မြေပဲယိုလေး တကိုက်နှစ်ကိုက် (၄) – Volunteer လုပ်အားပေး
မြေပဲ ကျွန်း ထိုင်ဝမ်မှာ ဘယ်တွေ ရောက်ခဲ့လဲ လို့ မေးရင် ဆေးရုံတွေ ရောက်ခဲ့ပါတယ်လို့ ဖြေရပါမယ်။
Dalin Tsu Chi Buddhist Hospital
Havo Medical Center
Shin Kong Memorial Hospital
West Garden Hospital
Far Eastern Hospital
နာမည်မှတ်မရတာ ကျန်ဦးမယ်ထင်ပါရဲ့။
ရောက်တဲ့ ဆေးရုံမှာ ဆေးဘယ်လိုကုတယ်ဆိုတာတော့ အရည်ပျော်ဦးနှောက်က စိတ်မဝင်စားဘဲ Volunteers လို့ နာမည်ထိုးပေးထားတဲ့ waist coat တွေ ဝတ်ထားတဲ့ သက်ကြီးပိုင်းတွေကို လိုက်ကြည့်နေမိပါတယ်။
အဲဒီ Volunteer တွေက လူနာတွေကို စာရင်းသွင်းပေးတာ၊ သွေးဖောက်ဖို့ လမ်းညွှန်ပေးတာ၊ သွေးပေါင်ချိန်စက်နဲ့ သွေးပေါင်ချိန်ပြီး မှတ်တမ်းစာရွက်လေး ထုတ်ပေးတာ၊မသွားတတ်တဲ့ နေရာကို မေးရင် လိုက်ပို့တာတွေ လုပ်ပေးနေကြပါတယ်။
ခရစ်ယာန်ဆေးရုံ တခုမှာတော့ အဲသလို Volunteer တွေ အပြင် OPD မှာ စောင့်ဆိုင်းနေရတဲ့ လူနာတွေကို ဓမ္မတေး ဆိုပြတဲ့ အဖွဲ့ပါတွေ့ခဲ့ပါတယ်။
ငယ်ငယ်ရွယ်ရွယ်တွေတော့ မဟုတ်ပါဘူး။ တယောက်ဆို လူမမာနဲ့တောင် တူနေပါသေးတယ်။
သီချင်းဆိုပြတာ ကြားရတော့ လူနာနဲ့ အဖော်တွေ စိတ်ထဲက အပူ နည်းနည်း လျော့သွားတာပေါ့။
လမ်းပေါ်မှာလည်း ယာဉ်အသွားအလာ ကြပ်တဲ့ အချိန် လမ်းလယ်မှာ လမ်းပြပေးနေတဲ့ အမျိုးသမီး က မော်တော်ပီကယ် မဟုတ်ဘဲ Volunteer Waist Coat ဝတ်ထားတာ တွေ့ပြန်ရော။
(ဓာတ်ပုံတော့ မှတ်တမ်း မတင်လိုက်နိုင်ခဲ့ပါ)
ဒီလို လုပ်အားပေးခွင့်ရဖို့ လျှောက်လွှာတင်ထားရတယ်လို့ သိရပါတယ်။
လုပ်အားပေးတွေကို လစာမပေးပါဘူး။ဒါပေမယ့် အခွင့်အရေး တချို့တော့ ရတယ် ပြောပါတယ်။
ဆေးရုံ တရုံဆို သူ့ရဲ့ လုပ်အားပေးတွေကို အိမ်ခန်းပေးထားပါတယ်တဲ့။
လုပ်အားပေးတာလည်း သူလုပ်မယ့် အလုပ်ကို သေချာ သင်ယူထားရပါတယ်။
ပြီးပြီးရော လုပ်လို့မရပါ။
တခါတုံးက Statistic သင်တန်းတခုမှာ ဂျပန်ဆရာက ဂျပန်မှာ Census ခေါ်တဲ့ သန်းခေါင်စာရင်းကို ပင်စင်စားတွေက လုပ်အားပေးလိုက်ကောက်ပေးကြောင်း ရှင်းပြပါတယ်။
ရွှေပြည်ကြီးမှာလည်း တခါတရံ ကိုယ့်ရပ်ကွက်ထဲ လမ်းသွယ်က အထွက် ကားကြပ်နေတဲ့အခါ ရပ်ကွက်ထဲ နေသူတွေက ထွက်ပြီး လမ်းရှင်းပေးရင်း ပြေလည်သွားတာ တွေ့ဖူးပါတယ်။
ကားလမ်းကူရှင်းပေးတဲ့ ဆိုက်ကားသမား တယောက် အကြောင်းလည်း ဖတ်ဖူးကြမှာပါ။
ရွှေပြည်ကြီးမှာ တကယ်တော့ အားနေတဲ့ လူတွေ အတော်များပါတယ်။ မယုံရင် လက်ဖက်ရည်ဆိုင်မှာ weekdays အလုပ်လုပ်ချိန် မနက် ၈နာရီ ၉နာရီ ၁ဝနာရီ စောင့်ကြည့်ကြရင် အဲဒိအချိန်ထိ လက်ဖက်ရည်သောက် လေမုန်တိုင်းထန်နေတဲ့ သူတွေ တွေ့မှာပါ။
ညနေစောင်းကျတော့ အဝါရည် ဘာယီနဲ့ ယောကျင်္ားလေးသုံး ရေမွှေး (Credit to Sai Kwan Khay )ဆွတ်ကြရင်း လေထန်ကုန်းရောက်ကြပြန်ရော။
တချို့ကတော့ တလမှာ တခါလောက် မိတဲ့ ခွင်ကို အကြောင်းပြပြီး ကားပွဲစားလိုလို မြေပွဲစားလိုလို အိမ်ပွဲစားလိုလို ကိုယ့်ကိုကိုယ် နဲ့ ကိုယ့်မိသားစုကို အလုပ်လုပ်တယ်လို့ ညာကြပါတယ်။
ဒီအလုပ်တွေကလည်း ငွေကြေး ဖောင်းပွနေတဲ့ ခေတ်မှာတော့ ဘာဝယ်ဝယ် မြတ်တယ်ဆိုတော့ ဟုတ်သယောင်ယောင်ပါပဲ။
ငွေမဖောင်းပွလို့ လက်ပြောင်းလက်လွှဲနှေးသွားတဲ့အခါ အလုပ်မကောင်းဘူးလို့ ညည်းရတဲ့ ခေတ်ရောက်လာပါတော့မယ်။
အမျိုးသမီးတွေလည်း ထို့အတူပါပဲ။ မလိုအပ်ပဲ ကလေးကျောင်းရှေ့ သွားထိုင်စောင့်နေကြတဲ့ ကလေးအမေတွေ အများကြီးပါပဲ။
ဒီလို အားနေတဲ့ လုပ်အားတွေ အချိန်တွေကို ယူသုံးနိုင်ရင် ဘယ်လောက် ကောင်းလိုက်လေမလဲ။
တကယ့် ဝန်ထမ်းတွေလို တာဝန်အကြီးကြီး တာဝန်ချိန် အများကြီး မပေးဘဲ
တာဝန်ပေါ့ပေါ့ တမျိုး နှစ်မျိုးကို သေချာသင်ပေးရင် လုပ်ပေးနိုင်ကြမှာပါ။
ဆိုရှယ်လစ်ခေတ်က ဆယ်တန်းအောင်ရင် ရုံးတွေ ကျောင်းတွေမှာ လုပ်အားပေးရပါတယ်။
ဒီလို လုပ်ခြင်းအားဖြင့် လုပ်ငန်း အတွေ့အကြုံ ရလို့ တမျိုးကောင်းပါတယ်။
နိုင်ငံခြားကျောင်းတွေမှာ လုပ်အားပေးဖူးတဲ့ အတွေ့အကြုံရှိမှ ကျောင်းစာမေးပွဲအတွက်/ သူတို့ နိုင်ငံမှာ အမြဲနေထိုင်ခွင့်ရသူ (Permanent Rsidence) ဖြစ်ဖို့ အတွက် အထောက်အကူပေးပါတယ်။
ရန်ကုန်မှာ ထိုင်ဝမ် မဟာယနသီလရှင်ကြီး တည်ထောင်တဲ့ Tsu Chi Foundation က သူတို့ ဘာသာတွက် စည်းရုံးရင်း မရှိဆင်းရဲသားတွေကို ကူညီတဲ့ အလုပ်တွေ လုပ်ရာမှာ Volunteer တွေဟာ ကိုယ့်ယူနီဖောင်း ကိုယ်ဝယ်၊ကိုယ့်စရိတ် ကိုယ်စားပြီး သွားကူနေကြပါတယ်။သူတို့ကြည့်ရင် တက်ကြွနေတာပါပဲ။
နာရေးကူညီမှု အသင်းသားတွေဆိုလည်း Volunteers စစ်စစ်တွေပါ။
လူတွေဟာ ကိုယ့်ရဲ့ အရေးပါအရာရောက်မှုကြောင်း ဖော်ထုတ်ပေးနိုင်တဲ့ အလုပ်ကို ငွေကြေးထက် ပိုခုံမင်တတ်ကြပါတယ်။
Volunteer လုပ်အားပေးဆိုတာ တဒေါင့်တနေရာကနေ အရေးပါနေတဲ့ ခွေးသွားစိတ်လေးတွေပါပဲ။
အလကား ခိုင်းလို့ မရလောက်သေးရင်လည်း
အခမဲ့ ယာဉ်စီးခွင့် ၊အခမဲ့ ဆေးကုသခွင့် လိုမျိုး ပေးပြီး လုပ်အားပေးခိုင်းရင် ရနိုင်ပါတယ်။
အစိုးရသစ်မှာ အရင်က မလိုက်နာခဲ့ကြတဲ့ ဥပဒေ၊နည်းဥပဒေတွေကို အကောင်အထည်ဖော်ဖို့ လူအင်အားလိုနေပါတယ်။
ဥပမာ -ကွမ်းတံတွေးထွေးရင် ဒဏ်ငွေ၊ အမှိုက်ပစ်ရင် ဒဏ်ငွေ ဆိုတာကို ကွမ်းတံတွေးမထွေးအောင်၊ထွေးရင် မိအောင် စောင့်ကြည့်ဖို့ ၊အမှိုက်မပစ်အောင် ၊ပစ်ရင် မိအောင် စောင့်ကြည့်ဖို့ ဆိုတာမျိုးတွေမှာ လုပ်အားပေးတွေ လိုနေပါတယ်။
ဆေးရုံတွေမှာလည်း ပြည့်ကြပ်နေတဲ့ လူနာတွေကိစ္စဖြေရှင်းဖို့ လုပ်အားပေးလိုမှာပါ။
ဥပမာ-ဆီးချို သမားဆိုရင် ဘာတွေ ရှောင် ဘာတွေ ဆောင်ရမယ် ဆိုတာ ရှင်းပြဖို့ တမျိုးထဲ သေချာသင်ပေးပြီး ဆီးချို လူနာကို ရှင်းပြတာမျိုး၊
သွေးတိုးလူနာတွက်ဆို သီးသန့် တမျိုးပဲ သင်ထားပေးတာမျိုး ကိုလည်း Volunteer ခေါ်ပြီး လုပ်သင့်ပါတယ်။
ကိုယ့်ရဲ့ အချိန်တွေကို အလဟဿ မကုန်စေဘဲ အများတွက် အကျိုးရှိမယ့် အလုပ်မှာ လုပ်အား မျှဝေပေးမယ့် Volunteer လုပ်အားပေးတွေ များများပေါ်လာရင် ရွှေပြည်တော်ကြီး နီးလာပါတော့မယ်။
7 comments
ဂျစ်စူ
June 3, 2016 at 10:00 am
အကောင်ထည် ဖော်ဖြစ်ရင်တော့
မြန်ပြည်တလွှား ဘိုလန်တီယား များ
အားရဖွယ် ပေါ်ထွန်းလာကြမယ်လို့
ယုံကြည်လရက်ပါ ဒွီးဒုံ..အဲ ဒေါ်ရီးဒုံ
Thint Aye Yeik
June 3, 2016 at 10:46 am
.တို့ရွှေပြည်ကြီး အခုထက် ပိုကောင်းလာဖို့…
တို့ တတ်နိုင်စွမ်းသမျှ ပူးပေါင်း ပါဝင်ချင်စိတ်တော့ ရှိပါတယ်။
အခုလို ပြည်ပ ထွက်ခွင့် ရသူတွေ..ပြည်ပမှာ ရှိနေသူတွေရဲ့ အကြံဉာဏ်တွေ အမြင်တွေကို အခုလို မျှဝေပြီး
ပိုကောင်းဖို့ လမ်းစတွေ အဆက်မပြတ် ရှာနေ လုပ်နေရမယ်ပဲ…ထင့်…
———————————–
စကားမစပ် သူကြီးရဲ့ သတင်းစာကိုတောင် ဗမာပြည်ထဲ လာထုတ်တဲ့အခါ…
အမေရိကားရောက် မြန်မာ-အမေရိကန်တွေ ၊ အမေရိကန်ပညာရှင်တွေရဲ့ ဗမာပြည်ကို ပေးချင်တဲ့ မက်ဆေ့တွေ ထည့်သွင်းဖော်ပြစေချင်တာ…။
အမေရိကားမှာဆို…ဘယ်လို ဘယ်ချမ်းသာ ဆိုတဲ့ ရုပ်ပိုင်းဆိုင်ရာအပြင် စိတ်ပိုင်းဆိုင်ရာ သတင်းအချက်အလက်တွေကို အဆက်မပြတ်ထည့်ပေးတဲ့ သတင်းစာတစ်စောင် တောင် ဖြစ်စေချင်သေး။
ဘာလို့လဲဆိုတော့… ကျနော်တို့… တော်တော် နောက်ကျနေလို့…
ခင်ဇော်
June 3, 2016 at 2:38 pm
Volunteer လုပ်ဖို့ဆိုတာ အချိန်ပိုရှိဖို့မလို
စေတနာ ပိုပိုသာသာရှိဖို့ပဲလိုပါသည်
:k:
uncle gyi
June 3, 2016 at 3:54 pm
အစိုးရရဲ့စည်းကမ်းထိမ်းသိမ်းရေး
ဥပမာ ကွမ်းတံတွေး
လိုမ ျိုးမှာ၆ဝကေ ျာ်ပင်စင်စားတွေကိုတရားဝင်အဖွဲ့တခုဖွဲ့ပေးပြီးပါဝင်လာအောင်လုပ်နိုင်ရင်
တတပ်တအားဖြစ်မလားလို့
လစာအနေနဲ့တရားဝင်မသတ်မှတ်ပဲစေတနာ့ဝမ်ထမ်းလုပ်အားပေး
ဒါပေမဲ့သူတို့အတွက်အခြားအခွင့်အရေးမ ျားပြန်သတ်မှတ်ပေး
ဥပမာ ဒါဏ်ငွေရဲ့ဘယ်နှရာခိုင်နှုံဆုကြေးပြန်ပေးခြင်း
ရထားကားစီးရင်အခမဲ့ဒါမှမဟုတ်၅ဝရာနှုံးလေ ျာ ့ပေးခေ ျခွင့်ပြုခြင်း
ဖုူလုံရေးမှာအခမဲ့ဆေးကုသပေးခြင်း
အောင် မိုးသူ
June 10, 2016 at 9:15 am
ကလေးတွေချစ်တာ ချစ်တာပေါ။ မလိုအပ်ပဲ ကျောင်းရှေ့ သည်းသည်းလှုပ်နေတဲ့ မိဘတွေကို ကြည့်မရတာတော့ အမှန်ပဲ။
လုံမလေးမွန်မွန်
June 10, 2016 at 11:12 am
လူတွေ ဘယ်လောက်အားနေလဲ သိချင်ရင် လက်ဖက်ရည်ဆိုင်သွားကြည့်တာက ပင်ပန်းနေသေးတယ်.. ဖဘပေါ်သာ တက်ကြည့်.. :k:
သျှားသက်မာန်
May 24, 2017 at 3:33 pm
နိုင်ငံခြားသွားလေလေ ကိုယ့်နိုင်ငံထက်သာတာတွေတွေ့ရလေလေပါပဲ….