ဝက်စာ ……
ယခုတလောမယ် ကမ႓ာ့စီးပွါးရေးသတင်း နိုင်ငံရေးသတင်းတွေပဲ ဦးကျောက်ခဲလည်း လိုက်ဖတ်နေမိတယ် ။ သိတဲ့အတိုင်း ရေနံဈေးတွေကကျ ၊ EU ကနေ ဗြိတိန် ခွဲထွက်တဲ့ Brexit ကလည်း တစခန်း ၊ စတော့ခ်ဈေးကွက်ကလည်း နာလန်မထူနိုင် ၊ အစွန်းရောက်အကြမ်းဖက်တွေကတမှောင့်ဆိုတော့ ကမ႓ာ့စီးပွါးပျက်ကပ်ကို ဦးတည်နေပြီလားထင်ရပါတယ် ။ အာရှနိုင်ငံတွေက ဗေထိဆို စကွဲတာမို့ “အာရှကျား” ဟောင်ကောင်တို့ စင်္ကာပူတို့လည်း ၁၉၉၈ ကလို နောက်ထပ်မခံရလေအောင် သူတို့နိုင်ငံက စီးပွါးရေးပညာရှင်တွေက ရေတိုရေရှည် စီးပွါးရေးစီမံကိန်းတွေချကြပါတယ် ။ အဓိက ကတော့ နိုင်ငံတကာဇာတ်ခုံပေါ် ဝင်မကပဲ ကိုယ့်နိုင်ငံစီးပွါးရေး တည်ငြိမ်ရေးကိုပဲ အာရုံစိုက်လာတာပါ ။ စီးပွါးရေးဂယက်က ဘယ်လောက်သက်ရောက်လဲဆိုရင် မြန်တျန့်မှာတောင် ထင်မထားတဲ့သူတွေက အလိမ်ဇယားနဲ့ ကျော်ခွပြေးလို့ ကျန်ရစ်ခဲ့သူတွေမှာ စီးပွါးတွေပျက် ၊ ကျော်မကောင်း ကြားမကောင်း ရာဇဝတ်မှုတွေဖြစ်လာတာ သတိထားမိပါရဲ့ ။ ရွာသူရွာသားများ ငွေကြေးနဲ့ပတ်သက်လာရင် အယုံမလွယ်ကြဖို့ သတိပေးချင်တာပါပဲ ။ နောက်ပြီး အသုံး အဖြုန်းနဲ့ အကြွားအဝါကို တတ်နိုင်သလောက် ဆင်ချင်ဖို့ အကြံပြုပါရစေ ။
ဒီအရေးမှာ ဦးကျောက်ခဲလည်းမနေသာ ၊ မိသားစုရှိလာပြီမို့ မဖြစ်မနေ ဘတ်ဂျက်ပလန်ဆွဲရတာပေါ့ဗျာ ၊ အိုမင်းလာတဲ့ နှစ်ဘက်မိဘတွေအတွက်ပါမကျန်ပေါ့ ။ ရှေးလူကြီးတွေဆိုရိုး “ဥစ္စာဖြို စားဖိုက” ဆိုတဲ့စကားအတိုင်း မကုန်သင့်တာမကုန် အလေအလွင့်မရှိအောင် စားဖိုဆောင်ကနေ စီမံကိန်း စရတာပါ ။ ဟုတ်တယ်လေ …. စားလို့ကုန်တာ ကိစ္စမရှိ ၊ မကုန်နိုင် မခမ်းနိုင်ချက်ပြီး “ဝဲ” လိုက်ရတာကို အလွန် နှမြောပါ၏ ။ ဦးကျောက်ခဲ ဘော်ဒါတွေနဲ့ ဆိုင်ထိုင်မိရင် အကြောင်းသိ ငယ်သူငယ်ချင်းတွေက “ဟေ့ကောင်တွေ စွတ်မမှာနဲ့ ၊ မကုန်လို့ ကျန်တာကို မောင်ကျောက် ပါဆယ်ဆွဲရင် မင်းတို့ငါတို့ ဂျောက်ဂျက်ကွဲမယ်” တဲ့ ။ ဒီမောင်တွေများခက်ပါ့ … ကိုယ့်ပိုက်ပိုက်ပေးပြီး ဝယ်စားတာ ၊ မကုန်လို့ပြန်သယ်တာကို ရှက်စရာလို့ထင်၏ …. အံ့ကျော်ပဲ ။ (အံ့ကျော် = အံ့ဩဘွယ် ၊ ဝဲလိုက် = လွှင့်ပစ်)
စကားစပ်မိလို့ပြောရရင် ဦးကျောက်ခဲရဲ့ မွေးသမိခင်လည်း အများကြီးချက် ကုန်အောင် နေ့/ညစာ ဆက်တိုက်စား ၊ ဒါမှမဟန်တော့ရင် စေတနာသုံးတန် ပြဋ္ဌာန်းပြီး လမ်းဘေးခွေးတွေကို အလှုပေးလိုက်တာပါပဲ ။ ဦးကျောက်ခဲဝါဒနဲ့မညီသော်လည်း အတိုက်အခံ ခွန်းတုန့်မပြန်ချင်တာမို့ လူပြိုဘဝက ရွာပြန်ရင် စားဖိုဆောင်ဝင် ကိုယ့်ဟာကိုယ် တအိမ်လုံးစာချက်လိုက်ရတာ များပါတယ် ။ မိဘအိမ်က မိသားစုစားပုံက ရိုးရှင်းပါတယ် ၊ မွေးသဖခင်က ဘာလာလာဒေါင်းပေမည့် ၊ ကျန်မိသားစုဝင်တွေက ကြက် ဘဲ ဝက် ဆိတ် ငါးကလွဲရင်မစားပါဘူး ။ မွေးသမိခင်ဆို ပိုတောင် ဇီဇာကြောင်ပါသေးတယ် ၊ ပဲ အာလူး ဘဲဥ ကြက်ဥဆိုရင် ဒီအတိုင်းစားတာကလွဲလို့ ဟင်းချက်ပေးရင် နှာခေါင်းရှုံ့ပြီး မစားတော့ပါဘူး ။ သူက ပါနာတိပါတာမပါရင် ဟာတိဟာတာဖြစ်တဲ့ အစာအိမ်ပိုင်ရှင်လေ ။
ကုသိုလ်ကံ အခြေမလှတဲ့ ဦးကျောက်ခဲကတော့ အသက်တောင် ၂၀-မကျော်သေး ၊ ငယ်နုစဉ်လူပျိုဘဝမှာ ကိုယ်မကျူးလွန်တဲ့ အမှုအတွက် အိမ်ပေါ်က ကန်ချခံခဲ့ရတာမို့ “ငါ့ဝမ်းပူဆာ မနေသာ” လို့ ခွေးသားကလွဲရင် အကုန်ကြိတ်ပါ၏ (စကားချပ် ၊ ခွေးသားစားသူကို ခွေးတွေကသိတယ်ခင်ဗျ ၊ အနားမကပ်ပဲ ထိုးဟောင်တာ) ။ မဖုံးကွယ်စတမ်းပြောရရင် ကီလီဘောတံတား (ယခု ဝါးတန်းဆိပ်ကမ်း) မှာ တဘက်ကမ်း “အေးရွာ” က ခံတောင်းရွက်ပြီး လာရောင်းတဲ့ ၄-ကျပ်တန် (ခိုးပေါ်ထားတဲ့ အမဲသား ဝက်သား အတိုအစ အရွတ်တွေကို ဟင်းရည်များများနဲ့ ချက်ထားတာ) ထမင်းကို ကုန်ထမ်းသမားတွေနဲ့ တိုးဝှေ့ပြီး ဝယ်စားဖူးသလို ၊ အခြေအနေမကောင်းရင် အကြော်သည်ဆီက အကြေလက်ကျန် ငါးမူးဖိုးလောက်နဲ့ ထမင်းကြမ်းခဲစားပြီး အဆောင်မှာ ရေသောက်ဗိုက်မှောက်ဖူးသူမို့ အစားအစာကို အတော်တန်ဘိုးထားပါတယ် ။
အနှီကဲ့သို့သော ခရောင်းလမ်းကိုလျှောက်ဖူးသူ ဦးကျောက်ခဲ စင်္ကာပူမှာအလုပ်နှင့်နေစဉ် တမိုးထဲအောက်မှာနေခဲ့သူတွေက ဘအေး ဖိုးစော နဲ့ ငထွန်းပါ ။ ဖိုးစော နဲ့ ငထွန်းက လယ်သမား ယာသမားသားတွေမို့ အစားအစာတန်ဘိုးကို သိသော်လည်း မိုးကျရွှေကိုယ် ဘအေးကတော့ ပြဒါးတစ်လမ်း သံတစ်လမ်း ခင်ဗျ ။ သူက မဆလခေတ်မှာ ပြည်နယ်ကောင်စီ ဥက္ကဋ္ဌရဲ့ တစ်ဦးတည်းသော အငယ်ဆုံးသားမို့ ထမင်းစားမကောင်းဘူးလို့ ဂျီကျရင် မိဘတွေနဲ့ အမအပျိုကြီးတွေမှာ သည်းသည်းလှုပ် ပြာလောင်ခတ် ။ ဆိုတော့ …. အိမ်ထောင်ကျ သမီးနှစ်ယောက်ရပြီး စလုံးရောက်လာလည်း အချိုးမပြင်ပါဘူး ။ ညစာမစားဖြစ်ဘူးဆို ကြိုမပြော ၊ ဟင်းကြည့်ပြီး မစားချင်ရင် ဆိုင်မှာသွားစားတဲ့မောင်ဆိုတော့ ၊ ဟင်းကျန်တွေကိုကြည့်ပြီး ဦးကျောက်တို့ ၃-ယောက်မှာ နှမြောတသ ရွတ်ရပါတယ် ။ အစားအစာဝယ်ဖို့ ပိုက်ဆံဆိုတာ ဦးနှောက်နဲ့ ချွေးကိုအရင်းပြုထားရတာလေ ။
ဘအေးကို နားချလို့မရတဲ့အဆုံး ၊ ဦးကျောက်တို့ ၃-ယောက်လည်း အလေအလွင့်မရှိအောင် ဟင်းကျန်တွေကို “ဟင်းပေါင်း” အိုးတည်ဖို့ ဆုံးဖြတ်ကြပါတယ် ။ ဆွမ်းကွမ်းရှားပါးတဲ့အရပ်က ဘုန်းကြီးကျောင်က ဟင်းပေါင်းအိုးကို ကြားဖူးကြမယ်ထင်ပါရဲ့ … အဲဒါမျိုးပါ ။ ပိုသမျှဟင်း အရသာမပြင်း “ဓာတ်တည့်” တာတွေကို အကုန်ရောပြီး အိုးသန့်သန့်တလုံးထဲ ပေါင်းထည့် ၊ ပြီးရင် ရေခဲသေတ္တာထဲ ထည့်နှပ်ထားတာပါ ။ တစ်ခုချွင်းချက်ရှိတာက အသုပ်လက်ကျန်ဆို ခရမ်းချဉ်သီးသုပ်ကလွဲရင် မထည့်ပါဘူး ။ အဲသည့်တော့ ကြက် ဝက် ကြက်ဥ ငါး ငါးခြောက် အာလူး အသီးအရွက်… အမယ်ကို စုံနေတာပဲ ။ အနှီဟင်းပေါင်းအိုးကို ဘအေးအိမ်မှာပြန်မစားဘဲ အပြင်မှာသူ့ဘော်ဘော်တွေနဲ့ ဂလုရင်းညစာစားတဲ့ စနေညဆို ဦးကျောက်တို့ ၃-ယောက်တွယ်ပါတယ် ။ မီးနွေးနွေးနဲ့ ဆူအောင်တည် ၊ ဆူသွားရင် မန်ကျည်းရည် ငပိစိမ်းစား သင့်ရုံစွက် အရသာပြင်ပြီးရင် ၊ ရသာ ၆-ပါးနဲ့ပြည့်စုံပြီး စားလို့ကောင်းတာမှ တစ်ယောက်ကို ထမင်း ၂-ပန်းကန်ကတော့ အေးဆေးပဲ ။ ကောင်းကျိုးကတော့ မနက်လင်းရင် ဝမ်းမှန်သလားမမေးနဲ့ ၊ ရေအိမ်အပြင်ကသူကတောင် “ဟကောင် … ဖြည်းဖြည်းလုပ်ပါဟ” လို့ ကြည်စယ်ရတဲ့အထိပါ ။
အဲသည့် “ဟင်းပေါင်း” ကို ဘအေးကတော့ အတော် နှာခေါင်းရှုံ့ပါတယ်… “ဝက်စာ” တဲ့လေ ။ ပြိုင်မငြင်းပါဘူးဗျာ … ကိုယ်တွေက အန္တရာယ်ဘေးမဖြစ်ဘဲ အလေအလွင့်မရှိ တစ်နပ်စာကာမိ နဲလား…
တရက်သားတော့ မှိုချိုးမျှစ်ချိုးပြောထားတဲ့ ဘအေးလည်း သူပြောတဲ့ “ဝက်စာ” ကို စွဲလမ်းစေဖို့ အကြောင်းဖန်လာပါတယ် ။
ဒီလိုခင်ဗျ … တခုသော စနေညမှာ တခြားအိမ်တွေမှာနေကြတဲ့ ဦးကျောက်တို့ ဘူမိအတန်းဖော်တွေ အပျင်းပြေ အိမ်မှာဖဲချိန်းရိုက်ကြသဗျ ။ ဦးကျောက်ကတော့ စားပြီးအိပ်နေ ဘိက္ခဝေဆိုတော့ ခါးနာလို့ ဖဲဝိုင်းမထိုင် ၊ အာပွါးပြီး ဝင်အိပ်တာပေါ့ ။ ညသန်းခေါင် တရေးနိုး အခန်းပြင် ရေထွက်သောက်တော့ ဒီကောင်တွေဖဲဝိုင်းက အရှိန်ကောင်းတုန်း ။ ဝိုင်းထဲလှမ်းကြည့်မိတော့ အတန်းဖော် မောင်လတ်က “မောင်ကျောက် ဗိုက်ဆာတယ်ကွာ ။ ရှိတာလေးနဲ့ ဧည့်ခံပါ သယ်ရင်းရ… ဟဲ ဟဲ” ဆိုပြီး တောင်းဆိုပါတယ် ။ အဲဒါနဲ့ နားအေးပြီးရောဆိုပြီး လက်ကျန်ထမင်းပေါ်ကို “ဟင်းပေါင်း” ထည့် ၊ အိမ်မှာရှိတဲ့ အကြော်အလှော်လေးတွေပုံပြီး ဇလုံနဲ့ပေးလိုက်တာပေါ့ ။
ဖဲဝိုင်းထဲ တစ်ယောက်တလှည့် ထမင်းဇလုံကို လက်လှည့်လိုက်ကြတာ ဘအေးလည်း ၂-ဇွန်းမောက်မောက်တော့ တွယ်တာတွေ့လိုက်ပါတယ် ။ ၃-ဇွန်းမြောက်မှာတော့ “ဟေ့ကောင် မောင်ကျောက် ၊ ဝက်ရော ကြက်ရော အခု ငါးခြောက်ဖတ်ပါကိုက်မိနေပြီ … ဘာဟင်းလဲကွ … လုပ်ပါဦး” လို့ ထမင်းလုပ်ကို ပါးစပ်ထဲသွင်းရင်း မေးရှာပါတယ် ။ ဦးကျောက်လည်း စီးကရက်ငွေ့ကို အသာမှုတ်ထုတ်ပြီး “အရသာ ဘယ့်နှယ်ရှိစ ဘအေး” လို့ပြန်မေးတော့ … “ချဉ် ငံ စပ်လေး ကောင်းတယ်ကွ ၊ ခံတွင်းရှင်းသွားတာပဲ ။ ဒါမျိုးတော့ ငါရှိချိန် မချက်ကြဘူး” လို့ ချီးမွမ်း အပြစ်တင်သံနဲ့ စောဒကတက်ပါတယ် ။ ဦးကျောက်လည်း ရယ်ချင်စိတ်ကို မထိန်းနိုင်လို့ တဟားဟားရယ်ရင်း “မင်းနာမည်ပေးထားတဲ့ ဝက်စာဆိုတာ အဲဒါလေ” ဆိုတော့ “ဟေ…” ဆိုပြီး ပါးစပ်ဟောင်းလောင်းနဲ့…. ။
နောက်နေ့မနက် အိပ်ရာထတော့ ဓာတ်ချုပ်သမား ဘအေး ရေအိမ်ထဲမှာ စည်းစိမ်ခံနေသမို့ ဖိုးစောနဲ့ ငထွန်းက တံခါးအတင်းထုပြီး မောင်းထုတ်ရပါလေရောခင်ဗျ ။ အဲသည့်နေ့ကစလို့ “ဟင်းပေါင်း” ကို ဓာတ်ကျသွားတဲ့ ဘအေး ၊ ဦးကျောက်တို့ ထမင်းစားရင်တောင် “ဟင်းပေါင်း” အတွက်ချန်ဖို့ ဆော်ဩတတ်သလို ကိုယ်တိုင်လည်း အသီးအရွက်တွေပါ ဟင်းပေါင်းအိုးထဲ ကြော်ထည့်ပြီး ဟင်းများအောင် ပွါးပါလေကြောင်းနဲ့ “ချွေတာစုဆောင်း သူဋ္ဌေးလောင်း” ဆိုတာ များမကြာခင် သဘောပေါက်သွားပါကြောင်း…. ။
42 comments
တောတွင်းပျော်
June 24, 2016 at 11:32 pm
ကျေးဇူးပြု၍
စာ တတိယပိုဒ် ၃ ကြောင်းမြောက် နောက်ဆုံးပိုင်းက စကားလုံးကို ပြန် edit
မလုပ်ပါရန် 🙂
ကျနော် ၄ တန်းက စပြီး ၉ တန်းအထိ ဘုန်းကျောင်းမှာ နေခဲ ့တော ့
ဟင်းပေါင်းနဲ ့ ကောင်းကောင်းရင်းနှီးတာပေါ ့။
ဘာသာဝင်နည်းတဲ ့ တောင်ပေါ်ကျောင်းဆိုတော ့ ဆွမ်းကွမ်းကိစ္စ ခက်ခဲတော ့
ဟင်းပေါင်းကို အလေးထားရတယ်။
တခါတလေ ဟင်းကိစ္စ အဆင်မပြေရင် အာရုံဆွမ်းကိုလည်း ဟင်းပေါင်းနဲ ့ကပ်ရတယ်။
ဝက်စာလို ့ ခေါ်ရမလောက်အောင်ကို ဟင်းပေါင်းကို နေ ့ဆွမ်းက အကျန်ဟင်းတွေ
ထပ်ဖြည် ့ ထပ်တည် တခါတလေမှာများ ၃/၄ ရက်လောက်ဆက်လိုက်တော ့ ဟင်းတွေ မည်းနေတဲ ့အထိ။
ဦးကျောက်ခဲ
June 25, 2016 at 9:36 am
ရေးပြီးစလစ်လေ ပြန်မပြင်ပါဘူး… အခုလည်း ကြုံတိုင်းချက်နေရတာ
ဦးကျောက်စ်တို့က ဟင်းပေါင်းကို စုထားပြီး စနေတရက် ထုတ်ချက် အကုန်ဖြတ်…
ပြောလို့ ပြောတာမဟုတ် စလုံးအိမ်က ဟင်းပေါင်းကို အလွမ်းသား…
ဘအေးကတော့ အခုအချိန်အထိ ဟင်းပေါင်းကို တွယ်တုန်း…
မြစပဲရိုး
June 25, 2016 at 3:51 am
ကျောက်စ်
ဒီနေ့တော့ ဒီမှာ ခွဲရေးနိုင်တဲ့ ပွဲ။
တနည်း racists တွေ နိုင်တဲ့ပွဲပေါ့။
မဟာ racist ကြီး ကလဲ Trump ကလဲ တစ်ကူးတစ်က ကူး လာပြီး ““great victory” လို့ ပြောခဲ့ပါတယ်။
နိုဝင်ဘာ ၈ ရက်မှာ တော့ နောက် “great victory” ဖြစ်ဦးမလားပါဘဲ။
ခွဲရေး ဖြစ်အပြီး မှာ နိုင်ငံ စီးပွါးရေး ကတော့ ကံတရားအတိုင်းပါဘဲ။
လူတွေ အုပ်ချုပ်စီမံပုံ ကတော့ ယုံလောက်ဖွယ်မရှိ။
ဘာတွေ ဖြစ်မယ်မသိ။
ဒီပုံ ကိုကြည့်။ :-)))
https://www.facebook.com/photo.php?fbid=267202613640948&set=a.106606146367263.1073741828.100010536332632&type=3&theater
ငွေကြေး နဲ့ ပါတ်သက်ရင် စည်းထားတာ၊ အလုပ်ကိစ္စ အပေးအယူ ဆို တစ်ပြား က အစ တိကျ တာ ကြိုက်ပါတယ်။
မောင်နှမချင်းတောင် အသေးအမွှား လေးတောင် စည်းကမ်းရှိမှ အချစ်မပျက် အမုန်းမဖက်မှာ။
တစ်ချို့ အဲဒါကို အလေးမထားကြဘူး။
ဒါကြောင့် အကွဲ အပြဲ တွေ ဖြစ်ကြတာလို့ ထင်တာပါဘဲ။
တကယ်တော့ လိမ်တယ်ဆိုတာ လိမ်လို့ ရမဲ့သူဆီကသာ လိမ်တာမို့ နဂိုထဲ က အပြန်အလှန်စည်းတားထားတာ ကောင်းမှာပါ။
ဝက်စာ အကြောင်း ကတော့ အိမ်မှာ ကိုယ့် အတွက် အစာ ပါ။
ပြင်တောင် မချက်ပါဘူး ကျောက်စ် ရယ်။
ထပ်ပွါးသွားရင် ကိုယ့်ဘဲ မကုန်မချင်း စားရမှာမို့ လေ။
ကျောက်စ် လက်ရာ ဝက်စာ ကတော့ ကောင်းမှာ ယုံပါ့။
ဒါထက် ဝီလီ လေးရော အတော်ကြီးပြီ အတော်တတ်နေပြီပေါ့။
ဓာတ်ပုံလေးပို့ပါဦး။
နှင်းကိုလဲ သတိရတယ်ပြောပေးပါ။
သူလဲ နေကောင်းတယ် မဟုတ်လား။ နောက်တစ်ယောက် များ စိတ်မကူးသေးဘူးလား။
ဒါထက် ကျောက်စ် နဲ့ ခရစ်စ် မကြည်စင် လေးနဲ့ အဆက်အသွယ်များ ရှိခဲ့ရင်လဲ ပြောပေးပါဦး။
သူက နှင်း သူငယ်ချင်းလားလို့။
လာမဲ့ ၂ရရက် တနလာင်္နေ့မှာ အရီး က သတိရနေမှာပါလို့။
ဒီတစ်ခါတော့ အရီး နိုင်မှာလို့။ 😉
စောဒီး နော်။
ဝက်စာ မှာ အမှာစာ တွေ ပါးနေလို့။ 😀 :-))
ဦးကျောက်ခဲ
June 25, 2016 at 9:47 am
စီးပွါးရေးကတော့ စိုးရိမ်ရေမှတ်ပဲ…
အဲသည့်လိုဖြစ်ရင် စစ်မက်ကလည်း အဖော် တွဲပါလာတယ်…
အစွန်းရောက်များ နေရာရလာတာ ပုလ္လင်ပေါ် မျောက်ရောက်တာပဲ…
.
ဝက်စာကတော့ ဟောင်ကောင်မှာမချက်ဖြစ်ဘူး…
ကျောက်စ်က ကျန်ဖြတ်လုပ်ပစ်လို့လေ…
.
ခွစ်ကို သတင်းပေးပြီးကြောင်းနဲ့ ဝီလီရဲ့ပုံ ပို့ပါမည့်အကြောင်း… 😉
ကထူးဆန်း
June 25, 2016 at 1:50 pm
.. ဂရိ ကလည်း အီးယူ အကူ အညီ နဲ့ နေ စပိန် နဲ့ အီတလီလဲယဲ့ယဲ့ .
အင်္ဂလန်ပြေးတော့ ပြင်သစ်က လည်း အသံထွက်လာဆိုတော့ အီးယူလဲ တာတာ့ဖြစ်မှပ..
အဲ့ ဒါ သင်ခန်းစာ မယူ အာဆီယံ အတင်း ပေါင်းစည်း ခဲ့ ရင်လည်း တစ်နေ့ဒီဇတ်လမ်းလာမှာမို့
အာဆီယံခေါင်းဆောင်များ ပြန် စဉ်းစားသင့်ပါ၏ …
ဆြာ ကေ ျာက် ပြောသလိုပ .. စစ်မက် ကလည်း တစ်လှမ်း ချင်းလာနေ … တရုတ် ကြီးက လောဘမသတ် .. Trump တက်လာလို့ ကတော့ ဖိလစ်ပိုင် လူကြမ်းမင်းသား ရယ် အင်ဒို ဝီဒိုဒို ရယ်နဲ့ ဗီယက်နမ် ရယ် ပေါင်းမိလို့ ကတော့…. အာဆီယံ လဲ ငြိမ်းချမ်းမယ်မထင် ..
တတိယကမာ္ဘစစ်အတော် နီးစပ်လာပြီထင် ….
သူကြီး ဆီက တစ်သိန်း ရ ခါ နီး လူတွေ မြန်မြန်ဆန်ဆန် ရအောင် ယူထား ကြလော့ …. 🙂 🙂
ဦးကျောက်ခဲ
June 25, 2016 at 2:42 pm
အာရပ်ကမ႓ာကလည်း ကျီးလန့်စာစား ၊ ပူတင်ကလည်း တစ်ရန် …
EU ကလည်း မငြိမ် ၊ တဇောက်ကမ်း ထရမ့်ကလည်း ခေါင်းထောင် …
တရုတ်နဂါးကြီးကလည်း အမြီးရမ်းလာပြီမို့ …
ကမ႓ာ့ကမောက်ကမဇာတ်လမ်း စပြီထင်ရဲ့ ….
အာဆီယံလည်း အတော် အနေအထိုင်တတ်ပါမှ အသက်ရှုချောင်မယ်….
စလုံးကတော့ ထုံးစံအတိုင်း လူလည်လုပ်ပြီး လစ်ပြီ ….
အဓိက မြန်တျန့်ပြည် ပဲလှော်ကြား ဆားမညပ်ဖို့ အရေးကြီး၏ …
ဆက်ရေးရင် အဆဲတောင်းသလိုဖြစ်တော့မယ် ဆြာကထူးဆန်းရေ …
ဈာန်
June 25, 2016 at 10:36 am
မန်းလေးက ဇီးဘန်းနီကျောင်းမှာ အဲ့ဒီဟင်းပေါင်းစားဖူးတယ် ။
အလွန်သဘောကသွားလို့ နောက်နေ့အတွက် ကိုရင်ဘေးတွေကိုချန်ထားဖို့ပြောမိသေးဗျာ ။
ကိုယ့်ဟာကိုတော့ချက်မစားမိဘူး ..
ပြန်ချက်ကြည့်ဦးမှပါလေ …
ဦးကျောက်ခဲ
June 25, 2016 at 12:28 pm
ညစာ ဟင်းပေါင်းနဲ့စားရင် နောက်နေ့မနက် ဝမ်းအတော်ကောင်းတယ် ကိုရင်ရဲ့…..
အော်တိုငုတ်တုတ် လျှောကနဲပဲ ၊ အပူ အပုပ်အခိုး စင်သဗျ….
ကျနော်လည်း ဟင်းပေါင်းမစားဖြစ်တာကြာပေါ့…
ဦးကြောင်ကြီး
June 25, 2016 at 10:47 am
အကြိုက်ဆုံးထဲ ဟင်းပေါင်းပါတယ်… ဒါပေမဲ့ လုပ်မစား ဓါတ်ဗူး။
ဦးကျောက်ခဲ
June 25, 2016 at 12:41 pm
လွယ်ပါတယ် ကိုရင်ကြောင်ရဲ့…
နေ့စဉ် ဟင်းကျန်မှန်သမျှ အအေးခံပြီး ကြွေရည်သုတ်ဆွမ်းအုပ် / ချိုင့် ထဲထည့်ပြီး အဖုံးအုပ် ၊ ရေခဲသေတ္တာအောက်ဆင့်မှာ နှပ်ထားလိုက်ပါ ။ သတိထားဖို့က သံပုရာရည် / ရှောက်ရည် အချဉ်ညှစ်ထားတဲ့ အသုပ်မှန်သမျှ မထည့်ပါနဲ့ ။ ကြက်ဟင်းခါး / ကြောင်လျှာသီး မထည့်ပါနဲ့ ။ ဂေါ်ဖီကြော် ၊ အသီးအရွက် လက်ကျန်လေးတော့ ပါအောင်ထည့်ပါ ။ အတော်အသင့် ဟင်းတွေစုမိရင် …. ချိုင့်ကို အပြင်ထုတ် အဖုံးဖွင့် အခန်းအပူချိန်မှာ နာရီဝက်လောက်ပစ်ထားပြီးမှ မီးမျှင်းမျှင်းနဲ့ ဆူအောင်ပြန်တည်ပါ ။ ဆူသွားရင် မကျည်းရည်ကျဲကျဲနဲ့ ကြာကြာတည် ၊ ငပိစိမ်းစား သဘောလောက်ထည့် ၊ အရသာပြင်ပြီး ဝိုက်လို့ရပါပြီ ။
အောင် မိုးသူ
June 25, 2016 at 12:18 pm
ဟင်းတွေပေါင်းပေါင်းလိုက်တော့ ရက်တွေကြာလာတော့ သိုးမသွားတာ နွေးနေအောင် မီးဖိုပေါ်ထားလို့လား သိချင်တာ
တောတွင်းပျော်
June 25, 2016 at 12:24 pm
ဟုတ်တယ် မီးနဲ ့အမြဲ နွှေးပေးထားရတယ်။ ရေထည် ့ထည် ့ပေးပေါ ့။
တောင်ပေါ်မှာနေတုန်းက ရာသီဥတုအေးတော ့ မီးအမြဲဖိုထားတယ်။
မီးဖိုကျပ်စင်ပေါ် ထင်းတွေ ခြောက်အောင်တင်ထား။
ဟင်းပေါင်းအိုးကို တည်လိုက်ချလိုက်။
မီးမဖိုရင်တောင် မီးမသေအောင် မီးခဲတွေ ပြာနဲ ့ အုပ်သိမ်းထားတယ်
ဦးကျောက်ခဲ
June 25, 2016 at 12:46 pm
ကိုရင်တောပျော် ပြောသလို နွေးနေအောင် မီးဖိုပေါ်အမြဲတင်ထားနိုင်ရင်တော့ အကောင်းဆုံးပဲ ။ လက်ကျန်ဟင်းနဲနေလို့ စုရမယ်ဆိုရင်တော့ အပေါ်မှာ ကိုရင်ကြောင်ဏှာကို ဖြေထားတဲ့အတိုင်း ….
Thint Aye Yeik
June 25, 2016 at 12:37 pm
ကျွန်းပေါ်မှာ နေတုန်းက ဘုန်းကြီးကျောင်းဆီ နေ့တိုင်းသွား…ရေခပ်တင်ပေး၊ တံမြတ်စည်း လှည်းပေး၊ ထင်းခွဲပေးနဲ့… လုပ်အားဒါန မှန်မှန်ပြုပေးခဲ့ဖူးတယ်။
ဆိုတော့ လက်ငင်း အကျိုးအနေနဲ့ အဲဒီ ဝက်စာ (ဟင်းပေါင်း)ကို ဘုန်းကြီးကျောင်းသားတွေနဲ့အတူ လု စားဖူးရတာပေါ့။ ဟင်းမျိုးစုံ ရောနေသမို့ (ဘုန်းကြီးကျောင်းကို ရောက်လာသမျှ ဟင်းတွေကလည်း စေတနာ သုံးတန် ထက်သန်စွာ ချက်ပြုတ်ပေးလိုက်တဲ့ ဟင်းကောင်းတွေချည်းမို့…)စားလို့ ကောင်းလိုက်သမှ…
စားရတာလည်း ကြိုက်လိုက်သမှ…
အခုများတော့ဖြင့်… ရန်ကုန်မှာ တစ်နှစ်နေလို့လည်း ဘုန်းကြီးကျောင်းတစ်ခေါက် မရောက်ရေးချ မရောက်
ဟင်းပေါင်းကို လွမ်းလိုက်တာ…
ဦးကျောက်ခဲ
June 25, 2016 at 1:04 pm
ရန်ကုန်က မြို့ပေါ်ဘုန်းကြီးကျောင်းတွေမှာ ဆွမ်းကွမ်းပေါတော့ လက်ကျန်ကို ကပ္ပိယနဲ့ ဘုန်းကြီးအမျိုးတွေကြိတ်လိုက်လို့ ဟင်းပေါင်းရှိမယ်မထင် ။ ဆင်ခြေဖုံးအရပ်တွေနဲ့ နယ်တွေမှာလောက်ပဲ ဟင်းပေါင်းချက်တဲ့ဓလေ့ကို သတိထားမိတယ် ။
ဂျစ်စူ
June 25, 2016 at 4:59 pm
တချို့လဲ ကြိုက်ကြတယ်
တချို့လဲ မကြိုက်ကြ
မစားဖူးလို့ပဲလား တကယ်မကြိုက်တာလားမသိ
ဟင်းပေါင်း အရသာက အတည်မရှိဘူး
ဒီနေ့တမျိုး မနေ့က တမျိုး မနက်ဖြန်တမျိုး
အမျိုးမျိုး ဗျ
ပိုတဲ့ဟင်းက တနေ့နဲ့တနေ့ မတူဘူးလေ
ဝမ်းကတော့ အတော်မှန်သဗျာ
အစုံပလုံ နူးအိနေတာ စားရသမို့
အထွက်မှာ
ရှောရှော ရှူရှူ ပဲ
ဟီး ☺
ဦးကျောက်ခဲ
June 25, 2016 at 5:12 pm
ဟုတ်ပါတယ် ဆြာဂျစ်စူ
အရသာက ထည့်ရောထားတဲ့ဟင်းတွေအပေါ်မူတည်ပြီး အပြောင်းအလဲရှိပါတယ်….
ကြက်ဟင်းခါးသီးကြော်လက်ကျန်ကိုထည့်မိရင် အဲသည့်အထဲက ကြက်ဥတောင် ခါးပါတယ်….
အထွက်ကတော့ ဆိုဖွယ်မရှိ “ဖရဏပီတိ ဂွမ်းဆီထိ” …. ရှယ်ပဲ … ဟဲ ဟဲ ☺
ဝင့်ပြုံးမြင့်
June 26, 2016 at 2:30 pm
တရုတ်နှစ်ကူးရင်လည်း ညဘက် အဲလို လုပ်ကြတယ်။ ဟင်းပေါင်းတဲ့။ နဂိုကတည်းက တရုတ်စာ မကြိုက်တဲ့လူဆိုတော့ တရုတ်ဟင်းပေါင်းလည်း မကြိုက်။
ဦးကျောက်ခဲ
June 26, 2016 at 2:47 pm
ထိုင်းတွေလည်း ဟင်းပေါင်းတည်တယ် မပြုံး ။ စားလို့အတော်ကောင်းသလို ၊ အလွန်စပ် ။ သူတို့က ဟင်းပေါင်းအတွက်ရည်ရွယ်ပြီး သက်သက်ချက် ၊ ၂၄-နာရီ မီးမျှင်းမျှင်းနဲ့တည်ပြီး စီးပွါးဖြစ် ရောင်းပါစားတာ… 🙂
kai
June 26, 2016 at 4:24 pm
ငယ်ငယ်ကိုရင်ဝတ်တုံးက.. ဟင်းလေးဟင်းဆိုပြီးစားဖူးတာနဲ့ဆင်တယ်..။
စားဖူးတာကတော့.. ချဉ်ပေါင်ရွက်ကိုအခံထားပြီး ဆွမ်းကျန်ဟင်းတွေ.. အကုန်ပစ်ထည့်တာလို့မှတ်မိတယ်..။
အဲဒါမျိုးဆင်ဆင်ကို… အိမ်မှာ.. အခုထိလုပ်စားတုံး..။
ရှိသမျှ အသီးအရွက်တွေ ပစ်ထည့်ထားသမို့.. ကျန်းမာရေးနဲ့တော့ ကိုက်မယ်ထင်တာပဲ..
အဲ.. ဝက်သားတုံး ၃ထပ်သားတွေဖယ်ရင်ပေါ့လေ..။ :k:
ဦးကျောက်ခဲ
June 26, 2016 at 9:05 pm
အာဟိ… အဲသည့်ဟင်းထဲက “ထပ်သရီး” မှ စားလို့ကောင်းတာ ၊ နူးအိနေတာပဲ…
အမှန်တော့ ချဉ်ပေါင်ရောမှကောင်းတာ ၊ ပါးရှားတဲ့အရပ်မို့ မကျည်းရည်စွက်ရတာ သဂျီးရဲ့ ။ ကျန်းမာရေးကတော့ ညီညွတ်သလားမမေးနဲ့ ။ ဒါပေသည့် ရောခါနီးရင် အစာအချင်းချင်း ဓာတ်တည့်မတည့် ဆင်ချင်ရသေးတယ် ။ :k:
Novy
June 26, 2016 at 4:57 pm
မော်လမြိုင်ကယောက်ခမတွေအကြိုက်ပေါ့ သူတို့ကတော့ ကျောင်းဟင်းလို့ခေါ်တာပဲ
ချဉ်ပေါင် ကစွန်း ပဲသီး ပဲပင်ပေါက် ဝက်သုံးထပ်သား သရက်သီးကလားတည် အဲ့ဒါတွေနဲ့ ချက်စားတာပဲ
ဦးကျောက်ခဲ
June 26, 2016 at 9:12 pm
ဟုတ်တယ် မွနို…
မော်လမြိုင်ဘက်မှာတော့ သရက်သီးခြောက် ၊ မရမ်းပြားခြောက် ၊ ကြက်ပေါင်သီးတွေနဲ့ရောချက်တယ် ။ သရက်သီးကုသလတည်ကတော့ မဆလာအနံ့ပြင်းလို့ ကျနော်တော့ ထည့်မချက်ဘူး ။ နောက်ပြီး ငါးတို့ ငါးခြောက်တို့ပါရင် အရသာပျက်တယ် ။ သရက်ချဉ်သုပ်ကျန်ရင်လည်း မထည့်ဘူး … ခါးသွားတတ်လို့… 🙂
ဦးကြောင်ကြီး
June 27, 2016 at 9:55 am
ဂ ျူနိုလေးရော ကြိုက်သလား ကြောင်ခမနို…
uncle gyi
June 27, 2016 at 4:14 pm
တရုတ်နှစ်ကူးက ျဟင်းတွေပိုပြီဆိုအိုးကြီးတလုံးနဲ့အကုန်ပေါင်းပြီးနွေးထားတာရက်ကြာလေစားလို့ကောင်းလေ
ဦးကျောက်ခဲ
June 28, 2016 at 11:17 am
ဟုတ်တယ် အန်ကယ်ကြီး…
ရွာမှာရောင်းတဲ့ တရုတ်ထမင်းပေါင်းအစက အဲသည်ကလားမသိ ။ ဟောင်ကောင်မှာလည်း အသားကင်အခေါက်ကင်ဆိုင်တွေက ပိုသမျှ အသားတွေကို နောက်နေ့ဆို အသီးအရွက် ကော်ရည်နဲ့ရောပြီး ထမင်းပေါ် ပုံရောင်းသဗျ ။ အလုပ်သမားတွေကတော့ ဈေးသက်သာ ၊ အသားများများ အသီးအရွက်စုံမို့ တီးကြတာပဲ ။ စားကြည့်တော့ အရသာက မြန်တျန့်ထမင်းပေါင်းနဲ့ အတော်ဆင်တယ် … ။ 🙂
Ma Ei
June 28, 2016 at 12:21 pm
.စားဖူးဘူးတော့
.ကျောက်စ်အရေးနဲ့ Commentတွေပေါင်းဖတ်ရတာနဲ့
.အဲ့ ဟင်းပေါင်း၊ ဟင်းလေးအိုး ကိုစားချင်ချင်ဖြစ်ရော
ဦးကျောက်ခဲ
June 28, 2016 at 2:00 pm
ညစာစားပြီးရင် အသုပ်ကလွဲလို့ ပိုတဲ့ဟင်းကျန်တွေကို ကြွေရည်သုတ်ချိုင့်ထဲထည့်ပြီး စုထား (ရေငွေ့ ချွေးမကျအောင် အဖုံးက ရေစက်တွေကို လမ်းကြုံရင် ခါထုတ်ပေး) ။ ၃-၄ ရက်နေလို့ တစ်နပ်စာလောက်စုမိရင် ချဉ်ပေါင် (သို့) မကျည်းရည်လေးနဲ့ ငပိစိမ်းစား သဘောလောက်စွက် ၊ အစပ်ကြိုက်ရင် ငရုတ်စိမ်းကို ဓားနဲ့မွှန်းပြီးထည့် ။ အရသာလည်းကောင်း … ဈေးဖိုးအလေအလွင့်မရှိ … ဝမ်းလည်းမှန်တယ် မအိရဲ့…. 🙂
Yae Myae Tha Ninn
June 28, 2016 at 3:44 pm
အဲလို အကြာကြီးထားတဲ့ ဟင်းပေါင်းတော့ မစားဖြစ်ဘူး… ဒီနေ့ညနေကျန် နောက်နေ့မနက် အကုန်ရောနွေးတော့ စားဖူးတယ်… ဒါလဲ ဟင်းပေါင်းပဲလို့ ခေါ်တာပဲတဲ့… အကြိုက်ဆုံးကတော့ ထပ်သရီး.. ပီးရင် ပဲပြုတ်ပါရင်လဲ ကြိုက်တယ်… ပဲပြုတ် ပူပူက အစေ့အတွင်းထိ ပူတော့ စားကောင်းပါ့… ခရမ်းချဉ်သီး ငပိချက် ဒါမှမဟုတ် ပဲငပိပါရင် ပိုလေးပြီး စားကောင်းတယ်… ပိန်းနဲသီး ပါလို့ကတော့ ဇွန်းကို မချတော့တာ… ပူပူနဲ့ကို မှုတ်လိုက် နောက်တဖတ် ခပ်စားလိုက်နဲ့ … ဂလု သတိပြန်ရသွားပြီ… 🙂
ဦးကျောက်ခဲ
June 28, 2016 at 4:03 pm
ကျနော်ကတော့ ဂေါ်ဖီကြော်နဲ့ ခရမ်းသီးပါတာ ပိုကြိုက်တယ်…
ဟင်းပေါင်းထဲက ထပ်သရီးနဲ့ ကြက်ဥ/ဘဲဥ လက်ကျန်ဟင်းကတော့ ရှယ်ပဲ…
ထပ်သရီးဆို နူးအိမြိနေတာ ၊ ဥတွေကလည်း မွင်းခါးဆိုင်က အိုးဘဲဥအရသာကို သနားတယ်…
ပဲငါးပိလက်ကျန် ငါးခြောက်ပါလို့ကတော့ အရသာက လေးပင်နေတာ ကိုရင်ရဲ့… 🙂
nozomi
June 30, 2016 at 8:58 am
အညာကိုပြန်လည်ရင် အမေကြီး(အဘွား) က အမြဲ လုပ်ကျွေးတယ်
အဲဒီမှာတော့ ဟင်းပေါင်း / ဟင်းလေးအိုး လို့ ခေါ်ကြ မှတ်တယ်
ပုန်းရည်ကြီး ဝက်သား လက်ပံပွင့် တွေ ထပ်ရောထားတဲ့ ဟင်းပေါင်း က ( —- လို ) ကြာလေကောင်းလေ ပဲ
ဟင်းပေါင်း ကိုလဲ သတိရ အမေကြီးလဲ သတိရ မိ တယ်
ဦးကျောက်ခဲ
June 30, 2016 at 9:42 am
အညာစတိုင်လ် ဟင်းပေါင်း / ဟင်းလေးအိုးလည်း ကောင်းတာပဲ ကိုရင်နို…
ဝက်သားဆီပြန်လုံးချက်ကို လက်ပံခြောက် မလွှပွင့်ခြောက် ပုန်းရည်ကြီး (တချို့က သရက်သီးခြောက်) တွေရောပြီး ဆီပြန်အိအိလေးချက်ထားတာ အလွန်ထမင်းမြိန်တယ် ။ ဟင်းချွေးမကျရင် တော်ရုံနဲ့လည်း မသိုးဘူး… ၊ အညာမှာကတော့ မီးငွေ့ငွေ့နဲ့ အမြဲတည်ထားတတ်ကြတော့ အရသာက ဆိုဖွယ်မရှိ… ရှလွတ်စ် :k:
မမချွိ
June 30, 2016 at 12:58 pm
ဖတ်ပြီးတာ တင်တဲ့နေ့ကတည်းက
ခုမှ အားလို့ ဝင်ရတယ်။
ကျနော့ အဖေက ဘုန်းကြီးကျောင်းသားခည။
ဟင်းပေါင်းကို တမ်းတမ်းတတ ပြောဖူးတယ်။
မြို့သူ အယောင်ဆောင် ကျနော်တို့ သားအမိ သဘောမတူတာနဲ့ သူ့ခညာ မစားရရှာ။
ကျနော် တစ်ခါမှ မစားဖူးဘူးး
ဟီးဟီး
:k:
ဦးကျောက်ခဲ
June 30, 2016 at 2:35 pm
ဟင်းပေါင်းက ရသာစုံ… အစပ်အဟပ်ကောင်းကောင်းကို စားမိရင် တမ်းတမ်းတတကို ဖြစ်ပါလေရော ။ ဝ လည်း မစားရတာကြာပြီဖြစ်လို့လွမ်း ၊ ချွေတာရေးအတွက်လည်း အသုံးဝင်တာမို့ ပို့စ်တင်လိုက်တာ ။
ချက်နိုင်သူများ ချက်စားကြစေသောဝ်… :k:
sealion
August 9, 2016 at 5:19 pm
ဘကျောက် ဩစတေးလျ ရောက်နေတဲ ့ ဘူမိ က ဦးတင်ငွေ တို ့ ဦးခင်မောင်ဝေ တို ့ကို သိလား ဗျ
ဦးကျောက်ခဲ
August 9, 2016 at 5:37 pm
ဦးတင်ငွေတို ့ ဦးခင်မောင်ဝေတို ့က အာစရိဂိုဏ်းဝင် စီနီယာကြီးတွေခင်ဗျ…
ဘကျောက်တော့ မီလုပ်ပါနဲ့ဗျာ… သားက ငယ်ငယ်လေးရှိပါသေးတယ်… :k:
kai
August 10, 2016 at 1:59 am
အခု.. အယ်အေကောင်စစ်ဝန်ချုပ်ရော..။ ဝါရှင်တန်အသစ်လာတော့မယ့်.. အမေရိကဆိုင်ရာ မြန်မာသံအမတ်ရောက… ဘူမိဘွဲ့ရတွေ…။
ဦးကျောက်ခဲ
August 10, 2016 at 2:25 pm
အဲသဟာကြောင့် … စီနီယာ အာစရိတွေကို မကလန်ရဲတာ…
ခေတ်ကောင်းမှ လာလည်တော့မယ် သဂျီးရေ… :k:
လုံမလေးမွန်မွန်
August 10, 2016 at 12:37 am
ည ၁၂ နာရီခွဲ ဗိုက်ဆာနေပါတယ်ဆို ဒါကို ဖတ်မိတယ် အူးလေးရယ် 😥
ငယ်ငယ်က ဘုန်းကြီးကျောင်းမှာ အမြဲစားနေကျ . . ညနေစာဆို ထမင်းကြမ်းနဲ့ ဟင်းပေါင်း . . .
ရှလွတ် . . . အတော်လေး စားချင်လာပြီ
ဦးကျောက်ခဲ
August 10, 2016 at 2:27 pm
ဟင်းကျန်တွေကို ဝဲမပစ်နဲ့ ၊ မလေလွင့်အောင် ပြန်ချက်ရင် တစ်နပ်ဖြစ်တယ်…
ချွေ တာ ကြ ပါ သူဋ္ဌေးလောင်းတို့… :k:
kotun winlatt
August 10, 2016 at 11:34 am
အူးလေးကျောက်ရေးပြမှ ငယ်ငယ် ဘုန်းကြီးကျောင်းသားဘဝက စားခဲ့ရတဲ့ ဟင်းလေးပေါင်းကို သတိရလိုက်တာ . . . ဟင်းလေးပေါင်း မသိုးအောင်လို့ ညနေပိုင်းဆိုပြန်နွေး နေ့ဆွမ်းစားခါနီး ပြန်နွေး ဟင်းပေါင်းစုံဆိုတော့ အရသာကလည်း ပေါင်းစုံပဲ ရက်နည်းနည်းကြာလာရင်တော့ ဝမ်းမခိုင်သူများ စားမိရင် ပန်းသခင်ဖြစ်တတ်ပါတယ် . . .
@@@@@#@@@@@
စကားမစပ် ကျနော်တို့ဆီမှာ ဟင်းပေါင်းဆိုတာက အရွက်တစ်ခုခုကို ဆန်မုန့် ခရမ်းချဉ် ငါးပိ ဆား စတာတွေနဲ့ ရောနယ်ပြီး အောက်က အဖုံးဖွင့် ရေဆူနေတဲ့ အိုးအပေါ်မှာ ပေါင်းအိုးကို တင်ပြီး ပေါင်းတာ . . . မုန့်ညှင်းပေါင်း ပိန်းပေါင်း ငါးပေါင်း ဟင်းရွက်စုံပေါင်း အဲ့တာမျိုးတွေကို ဟင်းပေါင်းလို့ခေါ်တာ ဘုန်းကြီးကျောင်းက ဟင်းကိုတော့ ဟင်းလေးပေါင်းလို့ ခေါ်တာရယ်
ဦးကျောက်ခဲ
August 10, 2016 at 2:33 pm
ကျနော်ကတော့ တစ်ပါတ်စာကို စနေညမှာ အပြတ်ဖြတ်တယ်ဗျ…
ဝမ်းကောင်းတာကတော့ “ဆရာမိုး” လောက်ကို တာ့တာပဲ…
စလုံးမှာ သောက်သုံးရေကို ကလိုရင်းရောထားတော့ ဟင်းပေါင်းနဲ့မှ အံကိုက်…
@@@@@
ကိုရင့် ဟင်းပေါင်းကို ကျနော်တို့က “ဟင်းပေါင်းထုပ်” လို့ ခေါ်သဗျ…
ရှမ်းတောင်ပိုင်းမှာ ငရုပ်သီးဆီကြော်နဲ့တွဲပြီး အစားလေ့ကြတယ်…
ဂျူးမြစ်လေးလည်း ပါတာပေါ့ ကိုရင်ရယ်… :k: