ငယ်ငယ်က (၂)

mgsaiDecember 4, 20151min2154

ကျောင်းကို တော့အထူးတလည် မိတ်မဆက်ပေးတော့ပါဘူး။ ဇတ်လမ်းဆက်ကြစို့

ကျွန်တော်တို့ ကျောင်းတွေမှာ ခေတ် ဆိုတာရှိတယ်။ ကြုံဖူးကြလား၊ အရုပ်ခေတ်တို့၊ ပုံကဒ်ခေတ်တို့၊ ဘောလုံးခေတ်တို့ တစ်ခါတစ်လေ အီစွတ်ကြိုး ခေတ်ဆိုတာတောင်ရှိပါတယ်။ ခေတ်တစ်ခေတ်ကို သတိထားမိသလောက် တစ်လ၊ အလွန်ဆုံးကြာ နှစ်လပဲခင်ဗျ။ ပြီးရင်တော့ အဲဒီခေတ်ကုန်သွားပြီး နောက်ခေတ်တစ်ခေတ်ကူးပြောင်းပါတယ်။

ကျောင်းဖွင့်ခါစ မိုးတွင်းတို့လို အချိန်တွေမှာ သေချာကစားလို့မရဘူး။ ဘောလုံးကန်လို့မရဘူး၊ မိန်းခလေးတွေဆိုလဲ ကြိုးခုန်တာတို့ ဘာတို့မရဘူး။ အဲဒီတော့ မှတ်မိသလောက် အဲဒီအချိန်ဆို ပုံကဒ်ခေတ်ပါ။ ကျွန်တော်တို့ ငယ်ငယ်က ကိုရီးယားကားဆိုတာ စပြီးခေတ်စားလာတော့ ကိုရီးယားကားထဲက မင်းသားမင်းသမီးပုံတွေ၊ ပါဝါရိန်းဂျားကလဲ ခေတ်တော်တော်စားတော့ ပါဝါရိန်းဂျားပုံတွေ၊ ကာတွန်းကားထဲက ပုံတွေကို ကတ်ထူပြားမှာ ထုတ်ပြီး၊ ပုံ ၈ဝ ပါတဲ့ကတ်ပြားတစ်ပြားကို ၅ဝ နဲ့ ရပ်ကွက်ထဲက ဆိုင်တွေမှာရောင်းပါတယ်။ အဲဒါတွေကို ဝယ်ပြီးတဲ့ ကတ်ကြေးနဲ့ဖြတ်၊ပုံတောင်မှ အသေး၊ အကြီးကပိုတန်ဖိုးရှိပါတယ်။ တန်ဖိုးအရှိဆုံးကတော့ ပုံကဒ်အကြီးရဲ့ နောက်မှာ သီချင်းစာသားတွေရေးထားတဲ့ပုံကဒ်ပါ။ ကျောင်း ကော်ရက်ဒါ တွေမှာ မြေဖြူကို ရေဆွတ်ပြီး လေးထောင့်ကွက်လေးဆွဲ၊ ပြီးရင်ပုံတွေထပ်ပြီးတော့ ဖိနပ်နဲ့ ပုံထုတ်တမ်းဆော့ကြပါတယ်။ ဒါက ယောက်ျားလေးတွေဆော့တာ၊ မိန်းခလေးတွေက သူတို့ကြိုက်တဲ့ မင်းသားမင်းသမီးပါတဲ့ ပုံကဒ်တွေ အပြန်အလှန်လဲလှယ်ကြတယ်။ ပုံကဒ်ဖွက်တမ်းဆော့ကြတယ်။ ပြီးတော့ သူတို့ကြိုက်တဲ့ သီချင်းစာသားပါတဲ့ ပုံကဒ်တွေဆိုရင် စုကြတယ်။

နောက်တစ်လလောက်ကြာရင် အရုပ်ခေတ်ရောက်တယ်။ ထောင်ပစ်တဲ့ စစ်သားရုပ်တွေ၊ ကော်ရုပ်လေးတွေ တန်းစီထောင်ပြီးတော့ ပစ်ကြတာပါ။ ခေါင်ထိအကုန်ယူကြေးတို့။ တစ်ရုပ်ထိ တစ်ရုပ်ယူကြေးတို့ စသဖြင့်ပါပဲ။ ကျွန်တော်ကတော့ အရုပ်ခေတ်ရောက်ရင် စီးပွားတော်တော်ဖြစ်ပါတယ်။ အကြောင်းကတော့ ကျွန်တော်က အရုပ်ရင်းနှီးသူလုပ်ပါတယ်။ အဲဒီတုန်းက ကျွန်တော်တို့ ဘေးအိမ်မှာနေတဲ့ အကိုကြီးက သိမ်ကြီးဈေးမှာ အလုပ်လုပ်ပါတယ်။ သူ့ကို ပိုက်ဆံပေးပြီးမှာရင် အရုပ်တွေ လက်ကားဈေးနဲ့ရတယ်။ ရပ်ကွက်ထဲက ဆိုင်တွေက ဈေးကြီးပါတယ်။ အဲဒီအရုပ်တွေကို အရုပ်ပစ်ကျွမ်းတဲ့ သူငယ်ချင်းတွေကို ပေးပါတယ်။ သူတို့ နိုင်ရင် နိုင်တဲ့အထဲက တစ်ဝက်ကို ယူပါတယ်။ အရုပ်တိုး ချေးစားသူပေါ့ဗျာ၊ ကျွန်တော်က အရုပ်ပစ်မကျွမ်းဘူး၊ ပစ်ရင်လဲ ကျန်စား လုပ်တာများတယ်။ ကျွန်တော်တို့ အခေါ်ကတော့ “ထား” တယ်လို့ခေါ်ပါတယ်။ အိမ်မှာ အဲ့တုန်းကဆို အရုပ်တွေ ကြွပ်ကြွပ်အိတ်တွေနဲ့ ပေါင်းစုံပဲ။ အရုပ်ခေတ်ဆိုရင် ကျောင်းသားတွေလက်ထဲ ပိုက်ဆံမရှိကြဘူး။ အရုပ်ကို currency အနေနဲ့ သုံးကြတာကိုး။

သိပ်မကြာဘူး သီတင်းကျွတ်ခါနီးပြီဆိုရင်တော့ ဘောလုံးခေတ် ပြန်ထပါတယ်။ ကျောင်းနားက ဘောလုံးကွင်းထဲမှာ မြက်အရှည်တွေ ချောက်တဲ့အချိန်၊ ဘောလုံးပွဲတွေ ပြန်စလာပါပြီ၊ ကော်ဘောလုံးတွေဝယ်ကြ၊ ရာဘာဘောလုံးလိုချင်ရင် ဟိုးမှော်ဘီနားက ဘောလုံးစက်ရုံအထိသွားဝယ်ကြရတာ။ ဘောလုံးတွေကလဲ ကျွန်တော်တို့ ကန်ရင် ကွဲတာများတယ်။ ကျောင်းမှာနေရာလွတ်မကျန် ဘောပွဲတွေချည်းခင်ဗျ၊ ကျောင်းဘောလုံးကွင်းကြီးကလဲ အကျယ်ကြီးဆိုတော့ ဘောလုံးကွင်းကို လေးစိတ်ခွဲ၊ ဖိနပ်လေးတွေနဲ့ ဂိုးတိုင်လုပ် ကန်ကြတာ။ တစ်ဖက်နဲ့ တစ်ဖက်လဲ လူက ညီချင်မှ ညီတာ၊ တစ်ခါတစ်လေ တွေ့တဲ့ဘောလုံးလိုက်ကန်တာ ဟိုဘက်ကွင်းက ဘောလုံးကြီး ဒီဖက်ကွင်းထဲကျလာရင်လဲ ဂိုးရဖို့ အဓိကမို့လို့ သွင်းကြတာပဲ။ တစ်ကွင်းထဲမှာဘောလုံး ၂ လုံးတွေဖြစ်ချင်ဖြစ်ကုန်ရော၊

သိပ်မကြာဘူး ကျောင်းတွေပတ်လည်ကန်တဲ့ ဘောပွဲတွေ ကျင်းပကြတယ်။ ကျွန်တော်တို့ ကျောင်းမှာလဲ လာလာကန်ကြတယ်။ ကျွန်တော်တို့ ကျောင်းက တစ်တန်းနဲ့ တစ်တန်း တခြားအချိန်မှာ မတည့်ရင်နေပါစေ အဲဒီအချိန်ကျတော့ တစ်ကျောင်းလုံးညီကြတယ်။ ကိုယ့်ကျောင်းအသင်းနဲ့ တခြားကျောင်းကအသင်းဆိုပါတော့၊ အိမ်ကွင်းမှာကန်ပြီဆိုတာနဲ့ တစ်ကျောင်းလုံး ဘောလုံးကွင်းကို ဝိုင်းထားတာ။ ကိုယ့်အသင်း ရှုံးတော့မယ်။ဒုတိယပိုင်းလဲ ကုန်တော့မယ်ဆိုတာနဲ့ တစ်ကျောင်းလုံးက ကွင်းထဲဝင်ကြ။ ချကြ ရိုက်ကြ ခဲနဲ့ထုကြပေါ့။ မနိုင်ရင် အဲ့လို ပွဲဖျက်ကြတာ၊ အားကစားစိတ်ဓါတ်ပေါ့ခင်ဗျာ၊ ချစ်ကြည်ရေး ဘောလုံးပွဲဆိုရင် အမြဲတမ်း ရန်ညှိုးဘောလုံးပွဲ ဖြစ်ဖြစ်ကုန်တာ။

ကျောင်းပိတ်ခါနီး ၁ လပိုင်း ၂ လပိုင်းလောက်ကြရင် ဘောလုံးခေတ်သိပ်မထတော့ဘူး။ ကန်တဲ့ လူတွေတော့ရှိသေးတယ်။ အရင်ကလို ဘောလုံးကွင်းကြီး လေးစိတ်စိတ်စရာမလိုတော့ဘူး။ အဲ့အချိန်ဆို အီစွတ်ကြိုးခေတ်ပေါ့။ အီစွတ်ကြိုးတွေဝယ်ကြ၊ အဲ့ခေတ်ကြတော့ မိန်းကလေး ယောက်ျားလေးမခွဲတော့ဘူး။ မိန်းကလေးလဲ မိန်းကလေးဝိုင်း၊ ယောက်ျားလေးလဲ ယောက်ျားလေးဝိုင်း၊ တစ်ခါတစ်လေ မိန်းကလေး အဖွဲ့နဲ့ ယောက်ျားလေးအဖွဲ့နဲ့ ပြိုင်တာရှိသေးတယ်။ တစ်ကြိုးခုန်တယ် နှစ်ကြိုးခုန်တယ်ဆိုတာရှိတယ်။ ပြီးတော့ သူ့အဆင့်နဲ့သူ၊ သူ့ခုန်နည်းနဲ့သူ ခုန်ကြရတာ။(အသေးစိတ်တော့ မမှတ်မိတော့ဘူး) ခြေတစ်ဖက်နဲ့ ခုန်တာရှိတယ်။ ခြေစုံခုန်တာရှိတယ်။ ကြိုးကို ခြေထောက်တစ်ဖက်နဲ့ နင်းပြီးတော့ မလွတ်အောင်နင်း ခုန်တာရှိတယ်။ အစုံပဲ။ ပိုက်ဆံကြေးလဲ ခုန်ကြတယ်။ အဲဒီနှစ်က ကျောင်းမှာလဲ အီစွတ်ခုန်ပွဲ လုပ်ပေးကြတယ်။ ဆုပေးတယ်ဆိုတော့၊ အသင်းတွေက ကြိုးခုန်တတ်တဲ့ ယောက်ျားလေး မိန်းကလေးတွေကို ပိုက်ဆံပေးကြ၊ မုန့်ကျွေးကြ၊ ထမင်းကျွေးကြနဲ့ ငှားပြီးအသင်းဖွဲ့ကြတာကိုး။ တစ်ခန်းကို သုံးဖွဲ့ လေးဖွဲ့လောက်ထွက်တယ်။ ကျွန်တော်တို့ အသင်းမှာလဲ ကျွန်တော်က မန်နေဂျာပေါ့။ နာမည်ကြီးတဲ့သူတွေကို လိုက်စည်းရုံးရ၊ ပိုက်ဆံပေးရ၊ မုန့်ကျွေးရနဲ့ တစ်ခါတစ်လေ ကြိုးခုန်ထရိမ်နင်ဆင်းပြီးလို့ ညောင်းရင် နှိပ်ပေးရတာ။ ကျွန်တော်က ၈ တန်းက အမကြီးတစ်ယောက်ကို ငှားလိုက်တာ။ သူ့ကို အမြဲ ပစားပေးထားတာ။ အုပ်စုပွဲတွေအကုန်နိုင်တယ်၊ နောက်ဆုံးဖိုင်နယ်ပွဲကျမှာ အဲဒီအမကြီး ခြေခေါက်လဲပြီး မခုန်နိုင်တော့ ရှုံးတာ ဒုတိယဆုပဲ ချိတ်တော့တယ်။

ဒီလိုနဲ့ အဲ့တုန်းက ကျောင်းတွေ တော်တော်များများက အဲဒီလို ခေတ်တွေနဲ့ လည်ပတ်နေပြီး သူ့ခေတ်နဲ့သူ ကျောင်းနားက ဈေးသည်တွေကို ကလေးတွေက လုပ်ကျွေးကြတယ်ပေါ့ ခင်ဗျာ

4 comments

  • ငုရင်ထရန် ဟုရန်မေ ရဲ့ ကိုကိုး

    December 4, 2015 at 2:10 pm

    ငယ်ငယ်က ဆိုးတဲ့နေရာမယ် နမယ်ဂျီးပဲ
    အေးအေးလေးနဲ့ ဆိုးတဲ့ အေးအေးဆိုး ဆိုတာ ကျုုပ်ဗဲ

  • ဇီဇီခင်ဇော်

    December 4, 2015 at 2:50 pm

    နာ့တို့ခေတ်ကတော့ အအေးပိုက်တွေနဲ့ လိုက်ကာလုပ်တဲ့ ခေတ်ပဲ။
    အာ့ဒေ အလုပ်ကောင်းလို့ ၆ တန်း ဆု မဝင်လို့ အဆူခံရတာလေ။
    ဟိ
    :k:

  • Alinsett @ Maung Thura

    December 5, 2015 at 10:41 am

    ငယ်ငယ်က အဲ့လိုခေတ်တွေ တစ်ခေတ်ပြီးတစ်ခေတ်ကိုတောင် ပြန်အောက်မေ့သွားတယ်

  • Mike

    December 5, 2015 at 2:36 pm

    .သားရေကွင်းပစ်တယ်
    .ဩဇာစေ့နဲ့ဇယ်တောက်တယ်
    .ဂျင်ပေါက်တယ်
    .စွန်လွှတ်တယ်
    .ပိုလိုကားထပ်တယ်
    .လောက်စာလုံးထောင်ပစ်တယ်
    .မြောက်ပန်းလှန်တယ်……..စုံလို့ :))

Leave a Reply