ဖွဲတစ်ဆုပ်…

ဦးေက်ာက္ခဲAugust 15, 20161min141336

 

ဒီရက်ပိုင်း ဟောင်ကောင်ရာသီဥတုကလည်း မိုးကလေးတစိုစိုဆိုတော့ အားကစားသမားများအကြိုက်ပေါ့ခင်ဗျာ ။ ဦးကျောက်ခဲလည်း ဇိမ်ကလေးနဲ့ ကော်ဖီသောက်ရင်း ငယ်ဘဝကို လွမ်းမိပါရဲ့ ။ အပင်ပန်းဆုံးနဲ့ အပျော်ဆုံးအချိန်ကို ပြောပါဆိုရင်တော့ ဘူမိကျောင်းတော်သားဘဝပါပဲ ။ ကျောင်းပြီးလို့ ကိုယ့်ဘဝနဲ့ကိုယ် နိမ့်တုံ မြင့်တုံ အခြေအနေစုံကို ဖြတ်သန်းနေကြပေမယ့် ကျောင်းနေဘက်ချင်း အဆက်အသွယ်မပြတ်သလို မေတ္တာလည်း မပျက်ကြပါဘူး ။ ငယ်နုစဉ်က လက်သီးထိုးဖော် ရန်ဘက်တွေလည်း အခုအသက်အရွယ်ရောက်တော့ လည်ပင်းဖက်လို့ ကာရာအိုကေရောက်ကုန်တဲ့ မောင်တွေချည်းပဲ ။ သမီး သား ဇနီးမယားနဲ့ လင့်ဝတ္တရားကျေပွန်ကြသူတွေဆိုတော့ အုံးစားလို့ ခေါင်းမွေးပြောင်တဲ့ကောင်ကပြောင် ၊ ဆံဖြူသွားကျိုးဖြစ်တဲ့ကောင်ကဖြစ် နဂိုရည်ပျက်ယွင်းလို့ ငယ်ရုပ်လေး မပေါ်တပေါ်တွေ ဖြစ်ကုန်ကြပါပြီ ။ ထို့အတူ ဦးကျောက်ခဲတို့ရဲ့ ငယ်ဆရာတွေလည်း အနတ္တ အစိုးမရလို့ ဇရာရဲ့အလိုတော်အတိုင်း အတော်လေး အိုမင်းရင့်ရော်လို့ အချို့များ အနိစ္စရောက် ဘဝပြောင်းကုန်ကြပြီခင်ဗျ…။

 

သည်နေ့ခေတ်မယ် ဆရာနဲ့ ကျောင်းသား ဘယ်လိုဆက်ဆံရေးတွေ ရှိမယ်လို့ မခန့်မှန်းတတ်ပေမည့် ဦးကျောက်ခဲတို့ခေတ်ကတော့ ဆရာဆိုတာ ဖခင်လို ဦးကြီး ဦးလေးလို အကိုကြီးလို နွေးနွေးထွေးထွေး ဆက်ဆံရေးရှိပါတယ် ။ ဦးကျောက်ခဲတို့ ဘူမိဗေဒဋ္ဌာနမှာ ကျူရှင်ဆိုတာ အဲသည့်ခေတ်က ထူးထွေသည့်အံ့ရာပါပဲ ။ စာနားမလည်ရင် အတန်းလွတ်သွားရင် ဆရာကို တောင်းပန်ပြီး ပြန်သင်ခိုင်းတာခင်ဗျ ။ ဆရာနဲ့ ကျောင်းသားကလည်း အတန်းပြီးရင် ကန်တင်းန်မှာ လဘက်ရည်ဆိုင် အတူထိုင် အာလူးပေး ၊ နေစောင်းရင် လှည်းတန်းတို့ လိုင်းပေါက်တို့က ဆိုင်တွေကို ချီတက်ကြတာပေါ့ဗျာ ။ သည်တော့လည်း တခြားမေဂျာက ဆရာ တပည့်ထက်စာရင် ဘူမိက ပိုပြီးစည်းလုံးကြတယ်ပေါ့ ။ လူ့ဘဝကို ဘတ်စ်ကားနဲ့ နှိုင်းရရင် ဆရာတွေက ကားမှတ်တိုင်တွေပေါ့ဗျာ ။

 

အဲသည့် မှတ်တိုင်များစွာထဲက “ဆရာဋ္ဌေး” ဆိုတဲ့ ခင်မင်နှစ်လိုဘွယ် မှတ်တိုင်ဟောင်းကြီးအကြောင်း ဖောက်သည်ချပါရစေခင်ဗျ …
ဦးကျောက်ခဲ စတုတ္ထနှစ်ရောက်တော့ မိန်းထဲမှာ ဋ္ဌာနဆိုင်ရာဝန်ထမ်းကနေ သင်ကြားရေးဘက် ပြောင်းလာတဲ့ ဆရာဋ္ဌေးနဲ့ စပြီးဆုံရတာပါပဲ ။ အဲသည့်အချိန်က အသက်လေးဆယ်ကျော် ဆရာဋ္ဌေးဟာ ကျောင်းဆရာရုပ် မပေါက်ဘူးခင်ဗျ ။ နဂိုပါးတဲ့ဆံပင်က စုတ်ဖွား ၊ အဝတ်အစားကလည်း နွမ်း ၊ လူကလည်း ကပိုကရို ၊ ကွမ်းကလည်း တပျစ်ပျစ်ဆိုတော့ ဓာတ်ခွဲခန်းက ရိုးရိုးသာမန် ဝန်ထမ်းလိုလို ဘာလိုလိုပေါ့ ။ အဲ … ကန်တင်းန်မှာ အတူထိုင်မှ တော်ကီကလည်း အတော်လန်းသလို ၊ စာသင်တော့လည်း လုပ်ငန်းခွင် အတွေ့အကြုံ အတော်စုံခဲ့သူမို့ မှတ်သားနာယူဖွယ် အပြည့်နဲ့ပါ ။

 

ဆရာ့အပေါ်မှာ ထွေထွေထူးထူးတော့ စိတ်ထဲမထားမိ ၊ နွမ်းပါးရှာတဲ့ ဆရာတစ်ယောက်လို့ပဲ မှတ်ထားမိပါတယ် ။ နောက်ပြီး ဆရာတပည့်ဆက်ဆံရေးမှာ နောက်ကြောင်း ရှေ့ကြောင်း အနှောင်အဖွဲ့တွေ မရှိကြတာမို့ ထွေထွေထူးထူးတွေ မမေးဖြစ်ကြပဲ ပျော်ပျော်ပါးပါး ခွက်လှည့်ကြတယ်ပေါ့ ။ ဒါပေသည့် သူလည်းခေသူမဟုတ်တာကို သိပ်မကြာခင် ကြုံရပါတယ် ။ အဲသည့်နေ့က သောကြာ ၊ အတန်းပြီး လက်တွေ့ခန်းပြီးတော့ ဆရာတပည့်တွေ လှည်းတန်းက “စိန်တောင်ကြီး စားသောက်ဆိုင်” ကို ချီတက်ကြတာပေါ့ ။ လှည်းတန်းဈေးရှေ့ကနေ အဖြတ် ဗြုန်းကနဲ ကားထဲက မမကြီးတစ်ယောက်ထွက်လာပြီး ဆရာဋ္ဌေးလက်ကို ဖမ်းဆွဲလိုက်တယ်ခင်ဗျ ။ ပြီးတော့ ချွဲချွဲနွဲ့နွဲ့အသံနဲ့ “အမလေး ကိုဋ္ဌေးရယ် ၊ ဖရိုဖရဲနဲ့ ဘယ်လိုပုံပေါက်နေတာလဲ… မနဲ ရုပ်ပြန်ဖမ်းယူရတယ်” ဆိုပြီး စကားတွေ ဖောင်ဖွဲ့ပါတော့တယ် ။ ဆရာဋ္ဌေးကတော့ အလိုက်အထိုက် ပြန်ပြောနေပေမည့် မောင်ကျောက်ခဲတို့ကတော့ မျက်လုံးတွေကိုပြူးလို့… ။
မပြူး ခံနိုင်ရိုးလား… ဆရာဋ္ဌေးကို လူပုံလယ် လက်ဆွဲပြီး ရင်းရင်းနှီးနှီး စကားပြောနေသူက နိုင်ငံကျော် အဆိုတော်မမကြီးလေ … ။ ဆရာ့ကို ဂလုရင်း အစ်အောက်စပ်စုပြန်တော့ အင်းမလုပ် အဲမလုပ် တက္ကသိုလ်တက်ဘက် သူငယ်ချင်းပါလို့ ခပ်ပေါ့ပေါ့ပဲဖြေပါတယ် ။

 

“ဝါဆိုဝါခေါင် ရေဖောင်ဖောင်” ၊ မိုးတွေစွေတဲ့ တညနေစောင်းပေါ့ဗျာ … ဆရာဋ္ဌေးလည်း ဋ္ဌာနကထုတ်ပေးတဲ့ ဝန်ထမ်းဆန်ထုပ်ရယ် ထီးရယ်နဲ့ ဗျာများနေတုန်း ၊ အလျင်းသင့်တဲ့ မောင်ကျောက်ကပဲ “လာ ဆရာ ၊ ကျနော် ကားပါတယ် ၊ အိမ်ပြန် လိုက်ပို့ပေးမယ်” လို့ ဖိတ်မဏ္ဍကပြု ဝိသကြုံလုပ်ရတာပေါ့ ။ ဆရာလည်း မိုးကောင်းကင်ကိုကြည့်ပြီး မငြင်းနိုင်တော့တာမို့ “ကိုင်း… ဒါဆိုလည်း ကျေးဇူးကွာ” ဆိုပြီး လူကုံထံ ရပ်ကွက်တခုကို မောင်းခိုင်းတယ်ခင်ဗျ ။ ဒီအထိတော့ ဇာတ်လမ်းမရှိသေး ၊ ခြံရှေ့ရောက်လို့ အုတ်တိုင်မှာ ကပ်ထားတဲ့ နာမည်တစ်ခုကိုတွေ့မှ ဇာတ်လမ်းစတာပါ ။ ဟိုစပ်စပ် သည်စပ်စပ် နိုင်ငံရေးစာတွေဖတ်ပြီး စာအုပ်ထဲမှာတွေ့ဖူးတဲ့ ဖဆပလခေတ်က အထင်ကရ အရာရှိကြီးတစ်ဦးရဲ့ နာမည်ပါ ။ ခြံစောင့်က တံခါးဖွင့်ပေးလို့ မောင်းဝင်လာရင်း ကားဂိုထောင်ရှေ့မှာ ကားရပ်လိုက်တော့ “ကဲ မောင်ကျောက်… ရောက်တုန်းရောက်ခိုက် ၊ ဆရာ့ ဘိ ကို လိုက်လည်ပါဦး ။ ရှေ့က အိမ်ကြီးတော့ မဟုတ် ၊ ဒီကားဂိုထောင်နောက်က တဲကွ… ဟား ဟား” လို့ ကွမ်းသွေးထွေးရင်း ဖိတ်ပါတယ် ။

 

အဲဒါနဲ့ မောင်ကျောက်ခဲလည်း ဆန်အိတ်ထမ်း ၊ ဆရာက ထီးမိုးပြီး ဂိုထောင်နောက်က သုံးပင် နှစ်ခန်း သွပ်မိုးထရံကာ ခြေတံရှည်တဲနန်းဆီကို ချီတက်ကြတာပေါ့ ။ အဲသည့်နေ့က စလို့ နောက်ပိုင်း မကြာခဏ ဆရာဋ္ဌေးရဲ့ဗိမ္မာန်ကို ချောင်းပေါက်တော့တာပါပဲ ။ ဆရာ့ တဲနန်းကလေးက အမြင်သာစုတ်တာ ၊ အတော်သာယာတယ်ဗျ … တဲနောက်မှာ ရေအမြဲစီးတဲ့ ရိုးကလေးလည်းရှိတော့ ရေကပျဉ်ဘက်ထွက်ပြီး ဆေးပေါ့လိပ်လေးဖွာလိုက် ဂလုလိုက် အမြည်းကလေးဝါးလိုက်နဲ့ အတော်ငြိမ်းချမ်းတယ် ။ ဆရာ့မှာ သား ၂-ယောက်ရှိပြီး ၊ အိမ်သူသက်ထား ဆရာကတော်ကလည်း တိုင်းရင်းသူ ကျောင်းဆရာမ ၊ ညပိုင်း မိုးချုပ်မှ အိမ်ပြန်ရောက်တတ်တာဆိုတော့ အံကိုက်ပေါ့ ။

 

နောက်ပိုင်း တော်တော်ရင်းနှီးလာတော့ ဆရာဋ္ဌေး ဘဝဇာတ်ကြောင်းကို သိခွင့်ရခဲ့ပါတယ် ။ ဆရာဟာ အရှေ့ တိုက်ခံအိမ်ကြီးက အရာရှိကြီးရဲ့ အငယ်ဆုံးသားပါ ။ သူတို့ခေတ်က ထိတ်ထိတ်ကြဲ လူကုံထံအသိုင်းအဝိုင်းဝင်မို့ တက္ကသိုလ်တက်တော့လည်း ကိုယ်ပိုင် ဆီဒင်ကားနဲ့ ခေါင်းလောင်းဘောင်းဘီ နဲ့ ၊ ကျောင်းသူတွေကြား ရေပန်းစားတဲ့ “ကိုကိုမောင်တော်တော်ဆိုး” ပေါ့ခင်ဗျာ ။ အနှီ သူဋ္ဌေးသား လူ့ဘော်ကြော့ ဆရာဋ္ဌေး ၊ ကံကောင်းချင်လို့လား ကံဆိုးချင်လို့လားတော့မသိ ဘူမိကျောင်းတော်သား ဖြစ်ရောခင်ဗျ ။ ကျောင်းပြီးတော့ အကိုတွေ အမတွေရှိရာ နိုင်ငံခြားကို လိုက်မသွားခင် အပျင်းပြေ သတ္တုတွင်းဝန်ကြီးဋ္ဌာနမှာ ဝင်အလုပ်လုပ်လိုက်တာ မြန်မာပြည်အနှံ့လည်းရောက် ၊ မြောက်ဖျားက တိုင်းရင်းသူ ကျောင်းဆရာမလေးနဲ့လည်း အိမ်ထောင်ကျပါလေရောဗျာ ။ ဆရာ့မိသားစုက အမျိုးဂုဏ်ပျက်ပါတယ်ဆိုပြီး ဝိုင်းကျဉ်ထားလိုက်ကြတာ ဆရာ့အမေ အသည်းအသန်ဖြစ်ချိန် သားအငယ်ဆုံးလေးကို တွေ့ချင်ပါတယ်ဆိုမှ အိမ်ပေါ်ပြန်ရောက်ပါတယ် ။

 

ဆရာ့အိမ် ဝင်ထွက်ရင်း မြင်သလောက် သတိထားမိတာ ဆရာ့အဖေ ဗျူရိုကရက် အရာရှိဟောင်းကြီးက တကယ်မလွယ်ဘူး ခင်ဗျ ၊ “ဘို” စိတ်ပေါက်နေသော မြန်မာကြီးလို့ ပြောရမယ်ထင်ပါရဲ့ ။ မနက် ခြံထဲလမ်းဆင်းလျှောက် ၊ အိမ်နေရင်း ၊ အပြင်ထွက် ၊ ပွဲလမ်းသဘင် ၊ အစရှိတာတွေအတွက် စတိုင်အမျိုးမျိုးနဲ့ ဝတ်စုံသီးသန့်စီစဉ်ပေးရယုံတင်မက ၊ ရာသီဥတုအပေါ် မူတည်ပြီးလည်း သင့်လျော်ရာအဝတ် စီစဉ်ပေးရသေးတယ်ဆိုတော့ အစားအသောက်ဆို စဉ်းစားဖို့တောင် မဝံ့ဘူး ။ အဲဒါကြောင့်လည်း ဆရာဋ္ဌေး ရယ်သွမ်းသွေးပြီးပြောတတ်တာက “မာမီက ဒယ်ဒီ အနုနည်းနဲ့ နှိပ်စက်လို့ သေတာ” တဲ့လေ… ။ တကယ်တမ်းမှာတော့ ဆရာဋ္ဌေးရဲ့ မာမီဆုံးပြီး သူတို့အိမ်က အိမ်ထောင်ထိန်း အဒေါ်ကြီးနဲ့ သူ့ခင်ပွန်း ဒရိုင်ဘာ အဖိုးကြီးပါ ရှေ့ဆင့် နောက်ဆင့် ဆုံးသွားကြတာမို့ အကုန်လုံး ဝဋ်ကျွတ်ကုန်ကြတယ်ဆိုရင် ပိုပြီးများ မှန်လေမလားမသိ ။

 

“မာမီနဲ့ ဒေါ်ကြီးတို့လင်မယား ဆုံးပြီးတော့ ငါလည်း ပျားတုတ်တာပဲ မောင်ကျောက်ရေ ။ အိမ်ဖော်တွေကလည်း မမြဲ ၊ ဒယ်ဒီကလည်း စိတ်တိုင်းမကျလို့ ပြသနာရှာ ၊ ငါ့မှာ ခေါင်းကို နောက်နေရော ။ နောက်ဆုံး အခုအိမ်ပေါ်တင်ထားတဲ့ မဝင်းရောက်လာမှ နားအေးတော့တယ် ။ အဲ … မဝင်းနဲ့ အသားကျသွားတော့ ငါ့သားတွေက သောင်းကျန်းတယ် သူ ကောင်းကောင်းအိပ်မရဘူး ၊ ငါ့မိန်းမကိုလည်း ရိုင်းတယ် ၊ ကြည့်မရဘူးဆိုပြီး အရှေ့တိုက်ပေါ်ကနေ ဂိုထောင်ထဲ မောင်းချတာကွ ။ ကိုယ့်အိုးကိုယ့်အိမ် သက်သက်ခွဲနေမယ်ဆိုတော့လည်း မဖြစ်ပြန်ဘူး ။ ဘာပဲပြောပြော ဒယ်ဒီကလည်း အသက်ကြီးပြီ ၊ သားရင်း သမီးရင်းတစ်ယောက် အနားမှာလိုသလို ၊ ခြံက အမွေဆိုင်မို့ အကိုအမတွေက ငါ့ကို ခွဲမနေစေချင်ဘူး ။ ငါကလည်း ခပ်ရွတ်ရွတ်ဆိုတော့ တဲထိုးပြီး နေလိုက်တယ် အေးရော… ။ ငါ့နှယ်… ဒယ်ဒီ့အနွံတာခံတဲ့ မဝင်းလိုမိန်းမမျိုးကို ယူခဲ့လိုက်ရ အကောင်းသား… ဟား ဟား” … ဆရာဋ္ဌေးလည်း လက်ကျန်ကိုမော့ ဆေးပေါ့လိပ်ကို ဖွာထုတ်လိုက်ရင်း စကားလက်စသတ်လိုက်ပါတယ် ။ အင်း … မဝင်းကလည်း အသက် ၃၀-ဝန်းကျင် တစ်ခုလပ် လုံးကြီးပေါက်လှ တောင့်တောင့်ဖြောင့်ဖြောင့်… အတော် ရွတ်တဲ့ ကိုယ့်ဆရာနဲ့တော့… ။

 

သည်လိုနေရင်းနဲ့ တခုသောနေ့လည်ခင်းမှာ ဆရာဋ္ဌေး ဖုန်းဆက်လာပါတယ် ၊ အရေးပေါ် ကားအကူအညီ တောင်းတာပါ (ဆရာ့ အဖေက အမြဲ ကားသော့ သိမ်းထားပါတယ်) ။ မောင်ကျောက် ခြံရှေ့ကိုရောက်သွားတော့ မျက်နှာထားတင်းတင်းနဲ့ ဆရာဋ္ဌေးရယ် မျက်ရည်စတွေနဲ့ မဝင်းရယ် အဝတ်အိတ်ရယ်နဲ့ ခင်ဗျ ။ ပြီးတော့ ဆင်မလိုက် အဝေးပြေးကွင်းကို မောင်းခိုင်းတာမို့ ၊ လူလည်း ပြူးပြူးပြာပြာဖြစ်သွားပါတယ် ။ အဲဒါနဲ့ လေသံဖျော့ပြီး ဆရာ့မှာလည်း အိမ်ထောင်နဲ့ သားနှစ်ယောက်လည်းရှိတာမို့ ပြန်စဉ်းစားပါဦးဆိုတော့ ဆဲပါလေရောဗျာ ။ “ခွီး … ငါမဟုတ်ဘူးကွ ၊ မောင်းသာမောင်း ပြီးရင် ရှင်းပြမယ်” တဲ့…

 

မဝင်းကို မုန့်ဖိုးဈေးသုံးပေး ၊ အဝေးပြေးကားပေါ်တင် ၊ ကားထွက်သွားမှ သက်ပြင်းချပြီး ဇာတ်စုံခင်းပါတော့တယ် ။ ဟုတ်ကဲ့ … မဝင်းနဲ့ နှစ်ပါးသွားကတာ ဆရာဋ္ဌေးမဟုတ်ဘဲ သူ့ဒယ်ဒီ အသက်ရှစ်ဆယ်နားနီးကြီးပါခင်ဗျ ။ ဆရာဋ္ဌေး အိမ်မကြီးပေါ်သွားတိုင်း မသင်္ကာရာကနေ သူ့သားအငယ်ကောင်က “ဘိုးဘိုးကြီး မဝင်းကို အာဘွားပေးတယ်” လို့ သက်သေခံတာကြောင့် ၊ အမွေကိစ္စ ဇာတ်ရှုပ်မှာစိုးလို့ တက်သုတ်ရိုက် ပါတ်ကြမ်းတိုက်လိုက်ရတာတဲ့ခင်ဗျ ။ ဆရာဋ္ဌေးလည်း ဇာတ်စုံခင်းပြီးတော့ မျက်နှာကြီးနီ သက်ပြင်းသက်မချပြီး “တောက်… ငါ အခုမှ သဘောပေါက်တယ် ၊ ဒယ်ဒီက ဒီအကွက်ဖန်မလို့ ငါ့ကို အိမ်မကြီးပေါ်က မောင်းချတာကိုးကွ…။ အတော်မလွယ်တဲ့ အဘိုးကြီး… သားအရင်းတောင် မထောက်ညှာဘူး” ။ မောင်ကျောက်ခဲလည်း ရယ်ချင် ပက်ကျိကနေ “ဖွဲတစ်ဆုပ် မ နိုင်သည့်ခွန်အားရှိရင် တဏှာဆိုတာ ရှိသေးတယ်” ဆိုတဲ့အကြောင်း မျက်မြင်ကြုံလိုက်ရပါတော့တယ်ခင်ဗျား… ။

 

 

 

 

 

စာကြွင်း ဇာတ်လမ်းဆက်…

.
အဘိုးကြီး နေ့လည်ခင်း တရေးအိပ်နေတုန်း မဝင်းကို အတင်းပြန်ပို့တာခင်ဗျ ။ ဘိုးတော် အိပ်ရာကနိုးလာတော့ “အဝင်းရေ… အဝင်း” ဆိုပြီး အော်နေလို့ “မဝင်း လင်နောက်လိုက်သွားပြီ” ဆိုပြီး ပါတောပိတ်လိုက်တာ မရဘူး ။ “မောင်ဋ္ဌေး… မင်းလက်ချက် ငါသိတယ် ၊ အခုပြန်ခေါ်ပေး ” ဆိုပြီး ငိုလိုက်တာ ၊ ဖျားတောင်ယူတယ် ။ ဒီပုံဆို ဘိုးတော် အသက်တိုတော့မှာပဲဆိုပြီး မဝင်းကိုပြန်ခေါ် ၊ အမွေပုံပစ္စည်းတွေနဲ့ ဘာမှမဆိုင် တောင်းခွင့်မရှိကြောင်း ရှေ့နေနဲ့ စာချုပ်ချုပ်ပြီး ” အဝင်းကလေးကို ဘိုးတော်လက် ပြန်အပ်လိုက်ရပါကြောင်း ” ။ ဘိုးတော်ဆုံးတော့ အဝင်းလည်း ဟိုခေတ်က ၅-သိန်းလောက် ခိုင်သွားသတဲ့… :k:

36 comments

  • ဖိုးသာထူး

    August 16, 2016 at 12:36 am

    ဘာရယ်​မဟုတ်​ ..
    ဒီလိုစာ​ကောင်​း​လေး​တွေ​တွေ့ရင်​ ရှယ်​ချင်​လာတယ်​ …
    ဆို​တော့ကာ …
    ခွင်​့ပြုမယ်​ဆိုရင်​​တော့ ရှယ်​ပရဇီ :mrgreen:

    * * နာမည်​​လေး​တွေ​ပြောင်​းထားြပြီးဖြစ်​လို့
    ​ရှော့မရှိနိုင်​ပါ​ကြောင်​းးးး :mrgreen:

    • ဦးကျောက်ခဲ

      August 16, 2016 at 12:57 am

      ကြိုက်သလိုသာရှယ်ပါဗျား… သဘောရှိ ကလောဟိ…
      ** နာမည်ပြောင်းရင် ကင်ပွန်းတပ်ပွဲလေးတော့လုပ်… :k:

  • Ma Ei

    August 16, 2016 at 8:48 am

    ကျောက်စ်ရဲ့ ကော်ဖီသောက်ရင်းလွမ်းတဲ့ ငယ်ဘဝအကြောင်းကို
    ကော်ဖီသောက်ရင်းဖတ်လိုက်တာ စကားဝိုင်းထဲ ကိုယ်တိုင်ပါဝင် နားထောင်နေရသလို သောက်နေကျ ကော်ဖီတောင် အရသာတွေပိုလာတယ်…

    • ဦးကျောက်ခဲ

      August 16, 2016 at 1:32 pm

      ဘာရယ်မဟုတ်ပါဘူး မအိရယ်…
      ဒီမှာက အဖော်အပေါင်းလည်းမရှိ ၊ ပျင်းရင် ကော်ဖီနဲ့ အလွမ်းဖြေရတာ… :k:

  • ဂျစ်စူ

    August 16, 2016 at 11:35 am

    ဘိုးဒေါ်ဆီက ဆေးနည်းလေးဘာလေး မတောင်းထားလိုက်ဘူးလားငင်

    • ဦးကျောက်ခဲ

      August 16, 2016 at 1:33 pm

      ဘိုးတော်က ဗျူရိုကရက်ပီသတယ်…
      ဘယ်လိုဂွင်ဆင်ပြီး ဘယ်လိုချုပ်ရမယ်ဆိုတာ သိတယ်ဗျ… :k:

  • kotun winlatt

    August 16, 2016 at 3:19 pm

    ဟယ် . . . ဖွဲတစ်ဆုပ် အစွမ်း အံ့မခန်း ဟုတ်သေးပါဘူးလေ . . .

    အသက်ကြီးပေမဲ့ မပျက်စီးသေးဘူး
    ဒါလည်း သိပ်မမှန်ချင်သေးဘူး
    ခေါင်းဖြူပေမဲ့ ကျောင်းသူလောက်တော့ ရနိုင်သေးတယ်

    အနိစ္စအမြဲမရှိဒုက္ခဆင်းရဲခြင်းပါတကားးးးးး

    • ဦးကျောက်ခဲ

      August 16, 2016 at 7:33 pm

      တကယ်တော့ ဘိုးတော်က သာယာတာပဲ ရှိပါသတဲ့…
      သူ့သား ဆရာဋ္ဌေးပြောတာ… အာ ဟိ :k:
      အနိစ္စဆိုတာ အနိပ်ကလေးတွေက စတာတဲ့…

  • uncle gyi

    August 16, 2016 at 5:03 pm

    သူလဲလေလောကီသားပေမို့
    ကာမဂုံအာရုံတွင်းမလွတ်ကင်းနိုင်တယ်
    သံသရာလည်ပါစေ
    သူနဲ့သာဆိုရင်

    • ဦးကျောက်ခဲ

      August 16, 2016 at 7:36 pm

      အသက်ကြီးပြီး ခေါင်းတုန်တဲ့လူတွေကို မြင်ဖူးမှာပေါ့…
      အမယ်အိုတွေတုန်ရင် “ဘယ် ညာ ရမ်း … ခေါင်းခါသလိုပေါ့”
      အဖိုးအိုတွေကတော့ “အပေါ် အောက်မို့ ခေါင်းငြိမ့်သလိုပဲတဲ့” :k:

      • မှော်ဆရာ

        August 16, 2016 at 8:32 pm

        အော် ခေါင်းငြိမ့်သလိုတဲ့လား ….. 😛

        • ဦးကျောက်ခဲ

          August 16, 2016 at 9:02 pm

          ဆြာတွေကတော့ အဲဂလိုပေါတာပဲ…
          အဖိုးကြီးတွေက မီလွယ်ဘူးတဲ့… :k:

  • မှော်ဆရာ

    August 16, 2016 at 9:04 pm

    ပေါင်ကျိုးသလောက် ရှိတယ်ဆိုလား ဘာလား ….

    • ဦးကျောက်ခဲ

      August 17, 2016 at 3:18 pm

      ဒီခေတ်ကတော့ ပေါင်ကျိုးရင် နွားသတ်ရုံရောက်မယ် ကိုရင်မှော်ရေ…
      ဘဘကြီးခေါ်ပြီး ခေါင်းနဲ့ခွေ့ရင် နံကျိုးကိန်းလည်းရှိတယ်… :k:

  • မမချွိ

    August 17, 2016 at 8:21 am

    ဝါဂွမ်း တစ်ဆုတ် နဲ့ ဖွဲ တစ်ဆုတ် ဘယ်ဟာ ပိုလေးတုန်းးး
    ငိငိငိ
    :k:
    ဟို အဆိုတော် မမဂျီး ဆိုတာကို စိတ်ဝင်စားးး
    :mrgreen:

    • ဦးကျောက်ခဲ

      August 17, 2016 at 3:22 pm

      ဝါဂွမ်းတော့ မီလုပ်ပါနဲ့ ဖွဲလောက်တော့ လုပ်လိုက်ပါ…
      အဆိုတော် မမဂျီးတော့ ဖွင့်မီပြောရဲဘူး ၊ ရှော့စိလယ်… ခွိ :mrgreen:

  • kai

    August 17, 2016 at 5:09 pm

    ဂျပန်လူမျိုးယောကျ်းတွေရဲ့.. အသက်ကြီးလာလို့.. သေရတော့မယ်ဆို.. အသေချင်ဆုံးပုံစံလေးက… ဆက်ဆံနေရင်းတန်းလန်းတဲ့..။
    ဆိုတော့…
    နောက်ဆုံးဇောလေးက.. အဲဒီမှာ စူးစိုက်အာရုံကျနေသမို့.. နောက်ဘဝ.. နတ်မဖြစ်တောင်.. လူဖြစ်ဖို့သေချာမှာပေါ့နော..။
    ကောင်းသား.. :k:

    • ဦးကျောက်ခဲ

      August 17, 2016 at 7:26 pm

      ခလုပ်ဖြုတ်လိုက်တာနဲ့ ဂစ်ကနဲ အသက်ထွက်ရင်တော့ ကောင်းပါရဲ့….
      မတော် ကျည်မထွက်ခင် အသက်ထွက်လို့ကတော့…
      နောက်ဘွမှာ မဟာသမုဒ္ဒယာထဲ ကူးခတ်ဖို့ဇောကပ်နေပါဦးမယ်… :k:

      • kai

        August 18, 2016 at 4:30 am

        နာမယ်ကိုက.. မရဏဇောလေ….
        ထွက်ပြီးမှထွက်မှာပါ..။ အသက်..။ :k:

    • ဦးကျောက်ခဲ

      August 18, 2016 at 3:13 pm

      နောက်ဆုံးမီးစာရဲ့ တောက်လောင်ချင်းပေါ့ကွီ… :k:

  • Thint Aye Yeik

    August 18, 2016 at 10:51 am

    ဦးလေးတို့ အသက်အရွယ်…ဦးလေးတို့ အတွေ့အကြုံ စုံခဲ့တာတွေကို … ဦးလေးတို့ ပြန် ပြောပြတာ ဖတ်ရတာကို သဘောကျမိတယ်။

    • ဦးကျောက်ခဲ

      August 18, 2016 at 3:15 pm

      Life means “Live and Learn” လေ ကိုရင်ရဲ့… :k:

  • CharTooLan

    August 18, 2016 at 4:58 pm

    တော်သေးတာပေါ့ နောက်တယောက်မရှာခိုင်းဘဲ အဝင်းပြန်ခေါ်ပေးတာနဲ့တင်အိုကေလို့ 😛

    • ဦးကျောက်ခဲ

      August 18, 2016 at 7:13 pm

      ဝုတ်ပါ့ … အော့ကြောလန် အဲသည့်ဘိုးတော်ကို အဝင်းပဲ သည်းခံနိုင်တာ … :k:

  • sorrow

    August 19, 2016 at 1:04 pm

    အခုခောတ်က ဌားလို့ရတယ်အစ်ကိုရဲ့
    အိမ်ထောင်ရှင်မတစ်ယောက်ရဲ့ဝန်ဆောင်မှုမျိုးရတယ် ။
    လကုန်ရင်လစာရှင်းပဲ
    အချိုးမပြေရင်…ကွန်ပလိန်းတက်လို့လဲရတယ်
    အဟီးဟီး
    ဆိုတော့ကာ အမွေကိတ်စလဲ ရှုပ်စရာမရှိ ။။။ဟယ်… ဘာတွေရေးမိမှန်းမသိ…

    • ဦးကျောက်ခဲ

      August 19, 2016 at 1:48 pm

      အခုခေတ်မှ မီဟုတ်… အရင်ခေတ်ကတည်းက ရှိတာကိုရင်ဆောရိုးရဲ့…
      .
      လူကုံထံ ရပ်ကွက်တွေမှာ ဘဘကြီးတွေခြေငြိမ်အောင် မေမေကြီးတွေက မယားဝတ္တရားနဲ့အညီ ပြုစုတဲ့ စကီ/အဖော်တွေကို ရှာပေးကြသဗျ ။ မျက်စေ့အောက်တင်ဆိုတော့ ကိုယ့်ဩဇာလည်းမကျ ဘဘကြီးလည်း အပြင်မှာ ဇယားမရှုပ်ရဲ … မေမေကြီးတွေလည်း စိတ်အေးလက်အေး ဖဲရိုက်နိုင်… ပွဲသိမ်းပေါ့ ။ အဲသည့်အတွက် ရှယ်အကျိုးဆောင်တွေလည်းရှိတယ် … အထူးဈေးနှုန်းပေါ့ဗျာ…
      အာ ဟွိ … ဘာတွေမန့်မိတယ်မသိ… :k:

      • မှော်ဆရာ

        August 20, 2016 at 8:40 am

        ဒီလို အတ္တ/ပရ မျှတဝန်ဆောင်မှုမျိုးဆို ဈေးနှုန်းလေး ဘယ်လောက်ရှိလဲဗျ
        အယ် …… ဘာတွေမေးမိတယ်မသိ .ဟိ

        • sorrow

          August 20, 2016 at 4:11 pm

          ..ဆယ့်ငါးသိန်းကနေ သိန်းငါးဆယ်အထိ အစားစားရှိကြောင်းပါ … လိုချင်တဲ့ Specification အတိအကျပါ ရနိုင်သေးသဗျ… CV ဖောင်လိုက်..ရနိုင်ကြောင်း..ပြည်တွင်းသာမက.ဒေသတွင်းတင်မက …ဆိုဗီယက်ခွဲထွက်နိုင်ငံတွေကပါ အလုပ်အကိုင်ဗီဇာနဲ့ခေါ်လာလို့..ရနိုင်ကြောင်း…ဘာတွေဖြေမိမှန်းမသိ….စိတ်ထဲ…ရှိသင့်တာ…ရှိချင်တာလျှောက်ပြောတာနော်..ယုံရင်ကိုယ့်အမှုနဲ့ကိုယ်..အဟိဟိ

    • kai

      August 20, 2016 at 3:59 pm

      အရောင်တွေတောင်စိမ်းကုန်တယ်..။
      မှတ်ထားမှ.. အဲ.. အဲ.. မှတ်သားစရာ..။ :k:

      • ဦးကျောက်ခဲ

        August 20, 2016 at 8:01 pm

        သဂျီး ဆိတ်ဝင်စားရင် ကိုရင်ဆောရိုးနဲ့ ဆက်သွယ်လိုက်ပါ…
        အဲ… ကိုယ့်အမှုတော့ ကိုယ်ရှင်း ၊ သဂျီးဂဒေါ်ကွိုင်ရှာရင် ကျော်တို့မပါ… :k:

        • sorrow

          August 22, 2016 at 4:44 pm

          ..သူဂျီး ပိုကျွမ်းကျင်ပုံပဲ …တခါသား ..အမေရိက ကောလိပ် ကကောင်မလေးတွေနဲ့​ Sugar dady တွေအကြောင်း သူမန့်ဖူးသလားမှတ်တယ်…အဟိဟိဟိ

    • ဦးကျောက်ခဲ

      August 26, 2016 at 1:02 pm

      အဘိုးကြီးက ဝါရင့် သဘာရင့် … အကွက်စေ့တယ်… :k:

  • sorrow

    January 8, 2017 at 5:00 pm

    သတိရလို့ အဟိဟိ

Leave a Reply