ဝဋ်လည်ခြင်း
“ဝဋ်လည်ခြင်း”
“မီးမီး ဟာ”
ကိုကိုကြီး အရင်ယူထားတာ”
“ မပေးဘူး”
လုကြပေပြီ။ တယောက် ကိုင်ထားပြီဆိုလျှင်ဖြင့် တယောက်က လိုချင်သည်။ အမှုမဲ့ အမှတ်မဲ့ ချထားသော ပစ္စည်းသည် တယောက်ကများ ကောက်ကိုင်ပြီဆို ကျန်တယောက်ကလည်း အဲ့သည့်ဟာကိုမှ လိုချင်သည်။ လုကြသည်။ ခုတင် ချစ်ကြည်ရေးရနေသော ဧည့်ခန်းသည် ချက်ချင်းပင် စစ်တလင်းပြင် ဖြစ်လေတော့သည်။ ရန်မီးပွား မကြီးခင် ဒေါ်ကုလသမဂ္ဂ ဝင်ရလေပြီ။
“ပေး အဲ့ဒါ မေမေ့ကိုပေး”
မပေးချင်ပေးချင်နှင့် မိခင်ကို လာပေးသည်။
“မေမေ ဘာပြောထားလဲ မလုရဘူး တူတူ ကစားရမယ်လို့ မပြောထားဘူးလား”
နှစ်ယောက်သား ကိုယ့်အပြစ်နှင့် ကိုယ်မို့ ခပ်ကုပ်ကုပ်ရပ်ကာ ပြိုင်တူ ခေါင်းငြိမ့်ပေသည်။
“ အေး အခုလို လုတဲ့ အတွက် နှစ်ယောက်လုံး မကစားရတော့ဘူး။ မေမေ သိမ်းထားမယ်။ နောက်ဆို အခုလိုပဲ ထပ် လုရင် အဲ့ အရုပ်လည်း အသိမ်းခံရမယ်။ မှတ်ထားနော်”
သူတို့ ပြသနာကို ဖြေရှင်းအပြီး မီးဖိုထဲဝင်ကာ လုပ်လက်စ အလုပ်ကို ဆက်လုပ်နေစဉ် ဧည့်ခန်းထဲမှ ရယ်သံကြားရသည်။ ခုနက ရန်ဖြစ်တာ သူတို့ မဟုတ်ကြတဲ့ အတိုင်းပင်။ တည့်ခြင်တော့ ချက်ခြင်းပင်။
သည်လို ရန်ဖြစ်လိုက် ပြန်ချစ်လိုက် သူတို့ မောင်နှမကြား ကျွန်မကတော့ ကြုံနေကြမို့ အကျွမ်းတဝင် ဖြေရှင်းကာ ညင်ညင်သာသာ ပြီးသွားသော်ငြား သူတို့ ဖခင်နှင့် ဆိုလျှင်တော့ဖြင့် ပြသနာ မီးပွါး တမုဟုတ်ခြင်းကြီးသွားတတ်သည်။
အိမ်ကြီးရှင် အလုပ်အားရက်များ ဆိုလျှင်ဖြင့် ကလေးထိန်းတာဝန်သည် သူ့တာဝန်။ သို့ကြောင့် တခြား အိမ်ထောင်မှုကိစ္စတွေကို လွတ်လွတ်လပ်လပ် လုပ်ခွင့်ရသည်။ ကလေးနှစ်ယောက်ကြည့်ရ အိမ်အလုပ်လုပ်ရဆို တခါတလေ ခရီးမတွင်လှပေ။
ပိတ်ရက်များဆို သူတို့ နှစ်ယောက်ကို အိမ်ကြီးရှင် ထိန်း။ မီးဖိုထဲမှာ အလုပ်ကို နောက်ဆံတင်းတင်း လုပ်ရုံသာ။ အလုပ်လုပ်လိုက် သူတို့ကို ထွက်ကြည့်လိုက် လုပ်စရာမလိုပေ။ များသောအားဖြင့်တော့ အေးအေးချမ်းချမ်း သာသာယာယာ။
သို့သော်…….တခါတရံ၌ မူ……….
“ဟေ့……….ဟေ့”
ကလေးနှစ်ယောက်အသံ အိမ်ကြီးရှင်၏ တားမြစ်သံများကြောင့် အတွေ့အကြုံများအရ ဒါ သည် အမှုကြီးလေပြီဟု သိလေပြီ။ ဧည့်ခန်းထဲသို့ အရောက် မြင်ရသော မြင်ကွင်းသည် သားနှင့် သမီး အကြား ကလေး နှစ်ယောက်ကို လက်နှစ်ဖက်က တယောက်နှင့် တယောက် မမှီအောင် ကိုင်ရင်း အလယ်တွင် ကို့ယို့ကားယား ရပ်နေသော ဖခင်။
ကလေးနှစ်ယောက် ပစ္စည်း လုတာကို လျှင်လျှင်မြန်မြန် မဖြေရှင်းနိုင်၍ ရန်ပွဲ အသွင် ကူးပြောင်းနေသော သားနှင့် သမီးကို သူခွဲနေခြင်းဖြစ်သည်။
သားသမီးကို ရိုက်ဖို့ မဆိုထားနှင့် လေသံမာမာတောင် ပြောသောသူ မဟုတ်လို့ ကလေးတွေသည် သူ့ကို အမေဖြစ်သူ ကျွန်မလောက် မကြောက်ကြချေ။ အလိုလိုက်မှန်းသိ၍ အဖေကိုဆိုလျှင် ပို၍ နွဲ့ဆိုးဆိုးကြသည်။
“ဘာဖြစ်ကြတာတုန်း”
အသံမာမာဖြင့်မေးရင်း အမေဝင်လာမှ ရုန်းရင်းဆန်ခတ် အခြေအနေမှ ရပ်သွားကြသည်။
“ အရုပ်လုနေတာကွာ။ ပြောမရဘူး”
ထုံးစံအတိုင်းပင်။
“ မေမေ ပြောတာ မမှတ်ထားကြဘူး။ ရှိတာမှ သည် မောင်နှမ နှစ်ယောက်တည်း ။ တည့်တည့် ရှု့ရှု့ မနေနိုင်ဘူး။ သည်လောက် ရန်ဖြစ်နေမှတော့ ခွဲထားမှကို ဖြစ်တော့မယ်။ ပြော… ဘယ်သူ နေပြည်တော်မှာ နေမှာလဲ။ နောက် တယောက်ကို ကိုးမိုင်အိမ် ပို့မယ်။ ”
နေပြည်တော်မှာ ကျွန်မ မိဘများ နေ၍ ကိုးမိုင်တွင် အိမ်ကြီးရှင် မိဘများနေသည်။
“သားသား ဘယ်မှ မနေချင်ဘူး မေမေ နဲ့ပဲ နေမယ်”
သားကတော့ မျက်နှာငယ်လေးနှင့် ချက်ခြင်း ပြန်ပြောပေမဲ့ သမီးငယ်ကတော့ မျက်မှောင်ကုပ်ကာ အမေကို ပေစောင်းစောင်းကြည့်နေသည်။ အမေ တကယ်ပြောနေသလား စနေသလား စူးစမ်းနေသည်။ အငယ်လည်း အငယ်မို့ ပြီး ချူချာသူလေးမို့ သူ့ကို ပို အလိုလိုက်တာသိ၍ သူက အမေအပေါ် ပိုပြီး နွဲ့ဆိုးဆိုးတတ်သည်။
“ပြောလေ”
မျက်နှာခပ်တည်တည်နှင့် ခပ်မာမာ မေးမှ
“မေမေနဲ့ နေမယ်”
“ အေး…..ဒါဆို ပြီးရော။ နောက် ရန်မဖြစ်နဲ့ တည့်တည့် ရှု့ရှု့နေ မဟုတ်လို့ကတော့ ပို့ပြစ်မယ်”
…………………………………………………………………………………………………………
သည်နေ့ ခါတိုင်း နေ့တွေထက် အိပ်ရာထ နောက်ကျလေသည်။ မနက်စာရော သားနှင့် ခင်ပွန်းသည် ထမင်းဘူးရော အချိန်မှီဖို့ အပြေးအလွှား လုပ်နေရသည်။ အရင်နေ့တွေကတော့ အချိန်မှီမို့ ကသင်လီတ မဖြစ်ပါ။ ထမင်းဘူးရော မနက်စာရော ပြင်ဆင်ပြီးလျှင် သား ဝတ်ရမည့် အဝတ်တွေ ကျွန်မက အသင့်ချပေးထားသည်။ မနက်စာ စားပြီး အဆင်သင့် လဲပေးရုံသာ။ သည်ကနေ့တော့ အိပ်ရာထ နောက်ကျ၍ ဝရုန်းသုန်းကား။ ကျောင်းသွားချိန်လည်း အင်မတန် ကပ်နေပြီ သား အဝတ်တွေ ပြင်ဆင်ချိန်မရ။ ဒါ့ကြောင့် အိမ်ကြီးရှင်ကို အကူအညီ တောင်းရသည်။
“ ဘာ ဝတ်ပေးရမလဲ”
“ ရှပ်လက်ရှည် ဝတ်ပေးလိုက်။ အတွင်းက စွပ်ကျယ် လက်ရှည်နော်”
စိတ်မချလို့ ကျွန်မက မီးဖိုထဲက လှမ်းအော်။
“စွပ်ကျယ် ဘယ်မလဲ”
“ရှာကြည့်ပါလား”
အော်သံတွင် စိတ်မရှည် သံတွေပါလာပြီ။ သည်မှာက အလုပ်က လက်စ မပြတ်နိုင်လို့ ဗျာများ နေပါတယ် ဆိုမှ သူက အမေးအမြန်း ထူနေ၍ စိတ်တိုလာပါပြီ။
“ အတွင်းခံ ဘောင်းဘီလည်း မတွေ့ဘူး”
အလုပ်မအားလို့ သူ့ အကူအညီ တောင်းကာမှ ပိုဆိုးပြီ။ လုပ်နေကြ မဟုတ်လို့ သူ မသိ။ သူ့ ပြောပြနေရတာကမှ စိတ်ပိုပင်ပန်းလာပြီ။ ဒါနဲ့ပဲ မီးဖို မီးပိတ်ကာ ဒေါင်းတိ မောင်းတိ အိပ်ခန်းထဲ အပြေးအလွှားပေါ့။ စိတ်ကလောနေ၍ ခြေသံလည်း ပြင်းပုံရသည်။ ဘီဒိုရှေ့ ရပ်ကာ ဘယ်အပုံက ယူရမှန်း မသိ ဖြစ်နေသော အိမ်ကြီးရှင်။
“သည်မှာ လက်ရှည် အပုံ။ ဒါက လက်တိုတွေကြည့်ပဲ။ စွပ်ကျယ်တွေက သပ်သပ် ပုံထားတယ်။ ဂျင်းဘောင်းဘီနဲ့ အတွင်းခံက တပုံတည်း ။ မတွေ့ဘူးလား”
“မသိဘူးလေ ဆွဲယူလိုက်တော့ လက်တို ဖြစ်နေတယ် နောက်တထည်လည်း လက်တိုပဲ”
“အေးလေ တထည် ဆွဲလိုက်လို့ လက်တိုဆို ထပ်မယူနဲ့ပေါ့ ဒါ လက်တိုတွေပဲ ထပ်ထားတာ သိပေါ့”
ခေါက်ရိုးလေးတွေ ညီနေအောင် စီထားသော အင်္ကျ ီပုံတွေ ဖရိုဖရဲ ဖင်တပြန် ခေါင်းတပြန် ဖြစ်နေတာ မြင်ရတော့ ပိုစိတ်ဆိုးကာ ပြောမိသည်။
“ သည်မှာ အဖြူလေးတွေကြည့် မတွေ့ဘူးလား ဒါစွပ်ကျယ်တွေကြည့်ပဲ”
“ ဘယ် သိမလဲကွ မင်းစိတ်ကူးနဲ့ မင်းလုပ်ထားတာကို”
နှစ်ယောက်သား အပြန်အလှန်ပြောနေတုန်း သမီးက ဘယ်အချိန်က သူ့ အဖေနောက် ရောက်နေသည်မသိ။ ခုနက အမေက စိတ်တိုတိုနှင့် သူ့ရှေ့က ဖြတ်လာတာတုန်းက သတိထားမိပြီး လိုက်လာတာ ဖြစ်မည်။
လက်တဖက်က ခါးထောက်လျှက် ကျန်တဖက်က လက်ညှိုးလေးထောင်ကာ တလှုပ်လှုပ်နှင့် အမိန့်ပေးနေသော ပုံနှင့် အဖေနှင့် အမေကို ခပ်မာမာ ဆိုလေသည်။
“ ရန်ဖြစ်နေတယ် …. မကြိုက်ဘူးနော်…နှစ်ယောက်လုံး တယောက် တနေရာစီ ခွဲထားမယ်နော် သိလား”
ကျွန်မ ဝဋ်လည် လေပြီလား…… သူမက ကျွန်မတို့ကို ခွဲထား လေမည်တဲ့……. 😀 😀
17 comments
ခင်ဇော်
February 29, 2016 at 6:15 am
အဟီးးးးဟီးးးဟီးးးးး
ချစ်စရာကောင်းးလိုက်တာာာာ..
အိမ့် ဆည်းးလည်းး လေးးတွေရော
ခေါင်းလောင်းကြီးတွေရောနဲ့ ဆူညံ ပျော်ရွှင် ပွက်လောရိုက်နေရမယ် ထင်ရဲ့..!!!
အအေးးပေါ့ပြီလားး မွမှီ..!?
:chit:
hmee
February 29, 2016 at 7:26 am
ပေါ့သေးဘူး။ မတ်လ ကုန်မှ အအေးပေါ့မှာတဲ့။
ယမကာကျော်စွာ အူးမြောက်မြောက် (B.E)
February 29, 2016 at 11:53 am
ထွန်းအိန္ဒာဗိုလ် သီချင်း ပြန်ဆိုပြလိုက်လေ
ဂျစ်ဂျင်းကိုခွဲဘာနဲ့ ဂျစ်ဂျင်းကိုခွဲပါနဲ့
hmee
February 29, 2016 at 8:37 pm
ဟုတ်ပါ့။ တခါတလေ သူကမေးသေးတယ် မေမေ မီးမီးကို ချစ်လား ပါပါကြီးနဲ့ ကိုကိုကြီးကို မချစ်ဘူး မဟုတ်လားတဲ့ သူ လိုချင်တဲ့အဖြေပါ တခါတည်း ထည့်မေးတာ။ 😀
kai
February 29, 2016 at 4:19 pm
စာရပ်လိုက်တဲ့နေရာက.. ကွက်တိပဲ..
အနုပညာမြောက်တက်သွားတယ်..။
တွေးလေ.. တွေးကြပေတော့… ပေါ့..။ :k:
hmee
February 29, 2016 at 8:43 pm
သဂျီးရဲ့ ရွာက ဆွဲဆောင်မှုအား ကောင်းလို့ထင်ရဲ့ သားတော်မောင်က စာရေးမလို့တဲ့ 😀 သားကျောင်းမှာ စာဘယ်လိုသင်လည်း သားကျောင်း အကြောင်းတွေ မေမေ့ကို ပြောပြ ပါလား ဆိုတော့ ဟင့်အင်း မပြောပြဘူး သားသား ဘာသာ သားသား နာမည်နဲ့ ရေးမှာ မေမေ့လို နာရီ ရအောင်တဲ့။ တခါတလေ သူ ရေးချင်စိတ်ရှိရင် ကွန်ပြူတာထဲမှာ စာရိုက်ြပြီးသိမ်းထားလေရဲ့။ သားသား ရြေးပြီးရင် သားသား နာမည်နဲ့ တင်ပေးပါတဲ့ ကတိတောင်းနေလေရဲ့ သဂျီးရေ။
kai
March 1, 2016 at 11:37 am
ရေးလို့.. သားသားကို ထိပ်ဆုံးက… အားပေးပါတယ်လို့နော…။
အခုလို.. နောက်မျိုးဆက်လေးတွေပါလာတာ.. လွန်စွာစိတ်ချမ်းသာ..။ :k:
nozomi
March 1, 2016 at 8:42 am
အားတူတူဘဲ
အားတူတူ ဘဲ
hmee
March 1, 2016 at 8:38 pm
ကိုနို လည်း သားတစ်ယောက် သမီး တစ်ယောက်ဆိုတော့ သည်လို အဖြစ်လေးတွေ မကြာမကြာ ကြုမှာပေါ့နော့
အောင် မိုးသူ
March 1, 2016 at 10:31 am
ခေးတွေက ချစ်ချာကောင်းပါတယ်
hmee
March 1, 2016 at 8:39 pm
ကိုယ်ပိုင်ဆို ပိုချစ်ဖို့ကောင်းလို့ ကြိုးစားကြည့်ပါလား 😀
အရင်ကကျော်စွာဦးကြီးမိုက်
March 1, 2016 at 10:38 am
.ဟီဟိ..ပျော်စရာကြီး
.အိမ်ကကလေးတွေလည်းငယ်ငယ်ကအဲ့လိုပဲ
.လူကြီးဆုံးမတာမှတ်ထားပြီးပြန်ပြန်တွယ်တတ်တယ် :))
hmee
March 1, 2016 at 8:42 pm
ဟုတ်တယ် ဦးကြီးမိုက် အိမ်ကြီးရှင်က ပြောတ တ်တယ် သမီး အမူအရာတွေ စကားတွေက မင်းနဲ့ တပုံစံတည်းတဲ့။ အမေ ပြောတဲ့ စကားနဲ့ ပြန်တွယ်တ တ်လို့လေ။
ဦးကြောင်ကြီး
March 7, 2016 at 11:28 am
အမ်တီမှီကို အနော် လာတွေ့ခြင်သယ်… ရမား
hmee
March 7, 2016 at 9:41 pm
နေပါစေတော့ ဦးကြောင် မီးမီး ကြောက်ကြောက်။
Thint Aye Yeik
March 7, 2016 at 4:32 pm
ကလေးတွေကလည်း ချစ်စရာ. . .
အဲ့ဒီ ချစ်စရာ့ကလေးတွေအကြောင်း တစေ့တစောင်း ရေးပြထားတဲ့ အနုပညာကလည်း ချစ်စရာ. . .
အန်တီမှီ့ညီမတော်လေးကလည်း. . . အဲ. . .
:k:
hmee
March 7, 2016 at 9:43 pm
ကလေးတွေနဲ့ အနုပညာလေး ဆို ရပါြပြီ။ ညီမလေးတော့ ……