မြေပဲယိုလေး တကိုက်နှစ်ကိုက် (၆) – မသန်စွမ်းအခွင့်အရေး Disablity Rights
ကျမတို့ ရွှေပြည်ကြီးက ရွှေမြန်မာတွေ သုံးနေကျ စကားပုံ တခုရှိပါတယ်။ အကျိုးဆော့ အကန်းမော့တဲ့။ ခြေထောက်ကျိုး/မသန် တဲ့သူ ဆော့ရင် အပြစ်ပါတဲ့။ မျက်စိမမြင်တဲ့သူကန်းတဲ့သူ မော့တော့တော့ လမ်းလျှောက်ရင် အပြစ်ကြီးပါတဲ့။
တကယ်လည်း အပြင်မှာ ခြေလက်မသန်တဲ့သူတွေ မျက်မမြင်တွေဆိုရင် လူတန်းစားတရပ်လို သဘောထားကြပါတယ်။
အသနားခံ၊အပယ်ခံ၊လူတောမတိုးနိုင်တဲ့သူတွေလို့ သတ်မှတ်ကြပါတယ်။
မျက်မမြင်တွေ အတွက် မျက်မမြင်ကျောင်း ၂ကျောင်း (သမိုင်းခဝဲခြံနဲ့ ကြည့်မြင်တိုင်ပန်းပင်ကြီးလမ်း) က အသက်မွေးဝမ်းကျောင်းသင်ပေးရုံပါပဲ။
ဆွံ့အနားမကြားသူတွေအတွက် မေရီချက်ပမင်ကျောင်း ၁ကျောင်းပဲ ကြားဖူးပါတယ်။
ခြေလက်မသန်စွမ်းသူတွေအတွက် သမိုင်း မသန်စွမ်းဆေးရုံ နဲ့ မင်းဓမ္မလမ်းထဲမှာ ဂျပန်က လာဖွင့်ထားတဲ့ မသန်စွမ်း သက်မွေးသင်တန်းပဲ တွေ့ဖူးပါတယ်။
ရွှေမင်းသားဖောင်ဒေးရှင်းက ကူညီထောက်ပံ့ထားတဲ့ ထီလှည်းလေးတွေဆိုလည်း တခါတရံမှ တွေ့ရတတ်တာပါ။
မျက်မမြင်တွေတွက်လည်း တနှစ်မှ တခါ မျက်မမြင်လမ်းလျှောက်ပွဲ လုပ်ပေးလိုက်ပြီးရင် တနှစ်လုံး မေ့ထားခံကြရပါတယ်။
မျက်မမြင်တွေ လမ်းပေါ်တွေ့ရချိန်ကတော့ ခရစ်စမတ်နားနီးရင် မယ်ဒလင်လေး ဂစ်တာလေး တလက်လောက်နဲ့ သီချင်းလိုက်ဆို တောင်းတဲ့ အဖွဲ့တွေ လောက်ပါပဲ။
တကယ်တော့ သူတို့လည်း လူတွေပါ။ သူတို့မှာလည်း အစွမ်းအစရှိပါတယ်။ သူတို့ကိုလည်း လူကြားထဲ သွားလာလှုပ်ရှားနိုင်အောင် စီမံပေးထားရပါမယ်။
ထိုင်ဝမ် မြေပဲကျွန်းမှာတော့ လမ်းမနဲ့ ပလက်ဖောင်း အတက်အဆင်းတိုင်းမှာ Wheel Chair နဲ့ တက်ဆင်းလို့ ရအောင် လျှောလမ်း ပြေပြေလေး လုပ်ပေးထားပါတယ်။(တိုးတက်တဲ့ နိုင်ငံတိုင်းမှာ ရှိပါတယ်)

(ရန်ကုန်မြို့မှာ တမြို့လုံး ပလက်ဖောင်းတွေ ပြန်ခင်းတော့ လူကြီးမင်းများက Wheel chair လမ်းလေးတွေများ လုပ်ပေးလေမလား မျှော်လင့်မိခဲ့ပါတယ်၊ ပလက်ဖောင်းဘောင် မြင့်မြင့်ပဲ ထားတဲ့နေရာကထား၊ လျှောလမ်း ထည့်လည်း အလုပ်သမားတွေက နားမလည်တော့ မတ်စောက်စောက် ခပ်ကျဉ်းကျဉ်းတွေက များပါတယ်)
လျှောလမ်းလေးတွေဟာ Wheel chair သမားသာမက အသက်ကြီးတဲ့ ဖိုးဖိုးဖွားဖွားတွေ အတွက်လည်း အလွန်အသုံးတဲ့ပါတယ်။
ဇီးသီးဗန်း မှောက်ပြီးတာ မတတ်နိုင်ပေမယ့် နောင် စီမံချက်တွေများ ရှိရင် ထည့်စဉ်းစားပေးကြစေချင်ပါတယ်။ပလက်ဖောင်း တခုခင်းတာမှာ အတက်အဆင်း လျှောလမ်းလေး ထည့်ပေးရတာ ပိုမကုန်ပါဘူး။

Wheel Chair တက်ဆင်းလို့ရတဲ့ ဘတ်စကားတွေကတော့ မမျှော်ရဲသေးပါဘူး။တနေ့နေ့တော့ ဖြစ်လာမှာပေါ့။
သူတို့တိုင်းပြည်တွေမှာ မသန်စွမ်းသူတွေဟာ ဦးစားပေးအဆင့်ပါ။
ကားရပ်တဲ့ Parking တွေမှာလည်း Wheel Chair ပုံဆွဲထားတဲ့ နေရာ လူကောင်းတွေ စီးတဲ့ကား ရပ်ခွင့် မရှိပါဘူး။
ဓာတ်လှေခါးတွေမှာ မသန်စွမ်းသူကို ဦးစားပေးပါ လို့ ရေးထားပါတယ်။
လေယာဉ်ပေါ် တက်/ဆင်းရင် မသန်စွမ်း၊အသက်ကြီးသူ၊ကလေးအမေ၊ကိုယ်ဝန်သည် တွေကို ဦးဆုံး တက်/ဆင်း စေပါတယ်။
မော်တာ Wheel chair လေးတွေနဲ့ ကိုယ့်အားကိုယ်ကိုး သွားလာနေကြတာလည်း အများအပြားပါပဲ။
မျျက်မမြင်တွေလည်း အများနည်းတူ သွားလာနိုင်အောင် ပလက်ဖောင်းတလျှောက်မှာ မျက်မမြင်တုတ်ထောက်ပြီး သွားလို့ရတဲ့ လမ်းကြောင်းလေး တောက်လျှောက်လုပ်ပေးထားပါတယ်။ အဝါရောင် အထစ်အထစ်တွေပါတဲ့ ကြွေပြားကပ်ထားတဲ့ လမ်းပါ။
မျက်မမြင်တွေ သူများ အားမကိုးပဲ တုတ်တချောင်းနဲ့ ဘဏ်သွားမယ်၊ကျောင်းသွားမယ်၊ဆေးရုံသွားမယ် ၊အားလုံး လူကောင်းလို လုပ်နိုင်ပါတယ်။
သူတို့ကို သနားတယ်ပြောရုံနဲ့ ကူညီရာ မရောက်ပါဘူး။

မျက်မမြင်တွေ သူများ အားမကိုးပဲ တုတ်တချောင်းနဲ့ ဘဏ်သွားမယ်၊ကျောင်းသွားမယ်၊ဆေးရုံသွားမယ် ၊အားလုံး လူကောင်းလို လုပ်နိုင်ပါတယ်။
သူတို့ကို လူကောင်းလို သဘောထားပြီး သူတို့ လုပ်အားကို အသုံးချနိုင်ရင် တိုင်းပြည်တွက်လည်း တတပ်တအားပါပဲ။
မသန်သော်လည်း စွမ်းသူတွေ များလာဖို့ တန်းတူရည်တူ သဘောထား ပေးကြပါစို့။
8 comments
ခင်ဇော်
June 6, 2016 at 12:06 pm
မှန်ပါရဲ့ တီဒုံရေ။
မန့်ဖူးတာလေးပဲ ပြန်မန့်ပါရစေ။
~~~~~~~~~~~~~~
:k:
kai
June 6, 2016 at 12:36 pm
သန်ပြီး ရိုက်စား.. ချူစား…လုပ်နေသူတွေရှိနေသ၍ .. မရရေးချ… မရ..။
ဟုတ်ပါ့..
သူတို့ကို ပြောတာ..။ :k:
ဂျစ်စူ
June 6, 2016 at 7:58 pm
ဒီမှာတော့ လိုပါသေးတယ် ဒေါ်ရီးရာ
Thint Aye Yeik
June 7, 2016 at 11:36 am
သူများ နိုင်ငံတွေများ… ထောင့်ပေါင်းစုံ ဘက်ပေါင်းစုံကနေ..ပြည်သူပေါင်းစုံအတွက်…ထည့်စဉ်းစားပေးခဲ့တဲ့
အုပ်ချုပ် စီမံသူတွေနဲ့….
တို့များနိုင်ငံမှာတော့… ကိုယ့်ဖို့သာ ကိုယ်ကြည့်ပြီး..ကိုယ်စားလို့ဝမှ…ပြည်သူကို အရိုးဘေးက အကပ်အသပ်အသားစလေးတွေ ချကျွေးတတ်တဲ့ အုပ်ချုပ်သူတွေနဲ့… နှစ်ပေါင်းများစွာ…နေခဲ့ရ…
.နောက်ပိုင်းတော့…တဖြည်းဖြည်း…ကောင်းလာလိမ့်မယ် ထင်ပါရဲ့လေ…
အခုက ပြောင်းလဲချိန် တန်ပြီ…လို့ ကြွေးကြော်နေတဲ့ အုပ်ချုပ်သူတွေခေတ် ရောက်နေပြီကိုး…
.မျှော်လင့်ရတာပဲ…
အရင်ကကျော်စွာဦးကြီးမိုက်
June 7, 2016 at 4:14 pm
ထောက်ပြပေးတဲ့ပို့စ်လေးအတွက်..ဗရာဗိုပါဗျို့…မသန်စွမ်းသူများအတွက်နေနေသာသာ..
သန်သန်စွမ်းစွမ်းလူတွေတောင်
.ရန်ကုန်မှာအန္တရာယ်ကင်းကင်းသွားလာနိုင်ဖို့မလွယ်သေးဘူးဗျာ…မိုးတွင်းဆိုပိုဆိုးပေါ့..
အသက်အန္တရာယ်တောင်ရှိပါ့…တစ်နေ့တော့ဖြစ်လာမှာပါ…
လုံမလေးမွန်မွန်
June 10, 2016 at 11:15 am
လူကို လူလို့သဘောမထားတဲ့ နိုင်ငံမှာ မသန်စွမ်းလာဖြစ်ရတဲ့ သူတို့တွေ ဝဋ်ကြီးလိုက်တာလို့.. 🙂
uncle gyi
June 12, 2016 at 10:26 am
ဒီမှာကပလက်ဖောင်းကိုက ျူးစေ ျးသည်တွေကအပိုင်စီးထားတာ
သူတို့ကိုနှင်ရင်လဲမသန်စွမ်းတွေထက်သူတို့ကပိုသနားစရာကောင်းအောင်ပြောအုန်းမှာ
Shar Thet Man
May 10, 2018 at 1:14 pm
ဟုတ်တယ်ခုဆိုရန်ကုန်မှာ မိုးတွင်းဆိုလမ်းတွေရေမြုပ်လို့ဆိုပြီး ပလက်ဖောင်းတွေအမြင့်ကြီုးလုပ်ထားလေရဲ့ တစ်ခါတစ်ခါတက်မယ်
ဆို မနည်းအားယူပြီးတက်ရတယ်။ ကိုယ်တွေလူငယ်တွေတောင်အားယူရရင် လူကြီးတွေဆိုဘယ်လိုများအဆင်းအတက်လုပ်ကြမလဲ။ သူတို့လို အဆင်းဆိုခပ်ပြေပြေလုပ်ထားရင် ဘာဖြစ်သွားမှာမို့လဲ။ မျက်မမြင်
သမားတွေလည်းဘယ်လိုကုန်းကွပြီးတက်နေရှာလည်းမသိတော့ဘူး။