ မိုးက တဖွဲဖွဲမို့ မိုးမိကာ အအေးမိမည်စိုး၍ ခွင့်မပြုရဲပေ။ သူ့ အမတွေ နှင့် အစ်ကိုဖြစ်သူ ပြေးဆော့တာ မြင်လေ မဆင်းရ၍ ဒေါသထွက်လေ။ လမ်းထိပ်ရောက်မှ အိမ် နှင့်လည်း သိပ်မဝေး တော့ပြီမို့ ဆင်းခွင့်ပြုလိုက်သောအခါ ပျော်လွန်း၍ ပြေးပါတော့သည်။
Range Road မှ အိမ်ကို ပြန်ရောက်တော့ ညနေ ၃နာရီ ကျော်လေပြီ။ တနေကုန် လျှောက်သွားရ၍ ပင်ပန်းလှပြီ။ ခြေပြစ်လက်ပြစ် ဖြစ်နေပြီ။ သမီးငယ်သည် အင်္ကျ ီပင် မလဲ နိုင်ပဲ ဧည့်ခန်း ဆိုဖာပေါ်တွင် အိပ်ပျော်လေပြီ။ သားလည်း ဆိုဖာပေါ်တွင် ခြေပြစ် လက်ပြစ်။ ကျွန်မမှာတော့ မမော နိုင်ပဲ ပစ္စည်းတွေ အချိန်မှီ သိမ်းရပေဦးမည်။ သို့ပေမဲ့ ကျွန်မ ကျေနပ်ပါသည်။ ကျွန်မ မကြုံဖူးသော အတွေ့အကြုံများကို ရခဲ့သည်ကိုး။ ထပ်၍ ဆိုရပါလျှင် ကျွန်မ အတွက် ကုန်ကြမ်းတခု ရခဲ့ခြင်းကြောင့်လည်း ဖြစ်သည်။
မနက်ဖြန် Lincoln field အိမ်ကို ပြောင်းရပေမည်။ ထိုနေရာမှာလည်း ကျွန်မ အတွက် ရေးစရာ ကုန်ကြမ်းတွေ ထပ်ရမည်မှာ မလွဲနိုင်ဟု တွေးတောရင်း သိမ်းဆည်းရန် ကျန်သည်များကို ဆက်လက်၍ သိမ်းဆည်းပါတော့သည်။
23 comments
ဇီဇီခင်ဇော်
December 4, 2015 at 8:29 am
သားသမီးတွေကို အဲလို ပတ်ဝန်းကျင်မျိုးမှာပဲ ထားချင်တယ် မမှီရေ။
တစ်နေ့တာဖြတ်သန်းမှုမှာ လောဘဒေါသ အပူတွေ ငြိမ်းတဲ့ နေရာမှာပေါ့။
:chit:
ကိုယ်ကတော့ ဝဋ်ကြီးတယ်လေ။
တစ်နှစ် တစ်ခါ လမ်းဘေးစာ မစားရရင် လွမ်းနာကျတတ်တော့ ကိုယ်ကတော့ ဇာတိမှာပဲ နေမယ်။
အာဟိ။
:mrgreenn:
hmee
December 7, 2015 at 4:23 am
ဟုတ်တယ် ဇီဇီရေ။ သဘောကျတယ် ကိုယ့် ရေမြေကို အဲ့လို ဖြစ်စေချင်တယ်။ ကိုယ်ကတော့ ဒီနေရာကို သဘောကျပေမဲ့ အပြီး နေမလားဆို မနေနိုင်ဘူး။ ၃နှစ် မြန်မြန်ပြည့် ပြီးရင် ပြန်ရမဲ့ ရက် တွက်နေတာပဲ။
ငုရင်ထရန် ဟုရန်မေ ရဲ့ ကိုကိုး
December 4, 2015 at 8:32 am
ဒို့ဆီက လိုင်းကားနဲ့ ဘီအီးနဲ့ ဘလက် လောက် ကွာတယ်
Mike
December 4, 2015 at 4:15 pm
.ငုရင်ထရန် ဟုရန်မေ ရဲ့ ကိုကိုး ကတော့ဇာတိပြပီ..နိုှင်းတာတောင် ဘီအီးနဲ့…ခိခိ :))
.မမှီရေ..တိုတိုပြောရရင်တော့ မမှီတို့လူစစ်စစ် ဖြစ်သွားတာပါ
.က ျနော်တို့မှာသာလူမကျ ခွေးမကဘဝတွေ…
.အင်း…ရောင်နီတော့သန်းနေပါပြီလေ
hmee
December 7, 2015 at 4:33 am
အဲ့ဒါ …… ဆရာမောင်သာချို့ စကားပါ။ ကြိုက်လို့ ယူသုံးတာပါ ဦးမိုက်။ ဘယ်လို စိတ်ဓါတ်အဆင့်က လူဆိုတာကို ပြောပြသွားတာလေးကို သဘောကျလွန်းလို့ ဌါးသုံးတာ။ 🙂
hmee
December 7, 2015 at 4:29 am
ရန်ကုန် ပြန်ရောက်စက ကိုကိုး ရှိတယ်ဆိုတဲ့ လမ်းမှာ ဆိုင်ကို သွားရှာသေးတယ် တွေ့ဘူး။
kai
December 4, 2015 at 9:52 am
ဂျူးတွေရဲ့နိုင်ငံနဲ့ ကနေဒါယှဉ်ရေးတာတွေ မျှော်လင့်မိတယ်..။
ဘာပဲဖြစ်ဖြစ်..ဆောင်းရာသီ အေးအေးထဲ…ချမ်းနေမှာမို့.. ရေခဲမုန့်ကို.. ငရုပ်သီးမှုန့်လေးဖြူးပြီး.. ကျွေးမယ်နော…။
အေးချမ်းပူနွေးပါစေ..။ :k:
hmee
December 7, 2015 at 4:39 am
တိုင်းပြည်က အေးသလို လူတွေလည်း အတော် အေးချမ်းကြပါတယ်။ ဂျုးတွေလို မျက်နျာထား ခပ်တည်တည် တင်းမနေဘူး။ မျက်နျာချိုပြီး မျက်နှာချင်း ဆိုင်မိရင် သိသိ မသိသိ ကောင်းသောနေ့ပါတို့ နေကောင်းလားတို့ နှုတ်ဆက်ကြတယ်။
Shwe Ei
December 4, 2015 at 11:03 am
-လူနေမှုအဆင့်အတန်းမြင့်တာကို သဘောကျတယ်
-အနှုတ် ၅ ဆိုတဲ့ အအေးဒီဂရီ ကိုတော့ သဘောမကျဝူး :harr:
hmee
December 7, 2015 at 4:47 am
ဟုတ်တယ် အမအိရေ။ သဘောကျတယ် နေတော့ မနေနိုင်ဘူး။ ခဏပဲ နေချင်တာ။ အနှုတ် ၅ က ပါးပါးလေး အမအိရေ။ တနေ့က အနှုတ် ၁၁ နှင်းတွေ ကျတယ်။ အနိမ့်ဆုံး အနှုတ် ၄ဝ ထိ ဆင်းတယ်တဲ့။ ဒီနှစ် နျင်းကျ နောက်ကျ သတဲ့။ ဖိနပ်တွေတောင် အနှုတ် ၄ဝ မှာ နှင်းထဲ စီးရတဲ့ ဖိနပ်ကို သပ်သပ် ကြည့်ဝယ်ရတယ်။ ဖိနပ် တံဆိပ်မှာ အနှုတ် ဘယ်လောက်ထိ စီးလို့ ရတယ်ဆိုတာ ပါတယ်။ အဲ့ တံဆိပ်လေးကို သေချာ စစ်ပြီး ဝယ်ရတယ်။ မဟုတ်ရင် ခြေထောက်တွေ ထုံလာတာ လမ်းလျှောက်လို့ မရတော့ဘူးတဲ့။ ပြောသံ ကြားနဲ့ကို လန့်နေပြီ မကြုံရသေးဘူး။ 🙂
သျှားသက်မာန်
December 4, 2015 at 4:44 pm
စာရေးဆရာဆိုတာကလည်းဒီလိုပဲကုန်ကြမ်းရှာရတာပါပဲလေ
hmee
December 7, 2015 at 4:49 am
စာရေးဆရာ မဟုတ်ရပါဘူးကွယ်။ စာရေးသူ ပါကွယ်။ 🙂
လုံမလေးမွန်မွန်
December 4, 2015 at 4:57 pm
လူစစ်စစ်တွေ နေတဲ့အရပ်ကို ရောက်သွားတာပေါ့နော်..
ကိုယ်တွေတော့ ဒီလို ခွေးတိုးဝက်တိုး တွန်းတင်တွန်းချ ခါးဖက် အော်ဆဲခံ ဘဝတွေကတော့ ဘယ်တော့များမှ လွတ်ပါ့မလဲလို့ တွေးနေမိတယ်.. ရောင်နီလေးတော့ မြင်နေရပြီဆိုတော့ အားတင်းထားမိပါတယ် အစ်မရေ…
မမှီစာကိုဖတ်ပြီး ကျောင်းတက်ချင်တဲ့ရောဂါ ပြန်ထလာပြန်ပြီ
hmee
December 7, 2015 at 4:58 am
လူတွေ အတော်ကို သက်တောင့် သက်သာ နေကြရတာ အားကျတယ်။ ပြောရရင် စိတ်လုံခြုံတယ်ပေါ့။ လမ်းလျှောက်၊ လမ်းကူး ၊ကားစီး။ တကယ်ကို စိတ်ချပြီး လုံခြုံတာ။ အသက်တွေကို တန်းဖိုးထားတယ် ပြောရမလား။ ကိုယ်တွေဆီမှာများ အသက်တွေ တန်ဖိုးနည်းနေကြသလားလို့ ပေါက်ပေါက်ရှာရှာ တွေးမိသေး။ 🙂 ပညာရေးတော့ တကယ်ကောင်းတယ် မွန်မွန်ရေ။ ရောင်နီလေးလည်း လင်းစေချင်ပါပြီ။ ပြီးခဲ့တဲ့ ရက်က အိမ်ပြောင်းတဲ့ ကုမ္ပဏီက ဝန်ထမ်းက မေးတယ် ဘယ်နိုင်ငံကလည်းတဲ့ မြန်မာဆိုတော့ သူ့ အသက် ၅၅နျစ်ရှိပြီ အဲ့ နိုင်ငံကို မကြားဖူးဘူးတဲ့လေ။ near china ဆိုမှ အော်..တဲ့။ 🙂
လုံမလေးမွန်မွန်
December 8, 2015 at 4:17 pm
Burma ဆိုရင်တော့ သိလောက်မယ်ထင်ရဲ့… 🙂
hmee
December 11, 2015 at 8:00 am
အဲ့လို ပြောတာလည်း သိဘူးတော်။ 🙂
Alinsett @ Maung Thura
December 9, 2015 at 9:12 am
.ရေခြားမြေခြားဆီက အတွေ့အကြုံတွေ ဖတ်ရတာ စိတ်ဝင်စားစရာ
စိတ်ဝင်စားစရာ ဖြစ်အောင်ကို ရေးတတ်တဲ့လက်ရာကလည်း ချစ်စရာာာ
-ရွှေအမြူတေထဲက သူစိမ်းတွေကြားမှာ ဆိုတဲ့ အခန်းဆက်ဆောင်းပါး(ဆရာမနုနုရည်(အင်းဝ)ရေးတာထင်ရဲ့)ကို စောင့်ပြီး ဖတ်ခဲ့ဖူးတာကို သတိရသွားမိ—
အန်တီမှီကိုလည်း အဲ့လို အခန်း းဆက် ဆောင်ပါးလေးတွေ ရေးစေချင်မိ—
-စောင့်ဖတ်ချင်မိ—
-ရေခြားမြေခြား နေရာဒေသတွေရဲ့ အချက်အလက်တွေ သိရခြင်းမှာ ကျေနပ်တတ်လို့ရယ်—
-နောက်ပြီး အန်တီမှီ တင်ထားတဲ့ FB က ပုံလေးတွေကို ကြည့်ပြီး တစ်လလောက် တော့ အဲ့နေရာလေးမှာ လာနေချင်မိ—
ဒါနဲ့ ညီမတော်လေး နေကောင်းရဲ့နော့
:k:
hmee
December 11, 2015 at 8:07 am
အခန်းဆက် ဆိုလို့ ပြောဦးမယ်။ သည်မှာ ၂၀၀၄ ခုနှစ်က မဟေသီစာအုပ် အဟောင်းမှာ ဆရာမခင်ခင်ထူးရဲ့ ဝတ်လဲတော် ရွှေပုဆိုး တန်းထိုးလို့ ကြိုမယ်ကို တပိုင်းတစ ဖတ်မိပြီး အခု အစအဆုံးဖတ်ချင်နေတယ်။ 🙂 ဆက်ဆက်ရဲ့ တလလောက်ဆို အခုအချိန်ဆို ရိုးတံပြိုင်းပြိုင်း အပင်ခြောက်တွေပဲ တွေ့ရမယ်။ ရောက်စကတော့ အရွက်ကြွေစမို့ သိပ်လှ အခုတော့ မြင်မြင်ရာ ကိုင်းခြောက်ပင်တွေ။ 🙂
Wow
December 11, 2015 at 4:40 pm
ကနေဒါဝန်ကြီးချုပ် အသစ်လေးက ခုတစ်လော ဟော့နေတယ်နော်..
အူးစည်
January 17, 2016 at 7:47 pm
ဝင်ရေးတော့ဘူးနော်.. မမှီ.. တော်ကြာ ဆူရှီစားပီး ဖင်ဂေါင်းကျယ်တယ်ဖြစ်နေအုမယ်.. 😛
uncle gyi
January 18, 2016 at 9:15 am
ရေးခ ျက်ကညက်နေတာပဲမမှီရေ
စီကာစီကာရေးသွားတာကိုုစိန်တင်က ျနေတာပဲ
မြန်မာလည်းဘစ်ကားတွေကောင်းတော့မှာပါဗ ျ
အခ ျိန်တော့မမေးနဲ့
ဦးကြောင်ကြီး
January 18, 2016 at 9:56 am
ဘတ်စ်ကားစီး နတ်သားထီး ဝက်နွားမြည်း လာဘ်ယားဖီး
CharTooLan
January 20, 2016 at 12:56 pm
တူညားမှာလဲ မနေ့ညနေကမှရထားတဲ့အသစ်စက်စက်ဘတ်စ်ကားအတွေ့အကြုံချိဒယ်
မနေ့ညနေက ကိုယ်စီးရမယ့်ကားလာတယ် မှတ်တိုင်မှာတခြားကားရှိနေတော့ စောင့်ပီးကပ်မရပ်တော့ပဲ အပေါ်လမ်းကနေကျော်ရပ်ပီးလူတင်တယ် နှစ်ထပ်ရပ်ရမှာကြီးဆိုတော့ ကားကမရပ်ပဲလိမ့်နေတယ် ကိုယ်လဲစီးမို့ကပ်သွားတုန်း ကောင်မလေးတျောက်ကကိုယ့်ကိုကျော်ပီး ကားပေါ်ပြေးတက်တာ ကိုယ့်ရှေ့တင် ဘမ်းခနဲလှေကားမှာမှောက်လဲတော့တာပဲ…. အာ့နဲ့လန့်သွားပီး မစီးတော့ပဲနောက်ဆုတ်နေလိုက်တော့တယ်
စိတ်ညစ်ရဘာဒယ် ရုံးတက်ချိန် ရုံးဆင်းချိန်တိုင်း 🙁