ရောက်တတ်ရာရာ…….
ခုတလော ဖွဘုတ်မယ် တင်သမျှ အွန်လိုင်းရှော့ပင်း၊ သင်တန်း၊ ဒါမှမဟုတ် ကုန်ပစ္စည်းကြော်ငြာတခုခုရဲ့အောက်က ကွန့်မန့်တွေကို ဖတ်ကြည့်မိတိုင်း
တကယ်ဆိုရင် ကြော်ငြာတင်တဲ့သူက ဆက်သွယ်ရမည့်လိပ်စာတွေထည့်ပေးထားရဲ့သားနဲ့ အောက်က ကွန်မန့်တွေထဲမှာ ဘယ်ကိုဆက်သွယ်ရမလဲ ဖုန်းနံပါတ်လေးပေးပါဆိုတဲ့သူက တမျိုး၊ ဈေးနှုန်းတွေပုံမှာဖြစ်ဖြစ် ထည့်ပေးထားရဲ့သားနဲ့ ဒါလေးက ဈေးဘယ်လောက်လည်းဆိုတာက တဖုံ၊ သင်တန်းဆိုရင်လည်း ရန်ကုန်မှာဖွင့်တဲ့သင်တန်းဖြစ်နေရင် နယ်မှာလာမဖွင့်ဘူးလားဆိုတာက တသွယ် မေးပြီးသား၊ ဖြေပြီးသားကိုပဲ ထပ်တလဲလဲမေးနေကြတာကို တွေ့ရတော့ ခုခေတ်ကလေးတွေ စာမဖတ်ကြတော့တာကို မြင်နေရပါတယ်။
စာမဖတ်ကြတော့တာလို့ ပြောချင်တာထက် ကိုယ့်အားကိုယ် မကိုးချင်ကြတော့ဘူးလို့ ပိုဆိုလိုချင်ပါတယ်။ ကြော်ငြာတွေ့တယ် ဆိုတာနဲ့ စာကို အစအဆုံးဖတ်မကြည့်ဘဲနဲ့ သိချင်တာကို ဝင်မန့်လိုက်မယ်ဆိုပြီး အလွယ်လုပ်နေကြတဲ့ပုံပါပဲ။
နောက်ပြီးတော့ အွန်လိုင်းရှော့ပင်းလုပ်နေတဲ့ သူငယ်ချင်းတစ်ယောက်က ချက်ဘောက်ကနေ အားပေးပါဦးဆိုလို့ သူတင်သမျှ ပုံတွေလိုက်ကြည့်တော့ ဈေးရေးထားတာမတွေ့မိလို့ နင့်ဟာကလည်း ဈေးမပါဘဲနဲ့ ဘယ်လိုဝယ်ရမလဲဆိုတော့ ဈေးသိချင်ရင် ချက်ဘောက်ကိုလာခဲ့ပါဆိုပြီး ပြောပါတော့တယ်။
ဈေးရောင်းတယ်ဆိုတာ အပြိုင်အဆိုင်ရောင်းဝယ်နေကြတဲ့ခေတ်ဖြစ်တဲ့အလျောက် ဝယ်တဲ့သူကလည်း ပစ္စည်းအမျိုးအစားတူရင် ဈေးနှုန်းချင်းတော့ ယှဉ်ကြည့်ကြမှာပဲလေ။ အဲဒါကိုမှ ကိုယ်ရောင်းတဲ့ပစ္စည်း ဈေးမဖော်ပြနိုင်ဘဲ သိချင်ရင် ချက်ဘောက်လာခဲ့ဆိုတဲ့ အရောင်းသမားတစ်ယောက်ဆီကတော့ ပစ္စည်းဝယ်ဖို့ကို သူမကတော့ ဘယ်တော့မှ စိတ်ကူးမှာမဟုတ်ပါဘူး။
ငယ်ငယ်တုန်းက အမျိုးတစ်ယောက်သူ့အိမ်မှာ ဟင်းသီးဟင်းရွက်ရောင်းတော့ သူမကလည်း သွားအားပေးပါတယ်။ ပျော့ပြဲနေတဲ့ ခရမ်းချဉ်သီးတွေကို ထည့်ပေးလိုက်မှန်းအိမ်ရောက်မှ သိလို့ ပြန်ပြောတဲ့အခါကျတော့ အမျိုးမို့လို့ ထည့်ပေးလိုက်တာပါတဲ့။ အခြားဝယ်သူကိုထည့်ပေးလိုက်လို့မှ မရတာလို့ ပြန်ပြောပါတယ်။ တစ်လုံးတစ်လေများထည့်ပေးလိုက်ရင်တော့ သူမက ပြောနေမှာမဟုတ်ပါဘူး။ ပိုက်ဆံပေးရတာချင်းအတူတူ အမျိုးဆီမှာသွားဝယ်မှ မကောင်းတာတွေရလိုက်တယ် ဆိုတော့ကာ နောက်ထပ်ဆိုတာ ဝေလာဝေးပေါ့။
ကွန်ပျူတာဆရာမအဖြစ် အလုပ်စဝင်တုန်းက သင်တန်းလာတက်တဲ့ ကျောင်းသားတွေရဲ့ စာအုပ်မှာ သင်သမျှကို သူမ လိုက်ရေးပေးဖူးပါတယ်။ တစ်ရက်တော့ ဆရာတစ်ယောက်က အဲလိုရေးပေးတာမတွေ့လို့ မေးကြည့်တဲ့အခါမှာတော့ ဘယ်ကျောင်း၊ ဘယ်တက္ကသိုလ်မှာမှ ကျောင်းသားစာအုပ်ထဲ ဆရာတွေက မှတ်စုရေးပေးလို့လဲတဲ့။ နင်စေတနာဗရပွနဲ့ ရေးပေးလည်း ကိုယ်ရေးတဲ့စာပဲ ကိုယ်ပြန်ကြည့်တဲ့သူတွေပဲ များတာဆိုတော့ နင်ပဲ ကြားထဲကနေ အာလည်းပေါက်သေး လက်ညောင်းလည်း ခံရသေးတယ်မဟုတ်ဘူးလားတဲ့။ ပညာတကယ် လိုချင်တဲ့သူဆိုရင် ကိုယ့်ဘာသာမှတ်ပါလိမ့်မယ်တဲ့။ သူမလည်း နောက်ပိုင်း အသက်ကြီးတဲ့ သင်တန်းသားအချို့ကလွဲပြီး ဘယ်သင်တန်းသားကိုမှ မှတ်စုမရေးပေးတော့ပါဘူး။ ဒါပေမယ့် သင်တန်းသားတွေကိုတော့ မှတ်စုကိုယ်တိုင်ရေးခိုင်းပါတယ်။ တစ်ချို့တစ်ချို့သော သင်တန်းသားများကတော့ ဆရာမပဲ မှတ်ပေးပါ။ မမှတ်တတ်ဘူးလို့ ဆိုပါသေးတယ်။ အဲလို သင်တန်းသားများဆိုရင်တော့ ဆရာမပြောပေးမယ်။ ဘေးကနေလိုက်ရေး ဆိုပြီး ပြောပြဖူးပါတယ်။ နောက်ပိုင်းတော့လည်း အကျင့်ရသွားတော့ သူတို့ဘာသာမှတ်ကြပါတော့တယ်။ သူမကတော့ အတန်းပြီးရင် သူတို့မှတ်ထားသမျှ မှန်၊ မမှန်ပြန်စစ်ပေးရတာပေ့ါ။
ကိုယ်လေ့လာနေတဲ့ပညာတစ်ခုကို ကိုယ့်ဘာသာကိုယ်မမှတ်ဘဲ ဘေးကနေ သူများကမှတ်ပေးတယ်ဆိုဦးတော့ သူက ပြန်မကြည့်ရင် ဘာထူးမှာပါလဲနော်။ ပြန်ကြည့်တယ်ဆိုဦးတော့ ကိုယ်ကိုတိုင် မှတ်ထားတာမဟုတ်တဲ့အတွက် တချို့နေရာတွေမှာ ဘာကိုဆိုလိုချင်တယ်ဆိုလည်း နားလည်မှာ မဟုတ်တာ သေချာပါတယ်။
အဲဒီမတိုင်ခင်တော့ သူမ ခမျာ စာလည်းသင်ရသေး၊ စာအုပ်ထဲလည်း မှတ်ပေးရသေးနဲ့ အရှုပ်တွေလုပ်မိပါသေးတယ်။
သူမကိုယ်တိုင် ကွန်ပျူတာစသင်တုန်းကလည်း ဆရာမက စာအုပ်ထဲရေးမှတ်ပေးပါတယ်။ ဒါပေမယ့် သူမကတော့ အိမ်ရောက်တာနဲ့ သင်ခဲ့သမျှကို စိတ်နဲ့မှန်းပြီး စာအုပ်ထဲ ပုံလေးတွေဆွဲပြီး ပြန်ချရေးခဲ့တာပါ။ ဆရာမဆီက စာအုပ်ပြန်ရမှ ကိုယ်မှတ်ထားတဲ့စာတွေ ဟုတ်မဟုတ်ပြန်စစ်ခဲ့ဖူးတာပါပဲ။
ကုမ္ပဏီတစ်ခုမှာ အလုပ်လုပ်တုန်းကတော့ မန်နေဂျာက သူ့လက်အောက်က ကလေးတွေကို ရုံးစာရေးခိုင်းတိုင်း အကြောင်းအရာ၊ စာကိုယ်တွေကို အကြမ်းဖျဉ်းနှုတ်တိုက်ရေးမှတ်ခိုင်းခဲ့တာတောင် အဆင်မပြေလို့ဆိုပြီး သူမကို ငြီးတွားဖူးပါတယ်။ လက်ကွက်က မမြန်၊ စာစီတာကလည်း တလွဲဆိုတော့ အရမ်းအလျင်လိုနေတဲ့အလုပ်တွေဆိုရင် မန်နေဂျာဖြစ်ဖြစ်၊ သူမကဖြစ်ဖြစ် အစားလုပ်ပေးခဲ့ရတာများပါတယ်။ စာမစီတတ်ရခြင်းရဲ့ အကြောင်းကလည်း စာဖတ်အားနည်းလို့ဆိုပြီး မြင်မိတဲ့အပြင် သူတို့မလုပ်နိုင်လည်း နောက်ဆုံးတော့ ဝင်လုပ်ပေးမယ့်သူရှိနေတော့လည်း အလုပ်အပေါ်အားစိုက်မှု့ဆိုတာ နည်းသွားတာ ဖြစ်ပါလိမ့်မယ်။
ဂျီတော့သုံးတဲ့အချိန်တုန်းကဆိုရင် လာချက်တဲ့သူတွေတစ်ယောက်ယောက်ကများ စာလုံးပေါင်းတလွဲတွေနဲ့ပြောရင် စိတ်ထဲ ကသိကအောင့်ဖြစ်ရပါတယ်။ အတန်းပညာနိမ့်လို့ဆိုတာထက် စာမဖတ်တာကို ပိုမြင်မိပါတယ်။ နေကောင်းလားဆိုတဲ့ နှုတ်ဆက်စကားမှာတောင် “နေးကောင်လာ” ဆိုပြီး မေးတဲ့အခါကျရင် စိတ်တွေအရမ်းတိုလာြ့ပီး စာလုံးပေါင်းမှန်အောင်မပေါင်းနိုင်ရင် ငါ့ကိုလာမခေါ်နဲ့ဆိုပြီး ဘုပြောပြောခဲ့ဖူးပါသေးတယ်။ စာလုံးပေါင်းမှားနေတာသိရဲ့သားနဲ့ ဖတ်တဲ့သူနားလည်တာပဲဆိုပြီး မှားနေတာသိသိချည်းနဲ့ မပြင်တဲ့သူတွေလည်း ဒုနဲ့ဒေးပါပဲ။ သူမကိုယ်တိုင်လည်း တခါတလေမှားတတ်တယ်ဆိုပေမယ့် သိသိချည်းနဲ့ တလွဲတခါမှ မရေးခဲ့ မပြောခဲ့ဖူးပါဘူး။
ဖွဘုတ်ပေါ်မယ်တော့ မြန်မာစာမြန်မာစကား ဂရုစိုက်ပါဆိုပြီး ပြောနေတဲ့ တက္ကသိုလ်ဆရာများတောင်မှ သူတို့ရဲ့ ပါစင်နယ်ပို့စ်တွေမှာ အဲလိုမျိုးတွေရေးတတ်ကြပါသေးတယ်။
ဒေါက်တာတင့်ဆွေရဲ့ ပို့စ်တွေထဲဝင်ကြည့်လိုက်ရင်လည်း စာလုံးပေါင်းမှားနေတာကို ဆရာက ပြန်ထောက်ပြထားတာကို အပြစ်မြင်တဲ့သူတွေလည်း တွေ့နေရပါသေးတယ်။ ရောဂါတွေနဲ့ပတ်သက်ပြီး သိချင်တာရှိရင် မေးမြန်းဖို့ စည်းကမ်းချက်တွေ ခဏခဏတင်ပေးနေလည်း ဂရုမစိုက်တဲ့သူတွေ အတော်များနေပါသေးတယ်။ အလကားရသလောက်သိချင်နေပြီး သတ်မှတ်ထားတဲ့စည်းကမ်းလိုက်နာဖို့ ဝန်လေးနေကြတာလည်း စိတ်ပျက်စရာပါပဲ။
အလုပ်ရှာနေတဲ့သူတွေအတွက် တင်ထားတဲ့ Group မှာဆိုရင်လည်း ပရိုဖိုင် ဖိုတိုတွေ၊ ပို့စ်တွေ တစက်ကလေးမှ မရှိတဲ့သူတွေက အလုပ်ရှိတယ်။ ဖုန်းနံပါတ် ချန်ခဲ့ပါလို့ရေးထားတဲ့အခါမျိုးဆိုရင်လည်း မစဉ်းစားမဆင်ခြင်ကြဘဲနဲ့ ဖုန်းနံပါတ်တွေကို Public ပေါ်တင်နေကြတဲ့သူတွေလည်း အများသားပါပဲ။
နောက်ပြီးတော့ ဖွဘုတ်ပေါ် မခံချင်အောင်ပြောပြီး အဆဲတောင်းနေတဲ့ Fake Account တွေအောက်မှာလည်း ဝင်ဝင်ပြီး လူတတ်ကြီးလုပ်ပြီး ဆဲထားတဲ့သူတွေကတော့ သူတို့ကို တဖက်လူက လှောင်နေမှာကို မသိကြဘူးထင်ပါရဲ့။
တကယ်တမ်းအနှစ်ချုပ်လိုက်ရင်တော့ ပညာရေးစနစ်ကြောင့်မဟုတ်ဘဲ လူတွေရဲ့ ပင်ကိုယ် အတွေးအခေါ်တွေ၊ အရည်အသွေးတွေ အရင့်အရင်ကထက် အများကြီး နိမ့်ပါးနေတာကို အများကြီးတွေ့နေရမှာပါ။
တော်သေးပြီ။
(ရောက်တက်ရာရာလို့ ပြောထားတဲ့အတွက် ဒီမှာပဲနားတော့မယ်နော်။)
14 comments
ဂျစ်စိန်
May 20, 2016 at 11:59 pm
စာများများ ဖက်ကြဟေ့
ရွာထဲက ကျောင်ကျီး ဆိုတဲ့လူ စာပိုဖက်
နာတော့ မျက်ဆိမကောင်းလို့ ကာတွန်းပဲ ဖက်တယ်
ခင်ဇော်
May 23, 2016 at 6:23 am
ဟုတ်တယ်..
ဟုတ်တယ် …
မှန်လိုက်တာာာ လို့ ပြောချင်တယ်…
အကုန် ကွက်တိ အမြင်မတော်တာတွေချည်းးပဲ
?
Thint Aye Yeik
May 23, 2016 at 9:59 am
ကိုယ်ပြောချင်တာ တော်တော်များများကို ပြောပြသွားတဲ့ပိုစ့်ပဲ။
မှန်၏
တိန်
FB မှာ အမြင်မတော်ဆုံးက စာလုံးပေါင်းသတ်ပုံ မှားတာ။ ကွီးတို့ မွီးတို့က ထွင် ပြောတာတွေမို့ လက်ခံပေးလို့ရပေမဲ့ နဂိုရှိပြီးသား စံနှုံးတွေနဲ့ သတ်ပုံတွေကိုတော့ အရေး မမှားစေချင်။
သတ်ပုံမှန်အောင် မရေးနိုင်ခြင်းရဲ့ အကြောင်းအချက်တစ်ခုကတော့. . .
စာများများ မဖတ်ခြင်းပဲလို့ ထင်၏
Tawwin Pan
May 23, 2016 at 2:01 pm
ဟုတ်ပ! လောလောဆယ်တော့ ဖွေးဖွေးကို ကြိတ်မှန်းနေတဲ့လူကြီးရေးတဲ့စာတောင် အစနဲ့ အဆုံးဖတ်လိုက်၊ ပြီးမှ အလယ်ကနေ ဖောက်ဖတ်လိုက်လုပ်နေတာ……..
ဦးကြောင်ကြီး
May 23, 2016 at 1:09 pm
တော်ဝံပန်းကို (မင်းသား)ဇော်ခင်ကြမ်းသလို မော ်တင်ကမ်းမှာ ကြော ်ဝင်နမ်းလိုက်တယ်။။။
Tawwin Pan
May 23, 2016 at 2:03 pm
(မင်းသား)ဇော်ခင်ဆိုတာကို …ခင်ဇော်ဆိုပြီးမှားဖတ်နေတာ….မမကြီးခင်ဇော်နဲ့ ဘယ်တုန်းကမှ မနမ်းမိပါဘူးလို့……..ဟိဟိ
ဂျက်စပဲရိုး
May 24, 2016 at 10:07 am
အတည်အတံ့ ရေးတဲ့ ပို့စ်တွေမှာ စာလုံးပေါင်း လာမှားနေရင် ဘယ်လိုမှကို ဆက်ဖတ်ဖို့ ခံစားချက် မရှိတော့တာ။
ဖုန်းနဲ့ ရေးရလို့ စာလုံးပေါင်း မှားတယ် ဆိုတာကို လက်ခံနိုင်ပါတယ်။
သို့ငြားလဲ ဒီလောက် စဉ်းစားပြီး စာရိုက်ပြီးမှတော့ ကိုယ့် ကြိုးစားအားထုတ်မှုလေး ပြည့်စုံသွားအောင် စာလုံးပေါင်းလေးတော့ ပြန်စစ်သင့်တယ် ထင်မိတာပဲကော။
Tawwin Pan
May 24, 2016 at 10:19 am
မှားတာရှိရင်လည်း ထောက်ပြပါနော်။
ဂျက်စပဲရိုး
May 24, 2016 at 10:24 am
အဲ အမ ရေးတာကို ပြောတာ မဟုတ်ပါဘူးဗျ။
ဖဘ မှာ သူများတွေ ရေးတာ မြင်ရတာကို ပြောပါတယ်။ း)
Tawwin Pan
May 24, 2016 at 10:27 am
အဲ အမ ကြီးတော့ မသုံးပါနဲ့လားကွယ်။ အဲဒါမြင်ရင် ကိုယ့်ကိုကိုယ် တိရိစ္ဆာန်လိုလို ဘာလိုလိုမြင်မိတယ်။ ဂျီတော့ခေတ်တုန်းက အဲဒီအမနဲ့ တချိန်လုံး ရန်ဖြစ်လာတာ။
ခေါ်ချင်ရင် မမ လို့ ခေါ်……(ဟီးဟီး)
နောက်ပြီးတော့ ရေးတာတွေဖတ်မိတဲ့အထဲမှာများ စာလုံးပေါင်းမှားတာတွေ့ရင် လက်တို့ပါလို့ ပြောချင်တာပါ။
Kaung Kin Pyar
May 24, 2016 at 10:09 am
အတော်စုံစုံ ရေးထားတာပဲ…။ ခုရက်ပိုင်း တွေးမိနေတာတွေ တော်တော်များများပါတယ်….။
ဈေးရောင်းနေပြီး.. ကိုယ့်ပစ္စည်းဈေးနှုန်းကို CB လာမှပြောမယ်ဆိုတာတွေ အတော် ဒေါပွတာ…။ မြန်မာစာ စာလုံးပေါင်းတွေ မျိုးတုံးကုန်မှာလဲ စိတ်ပူတယ်….။ ကိုယ်တိုင်တောင် (ခုတောင် ကွကိုယ်တောင် နဲ့ ချတော့မလို့.. :k: ) တခါတခါ ယောင်ယောင်သွားတယ် ပြောပါတယ်…။
နောက်ပြီး အွန်လိုင်း လော်ဘီတွေ…..။ ဖြူတာမဲတာ.. နောက်ထား..၊ ကိုယ်နဲ့မတူ ကိုယ့်ရန်သူ ဆဲမယ်ဆိုတာချည်းပဲ….။
ကိုယ့်ထမင်းကိုယ်စားပြီး သူများအဆဲခံနေရတာတော့ မဟုတ်သေးလို့…ဒါမျိုးတော့… လက်ရှောင်တယ်…။
အဲ… နောက်ပြီး တော်ဝင်ပန်း ပြောဖို့ ကျန်ခဲ့တာတစ်ခုရှိသေးတယ်… :k:
ဟိုဟာဒီဟာတွေရှဲရင် ဟိုလိုဒီလိုတွေ ဖြစ်မယ်ဆိုတာမိုး…..
Tawwin Pan
May 24, 2016 at 10:21 am
ဆက်ရေးရင် စာက အရမ်းရှည်မှာစိုးလို့ ဖြတ်လိုက်တာ။ ကောင်းကင်ပြာ ပြောသွားတာတွေလည်းတွေ့ပါ့။
ပြောရရင် ပြောမဆုံးပေါင် တောသုံးတောင်ပါပဲ။
အရင်ကကျော်စွာဦးကြီးမိုက်
May 26, 2016 at 11:13 am
.Good points !!!
manawphyulay
June 1, 2016 at 1:24 pm
အမှန်တော့ ဖဘကို သိပ်မဝင်ဖြစ်ဘူး။ ဝင်ရင်လည်း ခုပြောတဲ့ဟာတွေပဲ တက်တက်နေတော့ ဘေကုန်တာပဲ အဖတ်တင်တယ်။ သတင်းကျပြန်တော့ မှန်မမှန် ချိန်နေတာနဲ့ မဖတ်တော့ပြန်ဘူး။ ခုလည်း ရောက်တက်ရာရာ ဖတ်ဖို့ ရောက်တုန်းပေါက်တုန်းလေး ဖတ်မှတ်လေ့လာသွားပြီး ဒီပွိုင့်တွေကို ကြေငြာတင်သူကော မေးမြန်းသူတွေကော မြင်တွေ့နိုင်ပါစေနော်…