● မြစ်ဆုံဆည်အစ
မြစ်ဆုံဆည်တည်ဆောက်ရေးအစသည် ၁၉၇၄ ခုနှစ်တွင် ဟင်္သာတမြို့၌ စိုးရိမ်ရေမှတ်အထက် ၄ရ လက္မထိရောက်ရှိလာပြီး ဧရာဝတီမြစ်ရေကြီးခြင်း မြစ်ဝကျွန်းပေါ်ဒေသ ရှိဆည်တမံများကျိုးပေါက်ခြင်းဖြစ်ပွါးခဲ့ရာမှ ထိုစဉ် ဆည်မြောင်းဦးစီးဌာန ဒု ညွှန်မှူ းဒေါက်တာအုန်းမြင့်၏ ဧရာဝတီမြစ်ရေကြီးမှု အစီရင်ခံစာမှ အစပြုသည်ဟု ဆိုရပါမည်။

မြစ်ဝကျွန်းပေါ်ဒေသ၌ တမံပေါင်း ၁၈၀ဝ ကျော်ရှိပြီး မြေနုကျွန်းပေါ်တွင်တည်ဆောက်ထားကြသည်ဖြစ်ရာ တမံများမြင့်လေ ခံနိုင်အားနဲလေဖြစ်ရာဧရာဝတီမြစ်ရေနိမ့်ကျစေရန် ရေသိုလှောင်သည့်စနစ်ကို စဉ်းစားခဲ့ကြရသည်ဟုဆိုပါသည်။ ဧရာဝတီ မြစ်ရေကြီးခြင်းကို ထိမ်းချုပ်ရန်အတွက် ဧရာဝတီမြစ်ပေါ်ရှိ တန်ဖရဲအနီး၌လည်းကောင်း၊ ချင်းတွင်းမြစ်ပေါ်၌ ထမံသီအနီး၌ လည်းကောင်း၊ ဆည်ဆောက်၍ မြစ်ရေထိမ်းသိမ်းရန် စဉ်းစားတွက်ချက်ခဲ့ကြသည်ဟုဆိုပါသည်။ ဒေါက်တာအုန်းမြင့်၏ အစီရင်ခံစာ၌ အချက်အလက်အချို့နှင့်ပြခဲ့သော်လည်း အသေးစိတ်အချက်အလက်များ မပါခဲ့ဟုဆိုပါသည်။

၂၀၀၂ ခုနှစ်တွင် ဆည်မြောင်းဦးစီးဌာန ညွှန်ကြားရေးမှူး (ဒီဇိုင်း) ဦးခင်မောင်ချစ်နှင့် ဦးဇော်ဝင်းရှိန်တို့မှ ဧရာဝတီမြစ်ဆုံ ဘက်စုံစီမံကိန်းကိုရေးဆွဲခဲ့ကြသည်ဟု ယနေ့အငြိမ်းစားယူထားပြီးသော ဥိီးခင်မောင်ချစ်က မော်ကွန်းဂျာနယ်နှင့်အင်တာဗျူး တွင်ပြောကြားခဲ့သည်ကို ၂၀၁၆ ဧပြီလထုတ် မော်ကွန်းဂျာနယ်အမှတ် ၃၄ တွင် ဖေါ်ပြထားသည်ကိုတွေ့ရှိရပါသည်။

တန်ဖရဲရွာအနီး၌ မြစ်ဆုံစီမံကိန်းရေးဆွဲရသည့်အကြောင်းရင်းမှာ တန်ဖရဲရွာအနီး၌ ရေဝင်ဧရိယာ ၁၆၀၀၀ဝ စတုရန်းမိုင်ရှိပြီး ရေစီးရေလာ ဧက ပေသန်း ၁၀ဝ ရှိရာ တနှစ်လျှင် ဧရာဝတီမြစ်၏ရေစီးရေလာ ဧက သန်း ၄၀ဝ ခန့်ရှိရာ ဧရာဝတီမြစ်ကြီး ၏ရေစီးရေလာ လေးပုံတစ်ပုံရှိသည့် တန်ဖရဲအနီးကို ရွေးချယ်ရခြင်းဖြစ်သည်ဟု ဦးခင်မောင်ချစ်က ဆိုပါသည်။ အခြားရေ သိုလှောင်အားကောင်းသောနေရာတခုမှာ ဗန်းမော်မြို့အောက်နား၌ရှိသော်လည်း ဗန်းမော်မြို့ပါ ရေနစ်မြှုပ်သွားမည်ဖြစ်သ ဖြင့် ထည့်သွင်းရွေးချယ်ခြင်း မပြုခဲ့ကြဟုဆိုပါသည်။

ထို့ကြောင့် ၁၉၇၄ ခုနှစ် ဒေါက်တာအုန်းမြင့်၏အစီရင်ခံစာကို အခြေပြုပြီး နောက်ထပ်တိုင်းတာ တွက်ချက်မှုဖြည့်စွက်၍ တန်ဖရဲရွာအနီး ဧရာဝတီမြစ်ဆုံစီမံကိန်းကို ဆည်မြောင်းဦးစီးဌာနမှရေးဆွဲခဲ့ကြသည်။ အဆိုပါရေးဆွဲခဲ့သည့် စီမံကိန်းသည် အောက်ပါအချက်များပေါ်မူတည်သည်ဟု ဆိုပါသည်။

၁။ မြစ်ဆုံ၌ဆည်ဆောက်ပြီး ရေလှောင်လိုက်လျှင် ဟင်္သာမြို့၌ ဧရာဝတီမြစ်ရေ ၄ ပေခန့်လျော့ကျသွားပြီး မြစ်ဝကျွန်းပေါ် ဒေသ ရေကြီးခြင်းကို ကာကွယ်နိုင်မည်။

၂။ နွေရာသီ ဧရာဝတီမြစ်ရေနဲချိန် ဖေဖဝါရီ မတ်လများ၌ ဆည်ရေလွှတ်လျှင် ဧရာဝတီမြစ်ရေ ၄ ပေ မှ ၆ ပေထိ မြင့်တက် လာမည်ဟုဆိုပါသည်။

၃။ နွေမိုးဆောင်း သုံးရာသီလုံး လျှပ်စစ်ဓါတ်အားထုတ်လုပ်ပြီး ဧရာဝတီမြစ် ဘယ်ညာနှစ်ဖက်ရှိ စိုက်ပျိုးဧက ၂ သန်းအတွက် လျှပ်စစ်ရေတင်စနစ်ဖြင့် စိုက်ပျိုးနိုင်မည်။

၄။ နွေရာသီ မြစ်ရေနည်းချိန် ရေလွှတ်ပေးနိုင်သဖြင့် မြစ်ဝကျွန်းပေါ်ဒေသ၌ ပင်လယ်ဆားငံရေဝင်ခြင်း Sea water intrusion ကို သက်သာစေမည်။

၅။ နွေမိုးဆောင်း သုံးရာသီစလုံး လျှပ်စစ်မီဂါဝပ် ၆၀၀ဝ မဂ္ဂါဝပ် ထုတ်လုပ်နိုင်မည် ဆိုသည့်ရည်ရွယ်ချက်များအပေါ်၌ အခြေခံ ရေးဆွဲခဲ့ခြင်းဖြစ်သည်ဟု ဆည်မြောင်းဦးစီးဌာနအငြိမ်းစားညွှန်ကြားရေးမှူး ဦးခင်မောင်ချစ်က ဆိုပါသည်။

ဤစီမံကိန်းမှာ ဆည်မြောင်းဦးစီးဌာမှ ဆွဲထားသောစီမံကိန်းဖြစ်ပြီး လက်ရှိတရုတ်တို့တည်ဆောက်ရန်ဆွဲထားသော မြစ်ဆုံ စီမံကိန်းနှင့် ကွာခြားမှုရှိသည်ဟုဆိုပါသည်။ ဆည်မြောင်းကရေးဆွဲသောစီမံကိန်းအရ ဆည်အမြင့်မှာ လက်ရှိ တရုတ်တို့ ဆောက်ရန်ရည်ရွယ်သည်ထက် ၁.၆  ဆမှ ၁.၈ အထိမြင့်နိုင်ပြီး ကုန်ကျစားရိတ်မှ အမေရိကန်ဒေါ်လာ ၈ ဘီလျံခန့် ကုန်ကျ နိုင်ကာ ရင်းနှီးမြှုပ်နှံမှုအရအဖြစ်စေ အတတ်ပညာအရဖြစ်စေ တရုတ်တနိုင်တည်းအကူအညီနှင့်မရဘဲ ကမ္ဘာ့ဘဏ်နှင့် နိုင်ငံ တကာမှ နည်းပညာအကူအညီများ ရယူရန်လိုအပ်သည်ဟု ဆိုပါသည်။

လက်ရှိ မြစ်ဆုံတွင် ဆောက်မည့် တရုတ်တို့၏ဆည်မှာ လျှပ်စစ်အားထုတ်ယူရန်အတွက်သာ ဒီဇိုင်းထုတ်ထားပြီး အမြင့်ပေ နိမ့်၍ ကုန်ကျစားရိတ် ၃ ဘီလီယံခန့်သာ ရှိမည်ဖြစ်သည်။ ထို့ပြင် ဧရာဝတီမြစ်ရေကြီးခြင်း ထိမ်းသိမ်းရန်စီမံချက် နွေအခါ ဧရာဝတီမြစ်ရေတိမ်ခြင်းအတွက် ရေစီးရေလာကောင်းမွန်ရေးစီမံချက်များ မပါဝင်သဖြင့် သူအနေနှင့် တရုတ်တို့၏ မြစ်ဆုံ စီမံကိန်းအား ကန့်ကွက်သည်ဟု ဦးခင်မောင်ချစ်က ဆိုပါသည်။

မည်သို့ဆိုစေ ၂၀၀၆ မှစ၍ တရုတ်တို့လက်တွင်းသို့ရောက်ရှိသွားသောမြစ်ဆုံစီမံကိန်း၏ ကနဦးအစသည် ၁၉၇၅ ခုနှစ် ဆည်မြောင်းဦးစီးဌာန၏ဧရာဝတီမြစ်ရေကြီးခြင်း အစီရင်ခံစာမှ အစပြုသည်ဟုဆိုရပေမည်။ ဆည်မြောင်းဦးစီးဌာန၏ အစီ ရင်ခံစာသည် စာရွက်ပေါ်တွင်ရှိနေဆဲမှာပင် တရုတ်တို့က လက်တွေ့ခြေလှမ်းများ လှမ်းလာခဲ့ကြတော့သည်။

● CPI နှင့် မြစ်ဆုံ
တကယ်တမ်း မြစ်ဆုံရေအားလျှပ်စစ်တည်ဆောက်ရေးကို အကောင်အထည်ဖေါ်ရန် ဝင်ရောက်လာသူကတော့ မြန်မာစစ်အစိုးရနှင့်ဆက်ဆံရေးကောင်းပြီး မြန်မာပြည်တွင် ရင်းနှီးမှုများစွာပြုလုပ်နေသူ တရုတ်အစိုးရပိုင် CPI China Power Investment ကုမ္ပဏီမှဖြစ်သည်။ ၂၀၀၆ ခုနှစ် MOU ထိုးခဲ့ပြီးနောက် လုပ်ငန်းများစတင်ခဲ့သည်။ ရှယ်ရာပိုင်ဆိုင်မှုအရ CPI မှ ၈ဝ ရာခိုင်နှုန်း၊ မြန်မာအစိုးရမှ ၁၅ ရာခိုင်နှုန်း၊ Asia World ကုမ္ပဏီမှ ၅ ရာခိုင်နှုန်း ပိုင်ဆိုင်သည်ဟု ဆိုသည်။

၂၀၀၆ မှစတင်သော အဆိုပါစီမံကိန်း တွင် မြစ်ဆုံရေအားစီမံကိန်းတခုတည်းသာမက မလိခမြစ်ပေါ်ရှိ မလိယန် ရေအားလျှပ် စစ် မေခမြစ်ပေါ်ရှိချီဗွေရေအားလျှပ်စစ် ဝဆုတ်ရေအားလျှပ်စစ် ဖီဆာရေအားလျှပ်စစ် ခေါင်လန်ဖူးရေအားလျှပ်စစ်နှင့် ယေ နန် ရေအားလျှပ်စစ်တို့အပါ စုစုပေါင်း ဆည် ရ ခုတည်ဆောက်ပြီး ရေအားလျှပ်စစ်ထုတ်ယူမည့် စီမံကိန်းကြီးဖြစ်သည်။ အရန်အားဖြင့် ချီဗွေငယ်ဟုခေါ်သည့် ချီဗွေချောင်းပေါ်တွင်ဆောက်မည့်ရေအားလျှပ်စစ်အငယ်တခုပါသည်။

တရုတ်တို့အနေနှင့် ၂၀၀၆ MOU ထိုးပြီးသည်နှင့် ဆည်ဆောက်မည့်နေရာများရွေးချယ်ခြင်း မြေသားစမ်းသပ်ခြင်း ရေစီးရေ လာ တိုင်းထွာခြင်းများပြုလုပ်ခဲ့သည်။ CPI အနေနှင့် အခိုင်အမာစာချုပ်ချုပ်ဆိုနိုင်ရန် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုဥပဒေနှင့် အညီ ရေးဆွဲပြင်ဆင်ပြီး နအဖအစိုးရ၏ ပြည်ထဲရေးကာကွယ်ရေး၊ စီးပွားရေး၊ စီမံကိန်း၊ သတ္တုတွင်း၊ သစ်တော၊ ငါးလုပ်ငန်း၊ ဆောက်လုပ်ရေး၊ စိုက်ပျိုးရေး၊ အလုပ်သမား၊ စက်မှု ၁၊ ရှေ့နေချုပ်ရုံးအပါ ဝန်ကြီးဌာနအဆင့် ၁၅ ခုအား စာချုပ်ပါအကြောင်း အရာများကို ချပြရှင်းလင်းပြီးချုပ်ဆိုခဲ့သည်ဟု ဆိုပါသည်။

၂၀၀၆ ခုနှစ်၊ ဒီဇင်ဘာလက မြန်မာလျှပ်စစ်ဝန်းကြီးဌာနနဲ့ တရုတ် CPI ကုမ္ပဏီတို့ MOU လက်မှတ်ထိုးပွဲ အခမ်းအနား (Photo : Burma Rivers Network)

 

CPI အနေနှင့် အဓိကထား၍ မြေသားစမ်းသပ်တိုင်းထွာခြင်းလုပ်ငန်းများ ပြုလုပ်ခဲ့သည့်နေရာ ၃ ခုမှာ တန်ဖရဲရွာအနီး မြစ် ဆုံဆည် ဆွမ်ပရာဘွမ်အနီးရှိ မလိခမြစ်ပေါ်ရှိ မလိယန်ဆည် ချီဗွေအထက် မေခမြစ်ပေါ်ရှိ ချီဗွေဆည်တို့ဖြစ်သည်။ ထို့ပြင် မြစ်ဆုံဆည်နှင့် ချီဗွေဆည်ဆောက်လုပ်ရာတွင်လျှပ်စစ်ထောက်ကူဖြစ်စေရန် မေခမြစ်အတွင်း စီးဝင်သည့် ချီဗွေချောင်းပေါ် တွင် ရေအားလျှပ်စစ်ငယ်တစ်ခုတည်ဆောက်ခဲ့သည်။ အဆိုပါချီ ဗွေချောင်းသည် တရုတ်မြန်မာနယ်စပ် ကျောက်တိုင် ၄ ရှိ ပန်ဝါတောင်ကြားမှ မြစ်ဖျားခံစီးဆင်း၍ ချီဗွေမြို့အနီး၌ မေခမြစ်အတွင်းသို့စီးဝင်သည်။ ချီဗွေမြို့အထက်တွင် ချီဗွေရေအားလျှပ်စစ်ကိုတည်ဆောက်ခဲ့ရာ ၂၀၁၃ စက်တင်ဘာလတွင် ဆောက်လုပ်ပြီးစီးခဲ့သည်။

အဆိုပါချီဗွေရေအားလျှပ်စစ်စက်ရုံငယ်မှအပ ကျန် မြစ်ဆုံ၊ မလိယန်၊ ချီဗွေရေ ဆည် ၃ ခုမှာ မြေသားစမ်းသပ်တိုင်းထွာခြင်း ရေစီးရေလာတိုင်းထွာခြင်းများ ပြုလုပ်နေစဉ် သမတဦးသိန်းစိန်သက်တမ်းအတွင်း ၂၀၁၁ စက်တင်ဘာ၌ မြစ်ဆုံစီမံကိန်းအား သူ၏သမတသက်တမ်းအတွင်း ရပ်ဆိုင်းကြောင်း ကြေငြာခဲ့သည်။

မြစ်ဆုံနှင့်အတူတကွ ဆောက်လုပ်ရန်လျာထားသော ဆည် ရ ခု၏အကြမ်းပြင်းအခြေအနေမှာ အောက်ပါအတိုင်းဖြစ်သည်။

● မြစ်ဆုံရေအားလျှပ်စစ်
မြစ်ကြိီးနားအထက် တန်ဖရဲရွာအနီး မေခ မလိခမြစ်နှစ်သွယ်ဆုံရာအောက်ဖက် ဧရာဝတီမြစ်အပေါ်တွင် တည်ဆောက်မည့် မြစ်ဆုံဆည်သည်၂၀၀၉ ခုနှစ် CPI ၏တွက်ချက်ခန့်မှန်းမှုအရ လျှပ်စစ်ဓာတ်အား ၄၁၀ဝ မဂ္ဂါဝပ် (4100 MW) ထွက်ရှိမည်ဟု ဆိုသည်။ (သို့သော် နောက်ပိုင်းရရှိသည့် လေ့လာတိုင်းထွာချ က်များအရ လျှပ်စစ်ဓါတ်အား ၆၃၀ဝ မဂ္ဂါဝပ် (6300 MW )ထွက်ရှိနိုင်သည်ဟု CPI မှတာဝန်ရှိသူများက ၂၀၁၅ အောက်တိုဘာလတွင် အတည်ပြုပြောကြားထားပါသည်။)

မြစ်ဆုံဆည်တည်ဆောက်ရာတွင် ရေအောက်ရောက်ရှိသွားမည့် ရေမြုပ်ဒေသမှာ ၆၄၇၈၄ ဧက (ဝါ) ၂၆၂၃၈ ဟက်တာ ရှိ မည်ဖြစ်သည်။ မြစ်ကြီးနား ပူတာအိုကားလမ်းပေါ်ရှိ တန်ဖရဲနှင့် တိန်ယန်ဇွပ်ကြား  ၄၈ ကီလိုရှိ လမ်းပိုင်းသည်လည်းကောင်း၊  မြစ်ကြီးနား- ချီဗွေကားလမ်းပေါ်ရှိ ချောင်းဆုံတဝိုက်လမ်းပိုင်း ၆၄ ကီလို ခန့်သည်လည်းကောင်း၊ ရေနစ်မြှုပ်သွားမည်ဖြစ်သည်။ ထိုရေမြုပ်ဧရိယာများ ရွာပေါင်း ၄ရ ရွာအထိလူမှုဆိုင်ရာ သက်ရောက်မှုများရှိမည်ဖြစ်သည်။ အဆိုပါရေမြုပ်ဒေသတွင် ကျ ရောက်သည့် ရွာပေါင်း ၃ဝ အိမ်ခြေပေါင်း ၅၀၀ဝ မှ လူဦးရေ ၈၀၀ဝ အားပြောင်းရွှေ့ပေးရမည်ဖြစ်သည်။ ထို့ပြင် ဧက  ၁၈၀၀ဝ ခန့်ရှိမည့် သဘာဝသစ်တောများ သဘာဝရင်းမြစ်များ အားလုံး ရေအောက်ရောက်သွားမည်ဖြစ်သည်။ မြစ်ဆုံဆည် ဆောက်လုပ်ပြီးပါက အဓိကအားဖြင့် မြစ်ဆုံတဝိုက်နှင့်မြစ်ကြီးနား ချီဗွေကားလမ်းပေါ်ရှိ ချောင်းဆုံတဝိုက်တွင် အလျား ၁၂ မိုင်၊ အနံ ၁ဝ မိုင်နီးပါးရှိ ရေအိုင်ကြီး ၂ ခုပေါ်ထွက်လာမည်ဖြစ်သည်။

ဤသို့ဖြင့် မြန်မာပြည်အတွက်လည်းကောင်း၊ ကချင်ပြည်နယ်အတွက်လည်းကောင်း၊ အထင်ကရဖြစ်သည့် မေခ မလိခ မြစ် ဆုံနှင့် သူ၏ သဘာဝအထိမ်းမှတ်လက္ခဏာသည်လည်း ထာဝရပျောက်ဆုံးသွားမည်ဖြစ်သည်။

အတိတ်၊ မျက်မှောက်၊ ပစ္စုပ္ပန်ကာလထိတိုင် မြန်မာပြည်၏ အသက်သွေးကြောဖြစ်နေဦးမည့် ဧရာဝတီအလှ (Photo : www.galenfrysinger.com)

● လာဆာ (မလိယန်) ရေအားလျှပ်စစ်
လာဆာ ခေါ် မလိယန် ရေအားလျှပ်စစ်ဆောက်လုပ်မည့်နေရာသည် မလိခမြစ်အား ပိတ်ဆောက်မည့် ရေအားလျှပ်စစ်ဖြစ် သည်။ ဆွမ်ပရာဘွမ်မြို့အနီးရှိ မလိယန်တွင်တည်ရှိသည်။ မြစ်ဆုံရေအားလျှပ်စစ်အထက် ၁၄၄.၂ ကီလိုမိုင် အကွာတွင်ရှိ သည်။ ၂၀၀၉ ခုနှစ် CPI ၏လေ့လာတွက်ချက်မှုအရ မလိယန်ရေအားလျှပ်စစ်မှ လျှပ်စစ်ဓါတ်အား ၁၉၄ဝ မဂ္ဂါဝပ် ထွက်ရှိမည် ဖြစ်ပြီး ထိုဆည်တည်ဆောက်ပြီးဖြစ်ပေါ်လာမည့် ရေမြှုပ်ဒေသမှာ ၆၀၆၂ရ ဧက (ဝါ) ၂၄၅၅၄ ဟက်တာ ရှိမည်ဖြစ်သည်။ ထိုဆည်ဆောက်ပြီးပါက ရေကန်ကြီး ၄ ခုခန့် ဖြစ်ပေါ်လာမည်ဖြစ်ပြီး အကြီးဆုံးကန်ကြီးမှာ မလိယန်တဝိုက်တွင် ဖြစ်ပေါ်လာ မည်ဖြစ်သည်။

မလိယန်ရေအားလျှပ်စစ်ဆည်ကြောင့် အဓိက ရေမြုပ်သွားမည့်ရွာကြီးမှာ ကချင်လုူမျိုးများနေထိုင်ကြသည့် ဆွတ်ပီယန်ရွာ ကြီးဖြစ်သည်။ အိမ်ခြေ ၂၀ဝ နှင့် လူဦးရေ ၁၂၀ဝ ခန့်ရှိသည့် ဆွတ်ပီယန်ရွာကြီးသည် မလိခ မြစ်ဘေးတလျောက် လယ်ဧက ၁၀ဝ ခန့်ပိုင်ဆိုင်ပြီး အနီးတဝိုက်ရွာများကိုပါ ရိက္ခာဖူလုံစေသည့်ရွာကြီးဖြစ်သည်။ ထို့ပြင် အိမ်ခြေ ၂ဝ ခန့်ရှိသော ဖုန်းအင်နှင့် နန့်စီယန်ရွာများကိုပါ နစ်မြှုပ်စေမည်ဖြစ်သည်။ ထို့အတူ မြစ်ကြီးနားပူတာအိုကားလမ်းပိုင်းရှိ ဆွတ်ပီယန်အပိုင်းကိုပါ ရေနစ် မြှုပ်စေမည်ဖြစ်သည်။

● ချီဗွေရေအားလျှပ်စစ်
ချီဗွေရေအားလျှပ်စစ်သည် မေခမြစ်ပေါ်၌ တည်ရှိသည် ။ မေခမြစ်သို့ ချီဗွေချောင်း ပေါင်းစီးဝင်ရောက်ရာနေရာ၏ အထက် ၂ဝ ကီလိုမိုင်အကွာတွင်ရှိသည်။၂၀၀၉ ခုနှစ် CPI ၏ တိုင်းထွာချက်များအရ လျှပ်စစ်ဓါတ်အား ၂၈၀ဝ မဂ္ဂါဝပ် ထွက်ရှိမည် ဖြစ်ပြီး ရေမြုပ်ဧရိယာမှာ ၇၉၃၅ ဧက (ဝါ) ၃၂၁၄ ဟက်တာ ခန့်ရှိမည်ဖြစ်သည် ။ ရေမြှုပ်ဧရိယာတွင်း ပါသွားမည့် ရွာများမှ ကောင်းလ၊ ဖလ၊ မန်တုန်စသည့် စုစုပေါင်း အိမ်ခြေ ၁၅ အိမ်ခန့်ရှိမည့် လချိတ်နှင့် လော်ဝေါ် မျိုးနွယ်စုများနေထိုင်သည့် ရွာများဖြစ်သည်။

● ဝဆုတ် ရေအားလျှပ်စစ်
မေခမြစ်ပေါ်တွင်ရှိသည်။ ပန်ဝါအထူးဒေသ ကန်ဖန်မြို့နယ်၏ အနောက်ဖက် တည့်တည့်တွင်ရှိသည်။ ၂၀၀၉ CPI ၏တိုင်း ထွာချက်အရ လျှပ်စစ်ဓာတ်အား ၁၈၀ဝ မဂ္ဂါဝပ် ထွက်ရှိမည်ဖြစ်ပြီး ရေမြုပ် ဧရိယာ ၁၂၂၉ ဧက (ဝါ) ၄၉၈ ဟက်တာ ရှိမည်။ လော်ဝေါ် လာချိတ်မျိုးနွယ်စုများ နေထိုင်ရာ ရွာ ၃ ငယ်ခန့် ရေနစ်မြှုပ်မည်။

● ဖီဆာ ရေအားလျှပ်စစ်
မေခမြစ်ပေါ်တွင်တည်ရှိသည်။ ဝဆုတ်နှင့် ခေါင်လန်ဖူးကြားတွင်ရှိသည်။ ၂၀၀၉ ခုနှစ် CPI ၏ တိုင်းထွာချက်အရ လျှပ်စစ် ဓါတ်အား ၂၀၀ဝ မဂ္ဂါဝပ် ထွက်ရှိမည်ဖြစ်ပြီး ရေမြှုပ်ဧရိယာ ၁၇၀၃ ဧက (ဝါ) ၆၉ဝ ဟက်တာ ရှိသည်။

● ခေါင်လန်ဖူးရေအားလျှပ်စစ်
ပူတာအိုခရိုင် ခေါင်လန်ဖူးမြို့အနီး မေခမြစ်ပေါ်တွင်ရှိသည်။ ၂၀၀၉ ခုနှစ် CPI ၏တိုင်းထွာချက်အရ လျှပ်စစ်ဓါတ်အား၂၇၀ဝ မဂ္ဂါဝပ် ထွက်ရှိမည်ဖြစ်ပြီး ရေမြုပ်ဧရိယာ ၅၉၄၈ ဧက (ဝါ) ၂၄၀၉ ဟက်တာ ရှိသည်။ ခေါင်လန်ဖူး ရေအားလျှပ်စစ်ဆောက် မည့်နေရာသည် ခေါင်လန်ဖူးမြို့နယ် ဆန်ခွန်ချက်ရွာအနီး မေခမြစ်နှင့် အဆန်းတီချောင်းဆုံရာအနီး၌ ရှိသည်။ ပေ ၁၀၀၀ဝ ကျော်မြင့်သော အီမောဘွမ်တောင်၏ ရေဝေရေလဲဒေသဖြစ်သည်။ ရီဒန်၊ မဂါတ စသည့် ရဝမ်ကျေးရွာငယ် ၂ ခု ရေနစ်မြှုပ် နိုင်ပါသည်။

● ယီနန် ရေအားလျှပ်စစ်
ယီနန်ရေအားလျှပ်စစ်သည် ပူတာအိုခရိုင် ပန်နန်ဒင်မြို့နယ်ခွဲ အလိအောင်ရွာအနီး မေခမြစ်နှင့်ထရုံချောင်းဆုံရာအနီး၌ ရှိ သည်။ ၂၀၀၉ ခုနှစ်CPI ၏တိုင်းတာချက်အရ လျှပ်စစ်ဓါတ်အား ၁၂၀ဝ မဂ္ဂါဝပ် ထွက်ရှိနိုင်ပြီး ရေမြုပ်ဧရိယာ ၂၂၆၅ ဧက (ဝါ) ၉၁ရ ဟက်တာ ရှိနိုင်သည်။ ဆည်ဆောက်လုပ်ပြီးပါက ပန်နန်ဒင်မြို့နယ်ခွဲအတွင်းရှိ ရဝမ် လီဆူး နှင့် ထရုန် ကျေးရွာများ ဖြစ်သော အလိအောင်မုန်းဒုန်၊ ထွန်ဂိုယင်၊ ဂမ်ဂို စသည့်ရွာများ ရေနစ်မြှုပ်နိုင်သည်။

=

မောင်မောင်စိုး – မြစ်ဆုံပြသနာ အပိုင်း ( ၂ )

April 21, 2016

မောင်မောင်စိုး – မြစ်ဆုံပြသနာ အပိုင်း ( ၂ )

(မိုးမခ) ဧပြီ ၂၁၊ ၂၀၁၆
မြစ်ဆုံစီမံကိန်းပါ ရေအားလျပ်စစ်များအာလုံး၏ ယေဘူယျအခြေအနေ
ဖေါ်ပြပါအတိုင်း မြစ်ဆုံရေအားလျပ်စစ်စီမံကိန်းကြီးတွင် မြစ်ဆုံ အပါ စုစုပေါင်း ရေအားလျပ်စစ် ရ ခုပါဝင်သည်။ မြစ်ဆုံအောက်ဖက် ဧရာဝတီမြစ်ပေါ်တွင်တခု မလိခမြစ်ပေါ်တွင် တခုနှင့် မေခမြစ်ပေါ်တွင် ၅ ခုဖြစ်သည်။ ထိုရေအားလျပ်စစ် ရ ခုမှ လျပ်စစ်ဓါတ်အား စုစုပေါင်း 16540 MW ထွက်ရှိမည် ဖြစ်သည်။ နောက်ပိုင်းတိုင်းထွာချက်များအရ မြစ်ဆုံတခုတည်းမှ 6300 MW ထွက်ရှိပါက 18640 MW ထွက်ရှိနိုင်မည်ဟု ခန့်မှန်းတွက်ချက် ထားကြပါသည်။

အဆိုပါ စီမံကိန်း ရ ခုအနက် ရေမြုပ်ဧရိယာ အများဆုံးဖြစ်မည့် ဆည် ၂ ခုမှာ မြစ်ဆုံနှင့် လာဆာ ( မလိယန် ) ဆည် ၂ ခုပေါင်းဖြစ်သည်။ ဆည် ရ ခုတည်ဆောက်ရာ၌ ဖြစ်ပေါ်မည့် ရေမြုပ်ဧရိယာစုစုပေါင်း၏ ၈၆% ဖြစ်သော 125411 ဧက ဝါ 50792 ဟက်တာ မှာ ထိုဆည် ၂ ခုကြောင့်ဖြစ်မည်။ ထိုဆည် ၂ ခုမှာ ဧရာဝတီနှင့် မေခ မလိခ မြေနိမ့်ပိုင်းနေရာများတွင် အကျုံးဝင်သဖြင့် ကျေးရွာများစွာ  လယ်ဧကများစွာနှင့် သဘာဝသစ်တောများစွာ နှင့် ကားလမ်းများပါ ရေအောက်သို့ရောက်ရှိသွားမည်ဖြစ်သည်။

မေခ မြစ်ပေါ်ရှိ ဆည် ၅ ခုမှာ မြင့်မားသော တောင်ကြောများ၏ကြား တွင် ရှိသဖြင့် ရေအမြင့် မြင့်တက်လာခြင်း ရှိသော်လည်း ရေမြုပ်ဧရိယာ ကျယ်ပြန့်များပြားခြင်းမရှိပေ။ ထိုပြင် မေခမြစ်တကြော၌ လွန်စွာလုူနေကျဲပါး သဖြင့် အရပ်သားကျေးရွာများ ထိခိုက်မှုအလွန်နဲသည်။ ရှိသည့်ရွာများမှာ လည်း အိမ်ခြေ ၄/၅ အိမ်သာရှိသည့်ရွာငယ်လေးများသာဖြစ်သည်။ ထိုဆည်
၅ ခုကြောင့် ရေမြုပ်ပျောက်ကွယ်မည့်ဒေသမှာ 19039 ဧက ဝါ 7710 ဟက်တာ ရှိပြီး စုစုပေါင်း ဆည် ရ ခုဆောက်ခုဆောက်ရာတွင် ဖြစ်ပေါ်မည့် ရေမြုပ်ဧရိယာ၏ ၁၄ %သာရှိပြီး လျပ်စစ် 10500 MW ထွက်ရှိနိုင်မည်။ သို့သော်ထိုဆည်များဆောက်ရန် သွားလာရေးခက်ခဲသည်။

သို့သော် ထိုဆည် ရ ခုဆောက်မည့်အထဲတွင် မြစ်ဆုံဆည်ဆောက်မည့် နေရာသည် သွားရေးလာရေးလွယ်ကူသည်။ ဒုတိယအနေနှင့် ချီဗွေနှင့် မလိယန်သည်လည်း လမ်းကြမ်းသော်လည်း ကားလမ်းပေါက်သည်။ ထိုအ ခြေအနေအောက်တွက် တရုတ် CPI ကုမ္ပဏီသည် ထိုဆည် ၃ ခုအား ဦးစွာ
တိုင်းတာစူးစမ်းရေးပြုလုပ်ခဲ့ခြင်းဖြစ်ပြီး စီးပါွးရေးအရ တွက် တွက်ခြေ အကိုက်ဆုံးဖြစ်နိုင်သည့် မြစ်ဆုံဆည်ကို ဦးစွာဆောက်လုပ်ရန် ရည်ရွယ် ခဲ့ပုံရသည်။ မြစ်ဆုံမှရသည့် အကျ ို းအမြတ်များဖြင့် ကျန်ဆည်များကို ဆက် လက်ဆောက်လုပ်ရန် ရည်ရွယ်ပုံရသည်။ လျပ်စစ်ဓါတ်အား 18640 MW ထွက်ရှိရန် တရုတ် CPI အနေနှင့် ဒေါ်လာသန်းပေါင်း 18.64 ဘီလျံ တခါတည်း မြှု ပ်နှံရန်မဖြစ်နိုင်ချေ ။

မေခမြစ်ပေါ်ဆောက်မည့် ချီဗွေအထက်ဆည် ၄ ခုမှာ ကားလမ်းပေါက် ရောက်ခြင်းမရှိပေ။ ယခင်အင်္ဂလိပ်ခေတ်က မြစ်ကြီးနား ပူတာအိုသို့ ဆက်သွယ်သွားလာသည့်  ဝန်တင်လားလမ်း တခုသာရှိသည်။ ထိုလမ်းသည် မြစ်ကြီးနားမှ ချီဗွေ ဆော့လော် ဝဆုတ် ဖီဆာ ခေါင်လန်ဖူး မှတဆင့် ပူတာအို အထိဖြစ်သည်။ ယခုခေတ်အသစ်ဖေါက်လုပ်သည့်လမ်းမှာ မေခမြစ်ရိုးအတိုင်း မဟုတ်ဘဲ မလိခ မြစ်ရိုးအတိုင်း မြစ်ကြီးနား ဆွမ်ပရာဘွမ် ပူတာအိုသို့ ဖေါက်လုပ်ထားခြင်းဖြစ်သည်။ မူလ အင်္ဂလိပ်လက်ထက် ဖေါက်လုပ်ထား သည့် မေခမြစ်ရိုးမှ ဝန်တင်လားလမ်းကြောင်းမှာ အသုံးမပြုသည်မှာ ကြာမြင့်ပြီဖြစ်၍ ပျက်စီးနေပြီဖြစ်ရာ ကားလမ်းအသစ်ပြန်လည်မဖေါက်လုပ်ဘဲ ထို
ဆည် ၄ ခုတည်ဆောက်ရန်မဖြစ်နိုင်ချေ။ ယခုအချိန်၌ သွားလာရန်အလွန် ခက်ခဲသော နေရာများ ဖြစ်နေသေးသည်။

ချုပ်၍ ဆိုရလျင် မြစ်ဆုံနှင့် လာဆာ(မလိယန်) ရေအားလျပ်စစ်၂ ခု ပေါင်းသည် လျပ်စစ်ဓါတ်အား စုစုပေါင်း၏ 44% ရရှိမည်ဖြစ်ပြီး ရေမြုပ်ဧရိယာ အားလုံးပေါင်း၏ 85% ဖြစ်ပေါ်စေမည်။ ကျန်မေခမြစ်ပေါ်ရှိ ဆည် ၅ ခု မှ လျပ်စစ်ဓါတ်အား စုစုပေါင်း၏ 56% ထွက်ရှိမည်ဖြစ်ပြီး ရေမြုပ်ဧရိယာ အားလုံးပေါင်း၏ 15% သာဖြစ်ပေါ်စေမည်ဖြစ်သည်။

သဘာဝပတ်ကျင်ထိခိုက်ဆုံးရှုံးဖက်ကကြည့်လျင် ရေမြုပ်ဧရိယာနည်း လေ ထိခိုက်နည်းလေဟု ဆိုနိုင်သည်။

ဒေသအခြေအနေ
အဆိုပါရေအားလျပ်စစ်စက်ရုံတည်ဆောက်မည့် ကချင်ပြည်နယ် အတွင်း၌ KIA ကချင်တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ရှိပြီး ယခုချိန်ထိ အစိုးရနှင့် အပစ်အခတ်ရပ်စဲရေးစာချုပ်လက်မှတ်ရေးထိုးနိုင်ခြင်း မရှိသေးပေ။ အဆိုပါဒေသ၌ ရေအားလျပ်စစ်စီမံကိန်းများဖြစ်စေ အခြားစီမံကိန်းများ ဖြစ်စေ ဆောင်ရွက်လိုပါက ဒေသတွင်း ငြိမ်းချမ်းရေးသာမက တိုင်းရင်းသား
အရေး သယံဇာတခွဲဝေရေး နှင့် ဖက်ဒရယ်ပြသနာများကို ဖြေရှင်းနိုင်ဖို့လိုပေလိမ့်မည်။

E I A သဘာဝပတ်ဝန်းကျင် အကျ ိုးသက်ရောက်မှု အကဲဖြတ်မှုအစီရင်ခံစာ
မြစ်ဆုံဆည်များစီမံကိန်းနှင့်ပတ်သက်ပြီး E I A အစီရင်ခံစာ  တစောင်ပြုစုနိုင်ရန် ကွင်းဆင်းလေ့လာမှု ကို ၂၀၀၈ နှစ် ဒီဇင်ဘာခန့်မှစ၍  ၂၀၀၉ မေလခန့်ထိ ၆ လခန့်ပြုလုပ်ခဲ့သည်။ မြန်မာဖက်မှ ပညာရှင်နှင့်ပံ့ပိုးသူ
၈ဝ ခန့် တရုတ်ပြည်မှ ပညာရှင် ၄ဝ ခန့် ပါဝင်သည်။ ထိုအဖွဲ့အား မြန်မာပြည် BANCA သဘာဝ ပတ်ဝန်းကျင်နှင့် ဇီဝမျိုးစုံမျိုးကွဲများထိမ်း သိမ်းစောင့်ရှောက်ရေး အသင်းမှ ဒေါက်တာထင်လှမှ ဦးဆောင်သည်။ တရုတ် CPI မှ မြန်မာပြည်မှ ပြင်ပပညာရှင်အဖွဲ့ကို ငှါးရမ်းလုပ်ဆောင်စေခြင်းဖြစ်သည်။

ထိုအဖွဲ့သည် သွားလာရန်အလွန်ခက်ခဲသည့် ဖီဆာ မှအပ ကျန်နေရာ ၆ ခုအား ခက်ခက်ခဲခဲသွားရောက်ခဲ့ကြသည်။ ဖီဆာသို့မူ အဖွဲ့ငယ်တဖွဲ့သာ စေလွှတ်နိုင်ခဲ့သည်။ ကျန်နေရာများအား လမ်းလျှောက်၍၎င်း ပစ္စည်းများအား ဝန်တင် လားများ အထမ်းသမားများအကူအညီဖြင့်၎င်း သွားရောက်ခဲ့သည်။ မြစ်ဆုံနှင့် ချီဗွေဆည်ဆောက်မည့်နေရာ ၂ ခုသာ ကားလမ်းပေါက်ပြီး ကျန်
နေရာများမှာ ကားလမ်းမပေါက်ချေ။ မလိယန် (ဝါ) လာဆာဆည်သို့ ဆွမ်ပရာဘွမ်မှ လမ်းလျှောက်ရသည်။ မေခမြစ်ပေါ်ရှိ ဝဆုတ်နှင့် ဖီဆာ ဆည်များသို့ ချီဗွေအထက် ဆော့လော်မှ လမ်းလျောက်ရသည်။ မေခမြစ်ဖျားရှိ  ယီနန်နှင့် ခေါင်လန်ဖူးဆည်များသို့ ပူတာအို နောင်မွန်းဒေသမှ လမ်း လျောက်ရသည်။ အသွားအပြန်ရက်အချ ို့လမ်းလျောက်ရသောခရီးစဉ်များ ဖြစ်ပြီး ဒေသခံ ရာနှင့်ချီ ၍ အထမ်းသမားအဖြစ် ငှါးရမ်းသုံးစွဲခဲ့ရသည်။

အဆိုပါ မြစ်ဆုံနှင့်ပတ်သက်သော သဘာဝပတ်ကျင်ထိခိုက်မှု ကွင်းဆင်းလေ့လာမှု အစီရင်ခံစာသည် ၂၀၀၉ အကုန်တွင်ထွက်ပေါ်လာခဲ့သည်။  အဆိုပါ EIA အစီရင်ခံစာတွင်လည်း ရေနစ်မြုပ်မည့် ဧရိယာများပြားပြီး သဘာဝအရင်းအမြစ်များ ဆုံးရှုံးမှုကြီးမားသော မြန်မာပြည်နှင့် ကချင်ပြည်
နယ်၏ အထင်ကရနေရာဖြစ်သော မြစ်ဆုံတွင် ဆည်မတည်ဆောက်သင့် ကြောင်း ဖေါ်ပြပါရှိသည်။

CPI ၏လက်တွေ့ဆောင်ရွက်ချက် CPI အနေနှင့်လုပ်ငန်းဆောင်ရွက်မှုမှာ ဆည်တည်ဆောက်ရေးနှင့်
ပတ်သက်သည့် မြေသားတိုင်းထွာခြင်း ရေစီးရေလာတိုင်းထွာခြင်းများ ပြီးဆုံးသည်နှင့် ဆည်ဆောက်ရေးကို တဆက်တည်း လုပ်ဆောင်သည်။ EIA ခေါ် Environmental Impact Assessment သဘာဝပတ်ဝန်းကျင်အကျိုး သက်ရောက်မှု အကဲဖြတ်မှု အစီရင်ခံစာကိုမစောင့်ဆိုင်းချေ။ ၂၀၀၉ ခုနှစ်
EIA နှင့်ပတ်သက်၍ လေ့လာမှုစတင်ချိန်တွင်ပင် မြစ်ဆုံဆည်တည်ဆောက်ပါက ရေမြုပ်ဧရိယာတွင် ပါဝင်သည့် ကျေးရွာများအား အုပ်ချုပ်ရေးအာဏာ အသုံးပြု၍ ပြောင်းရွှေ့နေပြီဖြစ်သည်။ ထိုရွာသားများပြောင်းရွှေ့ရန် အိမ်များ
ကို ၂၀၀၈ ခုနှစ်အတွင်းကပင် ကြိုတင်ဆောက်လုပ်ထားပုံရသည်။

သို့ဖြစ်ရာ CPI အနေနှင့်၎င်း နအဖအစိုးရသည်၎င်း မြစ်ဆုံဆည် တည်ဆောက်ရေးအတွက် ဆုံးဖြတ်ချခြင်း ကျေးရွာများကိုပြောင်းရွှေ့ခြင်းများအား EIA အစီရင်ခံစာအား မစောင့်ဆိုင်းချေ။ ထို့ပြင် ထိုဒေသအတွက် SIA ခေါ် Social Impact Assessment လူမှုဘဝအကျိုးသက်ရောက်မှုအကဲဖြတ်မှု
နှင့်ပတ်သက်ပြီး ထိုသို့ ကျေးရွာများအား ပြောင်းရွှေ့နေချိန်တွင် လုပ်ဆောင်ပြီးစီးသည်ကို မတွေ့ရပါ။ သို့ဖြစ်၍ CPI သည်၎င်း နအဖ အစိုးရသည်၎င်း သဘာဝပတ်ဝန်းကျင် အကျိုးသက်ရောက်မှု လူမှုဘဝအကျိုးသက်ရောက်မှု များနှင့်ပတ်သက်၍ စနစ်ကျသော အစီရင်ခံစာများကို စောင့်ဆိုင်းခြင်းမရှိဘဲ
လုပ်ငန်းများကို စတင်ခဲ့သည်ဟုဆိုရမည်။

ရေအားလျပ်စစ်ဆောက်လုပ်ခြင်းမှ ရရှိမည့်အကျိုးအမြတ်အပေါ်၌သာ အလေးထားတွက်ချက်၍ မြစ်ဆုံဆည်တည်ဆောက်ရေးကို လုပ်ဆောင် ခဲ့ကြသည်ဟု ဆိုရပါမည်။

ငလျင်ကြောနှင့် မြစ်ဆုံဆည်

မြန်မာပြည်မြောက်မှတောင်သို့ အလျားလိုက် ငလျင်ပြတ်ရွေ့ကြော တခုရှိသည်။ ငလျင်နှင့်ပတ်သက်ပြီး မည်သူမှကြိုတင်မခန့်မှန်းနိုင်ပေ။ မြစ်ဆုံတည်ဆောက်မည့် ဆည်နေရာသည် ငလျင်ပြတ်ရွေ့ကြောနှင့်နီးသဖြင့် ဆည်ဆောက်ရန်မသင့် ဟု ကန့်ကွက်ကြသည်။ ပညာရှင်အချို့က ငလျင်
ပြင်းအား ရစ်ချတာစကေး ၈ အထိ ခံနိုင်သည့် ဆည်ဆောက်လုပ်၍ရသည်ဟု ဆိုသည်။ သို့သော် ရစ်ချတာစကေး ၈ ထက်ကျော်ခဲ့သော် အဖြေမရှိချေ။ အကယ်၍ ငလျင်ကြောင့် ဆည်ကျိုးခဲ့ပါက အချိန်တိုတွင်း မြစ်ကြီးနား နှင့်အနီးတဝိုက်ရှိ မြို့များ အချိန်တိုတွင်းပျက်စီးသွားမည်ဖြစ်သည်။ အဆိုပါ
ကိစ္စအား တဦးဦးက တာဝန်ယူရန်ခက်ခဲပေသည်။

နအဖ CPI နှင့်လျော်ကြေး
အငြင်းပွါးဖွယ်မြစ်ဆုံရေအားလျပ်စစ် စီမံကိန်းနယ်မြေတွင်းရှိ ကျေးရွာများ မြစ်ကြီးနားအနီး အိမ်များဆောက်ပေးပြီး ပြောင်းရွှေ့စေသည်။ အိမ်ထောင်စုအလိုက်လည်း လျော်ကြေးငွေများ ပေးသည်ဟုဆိုသည်။ သို့သော် သူတို့ အသက်မွေးဝမ်းကြောင်းနှင့် ပတ်သက်၍ ရှေည်ပြင်ဆင်ပေးနိုင်ခြင်းမရှိပါ။ မူလက ကိုယ့်လယ် ကိုယ့်တောင်ယာနှင့် အသက်မွေးဝမ်းကြောင်းပြုခဲ့သူများသည် ယခုလက်မဲ့များ ဖြစ်သွားခဲ့ပြီဖြစ်သည်။

တကယ်တော့ မြစ်ဆုံ ဆည်ဆောက်ရေလွှမ်းသွားမည့် တောတောင်၊ သဘာဝ ရင်းမြစ်များသည် ထိုဒေသရှိရွာသူရွာသားများအတွက် အသက်မွေး ဝမ်းကြောင်း တည်မှီရာဖြစ်သည်။ ထိုတောတောင်များ မြစ်များချောင်းများတွင် သူတို့အိမ်အတွက် သစ် ဝါး သက်ငယ်များ ရရှိနိုင်သည်။ ထင်း မီးသွေးများ ရရှိနိုင်သည်။ စားစရာအတွက် ဟင်းသီးဟင်းရွက် သား ငါးများရရှိနိုင်သည်။ သူတို့ဘိုးစဉ်ဘောင်ဆက် အသက်မွေးဝမ်းပြုလုပ်နေခဲ့သည့် ဒေသကြီး ရေမြုပ် ပျောက်ကွယ်သွားသည်ကို မည်သို့အစားထိုးပေးလျော်ပါမည်နည်း။

သူတို့အတွက် ရသည့်လျော်ကြေးသည် အိမ်တလုံး လယ်တကွက်မျှသာဖြစ်သည်။ ဘိုးစဉ်ဘောင်ဆက် အသက်ရှင်ရပ်တည်ခဲ့သည့် ဘဝကို အစားထိုး နိုင်ခြင်းမရှိပေ။ တကယ်တော့ တရုတ်တို့သည် သူတို့နယ်မြေတွင်းတွင် လျော်ကြေးကိစ္စတွင် ထိုကိစ္စများ ထည့်သွင်းစဉ်းစားရပေသည်။

ပထမဥပမာ တခုပြရလျင် တရုတ်ပြည် ယုူနန်ပြည်နယ် ပေါက်စန်းတိုင်း ထိန်ချုံးခရိုင်တွင်းရှိ ကူရုံးအနီးတွင်ရေအားလျှပ်စစ်ငယ်တခု ဆောက်လုပ်  သည်။ ထိုရေအားလျပ်စစ်ဆောက်လုပ်ရာတွင် လီဆူးရွာတရွာပြောင်း ရွှေ့ရသည်။ လျော်ကြေးပေးရသည်။ ထိုလျော်ကြေးပေးရသည်အထဲတွင် စိတ်ဝင်စားစရာတခုပါဝင်သည်။ ထိုဆည်ဆောက်ရာတွင် ချောင်းတချောင်း ပျောက်သွားသည်။ ထိုချောင်းသည် လီဆူးရွာသားများ ဘိုးစဉ်ဘောင်ဆက် ငါးရှာစားလာသောချောင်းဖြစ်၍ ထိုချောင်းဆုံးရှုံးခြင်းအတွက်ပါတွက်ချက် ၍ လျော်ကြေးပေးရသည်။

ဒုတိယ ဥပမာတခုပြရလျင် ရွှေလီမြို့သစ်တို့ချဲ့ရာတွင် ကျေးရွာရော လယ်မြေများပါ လျော်ကြေးပေး၍ သိမ်းသည်။ ထို့ပြင် လယ်မရှိတော့သည့် ကျေးရွာသားများအား လစဉ်ပုံမှန်ဝင်ငွေရရန် အစီအစဉ်တခု ပြုလုပ်ပေးသည်။ ထိုတိုးချဲ့ဆောက်လုပ်သည့် မြို့ကွက်ထဲတွင် ဟင်းသီးဟင်းရွက် သားငါး
နှင့် ကုန်မျိ ုးစုံရောင်းသည့်ဈေးတခု ဆောက်လုပ်ပေးသည်။ ထိုဈေးမှရသည့် အခွန်အကောက်ကို ရွာရှိအိမ်ထောင်စု လူဦးရေစာရင်းအရ အချိုးကျ လစဉ် ခွဲဝေပေးသည်။ သို့ဖြစ်ရာ လယ်သိမ်းမြေသိမ်း ရွာဖျက်ပေးလိုက်ရသော ရွာသားများသည် လယ်ကွက်တန်ဖိုး အိမ်တန်ဖိုးလျော်ကြေးသာမက လစဉ်ဝင်
ငွေလည်းရရှိသည်။ လက်ရှိ တရုတ်ငွေလဲလှယ်နှုံးအရ ရွှေလီမြို့တိုးချဲ့ရာတွင်
ပါသွားသော မြို့ဟောင်းရွာမှ ရွာသူရွာသားများသည် တလလျင် မြန်မာငွေ ၂ သိန်းအထက် လစဉ်ရရှိကြသည်။

ထိုသို့သော အတွေ့အကြုံရှိသော တရုတ်များသည် မြန်မာပြည်အတွင်း လျော်ကြေးပြသနာ၌ ထိုစနစ်ကို မကျင့်သုံးခဲ့။ မြန်မာအာဏာပိုင်တို့နှင့်ရရှိ သည့်သဘောတူညီချက်အတိုင်းလုပ်လျင် သူတို့တာဝန်ကျေပြီဟု ယူဆပုံရ သည်။ထို့ကြောင့်လည်း တရုတ်တို့အနေနှင့် မြန်မာအစိုးရနှင့် သဘော တူညီချက်အရသာ လုပ်ဆောင်ခြင်းဖြစ်၍ မြန်မာအစိုးရပေါ်တွင်သာ တာဝန်ရှိသည်ဟု အမြဲ ဆိုလေ့ရှိကြပြီး သူတို့၏တာဝန်ယူမှု ကို ရှောင်ရှားလေ့ ရှိကြသည်။ တဖက်ကပြောလျင် မြန်မာအစိုးရအာဏာပိုင်များကလည်း မိမိလူထု အကျိုးရေရှည်အကျိုး မျှော်စဉ်းစားပေးခြင်း မရှိဟု ဆိုရမည်။ လူထု အကျ ိုးစီးပွါးကို ရပ်ခံကာကွယ်စဉ်းစားမှု လွန်စွာအားနည်းခဲ့သည်။ သို့ဖြစ်ရာ မြစ်ဆုံလျော်ကြေးသည် ဒေသခံလူထုအတွက် ကြေနပ်ဖွယ်မရှိခဲ့ပေ။ ဤကိစ္စနှင့်ပတ်သက်၍ CPI တွင်သာမက အဓိက လူထုအတွက် ပြည့်ပြည့်ဝဝ ရပ်ခံ လုပ်ဆောင်ခဲ့ခြင်းမရှိသည့် မြန်မာအာဏာပိုင်များတွင်လည်း တာဝန်ရှိသည်ဟုဆိုရမည်။

ဆက်လက်ဖေါ်ပြပါမည်
( မောင်မောင်စိုး )
မှတ်ချက်။ ။ ” မြစ်ဆုံပြသနာ” ဆောင်းပါးအား 19/4/2016 မှ 23/4/2016 အပိုင်း ၅ ပ်ိုင်းဖေါ်ပြပါမည်။ Chronicles of Maung Maung Soe page တွင်လည်းဖေါ်ပြပါမည်

=

မောင်မောင်စိုး – မြစ်ဆုံပြဿနာ – အပိုင်း (၃)

April 22, 2016
မြစ်ဆုံရေအားလျျပ်စစ်စီမံကိန်းလုပ်ငန်း အဝင်ဝ (Photo : The Irrawaddy)
မောင်မောင်စိုး – မြစ်ဆုံပြဿနာ – အပိုင်း (၃)
(မိုးမခ) ဧပြီ ၂၂၊ ၂၀၁၆

● မြစ်ဆုံစီမံကိန်းနှင့် အကာကွယ်မဲ့ဒေသခံများ
မေခမြစ်ပေါ် ချီဗွေမြို့အနီး ချီဗွေရေအားလျှပ်စစ်တည်ဆောက်ရေးစီမံကိန်း အတွက် မြေသားစမ်းသပ်ခြင်းလုပ်ငန်းများကို ၂၀၀၉ နှစ်ဆန်းတွင်ပြုလုပ်သည်ကိုတွေ့ရသည်။ စမ်းသပ်သည်နေရာ မေခမြစ်ရိုးတွင် ကောင်းလ ဖလ စသည့် ရွာ ၄ ရွာခန့် ရှိသည်။ ရွာတရွာနှင့်တရွာကြားတွင် ဒေသခံလူထုပိုင် လိမ္မော်ခြံများပါအပါ ခြံများရှိသည်။ ထိုပိုင်ရှင်ရှိသော ခြံများအား ပိုင် ရှင်အားလည်း ခွင့်မတောင်း ဒေသခံအာဏာပိုင်များက ရွာသားများအားလည်း အကြောင်းကြားခြင်းမရှိဘဲ မြေသားစမ်း သပ်ခြင်းများ ဝင်ရောက်ပြုလုပ်သည်။ ကျင်းကြီးများအား ထိုအတိုင်းထားခဲ့သည်။ ထိုဒေသ၌ နွေရာသီတွင် ကျွဲ နွားများ လွှတ်ကျောင်းစနစ်အဖြစ်ထားရာ ကျင်းများအတွင်း ပြုတ်ကျပြီး ပြန်မတက်နိုင်ဘဲ သေဆုံးကြသည်။ ၂၀၀၉ မတ်လထိ သေ ဆုံးသည့် ကျွဲနွားကောင်ရေ ၁ဝ ကောင်ခန့်ရှိပြီး လျော်ကြေးငွေမရကြ။

ထို့ပြင် ထိုရွာများတွင်းရှိ အိမ် ခြံဝင်းအတွင်းသို့ အိမ်ရှင်အား ခွင့်ပြုချက်မတောင်း လျော်ကြေးမပေး ဒေသခံအာဏာပိုင်များ၏ အကြောင်းကြားခြင်းမရှိဘဲ CPI မှ အလုပ်သမားများက ဝင်ရောက်မြေတူးစမ်းသပ်ကြသည်ကို ၂၀၀၉ မတ်လ အတွင်း ကောင်းလ ရွာတွင်တွေ့ရသည်။ ဒေသခံ လော်ဝေါ်အမျိုးသားမှာ စိတ်ပျက်လက်ပျက် နှင့် ရပ်ကြည့်နေရသည်။ CPI သည် အစိုးရအာဏာပိုင်များနှင့် မည်သို့ပင် သဘောတူသည်ဖြစ်စေ ဒေသခံလူထု၏ပိုင်ဆိုင်မှုကို လေးစားမှုပြသင့်သော်လည်း မပြခဲ့ဟုဆိုရမည်။ တဖက်ကဆိုရလျင် မြန်မာအာဏာပိုင်သည် ဒေသခံတိုင်းရင်းသားတို့၏ အခွင့်အရေးကိုရပ်ခံကာကွယ်ပေးခြင်းမရှိပေ။ ဤဖြစ်ရပ်ကား မိမိမျက်မြင်ကြုံခဲ့သောဖြစ်ရပ်ဖြစ်သည်။ ဤသို့သောဖြစ်ရပ် မည်မျှများပြားသည်ကို မှန်းဆရန်မလွယ်ပေ။

ဧရာဝတီကို ကယ်တင်ပါ (Photo : The Guardian)

 

သို့ဖြစ်ရာ မြစ်ဆုံစီမံကိန်းအား CPI မှဆောင်ရွက်နေစဉ်အတွင်း ဒေသခံတိုင်းရင်းသားတို့မှာ မိမိတို့၏ဘိုးဘွားပိုင်ဆိုင်မှု ပုဂ္ဂိလ်ိကအခွင့်အရေးများနှင့်ပတ်သက်ပြီး အကာကွယ်မဲ့ခဲ့သည်ဟု ဆိုရပါမည်။ ဤကိစ္စတွင် CPI သာမက မိမိလူထုအား အ ကာကွယ်ပေးရန် ပျက်ကွက်သည့် မြန်မာအာဏာပိုင်များတွင်လည်း တာဝန်ရှိပေသည်။ ထို့အတူ CPI သည်လည်း မြန်မာ ပြည်သူလူထု၏ ပုဂ္ဂလ်ိကအခွင့်အရေးကို လေးစားအသိမှတ်ပြုရန် ပျက်ကွက်ခဲ့သည်ဟုဆိုနိုင်ပါသည်။

● မြစ်ဆုံစီမံကိန်းအား ဆန့်ကျင်ကြခြင်း
မြန်မာ နအဖ အစိုးရသည်၎င်း တရုတ် CPI သည်၎င်း မြစ်ဆုံစီမံကိန်းအား အကျိုးစီးပွားမက်လုံးများကို အဓိကဦးတည်၍ ဆောင်ရွက်ရန် အစချီခဲ့ကြသည်။ မြစ်ဆုံစီမံကိန်းပြီးစီးပါက ပထမ နှစ် ၅ဝ တွင် အမေရိကန်ဒေါ်လာ ၅၄ ဘီလီလျံရရှိမည်ဖြစ်ပြီး ဒုတိယနှစ် ၅ဝ တွင် ၁၀ဝ ဘီလျံရရှိမည်ဟုဆိုသည်။ ထို့ကြောင့်လည်း CPI နှင့် နအဖတို့ ၂၀၀၆ တွင် MOU ထိုး၍ ၂၀၀ရတွင် စီမံကိန်းရေးဆွဲကာ ၂၀၀၈ မှစ၍ ကျေးရွာများပြောင်းရွှေ့ခြင်းကို စတင်ခဲ့သည်။

သို့သော် နအဖ အစိုးရရော CPI ပါ ၎င်းကြီးမားသည့်စီမံကိန်းကြီးအားလူထုအား ချပြ သဘောထားခံယူရန်ပျက်ကွက်ခဲ့သည်။ နအဖ အစိုးရလက်ထက်သည် စစ်အစိုးရလက်ထက်ဖြစ်သည့်အားလျော်စွာ လူထုအသံကို နားမထောင်သည့်အပြင် လူထု မှာလည်း ပြောဆိုခွင့်မရှိခဲ့သောကာလဖြစ်သည်။ CPI သည်လည်း မြန်မာလူထုရှင်းလင်းချပြခြင်းမရှိ မြန်မာ နအဖ အစိုးရနှင့် သဘောတူချက်ရရှိရေးသာ အလေးထားခဲ့သည်။ ကောင်းသည် ဆိုးသည်အားလုံးသည် မြန်မာအစိုးရနှင့်သာဆိုင်ပြီး တရုတ် တို့အနေနှင့် မြန်မာအစိုးရသဘောတူ၍ လုပ်သည်ဆိုသည့် ဆင်ခြေဖြင့် လုပ်ကိုင်ခဲ့ကြသည်။

မြစ်ဆုံစီမံကိန်းကို ဆန့်ကျင်သူများအနေနှင့် မြစ်ဆုံ၏ အထင်ကရဩဇာသက်ရောက်မှု သဘာဝပတ်ဝန်းကျင် ပျက်စီးဆုံးရှုံးမှု ငလျင်ကြောနှင့် နီးကပ်စွာတည်ရှိမှုတို့ကို ဖေါ်ပြကန့်ကွက်ခဲ့ကြသည်။ ထိုအတူ ပညာရှင်အချို့ကလည်း ဧရာဝတီမြစ်ကြောင်း ထိမ်းသိမ်းရေး ရည်ရွယ်ချက်မပါဘဲ လျှပ်စစ်ထုတ်လုပ်ရေးသက်သက် ရည်ရွယ်ချက်ကို ကန့်ကွက်ကြသည်။ ဤသည်တို့မှာ ဖေါ်ပြသော အကြောင်းပြချက်များဖြစ်သည်။ ထိုပြင် ကချင်ပြည်နယ်တွင် ငြ်ိမ်းချမ်းရေးမရသေးခြင်း တိုင်းရင်းသားတန်းတူ ရေးပြဿနာ ဖက်ဒရယ်ပြဿနာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ပြဿနာ သယံဇာတခွဲဝေရေးပြဿနာများနှင့်ပတ်သက်ပြီး ဖြေရှင်း မပြီးခင် မြစ်ဆုံစီမံကိန်းများကို မလုပ်ကိုင်စေလိုကြပေ။ ပြည်နယ်၏နိုင်ငံရေးပြဿနာကို အရင်ဖြေရှင်းစေချင်ကြသည်။

ဧရာဝတီနှင့် အသက်ဝမ်းကျောင်းပြုကြရသူများ (Photo : the rivers network)

သက်သေပြရန် အချက်အလက်အခိုင်အမာမရှိသော်လည်း အဆိုပါမြစ်ဆုံရေအားလျှပ်စစ်တည်ဆောက်ခွင့်ရရေးအတွက် တာဝန်ရှိ မြန်မာအာဏာပိုင်များ အဂတိလိုက်စားမှုကြီးမားစွာရှိခဲ့သည်ဟု စွပ်စွဲမှုများ အများအပြားရှိခဲ့သည်။ အဆိုပါ သံသ ယဖြစ်စရာ အဂတိလိုက်စားမှုရှိသည်ဆိုသည့်အချက်သည်လည်း မြစ်ဆုံစီမံကိန်းအား ပြင်းထန်စွာဆန့်ကျင်ကြသည့်အ ေ ကြာင်းအချက်တခုဖြစ်ပေသည်။

ထို့ပြင် မြစ်ဆုံစီမံကိန်းကို ကန့်ကွက်ကြခြင်းမှာ အောက်ပါ အချက် ၃ ချက်ကြောင့်လည်း ဖြစ်ပုံရသည်။ ပထမအချက်မှာ တရုတ်အစိုးရ၏ ပြီးခဲ့သောကာလက ရပ်တည်ချက်များကြောင့်ဖြစ်သည်။ ၁၉၈၈ စစ်တပ်အာဏာသိမ်းပြီးနောက် မြန်မာစစ် အစိုးရကို တရုတ်အစိုးရက နိုင်ငံရေး စစ်ရေးစီးပွားရေးဘက်စုံက ကူညီခဲ့သည်။ မြန်မာစစ်အစိုးရအတွက် ကုလသမဂ္ဂတွင် ဗီတိုအာဏာသုံးစွဲပေးခဲ့သည်။ နိုင်ငံတကာပိတ်ဆို့မှုများကြောင့် အကြပ်အတည်းတွေ့နေချိန်တွင် တရုတ်အစိုးရက ကူညီ ပေးခဲ့သည်။

ထို့ကြောင့် တရုတ်အချို့က မြန်မာနိုင်ငံအကြပ်အတည်း တွေ့နေချိန်တွင် ကူညီခဲ့သောကြောင့် တရုတ်သည် မြန်မာ၏ ကျေးဇူးရှင်ဟု ယူဆကြသည်။ ထိုစဉ် မြန်မာစစ်ခေါင်းဆောင်အချို့က တရုတ်သည် ကျေးဇူးရှင်ဟု ယူဆကြသော် မြန်မာ ပြည် လူထုအများစုက ထိုသို့ မယူဆကြပေ။ တရုတ်သည် မြန်မာတွင် စစ်အာဏာရှင်စနစ် သက်ဆိုးရှည်အောင် ကူညီခဲ့သူ မြန်မာပြည်လူထုအားကျောခိုင်း၍ မြန်မာလူထုအား ကျောခိုင်းသူအဖြစ် ကြည့်မြင်ကြသည်။ တရုတ်က မြန်မာပြည်တွင် လုပ်သော စီးပွားရေးလုပ်ငန်းကြောင့် မြန်မာပြည်မှ လူအချို့ အကျိုးရှိခဲ့သည်မှာ အမှန်ဟု ယူဆကြသည်။ မြန်မာလူထုကမူ တရုတ်၏ စီးပွားရေးလုပ်ငန်းများသည် စစ်ဗိုလ်ချုပ်ကြီးများနှင့် ခရိုနီတချို့သာအကျိုးရှိခဲ့ကြပြီး မြန်မာလူထုအတွက် အကျိုး မရှိဟုယူဆကြသည်။

ဒုတိယအချက်မှာ မြန်မာပြည်တွင် လာရောက်လုပ်ကိုင်သော စီးပွားရေးလုပ်ငန်းများတွင် မြန်မာပြည်မှ လုပ်သားအင်အားစု များ အလုပ်အကိုင်ရရှိမှုပြဿနာဖြစ်သည်။ တရုတ်ပြည်မှလာရောက်ရင်းနှီးမြှုပ်နှံသော လုပ်ငန်းများတွင် မြန်မာပြည်သားများ အလုပ်ကိုင်ရရှိမှုမှာ အလွန်နည်းသည်။ ထမင်းချက်မှစ၍ လုပ်သားအများက်ို တရုတ်ပြည်မှ ခေါ်လာ၍ လုပ်ကိုင်လေ့ရှိရာမြန် မာပြည်အလုပ်သမားများ အလုပ်အကိုင်အခွင့်အလမ်းနည်းသည်။ အလုပ်ခန့်ထားရာတွင်လည်း မြန်မာပြည်သားများရအ လုပ်အကိုင်များမှာ အောက်အဆင့် အလုပ်ကြမ်းသာများသည်။ အထူးသဖြင့် လစာကောင်းသော ပညာရှင်နေရာများတွင် အလုပ်ခန့်ထားမှုနည်းပါးရာ မြန်မာပြည်ရှိ ပညာတတ်များသည် တရုတ်တို့၏ရင်းနှီးမှုလုပ်ငန်းများအား မကြိုဆိုကြချေ။ အလွယ်ဆိုရလျှင် အမေရိကန် ဂျပန်တို့၌ တစ်ဦးချင်းဝင်ငွေမြင့်မားရာ လစာအမေရိကန်ဒေါ်လာ တစ်ထောင် နှစ်ထောင်သာ ရသောလစာနှင့် မြန်မာပြည်လာမလုပ်ကြ။ မြန်မာပြည်မှ အလုပ်သမားကိုသာ ငှားရမ်းကြသည်။ တရုတ်တို့မှာမူ တစ်ဦးချင်း ဝင်ငွေ များစွာမြင့်မားခြင်းမရှိသေးရာ ထိုလစာနှုန်းများတွင် တရုတ်တို့လာရောက်လုပ်ကိုင်ကြသည်။ သို့ဖြစ်ရာ မြန်မာပြည်ရှိ ပညာတတ်အလုပ်လက်မဲ့များအတွက် တရုတ်ရင်းနှီးမြှုပ်နှံမှုသည် လိုလားနှစ်သက် ကြိုဆိုစရာ မဖြစ်ပေ။

တတိယအချက်အနေနှင့် တရုတ်စီးပွားရေးလုပ်ငန်းများဝင်ရောက်လာသော်လည်း ထိုဒေသ၌ ဖွံ့ဖြိုးတိုးတက်လာခြင်းမရှိ။ ဥပမာ ကျောက်ဖြူ ရေနက်ဆိပ်ကမ်း တကောင်းနီကယ်စက်ရုံကဲ့သို့ တရုတ်အလုပ်သမား သောင်းနှင့်ချီလုပ်ကိုင်နေသော လုပ်ငန်းကြီး ဖြစ်ထွန်းနေသော်လည်း ဒေသခံများမှာ မည်သည့် အကျိုးဖြစ်ထွန်းမှုမရှိသဖြင့်ဒေသခံများ၏ လိုလားမှုကိုမရပေ။ ဤကိစ္စများဝေဖန်မှုများမြင့်တက်လာ၍ နောက်ပိုင်းတွင် တရုတ်ကုမ္ပဏီများ ဒေသဖွံ့ဖြိုးရေးခေါင်းစဉ်ဖြင့် အစီအစဉ်တချို့ ပြုလုပ်နေသည်ကိုတွေ့ရသည်။

သို့ဖြစ်ရာ မြစ်ဆုံစီမံကိန်းနှင့်ပတ်သက်၍ လူထုကြားတွင်လည်းကောင်း၊ မီဒီယာများတွင်လည်းကောင်း၊ ပြင်းပြင်းထန်ထန်ဆန့်ကျင်ခံခဲ့ရသည်ဟုဆိုရမည်။ အဓိကအားဖြင့် စီမံကိန်းအကျိုးအပြစ်များအား လူထုအားကောင်းမွန်စွာချမပြခြင်း ဒေသခံ လူထု၏ အကျိုးစီးပွားကို မျက်မှောက်မပြုခြင်းတို့ကြောင့် ဆန့်ကျင်ခံရသည်ဟု ဆိုရပေမည်။ အစိုးရသည်လည်းကောင်း၊  CPI သည်လည်းကောင်း၊ မြန်မာလူထုအားကျောခိုင်း၍ နှစ်ဖက်သဘောတူညီလုပ်ကိုင်ရေးသာရှေးရှုခဲ့ကြသည့် စီးပွားရေး အကျိုးအမြတ်သက်သက်သာကြည့်ခဲ့သည့် အကျိုးဆက်ဟုဆိုရမည်။

ဆက်လက်ဖေါ်ပြပါမည်

Mg Mg Soe (မောင်မောင်စိုး)

မှတ်ချက်။ ။ မြစ်ဆုံပြဿနာဆောင်းပါးကို Chronicles of Maung Maung Soe page တွင်လည်း ဖေါ်ပြထားပါမည်။

မှတ်ချက်။  ။ လူသိများစေရန်ရည်ရွယ်သည်ယူဆပါ၍… မူလစာရေးသူထံမှ ခွင့်မတောင်းထားပါ..။ စာတို့ကို မိုးမခမှ တိုက်ရိုက်ကူးယူသည်။

About kai

Kai has written 1040 post in this Website..

Editor - The Myanmar Gazette || First Amendment – Religion and Expression - Congress shall make no law respecting an establishment of religion, or prohibiting the free exercise thereof; or abridging the freedom of speech, or of the press; or the right of the people peaceably to assemble, and to petition the Government for a redress of grievances.