စာဖတ်ခြင်းမှသည် . . .
စာဖတ်ခြင်းမှသည် …….
@@@@@@@@@@@@
စာဖတ်ခြင်းအလေ့အထ ဘယ်အချိန်လောက်ကတည်းက စပြီးသန္ဓေတည်ခဲ့ပါလိမ့်လို့
ကျနော်ပြန်စဉ်းစားကြည့်မိတယ်။ စာဆိုတာနဲ့ စပြီးထိတွေ့ခဲ့ရတဲ့အရွယ်ကို
ပြောရရင်တော့ သူငယ်တန်းစနေတဲ့ ၁၉၈၅ ခုနှစ် ဇွန်လ ၁ ရက်ဖြစ်ပါလိမ့်မယ်။
အဲ့ဒီနေ့က အကျင်္ ီအဖြူ ဘောင်းဘီတို အစိမ်း လွယ်အိတ်အသစ်လေးနဲ့ ကျနော့်ကို
အဖေက ကျောင်းလိုက်အပ်ပေးတာ မှတ်မိနေပါတယ်။ အဖေ့ လက်တစ်ဘက်က ကျနော့်ကိုတွဲ
ကျန်လက်တစ်ဘက်က လက်ဘက်ရည်အချိုထည့်ထားတဲ့ ရေနွေးဓာတ်ဗူးကြီးကိုဆွဲလို့
ပညာရင်နို့သောက်စို့နိုင်ဖို့ရာ ကျောင်းတော်ကြီးက ဆရာ/မတွေထံ ကျနော့်ကို
အပ်နှံပေးခဲ့တာပါ။ အဖေက ကျနော့်ကို ကျောင်းအပ်ပေး…
သက်ဆိုင်ရာစာသင်ခန်းကို ပို့ပေးပြီး အိမ်ပြန်သွားခဲ့တာပေါ့။ ကျနော်ကတော့
ပတ်ဝန်းကျင်အသစ် နေရာအသစ်မှာ ကျန်နေခဲ့ရတယ်။ မျက်စိသူငယ်
နားသူငယ်များဖြစ်နေခဲ့သလား။ ပျော်ပဲပျော်နေခဲ့သလားဆိုတာတော့
သေချာမမှတ်မိ။ စာသင်ခန်းထဲမှာ လွယ်အိတ်အသစ်လေးထဲက
ကျောက်သင်ပုန်းအသစ်လေးပေါ် ဆရာမက ဝါးခြမ်းပြားပေတံရယ် သံချောင်းလေးရယ်နဲ့
မျဉ်းကြောင်းတွေဖြစ်အောင် ဆွဲပေးခဲ့တာလည်း မှတ်မှတ်ရရပါပဲ။ ဝလုံးကစပြီး
ကကြီးရေးကြတဲ့အချိန်မှာ ကျနော်ရေးတဲ့ ကကြီးကို ဆရာမက “သားရေးတာ
ကကြီးမဟုတ်ဘူးကွဲ့… ဗျိုင်းပျံနေတဲ့ပုံဖြစ်နေတယ်”တဲ့ …..။ ဒီလိုနဲ့
ဘဝမှာ စာနဲ့ ကျနော် …. ကျနော်နဲ့ စာ စတင်ထိတွေ့မိတယ်ပေါ့……။
“စောစောထ … အိပ်ယာသိမ်း … မျက်နှာသစ်… သွားတိုက်က..စပြီး
ကျောင်းပြန် မိဘကူ ကစား”ဆိုတဲ့ ကဗျာလင်္ကာလေးကို ကျောင်းကပြန်လာ
အိမ်ပေါ်ကိုလွယ်အိတ်လေး ပစ်တင် အိမ်သာကိုပြေးရင်း
တကြော်ကြော်အော်ဆိုခဲ့ရတာလည်း အမှတ်ရမိပါရဲ့ ….။
ကျနော် စာဖတ်ခြင်းအလေ့အထဖြစ်စေခဲ့တာက အလယ်တန်းအဆင့်လောက်မှာပါ… မိဘတွေက
မိုးတွင်းဆို ကျောင်းနဲ့ တစ်မိုင်ကျော်လောက်ဝေးတဲ့နေရာမှာ
အလုပ်လုပ်နေကြတော့ … နေ့လည်ကျောင်းဆင်းချိန်ဆို
ကျနော်အိမ်မပြန်ဖြစ်တော့ပါဘူး။ အိမ်မပြန်ဖြစ်တော့ အားနေတဲ့အချိန်မှာ
ဘယ်သွားဖြစ်လည်းဆိုတော့ ကျောင်းစာကြည့်တိုက်ကိုပေါ့ …။ စစခြင်း
ဖတ်မိတဲ့ စာလေးတွေကတော့ တေဇ၊ ရွှေသွေး၊ မိုးသောက်ပန်း၊ တို့ကျောင်းသား
စတဲ့ စာစောင်တွေပေါ့။ နေ့လည်ပိုင်းကျောင်းဆင်းချိန်တိုင်း
အိမ်မပြန်ဖြစ်တဲ့ ကျနော်ဟာ ကျောင်းစာကြည့်တိုက်မှာပဲ အချိန်ကုန်တာ
များလာတာနဲ့ အမျှ စာကြည့်တိုက်ထဲက စာစောင်တွေထဲမှာ မဖတ်ရသေးတာ
မရှိသလောက်ဖြစ်သွားတဲ့အထိ ဖတ်ဖြစ်ခဲ့တာ။ စာစောင်တွေကနေတဆင့်တက်ပြီး
မှန်ဗီရိုကြီးတွေထဲမှာ ထည့်ထားတဲ့ စာအုပ်ထူကြီးတွေဆီ
မျက်စပစ်မိပြန်ပါတယ်…. ဒီလိုနဲ့ ကျနော်ဟာ ” ငဘ ဝတ္ထုကအစ ဓား၊ ဗိုလ်မှူး
တိုက်ချွန်း စတဲ့ စာအုပ်တွေအထိ ဖတ်ဖြစ်လာပါတယ်။ နေ့လည်ပိုင်း
ကျောင်းဆင်းချိန်တိုင်း ကျောင်းစာကြည့်တိုက် ရောက်ဖြစ်နေတဲ့ ကျနော့်ကို
စာကြည့်တိုက်မှူးဖြစ်တဲ့ ဆရာမက စာကြည့်တိုက်သော့ပါ အပ်တဲ့အထိ
ဖြစ်လာပါတယ်။ ကျောင်းတက်ခေါင်းလောင်းထိုးပြီဆိုရင် တခြား
ကျောင်းသား/သူတွေ ဖတ်ပြီး ချထားခဲ့တဲ့ စာအုပ်တွေ စာစောင်တွေကို
စနစ်တကျဖြစ်အောင် စီပေးရပါတယ်။ စနေ၊ တနင်္ဂနွေ ကျောင်းပိတ်ရက်အတွက် ဖတ်ဖို့
စာအုပ်ကို ဆရာမဆီမှာ စာရင်းပေးပြီး ငှားရပါတယ်။ အလယ်တန်းကျောင်းသား ဘဝကနေ
စလိုက်တဲ့ စာဖတ်ခြင်းအလေ့ဟာ အထက်တန်းကျောင်းသား ဘဝမှာ နည်းနည်း
ရပ်သွားပါတယ်။ ဘယ်လိုပြောရမလဲဆိုတော့ အလယ်တန်းအဆင့်ကနေ အထက်တန်း အဆင့်ကို
တက်လာတဲ့အခါ မြန်မာလို သင်ရတဲ့ ဘာသာရပ်တွေက အင်္ဂလိပ်လိုပြောင်းသင်ရ
ကျောင်းမှာ ဆရာ ဆရာမ မလုံလောက်မှုကြောင့် ဘာသာရပ်သင်တဲ့
ဆရာ/မအပြောင်းအလဲတွေဖြစ်တာကတပိုင်း၊ လူပျိုပေါက်ဆိုတော့ စာဖတ်ခြင်းကို
လျှော့ပြီး ကိုယ်တိုင်စာပေရေးသားခြင်းအမှုကို စတင်တော့တာကိုးဗျ….။
သူငယ်ချင်းတွေအတွက် ရည်းစားစာတွေကို ကြားဝင်ခံစားပြီး ရေးပေးတတ်လာပြီ …
ဟဲ .. ဟဲ .. ဘာရယ်မဟုတ်ဘူး … အလိုလိုနေရင်း လွမ်းချင်တေတယ်…
အသည်းကွဲချင်နေတယ်လို့ပဲ ပြောရမယ် … ဒါကြောင့်
အထက်တန်းကျောင်းသားအဆင့်မှာ စာကြီးပေကြီးတွေဘက် သိပ်စိတ်မပါတော့ပဲ …
ကဗျာတွေဘက်ကို ခြေဦးလှည့်သွားတော့တာလေ။ ကျနော်အကြိုက်ဆုံး အနှစ်သက်ဆုံး
ကဗျာတွေကတော့ ဆရာ မောင်စိန်ဝင်း(ပုတီးကုန်း)ရဲ့ ကဗျာတွေပါပဲ။
ကိုယ်တိုင်လည်း ကဗျာလေးတွေ စပ်ကြည့်တယ်… ဥပမာ .. “တမ်းတမ်းတတ
နွမ်းလျရင်ထဲ တမ်းတကြေကွဲ ဘာညာပေါ့ဗျာ …” အလွမ်းကဗျာ အသည်းကွဲ
ကဗျာတွေပေါ့။ ကဗျာလေးတွေကို ဗလာစာရွက်လေးတွေပေါ်မှာရေး အဲ့ဒီစာရွက်လေးကို
စက္ကူစွန်လေးတွေအဖြစ် ဖန်တီးပြီး မိန်းကလေးတွေရဲ့ စာသင်ခုံဘက်
ပစ်ပစ်လွှတ်တတ်သေးတာ …။ ကိုယ်ကြိုက်တဲ့ ကြွေတဲ့ ကောင်မလေးတွေကို တချို့က
ရည်းစားစာပေးတာ…။ ကျနော်က ရည်းစာစာအုပ်ပေးတာ…။ တခြားသူတွေလို
တစ်စောင်ထဲမဟုတ်ဘူးရယ်။ စာအုပ်တစ်အုပ်လုံးမှာ ခံစားရတာတွေကို ချရေးထားတာ
အရွက်ခြောက်ဆယ်ပါ ဗလာစာအုပ် တစ်အုပ်လုံး အပြည့်ရယ်…. စွံ့ချက်ကတော့
ပြောမနေနဲ့ ပေးစာနဲ့ ပြန်စာ တစ်ထပ်တည်း… ကိုယ်ပေးလိုက်တဲ့
ရည်းစားစာအုပ်ဟာ နောက်ရက် ကိုယ့်ဆီပြန်ရောက်ခဲ့တာလေ… ဖြေသာပါတယ် …
ဆရာ/မကို မတိုင်တာကိုပဲလေ…။ နောက်တစ်ခုက မှတ်စုစာအုပ်လေးတွေရဲ့
နောက်ကျောဖုံးတွေမှာ လက်ရေးလှလှလေးတွေနဲ့ ကဗျာလေးတွေ
သီချင်းအပိုင်းအစလေးတွေ ကောက်ရေးထားတတ်တယ်။ ဒီလိုရေးထားမိတာကို မြန်မာစာ
ဆရာမက တွေ့သွားပြီး အတန်းရှေ့မှာ အားလုံးကို ဖတ်ပြလို့
အရှက်ဗြန်းဗြန်းကွဲခဲ့ရသေးတာ….။ နောက်တစ်ခုက ကျနော်
ဆယ်တန်းကျောင်းသားဘဝမှာ အပြင်စာအုပ်အငှားဆိုင်တွေက ရုပ်ပြတွေ ဝတ္ထုတွေ
ငှားပြီး ဖတ်တတ်နေပြီ။ တစ်ညနေတော့ စာအုပ်အငှားဆိုင်ကနေ စာအုပ်တွေ
တပွေ့တပိုက်နဲ့အထွက် ဆရာမနဲ့ တည့်တည့်တိုးပြီး နောက်ရက် အတန်းချိန်ကျတော့
ဆရာမက စာအုပ်အငှားဆိုင်မှာ စာအုပ်ငှားတဲ့အကြောင်းမေးလို့
အိမ်ကငှားခိုင်းတာပါလို့ လိမ်ရသေးတာ…။ အထက်တန်းအဆင့်ကို ကျော်လွန်ပြီး
GTI တက်တော့ စာဖတ်ခြင်တဲ့ ကျနော့်အတွက် အဆင်ပြေသွားတာက
တစ်ဆောင်ထဲအတူနေရတဲ့ သူငယ်ချင်းက စာအုပ်တွေ ဝယ်စုတာပါပဲ … သူက
စာအုပ်တွေဝယ်စုပေမဲ့ မဖတ်ဘူးဗျ… အသက်ကြီးလာတဲ့အခါ
စာကြည့်ခန်းလေးထားချင်လို့ ဝယ်စုတာဆိုပဲ … သူဝယ်လာတဲ့ စာအုပ်တွေထဲက
ကျနော့်ကို အဆွဲဆောင်ဆုံးကတော့ ဆရာကြီး ရွှေဥဒေါင်းရဲ့ တစ်သက်မှတ်တမ်းနဲ့
အတွေးအခေါ်များစာအုပ်ပါပဲ ။ ဆရာ ဖေမြင့်ရဲ့ တက်ကျမ်းတွေလည်း
ဖတ်ဖြစ်တာပေါ့။ အဲ့ဒီအချိန်အထိ စာအုပ်တွေကို ဝယ်ပြီး ဖတ်ရမယ်မှန်း
ကျနော်မသိသေးဘူး။ ဟော … GTI ပြီးသွားတော့ မုံရွာမြို့မှာ
အဝေးသင်ဆက်တက်ဖြစ်ပြန်တော့လည်း နေရတဲ့အဆောင်က ဦးလေးကြီးက
စာဖတ်ဝါသနာအိုးနဲ့ တိုးပြန်ရော .. ဂျက်လန်ဒန်ရဲ့ ပင်လယ်ဝံပုလွေ၊
စွမ်းသူ့အားမာန်၊ အရိုင်းခေါ်သံ စတဲ့ ဘာသာပြန်တွေ ဖတ်ရမှတ်ရပြန်တာပေါ့။
ကျောင်းတွေပြီးလို့ ဟိုစပ်စပ် ဒီစပ်စပ်ဖြစ်နေချိန်မှာတော့
စာအုပ်အငှားဆိုင်က ဝတ္ထုစာအုပ်တွေတော်တော်များများ ငှားဖတ်မိပြန်တယ်။
မောင်စိန်းဝင်း(ပုတီးကုန်း)၊ မောင်လှမျိုး(ချင်းချောင်းခြံ)၊
မောင်ညိုအေး(ပန်းတော)ကစလို့ နီကိုရဲ၊ တာရာမင်းဝေ၊ အကြည်တော်အလယ်
မင်းသိင်္ခအဆုံး တော်တော်များများ ဖတ်ဖြစ်ပါတယ်။ ဟော … ကျူရှင်ဆရာအဖြစ်
ဘော်ဒါဆောင်မှာ အလုပ်လုပ်ဖြစ်ချိန်ကြတော့လည်း စာအုပ်တွေ ဖတ်တဲ့
ဝယ်စုထားတဲ့ သူငယ်ချင်းဆီက စာအုပ်တွေ ဖတ်ဖြစ်ပြန်တယ်… ဆရာဖေမြင့်ရဲ့
ကျွန်း၊ ဆတ်သေချောင်း ဒဏ္ဍရီ စတဲ့ ဝတ္ထုတိုတွေ၊ ဂျာနယ်ကျော် မမလေးရဲ့
သူလိုလူ၊ ဆရာ အောင်သင်းရဲ့ ကံ့ကူလက်လှည့်၊ မျိုးဆက်သစ်တို့
တိုးတက်ရစ်ဖို့ ဆရာ မြသန်းတင့်ရဲ့ လူလေးသို့ ပေးစာများ၊ ဘဝနေနည်း အနုပညာ၊
လေလွင့်သူ စတာတွေကို ဖတ်ဖြစ်ပြန်တယ်။ စာဖတ်တာများလာတဲ့အခါမှာ
စာရေးချင်စိတ် စာရေးကြည့်ချင်တဲ့ စိတ်လေးတွေ ပေါ်လာတော့တာပါပဲ။
အစမ်းအနေနဲ့ ညမအိပ်ခင် မှတ်တမ်း(ဒိုင်ယာရီ) ရေးတဲ့အကျင့်လေး
လုပ်ဖြစ်ပါတယ်။ ၂ နှစ်လောက် ရေးမိတဲ့ပြီး မှတ်စု
နှစ်အုပ်ခွဲလောက်ကုန်ချိန်ကျတော့ နည်းပညာရပ်ဝန်းထဲကို
ကျနော်ရောက်တော့တာပါပဲ …. ၂၀၀၉ ကုန်ခါနီးလောက်ပေါ့ …
နည်းပညာရပ်ဝန်းထဲမှာ ဘလော့ဂ်လေးတစ်ခုထောင်ဖြစ်ပြီး တောင်ရေး
မြောက်ရေးစရေးတော့တာပေါ့… ကိုယ်ရေးတဲ့ စာလေးတွေကို
မှတ်ချက်(comment)လေးတွေ ပေးကြ အပြန်အလှန် ဆွေးနွေးဖြစ်ကြ
သဘောထားမတိုက်ဆိုင်ရင် ငြင်းကြခုန်ကြပေါ့… ဒီလို စာဖတ်ခြင်း
အလေ့အထကစပြီး စာရေးခြင်း အလေ့အထထိရောက်လာ .. ဒီနေ့အထိ အခုလို
ရောက်တတ်ရာရာလေးတွေ ရေးနေဖြစ်တော့ပါပဲ …..။
ပျော်ရွှင်ချမ်းမြေ့ကြပါစေ ……
K.T.W.L
11 comments
Tawwin Pan
March 4, 2016 at 1:30 pm
ဘယ်အချိန်ကစပြီးစာဖတ်လဲတော့မမှတ်မိတော့ဘူး။ ငယ်ငယ်ထဲကရွှေသွေးတို့ မင်္ဂလာမောင်မယ်တို့အမြဲဝယ်ဖတ်တာတော့မှတ်မိတယ်။ သေချာတာကတော့ စာဖတ်တတ်တဲ့အချိန်ထဲက ဖတ်တာပဲ..:P
kotun winlatt
March 5, 2016 at 1:42 pm
မှန်လိုက်လေခြင်းးးးးး စာဖတ်တတ်တဲ့အချိန်ကစပြီး ဖတ်တာပါပဲ ခမျ
အရင်ကကျော်စွာဦးကြီးမိုက်
March 4, 2016 at 2:43 pm
.ကျုပ်တို့ငယ်ငယ်ကတော့ ရွှေသွေးတို့ တေဇ တို့ကစလို့ ကာတွန်းမျိုးစုံအလွန်ထွက်တာကိုးဗျ
.အဲ့တော့ ကျောင်းစာပီးရင် ကာတွန်းတွေစဖတ်ခဲ့တယ်ဆိုပါတော့…နောက်မှတဖြည်းဖြည်း
.ဝတ္ထုတွေဘာတွေဖတ်တတ်လာတာပေါ့…အဲ့အချိန်တုန်းကလည်းကျုပ်တို့ဘဝမှာ..အားရင်ဆော့ဖို့နဲ့စာဖတ်ဖို့သာရှိသကိုးဗျ…ခုကလေးတွေကတော့စာဖတ်ဖို့တောင်အချိန်မပေးနိုင်ကြတော့ဘူး..ဝမ်းနည်းစရာပါ
.ကိုထွန်းဝင်းလတ်အတွေ့အကြုံလေးတွေဖတ်ရှုခံစားရင်း ငယ်ဖြစ်ဟောင်းအောင့်မေ့သွားတယ်ဗျာ :))
kotun winlatt
March 5, 2016 at 1:43 pm
ဟုတ်ပါ့ . . . ဟုတ်ပါ့ . . . အူးမိုက်ရေ
kai
March 4, 2016 at 3:20 pm
တလောက အသိအိမ်မှာ.. သူတို့သားကကြီးပြီမို့ မလိုချင်တော့ဘူးဆိုတာနဲ့.. ရွှေသွေးတွေကို ကဒ်ထူဖုံးနဲ့သေချာချုပ်ထားတဲ့ပေါင်းချုပ်ထူကြီး ၄အုပ်သယ်လာခဲ့တယ်..။
မဖတ်ရသေး.. :k:
kotun winlatt
March 5, 2016 at 1:45 pm
အဖိုးတန်ပဲ သူကြီးရေ . . . ငယ်ငယ်က ဖတ်ခဲ့ရတဲ့ ရွှေသွေး တေဇ မိုးသောက်ပန်းတွေ ပြန်ဖတ်ချင်သေးသဗျ
Thint Aye Yeik
March 5, 2016 at 1:02 am
ကျနော်ကတော့ လေးတန်းကျောင်းသားအရွယ်ကစပြီး… ကျောင်းလွယ်အိတ်ထဲမှာ…
.ကျောင်းနဲ့ အိမ်ကြား ခိုးသယ်…ခိုးဖတ်တဲ့ ကာတွန်းတွေ ပုံပြင်စာအုပ်တွေ…ပါနေပြီ…
:k:
kotun winlatt
March 5, 2016 at 1:47 pm
ခီများရေးတဲ့ စာတွေဖတ်ကြည့်ရင် စာဖတ်နာတဲ့သူဆိုတာ သိသာနေပါတယ်ဗျာ . . .အလက်ဇင်းခေါ် သိပ်အေးရင့်ရေ
kotun winlatt
March 5, 2016 at 1:48 pm
အခုများတော့လေ . . . အဲ . . . ဘာဖြစ်သတုန်း ခမျ
ဂျက်စပဲရိုး
March 7, 2016 at 9:58 am
ခုများတော့ ရုပ်ရှင်ဘက် လှည့်ပြီး စာသိပ် မဖတ်ဖြစ်တော့ဘူး ပြောတာ း)
ဂျက်စပဲရိုး
March 5, 2016 at 7:37 am
လေးဖက်ထောက် အရွယ်ထဲက
အမေတို့က စာနဲ့ ရင်းနှီးအောင် ဆိုပြီး
ရွှေသွေးတို့ သတင်းစာတို့ တေဇတို့ ဝယ်ပေးပြီး
ပေးဖြဲ ထားတယ်တဲ့။ း) (စာမှ မဖတ်တတ်သေးတာလေ)
အဲ့ကထဲက ဖတ်တာ ကျောင်းစာကလွဲပြီး အကုန် ဖတ်တယ် အခုများတော့။ း)