” မိုးကျရွှေကိုယ်များနဲ့ဆာသော်”
“ မိုးကျရွှေကိုယ်များနဲ့ဆာသော်”
ဘောစချုပ် မိတ်ဆွေရဲ့သားလေးကို ပြီးခဲ့တဲ့တစ်ပါတ်က အလုပ်သွင်းထားတာ
အလုပ်မလာတာ နှစ်ရက် ရှိသွားလို့ ဖုန်းနဲ့လှမ်းမေးလိုက်တဲ့အခါ
“မလုပ်တော့ဘူး”လို့ ဖြေသံကြားလိုက်တော့ ဆာသော်အတော်လေးစိတ်တိုသွားပါတယ်။
သူ အလုပ်လိုချင်တုံးက သူ့အဖေရော အမေရော ဘောစချုပ်ဆီ အကြိမ်ကြိမ်လာ
ဖုန်းတွေ အခါခါ ဆက်ပြီး အလုပ်တောင်းတာကို မှတ်မိနေတော့ ပိုစိတ်တိုပါတယ်။
အဲဒီတုံးက သူ့ပုံစံ ညှင်းသိုးသိုးနဲ့ နေတဲ့ထိုင်တဲ့အချိုးကိုမြင်ကတည်းက
အလုပ်ထဲကိုမခေါ်ချင်ပါဘူး။
“ ကောင်လေးပုံစံကို ဆာသော် သိပ်မကြိုက်တာ ‘မမ’ သိပါတယ်။
သူ့မိဘတွေနဲ့ ‘ မမ ‘တို့ အရင်တုံးက အတော်လေး ရင်းနှီးခဲ့တာရယ်
သူတို့ မသောင်သာတာ သိတာရယ်ကြောင့်ခေါ်ထားလိုက်တာပါ”
လို့ လေချိုသွေးပြန်တော့ ဆာသော်လည်းဘာမှ ဆက်မပြောနိုင်တော့ပါဘူး။
သူလဲ မိုးကျရွှေကိုယ် တစ်ပါးပေါ့။
အလိုလို ကျ ကျ လာတတ်တဲ့ မိုးကျရွှေကိုယ်တွေကို
ဖဲကြိုးလေးတွေ တပ်ပြီးဆန့်ကျင်ကြတဲ့အကြောင်းဖေ့စ်ဘုတ်စာမျက်နှာပေါ်မှာ
ဖတ်ရတဲ့အခါ အလုပ်ထဲ ကို ရောက် ရောက်လာတဲ့ မိုးကျရွှေကိုယ်တွေအကြောင်း
ဆက်တွေးဖြစ်ပါတော့တယ်။
မိုးကျရွှေကိုယ် ဆိုတဲ့စကားလုံးလေးကို ဘယ်သူ စပြီး ထွင်လိုက်သလဲဆိုတာကိုမသိပေမယ့်
ခေတ်အဆက်ဆက် မတိမ်ကောတဲ့စကားလုံးလေးဖြစ်နေတာကတော့အမှန်ပါဘဲ။
ဟိုးအရင် ဆာသော်တို့ ငယ်ငယ်က အစိုးရ အလုပ်ရဘို့ဆိုတာ
အတော်မလွယ်တဲ့ကိစ္စပါဘဲ။
အလုပ်နေရာအတွက် သတင်းစာကနေ ခေါ်ထားမှန်ပေမယ့်
ဘောင်ဝင်အောင်ဆောင်ရွက်ရုံ သက်သက်ပါဘဲ။
မခေါ်ခင်ကတည်းက ခန့်ထားပြီးသား မိုးကျရွှေကိုယ်တွေက ရှိပြီးသားပါ။
လုပ်ငန်းခွင်ထဲမှာရာထူး နေရာအသစ်ပေါ်ပြီ ဆိုတာနဲ့
ဘယ်ကနေ ဘယ်လို ကျလာမှန်းမသိရတဲ့ မိုးကျရွှေကိုယ်တွေက ရောက်ပြီးသားဘဲ။
စီမံကိန်းအသစ်တစ်ခုစပြီဆိုတာနဲ့ အထက်က နေ ချပေးလိုက်တဲ့ မိုးကျ ရွှေကိုယ်တွေက
ထိပ်ဆုံးမှာနေရာယူပြီး သားပါဘဲ။
မိုးကျရွှေကိုယ်တွေကတော့ နေရာအနှံ့အပြားမှာ ကျကျ လာတာရှေးကတည်းကရှိနေခဲ့တာ
အခုထိ ခေတ်မကုန်နိုင်သေးပါဘူး။
ဆာသော်တို့ငယ်ငယ်က အစိုးရဝန်ထမ်းဖြစ်ဘို့ဆိုတာ အပြင်လူအတွက်
အတော်မလွယ်တဲ့ကိစ္စတစ်ရပ်ပါဘဲ။
ဒီတော့ အလုပ် လုပ်ချင်တဲ့ လူငယ်တွေကအပြင်ပုဂ္ဂလိက လုပ်ငန်းလေးတွေကိုဘဲ အားကိုးရပါတယ်။
အဲ့ဒီဆိုရှယ်လစ်ခေတ်ကြီးမှာ လုပ်ငန်းထူထောင်ရတာလဲ မလွယ်ပါဘူး။
ပြည်သူပိုင်သိမ်းလိုက်မှာကိုကြောက်ရတာရယ်
အလုပ်သမားဥပဒေ လူမူ့ဖူလုံရေးဥပဒေတွေနဲ့ ရှုပ်ယှက်ခတ်ပြီး
ဘာအမူ့ဖြစ်ဖြစ် ပိုင်ရှင် ကအရှုံးပေးရတဲ့အချိန်ဖြစ်နေတာရယ်
ရုံးပြင်ကန္နားရင်ဆိုင်ရမှာလဲကြောက်တော့ ကိုယ့်လုပ်ငန်းလေးတွေကို
သိုသိုသိပ်သိပ်နဲ့ဘဲလုပ်ကြရပါတယ်။
ဒီတော့လဲ လူလိုရင် သတင်းစာကခေါ်တာ ပြုတာ ရှားပါတယ်။
ကိုယ့် နီးစပ်ရာ လူတွေထဲ ကခေါ်ပြီး အလုပ်ခန့်လိုက်တတ်ကြပါတယ်။
လူ လိုရင် ကိုယ့် အလုပ် ထဲက လူ ရဲ့ အမျိုးအဆွေတွေ
ကိုယ့် မိသားစုနဲ့ အမျိုးတော်စပ်သူတွေကိုဘဲ လွယ်လွယ်ဆွဲခန့်လိုက်ကြပါတယ်။
ဆာသော်တို့ကိုယ်တိုင်လဲ ကိုယ့် မိဘနဲ့ ရင်းနှီးနေတဲ့ ပွဲရုံမှာအလုပ်ဝင်လုပ်ခဲ့ရတာပါဘဲ။
စစခြင်း လုပ်ခမရ မနက်စာထမင်းကျွေး နေ့လည်စာမုန့်ကျွေး
အခါကြီးရက်ကြီးမှာ ဆို မုန့်ဘိုးပေးတဲ့ အလုပ်သင်ဘဝက နေစခဲ့ကြရတာပါ။
အဲလို လုပ်နေရင်းကမှ ရောင်းရေးဝယ်တာတွေကို နည်းနည်းချင်းလက်တွေ့သင်ပေး
စကားပြောပုံဆိုပုံဆက်ဆံပုံတွေသင်ပေး
ပစ္စည်းထားပုံသိုပုံတွေသင်ပေး
စာရင်းထိန်းသိမ်းပုံတွေသင်ပေးရင်းနဲ့ အတော်အတန်လေးဟုတ်လာပြီဆိုမှ
လခ စ ရကြတာပါ။
ဒီတော့ အလုပ်နဲ့ပါတ်သက်ရင်အောက်သက်ကျေတယ်လို့ဆိုနိုင်ပါတယ်။
ဆာသော်တို့ငယ်စဉ်ခေတ်တွေကတော့ အလုပ်တစ်ခု ကနေ
နောက်တစ်ခုပြောင်းဘို့ က သိပ်လွယ်တဲ့ကိစ္စလဲမဟုတ်ပြန်ပါဘူး။
အခုခေတ်လို အလုပ်အကိုင်မပေါများတာလဲတကြောင်း
လူကြီးမိဘတွေလိုက်အပ်ထားတဲ့အလုပ်မို့ လွယ်လွယ်နဲ့မထွက်ရဲတာလဲတကြောင်း
တစ်နေရာထဲမှာစွဲစွဲမြဲမြဲလုပ်ချင်တဲ့စိတ်ရှိတာလဲတကြောင်းမို့
အခုခေတ်က ကလေးတွေလို ဟိုရောက်လိုက် ဒီဝင်လိုက် လုပ်လေ့မရှိပါဘူး။
သိပ်အဆင်မပြေဘူးဆိုရင်တောင်မှ သုံးလေးနှစ်လုပ်ပြီးမှ အလုပ်ပြောင်းတတ်ကြပါတယ်။
အလုပ်တစ်နေရာပြောင်းဘို့ထက် ကိုယ်ပိုင်အလုပ်ထူထောင်ဘို့လောက်သာ
ခေါင်းထဲ ထားတတ်ကြပါတယ်။
အခုနောက်ပိုင်းမှာတော့ နိုင်ငံတော် ကလည်း ကိုယ်ပိုင်စီးပွားရေးတွေကို
ထူထောင်ခွင့်ပေးလိုက်တဲ့အချိန်မှာတော့အလုပ်လုပ်လိုသူတွေအတွက်
ရွေးချယ်စရာလုပ်ငန်းတွေပေါလာပါတယ်။
လုပ်ငန်းတွေပေါလာချိန်မှာတော့ အရင်လိုနီးစပ်ရာခေါ်ရုံတင်မကဘဲ
သတင်းစာကနေတစ်ဆင့် က ပါ ခေါ်ရပါတော့တယ်။
အခုနောက်ပိုင်းမှာတော့ သတင်းစာကတင်မကဘဲ
ဆိုင်ရှေ့မှာ အလုပ်သမားအလိုရှိသည်ဆိုင်းဘုတ်ချိတ်ထားသူလဲရှိ
လက်ကမ်းစာစောင်လို လုပ်ပြီး လမ်းနံဘေးက သစ်ပင်တွေ ဓါတ်တိုင်တွေ
အုတ်တံတိုင်းတွေမှာလိုက်ကပ်သူလဲရှိ
ပိုခေတ်မှီလာတဲ့အချိန်မှာတော့ အွန်လိုင်းဖေစ်ဘုတ်စာမျက်နှာတွေက
တစ်ဆင့် အလိုရှိသည်ဆိုပြီးခေါ်ကြပါတော့တယ်။
ဒီအွန်လိုင်းက ခေါ်တာက ငွေမကုန်ဘဲ သတင်းစာမှာကြော်ငြာတာ
ထက်ပိုပြီးထိရောက်သလိုပါဘဲ။
ဆာသော်တို့လုပ်ငန်းက လဲ မိသားစု မိရိုးဖလာလုပ်ငန်းကနေပြီး
တဖြည်းဖြည်းခြင်းပြောင်းလာတဲ့လုပ်ငန်းဆိုတော့ လုပ်ငန်းဖွဲ့တည်ပုံက
ကုမ္မဏီ စစ်စစ်ကြီးလိုမဟုတ်ပါဘူး။
အများနည်းတူ ကုမ္မဏီလို့ ဆိုင်းဘုတ်ပြောင်းလိုက်ပေမယ့် ဟိုး
အရင်ကတည်းက ပါလာတဲ့ဝန်ထမ်းတွေနဲ့နောက်မှခေါ်ယူတဲ့
ဝန်ထမ်းအသစ်တွေ ရောနေပါတယ်။
ဘောစိတို့လက်ထက်မှာတော့ လူလိုတယ်ဆိုရင် ကိုယ် ဆီမှာလုပ်
နေတဲ့ဝန်ထမ်းတွေကိုဘဲ အလုပ်လုပ်မယ့် သူရှိလားမေးပြီး
ခန့်လိုက်တာပါဘဲ။
ဘာဖောင်မှ ဖြည့်စရာမလို
ဘာအင်တာဗျူးမှ ထိုင်စရာမလို
အော်တော်မစ်တစ်ဝန်ထမ်းဖြစ်သွားပါတယ်။
အချို့ဝန်ထမ်းတွေက သူတို့သားသမီး တူ တူမ တွေ အမျိုးတွေ အလုပ် လုပ်ချင်တယ်ဆိုရင်
ဘောစိ တို့ ဘောစချုပ်တို့ ကို ပြောလိုက်လို့ ခန့်ထားတာတွေလဲရှိပြန်ပါတယ်။
ဒါပေမယ့် ဘောစသားတို့ ဘောစမီးတို့လက်ထက်ရောက်ချိန်မှတော့ အဲလို
နီးစပ်ရာခေါ်ခန့်တာကို သဘောမကျတော့ပါဘူး။
ဘောစိတို့ကတော့ နီးစပ်ရာခေါ်ထားတာက မြဲတယ်
စိတ်ချရတယ်လို့ တွက်ပေမယ့် သူ့သားသမီးတွေကတော့
ဒီသီအိုရီကို လက်မခံကြပါဘူး။
ကလေးတွေလက်မခံဆို အခုခေတ်မှာ အလုပ်လုပ်တဲ့သူတွေကလဲ
ဟိုပြောင်းဒီခုန် များကြပါတယ်။
ဒါပေမယ့်လဲ ဘောစိ ကတော့ ရှင်းတယ်။
“မင်းတို့ဘာသာမ င်းတို့ ဘယ်က ခေါ်ခေါ် ရတယ်
အလုပ်တကယ်လုပ်တဲ့ကောင်ဘဲဖြစ်ပေ့စေ”ဆိုပေမယ့်
အလုပ်ခေါ်ပြီဆိုရင် ဘောစချုပ် ဆီက တစ်ဆင့်
ဘယ်သူ့သားလေး ဘယ်သူ့သမီးလေး ဆိုပြီး အလုပ်ခန့်ဘို့ညွှန်ကြားလွှာတွေကတော့ရောက်စမြဲပါဘဲ။
အဲအခါမျိုးဆိုရင် ဘောစမီး ဆီက
“မားမားတို့ ကတော့ လုပ်ချလိုက်ပြန်ပြီ “ဆိုတဲ့အသံလေးတွေကိုကြားရပြန်ပါတယ်။
လုပ်ငန်းစတင်စက လူနည်းနည်းလေးဘဲရှိပေမယ့် နောက်ပိုင်းမှာတော့
လုပ်ငန်းကြီးလေ လူများလေဖြစ်လာပါတယ်။
ဒီတော့လဲ လူအမျိုးမျိုးပုံစံအမျိုးမျိုး။
ဝင်သူဝင်ထွက်သူထွက်နဲ့ လည်ပတ်လို့နေခဲ့ပါတယ်။
ဒီနေရာမှာ အလုပ်လုပ်တာခြင်းတူပေမယ့် လူတွေကနှစ်မျိူးနှစ်စားကွဲလာပါတယ်။
နီးစပ်လို့ရောက်လာသူနဲ့ အင်တာဗျူးအဆင့်ဆင့်ဝင်ပြီးမှရောက်လာသူပါဘဲ။
နီးစပ်လို့ရောက်လာသူအချို့ထဲမှာစုန်းပြူးလေးတွေပါလာတတ်ပါတယ်။
အလုပ်ကို လွယ်လွယ်လေးနဲ့ရလာတော့ တန်ဘိုးမထားသူတွေပေါ့။
အလုပ်ချိန်နောက်ကျတာ
အလုပ်ကို လာချင်မှလာတာ
အလုပ်ကို ကြိုးကြိုးစားစားမလုပ်တာတွေ ကိုမြင်ရတော့ စိတ်ချဉ်ပေါက်မိပါတယ်။
ကိစ္စတစ်ခုခုဖြစ်ရင် သူတို့ကို ဘယ်သူ က ခေါ်လာတာဆိုတဲ့ပုံစံချိုးတတ်ပါတယ်။
တစ်ခါသားမှာတော့ အဲလို ကောင်လေးတစ်ယောက်ကို
“ ဟေ့ကောင်
မင်းတို့လို နီးစပ်ပါတ်သက်လို့ရောက်လာတဲ့လူက အလုပ်ကို ပိုတောင်
လေးလေးစားစားနဲ့လုပ်ရမှာ။
အင်တာဗျူး အဆင့်ဆင့် နဲ့ ဝင်လာတဲ့သူက သူ့လိုအပ်ချက်နဲ့ ကိုယ့်လိုအပ်ချက်
ကိုက်ညီမှအလုပ်ရတာ။
ငါတို့လိုချင်တဲ့ အရည်အချင်းမမှီရင်ငါတို့ အလုပ်မခန့်ဘူး။
မင်းတို့လို လူတွေက ငါတို့ လို လို မလိုလို
မင်းတို့အရည်အချင်းကို ကြိုက်ကြိုက်မကြိုက်
လူမူ့ရေးအရခန့်ထားလိုက်ရတာ။
အဲတော့ မင်းတို့က ဘာနဲ့တူလဲဆိုတော့
ခြေစစ်ပွဲ မဝင်ဘဲနဲ့ ပြိုင်ပွဲ ဝင်ရတဲ့ ဘောလုံးအသင်းလိုဘဲ”
လို့ စိတ်ပေါက်ပေါက်နဲ့ ပြောထည့် လိုက်ဘူးပါတယ်။
ဒီလို မိုးကျရွှေကိုယ် တွေ ဘယ်ခေတ် ဘယ်အခါမှ ပျောက်သွားမလဲလို့လဲ
တွေးမိပြန်ပါတယ်။
ကဲ မိတ်ဆွေရော ဘယ်လိုသဘောရပါသလဲ။
ကိုပေါက်လက်ဆောင် အတွေးပါးပါးလေး
30-1-2016
6 comments
ယမကာကျော်စွာ အူးမြောက်မြောက် (B.E)
January 31, 2016 at 2:38 pm
အဲလို ဆွဲခန့်ကောင်းလို့ ခါတလေ ကိုယ်မွေးတဲ့မြောက်
ကိုယ့်ပြန်ခြောက်လို့ ကျေးဇူးပြန်ကန်းတဲ့
မြောက်တွေလဲရှိတတ်ပါတယ် ဘောစိရယ်
စိတ်မပူပါနဲ့ ဘောစိရယ် မြောက်ကြာကြာ ငပိမကိုင်နိုင်ပါဘူး
ဆင်ခြေဆင်လက်များ မြင်းလိုဟိုခုန်ဒီခုန်
ဆိတ်လအုလို မတည်ငြိမ် ကြောင်ချီးလို အိညံ့အိညံ့လုပ်
အချိုအချာင် ကျားလိုချောင်းပြီး အလုပ်အကိုင် လဒလိုမှိုင်
နွားလို ကျိန်တို့မှလုပ်တတ်တဲ့ ကျွဲပါးစောင်းတီးလေးတွေ
အချိန်တန် ခွေးသဒေါင်းစားအဆင့်ပဲ
ပြန်ရောက်သွားမှာပါဘောစိရယ်
စကားမစပ်
တစ်ရာလောက်ချီးစမ်းပါ လမ်းတဝက် အီးထွက်ချင်လာလို့
အိမ်သာအဝက အဒေါ်ကြီးက တစ်ရာမပေးရင်
မဝင်နဲ့ဒဲ့ဗျာ ကိစ္စက ထိပ်ဝရောက်နေပြီ 😯
kai
January 31, 2016 at 4:35 pm
စစ်သားတွေ.. ဌာနဆိုင်ရာတွေကိုလည်း.. အဲလိုဝင်ခဲ့တယ်..။
သားသမီးမြေးမြစ်တီတွတ်.. ဆွေတော်မျိုးတော်တွေလည်း.. အဲလိုဝင်ခဲ့တယ်..။
အကျင့်တော်တော်ပါနေပြီ..။
အခု.. ဒေါ်စုဘယ်လို.. ကက်ဘိနက်နဲ့ဝန်ထမ်းတွေခန့်မလဲတော့မသိ..
သူကစ..အစဉ်အလာဖျက်ရင်တော့.. ပျက်မယ်ပေါ့..
အဲလိုထင်..။ :k:
အရင်ကကျော်စွာဦးကြီးမိုက်
February 1, 2016 at 2:35 pm
.ခေတ်ပြောင်းလာပြီဆိုပေမဲ့ လုပ်ငန်းရှင်ကြီးတွေပါ ရှေးရိုးစဉ်လာက ခွဲထွက်ဖို့လိုတယ်
.အလုပ်နေရာအတွက်အသိမိတ်ဆွေသားသမီးကပြောလာရင်လည်း အရည်အချင်းအလိုက်အင်တာဗျူး
.အိုကေရင်သုံးလအစမ်းခန့်..သုံးလပြည့်လို့မှသုံးမရရင် အားနာစရာမလို ထုတ်ပစ်…ဒါမှ
သင့်အေးရိပ်
February 1, 2016 at 2:59 pm
မိုးကျရွှေကိုယ် ဆိုတဲ့ စကားလုံးကို မြင်ရင်… တာရာမင်းဝေရဲ့ စာအုပ်တစ်အုပ်ထဲက စကားလုံးတစ်ခုကို သတိရတယ်..။
”နောက်မှပေါက်တဲ့ချို(ဂျို)က မွေးကတည်းကပါလာတဲ့ နားရွက်ထက် ပိုရှည်သွားတာကို ခံရခက်တယ်” တဲ့…။
:k:
Tawwin Pan
February 3, 2016 at 10:29 am
အင်တာဗျူးခေါ်ရင် မနက်ပိုင်း ၉နာရီ ၁ဝနာရီလောက်၊ ဒါမှမဟုတ် ညနေပိုင်း ၃နာရီနောက်ပိုင်း အဲလိုခေါ်တာ ပိုအဆင်ပြေတယ်။ အလုပ်ရှိတဲ့သူတွေဆို နေ့တဝက်ယူလို့ရတာပေ့ါ။ ကိုယ်တွေကတော့ အင်တာဗျူးခေါ်တဲ့အချိန် အဆင်မပြေရင် အချိန်ပြန်ညှိတာပဲ။ အချိန်ပြန်ညှိလို့မရဘူးဆိုရင်တော့ မလာနိုင်ဘူးပြောလိုက်တာပဲ။
လုံမလေးမွန်မွန်
February 4, 2016 at 12:43 pm
ပုဂ္ဂလိက အလုပ်တွေ ရှားတဲ့အချိန်ကို မကြုံဖူးတော့ မပြောတတ်ဘူး..
ဒါပေမယ့် အခုလိုအချိန်မှာတော့ အစိုးရအလုပ်ကို လုံးဝကို မလုပ်ချင်ဘူး..
– အလုပ်ရဖို့.. အရည်အချင်းကို နောက်ထား.. ပိုက်ဆံထုပ်ကိုင်ပြီး ကပ်ရတယ်…
– အလုပ်ထဲမှာလည်း အများစုက အရည်အချင်းထက် ပိုက်ဆံကြောင့် ဝင်လာရတာများတယ်.. အပြိုင်အဆိုင်တွေ သိပ်ပေါတယ်..
– အလုပ်ကို ဘယ်လောက်ပဲ ကြိုးစားကြိုးစား. အထက်နဲ့ ပနံသင့်ဖို့က ပိုအရေးကြီးတယ်… ကြိုးစားတိုင်းလည်း ရာထူးမတက်ဘူး..
-ရာထူးတက်ဖို့အရေး ပိုက်ဆံထုပ်ကို ထပ်ကိုင်ရတယ်.. စာမေးပွဲဝင်ဖြေရတယ်.. ရာထူးဆိုတာကို ပိုက်ဆံရယ်.. စာမေးပွဲရယ်… ဖားတတ်မှုရယ်က ဆုံးဖြတ်ပေးတယ်..
ဒါတွေက ကိုယ့်အမြင်ဆိုတော့ မှားရင်လည်း မှားနိုင်ပါတယ်…
အမေစု အစိုးရလက်ထက် ဝန်ထမ်းခန့်အပ်ပုံကို လေ့လာပြီးရင်တော့ ဆရာမဝင်လုပ်ဖြစ်မလား မသိ.. 🙂