လက်ဘက်ရည်ဆိုင်နှင့် ကျနော်
လက်ဖက်ရည်ဆိုင်နဲ့ ကျနော်
@@@@@@@@@@@@
“ဟေ့ကောင်တွေ …. မင်းတို့က လက်ဖက်ရည်သောက်ကြမှာလား …..”
“ဟ … လက်ဖက်ရည်သောက်မှာမို့ လက်ဖက်ရည်ဆိုင်ကို လာထိုင်တာပေါ့ကွ ….
လက်ဖက်ရည် မသောက်ပဲ လက်ဖက်ရည်ဆိုင် လာထိုင်ပါ့မလား”
ဒီလို အဖျော်ဆရာနဲ့ ကျနော်တို့အဖွဲ့ တစ်ဦးနဲ့ တစ်ဦး အဲလေ … တစ်ဦးနဲ့
တစ်ဖွဲ့ စကားနာလေးထိုးလိုက်ရမှ ကိုယ့်ရှေ့မှောက်ကို
လက်ဖက်ရည်ခွက်ရောက်တဲ့ ဆိုင်ကလေး …..
“ငါတို့ ဝိုင်းကို နံပြားတစ်ချပ်လောက် လုပ်ပေးပါဦးကွ…”
“ကုန်ပြီ … မရတော့ဘူး … စားချင်တယ်ဆိုရင် … ရောက်ကတည်းက
မှာလေကွာ… အခုအချိန်မှ မှာလို့ ဘယ်ရတော့မှာလဲ”
“အေးပါ … မင်းက ရောင်းကောင်းတဲ့နေဆိုတော့ ပြောပြီပေါ့ …
ရောင်းမကုန်တဲ့နေ့ဆို နံပြားစားဦးမလားက အရင်မေးတယ်”
ဒီလို မုန့်သမားနဲ့ ကျနော်တို့အဖွဲ့ ဒီလို ပနံသင့်လှတဲ့ လက်ဖက်ရည်ဆိုင်လေး …..
” မင်းကလည်းကွာ … တစ်ထောင်ပေးပြီး နှစ်ခွက်တည်းသောက်လည်း ပြန်မအမ်းဘူး… ”
” အောင်မာ …. တစ်ပြားမှ မပေးပဲ သုံးလေးခွက်သောက်ပြီး ထပြန်သွားတော့ရော
ငါကဘာပြောဘူးလို့လဲ…”
ဒီလို ဆိုင်ရှင်နဲ့ ကျနော်တို့အဖွဲ့ လိုက်ဖက်ညီတဲ့
ဖြေရှင်းချက်ပေးပုံလေးတွေနဲ့ အဆင်ပြေနေတဲ့ ဆိုင်ကလေး …
ဟုတ်ပါတယ်… လက်ဖက်ရည်ဆိုင်ပါ ….. ။
လက်ဖက်ရည်ကို ဘယ်အရွယ်ကတည်းက စသောက်ခဲ့ဘူးသလဲ ….
ကျနော်တွေးကြည့်မိတယ်…. ကျနော်မှတ်မိသလောက်ဆိုရင် …. အဖေ့ရဲ့ အမေ
ကျနော့်အဘွား (ကျနော့အခေါ် အိုအို)က ကျနော်တို့ အိမ်ကိုလာပြီဆိုရင် ကျနော်
လက်ဖက်ရည်သောက်ရတယ်ဆိုတာ ဝိုးတဝါးမှတ်မိရဲ့ … မနက်စောစော အိုအိုက
ကျနော့်ကို နှိုး ဘူတာဈေးနားက ကောက်ညှင်းပေါင်း အကြော်ဆိုင်မှာ
ကောက်ညှင်းပေါင်းနဲ့ အကြော်ကိုဝယ် ပြီးရင် ဘူတာရုံနားက လက်ဖက်ရည်ဆိုင်မှာ
လက်ဖက်ရည်သွားသောက်ရတာကို မှတ်မိနေတယ်… အစားပုပ်တဲ့ကျနော်
လက်ဖက်ရည်ဆိုင်မရောက်ခင် အင်ဖက်နဲ့ထုပ်ထားတဲ့ အကြော်နဲ့
ကောင်းညှင်းပေါင်းကို ဖွင့်စားလို့ ခေါင်းခေါက်ခံရချိန်တွေကို သတိရမိရဲ့
…။ ငယ်ငယ်ကတော့ ဘာသိမှာလဲ…. လက်ဖက်ရည်ဆိုရင် ချိုတယ်.. ဗိုက်ပြည့်တယ်
… ဒါလောက်ပဲ သိတာပေါ့…။ ဒီလိုနဲ့ ….. နည်းနည်း အရွယ်ရလာပြီး
မူလတန်းကျောင်းသားအရွယ်မှာ ကျနော်ဇာတိရွာလေးက လက်ဖက်ရည်ဆိုင်လေးမှာ
တစ်ဆင့်ချိုင့်လေးဆွဲပြီး လက်ဘက်ရည် သွားသွားဝယ်ရတာကို မှတ်မိသေးတယ်….။
တစ်ရက်ကျတော့ လက်ဖက်ရည်သွားဝယ်ပြီး အိမ်ပြန်လာတယ်… လက်ဖက်ရည်ဆိုင်က
ပိုငွေကို ပြန်မအမ်းပေးလိုက်ဘူး။ ဆိုတော့ အမေရဲ့ အဆူအပူခံရပြီး
လက်ဖက်ရည်ဆိုင်ကို လက်ဖက်ရည်ချိုင့်လေးဆွဲပြီး အဖျော်ဆရာကို ကျနော့်ကို
ပိုက်ဆံမအမ်းပေးတဲ့အကြောင်း ပြောပြတော့ အဖျော်ဆရာက ပြန်အမ်းငွေ
ပေးခဲ့လို့ တော်ပါသေးရဲ့ …။ ကလေးဘဝဆိုတော့ လက်ဖက်ရည်သောက်ရခြင်းရဲ့
အရသာပဲသိတာကိုး … လက်ဖက်ရည်ဆိုင် ထိုင်ရတဲ့ အရသာကို မသိသေးဘူးရယ်…။
ဘယ်လိုဖြစ်သလဲဆိုတော့ ကျနော် ရှစ်တန်းစာမေးပွဲကြီး ဖြေပြီးတော့ အိမ်နားက
အစ်ကိုတစ်ယောက်က လက်ဖက်ရည်ဆိုင်ခေါ်သွားတယ်။ ဆိုင်ရောက်တော့
လက်ဖက်ရည်နှစ်ခွက်မှာတယ်။ သူကတော့ ဆေးလိပ်လည်းသောက်သူမို့
စီးကရက်တစ်ပွဲပါ မှာတယ်။ ကျနော်ကတော့ ရှေ့ရောက်လာတဲ့ လက်ဖက်ရည်ခွက်ထဲက
လက်ဖက်ရည်ကို ဆတ်ခနဲမပြီး …. ဖူးးးးးးးဖူးးးးးးဖူးးးးးးးနဲ့
အေးသွားအောင်မှုတ် … ပြီးရင် ဂွတ်ခနဲ့ မောချလိုက်တာပေါ့။ ပြီးပြီပေါ့
… ဒါလက်ဖက်ရည်သောက်တာပဲလေ… သောက်ပြီးရင် ပြန်မယ်ပေါ့ …. ပြဿနာက
အဲ့ဒီမှာ စတာပဲ… ကျနော့်ကို လက်ဖက်ရည်ဆိုင်ခေါ်လာတဲ့ အစ်ကိုတော်က
လက်ဖက်ရည်ခွက်ထဲက လက်ဘက်ရည်လေးကို တစ်ကျိုက်မော့လိုက် … လက်ကြားထဲက
စီးကရက်လေးကို တစ်ရှိုက်ဖွာလိုက် .. ဆိုင်အတွင်း ပျံ့လွင့်နေတဲ့
စိုင်းထီးဆိုင်ရဲ့ သီချင်းလေးကို စည်းချက်လိုက်နဲ့ အဆင်ပြေနေလိုက်ပုံများ
…… ကျနော်က လက်ဖက်ရည်သောက်ပြီးပြီမို့ အိမ်ပြန်ဖို့ ဖင်တကြွကြွ ..
သူကတော့ လက်ဖက်ရည်ဆိုင်မှာ ဇိမ်ကျနေလိုက်ပုံများ ….
ကျနော်ပြန်ချင်နေလို့သာ လိုက်ပြီး ထပြန်ခဲ့ပေမဲ့ သိပ်ကျေနပ်ပုံမရ …
ထိုနေ့ကစပြီး သူ ကျနော့်ကို လက်ဖက်ရည်ဆိုင်ကို အဖော်မခေါ်တော့ပါ….။
@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@
လက်ဖက်ရည်ဆိုင်ထိုင်ခြင်းနဲ့ ကျနော် … လက်ဖက်ရည်ဆိုင်ထိုင်ခြင်း အနုပညာ
ကျနော်ဘယ်ကစရသလဲလို့မေးရင် …. ဆယ်တန်းအောင်ပြီး အိမ်နဲ့ဝေးရတဲ့ အချိန်
ကျောင်းတက်နေရတဲ့ နေ့စွဲတွေလို့ ပြောရင် ရပါလိမ့်မယ်…..။
ကျောင်းတက်ရတဲ့အချိန်တွေမှာ မနက်ကျောင်းမတက်ခင်နဲ့
ညနေပိုင်းကျောင်းဆင်းချိန် ဒါမှမဟုတ် ညပိုင်းတွေမှာ
လက်ဖက်ရည်ဆိုင်ထိုင်တတ်လာပါတယ်။ အဲ့ဒီအချိန်က ခေတ်စားတဲ့ ဟတ်တီးလေးတွေ
ကိုယ်စီမှာပြီး လက်ဖက်ရည်ဆိုင်ကဖွင့်တဲ့ သီချင်းတွေထဲမှာ စီးမျော…
တစ်ခါတစ်လေတော့လည်း သူငယ်ချင်းတွေအချင်းချင်း စကြနောက်ကြ ..
ငြင်းကြခုန်ကြနဲ့ပေါ့ …..။ ကျောင်းသားဘဝနဲ့ လက်ဖက်ရည်ဆိုင်ထိုင်းခြင်း
မှတ်တမ်းတစ်ချို့လို့ပဲ ဆိုပါစို့။
ဘဝမှာ အမှတ်ရဆုံး လက်ဖက်ရည်ဆိုင်ထိုင်ခြင်းတွေအကြောင်း ပြောပါဆိုရင်တော့
၂၀၁၂ ခုနှစ်ကအကြောင်းလေးတွေကို ပြန်ပြောရမှာပဲ . . . .
. တောသား ကျနော်
ရန်ကုန်ရောက်ပြီး ညပိုင်း ရွှေတိဂုံဘုရား ရှု့ခင်းကို
ကြည်ညိုခွင့်ရအောင်ဆိုပြီး ခင်မင်ရတဲ့ အစ်မက ဆာကူရာ တာဝါ အထပ် ၂ဝ ဆိုလား
အဲ့ဒီက ကော်ဖီဆိုင်လေးတစ်ခုကို ခေါ်သွားပါတယ်။ ကျနော့် အစ်ကိုတော်
တစ်ယောက်လည်း အဲ့ဒီဆိုင်ကိုလာဖို့ ချိန်းလိုက်တာမို့ လက်ဖက်ရည် အဲ….
ကော်ဖီမှာပြီး (တကယ်က ဘာကော်ဖီမှာရမယ်မှန်းမသိတဲ့ ကျနော်) အစ်မမှာပေးတဲ့
ကော်ဖီလေးကိုသောက် … မြင်နေရတဲ့ ရွှေတိဂုံစေတီတော်ရဲ့
ညဘက်မြင်ကွင်းလေးကို ဖူးမြော် … ချိန်းထားတဲ့ အစ်ကိုတော် ရောက်လာ
ရောက်တတ်ရာရာလေးတွေပြောဖြစ်ကြ …. ပြန်ကြဖို့ ငွေရှင်းမယ်ဆိုတော့ ….
ဝိုးးးးးး ကော်ဖီတစ်ခွက် ၆၅၀ဝ လောက်ကျနေပါရောလား…… ဘာဖြစ်ဖြစ်ပေါ့လေ
… ဘဝမှာ တန်ဖိုးအများဆုံး ကော်ဖီကို သောက်ဘူးလိုက်တာ အမြတ်ပဲလို့
ဖြေသိမ့်ရမှာပေါ့ ……။ လက်ဖက်ရည်ဇာတ်လမ်းက ဒီမှာတင်
အဆုံးမသတ်သေးဘူးဗျ….. ရန်ကုန်ကနေတဆင့် … ရွေးမြစ်ကမ်းပေါ်က
စာရေးဆရာကြီး မောင်ထင်( ဦးထင်ဖတ်)ရဲ့ ဇာတိ လပွတ္တာမြို့ကို
ရောက်ပြန်တော့လည်း နေပြည်တော်ဆိုတဲ့ လက်ဖက်ရည်ဆိုင်လေးမှာ
လက်ဖက်ရည်သောက်ဖြစ်တော့ … ဆရာသမားတွေက ပြောကြတာက …”ဒါ နှယ်နှယ် ရရ
လက်ဖက်ရည် မဟုတ်ဘူးနော် … ကဗျာဆရာဖျော်တဲ့ လက်ဖက်ရည်ဗျ …
ရသစုံပါတယ်…”ဆိုပဲ …..။
ဒါတွေကတော့ ဘာရယ်မဟုတ် လက်ဘက်ရည်ဆိုင်နဲ့ ကျနော် … ကျနော်နဲ့
လက်ဖက်ရည်ဆိုင်အကြောင်းလေး တွေးရင်းရေးဖြစ်လိုက်တာပါ… ဘာလို့
ရေးဖြစ်တာလဲဆိုတော့ အခု ကျနော် ပြန်ဖတ်ဖြစ်နေတဲ့ စာအုပ်လေးက “လက်ဖက်ရည်
ယဉ်ကျေးမှု”တဲ့လေ…။
ပျော်ရွှင် ချမ်းမြေ့ကြပါစေ …
K.t.w.l
15 comments
kai
March 5, 2016 at 8:36 am
ကုလားတွေဆီကယူလိုက်တဲ့ ဗမာတွေရဲ့ ရိုးသွားတဲ့အရာ…ဖြစ်သွားသော ရိုးရာပေါ့…။
အောက်ကပုံလေးက.. ၁၉၂၅ ကတဲ့….။ အဲဒီတုံးက ရန်ကုန်မှာက.. ကုလားတွေများပြီး… တီးရှော့လည်း.. ဗမာတွေသိပ်ထိုင်လေ့ရှိနေတယ်တော့..မထင်..။
kotun winlatt
March 5, 2016 at 1:51 pm
မြန်မာပြည်က လက်ဘက်ရည် ရာဇဝင် တစ်ချို့တစ်ဝက် ကျနော်ပြန်ပီးဖတ်ဖြစ်နေတဲ့ စာအုပ်လေးထဲမှာပါသဗျ . .
ဦးဦးပါလေရာ
March 5, 2016 at 12:28 pm
ကြားဖူးသလောက်တော့……
…….
မြန်မာနိုင်ငံမှာ ကနဦးလ္ဘက်ရည်ဆိုင်တွေက ကုလားဆိုင်တွေဖြစ်ပြီး- အဲ့ဆိုင်တွေရဲ့ပရိတ်သတ်အများစုကလဲ ကနဦးမှာတော့ ကုလားအလုပ်သမားတွေသာဖြစ်ပါတယ်။ ကာကာဆိုင်လို့ခေါ်ကြတယ်။ မြန်မာလိုဦးလေးကြီးဆိုင်လို့ ဆိုရမလားပဲ။
(ကျုပ်ကကုလားကို ကုလားလို့ခေါ်တာ ချစ်ခင်လေးစားစွာခေါ်တာဖြစ်တယ်)
မြန်မာတွေက ဈေးသွားဈေးပြန် လဘက်ရည်ဝယ် နံပြားဝယ်ကြတယ်။ နောက်ပိုင်း ရဲ၊ ရုံးဝန်ထမ်း၊ တွေ ဆိုင်ထိုင်ကြ၊ စားသောက်ပြောဆိုကြဖြစ်လာတယ်။ လဘက်ရည်ဆိုင် အသေအချာထိုင် သတင်းစာဖတ် ကျားထိုးတဲ့ ခေတ်ကတော့ စစ်ကြိုခေတ် ခေါ် ၁၉၃၅ နှစ်လွန်ကာလတွေလို့ထင်တာပါပဲ။
လဘက်ရည်တခွက် တစ်မူး၊ တိုက်ပန်းကန်ပြားလောက်နံပြားထူထူကြီး ၂ပြား (တပြားဖိုးဝယ်ရင်တခြမ်းခြမ်းပေးတယ်) ၊ ကုလားမခြင်းဆွဲနို့ဆီတစ်ဗူးကို လဘက်ရည်ဆယ်ခွက်ထွက်အောင်ဖျော်တဲ့ခေတ်မှာ လူတွေ မြန်မာတွေ တရုတ်တွေ လဘက်ရည်ဆိုင်ထိုင်ကြတာ ခေတ်စားလာတယ်။ အဲ့အချိန် ကုလားတွေကတော့ သိပ်မထိုင်တော့ဘူးလို့ဆိုတယ်။ဆိုင်သေက်လဲဒီဈေး နို့ဆီခွက်လွတ်နဲ့ပါဆယ်ဆွဲလဲဒီဈေးပဲ လို့ သိရတယ်။
……..
…….
အမ်း…..
ဘာမှဟုတ်ဘူး…
လဘက်ရည်သံကြားလို့ ဝင်ဆွဲတာ….
ကျုပ်နဲ့လဘက်ရည်က ငယ်ပေါင်းကြီးဖေါ်တွေ..
ကျုပ်အတွက်တော့ လဘက်ရည်ဆိုင်တွေဟာ ပညာဆည်းပူးရာ လောကကြီးကိုလေ့လာစရာ လူမှု့ဆက်ဆံရေးထူထောင်ရာ အလုပ်လုပ်ကိုုင်ရာနေရာတွေဖြစ်တယ်…..
ူ
kotun winlatt
March 5, 2016 at 1:55 pm
ဦးဦးပါ ရေးပြသွားတာတွေက မှတ်သားစရာတွေပါပဲ ငယ်ငယ်က ဒန်ချိုင့်လေးဆွဲပြီး လက်ဘက်ရည် ဝယ်ခဲ့ရတဲ့ ဘဝ အခုကျတော့ လက်ဘက်ရည်ဆိုင်မှာ လုပ်ငန်းအကြောင်း ထွေရာလေးပါးပြောနေရတဲ့ ဘဝ
kai
March 5, 2016 at 2:29 pm
အဟမ်း.. ပြောသာပြောတာ…
ကျုပ်လည်း..လမ်းဘေးက… ခွေးခြေပုလေးမှာထိုင်.. တညနေလုံး လက်ဖက်ရည်ရယ်.. ရေနွေးကြမ်းဆိုတဲ့.. ဘာမှန်းမသိတဲ့အရွက်တွေထည့်ပြုတ်ထားတဲ့.. အရည်တွေသောက်… တကမ္ဘာလုံးအကြောင်းထိုင်ပြောတဲ့အရသာကိုလွမ်းတာ…
အဲလိုဆိုင်လေးမျိုးတောင်.. နယူးယောက်မြို့လယ်.. ဆန်ဖရန်မြို့လည်တွေမှာဖွင့်ချင်..။
အကုန်တန်းစီကုန်မှာသေချာတယ်…။
kotun winlatt
March 5, 2016 at 9:06 pm
အယ် . . . သူကြီးမင်းလည်း လက်ဘက်ရည်ဆိုင်ထိုင်ရတာကို သဘောကျတဲ့ လူပါလား . . .
တောတွင်းပျော်
March 5, 2016 at 11:31 pm
ကျနော်ကတော ့ တစ်မျိုး
အာ … မဟုတ်သေးဘူး
၂မျိုး ၂မျိုး
လဘက်ရည်ကို အရမ်းကြိုက်တာ။
ရွာမှာက လဘက်ရည်ဆိုင်မရှိ။ တီးမစ်အသင် ့ဖျော်တွေကိုလည်းမကြိုက်။
ဆိုတော ့
အိမ်မှာကျရင် တောင်ပေါ်ကရထားတဲ ့ ကော်ဖီမှုန် ့စစ်စစ်နဲ ့ ကော်ဖီပဲသောက်တယ်။
အိမ်မှာ ကော်ဖီ …
ဆိုင်ကျတော ့လဘက်မကျရည်ပေါ ့
kotun winlatt
March 6, 2016 at 9:09 am
ဟေ …. ကတောပျော် …. အကြိုက်ကလည်း များပါ့…
တောင်ပေါ်ကရထားတဲ့ ကော်ဖီမှုန့် စစ်စစ်နဲ့ ကော်ဖီတော့ သောက်ချင်သားဗျ…
အလည်လာဦးမှပါလေ…….
Swal Taw Ywet
March 6, 2016 at 3:19 am
အပိုဆာဒါး ဆိုတဲ့ မြန်မာအသုံးလေးလည်း အဲကလာတာဘဲ ဖြစ်လိမ့်မဗျ။
ဒီမှာ လက်ဖက်ခြောက်ကို အိုးကြီးနဲ့ နှပ်ထားပြီးမှ ဖျော်တဲ့ လက်ဖက်ရည်ကို ဆာဒါးကြာရည် လို့ ခေးနေတယ်။ ကြာရည်က Tea၊ လစ်ပတန်တီးဆို လစ်ပတန်အထုပ်လေးရေနွေးစိမ်ထားတာ။
ဆိုတော့ကာ
နှပ်ထားတာက ဆာဒါးဖြစ်လိမ့်မယ်။
လက်ဖက်ရည်ဆိုင်မှာ ဆာဒါး ( နှပ်ရည် ) အပိုတောင်းတာကနေပြီး
အပိုဆာဒါးဆိုတဲ့ မြန်မာလို အသုံးတခု ဖြစ်လာဟန်တူပါကြောင်း။
ရွှင်လန်းချမ်းမြေ့ ကြပါစေ။
With respect,
Swal Taw Ywet.
kai
March 6, 2016 at 3:34 am
တန်ဖိုးရှိသဗျ…
ကျုပ်က.. အပိုစာသားကို.. ရွှတ်ပြီးခေါ်နေတယ်မှတ်တာ..။ :k:
kotun winlatt
March 6, 2016 at 9:10 am
အင်းဗျ…. ကိုစွယ်တော်ရွက်ရေ …
ပြောရရင်တော့ အရှည်ကြီးပေါ့နော့ …
လက်ဘက်ရည် သမိုင်းဆိုပြီး သုတေသန စာတမ်းမျိုး ပြုစုရကောင်းမလားပဲနော့ ….
ခင်ဇော်
March 6, 2016 at 1:12 pm
ဒါ က ကျနော့် လက်ဖက်ရည်ဆိုင် လွမ်းချင်းး
http://myanmargazette.net/200202
:k:
ဦးကြောင်ကြီး
March 7, 2016 at 11:23 am
လဖက်ရည်ဆိုင် ဆိုတာ အခ ျိန်ဖြုန်းတီးရာ နေလှ ျာတခုဘာဂ ျာ…။ ၉၀% မှန်သယ်ဆို အဘူငြင်းမရဲ
kai
March 7, 2016 at 12:40 pm
အင်း… ကျုပ်အတွက်တော့… …အရေးကြီးတဲ့အတွေးအခေါ်တချို့ မွေးဖွားပေးခဲ့ရာနေရာတွေလည်းဖြစ်လို့..နေရဲ့..။ :k:
Thint Aye Yeik
March 7, 2016 at 4:23 pm
လက်ဖက်ရည် ကျဆိမ့်ဆိုတာက ကျနော့် အချစ်ဦး။
လက်ဖက်ရည် ကျဆိမ့်နဲ့ ပြတ်သွားပြီးနောက်မှာ
ချိုကျလေးကို သံယောဇဉ်တွယ်မိ. . .။
အခုတလောမှာတော့ လက်ဖက်ရည်ဆိုင်ထိုင်ဖို့အချိန် ရှားသမို့. . .
ကော်ဖီမစ် ပလိန်း ဆိုတဲ့ဟာလေးတွေကိုပဲ
အပျော် တွဲနေရတယ်ဗျို့