ရွေးချယ်ဖို့ အခွင့်အရေး ရခဲ့မည်ဆိုလျှင်
ရွာထဲ ခဏဝင်ကြည့်ရင်း တစ်ခုခုရေးခဲ့ချင်စိတ်ပေါက်လို့ပါ ..
ပို့စ်မတင်ဖြစ်တာ တော်တော်တောင်ကြာခဲ့ပြီမို့လို့ ..
ခေါင်းစဉ်တစ်ခု စဉ်းစားလိုက်တယ်
အဲဒါကတော့ ….
ရွေးချယ်ဖို့ အခွင့်အရေး ရခဲ့မည်ဆိုလျှင် ….
ကျွန်မတို့တွေအားလုံး ရွေးချယ်မှုတွေတစ်ခုပြီးတစ်ခုလုပ်ရင်း နေ့ရက်တိုင်းကို ဖြတ်သန်းနေကြရပါတယ်။ ရွေးတဲ့နေရာမှာလဲ ရွေးလို့ရရင်ရသလောက်ရွေးတတ်ကြတယ်။ တကယ်လို့များ မနက်စာကို ပဲပြုတ်ထမင်းကြော်တစ်မျိုးပဲ ရမယ်ဆိုလျှင် ကျွန်မတို့တွေ အဲဒါကိုပဲ စိတ်လျော့ပြီး စားလိုက်ကြမှာပါ။ နောက်တစ်မျိုးထပ်တိုးရရင်ဆိုရင် နှစ်မျိုးထဲက တစ်မျိုးကို ရွေးကြရလိမ့်မယ်။ သုံးမျိုးဆိုရင် သုံးမျိုးထဲကတစ်မျိုးကို ရွေးကြရပါတယ်။ ရွေးချယ်ခွင့်များလေလေ ရွေးချယ်ရခက်လေလေပါပဲ။ အဲလိုအခြေအနေမှာဆိုရင်တော့ မှန်ကန်စွာရွေးချယ်တတ်ဖို့ အရေးကြီးလာပါပြီ။ အစားအသောက်တင်မက အဝတ်အထည်မှာလဲ အတူတူပါပဲ။ ရွေးချယ်မှုတွေနဲ့ အသားကျလို့နေပါတယ်။ ဘဝအတွက် အရေးကြီးတဲ့ ရွေးချယ်မှုတွေမှာတော့ သေသေချာချာ အကြိမ်ကြိမ် စဉ်းစားဆုံးဖြတ်ဖို့တော့ လိုပါလိမ့်မယ်။
နိဒါန်းရေးတာတင်ရှည်နေလို့ ဘာလဲလို့ အတွေးမခေါင်သွားကြပါနဲ့။ တကယ်ရေးချင်တာက ပြီးခဲ့တဲ့ စနေနေ့က သန်လျင်ကို သွားတဲ့အဖြစ်အပျက်နဲ့ အတွေးတစ်ချု့ိကို ရေးပြချင်လို့ပါ။
ဒီလိုပါ ..
ကျွန်မက အပါတ်တိုင်းလိုလို စနေနေ့မနက်တိုင်းမှာ သန်လျင်ကို ပြန်လေ့ရှိပါတယ်။ ပြန်တဲ့အခါမှာလဲ နည်းလမ်းမျိုးစုံကို သုံးပါတယ်။ ဘာကြောင့်လဲဆိုတော့ အခြေအနေ အချိန်အခါကိုလိုက်ပြီး ရွေးချယ်မှု အမျိုးမျိုး လုပ်ရလို့ပါပဲ။
အများအားဖြင့် တစ်ယောက်အဖော်ပါလျှင် တက်စီကို ရွေးပါတယ်။ တစ်ယောက်ထဲဆိုလျင်တော့ လိုင်းကားကိုသာ ရွေးပါတယ်။ ကျွန်မအဖေက တစ်ယောက်ထဲဆိုလျှင် သူလာကြိုဖို့ ကြိုးစားပေးပါတယ်။ လာမကြိုနိုင်ဘူးဆိုလျှင်တော့ လိုင်းကားကိုသာစီးလာခဲ့ပါတဲ့။ အဲဒါမှ သူစိတ်ချမှာမို့လို့ပါ။
ပြီးခဲ့တဲ့စနေနေ့ကတော့ တစ်ယောက်ထဲလဲဖြစ် အဖေကလဲ လာကြိုမပေးနိုင်တဲ့အခြေအနေမှာ လိုင်းကားကိုသာ ရွေးချယ်လိုက်ရပါတယ်။
ပန်းဆိုးတန်းအောက်လမ်းမှာ သန်လျင်သွားမယ့် ကားကြီးတွေ တန်းစီပြီးရပ်နေတာကို မြင်လိုက်တယ်။ ရွေးချယ်မှု စပါပြီ။ အခုထွက်မယ်လို့ အော်နေတဲ့ကားက အမြင်ခပ်စုတ်စုတ်နဲ့ ကားပေါ်မှာလဲ တစ်ယောက်မှ ရှိမနေလို့ ကျွန်မစိတ်ထဲ ဇဝေဇဝါ၊ စပါယ်ယာကအော်နေတယ် .. အမတက်ပါတဲ့ နောက်ကားတွေကို ကြည့်မနေနဲ့တဲ့။ သူတို့တွေက လူမရှိရင် ထွက်လို့ရမှာမဟုတ်ဘူးတဲ့။ နောက်ကရပ်ထားတဲ့ကားက အသစ်စက်စက် အဲကွန်းနဲ့။ ရွေးချယ်ရပြီ။ အိပ်ယာထနောက်ကျခဲ့လို့ အခုတောင်နောက်ကျနေပြီဆိုတော့ ဘယ်တော့ထွက်မှန်းမသိတဲ့ အဲကွန်းကားကို စောင့်စီးနေရင် ပိုနောက်ကျသွားနိုင်တယ်။ စုတ်လဲဘာဖြစ်လဲ ခဏပဲစီးရမှာပဲလေလို့တွေးပြီး အရင်တုန်းထွက်မယ့် ကားအစုတ်ပေါ်ကို တက်လိုက်ပါတယ်။
ဒုတိယရွေးချယ်မှု လုပ်ရပြန်ပါပြီ။ ကားပေါ်မှာ လူတစ်ယောက်မှ မရှိဘူး။ ထိုင်ခုံက ၅ဝ လောက်ရှိတယ်။ ဘယ်မှာထိုင်ရင်ကောင်းမလဲစဉ်းစားရပြီ။ လိုင်းကားပေါ်မှာ ထိုင်ခုံနေရာဆိုတာ ရတဲ့နေရာကို အလုအယက်ထိုင်ခဲ့ရစဉ်က ပြသနာမရှိပဲနဲ့ အခုလို ရွေးရပြီဆိုတော့ ဦးနှောက်ကို အလုပ်ပေးရပြီလေ။ ဒီနေရာမှာ ကျွန်မစဉ်းစားတာက နံပါတ် ၁ က ဘယ်အခြမ်းက နေထိုးမလဲဆိုတာ။ အဲဒါက သွားနေကျမဟုတ်ရင် အလွယ်တကူမသိနိုင်ဘူး။ အရှေ့အနောက် တောင်မြောက် ခွဲခြားတတ်မှဖြစ်မှာ။ ဒါပေမယ့် ကျွန်မ ကားပေါ်တက်တဲ့အချိန်က ၁၁ နာရီခွဲဆိုတော့ ဘယ်အခြမ်းထိုင်ထိုင် နေက ခေါင်းပေါ်ရောက်တော့မှာမို့လို့ နောက်တဆင့် ထပ်ပြီး စဉ်းစားပါတယ်။ ငယ်ငယ်ထဲက ဖေဖေပြောဖူးတာက ဒရိုင်ဘာနောက်ဘက်ခြမ်းက ပိုပြီး လုံခြုံစိတ်ချရတယ်ဆိုတော့ ဒရိုင်ဘာရှိတဲ့ဘက်အခြမ်းကိုပဲ ရွေးလိုက်ပါတယ်။
နံပါတ် ၂ စဉ်းစားတာက ထိုင်ခုံနေရာဆိုတော့ .. ကားတစ်စီးမှာ အကောင်းဆုံးနေရာက ဦးပိုင်းဆိုတော့ ဒရိုင်ဘာ နောက်တည့်တည့်ကခုံက အကောင်းဆုံးဖြစ်နိုင်တယ်။ အဲဒီမှာ ထပ်စဉ်းစားတာက ဘုန်းကြီးး သီလရှင် သက်ကြီးရွယ်အိုလာရင် ဖယ်ပေးနေရမှာမို့လို့ ၃ တန်းလောက်အထိ လွှတ်ထားပေးပြီး ၄ တန်းမြောက်မှာ ဝင်ထိုင်လိုက်ခြင်းဖြင့် ကျွန်မရဲ့ ရွေးချယ်မှုကို ပြုလုပ်ပြီးစီးခဲ့ပါတယ်။
ဒါပေမယ့် တစ်ယောက်ထဲ ခပ်ပျင်းပျင်းရှိတာနဲ့ ပါတ်ဝန်းကျင်ကို စပ်စုရင်း တခြားသူတွေရော ဘယ်လိုနေရာတွေကို ရွေးတတ်မလဲလို့ စောင့်ကြည့်နေခဲ့ပါတယ်။ ဒုတိယတက်လာတာက ကောင်မလေးတစ်ယောက် ဖုန်းဆက်ရင်းဝင်လာတယ်။ သူ့ကြည့်ရတာတော့ တကူးတကရွေးချယ်ပုံမရပဲ နောက်ဘက်ကျကျတစ်ခုံမှာ ဝင်ထိုင်လိုက်ပါတယ်။ နောက်ထပ် တက်လာတာက အဒေါ်ကြီးတစ်ယောက် အထုတ်အပိုးတွေနဲ့၊ သူကတော့ အပေါက်ဝကြီးနဲ့နီးတဲ့နေရာတစ်ခုကိုရွေးချယ်ပါတယ်။ အဆင်းကျရင် သူ့အထုတ်တွေ အဆင်ပြေဖို့ သူရွေးချယ်တဲ့နေရာပါ။ ခဏနေတော့ အသက် ၃ဝ ဝန်းကျင် လင်မယားနှစ်ယောက်တက်လာတယ်။ မိန်းမက ဟိုကြည့်ဒီကြည့်နဲ့ နေရာတွေကြည့်နေတုန်းမှာ ယောက်ျားက ဒရိုင်ဘာနောက်တည့်တည့်က နေရာကို ရွေးလိုက်ပါတယ်။
ပြီးတော့ ဘက်စ်ကားလဲ ထွက်လာတယ်။ လမ်းမှာလူမရှိလို့ တစ်စီးလုံးပေါင်းတောင် ၁ဝ ယောက်မပြည့်ပဲနဲ့ ထွက်လာခဲ့ပါတယ်။
ဘာရယ်မဟုတ်ပါဘူး။ ကျွန်မလဲ ဟိုကြည့်ဒီကြည့်နဲ့ ကြည့်နေတုန်း .. ကျွန်မ မစီးခဲ့ပဲ ထားခဲ့တဲ့ အဲကွန်းကားကြီးက ကျွန်မတို့ ကားကို ကျော်တက်သွားတယ်။ အဲဒီတော့မှ .. ဟင် ဆိုပြီး ပထမရွေးချယ်မှုအတွက် အနည်းငယ်နောင်တရမိတယ်။ ဒီလိုမှန်းသိ နောက်ကားကိုစောင့်စီးပါတယ်လို့ပေါ့။
အဲလိုပါပဲ .. ဟိုတွေးဒီတွေးဆက်တွေးရင်းနဲ့ အခုရာသီက ဝါဆိုလ .. နောက်ပြီးနေ့လည် ၁၂ မထိုးသေး .. ဘယ်ဘုန်းကြီး မယ်သီလရှင်က ကားစီးမှာလဲဆိုတဲ့အတွေး ထပ်ဝင်လာပါတယ်။ စစဉ်းစားတုန်းက အဲဒီအချက်သာ ထည့်သွင့်စဉ်းစားမိခဲ့ရင် ဒရိုင်ဘာနောက်က ခုံကို ရွေးသင့်တာပေါ့လို့ နောင်တအသေးနောက်တစ်ခု ပေါ်လာတယ်။ ဒရိုင်ဘာအနောက်ကခုံက ကျယ်ပါတယ်။ ရှေ့မြင်ကွင်းကလဲ ရှင်းတယ်လေ။
အဲလိုနဲ့ ကိုယ့်စိတ်နဲ့ကိုယ် မအားလပ်စွာတွေးရင်းနဲ့ ရွေးချယ်မှုတွေနဲ့ ပတ်သက်ပြီး စဉ်းစားတဲ့အခါ လိုအပ်တဲ့အချက်တွေကို အချိန်တစ်နာရီလောက်စီးရတဲ့ကားပေါ်မှာ စဉ်းစားရင်း လိုက်လာပါခဲ့ပါတယ်။
ဘက်စ်ကားနေရာလေးတစ်ခုအတွက် ရွေးမယ်ဆိုရင်တောင်မှ အချက်တွေအများကြီး ထည့်သွင်းစဉ်းစားဖို့လိုတယ်ဆိုရင် တခြားဘဝအတွက် အရေးကြီးတဲ့ ဆုံးဖြတ်ချက်တွေအတွက်ဆိုရင်တော့ …
ဉာဏ်ပညာနဲ့ ကျယ်ကျယ်ပြန့်ပြန့် တွေးခေါ်တတ်ဖို့ အရမ်းအရေးကြီးကြောင်း အတွေးပေါ်လာလို့ ..
ရွာထဲရောက်တုန်း အမှတ်တရ ရေးလိုက်ရပါကြောင်း …..
17 comments
အောင် မိုးသူ
July 29, 2016 at 3:02 pm
ပထမကတည်းက အစ်မနဲ့ ကျတော်လွဲပြီ။ အစ်မအစား ကျတော်ဆို အဲကွန်းပါတာသာ စီးမှာမို့လေ။ စောင့်ရတာချင်းတူမယ် လိုင်းကားဆိုတာ ကျော်တက်နေကြမှန်းသိတယ်။ စောင့်ရတဲ့အချိန်ဘယ်လောက်မှ ကြာမှာမှ မဟုတ်တာရယ် ကြောင့်။ သက်တောင့်သက်သာဖြစ်တဲ့ အဲကွန်းကားသာစီးမိမှာ။
ဒါကျတော့်ရွေးချယ်မှုပေါ့။
weiwei
August 1, 2016 at 10:02 am
ဒါကြောင့်ပြောတာပေါ့ .. ရွေးချယ်မှုမှန်ကန်ဖို့ဆိုတာ အတွေ့အကြုံလိုပါတယ်လို့ … အမအနေနဲ့ အဲဒီကားစီးတဲ့အတွေ့အကြုံက တစ်နှစ်မှာ တစ်ကြိမ်လောက်တောင် မရှိလေတော့ မသိခဲ့ဘူးလေ ..
အဲဒါကြောင့်လဲ အဲဒီနေ့အတွေ့အကြုံလေးကို အမှတ်တရဖြစ်နေခဲ့တာပါ ..
Foolish Girl
July 29, 2016 at 3:47 pm
အဲကွန်းကားရော ကားစုတ်ရော ကိုကြည့်ပြီးနေရာရတဲ့ကားကိုပဲစီးမယ်
တကယ်လို့နေရာလွတ်တာခြင်းတူရင် တော့ အဲကွန်းကပို ကောင်းတာပေါ့
တစ်ချို့ကတော ့နေရာမလွတ်ရင်တောင် ကားစုတ်အစား အဲကွန်းကားထဲမှာ မတ်တပ်ရပ်ရတာကောင်းတယ်လို့ပြောတတ်ကြတယ် အခြေအနေအချိန်အခါအရ ပြောင်းလဲမှုတော့ရှိတာပေါ့လေ
Foolish Girl
July 29, 2016 at 3:49 pm
လူတွေကရွေးချယ်စရာ ရွေးချယ်ခွင့်ရတဲ့အချိန်မှာ ရွေးရခက်စရာကိစ္စမျိုးတွေ ကြုံရတတ်တယ် ကိုယ်ေ့ရွးချယ် မှုကကောင်းသည်ဖြစ်စေမကောင်းသာ်ဖြစ်စေ နောက်ဆုံးတော့လည်းလက်ခံလိုက်ရတာပါပဲ
weiwei
August 1, 2016 at 10:04 am
ရွေးလို့သာ ရမယ်ဆိုလို့ကတော့ ရွေးတတ်တာ ဓမ္မတာပဲ ..
ရွေးချယ်ပြီးပြီဆိုရင်တော့ လက်ခံတတ်မှသာ စိတ်ချမ်းသာနိုင်မှာပါ .
ဂျစ်စူ
July 29, 2016 at 5:29 pm
ရွေးချယ်ခွင့်သာ ရှိခဲ့ရင်
ဘီအီးမသောက်ဘူး
ဘလူး လဘယ်တို့ ဂိုးလဘယ်တို့ ဒဘယ် ဘလက်တို့
သောက်ဦးမှာ သောက်ဦးမှာ
Myint Myint Maw
July 29, 2016 at 8:23 pm
ရွာထဲမရောက်ဖြစ်တာ ကြာပြီ။
လိုင်းပေါ်သိပ်မတက်ဖြစ်တာကြောင့်ပါသလို စာသိပ်မဖတ်နိုင်တာလည်း ပါတယ်။
စာဖတ်ဖြစ်တော့လည်း မမန့်ဖြစ်ပြန်ဘူး။
ခုတော့လည်း ရွေးချယ်မှုတွေကို စိတ်ဝင်စားလို့ ရွေး အဲ… ရေးလိုက်အုံးမယ်။
အရင်ဆုံးပြောချင်တာက ရွေးချယ်ခွင့်ရနေတာကပဲ အတော်ကောင်းတဲ့အခြေအနေလို့ ပြောရမယ်။
ရနေတဲ့ အခြေအနေကောင်းမှာ အကောင်းဆုံးကို ရွေးချယ်ကြတာ ဓမ္မတာပါပဲ။
အကောင်းဆုံးလို့ ယူဆပြီး ရွေးချယ်လိုက်တဲ့ ကိုယ့်ရွေးချယ်မှုအပေါ်မှာ နောင်တမရပဲ လက်ခံသိမ်းပိုက်နိုင်ဖို့က တော်တော် အရေးကြီးတယ်လို့လည်း မြင်မိတယ်။
weiwei
August 1, 2016 at 10:10 am
လောက ဓမ္မတာတစ်ခုအနေနဲ့ ပိုပိုသာသာတွေးပြီး ပေါ့ပေါ့ပါးပါး ရေးလိုက်တာပါ …
တစ်နေ့ပြီးတစ်နေ့ ရွေးချယ်မှုပေါင်းများစွာလုပ်နေရတဲ့အခါ မှန်ကန်တာရှိသလို မှားတဲ့အခါလဲ ရှိပါတယ် .. အတတ်နိုင်ဆုံး သတိလေးနဲ့ ရွေးချယ်နိုင်ရင် အကောင်းဆုံးပါပဲ …
မြစပဲရိုး
July 29, 2016 at 9:56 pm
တစ်ခါတစ်လေ များလာတဲ့ အတွေ့အကြုံ က ရွေးချယ်မှု ဆိုတာ ကို သင်သွားတယ် ထင်မိတယ်။
ဝေလဲ အဲဒီခရီး ကို အကြိမ်ကြိမ်သွားလာရင် အထာ ကျွမ်းပြီး ကားစီးတာကို ရွေးချယ်မှု ပိုကောင်းနိုင်မယ်။
လန်းမှာ ဘီးပေါက် တာကတော့ ကံတရားပေါ့။ 😉
ဖြစ်ပြီးသားကို အဲလို နောက်ကြောင်းပြန်တတ်တာကို “ကုက္ကုစ” လို့ ခေါ်သလားဘဲ။
ဂျီးများတတ်ရင် “ကုက္ကုစ” ပိုများဖို့ များတယ် ထင်တာဘဲ။
ဝေ့ အစ်မလဲ ဂျီးထူသူ တစ်ယောက်ပါ။
အခုတော့ ဆရာတော် တစ်ပါး ရဲ့ တရား တွေနဲ့ “ကုက္ကုစ” နဲအောင် ဘာဘဲဖြစ်ဖြစ်/ ဘာဘဲ တွေ့တွေ့ အကောင်းမြင်နိုင်ဖို့ ကို ကြိုးစား နေတာဘဲ။
ဒါပေမဲ့ တစ်ချို့လူတွေ ကတော့ စိတ်ကို က ဂျီးမများ တတ်တော့ သိပ်ပြီး “ကုက္ကုစ” မဖြစ်တတ်ကြဘူးထင်ရဲ့။
weiwei
August 1, 2016 at 10:17 am
အဓိကကတော့ အတွေ့အကြုံပါပဲ ..
ဘာရယ်မဟုတ်ပေမယ့် ရွေးစရာရှိလာရင် ရွေးတော့တာပါပဲ ..
မနက်ပိုင်း ကော်ဖီသောက်တဲ့အခါမှာတောင်မှ ခါတိုင်း ကော်ဖီတစ်မျိုးပဲ ရှိလို့ အဲဒါပဲ သောက်တယ် ..
အခု ကော်ဖီ ၅ မျိုးလောက် ရှိနေတော့ တစ်မျိုးကိုပဲ ရွေးရတော့တာပဲ .. လှည့်ပတ်ပြီး ရွေးသောက်နေတတ်တော့ ကော်ဖီဖျော်ပေးမယ့်သူက အခု ဘာအမျိုးအစားကို ဘယ်လိုသောက်မလဲလို့ အမြဲတမ်းမေး .. ဖြေဖို့အတွက်ကလဲ ခဏတဖြုတ်တော့ စဉ်းစားရတယ်ဆိုတော့ ဦးနှောက်ကိုတော့ အလုပ်ပေးလိုက်ရတယ် .. အလုပ်ရှုပ် စိတ်ရှုပ်နေချိန်ဆိုရင် မေးမနေနဲ့ ဖျော်ချင်ရာဖျော်လိုက်ဆိုပြီး ဘာမဟုတ်တာလေးကို စိတ်တိုမိတတ်တဲ့အချိန်တွေရှိလာရော …
ဘာမှမဟုတ်ပေမယ့် စိတ်ပင်ပန်းမှုတွေများတဲ့လောကကြီးထဲမှာ အပိုစဉ်းစားစရာတွေဘာမှမလုပ်ချင်ပဲ ရိုးရိုးရှင်းရှင်းလေးပဲ နေချင်တော့တယ် …
comment နဲ့ reply တခြားစီဖြစ်နေပေမယ့် အရီးလတ်ကို စကားပြောချင်စိတ်ကြောင့် အရှည်ကြီးရေးလိုက်ပါတယ်။
မမချွိ
August 1, 2016 at 2:48 pm
နောင်တမရတတ်တာရော။
မှားမှားမှန်မှန် ဘာမဆို ကိုယ်တိုင်ရွေးချင်တာရော။
ခေါင်းခြောက် မခံနိုင်တာတွေရော စတဲ့ ပါစင်နယ်လတီတွေ ပေါင်းနေတာမို့။
အမြဲ ကိုယ်တိုင်ရွေးတယ်။
နောက်ဆက်တွဲကို မှားမှားမှန်မှန် ဆိုတဲ့ စိတ်အမြဲထားတယ်။
မှားတယ်လို့ သိလိုက်တဲ့ အချိန်လည်း စိတ်ပင်ပန်းခံမနေဘူးး
ဒီ အခြေအနေကနေ ဘာ အမြတ်ထုတ်ရမလဲပဲ တွေးလိုက်တယ်။
ဂလိုနဲ့ ဘွမှာ နောင်တရရ ကောင်းမှန်းမသိတဲ့ အမှားတွေ ဒင်းကြမ်းပဲ။
ဟိ။
အနော် ညာဏ်ကောင်းလွန်းခဲ့တယ်။
:k:
ဝင့်ပြုံးမြင့်
August 2, 2016 at 10:40 pm
ရွေးချယ်မှု မှန်ဖို့ အတွေ့ အကြုံ ရှိရမယ်ဆိုတော့ ဟွာလေ အိမ်ထောင်ပြုတာကောဟင်။ အဲသလို ဂျီးများပြီး ရွေးရခက်လွန်းလို့ အော်မေ့ဂိုဏ်း ထဲ ပျော်ပျော်ကြီး ဝင်သွားတာပေါ့နော် 🙂
black chaw
August 3, 2016 at 12:51 pm
“ဘက်စ်ကားနေရာလေးတစ်ခုအတွက
ရွေးမယ်ဆိုရင်တောင်မှ အချက်တွေအများကြီး
ထည့်သွင်းစဉ်းစားဖို့လိုတယ်ဆိုရင်
တခြားဘဝအတွက် အရေးကြီးတဲ့
ဆုံးဖြတ်ချက်တွေအတွက်ဆိုရင်တော့ …
ဉာဏ်ပညာနဲ့ ကျယ်ကျယ်ပြန့်ပြန့် တွေးခေါ်တတ်ဖို့
အရမ်းအရေးကြီးကြောင်း”
ဆိုတဲ့ ပို့စ် ရဲ့ ရည်ရွယ်ချက် ကို သဘောကျပါတယ်ဗျာ…။
နေ့စဉ် လူနေမှု ဘဝထဲမှာ
ရွေးချယ်မှုတွေကို အမြဲတမ်း ပြုလုပ်နေကြရတာ ဆိုတော့
ရွေးချယ်မှုတိုင်းကို ပေါ့ပေါ့ဆဆ သဘောမထားပဲ
လေးလေးနက်နက် စဉ်းစားဆုံးဖြတ်ကြဖို့ ဆင်ခြင်မိပါကြောင်း…။
kai
August 3, 2016 at 5:56 pm
ကျုပ်က.. ဒီအသက်လောက်ရောက်ပြီဆိုတော့.. သိပ်မရွေးတော့ပါဘူး..။
စိတ်၏စေရာပဲ..။ ဖြစ်ချင်တာဖြစ်..။ :k:
စိန်ကြက်ဆင်
August 4, 2016 at 8:44 pm
ခေါင်းစဉ်နဲ့ စာကိုယ်အကြား ကိုယ့်ဘာသာကို နားလည်ရမယ် ဆိုလျှင် …..
ရွေးချယ်ခွင့်တွေက များနေတာမဟုတ် …. သင့်တော်သာကို ရွေးဖို့ မိမိအရည်အချည်းကို မိမိဘာသာ ဆန်းစစ်စေတဲ့ သဘောများ ရောက်လေမလားပေါ့
Thint Aye Yeik
August 5, 2016 at 11:11 am
အခုလောလောဆယ်…ဖတ်နေတာကိုက… ရွေးချယ်မှုနဲ့စိတ်ဆန္ဒ ဆိုတဲ့ စာအုပ်…။
.နေဇင်လတ် ရေးတာ…
😆
uncle gyi
August 8, 2016 at 9:12 am
မလုပ်ခင်စဉ်းစား
လုပ်ပြီးမှဘာမှထပ်ခေါင်းခြောက်မခံနဲ့တော့
အဲဒါစိတ်ခ ျမ်းသာတယ်