မြေပဲယိုလေး တကိုက်နှစ်ကိုက် (၃) – Queue
ထိုင်ဝမ်မြေပဲကျွန်းအကြောင်းမှာ တတိယ နေရာအဖြစ် ပြောချင်တာကတော့ ဖန်တရာတေအောင် ပြောပြီးဖြစ်တဲ့ တန်းစီခြင်း Queue ပါပဲ။
ထိုင်ဝမ်မှာ ဘယ်နေရာမဆို တန်းစီပါလို့ ပြောနေစရာ မလိုပါဘူး။
ရထားပေါ်တက်မယ့် တံခါးဝမှာ တန်းစီဖို့ မျဉ်းကြောင်းလေး ဆွဲပေးထားပါတယ်။ တန်းအဝေးကြီး စီမနေရအောင် တန်းစီတဲ့ လိုင်းကို အနားမှာတင် ၃ပတ်လောက် ကွေ့ပြီး ဆွဲပေးထားပါတယ်။
မျဉ်းကြောင်းအတိုင်း ဝင်စီသွားရုံပါပဲ။
စက်လှေခါး Escalator တွေမှာလည်း ညာဖက်ကို ကပ်စီးပေးကြပါတယ်။
ရုံးတက်ချိန် ကျောင်းတက်ချိန် အလျင်လိုသူတွေ လူငယ်တွေက လွတ်နေတဲ့ ဘယ်ဖက်က လွတ်လွတ်ကြီး ပြေးသွားနိုင်ပါတယ်။
ဒီနေရာမှာ နိုင်ငံတွေ တခုနဲ့ တခု ကပ်ရပ်ပေးတဲ့ ဖက်ချင်း မတူဘူးလို့ ဖတ်မှတ်မိပါတယ်။
ဂျပန်မှာက ဘယ်ဖက်ကို ကပ်ရပ်ပါတယ်တဲ့။
US မှာကတော့ ထိုင်ဝမ်လို ညာဖက်ပဲလို့ သိရပါတယ်။
ကျမ ထိုင်ဝမ်ရောက်ပြီး နောက်တနေ့မနက် ကျည်ဆံရထားစီးဖို့ အသွား ပန်ချောင်းဘူတာမှာ စက်လှေခါးနဲ့ မြေအောက်ဆင်းတော့ အထာမသိဘဲ ဘယ်ဖက် ကပ်ရပ်နေမိပါတယ်။ နောက်က ကျော်တက်ချင်သူက စောင့်နေရလို့ အဖော်တွေက လက်တို့မှ ရှက်အားနာဖြစ်မိပါတယ်။ အလိုက်မသိသူ ဖြစ်လိုက်မိပါပြီ။ နောင် စက်လှေခါးပေါ်ရောက်တိုင်း ဒီလို ထပ်မဖြစ်ဖို့ သတိထားရပါတော့တယ်။
ဆေးရုံဆေးခန်းတွေမှာလည်း Queue
ဓာတ်လှေခါးထဲဝင်ဖို့လည်း Queue
စားသောက်ဆိုင်မှာလည်း Queue
အာဟာရဒါန အလှူအတန်းမှာလည်း Queue
အိမ်သာဝင်ဖို့လည်း Queue
ဘတ်စကားပေါ်တက်လည်း Queue
ကုန်တိုက်မှာ ငွေရှင်းလည်း Queue
ဘယ်လောက်များ စိတ်ချမ်းသာဖို့ ကောင်းပါသလဲ။
အရင်ရောက်သူက အရင်ဦးစားပေးခံရမယ် ဆိုတာ ဘယ်လောက် သာတူညီမျှနိုင်လိုက်ပါသလဲ။ တွေးကြည့်ကြစမ်းပါ။
ကျမတို့ဆီမှာလို အသက်ကြီးတော့လည်း ဦးစားပေးခံချင်
အသက်ငယ်ပြန်တော့လည်း ဦးစားပေးခံချင်
ရာထူးကြီးတော့လည်း ဦးစားပေးခံချင်
သူများ ရှေ့ကနေ တိုးပြီး နေရာယူလိုက်ချင်တာ
ကိုယ်သာ အရေးကြီးဆုံးလူလို့ ထင်တာ
အမှန်တော့ လောဘကြီးတာပါပဲ။
သူတို့ဆီမှာတော့ အသက်ကြီးလို့ ဦးစားပေးပါမယ် ဆိုလည်း လက်မခံကြပါဘူး။
(တခါတုံးက Science Museum မှာ နောက်က ကလေးငယ်တွေကို ဦးစားပေးမိတော့ ကလေးတွေနောက်က ပဲစားမ( မက်ဆီကန်မ) က မကျေမနပ် complaint လာပြောပါတော့တယ်။Why do you give your turn to the children? တဲ့။ကလေးတွေကို ကျမ ဖျက်ဆီးပါတယ်ပေါ့)
အများသုံး အိမ်သာတွေမှာ တန်းစီကျော်ပြီး ဝင်မိတယ်လို့ ထင်ရင်တောင် ပြန်လှည့်ပြီး တောင်းပန်ကြပါတယ်။
တကယ့် ဦးစားပေးရတာကတော့ မသန်စွမ်းတွေပါပဲ။
အဲတော့ အိုမင်းမစွမ်းနဲ့ မသန်စွမ်း မဟုတ်ဘူးလို့ ကိုယ့်ကိုကိုယ် ခံယူရင် တန်းစီတဲ့ထဲမှာ အလိုက်သင့် ဝငေ်နရာယူပြီး အလှည့်ကို စောင့်တတ်ကြဖို့ ကျမတို့ ပြည်သူတွေ လေ့ကျင့်ရပါတော့မယ်။
အလေ့အကျင့်မရမီတော့…
(၁)အများနဲ့ဆိုင်တဲ့ ဈေးဝယ်စင်တာတွေ၊ ဆေးရုံဆေးခန်းတွေ၊ ဘဏ်တွေ၊ လေဆိပ်၊ကားဂိတ်၊သင်္ဘောဆိပ်တွေ၊ ရထားအတက်တွေ၊ ဘတ်စကားမှတ်တိုင်တွေမှာ “Queue Here ဤနေရာမှ တန်းစီပါ” ဆိုတဲ့ ဆိုင်းဘုတ်တွေ ဖောဖောသီသီ ချိတ်ပေးရပါမယ်။
(၂)ဝန်ဆောင်ပေးတဲ့သူတွေကလည်း ကျော်တက်သူကို ကျော်ပြီး ဝန်ဆောင်မှု မပေးကြပါနဲ့။(အဲသလို ကျော်ပြီး ဝန်ဆောင်ရင် တိုင်ခွင့်ရှိအောင် အုပ်ချုပ်သူတွေက စီမံပေးကြပါ)
(၃)ကျော်အတက်ခံရသူတွေကလည်း ငြိမ်ပြီး သည်းခံနေမယ့် အစား ကျော်မတက်ဖို့ ကန့်ကွက်ပေးကြရပါမယ်။
(ဒါ အများကောင်းဖို့ ရေရှည်အကျိုး အတွက်ပါ)
(၄)အခုဆို စက်လှေခါးတွေ နေရာတကာမှာ ရှိလာပါပြီ။ လူကူးကုန်းကျော်တံတားတွေမှာလည်း စက်လှေခါးတွေ သုံးလာပါပြီ။
အများဆိုင် စက်လှေခါး၊ရိုးရိုးလှေခါး တိုင်းမှာ “ညာဖက်ကပ်၍ သွားပေးပါ”
ဆိုတဲ့ စာတွေ ကပ်ပေးရပါမယ်။
(လက်ယာကပ်မောင်း စနစ်ကျင့်သုံးတဲ့ တိုင်းပြည်ဖြစ်တဲ့ အတွက် တနိုင်ငံလုံး လှေခါးမှာ ညာဖက်ကပ်ပြီး အတက်အဆင်းလုပ်ကြမယ်လို့ ညှိလိုက်ရင် လိုက်နာဖို့ လွယ်သွားမှာပါ၊နို့မို့ရင် ဂျပန်လို ဘယ်ကပ်ရနိုးနိုး ထိုင်ဝမ်လို ညာကပ်ရနိုးနိုးနဲ့ မြန်မာလို အလယ်ကျကျလမ်းပိတ်တဲ့ စနစ်ကနေ မထွက်နိုင်ဘဲ နေပါလိမ့်မယ်။)
အလေ့အကျင့်ရဖို့ ဘယ်လောက်ကြာမလဲ မေးရင် ကျမတို့ မြန်မာပြည်က ထိုင်ဝမ်။စင်္ကာပူ၊ကိုရီးယား၊ဂျပန် ရောက်နေသူတွေ အသက်ကြီးမှ ရောက်ပေမယ့် တန်းစီတဲ့ အကျင့်ရနေကြပါပြီ။
တန်းမစီမိတာသာ ရှက်စရာ၊သူများကဲ့ရဲ့ခံရမှာ ကြောက်စရာ ဆိုတဲ့ ဟိရီ/ဩတ္တပ္ပ အသိစိတ် awareness သာ ဝင်အောင် ထည့်ပေးနိုင်ရင် ရွှေပြည်တော် မျှော်လေတိုင်းမဝေးလောက်ပါဘူးလို့ ပြောချင်ပါတယ်။
12 comments
ယမကာကျော်စွာ အူးမြောက်မြောက်
May 16, 2016 at 9:42 am
အင်း
သတိထားမှ
ကျနော် ဓာတ်လှေခါး စီးရင်
အလယ်ခေါင် ခွရပ်
လက်နှစ်ဘက်ကို
ဘေးဘောင်ကို တစ်ဘက်စီခွကိုင်ပြီး စီတတ်တာ 😛
ကထူးဆန်း
May 16, 2016 at 10:04 am
အနော်တို့ လွှတ်တော် ကြီး မှာ ဘယေ်တာ့ ပြောင်းမလဲ စောင့်ကြည့်နေတာ မော နေပြီ တီဒုံရေ ..
လွှတ်တေ်ာက စ လို့ ပြောင်းသင့်ကြောင်းပါ ။
ရက်၁၀ဝ စောင့်စရာမလို ချက်ခြင်း စလို့ ရတာ ခုထိ အရင်လူတွေလိုဘဲ တိုးတိုးဝှေ့ ဝှေ့ လုပ် ကောင်းနေကြတန်ု း …
မြန်မာပြည်ထဲ တန်းစိတာဆိုလို့ city mart တော့ကေ ျး ဇူးတင်မိပါကြောင်း ..သူ့ကြောင့်နဲနဲ တန်းစီတတ်လာတာ …
barnay
May 25, 2016 at 2:03 pm
ဟုတ်ပါ့.. 😀
Swal Taw Ywet
May 30, 2016 at 4:32 pm
အဲ လွှတ်တော်ကြီး အတက်မှာ လူတွေ စု တယောက်ခြင်း လက်မှတ်ထိုး
ကုန်လိုက်တဲ့ အချိန်တွေ နှမျောစရာဗျာ။
ှSmart Card လေး လုပ်ထား။
စက်နဲ့ဖြတ်ခိုင်းလိုက်။
တက်တဲ့နေ့ နေ့တွက်စားရိတ်တခါထဲ ကပ်ထဲထည့်ပေးလိုက်။
စားသောက်တော့လည်း ကပ်နဲ့ဘဲရှင်း။
လွယ်နေတာကို ခုထိခက်အောင်လုပ်နေကြတုံးးး။
ပြင်စေချင်နေတဲ့ IT Company တွေ လှုပ်ရှားကြစေလိုပါကြောင်းး။
With respect,
Swal Taw Ywet.
Thint Aye Yeik
May 16, 2016 at 10:35 am
ကလေးဆေးရုံရှေ့(ပြည်ထောင်စုရိပ်သာလမ်းထဲက) တရုတ်သံရုံးထဲမှာ တန်းစီခြင်းမလုပ်ပဲ တဝုန်းဝုန်းတရုန်းရုန်း ကျော်တက်ကြ အလှည့်ကျော်ဝင်ကြတာတွေ လုပ်တာ ကြုံရပြီးကတည်းက . .
“ကိုယ်က စနစ်တကျ တန်းစီနေပါလျက်နဲ့ နောက်မှရောက်လာသူတွေက အရှက်မရှိ ကျော်တက် အလှည့်ကျော်ကြတာကို
.ဒေါသရယ် စိတ်ပျက်မှုရယ်ပေါင်းပြီး စိတ်ပျက်လက်ပျက်ကြီး ကြည့်နေရသလိုမျိုးးးးးးးး
စနစ်တကျ တန်းစီနေတဲ့သူများတွေကို ကျနော့်ကြောင့်တော့ အဲ့လို စိတ်မပျက်စေရဘူးလို့ ဆုံးဖြတ်လိုက်တယ်။
”သူများကြောင့် ကိုယ် စိတ်ပျက်ရသလိုမျိုး . . .
ကိုယ့်ကြောင့် သူများ စိတ်မပျက်စေရဘူး” ဆိုပါတော့။
(ဒါမဲ့ တရုတ်သံရုံးထဲက ဗီဇာထုတ်ပေးတဲ့ ဝန်ထမ်းမမတွေက တရုတ်လူမျိုးတွေ ဗီဇာလာယူတာမြင်ရင် တန်းတောင် မစီခိုင်းဘဲ အထဲကနေ လက်ကလေးယက် လှမ်းခေါ်တယ်။ ချက်ချင်း လုပ်ပေးတယ်။ တရုတ်လို ကွိစိကွစတွေ ပြောရင်းနဲ့ တရုတ်လူမျိုးတွေကတော့ ငါးမိနစ်မကြာဘဲ ဗီဇာလျှောက်လို့ ပြီးတယ်။ ဗမာတွေကတော့ တန်းစီတဲ့သူက စီနေရ။ ကျော်တက်တဲ့သူက ကျော်တက်နေကြ။)
လူတွေ လူတွေ. . .
ဘာကို အရင် ပြင်ရမလဲ ?
လုံမလေးမွန်မွန်
May 16, 2016 at 10:40 am
တန်းစီတာက စုပြုံတိုးတာထက်စာရင် ပိုပြီး မြန်တယ်ဆိုတာ ကိုယ်တွေ့ရယ်…
မြေနီကုန်းက Spirit မှာ တန်းစီခိုင်းတယ်… ကောင်တာတိုင်းမှာ တိုးဝှေ့နေကြတာချည်းပဲ.. တန်းစီနေတာဆိုလို့ ကောင်တာတစ်ခုပဲ ရှိတယ်.. ကိုယ်လည်း အဲဒီမှာပဲ ဝင်တန်းစီလိုက်တယ်.. ကိုယ့်ရှေ့က ကောင်မလေးက အစက တန်းစီနေရင်းကနေ ဟိုဘက်မှာ တိုးနေတာမြင်တော့ အခွင့်အရေးရမလားဆိုပြီး သွားတိုးတယ်… တစ်ယောက်ပြီးတစ်ယောက် တန်းစီရှင်းသွားကြတာ.. ကိုယ်တွေကောင်တာက ခဏလေးနဲ့ ပြီးသွားတယ်.. အဲဒီတော့မှ ဟိုကောင်မလေးက ဒီဘက်ပြန်ရောက်လာပြန်ရော.. ကိုယ့်ထက် အရင်ရောက်ပြီး ကိုယ်ပြန်ထွက်မှ သူက ရှင်းရတာ..
လုံးဝသည်းမခံနိုင်တာ ၂ ခုရှိတယ်.. တန်းမစီဘဲ ကျော်တက်တာရယ်.. စာသင်ခန်း မီတင် ထဲမှာ (မဖြစ်မနေ) ဖုန်းပြောရင် အသံကို နှိမ့်မပြောတာရယ်.. နီးလို့ကတော့ ပြောတာပဲ.. အားမနာဘူး.. :k:
Yae Myae Tha Ninn
May 16, 2016 at 5:05 pm
အန်တီဒုံပြောသလို လောဘကြီးတာထက် အတ္တကြီးတာဗျ… နေရာပေးတာ မပေးတာ အသာထား… ရုပ်ရှင်ကို အဲနေ့က ကြည့်လာတယ် ပြောရင်တောင် ငါက မနက်ပိုင်း ၉ နာရီပွဲကြည့်တာ… မင်းထက်ဦးတယ်ဆိုပြီး ဂုဏ်ယူတတ်ကြတာ… ငါ အရင် ငါ.. ငါ… ဆိုပြီး အတ္တကြီးကြတာ…
အရင်ကကျော်စွာဦးကြီးမိုက်
May 18, 2016 at 2:57 pm
.စည်းကမ်းရှိအောင်..“မူကြိုကစသင်ပေးကြ”
.“မူကြိုလွတ်ကုန်တဲ့ကျုပ်တို့လိုလူတွေ ကိုယ့်အသိနဲ့ကိုယ်ပြုပြင်ကြ”
.“ဘယ်သူကောင်းကောင်း မကောင်းကောင်း၊ မိမိကောင်းအောင်ကျင့်ကြံနေထိုင်ကြ”
.“အဲ့ဒါမှ……………………
ခင်ဇော်
May 20, 2016 at 11:24 am
ပထမ ဆုံး တစ်ခေါက် မြန်မာပြည်ပြန်တော့
ရန်ကုန်ထိကို ဖခင်ကြီးလာကြိုတယ်။
၂ ယောက်သားအဝေးပြေးကားနဲ့ ပြန်လာ လမ်းမှာ နားနေအိမ်သာတွေ တက်တော့
ကိုယ်ကတော့ အကျင့်ပါပြီး အမျိုးသမီးတွေနောက် ဒီတိုင်း အမှတ်မဲ့ ရပ်စောင့်နေမိတာ။
ကိုယ့်စိတ်ထဲမတော့ တန်းစီနေတယ်ပေါ့။
နောက်တော့ ကိုယ့်အလှည့်ရမရောက်မရောက်နဲ့ ငင့် တန်းစီနေတာမဟုတ်ပဲ ဖြတ်ပြီး ဦးရာလူ ဝင်နေကြတာပဲ။
ကိုယ်လည်း လုရတော့တာပေါ့။ ဟိ
:k:
ဦးကြောင်ကြီး
May 23, 2016 at 1:12 pm
ခိုနီဒုံဂ ျီးကို အူး၃ကြိမ် ခြပါတယ်… အလုပ်သမား သက်မဂ ဖွဲ့ခွင့်ပေးပါ။။
barnay
May 25, 2016 at 2:02 pm
ကျေးဇူးပါပဲ .. တန်းစီစနစ် အရာရောက်ဖို့ ဘယ်လိုစသင့်တယ်ဆိုတဲ့ အသိ ရမိပါတယ် ..
သျှားသက်မာန်
May 24, 2017 at 3:55 pm
စည်းကမ်းကောင်းလို့လည်း တိုးတက်တာမြန်တာပဲ ကိုယ့်မြန်မာပြည်ကြီးကိုလည်းအဲလိုဖြစ်စေချင်ပါတယ် နိုင်ငံခြားသွားတိုင်းအဲ့ဆန္ဒလေးကတော့ဖြစ်မိတာ အမှန်ပဲ